Switch Mode

Chapter – 261

ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရခြင်း၏ ရည်ရွယ်ချက် (၂)

အပိုင်း ၂၆၁
ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရခြင်း၏ ရည်ရွယ်ချက် (၂)

“ဒါပေါ့…”

ဝူရုံမြို့တွင်းတွင် မြို့အရှင်ကို ကျော်ကာ လုပ်ဆောင်၍ မရကြောင်း အရိပ်မိန်းမစိုး နားလည်ပါသည်။ ဝမ်ရှန်း သူ့ကို အဖြေပေးသည်နှင့် သူသည် လုပ်စရာရှိသည်ကို ဆက်လုပ်၍ ရပြီဖြစ်၏။ သို့သော် ပို၍ ဘေးကင်းလုံခြုံစေရန် မိန်းမစိုးသည် ရှိုးတိုးရှန်းတန်းဖြင့်-

“သူတို့ ဘေးကင်းဖို့အတွက် သူတို့ကို ပိုဂရုစိုက်ပေးလို့ ရမလား…”

“သူတို့ ရူးမိုက်တဲ့ ကိစ္စတွေ မလုပ်သ၍တော့ ဒါကို အာမခံနိုင်ပါတယ်”

အရိပ်မိန်းမစိုးသည် ဝမ်ရှန်းအား ကောင်းကောင်းမွန်မွန် ဆက်ဆံသည့်ပြင် တော်ဝင် မိသားစုသည်လည်း ယခုအချိန်အထိ ဝမ်ရှန်းအပေါ် မကောင်းသည့် လှုပ်ရှားခဲ့ခြင်းမျိုး မရှိခဲ့သေးချေ။ ထို့ကြောင့် မိန်းမစိုးအပေါ် ဝမ်ရှန်းသည်လည်း ကောင်းမွန်စွာ သဘောထားပေသည်။

အရိပ်မိန်းမစိုးသည် မြို့အရှင်၏ စောင့်ကြပ်နေသည့် အကြည့်များ အောက်တွင် အလွန် အပြော တတ်လှသည်။ ထို့ကြောင့် သူသည်လည်း အဆိပ်ခတ်သည့် တရားခံ ဖြစ်နိုင်ပေ၏။ ရလဒ်အနေဖြင့် ဝမ်ရှန်း၏ သံသယ စာရင်းထဲတွင် တော်ဝင်မိသားစုလည်း ပါသွားတော့သည်။

“စိတ်မပူပါနဲ့။ မင်းရဲ့ စည်းကမ်းတွေ အကြောင်း အားလုံးကို သူတို့ သိပါတယ်”

ဝမ်ရှန်းဘက်မှ မည်သည့် အထူးတောင်းဆိုချက်မျိုးမှ မရှိသောကြောင့် မိန်းမစိုးမှ စိတ်ကျေနပ်စွာ ပြောလိုက်သည်။

“သူတို့က မင်းစကားကို သေချာပေါက် နားထောင်ကြမှာပဲ။ မင်း အထဲဝင်သွားရန် သူတို့ကို လက်အောက်ငယ်သားလို ဆက်ဆံပြီး အမိန့်ပေးလို့ ရတယ်”

ဝမ်ရှန်း ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ မိန်းမစိုးမှ ဤကဲ့သို့ ပြောလာသည့် အတွက်ကြောင့် ဘာလုပ်ရမလဲ ဆိုတာကို ဝမ်ရှန်း သိပေသည်။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် နာခံတတ်သည့် လက်အောက်ငယ်သားများကို ဦးဆောင်ရခြင်းက ဉာဏ်နီ ဉာဏ်နက်များသည့် လူစုကို ဦးဆောင်ရသည့် ခံစားချက်နှင့် အလွန် ကွာခြားလှပေသည်။ ထို့ကြောင့်သာလည်း ဝမ်ရှန်းသည် သူတစ်ယောက်တည်း ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ခြင်းထက် အခြားလူများကို ဦးဆောင်ကာ ဝင်သွားခြင်းက စွမ်းအင်နှစ်ဆ ပိုမိုကုန်ခန်းခြင်း ဖြစ်၏။

“ဒီတစ်ခေါက်ရော ဘာလိုချင်လဲ”

ဝမ်ရှန်းမှ မည်သည့်အရာမှ မတောင်းဆိုသော်လည်း သဘောတူသည့် အနေဖြင့် မိန်းမစိုးမှ အရင် မေးလိုက်သည်။ မိန်းမစိုးမှ ထိုကဲ့သို့ စပြောလာသည့် အတွက် ဝမ်ရှန်းလည်း စိတ်ပေါ့ပါး သွားရပေသည်။ ဝမ်ရှန်း ဘာပဲတောင်းဆိုတောင်းဆို တော်ဝင်မိသားစုသည် ဝမ်ရှန်းထံမှ မျက်နှာသာရရန် အတွက် အရာအားလုံး လုပ်ဆောင်ပေးမည့်ဟန် ရှိသည်။

“မသိဘူး”

ဝမ်ရှန်း အမှန်အတိုင်း ပြောလိုက်သည်။

“အခုလို အချိန်မှာ ကျင့်ကြံဖို့အတွက် ကျွန်တော် ဘာလိုတယ်လို့ ခင်ဗျားထင်လဲ။ တခြားဘာမှ အကြံပေးချင်တာ မရှိဘူးဆိုရင်တော့ ကံကောင်းခြင်း ဆေးပြားပဲ တောင်းလိုက်တော့မယ်”

“ဖြုန်းတီးတာပဲ…”

ဝမ်ရှန်းစကား ကြားသည်နှင့် မိန်းမစိုး မှတ်ချက် ပြုလိုက်သည်။

“ကံကောင်းခြင်း ဆေးပြားက မင်းရဲ့စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးပြီး မင်းကို အခြေခိုင်စေတာပဲ ရှိတာ။ ပြီးတော့ မင်း ဆေးပြား လေးပြားတောင် သောက်ပြီးပြီပဲ၊ နောက်ထပ် ထပ်သောက်လည်း ဘာမှအကျိုး မရှိလောက်တော့ဘူး”

ထိုစကားက မမှားပေ။ သို့သော် ဝမ်ရှန်းသည် သူ ဘာလိုချင်နေမှန်း သူ့ကိုယ်သူ တကယ် မသိနေခြင်း ဖြစ်၏။ တစ်ခဏ စဉ်းစားပြီးနောက်မှ –

“ကျွန်တော် လေ့ကျင့်လို့ရတဲ့ လျှို့ဝှက်တော်ဝင် ကျင့်စဉ်တွေရှိလား။ ခင်ဗျား အဆင့်အထိ လေ့ကျင့်လို့ ရတာမျိုးတွေလေ”

ဝမ်ရှန်းသည် အရိပ်မိန်းမစိုး၏ သရဲတစ္ဆေ တစ်ကောင်ကဲ့သို့ လျင်မြန်လှသည့် လှုပ်ရှားမှုကို ပြန်လည် အမှတ်ရသွားကာ ပြောလိုက်ခြင်း ဖြစ်သည်။ သူ့ထံ၌သာ ဤကဲ့သို့ အလျင်မျိုး ရှိမည်ဆိုလျှင် ကမ္ဘာကြီး၏ နေရာအနှံ့ လျှောက်သွား၍ ရပြီဖြစ်၏။

“ငါ့လိုလား… ဒါပေါ့ ရှိတာပေါ့…”

မိန်းမစိုးမှ ဝမ်ရှန်းအား ကြည့်ကာ တစ်လုံးချင်း ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် မင်း ငါ့လိုဖြတ်တောက် တတ်ချင်တယ်ဆိုရင် ကျင့်ရမယ့် လေ့ကျင့်ခန်းတွေ တော်တော်တော့ များတယ်”

“နေကြာစုစည်းခြင်း ဒါမှမဟုတ် မိစ္ဆာနှင်ခြင်း ဓားလမ်းညွှန်လိုမျိုးလား”

ဖြတ်တောက်ရမည်ဟု ကြားလိုက် ရသောအခါ ဝမ်ရှန်း ထိတ်လန့်သွားကာ လက်ပင် အလိုအလျောက် ဆုပ်မိသွားခဲ့၏။ ထို့နောက် သူ သူ့ကမ္ဘာမြေပေါ်၌ ကြားဖူးသည့် တရုတ်သိုင်း ပညာရပ်၌ ကြောက်စရာ ကောင်းသည့် သိုင်းပညာရပ် နှစ်ခု၏ နာမည်များကို ပြောလိုက်သည်။ ထိုသိုင်းပညာရပ်များ၏ ထူးဆန်းသည့် လှုပ်ရှားမှုများသည်လည်း ခုတ်ထစ်ခြင်းနှင့် ဆင်တူ၏။

“ဘာကြီး၊ တစ်ခေါက်မှ မကြားဖူးတာတွေ…”

ထိုရှုပ်ထွေးသည့် နာမည်များကို ကြားလိုက်ရသည့် အချိန်တွင် မိန်းမစိုး တသွင်သွင် ခေါင်းခါယမ်းကာ ပြောလိုက်၏။

“ဧကရာဇ်နဲ့ မင်းသားတွေ လေ့ကျင့်တဲ့ ကျင့်စဉ်မျိုးတွေရော ရှိလား”

ဝမ်ရှန်းမှ နောက်တစ်ကြိမ် မေးလိုက်သည်။ ဤကမ္ဘာတွင် တော်ဝင် မိသားစုသည် ဘယ်လောက်မှ အင်အား မကြီးသော်လည်း အဓိက ပုဂ္ဂိုလ်များကတော့ ဘယ်တော့မှ မကောင်းသည့် လေ့ကျင့်ခန်းများ လေ့ကျင့်မည် မဟုတ်ပေ။

“ဧကရာဇ်နဲ့ ကျန်တဲ့အရှင်တွေက သက်ရှည် ကျန်းမာတဲ့ လေ့ကျင့်ခန်းတွေပဲ လေ့ကျင့်ကြတယ်”

မိန်းမစိုးမှ ရယ်မောကာ ပြောလိုက်သည်။

“မင်း အဲ့ဒါတွေ လိုတယ်ဆိုတာ သေချာလို့လား။ ဒါပေမယ့် တော်ဝင် မိသားစုတွေဆီမှာ တော်ဝင်သမီးတော်တွေရဲ့ လျှို့ဝှက်ကျင့်စဉ်တွေ အတွဲနဲ့ချီပြီးကို ရှိတယ်။ မင်း စိတ်ဝင်စားရင် ငါ မင်းကိုကူပြီး မေးပေးလို့ရတယ်”

ထိုစကား ကြားသည်နှင့် လေ့ကျင့်ခန်းများ အကြောင်းက အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ဝမ်ရှန်း နားလည်သွားသည်။ ဧကရာဇ်နှင့် မင်းသားများသည် ဂိုဏ်းခေါင်းဆောင်၊ ကလန်ခေါင်းဆောင်များကဲ့သို့ အားကြီးသည့် ကျင့်စဉ်များ လေ့ကျင့်ရန် မလိုအပ်သည်မှာ အမှန်ပင်ဖြစ်၏။ တကယ်တမ်း တိုက်ခိုက် ရတော့မည်ဆိုလျှင် သူတို့ အညံ့ခံဖို့ အချိန်ရှိပေသည်။

တော်ဝင်သမီးတော်များ အနေအထားကိုလည်း ဝမ်ရှန်း တွေးကြည့်ကာ လက်လျှော့ လိုက်သည်။ နဂါးခွန်အား တိုးမြှင့်ရန်အတွက် ဤကဲ့သို့ ကျင့်စဉ်မျိုး ကျင့်ကြံ ရလောက်သည်အထိ ဝမ်ရှန်း အကြပ်မရိုက်သေးပေ။ ထို့အပြင် သူ့ထံတွင် သမီးရည်းစား သို့မဟုတ် အခြားမိန်းကလေး မိတ်ဆွေ သူငယ်ချင်းများလည်း မရှိ၊ ထို့ကြောင့် ထိုနည်းလမ်းများက အသုံးမဝင်ပေ။

တော်ဝင်မိသားစု၏ အဓိက ကျင့်စဉ်များ အတွက်မူ ထိုအကြောင်းကို ဝမ်ရှန်း အပြည့်အဝ မေ့ဖျောက်ထား၍ ရပေသည်။ သူ မေးမည် ဆိုလျှင်ပင် အရိပ်မိန်းမစိုးသည် သေချာပေါက် ငြင်းဆန်မည် ဖြစ်၏။ တော်ဝင်မိသားစု အတွင်း မဝင်ဘဲနှင့် တော်ဝင်မိသားစုများ၏ လုံခြုံရေးကို စောင့်ကြပ်သည့် ဝိညာဉ်သခင်များ၏ ကျင့်စဉ်ကို ကျင့်ကြံခွင့်ရရန် မဖြစ်နိုင်ပေ။

“မင်းဝိညာဉ်က တခြားလူတွေနဲ့ မတူဘူး။ အဲ့ဒါကြောင့် မင်း လေ့ကျင့်ဖို့အတွက် မင်းကို ဘယ်လို ညွှန်ကြားပေးရမလဲ ဆိုတာ ဘယ်သူမှမသိဘူး”

မိန်းမစိုးမှ စဉ်းစားကာ နောက်ဆုံးတွင် ဝမ်ရှန်း စိတ်ဝင်စားနိုင်သည့် အရာတစ်ခုအား ပြောလိုက်၏။

“ဒါပေမယ့် မင်း ဘယ်လောက်ပဲ လေ့ကျင့်ပါစေ တိုက်ခိုက်တာတွေ အတွေ့အကြုံ ရတာတွေထက် မပိုဘူး။ တော်ဝင် မိသားစုစီမှာ အတွင်းအစောင့်တွေ လေ့ကျင့်တဲ့ အဆောက်အဦးကြီး ရှိတယ်။ အဲ့ထဲမှာ ဝါရင့် မကောင်းဆိုးဝါးအိုကြီးတွေ အများကြီး ရှိတယ်။ သူတို့ ဝိညာဉ်အဆင့်ကတော့ တွေးကြည့်လို့တောင် မရဘူး။ ငါ မင်းကို လေ့ကျင့်ဖို့အတွက် အဲ့နေရာကို တစ်လလောက် ပို့ပေးလို့ရတယ်။ ဘယ်လိုလဲ စိတ်ဝင်စားလား”

အဆင့်မြင့် ဝိညာဉ်သခင်များလား… ဒါပေါ့ ဝမ်ရှန်း စိတ်ဝင်စားပေသည်… သို့သော် ဝမ်ရှန်းသည် ချက်ချင်းကြီး သဘောမတူခဲ့ပေ၊ အရင်ဦးစွာ စေ့စပ်သေချာစေရန် ထပ်မံ မေးမြန်းလိုက်သည်။

“မကောင်းဆိုးဝါး အိုကြီးတွေဆိုတော့ သူတို့က ခင်ဗျားထက် အသက် ဘယ်လောက် ပိုကြီးလို့လဲ…”

“ငါ့ထက်လား…”

မိန်းမစိုးသည် ဤမေးခွန်းကို ဖြေကြားရန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေဟန်ရှိ၏။

“ဘယ်သူမဆို ငါ့ကို သုံးချက်တည်းနဲ့ သတ်နိုင်တယ်”

ဝမ်ရှန်း ချက်ချင်း အံ့သြထိတ်လန့် သွားခဲ့သည်။ မိန်းမစိုးကို သုံးချက်တည်းနှင့် သတ်နိုင်သည်…

သူတို့၏ ကျင့်စဉ်သည် အဘယ်မျှပင် ကြောက်စရာ ကောင်းနေမည်နည်း…

ထိုအချိန် မိန်းမစိုး၏ လျင်မြန်လှသည့် အရိပ်လှုပ်ရှားမှုကို ပြန်တွေးမိ သွားကာ ဝမ်ရှန်း ချွေးစေး ပြန်သွားခဲ့သည်။

“ခင်ဗျားတို့ တော်ဝင်မိသားစုက ဒီလောက်ထိတော်တဲ့ ဝိညာဉ်သခင်တွေ ရှိနေတာ။ ဂျင်ဒီနယ်မြေထဲဝင်ဖို့ ကျွန်တော့်ကို လိုသေးလို့လား…”

ဝမ်ရှန်းသည် သူ ယခု ခံစားနေရသည့် ခံစားချက်များကို ဘယ်လို ဖော်ပြရမလဲပင် မသိတော့ချေ…

ဥပဒေ၏ ဖိနှိပ်မှုကို ခံနေရကာ တော်ဝင်မြို့တော် အတွင်းမှ ထွက်ခွင့် မရှိသည့် တော်ဝင်မိသားစု ထံ၌ပင်လျှင် ဤကဲ့သို့ ကြောက်စရာ ကောင်းသည့် ဝိညာဉ်သခင်များ ရှိနေသည်။

ဥပဒေအရာတွင် တော်ဝင်မိသားစုအား ဖိနှိပ်နိုင်သည့် အခြားအင်အားစုများ ဆိုလျှင်ရော…

ထိုအကြောင်း တွေးမိကာ ဝမ်ရှန်း သူ၏လည်ပင်း အေးစက် သွားသည်ဟု ခံစားလိုက်ရသည်။ သူသည် မြစ်ဝါတံတားပေါ်၌ ရှေ့နောက် လျှောက်နေရသကဲ့ပင် ဖြစ်၏။

အင်အားစု အသီးသီးတွင် ဤကဲ့သို့ ကြောက်စရာ ကောင်းသော ဝိညာဉ်သခင်များ ရှိနေသော်လည်း သူတို့သည် ဝမ်ရှန်းကို သူတို့အပေါ် လှည့်ကွက်များ ကစားခွင့် ပေးနေသည်။ ဤအရာသည် ပုံမှန်ပဲလား… ဘာအတွက်နည်း။

“သံသယ ဝင်မနေနဲ့ဦး”

မိန်းမစိုးသည် အလွန် လေးနက်ဟန်ဖြင့် ဝမ်ရှန်းအား အမှန်အတိုင်း ပြောလိုက်သည်။

“ဂျင်ဒီနယ်မြေထဲကို ဝိညာဉ် အဆင့်အမြင့်ဆုံး သတ္တမ အဆင့်ထိပဲ ရှောရှောရှူရှူ ဝင်လို့ရတယ်။ အဲ့ထက် အဆင့်မြင့်ရင် ဖိအား ခံစားရတယ်။ အဲ့ချိန်ကျရင် မြန်မြန် သေသွားကြတာချည်းပဲ”

“အစီအရင်ကြောင့်လား”

ဝမ်ရှန်းသည် လျင်မြန်စွာပင် ပြန်လည် တည်ငြိမ် သွားခဲ့၏။ အရိပ်မိန်းမစိုး၏ စကားကို ကြားလိုက်ရသည့် အချိန်တွင် ဝမ်ရှန်းသည် အစီအရင်မှလွဲ၍ အခြား ဖြစ်နိုင်ခြေများကို မစဉ်းစားမိပေ။

“မဟုတ်ဘူး”

မိန်းမစိုး ခေါင်းခါယမ်းကာ ပြန်ဖြေ လိုက်သည်။

“မင်းဝိညာဉ်အဆင့်က နိမ့်သေးတယ်။ အဲ့ဒါကြောင့် မင်း ခံစားမိဦးမှာ မဟုတ်ဘူး။ အဲ့ဒါက တိုက်စားတဲ့ စွမ်းအားတစ်ခု လိုမျိုးပဲ၊ အစီအရင်ထက် အများကြီး ပိုအားပြင်းတယ်”

တိုက်စားသည့် စွမ်းအား… ဝမ်ရှန်း အံ့အားသင့် သွားသည်။ သူ့အိပ်မက်ထဲမှ ကောင်မလေးက အသက်ရှင် နေသေးပြီး ဒီတိုက်စားသည့် စွမ်းအားကို သူမ ထုတ်လွှတ် နေခြင်းများလား…

“အဲ့ဒါက ဘာလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဒါပေမယ့် မကောင်းတဲ့ ရည်ရွယ်ချက်မျိုး မရှိဘူးဆိုရင် အဲ့စွမ်းအားက ဝိညာဉ်အဆင့်ကို လှုံ့ဆော် ပေးနိုင်တယ်”

ရှုပ်ထွေးနေသည့် ဝမ်ရှန်းကို မိန်းမစိုးမှ ရှင်းပြလိုက်သည်။

“ဒီတော့ အားလုံး ဂျင်ဒီနယ်မြေထဲ ဝင်ချင်နေကြတာက ဘာလို့လို့ မင်းထင်လဲ”
***

Comment

Leave a Reply

Options

not work with dark mode
Reset