အပိုင်း ၂၅၉
အဆိပ်(၂)
ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည် အရောင်အဆင်း အနံ့အရသာ ကင်းမဲ့သည်ဟု သိကြသည့် ရေကိုပင် မတူကွဲပြားစွာ အရသာခံနိုင်စွမ်း ရှိသည်။ နေရာဒေသ အသီးသီးတွင် သဘာဝ ပတ်ဝန်းကျင် အခြေအနေများ ကွဲပြားကာ ရေအတွင်း၌ ပါဝင်သည့် သတ္တုဆားများကလည်း ကွဲပြားပေသည်။ ဝမ်ရှန်းသည် ထိုကွဲပြားမှုများကို ရှင်းရှင်းလင်းလင်း အရသာ ခံနိုင်ပေသည်။
ဝမ်ရှန်းသည် ဤအဆိပ်ကို မိဖူးခြင်းကြောင့် အဆိပ်အရသာကို သိမြင်လိုက်ခြင်း မဟုတ်ပေ။ သူ၏အရသာခံ အဖုများက အလွန်နူးညံ့ လှသောကြောင့်သာ အဆိပ်လျှာဖျားပေါ် ရောက်သည်နှင့် ချက်ချင်း သတိထားမိခဲ့ခြင်း ဖြစ်၏။
အဆိပ်ခတ်သည့် လူသည် ဝမ်ရှန်း သတိထားမိ သွားမည်ကို စိုးရိမ်သောကြောင့် အဆိပ်ပမာဏ များများကို အသုံးမပြုခဲ့ပေ။ သို့သော် ဝမ်ရှန်း သတိမထားမိဘဲ ထိုအဆိပ်ကို နှစ်ချီလချီ အချိန်ကြာရှည်စွာ စားသုံးမှ တဖြည်းဖြည်းချင်း အဆိပ်ပြန့် သွားပေမည်။
ထို့အပြင် ဤအဆိပ်မျိုးသည် ပမာဏ တစ်ခုအထိ ရှိမှသာ လူကို အလွန် ဒုက္ခပေးနိုင်သည့် အဆိပ်မျိုးဖြစ်၏။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် အဆိပ်ခတ်သည့် လူသည် ဝမ်ရှန်းအား သတ်ချင်နေခြင်း မဟုတ် အဆိပ်ကို အသုံးပြုကာ သူ့အား ထိန်းချုပ်ချင်ခြင်း ဖြစ်သည်။
ထို့ကြောင့် လက်ရှိ အဆိပ်ပမာဏမှာ သိပ်မများသော်လည်း ဝမ်ရှန်းအား သတိရှိ သွားစေပြီ ဖြစ်သည်။ ဘယ်သူက သူ့ကို ထိန်းချုပ် ချင်သနည်း…
အဆိပ်ခတ်နိုင်ချေ အရှိဆုံးလူကို ပြောပါဆိုလျှင် တော်ဝင်ရတနာ စံအိမ်မှ စားဖိုမှူးကို သေချာပေါက် သံသယရှိမည် ဖြစ်၏။ ဒုတိယတရားခံ အနေဖြင့်ဆိုလျှင် ဟင်းပွဲများကို တည်ခင်းပေးသည့် ရတနာစံအိမ်မှ အစေခံ မိန်းကလေး နှစ်ယောက်ပင်ဖြစ်၏၊
သို့သော် တော်ဝင်ရတနာ စံအိမ်ဖြစ်စေ ရတနာစံအိမ်ဖြစ်စေ ထိုနှစ်ခုလုံး၏ ပိုင်ရှင်သည် အမြတ်စား ကြီးသူများ ဖြစ်သော်လည်း သူတို့၏ ဉာဏ်ရည် ထက်မြက်မှုအရ သူတို့သည် ဤကဲ့သို့ ကျေးဇူးကန်းသည့် အရာမျိုး ပြုလုပ်မည် မဟုတ်ပေ။
လိုချင်တာရှိလျှင် သူတို့သည် ရက်ရောသည့် ပမာဏဖြင့် ဝမ်ရှန်းအား ကမ်းလှမ်းမည်သာ ဖြစ်သည်။ ဝမ်ရှန်း သူတို့အား ပေးခဲ့သည့် အကြံက သူတို့ ပုံမှန်ရှာဖွေ နိုင်သည်ထက် အဆပေါင်း ဆယ်နှင့်ချီ ရာနှင့်ချီ အကျိုးအမြတ်များ ဝင်ငွေရရှိမည်မှာလည်း အမှန်ပင်ဖြစ်သည်။
သို့သော် သူတို့ မဟုတ်ပါက မည်သူ ဖြစ်မည်နည်း……
ယခုအချိန်တွင် ဝမ်ရှန်းသည် ကွေ့ပတ်စဉ်စား မနေတော့ပဲ ဝူရုံမြို့ အရှင်ကိုသာ ချက်ချင်း စဉ်းစားမိ လိုက်သည်။
