Switch Mode

Chapter – 256

ရှေ့ပြေး (၁)

အပိုင်း ၂၅၆
ရှေ့ပြေး (၁)

ဝမ်ရှန်းသည် ယခင် လေ့ကျင့်ရာ၌ သူ၏ခန္ဓာကိုယ် ပဲ့တင်ထပ်အောင် လုပ်ရန် စာလုံးကိုးလုံး မန္တန်အား အားကိုးခဲ့သည်။ ဤသည်က ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်သည် မြင့်မားစွာ ပေါင်းစပ်သွားကာ လေ့ကျင့်ခြင်း၏ ရလဒ်ကို တိုးတက် စေနိုင်၏။

ဤအတွေးသည် လေ့ကျင့်ရာ၌ မှန်ကန်ပေသည်။ သို့သော် ၎င်းသည် ကိုယ်တွင်းအင်္ဂါ သန်မာရေး၌သာ အသုံးပြု၍ရပြီး တိုက်ခိုက်မှု အတွက် အသုံးပြု၍ မရသည်မှာ နှမြောစရာပင်။

အရိပ်မိန်းမစိုးသည် ဝမ်ရှန်းအား အသိဉာဏ် ပွင့်အောင် လုပ်ပေးခဲ့သည့် လူဖြစ်၏။ သူ၏ လေ့ကျင့်ပုံမှာ အလွန် ထူးခြားကာ သူသည် စကားပြောစဉ်မှာပင် အသံလှိုင်းကို မည်သည့် ဘက်သို့ ဦးတည် သွားမည်ကအစ ထိန်းချုပ်နိုင်သည်။ ဝမ်ရှန်းသည် သူ လေ့ကျင့်နေစဉ်တွင် အရိပ်မိန်းမစိုး၏ ထူးခြားသည့် ထိုအရည်အချင်းကို ရုတ်တရက် အမှတ်ရသွားပြီး သူ၏စာလုံးကိုးလုံး မန္တန် လေ့ကျင့်ရာ၌ ထိုအရာကို ထည့်သွင်း လေ့ကျင့်ခဲ့ခြင်း ဖြစ်၏။

နဂါးဘုရင်သည် သားတော်ကိုးပါး ဖွားမြင်ခဲ့၏။ ထိုထဲတွင် ပုလောင်သည် ဂီတသံစဉ်များကို ကြိုက်နှစ်သက်၏။ ထို့ပြင် စာလုံးကိုးလုံး မန္တန်သည် ပုလောင်နှင့် ပို၍ သက်ဆိုင်ပေသည်။

ဤအတောအတွင်း၌ 临 နှင့် အရှေ့စာလုံး နှစ်လုံးတွင် ဝမ်ရှန်း၏ သိမြင်တတ်မြောက် နားလည်မှုများ ပါဝင်၏။ အမှန်အားဖြင့် ဆိုသော် အရိပ်မိန်းမစိုး၏ နည်းလမ်း အတွင်း၌ တိုက်ခိုက်ခြင်း နည်းလမ်း အချို့ ထည့်သွင်း လိုက်ခြင်း ဖြစ်သည်။

စာလုံးကိုးလုံး မန္တန်အပေါ် ဝမ်ရှန်း၏ ယခုလက်ရှိ ကျွမ်းကျင်မှုနှင့် ဆိုလျှင် သူသည် ရန်သူကို အဘက်ဘက်မှနေ၍ ထိခိုက်အောင် မလုပ်နိုင်သေးပေ။ သို့သော် ထွက်ပြေးနေစဉ်၌ ဆောက်တည်ရာမရ ဖြစ်နေသည့် အစ်ကိုတစ်သည် ရှေ့သို့ တည့်တည့် ပြေးနေခြင်း ဖြစ်သောကြောင့် သူ့အားချိန်ရန်က လွယ်ကူပေသည်။

ထို့ပြင် ထိတ်လန့်တကြား ပြေးလွှားနေစဉ် အနောက်မှ ရုတ်တရက် တွန်းအား ပေးလိုက်မည် ဆိုလျှင် လဲကျသွားမည်မှာ ပုံမှန်ပင်ဖြစ်၏။ သူ့အတွက် ကံဆိုးသည်က သူလဲကျသည့် နေရာတွင် အဆိပ်ပြင်း မြွေတစ်ကောင် ရှိနေခြင်း ဖြစ်သည်။

အားလုံးသည် မထွက်လာခင်တွင် ရတနာစံအိမ်မှ မြွေဆိပ်ဖြေဆေးများ အမြောက်အမြား ဝယ်ယူခဲ့ကြသေး၏။ သို့သော် ဂျင်ဒီနယ်မြေ အတွင်းမှ မြွေများသည် သာမန် မြွေများနှင့် မတူပေ၊ သူတို့သည် အလွန် အဆိပ်ပြင်း လှပေသည်။ အထူးသဖြင့် အကိုက် ခံလိုက်ရသည့် အချိန်တွင် အလျင်အမြန်ပင် အကြောသေ သွားစေတတ်သည်။

ထိုအချိန်မျိုးတွင် အခြားသူများက သူ့အား ကူညီပေးမည်လော။ အခြားသူများသည် သူ့လောက် မရူးမိုက်ကြပေ။ ထိုအချိန်၌ သူ ဘာတွေတွေးပြီး အဲ့လို လုပ်လိုက်တာလဲ ဆိုသည်ကို အခြားသူများ တွေးပင် မတွေးနိုင်ကြ။ သူသည် အရင်ပြန်သွားပြီး နောက်တစ်ကြိမ် သူ့လူများကို ခေါ်၍ ပြန်လာကာ အခွင့်အရေးကို စောင့်သင့်သည်။ ဘာအတွက်ကြောင့် ဝမ်ရှန်းအား ခြိမ်း‌ခြောက်ခဲ့သနည်း။

“ငါ သူ့ပစ္စည်းတွေကို တစ်ဝက်ယူမယ်”

အစ်ကိုတစ်အား ကိုက်ခဲ့သည့်မြွေ မထွက်သွားခင် အချိန်အထိ ဝမ်ရှန်း အားလုံးကို နေရာ၌သာ စောင့်စေလိုက်သည်။ ထို့နောက် ထိုမြွေထွက်သွားပြီးမှ ဝမ်ရှန်း ထိုနေရာသို့ သွားကာ အစ်ကိုတစ်ကို ခြေထောက်မှနေ၍ ဆွဲခေါ် လာလိုက်သည်။

သူတို့သည် မတူညီသည့် အင်အားစုများမှ ရန်သူများ ဖြစ်သည့်အလျောက် အခြားသူများ အပေါ် ယဉ်ကျေးသမှု ပြုမနေတော့ပေ။ အစ်ကိုတစ်၏ ပစ္စည်းများကို ချက်ချင်း ဝေမျှခွဲယူ လိုက်ကြသည်။

သိုလှောင် လက်စွပ်နှင့် အနည်းငယ် ထူးခြားသည့် ဆေးပုလင်းများကို ဝမ်ရှန်း ရခဲ့သည်။ တခြား ပစ္စည်းများကိုမူ ကျန်သည့် ကိုးယောက် အချင်းချင်း ခွဲဝေ ယူလိုက်ကြ၏။ သူတို့သည် အစ်ကိုတစ် ဝတ်ဆင်လာခဲ့သည့် တောတွင်းဝတ်စုံပင် မချန်ကြပေ။ ယူနိုင်သမျှ အားလုံး ယူလိုက်ကြသည်။

ထို့နောက် အလောင်းကိုမူ ဂိတ်တံခါး ဘေး၌သာ ပစ်ထားလိုက်၏။ သို့သော်လည်း ဤနေရာ၌ မီးရှို့ပေး၍ မရပေ။ ဤကဲ့သို့ အန္တရာယ်များသည့် နေရာ၌ မီးရှို့လိုက်မည် ဆိုလျှင် မည်သည့် အန္တရာယ်များကို ဆွဲခေါ်နိုင်ကြောင်း မည်သူမှ မသိပေ…

အားလုံးသည် စိတ်ထဲ၌ အတွေးကိုယ်စီ ရှိသော်လည်း ထုတ်ဖော် ပြောကြားမည် မဟုတ်ပေ။ နာခံစွာဖြင့် ဝမ်ရှန်းနောက်သာ လိုက်သွားကြသည်။ အပြန်လမ်း တစ်လျှောက်တွင်လည်း လမ်းကြောင်းကို စိတ်အတွင်း၌ မှတ်သား လာခဲ့ကြသည်။

ဝမ်ရှန်း ခေါ်သွားသည့် အသွားနှင့်အပြန် လမ်းကြောင်းများသည် မတူပေ။ သို့သော် သူတို့သည် ထိုဂိတ်တံခါးပေါက် တွေ့ခဲ့သည့် နေရာကို ခန့်မှန်း တွက်ချက်ကာ ပြန်ရောက်သည့် အချိန်တွင် အကြီးအကဲများနှင့် ဆွေးနွေး တိုင်ပင်မည် ဖြစ်၏။

တောအုပ် အတွင်းသို့ အဝင်တွင် လဝက်ကြာသော်လည်း ပြန်ထွက်ရာတွင် ၁၀ ရက်ခန့်သာ ကြာမြင့်ခဲ့သည်။ တောအုပ်မှအထွက် အဝေးမှနေ၍ ဝူရုံမြို့ မြို့နံရံအား မြင်လိုက်ရသည့် အချိန်တွင် ဝမ်ရှန်းမှ လွဲ၍ အားလုံး စိတ်ထဲ၌ ပျော်ရွှင် သွားကြသည်။ နောက်ဆုံးတွင် အန္တရာယ် ကင်းကင်းဖြင့် သူတို့ ထွက်လာနိုင်ပြီ။ ဝမ်ရှန်းမှာမူ ဂျင်ဒီနယ်မြေ အတွင်းသို့ အကြိမ်ပေါင်း များစွာ ဝင်ထွက် သွားလာ ဖူးသောကြောင့် ဘာမှ ထွေထွေထူးထူး မခံစားရပေ။

တောတွင်းသို့ ဝင်သွားသည့် စုစုပေါင်း ၁၀ ယောက်တွင် တစ်ယောက်သေကာ ခြောက်ယောက် ဒဏ်ရာရ၏၊ ဝမ်ရှန်းနှင့် ကျန်သည့် သုံးယောက်သာ ဘာဒဏ်ရာမှ မရခဲ့ခြင်း ဖြစ်သည်။ အမှန်ဆိုရလျှင် အခြေအနေသည် ဤမျှလောက်ထိ မဆိုးပေ။

အကြောင်းရင်းမှာ လွန်ခဲ့သည့် နှစ်ရက်တွင် အလှလေး လေးယောက်သည် အဝတ်အစား လဲရာ၌ ရှက်ရွံ့သောကြောင့် နီးနီးနားနား အကာနေရာသို့ သွားခဲ့သည်။ ထိုအချိန်တွင် သတိလက်လွတ် ဖြစ်သွားကာ သားရဲတစ်ကောင် တိုက်ခိုက်သည်ကို ခံလိုက်ရပြီး အလှလေး လေးယောက်လုံး ဒဏ်ရာ ရသွားခဲ့ခြင်း ဖြစ်၏။

ဝမ်ရှန်းနှင့် အခြားသူများ အချိန်မီ လာရောက် ကယ်ဆယ် ပေးခြင်းကြောင့်သာ အသက်ဘေးမှ ကင်းလွတ်ခဲ့ရသည်။ သို့မဟုတ်ပါက ထိုမိန်းမပျိုလေး လေးယောက်သည် ထိုနေရာ၌ပင် သေဆုံး သွားနိုင်ပေသည်။ ထို့ကြောင့် ဒဏ်ရာရသည့် လူအရေအတွက်သည် ရုတ်တရက် ၆ ယောက် ဖြစ်သွားရခြင်းပင်။

ဝူရုံမြို့ မြို့အုတ်ရိုးပေါ်တွင် လူများသည် သူတို့ ပြန်အလာကို နေ့တိုင်း စောင့်စား နေခဲ့ကြ၏။ နောက်ဆုံးတွင်တော့ သူတို့ ထွက်လာကြပြီး ဝမ်ရှန်းသည် အားလုံး၏ အနောက်မှ လိုက်ပါ လာခဲ့သည်။

လူအရေအတွက်ကို ရေတွက် ကြည့်လိုက်သည့် အချိန်တွင် တစ်ယောက် လျော့နေကြောင်း သူတို့ သတိထားမိ လိုက်သည်။

“စည်းမျဉ်း စည်းကမ်း ချိုးဖောက်လို့ သေတာ”

ဤကိစ္စနှင့် ပတ်သက်ပြီး ဝမ်ရှန်း ဘာမှမပြောခဲ့။ သေသွားသည့် လူ၏ ဂိုဏ်းများမှ လူများ၏ ဒေါသတကြီး အကြည့်ကို လျစ်လျူရှုကာ ထိုစကား တစ်ခွန်းကိုသာ ရှင်းပြသည့် အနေဖြင့် ပြောလိုက်သည်။

အခြားတစ်ဖက်သည် ဒေါသထွက် သော်လည်း ဤနေရာက ဝူရုံမြို့ မြို့အတွင်းပိုင်း ဖြစ်နေသောကြောင့် ဘာမှ မပြောရဲကြပေ။ ဒေါသကို ချုပ်တည်းကာ တောတွင်းသို့ ဝင်သွားသည့် အခြားလူများကိုသာ ဖြစ်ကြောင်းကုန်စင် မေးလိုက်သည်။

အခြားသူများသည် ဘာကိုမှ ဖုံးကွယ် မထားကြပဲ သူတို့ကြုံတွေ့ခဲ့ရသည့် ဖြစ်ကြောင်း ကုန်စင်အား ပြန်လည် ပြောပြလိုက်ကြသည်။ သူတို့ အချင်းချင်း ဘာမှ မလုပ်ခဲ့ကြောင်း၊ အလွန်ဆုံး ဓားကို မြားဖြင့် လွင့်ထွက် သွားအောင်သာ လုပ်ခဲ့ကြောင်းနှင့် သူက မြွေကိုက် ခံရသောကြောင့်သာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း တစ်လေသံတည်း ထွက်ခဲ့ကြသည်။

သူတို့အဖွဲ့က ဂိတ်တံခါးတစ်ခု ရှာတွေ့ခဲ့ကာ တံခါးပေါ်တွင် ရာသီဥတု ဒဏ်ကြောင့် မပျက်စီးသေးသည့် စာလုံးတစ်လုံးလည်း ရှိနေသေးကြောင်း ကြားလိုက် ရသောအခါ အားလုံးသည် အခြေအနေကို နားလည်သွားပြီး သူတို့ကို လူအုပ်ကြီး အတွင်း၌ ဘာမှ ထပ်မပြောစေတော့။ ဂိုဏ်းသို့သာ ပြန်ခေါ် သွားလိုက်သည်။

အစ်ကိုတစ်၏ ဂိုဏ်းမှ လူများကမူ သူသေဆုံးသွားပြီး ဖြစ်သော်ငြား အသက်ထွက်လု နီးပါးပင် ပြစ်တင် ဆူပူကြိမ်းမောင်း နေကြတော့သည်။ သူသည် အခြားလူများ ပြောသည့် နေရာသို့ ရောက်ခဲ့သည်မှာ အသေအချာပင်။ ထို့နောက် သူလုပ်ရမည်မှာ တည်နေရာကို ချမှတ်ကာ ပြန်ယူလာရန် ဖြစ်၏။ သို့သော် သူသည် ဦးနှောက် ပျက်သွားသည့်နှယ် ထိုနေရာ၌ ဝမ်ရှန်းအား ခြိမ်းလား ခြောက်လား လုပ်ခဲ့လေသည်။

အကျိုးဆုလာဘ် ခံစားချင်စိတ် များသွားပြီး ရူးသွားခြင်း သို့မဟုတ် သူ့တစ်ယောက်တည်း အကျိုးအမြတ်ကို အရင် ခံစားချင်ခြင်း စသည်ဖြင့် နားလည်ရ ခက်စွာ ပြုမူခဲ့၏။

အင်အားစုများမှာ အတွေးပေါင်းစုံနှင့် စိတ်ဝမ်းကွဲမှုများဖြင့် အလုပ်ရှုပ် နေကြစဉ်တွင် ဝမ်ရှန်းသည် မြို့စောင့် တစ်ယောက်ကို စကားပါးကာ အိမ်ပြန် သွားလိုက်တော့သည်။

“ကိစ္စကြီးကြီးမားမားတွေရှိရင် ငါ့ကိုစောင့်။ မနက်ဖြန်မှ ဆက်ပြောမယ်။ ဒီနေ့ညတော့ ငါ အိပ်ပြီး နားတော့မယ်လို့ သူတို့ကို ပြောလိုက်ပါ”

ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေသို့ ဝင်ရောက်သည့် အချိန်တိုင်း အလွန် ပင်ပန်းလေ့ရှိသည်။ သူသည် အမြဲတစေ သတိရှိနေရကာ အရေးပေါ် အန္တရာယ်များနှင့်လည်း ရင်ဆိုင်ရ၏။ ဒါ့ပြင် ယခုတစ်ကြိမ်တွင် လူကိုးယောက်ကို အသက်ရှင်လျက် ခေါ်ထုတ် လာရသေးသည်။ ထို့ကြောင့် သူ နှစ်ခြိုက်စွာ အိပ်စက် အနားယူရန် လိုအပ်ပေသည်။

ဝမ်ရှန်းက ကောင်းမွန်စွာ အိပ်စက် အနားယူ နေစဉ်တွင် ဝမ်ရှန်းနှင့်အတူ ထွက်လာခဲ့သည့် ကိုးယောက်သည် အနားမယူ နိုင်သေးပေ။ သူတို့သည် ဝူရုံမြို့ အတွင်းရှိ သူတို့မိသားစုများ၏ ဌာနချုပ်သို့ ခေါ်သွားခံရသည်။

ဉီးစွာ သူတို့ ခေါင်းဆောင်သည့် မသက်ဆိုင်သည့် လူများနှင့် အရေးမပါသည့် လူများ အားလုံးကို မောင်းထုတ် လိုက်သည်။ ထို့နောက် သူတို့အား ခေါင်းဆောင်ဘေး၌ ထိုင်စေလျက် အဝင် လမ်းကြောင်းနှင့် အထွက် လမ်းကြောင်းများကို မြေပုံရေးဆွဲစေသည်။ သူတို့သည် တစ်ခုတလေမျှ မေ့ကျန် မသွားစေရန် အထူးသတိပြုလျက် နှစ်ရက် ဆက်တိုက် ရေးဆွဲခဲ့ကြသည်။ အကယ်၍ မေ့သွားခဲ့သည် ရှိသော် များစွာ ဆုံးရှုံးနစ်နာ ရပေလိမ့်မည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset