အပိုင်း ၂၅၀
နောက်ဆုံးလေ့ကျင့်မှု (၁)
တော်ဝင်ရတနာစံအိမ်မှ အဆိပ်ဖြေဆေးကို စတင် ဖြန့်ဖြူး လိုက်သည်နှင့် အဆိပ်ဖြေဆေး ဈေးကွက် အတွင်းတွင် ကြီးမားသည့် လှုပ်ခတ်မှု ဖြစ်ပေါ်သွားခဲ့သည်။
ထိုဝိဉာဉ်သခင်သည် အရေးပေါ် အသက်ကယ်ဆယ်မှုနှင့် အဆိပ်ထုတ်ခြင်းတို့ကို ပြုလုပ်ပြီး ဖြစ်သော်လည်း သေမင်းတမန်နှင့် စစ်ခင်း နေရဆဲဖြစ်၏။ တော်ဝင်ရတနာ စံအိမ်မှ အသစ် ထုတ်လုပ် လိုက်သည့် မြွေအဆိပ် ဖြေဆေးကို သောက်လိုက်ပြီးမှသာ လွတ်လွတ်ကင်းကင်း အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အသက်ဘေးကင်းခြင်းက ဘေးကင်းခြင်းသာရှိသေး၏၊ အချိန်တိုအတွင်း မတ်တပ် ထရပ်နိုင်ဖို့ကတော့ မဖြစ်နိုင်ပေ။ လင်းအာသည် သူ၏ဦးနှောက်ကို အချိန်အတော်ကြာ အလုပ် ပေးပြီးနောက် ဝမ်ရှန်း ပြောခဲ့သည့် မြွေပုံစံအရ ထိုမြွေ အကိုက်ခံရသည်နှင့် သွေးပုတ်ကို ထုတ်လိုက်မည် ဆိုလျှင်တောင် ၁၅ မိနစ်အတွင်း အချိန်မီကယ်ရန် လိုအပ်ကြောင်း စဉ်းစားမိ သွားသည်။ အချိန်မီ မကယ်နိုင်လျှင် အဋ္ဌမအဆင့် ဝိဉာဉ်သခင်သည်ပင် သေသွားနိုင်ပေသည်။
ကံကောင်းသည်က သူတို့အဖွဲ့သည် ထွက်သွားသည်မှာ မိနစ် အနည်းငယ်သာ ရှိသေးကာ မြွေကိုက်ခံရပြီး ၁၅ မိနစ်အတွင်း အလျင်အမြန် ပြန်ရောက် လာနိုင်ခြင်း ဖြစ်သည်။ ဆေးသောက်ပြီးနောက် ထိုလူ၏မျက်နှာ တဖြည်းဖြည်းချင်း လန်းလာသည်ကို မြင်လိုက်ရမှ အားလုံးလည်း သက်ပြင်း ချလိုက်နိုင်ကြတော့၏။
သို့သော် ထိုမြွေသည် အဆိပ်ပြင်းမြွေ တစ်ကောင်ဖြစ်သည်။ ထို့ကြောင့် ချူမိသားစုမှ ထိုကောင်လေးသည် အပြည့်အဝ ပြန်လည် သက်သာရန် အတွက် အနည်းဆုံး နှစ်ဝက် အချိန်ယူ ရပေမည်…
သို့သော် ထိုကဲ့သို့ ဆိုလျှင်တောင် ကံအလွန် ကောင်းနေပြီဖြစ်၏။ ထိုအချိန်တွင် သူ့အား အကူအညီ ပေးသည့်လူသာ မရှိဘူးဆိုလျှင် သူသည် ထိုနေရာ၌ပင် ချက်ချင်း သေသွားမည် ဖြစ်သည်။
တော်ဝင်ရတနာ စံအိမ်သည် ထိုနေရာသို့ မြွေဆိပ်ဖြေဆေး ရာနှင့်ချီ သယ်လာခဲ့သည်။ သို့သော် တော်ဝင်ရတနာ စံအိမ်က ဝမ်ရှန်းအား ဆေးများဖြင့် ကမ်းလှမ်းသည်ကို မြင်လိုက်ရသော အခါမှသာ တော်ဝင်ရတနာ စံအိမ်သည် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ဝမ်ရှန်း၏ ညွှန်ကြားချက်ဖြင့် မြွေအဆိပ်ဖြေဆေးများကို စတင် သုသေတနပြုခဲ့ကြောင်း အားလုံး သိလိုက်ရသည်။ သူတို့သည် အကိုက်အပျောက်ဆေး၊ သွေးထွက်လွန်ခြင်း အတွက်ဆေး အစရှိသဖြင့် တို့ကိုလည်း ထုတ်လုပ်ခဲ့ သေးပေသည်။
ထိုဆေးများကို ဝမ်ရှန်းကိုယ်တိုင် အထူးမှာယူခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် ဘာများ မေးမြန်းစရာ လိုနေဦးမည်နည်း… ဝမ်ရှန်း မှာယူသည့်အရာ မည်သည့် အရာကိုမဆို အားလုံး အလျင်အမြန် ယူဆောင် သင့်ပေသည်။ ပစ္စည်း မရှိတော့မှ ယူချင်သည်ဆိုလျှင် နောက်ကျသွားပြီ ဖြစ်၏။
ယခုတစ်ကြိမ်တွင် တော်ဝင်ရတနာစံအိမ်သည် ပစ္စည်းအရေအတွက်ကို အကန့်အသတ်ဖြင့် ထုတ်လုပ်ခြင်း ဖြစ်သည်။ နောင်တွင် အဓိက အင်အားစုများသည် ဂျင်ဒီနယ်မြေ အတွင်းသို့ လူများ ထပ်မံ စေလွှတ်ဦးမည် မဟုတ်ပါလား…
ယခုလို အချိန်မျိုးတွင် ဝူရုံမြို့၏ ကုန်ဈေးနှုန်း ၁၀ ဆ ကြီးသည့် ပြသနာက ဘာမှ မဟုတ်တော့ပေ။ ကိုယ့်အသက်ကိုကိုယ် ကယ်တင်နိုင်မည် ဆိုလျှင် ရွှေဒင်္ဂါးများက ဘာအရေးနည်း…
မျက်စိတစ်မှိတ် အတွင်းမှာပင် ယခုတစ်ကြိမ် အတွက် တော်ဝင်ရတနာ စံအိမ်မှ ပြင်ဆင်ထားသည့် ဆေးပြားများ အားလုံး ရောင်းကုန် သွားခဲ့သည်။ မဝယ်လိုက်ရသည့် လူများသည် ကြိုတင် မှာယူထားကာ ပစ္စည်းရသည့် အချိန်မှ ယူ၍ ရပေသည်။
သူတို့သည် ဂျင်ဒီနယ်မြေ၏ တောစပ်နား၌ပင် ဤကဲ့သို့ ကြီးမားသည့် ပြဿနာမျိုးနှင့် ရင်ဆိုင်နေရပြီဖြစ်၏။ ထို့ကြောင့် ယခုအချိန်တွင် ဝမ်ရှန်းမှလွဲ၍ အားလုံးသည် ဂျင်ဒီနယ်မြေ၏ အန္တရာယ် ပွေလီလှပုံကို ထိတ်လန့် ကြောက်ရွံ့နေကြပြီ ဖြစ်သည်။
ထို့အပြင် အားလုံးသည် ဝူရုံမြို့ အပြင်ဘက်တွင် ဤကဲ့သို့ ကြောက်စရာ ကောင်းလောက်အောင် အဆိပ်ပြင်းလှသည့် မြွေများက ကြိမ်နွှယ်များ ကဲ့သို့ တွဲလျောင်း ကျနေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း…
သို့သော် ဤအဖြစ်အပျက်ကို ဖြစ်စေခဲ့သည့် အခြား အကြောင်းအရင်းကိုလည်း အားလုံး လျစ်လျူရှု ပစ်၍မရပေ။ ထိုလူငယ်သည် ဝမ်ရှန်း၏ စကားကို ကလန်ကဆန် လုပ်ခဲ့ခြင်းကြောင့် အကိုက်ခံခဲ့ရခြင်း မဟုတ်ပါလော။
ထိုအဖြစ်အပျက်ကို ထိုနေရာ၌ ရှိနေသည့်လူ ၁၁ ယောက်လုံး မြင်ခဲ့ကြားခဲ့ရသည်။ အကိုက်ခံရသည့် ချူမိသားစုမှ လူငယ်သည်လည်း သူ သတိပြန်ရလာသည့် အချိန်၌ သူ့အမှားကိုသူ ဝန်ခံခဲ့၏။