ဝမ်ရှန်းအတွက် ယခင်က ဝူရုံမြို့သည် ဘေးကင်း လုံခြုံသည့် နေရာတစ်ခု ဖြစ်ခဲ့၏။ ထိုနေရာတွင် သူသည် အခြားလူများ၏ လိုက်သတ်ခံရမည်ကို စိုးရိမ်နေစရာမလို၊ အပြင်ဘက်တွင် သူ့ခေါင်းက တန်ကြေး ဘယ်လောက် ရှိနေသည် ဆိုတာကိုလည်း စိုးရိမ်စရာမလို၊ လူဘယ်နှယောက်လောက်က သူ့အား လိုချင်နေကြသည်ကိုလည်း တွေးတော ပူပင်နေစရာ မလိုပေ။
သို့သော် ယခုအချိန်တွင် အင်အားစုများ အားလုံးသည် သူ့အား လိုက်သတ် နေသည်ကို လက်လျှော့ လိုက်ကြကာ ယခင်က အဖြစ်အပျက်များကိုပင် အလျှော့ပေး လိုက်ပြီဖြစ်၏။ ထိုအချိန်မျိုးတွင် ဝူရုံမြို့သည် ဝမ်ရှန်းအတွက် မရှိမဖြစ် လိုအပ်သည့်နေရာ မဟုတ်တော့ပေ။
ဤအနေအထားတွင် ဝူရုံမြို့ မြို့အရှင်သာ ဝမ်ရှန်းကို သူ့ဘက်၌ အချိန်အတော်ကြာ ဆက်ရှိစေချင်သည် ဆိုလျှင် လုံလောက်သည့် အကြောင်းပြချက်ရှိရန် လိုအပ်သည်။ အချိန်အတော်ကြာ ထိပ်ဆုံး၌ ရှိနေခဲ့သည့် လူတစ်ယောက်အဖို့ ဝမ်ရှန်း၏ အသက်ကို ထိန်းချုပ် နိုင်ခြင်းထက် ပို၍ စိတ်အေးစရာ ကောင်းသည့် ကိစ္စမျိုး မရှိတော့ပေ။ ယခင်ကလည်း ထိုကဲ့သို့ပင် မဟုတ်ပါလော။
ယခင်ကလည်း ဝမ်ရှန်း ဝူရုံမြို့ မြို့အရှင်ဘက်က ရှိနေခြင်းမှာ မြို့အရှင်သည် သူ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ် ပေးနိုင်သောကြောင့် ဖြစ်သည်။
ဝူရုံမြို့ မြို့အရှင်ကသာ ဝမ်ရှန်း၏ စားဖိုမှူးဖို့ ယူလာသည့် ဟင်းချက် ပစ္စည်းများ အတွင်း၌ တိတ်တဆိတ် အဆိပ်ခတ်နိုင်ကာ ဝမ်ရှန်း ကြိုက်နှစ်သက်သည့် အစားအသောက်များကို သိစေခြင်း ဖြစ်သည်။
အခြား အင်အားစုများကလည်း ထိုကဲ့သို့ မလုပ်နိုင်ခြင်း မဟုတ်သော်ငြား ဝူရုံမြို့တွင် ထိုကဲ့သို့ လုပ်ရန် အလွယ်ကူဆုံးနှင့် ဖြစ်နိုင်ချေ အရှိဆုံးမှာ မြို့အရှင်ပင် ဖြစ်၏။
အင်အားကြီး သူများသည် ဤကဲ့သို့ နည်းလမ်းများ အသုံးပြုရသည်ကို နှစ်သက် ကြပေသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ယခု လုပ်ရပ်သည် အဓိက အင်အားစုများမှ ခေါင်းဆောင်များ၏ လုပ်ရပ်များနှင့် ဘာမှ မကွာလှချေ။
ယခင်က ဝမ်ရှန်းသည် သူ၏ ကြိုးပဲ့နေသော ဝိညာဉ်ကို အဆင့်မြင့်တင်၍ ရကြောင်း သိပြီးနောက် ထိုအဓိက အင်အားစုများ ပထမဆုံး လုပ်ခဲ့သည့် အရာမှာ သူ့အား ထိန်းချုပ်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့ခြင်းပင် မဟုတ်ပါလော။
သို့သော် ဤသည်မှာ ခန့်မှန်းချက် တစ်ခုသာ ဖြစ်ပြီး ထိုအဆိပ်ခတ်သူမှာ ဝူရုံမြို့ မြို့အရှင် ဟုတ်မဟုတ် ဝမ်ရှန်း တပ်အပ် သေချာ မဆိုပေ။ သို့သော် သူတွေးခဲ့သည့် အတိုင်းပင် ဤအချိန် အတွင်း၌ ဤလုပ်ရပ်များကို တိတ်တဆိတ် လုပ်ဆောင်နိုင်ဖို့ဆိုလျှင် အသေးစား ကလန်များနှင့် အသေးစား အင်အားစုမျိုး မဖြစ်နိုင်ပေ အင်အားကြီး ကလန်များကိုသာ သံသယ ရှိရမည် ဖြစ်၏။
ဝမ်ရှန်းက မည်သူနည်း…..
သူသည် အိတ်ချ်စနိုက်ပါ သမားတစ်ယောက် ဖြစ်သည်။ ပစ်မှတ်တစ်ခုကို ပစ်ခွင့်ရရန် အတွက် နှင်းတောင်ထိပ်ပေါ်တွင် သုံးရက် သုံးညတိုင်တိုင် နေခဲ့ဖူး၏။ မည်သည့် သံသယဖြစ်စဉ် အရိပ်အယောင်များ မရှိပဲနှင့်လည်း မိလ္လာအတွင်း၌ တစ်ရက်တစ်ည ကြာအောင် ပုန်းနေခဲ့ဖူးသည်။ ထို့ကြောင့် ယခုလိုအချိန် အဆိပ်မိခဲ့လျှင်လည်း သူသည် အဆိပ်မိသည်ကို အခြားသူ မသိအောင် ဖုံးကွယ် နိုင်ပေသည်။
“ဒီနေ့ငါးဟင်းက ချက်ပုံချက်နည်း နည်းနည်း ကွာသွားတယ် ထင်တယ်။ အရသာ နည်းနည်း ထူးခြားနေတယ်”
သူ ငါးကို ထွေးထုတ် လိုက်သောကြောင့် ကြောင်အမ်းအမ်း ဖြစ်နေသည့် အစေခံကို ကြည့်ကာ ဝမ်ရှန်း ပြုံး၍ ရှင်းပြလိုက်သည်။
“ဆရာလျူကို ဒီ ခေါ်လိုက်”
ဝမ်ရှန်းသည် ဆရာလျူကို ခေါ်ကာ ဒီနေ့ငါးကို မည်သည့်နေရာမှ ဝယ်ခဲ့ကြောင်းနှင့် ဤဟင်းပွဲ အတွင်း၌ လိုလေသည့် အရာများကို စတင် ညွှန်ကြား ပြောပြပေးခဲ့သည်။
ဆရာလျူသည် သူ၏ဟင်းပွဲများ အားလုံးကို ဝမ်းရှန်း ချက်ပြုတ်သည့် နည်းလမ်းအတိုင်း သင်ယူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဟင်းချက် စွမ်းရည် တစ်ခုတည်းတွင် ဝမ်းရှန်းအား ဆရာလျူ၏ ဆရာဟု ပြော၍ ရပေသည်။ ထို့ကြောင့် ဆရာက တပည့်အား ညွှန်ကြား ပြသပေးရာတွင် ဘာအကြောင်းပြချက်များ လိုအပ်ပါသနည်း….
ဝမ်ရှန်းသည် ဆရာလျူ၏ ဟင်းအရသာ၏ လိုအပ်ချက် တချို့ကို ထောက်ပြကာ သူကိုယ်တိုင် အတည်ပြုနိုင်ရန် အတွက် ဟင်းပွဲကိုပင် မြည်းကြည့် ခိုင်းလိုက်ပေသည်။
ဆရာလျူသည်လည်း တွန့်ဆုတ်ခြင်း မရှိဘဲ တူကို ကောက်ကိုင်ကာ အနည်းငယ် မြည်းကြည့် လိုက်၏။ သူ၏ သိမြင်နားလည်မှုသည် အလွန် မြင့်မားလှပေသည် ထိုသို့ မြည်းကြည့် လိုက်သည်နှင့် ဝမ်ရှန်းပြောသည့် လိုအပ်ချက်များက ဘာလဲဆိုတာကို သူချက်ချင်း နားလည် သွားခဲ့သည်။ ဝမ်ရှန်းသည် သူ့အား သင်ကြား ပြသပေးကာ ဆရာလုပ်သောကြောင့် သူသည် စိတ်ဓာတ် မကျသွားခဲ့ပေ။ ထိုအစား ပို၍ပင် ပျော်ရွှင်သွားခဲ့၏။
ဝမ်ရှန်း၏ လက်အောက်မှ ထွက်သွားသည့် အခြား စားဖိုမှူးများသာ ဤအကြောင်းကို သိမည်ဆိုလျှင် သူတို့သည် ဆရာလျူအား အားကျမနာလို ဖြစ်မိပေလိမ့်မည်။ ဝမ်ရှန်းကိုယ်တိုင် ညွှန်ကြား ပြသပေးရန် အခွင့်အရေးမှာ ကြုံတောင့်ကြုံခဲ ဖြစ်လေသည်။ သို့သော် ဆရာလျူသည် ဤနေရာ၌ လပေါင်းများစွာ ကြာအောင် နေထိုင်ကာ ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင် နိုင်ခဲ့သည်။
သူညွှန်ကြား ပြသပေး လိုက်သောကြောင့် ဆရာလျူ ကျေနပ်ပီတိ ဖြစ်သွားသည်ကို ဝမ်ရှန်း ခံစားရပေသည်။ ဝမ်ရှန်းသည် ဟင်းပွဲကို ညွှန်ပြကာ –
“နောက်တစ်ပွဲ ပြန်ပြင်လိုက်၊ အဲ့လိုဆိုရင် အရသာက တော်တော်ကြီးကို ကောင်းသွားမှာ”
ဆရာလျူသည် ဘာမှမပြောဘဲ ဟင်းပွဲကို သယ်ကာ ပြန်သွားလုပ်ရန် ပြင်လိုက်၏။
“ပင်း….. ကျယ်…. ”
ဘယ်သူမှ မရှိတော့သည့် အချိန်တွင် ဝူရှန်းသည် စာလုံးကိုးလုံး မန္တန်မှ စာလုံးနှစ်လုံးကို ရေရွတ်လိုက်သည်။
စာလုံးကိုးလုံး မန္တန်တွင် ‘ပင်း’သည် စွမ်းအားနှင့် အသက်ဓာတ်ကို ရည်ညွှန်း၏။ ‘ကျယ်’သည် ပြန်လည် ကောင်းမွန်ခြင်း စွမ်းအားကို အလိုရှိသလို ထိန်းချုပ်နိုင်ခြင်းတို့ကို ရည်ညွှန်း၏။
ဤစာလုံးနှစ်လုံး မန္တန်၏ ပဲ့တင်ထပ်ခြင်းသည် ပြန်လည် ကုသခြင်းနှင့် အဆိပ်ဖြေဖျောက်ခြင်း စသော အထူး အကျိုးသက်ရောက်မှုများ ရှိသည်။ ဝမ်ရှန်းသည် သူ၏ခန္ဓာကိုယ်က ယခင်ကထက် ပို၍ သန်မာလာသည်ဟု အမြဲတမ်း ခံစားနေရ၏။ သို့သော် သူသည် ထိခိုက်ဒဏ်ရာ ရခြင်းမျိုး သို့မဟုတ် အဆိပ်မိခြင်းမျိုး မရှိခဲ့သောကြောင့် ထိုအရာများကို စမ်းသပ်ရန် အခွင့်အရေး မရှိခဲ့။ ယခုအချိန် အဆိပ်မိသွားသည့် အခါမှသာ သူသည် ထိုစကားလုံးများကို စမ်းသပ် နိုင်တော့ပေသည်။
ထိုစာလုံးနှစ်လုံး ထွက်လာသည်နှင့် ဝမ်ရှန်းသည် သူ၏ ခန္ဓာကိုယ် အတွင်းတွင် ဝိညာဉ်စွမ်းအားထက် ပိုမြင့်သည့် စွမ်းအား တစ်ခုက အပြင်းအထန် လှိမ့်တက်လာကာ အလွန် နည်းပါးလှသည့် အဆိပ်ပမာဏကို ကျောက်ကပ်နှင့် အသည်းဆီသို့ တွန်းထုတ် သွားကြောင်း ခံစားလိုက်ရသည်။ တစ်ခဏ ကြာပြီးနောက် ဝမ်ရှန်းသည် သူ၏ခန္ဓာကိုယ်မှ မူမမှန်မှုများကို မခံစားရတော့ချေ။
နောက်ဆုံး အဆိပ်ကို အောင်မြင်စွာ ဖယ်ရှားပြီး သွားသည့် အချိန်တွင် ထိုအရာသည် အလေးအပေါ့ သွားသကဲ့သို့ပင် ရိုးရှင်းလှပေသည်။
***