Switch Mode

Chapter – 253

တစ်ယောက်ယောက်တွင်တော့ အကြံတစ်ခုရှိစမြဲ (၂)

အပိုင်း ၂၅၃
တစ်ယောက်ယောက်တွင်တော့ အကြံတစ်ခုရှိစမြဲ (၂)

ဝမ်ရှန်းနှင့်အတူ ဂျင်ဒီနယ်မြေ အတွင်းသို့ လိုက်ခဲ့ရာတွင် ပထမဆုံး ဖောက်ဖျက်၍ မရသည့် စည်းမျဉ်းမှာ သူ လုပ်ခွင့် မပြုသည့် အရာကို မလုပ်ရန်ဖြစ်၏။ ထိုစည်းမျဉ်းကို မလိုက်နာခဲ့သည့် လူသည် အိပ်ရာထက်၌ လှဲနေရပြီဖြစ်ကာ ကံကောင်း၍သာ မသေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဝမ်ရှန်းက မြေပြင်ပေါ်၌ မရပ်ခိုင်းသည့် အချိန်တွင် အားလုံးသည် ဝမ်ရှန်း နောက်လိုက်ကာ တွန့်ဆုတ်မှု မရှိဘဲ မြစ်အတွင်းသို့ ခုန်ဆင်း လိုက်ကြသည်။ ဝမ်ရှန်း၏ ပုံစံအတိုင်း တုပကာ ကျူပင်ဖြင့် ရေအောက် ငုပ်လိုက်ကြ၏။

အခြား သူများထံတွင် ဝမ်ရှန်းကဲ့သို့ ရေငုပ်မျက်မှန် မရှိပေ။ သို့သော် အဆင့်မြင့် ပုံဆောင်ခဲများဖြင့် ပြုလုပ်ထားသည့် ပစ္စည်းတစ်ခုရှိ၏။ ထိုပစ္စည်းကြောင့် သူတို့သည် ရေအောက်၌ပင် မျက်စိ ပွင့်လျက်သားဖြင့် အရာတော်တော်များများကို မြင်နိုင်ပေသည်။

ဥပမာအားဖြင့် သူတို့ ရေအောက် ငုပ်လိုက်သည်နှင့် သူတို့ ခန္ဓာကိုယ်ပေါ်သို့ မျှော့များ ကပ်တွယ် လာသည်ကို သူတို့ မြင်လိုက်ရသည်။ ထိုထဲတွင် အခြား ရေနေသတ္တဝါများလည်း ပါနိုင်၏။ သို့သော် ယခုအချိန်တွင် သူတို့သည် ထိုအကောင်များ အားလုံးကို အပြည့်အဝ လျစ်လျူရှု ထားရသည်။ အားလုံးသည် ဝမ်ရှန်း၏ လက်သင်္ကေတကို မြင်သောကြောင့် ရေအောက်၌သာ ငြိမ်ငြိမ် နေလိုက်ကြကာ တုတ်တုတ်မျှ မလှုပ်ရှားခဲ့ကြပေ။

မျှော့များသည် အပြင်ပိုင်း အဝတ်အစားများ၌သာ ကပ်တွယ် နိုင်ကြသည်။ ယခုအချိန်တွင် ဝမ်ရှန်း ပြုလုပ်ခဲ့သည့် အင်္ကျီ၊ ဘောင်းဘီများနှင့် ဘွတ်ဖိနပ်များက မည်မျှပင် အရေးပါသည်ကို အားလုံး နားလည် သွားပြီဖြစ်၏။ ထိုအဝတ်အစားများသည် တစ်ကိုယ်လုံးကို ကာကွယ် ပေးနိုင်ပေသည်။ သူသည် သူ၏ခေါင်းကိုပင် အထူးကာကွယ်ခြင်း ပစ္စည်းများဖြင့် ကာကွယ် ပေးထားသေးသည်။

ရတနာစံအိမ်သည် ယခင်က ဝမ်ရှန်း ဝတ်ဆင်သည့် ဦးထုပ်ကို မှီငြမ်းကာ ဦးထုပ် ပုံစံတစ်မျိုးကို ပြောင်းလဲ ထုတ်လုပ်ခဲ့၏။ ထိုဦးထုပ်မှာ ခေါင်း၊ မျက်နှာနှင့် လည်ပင်းတို့ကို ကာကွယ် ပေးနိုင်သည့် သားရဲအချို့၏ သားရေဖြင့် ရက်လုပ်ထားကာ အကာအကွယ် ကောင်းကောင်း ပေးနိုင်ပေသည်။ ထိုကဲ့သို့ အလုံကာ ဦးထုပ် ဖြစ်သော်လည်း အမြင်အာရုံနှင့် အကြားအာရုံတို့အပေါ် သိပ်ပြီး သက်ရောက်မှု မရှိပေ။ အလွန် ကျွမ်းကျင်စွာ ပြုလုပ်ထားခြင်းပင် ဖြစ်၏။

ရေအောက်တွင် မည်သည့် အကောင်ပလောင်များက သူတို့ပေါ် တွယ်တက် လာသည်ဖြစ်စေ သူတို့သည် ထိုအကောင်ပလောင်များကို မဖယ်ရှား ပစ်နိုင်ကြပေ။ အားလုံးသည် ဝမ်ရှန်း စကားအတိုင်း ငြိမ်ငြိမ်သာ နေနေလိုက်ကြ၏။ အသက်ရှူ၍ ရရန် အတွက်ကတော့ ပါးစပ်၌ ကျူပင်များ တပ်ထား ကြပေသည်။

ရေအောက်ငုပ်ပြီး နှစ်မိနစ် အကြာတွင် ရေလှိုင်းများ၊ ရေဂယက်များ ငြိမ်သက် သွားကာ ရေအောက်သို့ တစ်စုံတစ်ခု ဆင်းသက် သွားကြောင်း မည်သည့် အရိပ်အယောင်မှ မရှိတော့ပေ။ ထိုအချိန်မှာမှ မြစ်ကမ်းပါး ထက်ရှိ သစ်ပင်များထံမှ တိရစ္ဆာန် အော်ဟစ်သံများ အစုလိုက် အပြုံလိုက် ထွက်ပေါ် လာခဲ့သည်။

လူတစ်စုမှာ ယခုလေးတင် ဝမ်ရှန်းနှင့် သူ့အဖွဲ့ ဖြတ်လျှောက်လာသည့် နေရာအား ရုတ်တရက် ဦးတည် ပြေးလာနေကြသည်။ အုပ်စုရှိ လူအရေအတွက်သည် တစ်ဒါဇင်ခန့် ရှိကာ အားလုံးသည် ဝမ်ရှန်းနှင့် အခြားသူများ ကဲ့သို့ပင် ဝတ်စုံအပြည့် ဝတ်ဆင်ထား၏။ မေးစရာပင် မလိုပေ၊ ထိုအဝတ်အစားများသည် ရတနာစံအိမ်မှ ဝယ်ယူခဲ့သည့် အဝတ်အစားများပင် ဖြစ်၏။

သို့သော် သူတို့သည် စူးစမ်းလေ့လာရေး အဖွဲ့နှင့် မတူနေ၊ တစ်စုံတစ်ရာမှာ သူတို့နောက် လိုက်နေသကဲ့သို့ အရှေ့သို့ အသည်းအသန် ပြေးလွှား နေကြ၏။

ထို့နောက် ရေထဲမှ လူများသည် ရေမျက်နှာပြင် မှတစ်ဆင့် ထူထပ်လှသည့် တောအုပ်အတွင်း ကြည့်လိုက်သည့် အချိန်တွင် ရာနှင့်ချီသည့် အရိပ်များမှာ သစ်ပင်များထက်၌ ခုန်ကူး ပြေးလွှား နေသည်ကို မြင်လိုက်ရသည်။ သူတို့၏ အော်ဟစ်သံများသည် ကုန်းမြေပေါ်၌ ပြေးလွှားနေသည့် လူများ မဆိုထားနှင့် ရေအောက်မှ လူများကိုပင် ကြောက်လန့် သွားစေရန် လုံလောက်ပေသည်။

မျက်နှာမဲ့ မျောက်ဝံများ…

ထိုမျောက်ဝံများကို မြင်လိုက်ရသည့် အချိန်တွင် ရေထဲ ရှိနေသည့် လူတစ်ယောက်သည် ထိတ်လန့် တကြားဖြင့် အော်ဟစ်မိလု နီးပါးပင် ဖြစ်သွားခဲ့၏။ သို့သော် သူ့ကိုယ်သူ ရေအောက်၌ ရှိနေကြောင်း သတိထားမိ သွားကာ ရေအငုံလိုက် သူ့ပါးစပ်ထဲ မဝင်သွားစေရန် ပါးစပ်ကို သတိဖြင့် အချိန်မီ ပြန်ပိတ် လိုက်သည်။

အရွယ်ရောက်ပြီးသား မျက်နှာမဲ့ မျောက်ဝံများသည် ပဥ္စမအဆင့် ရှိကြ၏။ တစ်ခါတစ်ရံတွင် ဆဌမအဆင့်နှင့် သတ္တမအဆင့် အင်အားကြီး အကောင်းများပင် ပါတတ်သေးသည်။ အားနည်းသည့် မျောက်ဝံများသည် အဆင့်နိမ့် နိုင်သော်လည်း ဘယ်လောက်မှ ကြီးနိမ့်သည် မဟုတ်ပါ…

သူတို့သည် အုပ်စုဖွဲ့၍ နေတတ်ကြကာ အလွန် စိတ်ဆိုးလွယ်သည့် သားရဲမျိုးစိတ် ဖြစ်သည်။ တစ်စုံတစ်ဉီးမှ တစ်ကောင်ကောင်ကိုပဲ ရန်စလိုက်မည် ဆိုလျှင် တစ်အုပ်လုံး လိုက်လာမည် ဖြစ်၏။ ယခုလည်း ထိုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းပင် ဖြစ်သည်။

ယခုအချိန်တွင် အသက်ဖက်နှင့် ထုတ်ကာ ပြေးနေသည့် ဤဒါဇင်နှင့် ချီသည့် လူများသည် သူတို့ကိုယ်သူတို့ မျက်နှာမဲ့ မျောက်ဝံများနှင့် ဘယ်လို ပက်ပင်း တိုးသွားလဲဆိုတာ မသိလိုက်။ သူတို့သည် သူတို့အရှေ့မှလူ ချမှတ်ပေးခဲ့သည့် လျှို့ဝှက် မှတ်စုအတိုင်း လိုက်လာခြင်း ဖြစ်သည်။ ဘယ်လိုလုပ် ဤကဲ့သို့ ဖြစ်လာခဲ့သနည်း…

သို့သော် ယခုအချိန်တွင် သူတို့ကို ရှင်းပြမည့်လူ ဘယ်သူမှ မရှိပေ၊ ရှင်းပြမည် ဆိုလျှင်လည်း နားထောင်နေရန် အချိန်မရှိပေ။ ထိုအချိန် သူတို့ထဲမှ တစ်ယောက်သည် နောက်ကောက်ကျ ကျန်ခဲ့လေရာ မျောက်ဝံအထီး တစ်ကောင်သည် သစ်ပင်ထက်မှ ဆင်းလာခဲ့ပြီး ထိုလူအား သစ်ပင်ထက်သို့ ဆွဲခေါ် သွားတော့သည်။

သိပ်မဝေးသည့် နေရာတွင် ဝမ်ရှန်းနှင့် အခြားလူများသည် ဘာမှ မတတ်နိုင်ဘဲ ထိုမြင်ကွင်းကို ဒီတိုင်းသာ ကြည့်နေခဲ့ကြရ၏။ ထိုသစ်ပင်ထက်သို့ ဆွဲခေါ် ခံလိုက်ရသည့် လူသည် တစ်ခဏ အတွင်းမှာပင် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့တော့သည်။ ဒါဇင်နှင့်ချီသည့် မျက်နှာမဲ့ မျောက်ဝံများသည် ထိုလူအား ဝိုင်းအမဲဖျက်ကာ သွေးသံတရဲရဲဖြင့်ပင် မြိန်ရေယှက်ရေ စားသောက်လိုက်ကြ၏။

ကျန်သည့် မျက်နှာမဲ့ မျောက်ဝံများကမူ အောက်၌ ရှိနေသည့် အခြား လူများနောက် အသည်းအသန် ဆက်လိုက် နေခဲ့ကြ၏။ ထိုမျောက်ဝံများသည် သစ်ပင်ထက်မှ ဆင်းသက်လာရုံ သာမက တွေ့သမျှ အရာများဖြင့်ပင် ကောက်ပေါက်နေပြီ ဖြစ်သည်။ အချို့သည် သူတို့ ပစ်လိုက်သည့် အုန်းသီးအရွယ် အသီးများ ထိမှန်၍ သတိလစ်သွားကာ ထိုနေရာ၌ပင် ဝိုင်းအမဲဖျက် ခံလိုက်ရသည်။

ရေအောက်မှ လူများသည်လည်း ဤမြင်ကွင်းကို မသက်မသာဖြင့်သာ ကြည့်နေခဲ့ရသည်။ သူတို့ လုပ်နိုင်သည်မှာလည်း ဘာမှမရှိပေ။ အပေါ်တွင် ပဥ္စမအဆင့် မျက်နှာမဲ့ မျောက်ဝံများ ၁၀၀ ကျော် ရှိနေခြင်းဖြစ်၏။ သူတို့ ပြေးထွက်သွားမည် ဆိုလျှင်တောင် သူတို့ သေတာပဲ အဖတ်တင် ပေလိမ့်မည်။ ထို့အပြင် သူတို့ထဲမှ တစ်ယောက် နှစ်ယောက်လောက်က လွဲ၍ အခြားလူများသည် သူတို့အသက်ကို သူတို့ စတေးခံကာ အခြားသူများကို ကယ်တင် ရလောက်သည်အထိ ကြင်နာ သနားတတ်သည့် နှလုံးသားမရှိပေ။

ဒါဇင်နှင့်ချီသည့် မျောက်ဝံများသည် သူတို့မိသည့် လူများကို စားသောက် ပြီးနောက် ကျန်သည့်လူများ ပြေးသွားသည့် နောက်သို့ ဆက်မလိုက်ခဲ့ဘဲ ထိုနေရာ၌ ဆက်၍ နေနေ ကြသေးသည်။ ထိုမြင်ကွင်းကြောင့် ရေအောက်၌ ရှိနေသည့်လူများ ကြောက်လန့် သွားကာ သူတို့ကိုယ်သူတို့ အသက်ရှူမိလားပင် မသိကြတော့ပေ။ ဒီမျောက်ဝံတွေက ရေအောက်ထိရော အမဲလိုက်မှာလား…

ကံကောင်းသည်က ထိုမျောက်ဝံများ အချိန်ဘယ်လောက်မှ မကြာခဲ့ခြင်း ဖြစ်၏။ အချိန်တစ်ခုအထိ ဘာမှ မထူးခြားကြောင်း တွေ့လိုက်ရသောအခါ သူတို့သည် အော်ဟစ်ကာ သစ်ပင်များထက်သို့ ခုန်တက်သွားခဲ့ပြီး ကျန်သည့် လူများနောက်သို့ ဆက်လိုက် သွားကြတော့သည်။

သူတို့ ထွက်သွားသည်နှင့် ဝမ်ရှန်းနှင့် အခြားလူများသည် ရေအောက်မှ ချက်ချင်း မထွက်ကြသေးပဲ ရေအောက်၌ နောက် ၁၀ မိနစ်ခန့် ကြာသည့်တိုင် နေခဲ့ကြသေးသည်။

နောက်ဆုံး ဝမ်ရှန်း ရေအောက်မှ ဦးဆောင် ထွက်လာသည့် အချိန်မှ အားလုံးလည်း ရေအောက်မှ အလျင်အမြန် ထွက်လာခဲ့လိုက်ကြသည်။ ရေပေါ်သို့ ရောက်လာသည့် အချိန်တွင် သူတို့၏ အဝတ်အစားများပေါ်၌ မျှော့များ ကပ်နေသည့် မြင်ကွင်းကြောင့် လူများသည် သေမတတ် ကြောက်ရွံ့ သွားကြတော့သည်။

ထို့ကြောင့် ဝမ်ရှန်းအပါအဝင် အားလုံးသည် အပေါ် ရောက်သည်နှင့် ကိုယ်ပေါ်၌ မျှော့ရှိမရှိ တစ်ယောက်ကို တစ်ယောက် အချင်းချင်း စစ်ဆေး ပေးလိုက်ကြသည်။ မျှော့များ ရှိနေလျှင်လည်း ညှပ်ဖြင့် ဆွဲဖြုတ်လိုက်၏။ ဝမ်ရှန်းသည် ပိုမိုသေချာစေရန် အဝတ်အစားများ ချွတ်၍ပင် သူ၏ခန္ဓာကိုယ်၌ မျှော့ရှိမရှိ စစ်ဆေး ကြည့်လိုက်သေး၏။ စစ်ယူနီဖောင်းများက အကာအကွယ် မြင့်မားသော်လည်း မည်သူ သိမည်နည်း၊ တစ်ကောင်စ နှစ်ကောင်စ ဝင်လာ တွယ်လာ နိုင်ပေသည်။

ဂျင်ဒီနယ်မြေ အတွင်းသို့ သူ့နောက် လိုက်လာသည့် သတ္တမအဆင့် ဝိဉာဉ်သခင်က မျှော့များကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဝမ်ရှန်း ကောင်းကောင်းကြီး မှတ်မိပေသည်။ ထို့ကြောင့် သူသည် ထိုကဲ့သို့သော အမှားမျိုး အဖြစ်မခံနိုင်ပေ။

မိန်းမငယ်လေး အချို့သည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေကြသော်လည်း ထိုရှက်စိတ်ကို ဖျောက်ကာ အကွယ်နေရာ၌ အဝတ်အစားများ ချွတ်ပြီး သူတို့ခန္ဓာကိုယ်၌ မျှော့ရှိမရှိ စစ်ဆေး ကြည့်လိုက်ကြသည်။

ဝမ်ရှန်း ကိုယ်တိုင်ပင် အလွန် သတိကြီးကြီး ဆောင်ရွက် နေသည့်အပြင် ထိုမျှော့များကို သူတို့ကိုယ်တိုင်လည်း မြင်ခဲ့ကြလေရာ သူတို့မှာ ဘယ်လိုလုပ်ပြီး ပေါ့ပေါ့လျော့လျော့ နေနိုင်ပါမည်နည်း…

ထိုအချိန်တွင် ထို ၁၀ ယောက်ထဲမှ တစ်ယောက်သည် အလွန်ကို မျက်စိပျက် မျက်နှာပျက် ဖြစ်နေ၏။ ဖရိုဖရဲ ထွက်ပြေးသွားသည့် လူများထဲတွင် တစ်ဝက်ကျော်လောက်ကို သူ သိပေသည်။ သူတို့သည် သူ ချန်ရစ်ထားသည့် လျှို့ဝှက် မှတ်စုနောက် လိုက်ကာ ဂျင်ဒီနယ်မြေ အတွင်းသို့ သူတို့နောက်မှ လိုက်ဝင်ခဲ့ကြသည့် လူများဖြစ်သည်။

သို့သော် သူတို့သည် မျက်နှာမဲ့ မျောက်ဝံတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ သို့သော်ငြားလည်း သူသည် ထိုနေရာတွင် လျှို့ဝှက်မှတ်စုကို သေသေချာချာ ထားခဲ့ခြင်း ဖြစ်ကာ လမ်းတစ်လျှောက်လုံးတွင်လည်း မျက်နှာမဲ့ မျောက်ဝံများ တစ်ကောင်တလေနှင့်မှ မတွေ့ခဲ့ရပေ။ အဲ့ဒါကို သူတို့က ဘာလို့ ရုတ်တရက်ကြီး လိုက်သတ် ခံခဲ့ရသနည်း…

ယခုအချိန်တွင် ထိုထွက်ပြေးသွားသည့် လူများက မည်သူမည်ဝါ ဖြစ်ကြောင်း အားလုံး သိသွားပြီဖြစ်၏။ သို့သော် ထိုထဲတွင် သူတို့မိသားစုမှ လူများ မပါသောကြောင့် သူတို့သည် ဤလူကဲ့သို့ စိတ်လေးပင်မှုကို မခံစားကြရ။ သို့သော်ငြားလည်း သူတို့စိတ်ထဲတွင် စိုးရိမ်မှု ကိုယ်စီတော့ အနည်းငယ် ရှိကြပေသည်။

ယခုလိုမျိုး သူတို့က မျောက်ဝံအုပ်စုနှင့် မတွေ့ဘဲ ထိုလူများက မျောက်ဝံအုပ်စုနှင့် တွေ့ခဲ့ခြင်းက ဝမ်ရှန်းသည် ထိုကြောက်စရာ ကောင်းသည့် သားရဲများကို ရှောင်ရှားရန် အတွက် တမင်သက်သက် ကွေ့ပတ် သွားနေခြင်း များလားဟု သူတို့ တွေးမိလိုက်ကြသည်။

ထိုအရာသာ အမှန်ဆိုလျှင် ဝမ်ရှန်းက ပို၍ ကြောက်စရာ ကောင်းသွားပြီ ဖြစ်သည်။ သားရဲများ မည်သည့် နေရာ၌ ပေါ်လာမလဲ ဆိုတာကို မည်သူမှမသိ၊ သို့သော် ဝမ်ရှန်းသည် သူတို့ကို ကြိုရှောင် ခိုင်းခဲ့သည်။ ဒါက ဘာကို ဆိုလိုသနည်း…

သူတို့မိသားစုမှ လူများက သူတို့နောက်လိုက်ရန် လူမလွှတ်ခဲ့၍ တော်သေးပေသည်။ မဟုတ်လျှင် သူတို့၏ အဆုံးသတ်သည် သေချာပေါက် ထိုလူများနှင့် အတူတူပင် ဖြစ်ပေတော့မည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset