အပိုင်း ၂၅၈
အဆိပ် (၁)
ဝမ်ရှန်းကြောင့် မည်သူမှ အသက်ရှင်လျက် ပြန်မထွက် လာနိုင်ခဲ့သည် ဂျင်ဒီနယ်မြေသည် ယခုအချိန်၌ စွန့်စားရေး ခရီးထွက်ရန် အခွင့်အလမ်းတစ်ခု ပွင့်လာခဲ့သည်။ ထိုနယ်မြေ အတွင်း၌ ရှိနေသည့် ကြွယ်ဝမှုနှင့် အခွင့်အလမ်းများကို သာမန်လူများ မဆိုထားနှင့် တော်ဝင် မိသားစုသည်ပင် ကြိုးစားကြည့်ချင် နေကြသည်။
သို့သော် ဝမ်ရှန်းမှာ အဓိက အခရာ ဖြစ်ကြောင်း အားလုံး နားလည်ပေသည်။ ယခုအချိန်တွင် ဝမ်ရှန်း၏ အပြည့်အဝ ထောက်ပံ့မှုကို ရရှိနိုင်သည့်လူ မည်သူမဆို ဤကိစ္စ၌ ဦးဆောင်နိုင်ပြီ ဖြစ်၏။
ဆိုရလျှင် စုန့်မိသားစုသည် ယခင် အချိန်များ၌ ပုန်းအောင်းနေသည့် မမလေးစုန့်ကိုပင် ပြန်ခေါ်ကာ ဝူရုံမြို့သို့ စေလွှတ်ရန် ကြံရွယ် နေကြပြီဖြစ်၏။ ယခင်က သူမနှင့် ဝမ်ရှန်းကြား၌ ကြည်နူးစရာ ဆက်ဆံရေး ရှိခဲ့သည်ဖြစ်စေ၊ သူငယ်ချင်း ဆက်ဆံရေး ရှိခဲ့သည်ဖြစ်စေ ဤသည်ကို အသုံးပြုလျက် စုန့်မိသားစုအား ကူညီပေးရန် ဝမ်ရှန်းအား ဖြားယောင်း သိမ်းသွင်း စေချင်နေကြခြင်း ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍ အခြားမိသားစုများသည် အလွန် မကျေမနပ် ဖြစ်ကြသော်လည်း သူတို့ လုပ်နိုင်သည်မှာ ဘာမှျ မရှိချေ။ ဝမ်ရှန်းသည် စုန့်မိသားစု၏ တားမြစ်နယ်မြေ အတွင်း၌ ပေါ်လာကာ မမလေးစုန့်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည် ဟူသည့် အချက်ကို မည်သူမှ မငြင်းဆန်နိုင်။ အပြစ်တင်ချင်သည်ဆိုလျှင် သူတို့မိသားစုထဲတွင် ဝမ်ရှန်းနှင့် မိတ်ဆွေ ဖွဲ့နိုင်သည့် လှပသော အမျိုးသမီးများ မရှိခြင်းကိုသာ အပြစ်တင်ရမည် ဖြစ်၏။
ဝမ်ရှန်း ခေါင်းညိတ် လိုက်သည်နှင့် မိသားစု တစ်စုချင်းစီသည် ဝမ်ရှန်းဘေး၌ အလှလေး အယောက် သုံးဆယ်မှ ငါးဆယ်လောက်အထိ ထားပေးနိုင်ကြပေသည်။ ကံမကောင်းသည်မှာ အစမှ ယခုထက်တိုင် တော်ဝင်ရတနာစံအိမ်မှ စားဖိုမှူး နှစ်ယောက်နှင့် ရတနာစံအိမ်မှ အစေခံ နှစ်ယောက်တည်းကိုသာ ဝမ်ရှန်း လက်ခံခြင်း ဖြစ်သည်။ ဤနည်းဖြင့် အခြားအင်အားစုများမှ လူများသည် ဝမ်ရှန်းအနီးသို့ ချဉ်းကပ်ရန် မလွယ်ကူကြပေ။
သို့သော် ထိုရတနာ စံအိမ်နှင့် တော်ဝင်ရတနာ စံအိမ်တို့မှာ စီးပွားရေး လုပ်ငန်းရှင်ကြီးများသာ ဖြစ်၍ တော်သေးသည်ဟု ပြောရပေမည်။ သူတို့သည် ပိုက်ဆံ ဘယ်လိုရှာရမလဲ ဆိုသည်ကိုသာ စိတ်ဝင်စားကြကာ ကမ္ဘာကို အုပ်ချုပ်ရန် တိုက်ခိုက် ယှဉ်ပြိုင်ခြင်းမျိုး၌ တစ်ခေါက်မှ မပါဝင်ခဲ့ဖူးကြ။
ထို့ကြောင့် အခြား အင်အားစုများသည် သူတို့အား အားကျမှုများ ရှိသော်လည်း မနာလို ရလောက်သည့် အဆင့်အထိ မဖြစ်ကြချေ။ မည်သို့ဆိုစေ ထိုလူများအား သွားရှုပ်လျှင်လည်း သူတို့ အနေဖြင့် ဝမ်ရှန်းထံမှ အထောက်အပံ့ မရနိုင်လောက်ပေ။
ယခုလို အခြေအနေမျိုးတွင် ဝမ်ရှန်း ဘေးပတ်ပတ်လည်ရှိ အိမ်များသည် ဝမ်ရှန်းအား လုပ်ကြံခံရခြင်းမျိုးမှ ကာကွယ်ရန် အတွက် သာမက၊ အခြားအင်အားစုများက ဝမ်ရှန်းနှင့် အဆက်အသွယ် လုပ်မည်ကိုပါ ကာကွယ်ရန် လိုအပ်ပေသည်။
……….
ဝမ်ရှန်းသည် သူ့ဘဝကို အလွန် သာမန်ကျစွာ ဖြတ်သန်း နေခဲ့သည်။ သူ၏နေ့စဉ် လေ့ကျင့်မှုသည် လက်ရေးလှ လေ့ကျင့်မှုအဖြစ် ပြောင်းလဲ သွားခဲ့၏။ ထိုအရာသည် အိမ်တော်ထိန်း၊ အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့ကို နားမလည် နိုင်ဖြစ်စေရုံ သာမက အစေခံမလေး နှစ်ယောက်နှင့် စားဖိုမှူးတို့ နှစ်ယောက်သည်လည်း ပို၍ပင် နားမလည်နိုင် ဖြစ်နေကြ၏။ သူသည် လူ့အသက်သတ်သည့် ကြေးစား တစ်ယောက်ဖြစ်သော်လည်း ယခုအချိန်မှ ဘာကြောင့် ရုတ်တရက်ကြီး စာသမား ပေသမား ဖြစ်သွားခဲ့သနည်း…
“ဒါကို ဘုန်းတော်ကြီး ကျောင်းက အဆင့်မြင့်တာအို ဘုန်းတော်ကြီး တစ်ယောက် သင်ပေးလိုက်တာ”
ဝမ်ရှန်းသည် သူ တာအိုဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိခဲ့သည်ကို အခြားသူများ သိသွားမည်ကို စိုးရိမ်မှု မရှိပေ။ ထိုအချိန် ထိုနေရာတွင် လူအမြောက်အမြား ရှိနေကာ သူ ဖုံးကွယ်၍လည်း ရမည် မဟုတ်ပေ။ ထို့ကြောင့် သူကိုယ်တိုင် ဖွင့်ပြောလိုက်ခြင်းက ပိုကောင်းချင် ကောင်းနိုင်ပေသည်။
“ကျွန်တော်က လူတွေ အများကြီး သတ်ခဲ့တယ်လေ။ အဲ့ဒါကြောင့် အခု ဒီလို စာလုံးရေးကျင့်တာက ကျွန်တော့်ကို စိတ်ငြိမ်စေတယ်”
အစပိုင်းတွင် ဝမ်ရှန်းက စိတ်တည်ငြိမ်ချင်ကြောင်း ပြောသည့် အချိန်တွင် အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့သည် စိတ်ထဲ သဘောမတွေ့ ဖြစ်ခဲ့ကြသေး၏။ သို့သော် စိတ်တည်ငြိမ်ခြင်း ကလည်း ဆိုးတော့မဆိုးပေ။ တစ်ခါတစ်ရံတွင် ခေါင်းအေးအေး ထားတတ်သည့် ကြေးစား တစ်ယောက်သည် တရှူးရှူး တဒိုင်းဒိုင်းဖြင့် စိတ်အလောကြီးတတ်သည့် ကြေးစား တစ်ယောက်ထက် အကျိုးရလဒ်များ ပိုမိုကောင်းမွန် နိုင်ပေသည်။
အစပိုင်းတွင် “永” စာလုံး ၁၀၀ လေ့ကျင့်ကာ ကျန်သည့် အချိန်များတွင် စာလုံးကိုးလုံး မန္တန်မှ စာလုံးကိုးလုံးကို အစမှအဆုံးထိ ရေးကျင့်ရင်း အချိန် ကုန်ဆုံးလေ့ ရှိ၏။ ဤသည်ကား ဝမ်ရှန်း ပုံမှန်လုပ်ဆောင် နေကျအရာလား ဘာလားတော့ မသိပေ၊ ထိုကဲ့သို့ စာလုံးများ ရေးကျင့်စဉ်တွင် သူသည် တစ်ခါတစ်ရံ၌ ထိုစာလုံးကို အသံထွက် ဖတ်လေ့ရှိ၏။ အသံက သိပ်မကျယ်သော်လည်း အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့ ကတော့ ကောင်းကောင်း ကြားရပေသည်။
သူတို့ နှစ်ယောက်သည် ဝမ်ရှန်း ကြိုးစား လုပ်ဆောင် နေသည်ကို ဘာမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ။ လူတိုင်းတွင် သူတို့ကိုယ်ပိုင် ကျင့်ကြံရေး နည်းလမ်းများရှိ၏၊ ထိုနည်းလမ်းများကို အခြား သူများကလည်း လိုက်ပြီး အာရုံစိုက်နေမည် မဟုတ်ပေ။ အထူးသဖြင့် ကျိုးပဲ့ဝိညာဉ် ရှိနေသော ဝမ်ရှန်းကို ဘယ်လို အကြံဉာဏ်မျိုး ပေးရမလဲ ဆိုတာ သူတို့မသိကြ၊ ထို့ကြောင့် ဝမ်ရှန်းကို သူ့ဘာသာသူ စူးစမ်း လေ့လာခွင့်ပြုခြင်းက ပိုမို ကောင်းမွန်ပေသည်။
သို့သော် ဝမ်ရှန်း ထိုကဲ့သို့ စာလုံးတစ်လုံးကို အသံထွက် ဖတ်လိုက်သည့် အချိန်တွင် သူ လေ့ကျင့်ခြင်း ဖြစ်ကြောင်းကို မည်သူမှ မသိပေ။
ဝမ်ရှန်းသည် စာလုံးကိုးလုံး မန္တန်ကို သိသော်လည်း စာလုံးတိုင်း၏ စွမ်းအားကို အပြည့်အဝ နားမလည်ပေ။ ထို့ကြောင့် သူသည်လည်း စမ်းတဝါးဝါး ဖြစ်နေခဲ့၏။ ပထမဦးဆုံး အနေနှင့် သူသည် ဝိညာဉ်စွမ်းအားကို လှုံ့ဆော် နိုင်ရန်နှင့် ခန္ဓာကိုယ် အတွင်း၌ ပဲ့တင်သံများ ထွက်ပေါ်လာရန် အရင် ကြိုးစားခဲ့သည်။ ထိုကဲ့သို့ ကြိုးစားရာတွင် တိုက်ပွဲဝိညာဉ်၏ အကူအညီကလည်း မရှိမဖြစ်ပင် ဖြစ်၏။
ဝမ်ရှန်းသည် ပုလောင် ပြောင်းလဲခြင်း အဆင့်သို့ ရောက်သည့် အချိန်တွင် သူ၏လက်ရေးလှ စွမ်းရည် များစွာ တိုးတက်လာကြောင်း သတိပြုမိခဲ့သည်။ ယခင်က တောက်တိ ပြောင်းလဲခြင်း ပြီးဆုံးပြီးနောက် သူ၏ အရသာခံအာရုံ များစွာ တိုးတက် ကောင်းမွန်လာကာ အချက်အပြုတ် စွမ်းရည်မှာ အဆင့်တစ်ဆင့် တက်သွားသကဲ့ပင် ဖြစ်၏။ ယခု စာရေးရာ၌ အထူးသဖြင့် ညီညာသော စာလုံးများ ရေးရာ၌လည်း သူသည် ဤကမ္ဘာ အတွင်း၌ ပြိုင်စံရှားပင် ဖြစ်သည်။ ထိုအချက်ကို မည်သူမှ မငြင်းနိုင်ပေ။
