Switch Mode

Chapter – 257

ရှေ့ပြေး (၂)

အပိုင်း (၂၅၇)
ရှေ့ပြေး (၂)

ဤလူများသည် အလွန် အရေးပါသည့် လူများဖြစ်သည်၊ အင်အားစု အသီးသီးမှ ခေါင်းဆောင်များကလည်း အဓိက ဦးစားပေး အလုပ်ကို သိကြပေသည်။ သူတို့သည် ထိုလူများကို အသေးစိတ်ကအစ မေးမြန်းကြ၏။

ထို့နောက် သူတို့သည် ဂိုဏ်းချုပ်ရှိသည့် နေရာသို့ ထိုလူငယ်များ တွေ့ခဲ့သည် “赤 (အနီရောင်)” ဟူသည့် စကားလုံး အကြောင်း သတင်းပို့ငှက်များဖြင့် သတင်း ပို့လိုက်ကြသည်။ ဂိုဏ်းချုပ်မှလည်း ထိုသတင်းကို အခြေခံကာ ဖြစ်နိုင်ချေ များစွာကို ရှာဖွေကြ၏။

ထို့နောက် ညနေပိုင်း၌ပင် နောက်တစ်ကြိမ် စာပို့ငှက်များ ထပ်မံ စေလွှတ်ကြပြန်သည်။ ထိုသို့ စာပို့ငှက်များ နေရာ အသီးသီးသို့ အကြိမ်ပေါင်း များစွာ ပို့လွှတ်နေခြင်းက ဤကိစ္စသည် မည်မျှပင် အရေးကြီးကြောင်း ဖော်ပြနေပေသည်။

ယခင်က လင်မိသားစုကို ဖျက်ဆီး ချေမှုန်းရာ၌ ပါဝင်ခဲ့ကြသည့် အဓိက အင်အားစုများနှင့် လျှို့ဝှက်ဂိုဏ်းများသည် ထိုမှတ်တမ်းများ မှတစ်ဆင့် ဝမ်ရှန်းနှင့် အခြားသူများ တွေ့ခဲ့သည့် နေရာမှာ ချီရှုန်းခန်းမ ဖြစ်ကြောင်း အကြမ်းအားဖြင့် ပြောနိုင်ကြပေသည်။

ထို့အပြင် သူတို့ထံတွင် ယခင်က ချီရှုန်းခန်းမ၏ တည်နေရာ မြေပုံရှိသေး၏။ ထိုမြေပုံနှင့် သူတို့ ရရှိခဲ့သည့် မြေပုံအကြမ်းဖျဉ်းကို တိုက်ကြည့်လိုက်သည့် အချိန်တွင် အစောပိုင်းမှ သူတို့၏ ခန့်မှန်းချက်များက မှန်ကန်ကြောင်း သိလိုက်ရသည်။ သူတို့၏ တပည့်များမှာ အမှန်ပင် ချီရှုန်းခန်းမ၏ အပြင်ဘက်ဆုံး ဂိတ်တံခါးဝသို့ ရောက်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့၏။

ထို့နောက် သူတို့သည် ဝူရုံမြို့ အတွင်းရှိ သူတို့ ဂိုဏ်းခွဲများအား အသေးစိတ် မေးခွန်းများ ချက်ချင်း ပေးပို့လိုက်သည်။ အဓိက အင်အားစုများ အစိုးရိမ်ဆုံး အရာမှာ ချီရှုန်းခန်းမ၏ ဂိတ်တံခါးရှိ အစီအရင်က အသက်ဝင်နေခြင်း ရှိမရှိ ဆိုတာပင် ဖြစ်သည်။

အသေအချာ ဂရုတစိုက် ရွေးချယ် ခံရသည့် ထို ၁၀ ယောက်မှာ မှတ်ဉာဏ် ကောင်းမွန်ကြရုံ သာမက ကဏ္ဍပေါင်းစုံ၌လည်း အနည်းအကျဉ်း တတ်ကျွမ်း ကြပေသည်။ ထိုထဲတွင် အစီအရင် စွမ်းရည်လည်း ပါ၏။ သေချာတပ်အပ် ကျွမ်းကျင်စွာ မပြောနိုင်သော်လည်း အနားနီးလျှင် အစီအရင် ရှိမရှိ ဆိုတာမျိုးကိုတော့ သူတို့ ခံစား၍ ရပေသည်။

