အပိုင်း ၂၅၂
တစ်ယောက်ယောက်တွင်တော့ အကြံတစ်ခုရှိစမြဲ (၁)
ထူထပ် သိပ်သည်းလှသည့် တောအုပ်ကြီး အတွင်းတွင် ချုံတိုးသံ၊ သစ်ခြောက်များကို နင်းဖြတ်သည့် ခြေသံများ စည်းချက်ညီညီ ထွက်ပေါ်နေ၏။
ထိုအချိန်မှာပင် လူတစ်ယောက်သည် ရုတ်တရက် လက်ဆန့် ထုတ်လိုက်ပြီး သူ့ရှေ့ရှိ လူ၏ အင်္ကျီလည်ပင်းစကို ဆွဲမြှောက်လိုက်ကာ ထိုလူကို နောက်သို့ ဆွဲလိုက်သည်။ သူ့အပြုအမူက ကြမ်းသည်၊ မကြမ်းတမ်းသည်ကို ဂရုစိုက်မနေတော့။
ဝှီး …
ဓားမြှောင် တစ်ချောင်းမှာ သူ၏ အရှေ့ဘက် အောက်သို့ ပျံသန်းသွားခဲ့၏။ ထိုဓားသည် လက်သီးဆုပ် အရွယ်အစားရှိသည့် အစိမ်းရောင် အလုံးတစ်လုံးအား တည့်တည့် ဖောက်ထွက် သွားခဲ့သည်။
ဒုတ်…
ဓားသည် ထိုအလုံးနှင့်အတူ အနားရှိ သစ်ပင်အမြစ် တစ်ခုအား သွားရောက် ထိုးစိုက်သွားခဲ့သည်။
လူတန်းကြီး၏ အရှေ့၌ ရှိနေသည့် နှစ်ယောက်သည် ဓားမြှောင်ဖြင့် ထုတ်ချင်း ဖောက်သွားပြီ ဖြစ်သော်လည်း သွားများနှင့် လက်သည်းများ သက်ဝင် လှုပ်ရှားနေသေးသည့် လက်သီးဆုပ် အရွယ် ပင့်ကူအား မှင်သက်စွာ ကြည့်နေ လိုက်ကြသည်။ ကြီးမားသည့် လက်သည်း နှစ်ခုသည် အရွယ်ရောက် အမျိုးသား တစ်ယောက်၏ လက်သည်း အရွယ်အစား ရှိကာ အလွန် ချွန်ထက်မည့် ဟန်ပေါ်၏။ ထိုအကောင်၏ ပုံစံကိုကြည့်ကာ သူတို့နဖူးမှ ချွေးစေးများ တစက်စက် ကျလာခဲ့တော့သည်။
အနောက်မှ လူများလည်း ဤမြင်ကွင်းကို မြင်လိုက်ကြပေသည်။ သူတို့သည် ပင့်ကူနှင့် အလွန်နီးကပ်ကာ အသက်ဘေးနှင့် မနီးကပ်ခဲ့သော်လည်း သူတို့လည်း ချွေးစေးများ ပျံကုန်သည်အထိ ကြောက်ရွံ့ သွားခဲ့ကြသည်။
ဂျင်ဒီနယ်မြေ အတွင်းတွင် ခြေလှမ်း တစ်လှမ်းတိုင်းသည် ချောက်ကမ်းပါးပင် ဖြစ်၏၊ အသေအချာ ဂရုမစိုက်ဘူး ဆိုလျှင် ခြေလှမ်း တစ်လှမ်း မှားသည်နှင့် သေဆုံး သွားနိုင်သည်။ သူတို့ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက် လာသည်မှာ တစ်ရက်ကျော်သာ ရှိသေးသည်၊ သို့သော် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို အနည်းဆုံး လေးကြိမ်ခန့် ကြုံတွေ့ခဲ့ပြီးဖြစ်၏။ ထိုအခြေအနေမျိုးတွင် ဝမ်ရှန်းကြောင့်သာ မဟုတ်ဘူးဆိုလျှင် အနည်းဆုံး လူလေးယောက်တော့ သေပြီဖြစ်သည်။
ဟုတ်ပါသည်၊ ယခုတစ်ကြိမ်တွင် ဓားမြှောင်ကို ပစ်လွှတ်လိုက်သည့် လူမှာလည်း ဝမ်ရှန်းပင်ဖြစ်၏။ တောတွင်း အတွေ့အကြုံတွင် သူသည် အခြားလူများ အားလုံးထက် သာပေသည်။ ထို့အပြင် တိုက်ပွဲဝိဉာဉ်၏ အသိပေးချက်ကိုပါ ထပ်ပေါင်း ထည့်လိုက်မည် ဆိုလျှင် သူတို့အသက်ကို ခြိမ်းခြောက်နိုင်သည့် မည်သည့် အန္တရာယ်မဆို ဝမ်ရှန်း တစ်လှမ်း ကြိုရှောင် နိုင်ပေသည်။
ထိုအစိမ်းရောင် ပင့်ကူ တဖြည်းဖြည်းချင်း ငြိမ်ကျ သွားသည်ကို မြင်လိုက် ရသောအခါ တတိယမြောက် လူသည် အရှေ့တက်ကာ ပင့်ကူ၏ ခန္ဓာကိုယ်ကို ကောက်ယူရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် ဝမ်ရှန်း ရုတ်တရက် လက်ထုတ်ကာ သူ့အား တားလိုက်သည်။
“မသွားနဲ့၊ သူ့ကို မြားနဲ့ နောက်တစ်ချက် ပစ်လိုက်…”
ယခုအချိန်တွင် ဝမ်ရှန်း၏ စကားများသည် အဖိုးတန်သည့် စကားများပင် ဖြစ်သည်။ ထိုစကား ကြားသည်နှင့် လေးနှင့်မြား ကျွမ်းကျင်သည့် လူသည် ဘာမှ စဉ်းစားမနေတော့ဘဲ သူ၏သိုလှောင် လက်စွပ် အတွင်းမှ လေးနှင့်မြားကို ထုတ်လိုက်သည်။ ထို့နောက် ထိုသေနေသည် ပင့်ကူအား မြားဖြင့် ပစ်ထည့်လိုက်၏။
ရွှီး … ဒုတ်…
မြားသည် ပင့်ကူ၏ ခန္ဓာကိုယ်အား အရှိန်ပြင်းပြင်းဖြင့် နောက်တစ်ကြိမ် ဖောက်ထွက် သွားခဲ့သည်။ ထို့နောက် ပင့်ကူထံမှ အစိမ်းရောင် အရည်များ စီးကျလာခဲ့၏။
ထူးဆန်းသည်မှာ သေနေပြီဖြစ်သည့် ပင့်ကူသည် ထိုလူငယ် မြားပစ်ရန် ပြင်သည့် အချိန်မှာပင် စတင် လှုပ်ရှားခဲ့ခြင်း ဖြစ်၏။ သူသည် ဓားမြှောင်ဖြင့် ထုတ်ချင်းဖောက် အပစ်ခံခဲ့ရပြီး ဖြစ်သော်လည်း သူ၏အစိမ်းရောင် ခြေထောက် ရှစ်ချောင်းကိုတော့ လှုပ်ရှား နိုင်ခဲ့သေးသည်။
မြားသည် ပင့်ကူခေါင်းနား ဖြတ်ဖောက်သွားကာ ကြီးမား ချွန်ထက်သည့် အစွယ်နှစ်ချောင်းက မြားကို ကာစီးရန်ပင် ပြင်လိုက်သည့် အတွက်ကြောင့် သူတို့ ထိုပင့်ကူ လှုပ်ရှား သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရခြင်း ဖြစ်၏။
ထိုမြင်ကွင်းကြောင့် အားလုံး ပင့်သက်ရှိုက် သွားကြသည်။ ဤအကောင်သည် ပင့်ကူ တစ်ကောင်ဖြစ်၏၊ ပင့်ကူသည် သေချင်ယောင် ဆောင်တတ်သည်လား…
ဤအရာသည် ချဲ့ကားလွန်းရာ မရောက်ပေဘူးလား…
အချို့အကောင်များသည် သေချင်ယောင် ဆောင်တတ်ကြ၏၊ သို့သော် ထိုအချိန်သည် သူတို့ ကြောက်ရွံ့သည့် အချိန်မှသာ ဖြစ်သည်။ တစ်လက်မ အကျယ်ရှိသည့် ဓားသွားတစ်ခု ဖောက်ထွက်သွားသည့် အချိန်၌ မဟုတ်ပေ။
ယခုတစ်ကြိမ်တွင် အခြားတစ်ယောက်က ပင့်ကူ၏ အလောင်းကို သွားကောက်မည်ကို ဝမ်ရှန်း မတားတော့ပေ။ ပင့်ကူသည် အမှန်တကယ် သေသွားပြီဖြစ်၏။ ထိုလူသည် ပင့်ကူကို သေချာ ဂရုတစိုက် ကောက်ယူကာ ကျောက်စိမ်း သေတ္တာတစ်ခု အတွင်း ထည့်လိုက်ပြီး သေတ္တာကို သိုလှောင်လက်စွပ် အတွင်း သိမ်းဆည်း လိုက်သည်။ ထို့နောက် ဝမ်ရှန်း၏ ဓားမြှောင်ကို ဝမ်ရှန်းအား ပြန်ပေးလိုက်သည်။
ဤဓားမြှောင်သည် ဝမ်ရှန်း သိုက်ဝူကျီးကို သတ်ပြီးနောက် ကြေးစားခန်းမမှ သူ့အား ဆုချီးမြှင့်ခဲ့သည့် ဓားမြှောင်ဖြစ်သည်။ အစ်မချင်းဝေ ကိုယ်တိုင် ဝမ်ရှန်းအား လာပေးခဲ့ခြင်း ဖြစ်၏။ ဝိဉာဉ်သခင် အများစု၏ နားထဲတွင် ထိုဓားမြှောင်သည် မိုးကြိုးဓားသွားဟု နာမည်ကြီးသည့် ဓားမြှောင် တစ်ချောင်းဖြစ်သည်။ သို့သော် ယခု ဝမ်ရှန်း၏ လက်ထဲတွင် ဓားမြှောင်သည် တောတွင်းသုံးဓား ဖြစ်နေ၏။
သူတို့အဖွဲ့ အရှေ့သို့ ဆက်သွားကြကာ ဝမ်ရှန်းသည် ထူးဆန်းသည့်အချိန် သို့မဟုတ် ထူးဆန်းသည့် နေရာရောက်တိုင်း ဦးတည်ချက် ပြောင်းသွားလေ့ ရှိသည်။ သူတို့ရှေ့ရှိ နေရာသည် နေရာလွတ် ဖြစ်နေကာ အန္တရာယ်ရှိဟန် မပေါ်သော်လည်း ဝမ်ရှန်းသည် ထိုနေရာသို့ မသွားဘဲ တောနက် အတွင်းမှသာ ပတ်သွားလေ့ ရှိသည်။ တစ်ခါတစ်ရံတွင် သူသည် အားလုံးကို တမင်သက်သက် ကွေ့ပတ် ခေါ်သွားနေသည်နှင့်ပင် တူနေ၏။
သို့သော် ထိုကဲ့သို့ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို အလွယ်တကူ နားလည်နိုင်ပေသည်၊ ထို့ကြောင့် အဖွဲ့ထဲမှ မည်သူကမှ စောဒက မတက်ခဲ့ပေ။ ဂျင်ဒီနယ်မြေ အတွင်းတွင် သွားလာရမည့် လမ်းကြောင်းကို သိနေမည် ဆိုလျှင်တောင် ထိုလူသည် မည်သူ့ကိုမှ အလွယ်တကူ ပြောပြမည် မဟုတ်ပေ။ ကွေ့ပတ်သွားကာ အားလုံးကို ရှုပ်ထွေးသွားအောင် လုပ်မည်သာ ဖြစ်၏။
သူတို့ဘာသာသူတို့ ဘယ်လိုပင် တွေးစေကာမူ ဝမ်ရှန်း သူတို့ကို ရှင်းပြမည် မဟုတ်ပေ။ ထိုအချက်သည် သူတို့ မထွက်လာခင် ကတည်းက သူပြောခဲ့သည့် စည်းမျဉ်း စည်းကမ်း နှစ်ခုထဲတွင် ပါဝင်ခဲ့ပြီးဖြစ်၏။
ထိုလူများထဲတွင် အချို့သည် ဝမ်ရှန်း သွားသည့် လမ်းကြောင်း တစ်ခုလုံးကို သူတို့စိတ်ထဲ၌ တိတ်တဆိတ် မှတ်သား ထားကြ၏။ သူတို့သည် တစ်နေရာမှ တစ်နေရာ ကွေ့သွားသည့် အချိန်တိုင်း အခြေအနေနှင့် မိုင်အကွာအဝေးကို ခန့်မှန်း မှတ်တမ်းတင် ကြသည်။
အဓိက အင်အားစုများတွင် အရည်အချင်း ပေါင်းစုံရှိသည်မှာ ပုံမှန်ပင်ဖြစ်၏။ ဝမ်ရှန်းက အားလုံးကို ဂျင်ဒီနယ်မြေ အတွင်းသို့ ခေါ်ဆောင် သွားမည်ကို သိသောကြောင့် လမ်းကြောင်းကို အသေအချာ မှတ်သားရမည် ဖြစ်သည်။ ထို့ကြောင့် အဓိက အင်အားစုများသည် မှတ်ဉာဏ် ကောင်းသည့် လူများကိုသာ သေချာစိစစ် ရွေးချယ်ပြီး စေလွှတ်ခဲ့ခြင်းပင်။
သို့သော် ဤအကြောင်းများကို ဝမ်ရှန်း ဂရုမစိုက်၊ သူတို့ဘာသာသူတို့ မှတ်ထားသည်ဖြစ်စေ၊ မမှတ်ထားသည်ဖြစ်စေ ဝမ်ရှန်း အာရုံမရှိပေ။ သူသည် ဘုန်းတော်ကြီးကျောင်း၏ မှတ်တမ်းများအရ သူတို့ကို ဝူရုံမြို့နှင့် အနီးဆုံးဖြစ်သည့် ချီရှုံးခန်းမသို့ ခေါ်သွားရန် ကြံရွယ်နေခြင်း ဖြစ်သည်။
ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းရှိ ထိုနေရာများကို စူးစမ်းလေ့လာချင်၏။ သို့သော် သူ့တစ်ယောက်တည်းထက် ထိုနေရာများနှင့် ဆက်စပ်မှု ရှိနိုင်သည့် အင်အားစုများကို ခေါ်သွားခြင်းက ပို၍ ကောင်းသည် မဟုတ်လော။
ဝမ်ရှန်း ခေါ်လာသည့် ၁၀ ယောက်ထဲတွင် နှစ်ယောက်သည် သူတို့ကိုသူတို့ အလွန် ဉာဏ်ကောင်းသည်ဟု တွေးကာ သူတို့ ဦးတည်ချက် ပြောင်းသွားသည့် နေရာတိုင်း လျှို့ဝှက် မှတ်စုများ ချန်ထားခဲ့၏။ သူတို့သည် ကောင်းမွန်စွာ လေ့ကျင့်ထားသည့် လူများ ဖြစ်သော်လည်း ဤကဲ့သို့ ကိစ္စမျိုး ပြုလုပ်ရာတွင် သူတို့သည် တကယ်ကို အတွေ့အကြုံ မရှိကာ မကျွမ်းကျင်ကြသေးပေ။ ထို့ကြောင့် သူတို့၏ စိတ်ကြီးဝင်ပြီး မသေမသပ် ဖြစ်နေသည့် ထိုနည်းပရိယာယ်များကို ဝမ်ရှန်း အလွယ်တကူ သတိပြုမိခဲ့၏။ သို့သော် သူ ဘာမှမပြောခဲ့ပေ။
သူတို့သည် လမ်းကြောင်းကို အသေအချာ ဂရုတစိုက် ရေးမှတ် နေကြသည်ကို ကြည့်ခြင်းအားဖြင့် သူတို့သည် သူတို့နောက်မှ လိုက်လာသည့် လူများအတွက် လမ်းကြောင်း ပေးနေခြင်း ဖြစ်ကြောင်း ဦးနှောက် မရှိလျှင်ပင် သိနိုင်ပေသည်။
ထိုအကြံကြောင့် ဝမ်ရှန်း ရယ်ချင် သွားသည်။ အချို့လူများသည် အမြဲတမ်း ဂေါက်တိဂေါက်ကြောင် နိုင်သည့် အတွေးများ ရှိကြ၏။ သူတို့သည် သူတို့နောက် လူမထည့်လိုက်လျှင် တစ်ခုခုကို ဆုံးရှုံးရမည့် ပုံစံဖြင့် တွေးနေကြသည်။ သို့သော် သူတို့ မသိသည်မှာ ဝမ်ရှန်း လမ်းကြောင်း ပြောင်းလိုက်ခြင်းသည် ရက်စက် ကြမ်းကြုတ်သည့် သားရဲများကို ရှောင်ရှားရန် ဖြစ်သည်။
သားရဲများသည် သက်ရှိ သတ္တဝါများဖြစ်၏၊ ယခု ဤနေရာ၌ ရှိနေလျှင် ခဏနေလျှင် ရှိချင်မှ ရှိတော့မည် ဖြစ်သည်။ ထို့အတူပင် ယခု ဤနေရာ၌ သားရဲများ မရှိသောကြောင့် ဘေးကင်းသော်လည်း ခဏအကြာတွင် ဘေးကင်းချင်မှ ဘေးကင်းတော့မည် ဖြစ်သည်။ ထိုအချက်ကို သတိမမူမိလျှင် ဘယ်လိုသေလို့ သေမှန်းပင် သိမည် မဟုတ်ချေ။
ထိုသို့ ကွေ့ပတ်သွားကာ အချိန်တစ်ခု ကြာပြီးနောက် နောက်ဆုံးတွင် အားလုံး မြစ်ကမ်းဘေး တစ်ခုသို့ ရောက်လာခဲ့သည်။ အားလုံးသည် ဝမ်ရှန်း၏ စကားကို မှတ်မိသောကြောင့် မြစ်အတွင်းမှ ရေကို မသောက်သုံးခဲ့၊ မြစ်အတွင်းသို့ အလွယ်တကူ မခုန်ဆင်းခဲ့ပေ။ မြစ်အနားပင် မကပ်ခဲ့ကြချေ။
သို့သော် ထိုအချိန်မှာပင် ဝမ်ရှန်းမှ ရုတ်တရက် အားလုံးအား အော်ပြောလိုက်သည်။
“မြေပေါ်မှာ ရပ်မနေနဲ့ မြစ်ထဲ မြန်မြန်ဆင်းကြ…”
ထိုသို့ အော်ပြီးသည်နှင့် သူ ဦးဆောင်ကာ မြစ်ကမ်းစပ်ထဲသို့ အလျင်အမြန် ခုန်ဆင်း လိုက်သည်။
***