အပိုင်း ၂၅၅
မင်းတစ်ယောက်တည်း ဝိဉာဉ်အဆင့်ကို ဖုံးကွယ်လို့ရတာမဟုတ်ဘူး (၂)
အထဲဝင်ချင်သည့်လူ မည်သူမဆို အရှေ့မှ ဦးဆောင် သွားရမည်ဖြစ်ကြောင်း ဝမ်ရှန်း ရှင်းလင်း ပြောပြခဲ့သည်။ ထိုသို့ မဟုတ်ဘဲ လူတစ်ယောက် ထက်ပိုပြီး အထဲသို့ သွားချင်သည်ဆိုလျှင် အလှည့်ကျ စနစ်ဖြင့် သွားရမည် ဖြစ်သည်။
ဤထူးဆန်းသည့် မြေနေရာတွင် ရတနာများ များစွာ ရှိနေနိုင်သည်။ သို့သော် ထိုရတနာများ နှင့်အတူ ရှိနေနိုင်လောက်သည့် အန္တရာယ်များကလည်း အလွန် များပြားလှသည်။
ထိုအထဲသို့ ဦးဆောင် ဝင်သွားသည့်လူ သေသည်နှင့် ဝမ်ရှန်းသည် ဘာစကား တစ်ခွန်းမှမပြောဘဲ ချက်ချင်း လှည့်ထွက် ပြန်လာမည်ဖြစ်၏။ ယခု တစ်ယောက်ချင်းစီသည် သူတို့အသက်ကို စတေးကာ သူတို့အနောက်မှ လူများကို ကူညီချင်လား၊ မကူညီချင်ဘူးလား ဆိုတာကို ဆုံးဖြတ်ရတော့မည့် အချိန်ရောက်ပြီဖြစ်သည်။
ဤနေရာ၌ ရှိနေသည့် လူများအားလုံးက တူညီဂိုဏ်း သို့မဟုတ် တူညီသည့် မိသားစုမှ ဆိုလျှင်တော့ အဆင်ပြေနိုင်လောက်သည်။ သို့သော် ဝမ်ရှန်းမှလွဲ၍ ဤနေရာ၌ ရှိနေသည့် လူများအားလုံးသည် မတူညီသည့် အင်အားစုများမှ ဖြစ်သည်။ တစ်စုံတစ်ယောက်၏ စွန့်လွှတ် အနစ်နာခံမှုသည် အခြားမိသားစုများမှ လူများအတွက်သာ အကျိုးသွားရှိမည် ဖြစ်သည်။ သူတို့က ဘာအတွက် သူတို့အသက်ကို ပေးဆပ်သွားတာလဲ ဆိုတာကို သူတို့ဂိုဏ်းက သိပင်သိရမည် မဟုတ်။ ထို့ကြောင့် ဤကဲ့သို့သော စွန့်လွှတ်မှုမျိုးက တန်ပါရဲ့လား…
ထိုမေးခွန်းအတွက် အဖြေသည် ရိုးရှင်းပါသည်…
ဤကဲ့သို့သော အခြေအနေမျိုးတွင် လူတစ်ယောက်သည် အထဲသို့ ပိုတိုးရန် ဘယ်လိုလုပ် ရွေးချယ်နိုင်မည်နည်း။ ၁၀ ယောက်လုံး မည်သူမှ မဝင်ချင်ဘူးဆိုလျှင် သူတို့ လှည့်ပြန်သွား၍ ရပေသည်။
သို့သော် ထိုအချိန် အားလုံးမှ စိတ်မသက်မသာ ဖြစ်စွာဖြင့် ပြန်လှည့်ရန် ပြင်လိုက်သည့် အချိန်မှာပင် အလွန် အံ့အားသင့်စရာ ကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်။
သူတို့ထဲ၌ ပါလာသည့် မည်သည့်ဂိုဏ်းမှ ဆိုသည်အား မပြောခဲ့သည့် လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသားသည် ဝမ်ရှန်းဘေး၌ ရပ်ကာ ဝမ်ရှန်း၏ လည်ပင်းအား ဓားဖြင့် ရွယ်လိုက်ခြင်း ဖြစ်သည်။
“ဝမ်ရှန်း၊ မင်း အရှေ့က သွားစမ်း…”
ဤလူသည် ယခုအချိန်အထိ အလွန် ပူးပေါင်းခဲ့ကာ မည်သည့် ထူးခြားသည့် လုပ်ဆောင်မှုများမှ မပြသခဲ့ပေ။ ထို့ကြောင့် အားလုံးသည် သူက ရိုးသားသည့် လူတစ်ယောက်ဟု ထင်ခဲ့၏။ သို့သော် ယခုအချိန်မှာမှ သူ့မျက်နှာဖုံး ကွာကျ လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သို့သော် ဝမ်ရှန်းသည် ဤအခြေအနေကို အရင်ကတည်းက ကြိုတင် မျှော်လင့် ထားပြီးဟန် ရှိ၏။ သူ တုတ်တုတ်မျှ မလှုပ်ခဲ့ပေ။ ထိုလူအား စူးစိုက်ကြည့်၍သာ တည်ငြိမ်စွာ မေးလိုက်၏။
“အစ်ကိုတစ်၊ သူတို့က သဘောတူ လိမ့်မယ်လို့ မင်း ထင်လား”
သူတို့သည် အချင်းချင်း၏ မျိုးရိုးနာမည်နှင့် နောက်နာမည်များ မသိကြပေ၊ သိကြသည့် လူများ ရှိနိုင်သော်လည်း အခြားသူများကို မပြောပြကြချေ။ ထို့ကြောင့် သူတို့သည် အခြားလူများကို ၁ မှ ၁၀ အထိ နံပါတ်စဉ်တပ်ကာသာ ခေါ်ကြလေ့ ရှိသည်။ ဤလူသည် အသက်အကြီးဆုံး ဖြစ်ကာ အရှေ့ဆုံး၌ နေရသည်ဖြစ်၏။ ထို့ကြောင့် အားလုံးသည် သူ့အား အစ်ကိုတစ်ဟု ခေါ်ကြသည်။
“သူတို့ သဘောမတူတော့ကော ဘာဖြစ်လဲ”
အစ်ကိုတစ်သည် နှာခေါင်းရှုံ့ကာ ကျန်သည့် လူများကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ယခုချက်ချင်း အထဲဝင်သွားမည် ဆိုလျှင် ရလာမည့် အကျိုးရလဒ်များ အားလုံးကို သူတို့သာ ပိုင်ဆိုင်ရမည် ဖြစ်၏၊ ထိုကဲ့သို့ မဟုတ်ဘဲ သူတို့ဂိုဏ်းမှ လူများကို ခေါ်လာမည် ဆိုလျှင် အခြေအနေသည် ပြောင်းလဲ သွားနိုင်သည်။ အစ်ကိုတစ်၏ အတွေးသည် အလွန် ရိုးရှင်း၏၊ အရင်လက်ဦးမှု ရယူရန်ဖြစ်သည်။ သူတို့အားလုံး ဤနေရာသို့ ရောက်လာခဲ့သည်။ ဘာမှမလုပ်ဘဲ လှည့်ပြန် သွားမည်ဆိုလျှင် နှမြောစရာ မကောင်းပေဘူးလား။
ရုတ်တရက် ဖြစ်ပျက်သွားသည့် အဖြစ်အပျက်ကြောင့် ကျန်သည့်လူများ ကြောင်အ သွားသည်။ ထို့နောက် သူတို့စိတ်ထဲတွင် လွန်ဆွဲမှုများ ဖြစ်ပေါ်လာခဲ့၏။ အရှေ့မှ ဦးဆောင် သွားရမည့် လူများသည် ကိုယ့်အသက်ကို ကိုယ်စွန့်စားရမည့် လူများဖြစ်သည်။ ထို့ကြောင့် မည်သူမှ မလုပ်ချင်ပေ။ သို့သော် ဝမ်ရှန်းကမတူ… သူသည် ဂျင်ဒီနယ်မြေနှင့် အလွန်ရင်းနှီး အကျွမ်းဝင်ကာ သူဝင်သွားမည် ဆိုလျှင် ပြဿနာ မရှိလောက်ပေ။
ဂျင်ဒီနယ်မြေ အတွင်း၌ ဖျက်ဆီး ခံလိုက်ရသည့် ဂိုဏ်း၏ လျှို့ဝှက်ချက်များကို ရှာဖွေရန် ဤဖြားယောင်းမှုသည် ငြင်းဆန်၍ မရသည့် ဖြားယောင်းမှု ဖြစ်သည်။ အစ်ကိုတစ်နှင့် ပူးပေါင်း လိုက်လျှင် ထိုလျှို့ဝှက်ချက်များကို သိရှိရနိုင်ခြေသည် အလွန် များလှပေသည်။
မေးခွန်းသည် ဤကဲ့သို့သော နေရာမျိုး၌ အစ်ကိုတစ်က ဝမ်ရှန်းအား ဓားစာခံအဖြစ် ဆုပ်ကိုင် ထားသည်ကို သူတို့ လက်ခံနိုင်ပါသလား…
ယခင်က ဝမ်ရှန်း နောက်လိုက်ကာ ဂျင်ဒီနယ်မြေ အတွင်း ဝင်ရောက်ခဲ့သည့် လူများ၏ အဆုံးသတ်ကို စဉ်းစားကြည့်မည် ဆိုလျှင် ဤအကြံသည် အကြံကောင်း မဟုတ်ပေ။ ထို့အပြင် သူတို့၏ အိမ်ပြန်လမ်းသည် အန္တရာယ် များလှ၏၊ ဝမ်ရှန်း မပါဘဲ ပြန်နိုင်မည် မဟုတ်။ ထို့ကြောင့် ယခုလို အချိန်မျိုးတွင် ဝမ်ရှန်းကို ဒေါသထွက်အောင် လုပ်ရန်က တန်ပါရဲ့လား…
နောက်ဆုံး သူတို့ထဲမှ တစ်ယောက်သည် ဆုံးဖြတ်ချက်ချကာ သူ၏လက်နက်ကို ထုတ်ယူ လိုက်သည်။ ထို့နောက် အစ်ကိုတစ်အား ချိန်လိုက်၏။ သူဦးဆောင် လိုက်သည်နှင့် အခြား လူများသည်လည်း ချက်ချင်းပင် သူတို့လက်နက်များ ထုတ်လာကာ တွန့်ဆုတ် တွေဝေမနေဘဲ အစ်ကိုတစ်အား ချိန်ရွယ် လိုက်သည်။
“အသုံးမကျတဲ့ အမှိုက်ကောင်တွေ” အစ်ကိုတစ်မှ နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ သူသည် သူ့အား ရွယ်နေသည့် လက်နက်များကို ပမာမထားဘဲ အထင်သေးစွာ ပြောလိုက်သည်။
“မင်းတို့က မင်းတို့ထက် ငယ်တဲ့ လူရဲ့စကားကို ကြောက်နေကြတယ်ပေါ့”
အားလုံး မျက်နှာပျက် သွားသည်။ ဤလူသည် အားလုံးကို မလေးမစား ပြုမူနေခြင်းပင် မဟုတ်ပါလား။ သူသာ လုပ်ချင်လျှင် အပြင်ရောက်သည်နှင့် သူ့ဘာသာသူ လူများ ခေါ်လာ၍ရသည်။ ဘာလို့ အားလုံးကို သေတွင်းသို့ ဆွဲခေါ်နေရသနည်း…
“မင်းဂိုဏ်းကပဲ တော်တတ်ပြီး ဒီထဲမှာ မင်းတစ်ယောက်တည်းကပဲ ဝိဉာဉ်အဆင့်ကို ဘယ်လို ဖုံးကွယ်ရမလဲ ဆိုတာ သိတယ်လို့ ထင်နေတာလား…” ဝမ်ရှန်း ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
အစ်ကိုတစ် မျက်နှာပျက် သွား၏။ ယခုအချိန်၌ သူ တိုက်ခိုက်ရဲခြင်းမှာ သူ ဖုံးကွယ်ထားသည့် ဝိဉာဉ်အဆင့် ပဥ္စမအဆင့်၏ ခွန်အားကြောင့် ဖြစ်သည်။ သူ့ကိုယ်သူ ဤစတုတ္ထအဆင့် ဝိဉာဉ်သခင်များကို အနိုင်ယူနိုင်သည်ဟု တွေးနေသည့် လူသည် ထိုစကားကြားလိုက်ပြီး သူ အလွန်ရူးမိုက်သည့် အရာတစ်ခုကို ပြုလုပ်လိုက်မိပြီ ဖြစ်ကြောင်း ရုတ်တရက် နားလည် သွားခဲ့သည်။
သို့သော် ပြန်ဆုတ်၍ မဖြစ်နိုင်တော့ပေ။ သူသည် စလှုပ်ရှားလိုက်သည့် အချိန်ကတည်းက ဘယ်တော့မှ နောက်ပြန် မဆုတ်ရန် ရည်ရွယ်ထားပြီး ဖြစ်သည်။ ဝမ်ရှန်းသည် သူ့အား ဓားဖြင့် ရွယ်ခဲ့သည့် လူကို အသင်းထဲ၌ ဆက်ထားရလောက်သည် အထိ သည်းခံနိုင်ပါမည်လော။
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့”
အစ်ကိုတစ် သူ့ဓားကို အရှေ့သို့ တိုးလိုက်ကာ သူ၏ဓားသည် ဝမ်ရှန်း၏ လည်ပင်းမှ အဝတ်အစားများကို သွားထိနေပြီ ဖြစ်၏။ အားနည်းနည်း ထပ်ထည့်လိုက်လျှင် ဝမ်ရှန်း၏ ခန္ဓာကိုယ်အတွင်း ထိုးစိုက်သွားမည့် ဟန်ရှိသည်။
ဒေါက်…
ထိုအချိန် အစ်ကိုခြောက်သည် သူ၏မြားဖြင့် အစ်ကိုအကြီးဆုံး၏ ဓားအား ချိန်ကာ ပစ်လိုက်၏။ ပြင်းထန်လှသည့် မြား၏အရှိန် ပြင်းအားသည် အလွန် အားကောင်းလှကာ အစ်ကိုတစ်၏ဓားကို အဝေးသို့ လွင့်ထွက် သွားစေခဲ့သည်။
ထိုမြားပစ်ချက် တစ်ချက်တည်းဖြင့် အစ်ကိုခြောက်၏ ဝိဉာဉ်အဆင့်က အစက ပြောခဲ့သကဲ့သို့ စတုတ္ထအဆင့် မဟုတ်ဘဲ သူနှင့်အတူတူ ပဥ္စမအဆင့်ဖြစ်ကြောင်း အစ်ကိုတစ် နားလည်သွားခဲ့သည်။
သူ့အား ရွယ်ထားသည့်ဓား လွှင့်ထွက် သွားသည်နှင့် ဝမ်ရှန်း အနောက်သို့ နှစ်လှမ်း ဆုတ်လိုက်သည်။
၁၀ ယောက် ၁ ယောက်…
အစ်ကိုတစ်သည် သန်မာသည် ဆိုသော်ငြား အနိုင်ရနိုင်ရန် မဖြစ်နိုင်ချေ။ အားလုံး သူ့အား ဝိုင်းတိုက်မည်ဆိုလျှင် ထွက်ပြေးနိုင်လျှင်ပင် ကံကောင်းလှပြီဖြစ်၏။ ထို့အပြင် ဤနေရာ၌ ဆက်နေနေခြင်းက ကိုယ့်သေတွင်းကို ကိုယ် တူးနေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ဆက်စဉ်းစား မနေဘဲ အစ်ကိုတစ်သည် တစ်ဖက်သို့ လှည့်ကာသာ ထွက်ပြေး သွားလိုက်တော့သည်။ ဝမ်ရှန်းနှင့် အခြားသူများသည် သူတို့လာရာ လမ်းအတိုင်း ပြန်သွားကြမည်ဟု သူထင်နေသည်။ ထို့ကြောင့် သူသည် ထွက်ပြေးချင်သည်ဆိုလျှင် ဂိတ်တံခါးပေါက် အတွင်းသို့ ထွက်ပြေးခြင်းသာ တတ်နိုင်တော့ပေသည်။
“မသေခင် နောက်ဆုံး ဘာဖြေရှင်းချက် ပေးချင်သေးလဲ”
ဝမ်ရှန်းသည် ထွက်ပြေးသွားသည့် အစ်ကိုတစ်၏ နောက်ကျောကို ကြည့်ကာ သူ့အား အော်ပြောလိုက်သည်။
“ ____”
ဝမ်ရှန်း ထိုသို့ အော်ပြော လိုက်သည်နှင့် ထူးဆန်းစွာပင် အစ်ကိုတစ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားကာ တစ်ခုခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ လေးဘက်ထောက် ပြုတ်ကျ သွားခဲ့သည်။ သူ့ခေါင်းပေါ်မှ အကာအကွယ် ဦးထုပ်လည်း လွှင့်ထွက်သွားကာ သူ၏မျက်နှာ တစ်ခုလုံး ပေါ်လာခဲ့သည်။
ခေါင်းငုံ့နေရာမှ ပြန်မော့ကြည့် လိုက်သည့် အချိန်တွင် အရောင်အသွေး စုံလင်လှသည့် မြွေတစ်ကောင် သူ့မျက်စိရှေ့၌ ပါးပြင်း ထောင်နေသည်ကို တွေ့လိုက်ရ၏။ သူ၏ လှုပ်ရှားမှုများသည် ထိုမြွေအား သတိဝင် သွားစေပြီးဖြစ်၏။ ထို့ကြောင့် မြွေသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားကာ အစ်ကိုတစ်၏ နှာခေါင်းကို အားရပါးရ ကိုက်ခဲလိုက်သည်။
အစ်ကိုတစ်သည်လည်း အလိုအလျောက်ပင် ထိုမြွေကို လျင်မြန်စွာ ဖမ်းဆုပ် လိုက်သည်။ သို့သော် ထိုမြွေသည် သူ၏လက်ကောက်ဝတ်ကို တင်းကျပ်စွာ ပြန်လည် ရစ်ပတ်ကာ သူ၏လက်ကို အားရပါးရ ကိုက်လိုက်သည်။ ချွန်ထက် ရှည်လျားသည့် အစွယ်များသည် လက်အိတ်ကို ဖောက်ထွက်သွားကာ သူ၏အသားအရေထဲသို့ ထိုးဖောက် သွားခဲ့တော့သည်။
အားလုံးသည် အစ်ကိုတစ်၏ နောက်ဆုံး အချိန်ကို ကြည့်နေခဲ့ကြသော်လည်း ဝမ်ရှန်း ယခုလေးတင် ပြောခဲ့သည့် စကားကို မည်သူမှ သတိမထားမိခဲ့ကြ။ သူပြောခဲ့သည့် စကားများထဲမှ 临 နှင့် ရှေ့ဆုံးနှစ်လုံးသည် စာလုံးကိုးလုံးမန္တန်မှ နှစ်လုံးပင်ဖြစ်၏။
***