ဝမ်ရှန်းသည် ပြန်ရောက်သည့် နေ့လယ်မှ နောက်တစ်နေ့ နေ့လယ်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေခဲ့လေသည်။ သူ ထိုကဲ့သို့ အိပ်နေစဉ် အတောအတွင်း သူတို့ သွားခဲ့သည့် နေရာနှင့် ထိုနေရာ ဝန်းကျင်၌ အစီအရင် မရှိတော့ကြောင်း၊ ရှိနေခဲ့လျှင်လည်း မည်သူမှ မခံစားရသောကြောင့် အစီအရင်မှာ အသက်မဝင်နေတော့ကြောင်း အခြားအင်အားစုများမှ အတည်ပြု နိုင်ခဲ့သည်။

အိမ်တော်ထိန်းလည်း သတင်း ကြားကြားခြင်း မြို့အရှင် စံအိမ်မှနေ၍ ဝမ်ရှန်း အိမ်ထံသို့ အပြေးအလွှား သွားခဲ့သည်။ သူ ထိုနေရာသို့ ရောက်သည့် အချိန်တွင် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ အတူ သောက်နေကြကာ စကားစမြည် ပြောနေကြသည်ကို သူ တွေ့လိုက်ရ၏။

ဝမ်ရှန်းကမူ နှစ်ပေါင်းများစွာ ဆာလောင်နေသည့် သရဲသဘက် တစ်ကောင်ကဲ့သို့ ခေါင်းမဖော်တမ်းကို စားသောက်နေ၏။ တစ်ခဏ အတွင်းမှာပင် စားပွဲပေါ်ရှိ အစားအသောက်များ ပြောင်တလင်းခါ သွားတော့သည်။ ဝမ်ရှန်းအား ဟင်းပွဲများ တည်ခင်း ပေးနေသည့် အစေခံ နှစ်ယောက်မှာ လက်မလည် နိုင်အောင် ဖြစ်နေကာ ဝမ်ရှန်း စားသောက်သည့်နှုန်းနှင့် မီအောင် ဟင်းပွဲများ အလျင်မပြတ် ချပေးနေရတော့သည်။

ဝမ်ရှန်းသည် တကယ်ကို ဗိုက်ဆာနေခြင်း ဖြစ်သည်။ ဂျင်ဒီနယ်မြေ အတွင်းတွင် သူသည် နေ့တိုင်း သတ်မှတ်ထားသည့် အစာ ပမာဏသာ စား၏။ ထိုအစားအသောက်များ၏ ကယ်လိုရီ ပမာဏသည် နေ့စဉ် အစာချေဖျက်ခြင်း အတွက် လုံလောက်‌သော်လည်း အရသာမှာ တကယ့်ကို ပုံမှန်သာ ဖြစ်သည်။ သူသည် သူ့အတွက် သောက်သုံးရေကိုလည်း သူ့ဘာသာသူ အလုံအလောက် သယ်သွားခဲ့၏။

သို့သော် ဂျင်ဒီနယ်မြေ အတွင်းတွင် အသုံးပြုရသည့် စွမ်းအင် ကုန်ခန်းမှု ပမာဏသည် အလွန် မြင့်မားလှသည်။ ထို့ကြောင့် တစ်နေကုန် အိပ်ပြီး ပြန်ထလာသည့် အချိန်၌ အလွန်အမင်း ဗိုက်ဆာနေခြင်းမှာ အံ့ဖွယ် ထူးဆန်းမှုဟု မဆိုသာချေ။

“အထဲသွားဦးမှာလား”

အိမ်တော်ထိန်းသည် သူ့ကိုယ်သူ အပြင်လူ တစ်ယောက်ကဲ့သို့ သဘောထား မရှိပေ။ သူသည် ဝမ်ရှန်းအား နှုတ်ဆက်ပြီးနောက် အရိပ်မိန်းမစိုးနှင့် ဟန်ဘီလီတို့ နှင့်အတူ ဝင်ရောက် စားသောက်လိုက်ပြီး အာလာပသလာပ ပြောလိုက်သည်။ ဝမ်ရှန်း စားသောက်ပြီး သူတို့ဝိုင်းထဲ လာထိုင်သည့် အချိန်မှ သူ ထိုမေးခွန်း မေးလိုက်ခြင်း ဖြစ်သည်။

“ပိုက်ဆံရရင်တော့ သွားမှာပေါ့” ဝမ်ရှန်းမှ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

“ဒါပေမယ့် နောက်တစ်လနေမှပါ။ ကျွန်တော် ကျင့်ချင်တာတွေ ရှိသေးတယ်။ သွားချင်တဲ့ လူတွေရှိရင် သူတို့ကို ဝူရုံမြို့ အပြင်ဘက် တောအစပ် လောက်မှာပဲ အရင် လေ့ကျင့်ခိုင်းလိုက်။ တစ်ယောက်ချင်းစီတော့ ထပ်ရှင်းပြမှာ မဟုတ်ဘူး”

ထိုအဖြေကို ကြားလိုက် ရသောအခါ အိမ်တော်ထိန်း အလွန် ပျော်ရွှင် သွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် လက်ဖက်ရည်အိုး မကာ ဝမ်ရှန်းအား တစ်ခွက် ငှဲ့ပေးလိုက်၏။

ဝမ်ရှန်းသာ ထပ်သွားမည်ဆိုလျှင် ဝူရုံမြို့ အဖွဲ့အစည်း အတွက်လည်း အကျိုးရလဒ်များစွာ ရနေဦးမည် ဖြစ်သည်။ ဤကဲ့သို့ ကြီးမားသည့် ရွှေတွင်းကြီးအား မြို့အရှင်သာ ကြားသိမည်ဆိုလျှင် ပါးစပ်နားရွက် တက်ချိတ် မတတ်ကို ပြုံးပျော် သွားပေလိမ့်မည်။

ထိုမျှသာမက ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်မည့် လူများကို ဝူရုံမြို့ အပြင်ဘက်၌ ဦးစွာ လေ့ကျင့်ခိုင်း၏။ သူတို့သည် မည်ကဲ့သို့ လေ့ကျင့်ရမည်နည်း… ဝူရုံမြို့မှ အဖွဲ့များကသာ ဦးဆောင် လေ့ကျင့်ပေးရမည် မဟုတ်ပါလော။ ထိုအချိန် ဝူရုံမြို့အတွင်း၌ သူတို့ သုံးစွဲမည့် ငွေကြေး ပမာဏကိုပါ ထည့်တွက် လိုက်မည် ဆိုလျှင် ရရှိလာသည့် ရွှေဒင်္ဂါး ပမာဏသည် မနည်းမနောပင် ဖြစ်၏။

“နောက်တစ်ခေါက် အတွက်ရော ဘာလိုချင်လဲ။ ပြောသာပြောလိုက် ညီလေး၊ ဒီအစ်ကိုကြီးက သူတို့ ပိုက်ဆံအိတ် ပြောင်သလင်းခါ သွားတဲ့အထိ လုပ်ပေးမယ်”

အိမ်တော်ထိန်းသည် စိတ်လှုပ်ရှားလွန်း၍ ရင်ဘတ် စည်တီးကာ ပြောမိမတတ်ပင်။

သို့သော်လည်း အရိပ်မိန်းမစိုးသည် ဝမ်ရှန်း၏ အဖြေကြောင့် စိတ်မလှုပ်ရှား သွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်းသည် သူပထမအကြိမ် မထွက်သွားခင် ကတည်းက သူ့အား သတိပေးခဲ့ပြီး ဖြစ်၏။ ကိုယ့်အတတ်ကိုယ် စူး၍ သေသွားသည့် တစ်ယောက်မှလွဲ၍ တစ်ဖွဲ့လုံးကို အောင်အောင်မြင်မြင် ပြန်ခေါ် လာနိုင်သောကြောင့် ဝမ်ရှန်းက အခြားသူများ အပေါ် ထိခိုက်လိုစိတ် မရှိကြောင်း မြင်နိုင်ပေသည်။ ကိစ္စရပ်များကို တဖြည်းဖြည်းချင်း စီစဉ်သွား၍ ရကာ တော်ဝင်မိသားစုသည်လည်း တဖြည်းဖြည်းချင်း ပါဝင် လာနိုင်ပေသည်။

အားလုံး လိုချင်တပ်မက် နေကြသည့် ဂျင်ဒီနယ်မြေသည် နောက်ဆုံးတွင် ဝူရုံမြို့ဘက်မှ နေ၍ တစ်စိတ်တစ်ပိုင်းကို တဖြည်းဖြည်းချင်း ဖော်ထုတ် နေပြီဖြစ်၏။ အတွင်းမှနေ၍ အနံ့အရသာ ပြည့်စုံလှသည့် ရနံ့တို့ လှိုင်လှိုင်ကြိုင်ကြိုင် ထွက်ပေါ်နေကာ လောဘကြီးသည့် လူများ ငါးစာ လာဟပ်မည်အား စောင့်နေရန်သာ လိုတော့၏။