လဝက်လောက်အထိ ထိုပုံစံဖြင့်သာ သက်သောင့်သက်သာ ပုံမှန်အတိုင်း ဖြတ်သန်း နေခဲ့သည်။ ထိုလဝက် အတွင်းတွင် ဝမ်ရှန်းသည် စာလုံးကိုးလုံး မန္တန် အသုံးပြုပုံကို အနည်းငယ် ပုံဖော် လာနိုင်ခဲ့၏။ ထိုစာလုံးများကို သုံးကာ အခြားသူများကို တိုက်ခိုက် နိုင်သည်ဟုတော့ မပြောရဲသေးပေ။ သို့သော် ထိုင်ပြီး ရေးကျင့်နေစဉ်၌ ဖြစ်ပေါ်လာသည့် အသံတိုင်းသည် သူ့အား အမှန်တကယ် စိတ်ကျေနပ် ပျော်ရွှင်မှုများ ပေးနိုင်စွမ်းရှိ၏။
စာလုံး တစ်လုံးချင်းစီတိုင်း၏ အသံထွက်သည် ကွဲပြားကာ မတူညီသည့် ပဲ့တင်သံများ ပေးစွမ်းနိုင်၏။ ထိုလဝက် အတွင်းတွင် ယင်ယန်စက်ကွင်း ၁၆ ခု၏ လှည့်ပတ်မှု နှုန်းသည်လည်း တစ်ရာခိုင်နှုန်း ပိုမိုမြန်ဆန် လာခဲ့သည်။ ထိုရလဒ်သည် လဝက် လေ့ကျင့်မှု၏ ရလဒ်သာ ဖြစ်၏။ နှစ်ပေါင်းများစွာ၊ လပေါင်းများစွာ လေ့ကျင့်လျှင် မည်ကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာမလဲ ဆိုတာ ဝမ်ရှန်း တွေးပင် မတွေးကြည့်နိုင်ပေ။
မြို့အပြင်ပိုင်းက လှုပ်ရှား ဆူပူနေကြသော်လည်း မြို့အတွင်းပိုင်းသည် တိတ်ဆိတ် ငြိမ်သက် နေခဲ့၏။ သို့သော် ထိုကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေသည့် အခြေအနေကို မတော်တဆ အဖြစ်အပျက် တစ်ခုက ရုတ်တရက် ဖြိုခွင်း ပစ်လိုက်၏။ လူတစ်ယောက်သည် ဝူရုံမြို့ မြို့အတွင်းပိုင်း၌ လူသတ်ရန် ကြိုးစားလိုက်ခြင်းပင်။ ထိုအခိုက်အတန့်မှာပင် ထိုနေရာ၌ ရှိနေသည့် လူများမှာ ထိုလုပ်ကြံသူများအား ချက်ချင်း သတ်ဖြတ် ရှင်းလင်း လိုက်ပေသည်။
ကြီးမားသည့် ပြဿနာ တစ်ခုမဟုတ်ပေ။ အမျှော်အမြင် မရှိကာ သူ့သေတွင်းကို သူရှာသည့် လူတစ်ယောက်ပင် ဖြစ်၏။ သို့သော် ထိုလူ လှုပ်ရှားခဲ့သည့် နေရာသည် ဝမ်ရှန်း၏ ခြံနှင့် တစ်လမ်းကျော်သာ ကွာဝေး၏။ အင်အားစုများ အားလုံး ဝမ်ရှန်းအတွက် စိုးရိမ်နေသည့် ဤအခြေအနေမျိုးတွင် ထိုဖြစ်ရပ်သည် အထူးဖြစ်ရပ် တစ်ခုပင်ဖြစ်၏။
ကျန်သည့် လူများသည် ထိုလူ၏ နောက်ခံနှင့် လှုပ်ရှားရသည့် ရည်ရွယ်ချက်ကို ချက်ချင်း စုံစမ်းစစ်ဆေး လိုက်ကြသည်။ ဝမ်ရှန်းနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ၊ ဝူရုံမြို့အတွင်း၌ လှုပ်ရှားခဲ့သည့်အတွက် သူသည် ကြီးမားသော ရန်သူပင်ဖြစ်သည်။
သို့သော် ဝမ်ရှန်းမှာ တစ်စုံတစ်ရာ သိရှိခြင်းမရှိပဲ သူ့ခြံဝန်းအတွင်း၌သာ အေးအေးချမ်းချမ်း ရှိနေခဲ့သည်။ ဘေးပတ်ပတ်လည်တွင် အဆင့်မြင့် ဝိညာဉ်သခင်များက တိမ်များကဲ့သို့ ဝန်းရံနေသောကြောင့် သူသည် ဘာသတင်းမှပင် မကြားခဲ့။
………
ထိုနေ့ညသည် သာမန်ည တစ်ညဖြစ်သည်။ စားဖိုမှူးသည် အကောင်းဆုံး ကြိုးစားကာ ဟင်းလျာများ ပြင်ဆင်နေ၏၊ အစေခံများကလည်း ထိုဟင်းပွဲများကို တည်ခင်းပေး နေကြ၏။ ဝမ်ရှန်းသည်လည်း ပုံမှန်အတိုင်းပင် ဟင်းပွဲများကို အနံ့ခံကာ တူတစ်စုံ ကောက်ယူလိုက်ပြီး မြိန်ရေယှက်ရေ စားလိုက်သည်။
ပုံမှန်လှုပ်ရှားမှု၊ ပုံမှန်ဘဝ နေထိုင်မှုဖြစ်ကာ ဘာမှ မပြောင်းလဲ သွားခဲ့ပေ။ သို့သော် ဝမ်ရှန်းသည် ငရုတ်ကောင်းမှုန့်များဖြင့် စပ်လှသည့် ငါးပွဲမြောက်ဟင်းဖြစ်သည့် ငါးခေါင်းဟင်းကို စားလိုက်သည့် အချိန်၊ ပါးစပ် အတွင်းသို့ တစ်ပိုင်းစလေး ရောက်သွားသည်နှင့် ချက်ချင်း တူကိုချကာ ဝါးပင် မဝါးဘဲ ချက်ချင်း ထွေးထုတ် လိုက်၏။
အဆိပ်…
ဤအနေအထားတွင် အဆိပ်ခတ်သည့် လူသည် အလွန် သတိကြီးကာ တမင်သက်သက် အရသာ အပြင်းဆုံး ဟင်းပွဲ အတွင်း၌ အဆိပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ဆိုလျှင် စပ်သည့် အရသာသည် အလွန် နူးညံ့လှသည့် အဆိပ် အရသာကို ဖုံးလွှမ်း သွားမည် ဖြစ်၏။
အခြား တစ်ယောက်သာဆိုလျှင် ဤငါးဟင်းပွဲကို ကုန်အောင် စားမိနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဤငါးသည် အလွန် အရသာရှိသော်ငြား မသတီစရာ ကောင်းသည့် အနံ့က အရသာအပေါ် သက်ရောက်မှု မရှိနိုင်သောကြောင့်ဖြစ်၏။ ကံဆိုး သွားသည်က ဤငါးဟင်းကို စားခဲ့သည့် လူသည် အခြားလူ မဟုတ်ဘဲ ဝမ်ရှန်း ဖြစ်နေခြင်းပင်။
တောက်တိ ပြောင်းလဲခြင်း ပြီးဆုံးသည့် အချိန်ကတည်းက ဝမ်ရှန်းလျှာ၏ အရသာ ခံနိုင်စွမ်းသည် များစွာ မြင့်တက်ခဲ့ပြီ ဖြစ်လေရာ အဆိပ်ခတ်သည့် လူသည် ထိုအကြောင်းအရာကို သိဟန် မပေါ်ပေ။
***