ဤအဖြစ်အပျက် မှတစ်ဆင့် ဝမ်ရှန်းပြောခဲ့သည့် ဖောက်ဖျက်၍ မရသည့် ဥပဒေသည် ဝမ်ရှန်း အလကား ပြောခဲ့ခြင်း မဟုတ်ကြောင်း၊ သူ၏လုပ်ပိုင်ခွင့် အာဏာကို ပြသရန် တမင်သက်သက် ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း မြင်နိုင်ပေသည်။ ဂျင်ဒီနယ်မြေသည် တကယ့်ကို အန္တရာယ် များလှသည့် နယ်မြေတစ်ခု ဖြစ်နေခြင်းပင်ဖြစ်၏။
ထို့အပြင် ဤအဖြစ်အပျက် မှတစ်ဆင့် ထိုအဓိက အင်အားစုများသည် တောတွင်း သဘာဝ အတွေ့အကြုံများနှင့် တောတွင်း၌ အသက်ရှင်သန် နေထိုင်ရေးတို့က အရေးတကြီး သင်ယူရမည့် အရာများဖြစ်ကြောင်း နားလည် သွားခဲ့ကြသည်။ သို့သော် ထိုအတွေ့အကြုံများသည် ပြင်ပတောအုပ်များ အတွက်သာ အကျုံးဝင်၏။
ယခုလက်ရှိ ဝမ်ရှန်း၏ တောတွင်း ကျွမ်းကျင်မှုသည် အဓိက အင်အားစုများ အားလုံး၏ အမြင်တွင် ဆရာအဆင့်ဖြစ်၏။ ဤအပိုင်းတွင် အဆင့်သတ်မှတ်မှုမျိုး ရှိသည်ဆိုလျှင် သူသည် ထိပ်သီးပိုင်းပင် ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည့် အဓိက အင်အားစုများ၏ စိတ်အား ထက်သန်မှုများ နင်းခြေ ခံလိုက်ရသည်ဆိုလျှင်ပင် သူတို့သည် ဝမ်ရှန်း၏ စကားများကို ကလန်ကဆန် မလုပ်ရဲကြတော့ချေ။
ဝမ်ရှန်း၏ “မလှုပ်ကြနဲ့” ဟူသည့် စကားကြောင့်သာ မဟုတ်ဘူးဆိုလျှင် သူတို့ ကိုးယောက်လုံးသည် ထိုမြွေများကို တိုက်ခိုက်ကာ ထိုနေရာ၌ပင် အသက်ပျောက် သွားလောက်ပြီဖြစ်၏။ လက်မလေးတင် သေဘေးမှ လွတ်မြောက် လာခဲ့ခြင်းဖြစ်၏။
စတုတ္ထအဆင့်အထိ လေ့ကျင့်နိုင်ခဲ့သည့် ဝိဉာဉ်သခင်များထဲတွင် မည်သူကများ တိုက်ပွဲ မတိုက်ဖူးခဲ့သနည်း။ သို့သော် ဤကဲ့သို့ အသက်ဘေးနှင့် နီးသည့် အဖြစ်အပျက်မျိုးက အလွန် ရှားပါးလှပေသည်။ အားလုံးသည် ထိတ်လန့် ချောက်ချား နေကြကာ ယနေ့တော့ ဆက်သွား၍ မရတော့ပေ။
အင်အားစုများ၏ ခေါင်းဆောင်များနှင့် ဝမ်ရှန်းတို့ ဆွေးနွေး တိုင်ပင်ကြပြီးနောက် သူတို့သည် ယနေ့နားကာ မနက်ဖြန်မှ ဆက်ထွက်ရန် သဘောတူ လိုက်ကြသည်။ ထို့အပြင် ယနေ့ ဖြစ်ရပ်ကြောင့် ချူမိသားစုမှ လူတစ်ယောက် လျော့သွားပြီဖြစ်၏။ နေရာတစ်နေရာ လွတ်နေကာ ထိုနေရာအတွက် အခြားသူ တစ်ယောက်ကို အစားထိုး၍ ရမရကိုလည်း ကြည့်ရဦးမည် ဖြစ်သည်။
ထိုအကြောင်းကို ဝမ်ရှန်း ဂရုမစိုက်ပေ။ ယနေ့တွင် နေ့တစ်ဝက်သာ ကြာခဲ့သော်လည်း ထိုအချိန်သည် သူ့စကား၏ အရေးပါမှုကို သက်သေပြနိုင်ခဲ့ပြီ ဖြစ်၏။ လူပြောင်းလည်း သူပြောသည့် စည်းမျဉ်းနှစ်ချက်ကို မဖောက်မလွဲ လုပ်ဆောင်လျှင်ရပြီ ဖြစ်သည်။ ကျန်တာကို သူ ဘာမှဂရုမစိုက်…
လူအုပ် အတွင်းတွင် ဉာဏ်ကောင်းသည့်လူအချို့ရှိသည်။ တော်ဝင်ရတနာ စံအိမ်မှ လင်းအာနှင့် ဝမ်ရှန်းတို့၏ စကားဝိုင်းကို သူတို့အားလုံး ကြားခဲ့ကြပေသည်။ ထို့ကြောင့် သူတို့ထံတွင် အခြား အတွေးတစ်ခု ပေါ်လာခဲ့သည်။
ဒုတိယအချက်သည် : သူသည် ဘာအတွက်ကြောင့်နဲ့မှ တာဝန်မရှိကာ ဘာကိုမှလည်း ရှင်းပြပေးမည်မဟုတ် ဟူ၍ဖြစ်သည်။ သို့သော် ဝမ်ရှန်းအား ဆွဲဆောင်နိုင်မည့် ကမ်းလှမ်းချက်မျိုး ပေးနိုင်မည်ဆိုလျှင် ထိုစည်းမျဉ်းကို ပြောင်းလဲ၍ ရနိုင်လောက်ကြောင်း အားလုံး နားလည်ပေသည်။ လင်းအာ လုပ်ခဲ့သည့် နည်းလမ်းအတိုင်း အခြားလူများလည်း လုပ်၍ရသည် မဟုတ်ပါလော။
ယခင်တွင် အင်အားကြီး မိသားစုများသည် မျက်ကန်းကဲ့သို့ ပြုမူခဲ့ကြ၏။ ဘာလုပ်သင့်လဲ ဆိုတာကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြဘဲ ဝမ်ရှန်းအား ဖမ်းကာ စုံစမ်း မေးမြန်းရန်သာ တွေးခဲ့ကြသည်။ သူတို့သည် အထက်စီး အာဏာရှင် ဆန်ရသည်နှင့် အသားကျ နေခဲ့ကာ အလွန် လွယ်ကူစွာ ဖြေရှင်း၍ ရနိုင်သည့် နည်းလမ်းကို မေ့လျော့ နေခဲ့ကြ၏။
သို့သော် ယခုကဲ့သို့ ဝမ်ရှန်းသည် သူ စိတ်ကျေနပ် စေလောက်သည့် ကမ်းလှမ်းမှုမျိုးဖြင့် ယခင်က သူတို့ သိချင်ခဲ့သည့် အချက်အလက်များကို ထုတ်ဖော် ပြောကြား နေသည်ကို မြင်လိုက် ရသောအခါ ဂိုဏ်းခေါင်းဆောင် ဘယ်နှယောက် လောက်တောင် အပြစ်တင်ခံရလဲ မသိတော့ပေ။ သိုက်မိသားစုသည်ပင် သူတို့၏ အတွင်းစည်းဝေးပွဲ၌ သူတို့ အမှားများကို ပြန်လည် သုံးသပ်ခဲ့ကြသည်။
ယခုတစ်ကြိမ်တွင် မိသားစုများသည် သူတို့၏ သားသမီးများကို အမိန့်ပေး ထားခဲ့သည်။ ဂျင်ဒီနယ်မြေ အတွင်း ဝမ်ရှန်းနောက် လိုက်သွားသည့် လူများသည် ဝမ်ရှန်း အမိန့်ကို လုံးဝ သည်းခံနာခံရန် ဖြစ်၏။ မဟုတ်လျှင် သူတို့သည် မိသားစု စည်းမျဉ်း စည်းကမ်းကို ချိုးဖျက်ရာ ရောက်သွားမည် ဖြစ်ကာ ခေါင်းဆောင်၏ အမိန့်အတိုင်း အပစ်ပေးခြင်း ခံရမည်ဖြစ်သည်။
***