ဝမ်ရှန်းက ဂျင်ဒီနယ်မြေ အတွင်းသို့ လူများ ထပ်မံခေါ်ဆောင် သွားမည့် အကြောင်း ပြန့်သွားသည်နှင့် ပထမအကြိမ်နှင့် လွဲချော်သွားကြသည့် အင်အားစုများ အလွန် ပျော်ရွှင် သွားခဲ့သည်။ ယခုတစ်ကြိမ်တွင် အားလုံးသည် လက်ပိုက်လျက်သာ စောင့်ကြည့် မနေကြတော့ဘဲ သူတို့လူများကို ဝူရုံမြို့သို့ စတင် စေလွှတ်ကြတော့၏။ အချိန်တို အတွင်းမှာပင် ဝူရုံမြို့အတွင်း၌ လူဦးရေ နှစ်ဆ တိုးလာခဲ့သည်။

တော်ဝင်ရတနာ စံအိမ်နှင့် ရတနာစံအိမ်တို့သည်လည်း အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ယခုတစ်ကြိမ်တွင် ပိုက်ဆံ အများအပြား ရှာဖွေခဲ့၏။ ထောင်နှင့်ချီသည့် ဝတ်စုံများနှင့် အထောက်အပံ့ ပစ္စည်းများ ရောင်းချခဲ့ရပြီး ဈေးကွက် အတွင်းတွင် သိုလှောင် လက်စွပ်များ ပြတ်တောက်လု နီးပါးပင် ဖြစ်သွားခဲ့သည်။ ဝူရုံမြို့ အပြင်ဘက်တွင်လည်း လူများ နေ့စဉ်ရက်ဆက် အဆက်မပြတ် ဝင်ထွက် သွားလာနေခဲ့၏။

နေ့စဉ်နေ့တိုင်း သားရဲများကြောင့်ဖြစ်စေ၊ သူတို့ ဂရုမစိုက် မိသောကြောင့်ဖြစ်စေ လူများ တစ်ရာထက်မနည်း ဒဏ်ရာ ရခဲ့ကြသည်။ ထိုထဲတွင် အချင်းချင်း တိုက်ခိုက်မှုများပင် ပါဝင်နေသေး၏။ ထိုမျှလောက်က အဆိုးဆုံး မဟုတ်ပေ။ လွန်ခဲ့သည့် ၁၀ ရက် အတွင်းတွင် အနည်းဆုံး လူခြောက်ယောက်ခန့်သည် တောအုပ် အစပ်ရှိ အဆိပ်ရှိ အရာများကြောင့် ဒဏ်ရာ ရခဲ့ကြကာ အချိန်မီ ကုသမှု မခံယူနိုင်ကြသောကြောင့် သေဆုံးခဲ့ကြရသည်။

တော်ဝင်ရတနာ စံအိမ်သည် ဝမ်ရှန်းထံမှ ရွှေဒင်္ဂါး ၈၀၀၀ ဖြင့် ဝယ်ယူခဲ့သည့် မြွေဥများကို နှစ်နှစ်ကြာ စမ်းသပ်ပြီးနောက် ဆေးဝါးများကို ထုတ်လုပ် နိုင်ခဲ့သည်။ သို့သော် ဆေးဝါးများကို အသည်းအသန် အလုအယက် ဝယ်ယူနေကြသည့် အပြင် ဝူရုံမြို့၏ ကုန်ဈေးနှုန်းက အခြား နေရာများထက် ပိုမိုမြင့်မား သောကြောင့် သူတို့သည် နှစ်လအတွင်းမှာပင် ရွှေဒင်္ဂါး ၈၀၀၀ ၏ ပမာဏနှစ်ဆ ရွှေဒင်္ဂါးများ ပြန်လည် ရရှိခဲ့သည်။

ယခုလို အခြေအနေမျိုးတွင် လုဝမ်ဟုန် ဘေး၌ ရှိနေသည့် လင်းအာသည် အလွန်ကို စိတ်လက်ချမ်းသာ ရှိနေ၏။ ဝမ်ရှန်းက သူမထက် ပိုသိပိုတော် နေသောကြောင့် သူမသည် ဝမ်ရှန်းအား အမြင်မကြည် ဖြစ်ခဲ့သည်။ သို့သော် ပိုက်ဆံရှာရာတွင်တော့ သူမသည် ဝမ်ရှန်းအား အတော် ချီးကျူးမိပေသည်။

