အပိုင်း ၂၅၁
နောက်ဆုံး လေ့ကျင့်မှု (၂)
နောက်တစ်နေ့ မနက်စောစောတွင် ဝမ်ရှန်း အဖွဲ့နှင့်အတူ နောက်တစ်ကြိမ် ထွက်ခွာ သွားခဲ့သည်။ ချူမိသားစု နေရာ၌ အစားထိုးခဲ့သည့် လူသည် လှပသော အမျိုးသမီး တစ်ယောက်ဖြစ်၏။ ဝမ်ရှန်းသည် သူ့ရှေ့ရှိ လှပသော အမျိုးသမီး သုံးယောက်နှင့် ပြောဆိုရာတွင် ပိုမိုနူးညံ့သောကြောင့် ထိုလူနေရာတွင် အမျိုးသမီး တစ်ယောက် အစားထိုးခဲ့ခြင်း ဖြစ်နိုင်၏။
ဝမ်ရှန်း၏ ယခင်က လုပ်ဆောင် ရည်ညွှန်း ပြောဆိုမှုများပေါ် မှီကိုးကာ ဤအမျိုးသမီးကို ထည့်သွင်းခဲ့ခြင်းလည်း ဖြစ်၏။ သူမ၏ ခြေတံများသည် သွယ်လျ ရှည်လျားကာ၊ ဖွံ့ဖြိုးသည့် ရင်သားနှင့် အလွန်လှပသော ခန္ဓာကိုယ် ကောက်ကြောင်း ရှိပေသည်။ သူမ၏ အဝတ်အစား များသည်လည်း သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်း နှင့်အတူ တစ်သားတည်း ဖြစ်နေ၏။
သူမ၏ အားသက်ချက်ဖြစ်သည့် ဝိုင်းစက်နေသော မျက်လုံးများဖြင့် ဝမ်ရှန်းအား ချစ်စဖွယ် ကောင်းစွာ ကြည့်နေသည့် ထိုမြင်ကွင်းက အခြားမိသားစုများမှ လူများထံမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ် လာစေခဲ့၏။
ယခု တစ်ကြိမ်သည်လည်း လေ့ကျင့်ရေး ကွင်းဆင်းခြင်းပင် ဖြစ်၏။ သို့သော် ဝမ်ရှန်းအပေါ် ထားသည့် အားလုံး၏ သဘောထားများ ပြောင်းလဲ သွားပြီဖြစ်ကာ ချက်ချင်းပင် ဝမ်ရှန်းအား သူဌေးတစ်ယောက် ကဲ့သို့ ပြုမူဆက်ဆံ လာကြသည်။ စည်းမျဉ်း စည်းကမ်းများကို မလိုက်နာသည့် လူသည် သေလုမြောပါး လဲနေရပြီဖြစ်၏၊ ထို့ကြောင့် ယခု မည်သူမဆို ဘာလုပ်ရမည်ကို သိရှိ နားလည် သွားတော့ပြီ။
အားလုံးသည် လမ်းဖွင့်ပုံ၊ ခြေလှမ်းကို ဂရုတစိုက် လျှောက်လှမ်းရပုံ၊ ဘေးပတ်ဝန်းကျင်ကို သတိမပြတ် စောင့်ကြည့်ရပုံ၊ အားပြင်းပြင်း မသုံးဘဲ ခြေလှမ်း ဖော့ဖော့လေးဖြင့်သာ လျှောက်ရပုံ၊ ဆူးနွယ် ချုံပင်များကို များစွာ ရှင်းပစ်ရန် မလိုအပ်ပုံ အစရှိသဖြင့် များစွာ သင်ကြားခဲ့ရ၏။
အမျိုးမျိုးသော ကြိုတင် ကာကွယ် လေ့ကျင့်ရေးတွင် ဝမ်ရှန်းသည် စကား တစ်ခွန်းတည်းသာ ပြော၏၊ သူတို့ဘာသာသူတို့ နားထောင်သည်ဖြစ်စေ နားမထောင်သည်ဖြစ်စေ၊ သူ့စကားမှ သင်ယူသည်ဖြစ်စေ မသင်ယူသည်ဖြစ်စေ ဝမ်ရှန်း ဂရုစိုက်မည် မဟုတ်ပေ။
သို့သော် အားလုံးသည် အလွန် အာရုံစူးစိုက်ခဲ့ကြပေသည်။ လမ်းဖွင့်ရန် နည်းလမ်းကို တစ်မနက်တည်းနှင့် ထိုဝိဉာဉ်သခင် ၁၀ ယောက်လုံး တစ်သားတည်း တတ်မြောက်ခဲ့ကြသည်။ စတုတ္ထအဆင့် ဝိဉာဉ်သခင်များ အနေဖြင့် ဤကဲ့သို့ ရိုးရှင်းသည့် စွမ်းရည်မျိုးကို လေ့လာ သင်ယူရန် မခက်ခဲပေ။
တစ်ချိန်တည်းမှာပင် သူတို့သည် သူတို့ အရှေ့မှ အဖွဲ့ဝင်၏ ခြေလှမ်းများအတိုင်း တစ်ထပ်တည်း၊ တစ်ထပ်တည်း လိုက်နင်းရန်နှင့် ဘေးဘီ နှစ်ဖက်လုံးကို အာရုံစိုက်ရန်၊ အရှေ့မှရဲဘော်ကို နောက်ကျောလုံအောင် ဂရုစိုက်ပေးရန် အစရှိသည် တို့ကိုလည်း လေ့လာ သင်ယူခဲ့ရ၏။
ထူထပ်သည့် တောအုပ်အတွင်း၊ အထူးသဖြင့် ဂျင်ဒီနယ်မြေ အတွင်းတွင် စကား ကျယ်လောင်စွာ ပြောရန် အဆင်မပြေပေ၊ ထို့ကြောင့် ထိရောက်မှုရှိသည့် ဆက်သွယ်ရေး နည်းလမ်းများ လိုအပ်၏။ ထို့လိုအပ်ချက်ကြောင့် ဝမ်ရှန်းသည် သတိထားရန်၊ နောက်ပြန်ဆုတ်ရန် အစရှိသည်တို့ကို ရိုးရှင်းသည့် လက်သင်္ကေတများဖြင့် သင်ကြား ပေးခဲ့သည်။
အလွန် ခွန်အား ကြီးမားသည့် သားရဲများနှင့် ပက်ပင်း ကြုံသည့် အချိန်တွင် အားလုံး ပူးပေါင်း တိုက်ခိုက် ရပေမည်။ ထိုသို့ တိုက်ခိုက်နေရင်း ရှုံးနိမ့်ခဲ့မည်ဆိုလျှင် အစဉ်လိုက်အတိုင်း ပြန်ဆုတ်ရန် အစရှိသဖြင့်လည်း သင်ကြားပေးခဲ့၏။
အပြင်ဘက်၌ အရိုးရှင်းဆုံး လုပ်ဆောင်ချက်များ ဖြစ်သည့် စားသောက်ရေးကိုလည်း လေ့ကျင့်ပေးခဲ့၏။ မည်သည့် နေရာတွင် မည်သည့် အစားအသောက်က သင့်တော်ကြောင်း၊ မည်သည်က မသင့်တော်ကြောင်း၊ မည်သည့် နေရာတွင် မစားသောက်သင့်ကြောင်း၊ ထို့နောက် ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို ဆက်လက် ထိန်းပေးထားနိုင်သည့် အစားအသောက် များကိုလည်း မှတ်ချက် ပြုခဲ့သေးသည်။
အမျိုးမျိုးသော မိသားစုများမှ သေချာ ဂရုတစိုက် ရွေးချယ်ခြင်း ခံထားရသည့် ဤဝိဉာဉ်သခင်များသည် ဉာဏ်တိမ်သည့် လူများ မဟုတ်ပေ။ စိတ်တည်ငြိမ် သွားကာ အကြောင်းအရာများစွာ လေ့လာသင်ကြား ပြီးနောက်တွင် ဝမ်ရှန်းက ရတနာသိုက်ကြီး တစ်ခုဖြစ်ကြောင်း သူတို့ နားလည် သွားခဲ့ကြ၏။ သူသည် သူတို့ ယခင်က တစ်ခေါက်မှ မကြားဖူးခဲ့သည့် အကြောင်းအရာများကို သင်ကြား ပေးခဲ့နေခဲ့ခြင်းပင် ဖြစ်သည်။
အားလုံးသည် တောတွင်း ရှင်သန်ရေးနှင့် အသင်းအဖွဲ့ လုပ်ဆောင်ချက်များကို ရေငတ်နေသည့် လူများပမာ သင်ယူခဲ့ကြသည်။ သို့သော် ဝမ်ရှန်းက သူတို့အား အခြေခံအကျဆုံး အရာများကိုသာ သင်ကြားပေးမည်ကတော့ နှမြောစရာပင် ဖြစ်၏။
ညပိုင်း ဝူရုံမြို့သို့ ပြန်သည့် အချိန်တိုင်းတွင် သူတို့သည် သူတို့ တစ်နေ့တာ သင်ကြား ခဲ့ရသည်များကို အသေးစိတ် မှတ်တမ်း ပြုစုကာ သူတို့မိသားစုများထံ ပြန်လည် ပေးပို့၏။
ဤမှတ်တမ်းများကို မြင်သည့် အချိန်တွင် အဓိက အင်အားစုများသည် သူတို့၏ ယခင်က လုပ်ရပ်များအပေါ် နောင်တ ရမိမည်မှာ သေချာပေသည်။ ဤကဲ့သို့ အဖိုးထိုက်တန် လှသည့် ရတနာမျိုးကို ဝူရုံမြို့သို့ ဖိအားပေး တွန်းထုတ်ခဲ့သည်။ သူတို့သည် နောင်တရလွန်း၍ စိတ်ဓာတ် ကျလု နီးပါးပင် ဖြစ်နေကြပြီ ဖြစ်၏။
……….
“မဖြစ်နိုင်မှန်း သိပေမယ့်၊ ငါ ဖြစ်ချင်တာကိုတော့ ပြောလိုက်ဦးမယ်”
ဝမ်ရှန်းသည် သူ သူ၏အဖွဲ့နှင့် တစ်သားတည်း ဖြစ်လာသည်ကို မြင်လိုက်ရသောအခါ တဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဂျင်ဒီနယ်မြေထဲ ရောက်သွားရင် မင်းတို့အတွက် မင်းတို့ပဲ ရှိတယ်။ အဲ့ဒါကြောင့် မင်းတို့က မင်းတို့ ရဲဘော်ရဲဘက်တွေ အတွက် ကျောလုံစေတဲ့ လူတွေပဲ ဖြစ်ရမယ်။ စည်းလုံးရင် အသက်ရှင်မယ်၊ အဲ့လို မဟုတ်ဘဲ တစ်ယောက်အပေါ် တစ်ယောက် လျှို့ဝှက် အကြံအစည်တွေ ရှိနေမယ် ဆိုရင်တော့ နောက်ဆုံးမှာ အားလုံး သေကြရမှာပဲ”
“ဒီနေ့က လေ့ကျင့်ရေး နောက်ဆုံးနေ့ပဲ။ မနက်ဖြန်ကျရင် ငါတို့ ဆက်လေ့ကျင့်တော့မှာ မဟုတ်ဘူး။ ဂျင်ဒီနယ်မြေထဲကိုပဲ တန်းဝင်ကြမယ်”
ထိုသို့ ပြောပြီးသည်နှင့် ဝမ်ရှန်း သူ့အိမ်သို့ တန်းပြန် သွားလိုက်သည်။
တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေခြင်းသည် ဆိုးဝါးသည့် ရလဒ် ဖြစ်ပေါ်စေပေလိမ့်မည်။ ထို ၁၀ ယောက်သည် မတူညီသည့် မိသားစုများမှ ဖြစ်သည့် အလျောက် တစ်ယောက်ကို တစ်ယောက် အချင်းချင်း မယုံနိုင်ကြပေ။ ပြောရမည်ဆိုလျှင် သူတို့သည် အရေးကြုံလာသည့် အချိန်မှသာ အတူတကွ ပူးပေါင်း တိုက်ခိုက်မည့် အဖွဲ့အဖြစ် ရှိနေနိုင်ပေသည်။
……..
“သူ့ကိုသာ ကျုပ်တို့ မိသားစုက ကလေးတွေကို လေ့ကျင့်ပေးခိုင်း နိုင်မယ်ဆိုရင် ဘယ်လောက်မှ ကြာမှာမဟုတ်ဘူး။ နှစ်ဝက်လောက်နဲ့ တခြား မိသားစုလေးခုထက် သာသွားနိုင်တယ်”
ထိုလူငယ်လေးမှ အလွန် လေးနက် တည်ကြည်စွာ ပြောလိုက်သည်။
တန်မိသားစုတွင် ခေါင်းဆောင်မှစ၍ အကြီးအကဲများအထိ အားလုံးသည် အတိတ်မှ ကိစ္စများကို ဘေးဖယ် ထားလိုက်ကြပြီဖြစ်၏။ ယခု ရက်ပိုင်းတွင် သူတို့သည် ညစဉ်ညတိုင်း သူတို့၏ အစည်းအဝေး ခန်းမ၌နေ၍ စာပို့ငှက် ရောက်လာမည်ကို စောင့်နေလေ့ ရှိကြသည်။ ထိုစာပို့ငှက် ရောက်လာသည်နှင့် သူနှင့်အတူ ပါလာသည့် မှတ်တမ်းများကို ညတွင်းချင်း ချက်ချင်း စူးစမ်းလေ့လာ စီစစ်ကြ၏။ ယခုအချိန်တွင် အကြီးအကဲ တစ်ယောက်မှ စတင် ပြောဆိုလာခြင်း ဖြစ်သည်။
“ကျုပ်တို့မှာ ဝိဉာဉ်သခင်တွေ အလုံအလောက် မရှိဘူး။ ဒါပေမယ့် ရှိတဲ့ ဝိဉာဉ်သခင်တွေသာ ပူးပေါင်း လိုက်မယ်ဆိုရင် ပဥ္စမအဆင့် ဒါမှမဟုတ် ဆဌမအဆင့် ဝိဉာဉ်သခင်တွေက အဌမအဆင့် ဝိဉာဉ်သခင်တွေကို သတ်နိုင်တယ်”
အစောပိုင်းမှ အကြီးအကဲမှ ဆက်ပြောလိုက်သည်။
“အခု ဒီဝမ်ရှန်း လုပ်နေတာတွေက ဘာမှ သိပ်မဟုတ်သေးဘူး။ သူသာ တကယ့် အချီကြီးတွေ လုပ်မယ်ဆိုရင် ကျုပ်တို့ တန်မိသားစုက အချိန်တိုအတွင်း အင်အား အကြီးဆုံးမိသားစု ဖြစ်လာနိုင်တယ်”
“ငါ သိချင်တာရှိတယ်…”
တန်မိသားစု၏ ခေါင်းဆောင် အဘိုးအိုသည် ထိုအကြီးအကဲ၏ စကားများကို မငြင်းဆိုခဲ့ပေ၊ သို့သော် သက်ပြင်း ရှည်ကြီးချကာ –
“ဘယ်လို ဂိုဏ်းလိုမျိုးက ဒီလို မကောင်းဆိုးဝါးမျိုး ထွက်လာအောင် ပြုစုပျိုးထောင် ပေးနိုင်တာလဲ။ အဲ့မိသားစုတွေ မှာတောင်မှ ဒီလို အရည်အချင်းမျိုး မရှိလောက်ဘူး”
ခေါင်းဆောင်သည် မိသားစု နာမည်ကို ထုတ်ဖော် မပြောကြားခဲ့ချေ။ သို့သော် ထိုနေရာ၌ ရှိနေသည့် လူများအားလုံးသည် ခေါင်းဆောင်က မည်သည့် မိသားစုကို ရည်ညွှန်း ပြောဆိုနေခြင်း ဖြစ်ကြောင်း သိကြပေသည်။ သို့သော် သူတို့သာမက အခြားလူများ အားလုံးသည်လည်း ခေါင်းပေါက် ထွက်မတတ် စဉ်းစားကာ စူးစမ်းရှာဖွေ ခဲ့ကြသော်လည်း ဝမ်ရှန်း ဘယ်က လာတာလဲ ဆိုတာကို သူတို့ ရှာမတွေ့နိုင်ခဲ့ကြ။
ဝမ်ရှန်းသည် စုန့်မိသားစု၏ တားမြစ်နယ်မြေ အတွင်း၌ ပထမဆုံး ပေါ်လာကာ မမလေးစုန့်က ဝမ်ရှန်းကို သူမ၏ သတို့သားလောင်းအဖြစ် ကြေညာခဲ့သည် ဆိုတာကိုသာ သူတို့ သိခဲ့သည်… စုန့်မိသားစု တစ်ခုတည်းသာလျှင် ဝမ်ရှန်း၏ မူလဇာစ်မြစ်ကို သိနေခြင်း ဖြစ်နိုင်၏။
“မိသားစုက ကလေးတွေကို တင်းကျပ်ထားလိုက်၊ နောက်ကျရင် ဝမ်ရှန်းနဲ့ ဘယ်အချိန် ဘယ်နေရာမှာပဲ တွေ့တွေ့ သူ့ကို ပြဿနာ မရှာနဲ့လို့..”
အားလုံး ဆွေးနွေးပြီးနောက် ခေါင်းဆောင်မှ နောက်ဆုံး နိဂုံးချုပ် ပြောကြားလိုက်သည်။
“တန်အော်နဲ့ ဂျင်ဒီနယ်မြေထဲ ဝင်သွားတဲ့ တခြားဂိုဏ်းသားတွေရဲ့ သားသမီးတွေကို အတတ်နိုင်ဆုံး ဝမ်ရှန်းနဲ့ မတွေ့စေနဲ့။ ငါတို့ ဝမ်ရှန်းကို ငါတို့ရန်သူ ဖြစ်အောင် လုပ်လို့မရဘူး…”
တန်မိသားစု သာမက ယခုအချိန်တွင် အင်အားစုများ အားလုံးသည်လည်း ထိုကဲ့သို့ တွေးနေကြပြီဖြစ်၏။ ဝမ်ရှန်းကို သူတို့ရန်သူ လုပ်ရလောက်သည်အထိ မည်သူမှ မရူးသွပ်နေပေ…
….
“ငါ နောက်တစ်ခေါက် ထပ်ပြောမယ်..”
ဝူရုံမြို့ အပြင်ဘက်သို့ ထွက်ရန် စိတ်အား ထက်သန်နေသည့် လူများအား ဝမ်ရှန်း ထပ်တစ်ဖန် ပြောလိုက်သည်။
“ဂျင်ဒီနယ်မြေထဲ ဝင်သွားပြီးရင် တစ်ရက်နှစ်ရက်နဲ့ ပြန်ထွက်လာလို့ ရတယ်လို့ မတွေးနဲ့။ ပြီးတော့ မင်းတို့ရဲ့လုံခြုံရေးကိုလည်း ငါ အာမ မခံနိုင်ဘူး။ မင်းတို့ ရှေ့ဆက် မလိုက်ချင်ဘူးဆိုရင် အခု လာရာ လမ်းကြောင်းအတိုင်း ပြန်လှည့် သွားလို့ရတယ်”
အားလုံးသည် ဝမ်ရှန်းအား မျှော်လင့်တကြီးသာ ကြည့်လိုက်ကြ၏။
“သွားကြရအောင်…”
ထိုသို့ ပြောပြီးသည်နှင့် ဝမ်ရှန်း ဘာမှ ဆက်မပြောခဲ့ပေ။ အဖွဲ့နှင့်အတူ ထွက်ခွာ သွားလိုက်၏။
***