Switch Mode

Chapter – 260

ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရခြင်း၏ ရည်ရွယ်ချက် (၁)

အပိုင်း ၂၆၀
ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရခြင်း၏ ရည်ရွယ်ချက် (၁)

စာလုံးကိုးလုံး မန္တန်သည် တကယ်ကို အံ့အားသင့်စရာ ကောင်း၏။ ယခုအချိန်တွင် ဝမ်ရှန်းသည် ထိုမန္တန်အား အပြည့်အဝ နားမလည်သေးကာ ယောင်ဝါးဝါးသာ ရှိနေသေးသော်လည်း သူ့အတွက် များစွာ အကျိုးရလဒ်ရှိခဲ့၏။ သူသည် စိတ်လှုပ်ရှားလွန်း၍ ထခုန်ချင်စိတ်ပင် ပေါက်နေပြီ ဖြစ်သည်။

“ပင်း” ဟူသည့် စာလုံးသည် ဤကဲ့သို့ စွမ်းအားရှိ၏။ သူသာ ထိုစာလုံးကို အမှန်တကယ် တတ်ကျွမ်း သွားမည်ဆိုလျှင် ရှေ့လျှောက် အဆိပ်မိခြင်းမျိုး အတွက် စိုးရိမ်နေစရာ မလိုတော့ချေ။ ဒဏ်ရာ အသေးစားများကိုလည်း နာရီဝက်အတွင်း ကုသနိုင်ပြီဖြစ်၏။ ကြေးစား တစ်ယောက် အတွက်မူ ဤအရာသည် ကြီးမားသည့် အံ့အားသင့်စရာပင် ဖြစ်သည်။

ယခု စာလုံး နှစ်လုံးတည်းဖြင့် အဆိပ်ကို ဖယ်ရှား ပစ်နိုင်ခဲ့သည်။ စာလုံး ကိုးလုံးလုံးသာ တတ်ကျွမ်း သွားမည်ဆိုလျှင် … ဟိုး ဟိုး… ဝမ်ရှန်း သူ ခံစားနေရသည့် ခံစားချက်ကို မည်သို့ ဖော်ပြရမည်ပင် မသိတော့ချေ။ ထိုအချိန် ရောက်လျှင် ‘ပုလောင်’ ပြောင်းလဲခြင်းကိုလည်း အပြီးသတ် လုပ်ဆောင်နိုင်လောက်ပြီ ဖြစ်သည်။

ဝမ်ရှန်း ထိုကဲ့သို့ တွေးနေစဉ်မှာပင် သူ၏ဝိညာဉ်နယ်မြေ အတွင်းရှိ ကျောက်တိုင်ထက်မှ “ပင်း” ဟူသည့်စာလုံး မှိန်ဖျော့ဖျော့ လင်းလက် လာခဲ့သည်။ ထို့အတူ ဝိညာဉ်နယ်မြေ တစ်ခုလုံးလည်း အနည်းငယ် တုန်ခါသွားခဲ့၏။

ဝမ်ရှန်းသည် ထိုပြောင်းလဲမှုကို ချက်ချင်း သတိထားမိသွားကာ ‘ပုလောင်’၏ အခြေအနေကို သူ နောက်တစ်ကြိမ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သေချာသွားခဲ့သည်။ သို့သော် ပြဿနာမှာ စာလုံး ကိုးလုံးလုံးကို အပြည့်အဝ တတ်ကျွမ်းဖို့ဆိုလျှင် အချိန်အတော် ကြာမည် ဖြစ်သည်။

ထိုမှိန်ဖျော့သည့် အလင်းရောင်သည် ‘ပုလောင်’အား ကျေနပ်မှု မရှိစေကြောင်း သိသာပေသည်။ ထို့ကြောင့် ဝမ်ရှန်းသည် သူ၏လေ့ကျင့်မှုအား ပိုကောင်းအောင်လုပ်ရန် နည်းလမ်း တစ်ခုသာ ရှိတော့၏။