ဝမ်ရှန်းသည် တော်ဝင်ရတနာ စံအိမ်နှင့် ရတနာစံအိမ်တို့အား အကြံဉာဏ်လေးခု ပေးခဲ့၏။ ရတနာစံအိမ်အတွက် နှင်းသကြားနှင့် သန့်စင်ပြီးဆား ဖြစ်ပြီး တော်ဝင်ရတနာ စံအိမ်အတွက် မြွေအဆိပ်နှင့် ပတ်သက်သည့် ပစ္စည်းများနှင့် ငရုတ်ကောင်းမှုန့်များ ဖြစ်၏။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း နှင်းသကြားနှင့် သန့်စင်ပြီးဆားတို့မှ ရရှိခဲ့သည့် ဝင်ငွေများသည် ရတနာစံအိမ်အတွက် နှစ်ပေါင်း ထောင်နှင့်ချီ ထိန်းသိမ်းလာသည့် အင်အားစုတစ်ခုကိုပင် သေးသိမ်သွားအောင် လုပ်နိုင်ပေသည်။

……..

ဤကဲ့သို့ မြို့အတွင်း၌ ယောက်ယက်ခတ် လှုပ်ရှား နေမှုများသည် ဝမ်ရှန်းအပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိခဲ့ပေ၊ ဤရက်များတွင် ဝမ်ရှန်းသည် သူ့ခြံဝန်း အတွင်း၌သာ နေထိုင်ကာ နေ့စဉ် ပုံမှန်ဘဝ ဖြတ်သန်းနေခဲ့၏။ လူအချို့သည် ဝမ်ရှန်း လက်ရေးလှ လေ့ကျင့်နေသည်ကို မကြာခဏ မြင်တွေ့ကြရကာ ထိုကဲ့သို့သော အခါမျိုးတွင် နားမလည်နိုင် ဖြစ်ခဲ့ကြရ၏။

သို့သော် သူ့အား လုပ်ကြံသတ်ဖြတ်ရန် မဆိုထားနှင့် မည်သူကမှ ဝမ်ရှန်းအား အကြောင်းမရှိဘဲ အနှောင့်အယှက်ပင် မပေးကြပေ။ ဝူရုံမြို့ မြို့အတွင်းပိုင်း၏ လုံခြုံရေး စနစ်အပြင် မြို့အရှင်သည် ဝမ်ရှန်းအိမ် ဘေးပတ်ပတ်လည်မှ အိမ်များကို ယခုရက်အတွင်း ဝမ်ရှန်းအား စောင့်ကြပ် ကာကွယ်ရန် အမိန့်ထုတ် ထားသေးပေသည်။

ထို့ကြောင့် သူတို့သည် သံမဏိ တံတိုင်းသဖွယ် ဝမ်ရှန်း၏ ခြံဝန်းအား ကာကွယ် ပေးထားကြ၏။ ထိုထဲတွင် များပြားလှသည့် အင်အားစုများ၏ အကာအကွယ်ပင် မပါဝင်သေးပေ။ ယခုအချိန်တွင် အားလုံးသည် ဝမ်ရှန်းက ဂျင်ဒီနယ်မြေ အတွင်းသို့ လူများဦးဆောင် ခေါ်ပေးသွားကာ အန္တရာယ် ကင်းကင်းဖြင့် ပြန်ခေါ်ထုတ် လာမည်ကို စောင့်မျှော် နေကြခြင်းဖြစ်၏။ ယခုအချိန်တွင် ဝမ်ရှန်းအား အကောက်ကြံရဲသည့်လူ မည်သူမဆို တစ်ကမ္ဘာလုံး၏ ရန်သူပင် ဖြစ်၏။

ထို့ကြောင့် ယခုလို အခြေအနေမျိုးတွင် မည်သူ တစ်ဉီးတစ်ယောက်မှ မကောင်းသည့် အကြံမျိုး စဉ်းစားမည် မဟုတ်ပေ။ သို့သော် ထိုအခြေအနေကို ချိုးဖျက်ကာ အင်အားစုများ အားလုံးကို စိန်ခေါ်ချင်နေသည့် လူတစ်စုလည်း ရှိနေပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset