အပိုင်း ၂၅၄
မင်းတစ်ယောက်တည်း ဝိဉာဉ်အဆင့်ကို ဖုံးကွယ်လို့ရတာ မဟုတ်ဘူး (၁)
အခြားတစ်ယောက်သည်လည်း ရုတ်တရက် ထိုအကြောင်း တွေးမိသွားကာ သူ၏မျက်နှာ ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။
ထိုလူက လျှို့ဝှက် မှတ်စုများ ရေးမှတ်သည့် လူဖြစ်ကြောင်း ဝမ်ရှန်း ပြေးကြည့်စရာပင် မလိုပေ။ သူတို့ရှေ့မှ အုပ်စုသည် မျက်နှာမဲ့ မျောက်ဝံများ၏ သတ်ဖြတ် ရှင်းလင်းခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ သို့သော် သူတို့အနောက်မှ လူများကတော့ ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာကို မသိကြသေးပေ။
အခြားသူများသည် ထိုလူများအတွက် သနားခြင်းမျိုး မရှိပေ။ ဝမ်ရှန်းသည် တစ်ခေါက် နည်းနည်းချင်းစီဖြင့် သူတို့အားလုံးကို ဂျင်ဒီနယ်မြေ အတွင်း လမ်းပြပေးကာ ခေါ်ဆောင်ပေးမည် မဟုတ်ပါလား…
ခြေရာခံခြင်းဖြင့် ဂျင်ဒီနယ်မြေ အတွင်းမှ လျှို့ဝှက်ချက်များကို ကြိုတင်ရှာဖွေ တွေ့ရှိနိုင်မည် ဖြစ်သော်လည်း ထိုကဲ့သို့ တရားမဝင် လုပ်ဆောင်ခြင်းက အန္တရာယ် များလှပေသည်။ ထို့ကြောင့် ခြေရာခံသည့် အသင်းတစ်ခုလုံး ရှင်းခံလိုက်ရခြင်းသည် ကောင်းမွန်ရုံ သာမက အခြား အင်အားစုများကိုလည်း ရှိန်ကာ ကြောက်လန့် သွားစေပေလိမ့်မည်။
“လမ်းတစ်လျှောက် အဲ့လူတွေ ကျသွားတဲ့ ပစ္စည်းတွေကို ကောက်မယ်ဆိုရင် ငါ တစ်ဝက်ယူမယ်”
ဝမ်ရှန်းသည် ဘာကိုမှ ဂရုမစိုက်ပေ၊ ဘာပဲပြောပြော သူတို့သည် ဝမ်ရှန်း၏ စူးစမ်း လေ့လာရေး၌ အသုံးချခံရသည့် အသုံးချခံလေးများသာ ဖြစ်၏။ ထို့ကြောင့် ထိုလူများ၏ သေဆုံးမှုနှင့် ပတ်သက်၍လည်း ဝမ်ရှန်း မည်သည့် ဝမ်းနည်းမှုမှ မခံစားရပေ။
ထိုလူများ ထွက်ပြေးသွားသည့် ဘက်သို့ လျှောက်သွားသည့် အချိန်တွင် အားလုံး၏ စိတ်ခံစားချက်များ ပိုပို၍ လေးလံ လာခဲ့သည်။ ထို့နောက် ၁၀ မိုင်ခန့် လျှောက်ပြီး နောက်တွင် သူတို့သည် ရေအောက်၌ ပုန်းကွယ်နေစဉ်၌ တွေ့ခဲ့သည့် လူဉီးရေနှင့်အမျှ လက်နက်များကို ရှာတွေ့ခဲ့သည်။ ထို့ကြောင့် ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ထိုအုပ်စု တစ်ခုလုံး သတ်ဖြတ် ခံလိုက်ရပြီဟု ပြော၍ရပေသည်။
ထိုပုံစံဖြင့် အရှေ့သို့ ဆက်သွားကြသည့် အချိန်တွင် အစော၌ လျှို့ဝှက်မှတ်စုများ ချန်ထားရစ်တတ်သည့် ဝိဉာဉ်သခင်သည် မှတ်စုကို တစ်ကြိမ်သာ ချန်ထားကာ နောက်ထပ် ဘာမှ ထပ်မလှုပ်ရှားတော့ကြောင်း ဝမ်ရှန်း တွေ့လိုက်ရသည်။ ထိုသူသည် သေချာ ဂရုတစိုက် မှတ်တမ်း တင်ခြင်းကိုသာ အာရုံစိုက် လုပ်ဆောင် လိုက်၏။
အစောပိုင်းမှ အဖြစ်အပျက်ကြောင့် သူနောက်ကို လိုက်လာစေခြင်းက ထိုလူများကို သေတွင်းထဲသို့ တွန်းပို့ခြင်းသာ ဖြစ်ကြောင်း သူ နားလည် သွားခဲ့သည်။ ထို့ကြောင့် သူသည် သူတို့ကို လှည့်ပြန်ရန်သာ နောက်ဆုံးစာတို ချန်ထားလိုက်ခြင်း ဖြစ်သည်။
ထူးဆန်းသည့် အရာတစ်ခုကို ပြောပါဆိုလျှင် အားလုံးသည် သူတို့လာသည့် လမ်းတစ်လျှောက်တွင် ကြောက်စရာ ကောင်းသည့် အင်းဆက်များမှ လွဲ၍ အခြားမည်သည့် ခွန်အားကြီး သားရဲများနှင့်မှ မတွေ့ခဲ့ကြပေ။ ဝမ်ရှန်း ဂျင်ဒီနယ်မြေ အတွင်း၌ ဤကဲ့သို့ လမ်းပြနိုင်ခြင်းသည် ထူးဆန်းကြယ်သည့် ဖြစ်ရပ်တစ်ခုပင် ဖြစ်၏။
ဝမ်ရှန်းသာ ဤကဲ့သို့ သွားလာနိုင်ခြင်း၏ လျှို့ဝှက်ချက်ကို ပြောပြချင်စိတ် ရှိမည်ဆိုလျှင် ထိုပြောပြခံရသည့် ဂိုဏ်းသည် အထွတ်အထိပ်သို့ ရောက်သွား နိုင်ပေသည်။
ကံမကောင်းသည်က၊ ဝမ်ရှန်းက ဤကဲ့သို့သော လျှို့ဝှက်ချက်မျိုးကို ပြောပြ နိုင်လောက်သည်အထိ အသိဉာဏ် မကင်းမဲ့ကြောင်း အားလုံး သိကြခြင်းပင် ဖြစ်၏။
ထို့နောက် သူတို့သည် တောအုပ် အတွင်းပိုင်းသို့ ရက်အနည်းငယ်ကြာ ဆက်လျှောက်ခဲ့ကြသည်။ ထိုနေရာတွင် နှစ်ပေါင်း ရာနှင့်ချီသည့် သစ်ပင် ပန်းမန်များ ထူထပ်သိပ်သည်းစွာ ပေါက်ရောက်နေကာ နေရာအနှံ့တွင် အပင်အမျိုးအစား မျိုးစုံနီးပါး ရှိပေသည်။
………
“မင်းတို့ ဒီနေရာကို ဘာနဲ့တူတယ်လို့ ထင်လဲ…”
ရုတ်တရက် ဝမ်ရှန်းသည် နွှယ်ပင်များ ရစ်တက်နေသည့် နေရာအား လက်ညှိုး ထိုးပြကာ မေးလိုက်သည်။
ဤမေးခွန်းသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်လာပြီးနောက် ဝမ်ရှန်းမှ စမေးခဲ့သည့် ပထမဆုံး မေးခွန်းဖြစ်သည်။ ထို့ကြောင့် အားလုံးသည် သူတို့ခြေလှမ်းများကို ရပ်ကာ သေချာ ဂရုတစိုက် စစ်ဆေးကြည့်ရှု လိုက်ကြ၏။
“ဂိတ်ပေါက်လား…”
အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် တစ်ယောက်မှ သူ၏အတွေးကို မရေမရာ ပြောလိုက်သည်။
သူ့စကားကြောင့် အခြားလူများ အားလုံးသည်လည်း သူတို့စိတ်ထဲ၌ မထင်မရှား ဝေဝေဝါးဝါး ဖြစ်နေသည့်အရာ ရှင်းလင်း သွားခဲ့သည်။ ထိုနေရာသည် တကယ်ပဲ ဂိတ်ပေါက် တစ်ခုနှင့် တူနေ၏။ ဝမ်ရှန်းမှလွဲ၍ အားလုံးသည် ဂျင်ဒီနယ်မြေ အတွင်း၌ လူနေအဆောက်အဦးများ ရှိနေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။ သို့သော် ယခုအချိန်မှာမှ သူတို့အတွေးက မှားယွင်းနေကြောင်း သူတို့ သိခဲ့ရသည်။
“ဒီနွယ်ပင်တွေကို ရှင်းလိုက်။ မင်းတို့ခြေထောက်နဲ့ နွယ်ပင်နောက်က အရာတွေကိုလည်း သတိထားကြဦး”
ဝမ်ရှန်း ပြောလိုက်သည်နှင့် တစ်ယောက်သည် ချက်ချင်း အရှေ့သို့ တက်ကာ ဘေးပတ်ပတ်လည်၌ ရှိနေသည့် ချုံပုတ်နွယ်ပင်များကို သေချာ ဂရုတစိုက် စတင် ရှင်းလင်းလိုက်သည်။ ဝမ်ရှန်းသည် သူ လုပ်ခိုင်းသည့် အရာကို လုပ်ချင်လည်းရသည်၊ မလုပ်ချင်လည်းရသည်ဟု ပြောခဲ့သော်လည်း ယခုအချိန်တွင် သူ့စကားကို မည်သူမှ ငြင်းဆန်မည် မဟုတ်သည်မှာ အားလုံး အသိပင်ဖြစ်၏။
ထောင့်ဘက် တစ်နေရာကို ရှင်းလင်းပြီးနောက် ဤအရာက ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ဂိတ်ပေါက် တစ်ပေါက် ဖြစ်ကြောင်း အားလုံး အပြည့်အဝ သေချာသွားခဲ့ကြသည်။ ဂိတ်တံခါးသည် အလွန်ခိုင်ခံ့ကာ နှစ်ရာပေါင်းများစွာ မိုးဒဏ်လေဒဏ် ခံခဲ့ပြီး နောက်မှာတောင်မှ မပြိုကျ ပျက်စီးသွားခဲ့ပေ။
ဝမ်ရှန်းကြောင့်သာ မဟုတ်ဘူးဆိုလျှင် အဝေးမှကြည့်လျှင် ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့် ဤရှည်လျားသည့် အရာက ဂိတ်တံခါးပေါက် တစ်ခုဖြစ်လိမ့်မည်ဟု မည်သူမှ ရှာတွေ့မည် မဟုတ်ပေ။ အပေါ်ယံတွင် ထူထပ် ပိန်းပိတ်နေသည့် သစ်ပင်ချုံနွယ်များဖြင့် ဖုံးကွယ်နေသည့် အတွက်ကြောင့် သူတို့သည် ဤအရာကို ကြီးမား ရှည်လျားသည့် သစ်ပင်တစ်ပင်ဟုသာ တွေးမိကြပေလိမ့်မည်။
မြင်လိုက်ရသည့် ဂိတ်တံခါး ပေါက်ကြောင့် အားလုံး စိတ်လှုပ်ရှား သွားခဲ့သည်။ ဤဂိတ်တံခါး ပေါက်၏ အောက်တွင် သူတို့ ရှာဖွေတူးဖော်မည်ကို စောင့်နေသည့် ပုန်းကွယ်နေသော ရတနာများ ရှိချင်ရှိနေနိုင်ပေသည်။
“ကဗ္ပည်းပြားရှိတဲ့ နေရာကို ကြည့်ကြည့်လိုက်”
ဝမ်ရှန်း ပြောလိုက်သည်နှင့် ဂိတ်တံခါး အထက်၌ ရှိနေသည့် အခြားတစ်ယောက်သည် ချက်ချင်းပင် အလယ်သို့ ရွှေ့သွားခဲ့၏။
ဂိတ်တံခါး၏ အလယ်တွင် ကဗ္ပည်းပြား သို့မဟုတ် နာမည်ပြားများ ရှိလေ့ရှိထ ရှိပေသည်။ ထိုနေရာကို သေချာဂရုတစိုက် ဖယ်ရှား လိုက်ပြီးနောက် ထိုပေါ်၌ ကျန်ရှိနေသည့် စာလုံးများ ပေါ်လာခဲ့သည်။
အစပိုင်းတွင်တော့ ထိုနေရာ၌ စာလုံးများစွာ ရှိနေနိုင်ပေသည်။ သို့သော် နှစ်ပေါင်းများစွာ မိုးဒဏ်လေဒဏ် ခံပြီးနောက်တွင် စာလုံးအချို့ ကွာကျကုန်ကာ ကွဲကွဲပြားပြား မမြင်ရတော့။ အပေါ်ယံ ခပ်ရေးရေးမျှသာ ကျန်ရှိခဲ့တော့သည်။
အားလုံးသည် ထိုကျန်ရှိနေသည့် စာလုံးများကို သေချာဂရုတစိုက် ပုံဖော် ကြည့်လိုက်၏။ အားလုံး၏ နောက်ဆုံး သုံးသပ်ချက်သည် “အနီရောင်” ဟူသည့် စာလုံးဖြစ်သည်။ ဘာကို အနီရောင်နည်း… ထိုနေရာ၌ ရှိနေသည့် လူများထဲတွင် ဝမ်ရှန်းမှလွဲ၍ ထိုအကြောင်းကို မည်သူမှမသိပေ။
ဝမ်ရှန်းသည် ဘုန်းတော်ကြီး ကျောင်း၏ မှတ်တမ်းများအတိုင်း ချီရှုန်းခန်းမက ဤနေရာ၌ ရှိကြောင်း အတည်ပြုရန် သူတို့ကို ဤနေရာသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူနှင့်အတူ လိုက်ပါလာသည့် ကလေးများ အတွက်မူ သူတို့ကလန်များသည် သူတို့ကို ဤလျှို့ဝှက် မှတ်တမ်းများ အကြောင်း မပြောပြလောက်ပေ။ ထို့ကြောင့် သူတို့ မသိသည်မှာ ပုံမှန်ပင်ဖြစ်၏။
“ဂျင်ဒီနယ်မြေရဲ့ သမိုင်းကြောင်းကို မင်းတို့ထဲက ဘယ်သူ ကြားဖူးလဲ”
စိတ်လှုပ်ရှားနေသည့် သူတို့အား ကြည့်ကာ ဝမ်ရှန်း ရုတ်တရက် မေးလိုက်သည်။
အားလုံး ခေါင်းငုံ့ကာ နှုတ်ဆိတ်သွားကြ၏။ အားလုံးသည် သမိုင်းကြောင်း အကြောင်း ကြားဖူးကြပေသည်။ သို့သော် ထိုသမိုင်းကြောင်းများက ယုံကြည်၍ ရမရကိုတော့ မည်သူမှမသိပေ။
“သမိုင်းကြောင်း ရှိတယ်ဆိုမှတော့ သမိုင်းအရင်းအမြစ် ဆိုတာလည်း ရှိမှာပေါ့”
သူတို့၏ တုံ့ပြန်မှုကို ဝမ်ရှန်း မအံ့သြသွားခဲ့၊ သူ တဖြည်းဖြည်းချင်းသာ ပြောပြလိုက်သည်။
“ဒါက အရင်တုန်းက ဂိုဏ်းတစ်ဂိုဏ်း ဒါမှမဟုတ် အင်အားကြီး မိသားစုတစ်စု နေခဲ့တဲ့နေရာ ဖြစ်နိုင်လောက်တယ်”
ထိုသုံးသပ်ချက်မှာ ဖြစ်နိုင်ချေ ရှိပေသည်။ ထို့ကြောင့် မည်သူမှ ငြင်းဆိုမပြောခဲ့ကြ။
“ဘယ်ကောလာဟလမှာ မဆို သတင်း အရင်းအမြစ်တွေ အများကြီး ပါနေတာပဲ”
ဝမ်ရှန်း သူ၏အတွေးများကိုလည်း ထုတ်ဖော် ပြောကြားလိုက်၏။
“နှစ်တွေ ရာနဲ့ချီကြာပြီး သွားတဲ့နောက်မှာ အစီအရင်တွေက အသက်ဝင် နေသေးလား ဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် တစ်ခုတော့ သေချာတယ်…”
အားလုံး ဝမ်ရှန်းအား ဆက်ပြောရန် မျှော်လင့်သည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
“အထဲကို ဆက်သွားမယ်ဆိုရင်၊ အထဲမှာက သေချာပေါက် အန္တရာယ်များမှာပဲ”
ဝမ်ရှန်းသည် အားလုံး၏ စိတ်လှုပ်ရှားနေသည့် အကြည့်များကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။
“ဒါကို မင်းတို့လည်း လက်ခံတယ်မလား”
အစီအရင်များ မရှိနေဘူး ဆိုလျှင်တောင် အထဲပိုသွားလေ အန္တရာယ် ပိုများလေဖြစ်၏။ ဤအရာသည် အဓိပ္ပာယ် ရှိပေသည်။ ထို့ကြောင့် အားလုံး ခေါင်းညိတ် လိုက်ကြ၏။
“အဲဒီတော့ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”
ဝမ်ရှန်းမှ မေးလိုက်သည်။
“ငါတို့ အထဲ ဆက်သွားကြမလား၊ ဒါမှမဟုတ် ပြန်သွားပြီး သတင်း သွားပြန်ပို့ကြမလား…”
မေးပြီးနောက် အားလုံးကို ပြန်ဖြေရန် အချိန်မပေးဘဲ – “ပြီးတော့ ငါ အားလုံးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်ပေးခဲ့မယ်လို့ ကတိပေး ထားပြီးသား။ အထဲသာ ဆက်သွားမယ်ဆိုရင် ငါ အဲ့လို လုပ်နိုင်မယ်ဆိုတာ မသေချာဘူး။ ဒါမှမဟုတ် ငါတို့ အထဲဆက်တိုးပြီး နှစ်ယောက် သုံးယောက်လောက် ကျဆုံးသွားပြီးမှပဲ ပြန်ထွက်လာကြမလား”
အမှန်အတိုင်း ပြောရမည်ဆိုလျှင် အားလုံးသည် ဤနေရာသို့ ရောက်လာပြီ ဖြစ်သည့် အတွက်ကြောင့် အထဲဝင်မကြည့်ချင်ဘူးဟု ပြောလျှင် လိမ်ရာ ကျပေလိမ့်မည်။ သို့သော် ဝမ်ရှန်းက လိမ်ပြောနေခြင်း မဟုတ်ကြောင်းလည်း သူတို့သိ၏။ ဝမ်ရှန်းသည် “မသေချာဘူး” ဟု ပြောခဲ့သည်။
ထို့ကြောင့်အထဲတွင် အန္တရာယ်သည် အလွန် ကြီးမား လောက်ပေသည်။ အားလုံးသည် အထဲမှ လျှို့ဝှက်ချက်များကို သိချင်မြင်ချင် ကြသော်လည်း မည်သူကမှ မသေချင်ကြပေ။ ထို့ကြောင့် သူတို့ အားလုံး စတင် တွန့်ဆုတ် လာကြ၏။
“ငါ အထဲသွားမယ် ဆိုရင်ကော”
ထိုအချိန် ဂန်မိသားစုမှ ဝိဉာဉ်သခင်မှ ရုတ်တရက် ထမေးလိုက်၏။
“အဲ့လိုဆိုရင် မင်းက ရှေ့ဆောင်ပြီး လမ်းဖွင့်ပေးရမှာပဲ”
ဝမ်ရှန်းမှလည်း တွန့်ဆုတ်မှုမရှိ ချက်ချင်း ပြန်ဖြေလိုက်သည်။
***