သို့သော် ထိုကဲ့သို့ ဆိုလျှင် စာလုံးကိုးလုံး မန္တန်ကို တတ်ကျွမ်းရန် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် အဆက်မပြတ် လုပ်နေရမည် ဖြစ်၏။ ထိုနည်းလမ်းမှလွဲ၍ အခြား ရွေးချယ်စရာလည်း မရှိပေ။ ယခုလို အချိန်မျိုးတွင် ဘော်လီဘော လေ့ကျင့်ခြင်းက ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်ဟန်ရှိသော်လည်း နောက်ဆုံးအကြိမ် ထိုအကြောင်းကို ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့အား ပြောပြရာ သူတို့နှစ်ယောက်သည် ဝမ်ရှန်းအား အထင်သေး ရှုတ်ချသည့် အကြည့်ဖြင့်သာ ကြည့်ခဲ့၏။ ထို့ကြောင့် ဝမ်ရှန်းသည် ထိုအစီအစဉ်ကို ပယ်ဖျက် လိုက်သည်။

ဤကမ္ဘာသည် ဝိညာဉ်အဆင့် မြင့်တင်နိုင်ရန် ကျင့်စဉ် ကျင့်ကြံသည့် ကမ္ဘာဖြစ်သည်။ တိုက်ခိုက်ခြင်း စွမ်းရည်ကို လေ့ကျင့်ချင်သည် ဆိုလျှင် သက်ဆိုင်ရာ လေ့ကျင့်ခန်းများကို လေ့ကျင့်ရမည် ဖြစ်၏။

ဝမ်ရှန်းသည် အလွယ်တကူ ဒဏ်ရာရရန် လမ်းစ မရှိသည့် အတွက်ကြောင့် ခံနိုင်ရည်ကို လေ့ကျင့်ရန် အနည်းငယ် အခက်အခဲ ရှိခဲ့သည်။ သို့သော် ကံကောင်းသည်လား ကံဆိုးသည်လား မဆိုနိုင် သူသည် တစ်စုံတစ်ယောက်၏ အဆိပ်ခတ်ခြင်းကို ခံခဲ့ရသည်။

“ပင်း” ဟူသည့် စကားလုံးသည် အဆိပ်ကို ဖယ်ရှားပေးနိုင်သည့် အပြင် အားလည်း ပြန်လည် ပြည့်ဝစေနိုင်၏။ ဤကဲ့သို့ လေ့ကျင့်ရန် နည်းလမ်းက အဆင်သင့် ရှိနေသည့် အချိန်တွင် တခြားဘာကိုမျှ တွေးစရာမလိုတော့ချေ။

ငါးဟင်းကို နောက်တစ်ကြိမ် ပြန်လာချပေးသည့် အချိန်တွင် အရသာသည် တကယ်ကို များစွာ တိုးတက် လာခဲ့၏။ သို့သော် တစ်လုတ် စားလိုက်သည်နှင့် အဆိပ် အရသာကို ခံစားရဆဲ ဖြစ်သည်။ ငါးကိုက အဆိပ်သင့် နေခြင်းလား မသိနိုင်ချေ။ သို့သော် ဝမ်ရှန်းသည် အရသာရှိသည့် အစားအသောက် စားသောက်ကာ လေ့ကျင့်မှုကို ဆက်လက် လုပ်ဆောင်၍ ရပြီဖြစ်သည်။

စာလုံးကိုးလုံး မန္တန်အား လေ့ကျင့်ခြင်းသည် အသံကျယ်လောင်စွာ ရေရွတ်ရခြင်းနှင့် မသက်ဆိုင်၊ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါကာ ပဲ့တင်သံ ထွက်ပေါ် လာရန်သာ လိုအပ်၏။ အချိန်အတော်ကြာ လေ့ကျင့်ခဲ့မှုနှင့် သူ၏ကမ္ဘာပေါ်မှ သိပ္ပံပညာ ဗဟုသုတများကို ပေါင်းစပ် လိုက်လျှင် ပဲ့တင်ထပ်ခြင်းက အသံ အတိုးအကျယ်ပေါ် မမူတည်ဘဲ ကြိမ်နှုန်းပေါ်သာ မူတည်ကြောင်း ဝမ်ရှန်း သိရှိလိုက်သည်။

ထို့ကြောင့် လေ့ကျင့်သည့် အချိန်မျိုးတွင် တစ်ခါတစ်ရံ၌ ထိုစာလုံးများကို ရေရွတ် ပြောဆိုရန် မလိုချေ။ အသံတုန်ခါမှု ရှိသည်နှင့် ပဲ့တင်သံ ထွက်ပေါ်လာမည် ဖြစ်၏။

ဝမ်ရှန်းသည် ငါးဟင်း တစ်လုတ်စားတိုင်း “ပင်း” ဟူသည့် စာလုံးကို တိုးလျစွာ တစ်ကြိမ် ရေရွတ်၏။ အဆိပ်များသည် အသည်းနှင့် ကျောက်ကပ်ထံသို့ ကွေ့ပတ် စီးဆင်းသွားကာ တစ်မုဟုတ်ချင်းပင် ပျောက်ကွယ် သွားခဲ့သည်။ ထိုပုံစံဖြင့် လုပ်ကြံသူမှ မျှော်လင့်ထားခဲ့သည့် အဆိပ်များသည် ဝမ်ရှန်း ကိုယ်တွင်းမှ တစ်ခဏ အတွင်းမှာပင် ကွယ်ပျောက် သွားတော့သည်။

ထိုကဲ့သို့ တစ်လုတ်ကို တစ်ခေါက် ရေရွတ် နေခဲ့သောကြောင့် အချိန်တို အတွင်းမှာပင် ကျောက်တိုင်ထက်မှ “ပင်း” ဟူသည့် စာလုံးသည်လည်း အစောတုန်းကထက် ပိုမိုတောက်ပ လာခဲ့တော့သည်။

စားပြီးသောက်ပြီး ဗိုက်ပြည့် သွားသည့် အချိန်တွင် ဤနည်းလမ်းက လေ့ကျင့်ရန် နည်းလမ်းကောင်း တစ်ခုဖြစ်ကြောင်း ဝမ်ရှန်း သိသွားခဲ့သည်။ အဆိပ်ခတ် ခံခဲ့ရခြင်းကြောင့်သာ မဟုတ်လျှင် ဝမ်ရှန်းသည် ဤအဆိပ်ပမာဏကို အသုံးပြုကာ သူ၏ကျင့်စဉ်ကို တိုးတက်အောင် ကျင့်ကြံ၍ ရကြောင်း သိပင်သိမည် မဟုတ်ချေ။

ဤသို့ဆိုလျှင် ဟင်းပွဲတိုင်း ဟင်းပွဲတိုင်းကို အဆိပ်ပမာဏ အနည်းငယ် ထည့်လိုက်မည်ဆိုလျှင် ပို၍ပင် ကောင်းသွားမည်လော။

ထိုသို့ တွေးလိုက်ပြီးနောက် ဝမ်ရှန်း သူ့ကိုယ်သူ အဓိပ္ပာယ် မရှိဟု ခံစားလိုက်ရသည်။ လုပ်ကြံသူသာ ဤအကြောင်းများ သိသွားမည်ဆိုလျှင် သွေးပွက်ပွက် အန်ထွက် သွားနိုင်သည်။ သူသည် ဤအကြံအစည်ကောင်းကို လက်တွေ့ အကောင်အထည် ဖော်ရန် ကြိုးစားခဲ့ရ၏။ ဝူရုံမြို့မှ လူများ အလွယ်တကူ ရှာမတွေ့နိုင်ရန်၊ ဝမ်ရှန်းလည်း အလွယ်တကူ ရှာမတွေ့နိုင်ရန်နိုင်သည့် အပြင် အဆိပ်ကို ကောင်းစွာ ဖုံးကွယ်နိုင်ရန် ကြိုးစားခဲ့ရသည်။

ဝမ်ရှန်းအတွက်မူ ဤအရာသည် လေ့ကျင့်ရန် နည်းလမ်း တစ်ခုသာ ဖြစ်သွားခဲ့ရပြီး အဆိပ်ပမာဏကို နည်းသည်ဟုပင် တွေးနေသေးသည်။

သို့ရာတွင် စိတ်လှုပ်ရှား နေသော်လည်း ဝမ်ရှန်းသည် စေ့စေ့ တွေးကြည့်ကာ အားမလိုအားမရ မဖြစ်တော့ပေ။ အမှန်အားဖြင့် ဤအဆိပ် ပမာဏဖြင့်ပင် လုံလောက်လေပြီ။ ဒီထက် ပိုများမည်ဆိုလျှင် ထိုအဆိပ်များကို သူ၏လက်ရှိ လုပ်ဆောင်နိုင်စွမ်းဖြင့် တိုက်ထုတ်နိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့ဆိုလျှင် ပြဿနာ တက်သွား ပေလိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ ဝမ်ရှန်းသည် သူသာ သူ၏အဆိပ် ဖြေနိုင်စွမ်းကို တိုးတက် စေချင်သည်ဆိုလျှင် နည်းပါးသည့် အဆိပ် ပမာဏကို အချိန်ကြာရှည် အသုံးပြုရမည် ဖြစ်ကြောင်း သူသိပေသည်။

အရင်ဆုံး ဘာမှမသိဘဲ အဆိပ်ပမာဏ တိုးမြှင့်လိုက်ခြင်းထက် စာလျှင် အဆိပ်ခုခံနိုင်စွမ်း တိုးမြှင့်လာသည့် အချိန်မှာမှ အဆိပ်ပမာဏကိုလည်း မြှင့်တင်ခြင်းက ပို၍ သင့်တော်ပေသည်။ ဤအရာသည် အဆိပ်ဖြစ်သည်၊ ချောကလက် မဟုတ်ချေ။

ဝမ်ရှန်းသည် ဤမတော်တဆ ရှာဖွေတွေ့ရှိမှုကြောင့် အလွန် ပျော်ရွှင်နေကာ တစ်နေကုန် တပြုံးပြုံး ဖြစ်နေခဲ့သည်။ ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ ရောက်လာသည့် အချိန် သူတို့သည် ဝမ်ရှန်း၏ အပြုအမူအား သတိထားမိ သွားကာ အကြောင်းအရင်း မေးလိုက်ကြသည်။

“ဒီနေ့ ဆရာလျှိုရဲ့ ဟင်းချက် လက်ရာက တော်တော်ကို ကောင်းနေလို့ပါ။ သူ့ရဲ့ ငါးခေါင်း ဟင်းကိုတော့ ကျွန်တော် အကြိုက်ဆုံးပဲ”

ဝမ်ရှန်းမှ ကျေနပ်အားရစွာ ပြောလိုက်သည်။ ထိုကဲ့သို့ ပြောလိုက်ခြင်းသည် မြို့အရှင်၏ ရည်ရွယ်ချက်ကို စမ်းသပ် လိုသောကြောင့် တမင်သက်သက် ပြောလိုက်ခြင်းလည်း ဖြစ်၏။

ဟန်ဘင်းလီသည် ထိုအကြောင်းအရာကို မသိကြောင်း သိသာပေသည်။ စကားပြောရာတွင် ထိုအကြောင်းကို ဘယ်လောက်မှ မထည့်ပြောခဲ့ပေ။ သိပ်မကြာလိုက်ခင်မှာပင် ဝမ်ရှန်းသည် စားဖိုမှူးလျှိုကို ငရုတ်ကောင်းဖြင့် သူ စိတ်ကျေနပ်စေသည့် ငါးခေါင်းဟင်း တစ်ခွက် ချက်ပြုတ် စေခဲ့သည့် အကြောင်း တစ်မြို့လုံး ပျံ့သွားတော့သည်။

ထိုသတင်း ကြားသောအခါ အချို့လူများသည် မည်သို့မှ သက်ရောက်မှု မရှိခဲ့ပေ။ ဤသည်မှာ ဟင်းပွဲတစ်ပွဲသာ ဖြစ်ပြီး ဘာကိုမှ ထွေထွေထူးထူး ဖြစ်စရာ ရှိမနေပေ။

အပြင်ဘက်၌ ဘာတွေ ဖြစ်နေမည်ကို ဝမ်ရှန်း ဂရုမစိုက် စိတ်မဝင်စား။ သူ၏ပုံမှန်ကျင့်စဉ် အကြောင်းကိုသာ ဂရုစိုက်ခဲ့၏။ ယခု ရက်ပိုင်းတွင် သူသည် စာလုံးကိုးလုံး မန္တန်ကို နေ့တိုင်း လေ့ကျင့်နေခဲ့သည်။ စာလုံးများ၏ ထူးခြား ဆန်းကြယ်မှုကို နားမလည်သော်ငြား နေ့စဉ်နှင့်အမျှ သူ၏ခန္ဓာကိုယ် ပိုမိုသန်မာ လာနေသည်ကိုတော့ သူ ခံစား၍ ရနေပေသည်။ နောက်ဆုံး အကြိမ်၌ သူ ခံစားခဲ့ရသည့် စွမ်းအားသည်လည်း ဝိညာဉ်စွမ်းအားထက်ပင် များစွာ ပိုမို အားကောင်းနေပြီ ဖြစ်သည်။

ထိုစွမ်းအားက ဘာစွမ်းအားလဲ ဆိုတာကို ဝမ်ရှန်းမသိ၊ သို့သော် သူ၏ခန္ဓာကိုယ် အတွင်းရှိ အဆိပ်များကို ဖြေဖျောက်ပေးသည် ဆိုမှတော့ ကောင်းမွန်သည့် စွမ်းအား တစ်ခုပင် ဖြစ်ပေမည်။ ထိုစွမ်းအား ပိုမို အားကောင်းလာလေ သူ့အတွက် ပိုကောင်းလေပင် ဖြစ်သည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် အရိပ်မိန်းမစိုးသည် သူ ဝမ်ရှန်းအား တောင်းဆိုရန် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည့် တောင်းဆိုချက်ကို တောင်းဆို လိုက်သည်။

“တော်ဝင် မိသားစုထဲမှာ သုံးယောက်ရှိတယ်။ ဒီတစ်ခေါက် မင်းနဲ့အတူ သူတို့ကို ခေါ်သွားပေးလို့ ရမလား”

မိန်းမစိုးသည် ကွေ့ဝိုက် ပြောမနေတော့ဘဲ ဝမ်ရှန်းအား ပွင့်ပွင့်လင်းလင်းသာ တောင်းဆိုလိုက်သည်။

“မြို့အရှင် ခေါင်းညိတ်ရင် ပြဿနာ မရှိပါဘူး”

ဝမ်ရှန်းမှ ကောင်းမွန်သည့် အဖြေ ပြန်ပေး လိုက်သည်။

“ခင်ဗျားလည်း သိတာပဲ၊ ဒီနေရာမှာ မြို့အရှင်ကို ကျော်သွားလို့ မရဘူးဆိုတာ။ ပြီးတော့ ပေးရမယ့် အခကြေးငွေကိုလည်း ခင်ဗျား ကျော်သွားလို့ မရလောက်ဘူး”
***

Comment

Leave a Reply

Options

not work with dark mode
Reset