Switch Mode

Chapter – 249

ခွင့်မပြုတာတွေကို မလုပ်နဲ့ (၂)

အပိုင်း ၂၄၉
ခွင့်မပြုတာတွေကို မလုပ်နဲ့ (၂)

လူ ၁၁ ယောက်အုပ်စုတွင် သုံးလေးယောက်ခန့်သည့် အရှေ့ပိုင်း၊ ဝမ်ရှန်းသည် အလယ်၌ရှိကာ အနောက်ပိုင်းတွင် ခြောက်ယောက် ခုနစ်ယောက်ခန့်ရှိသည်။ ဝမ်ရှန်းသည် အရှေ့သို့တိုးရန် လမ်းပြ၏။ လက်နက် အပြည့်အဝ တပ်ဆင်ထားသည့် လူအတန်း လိုက်ကြီးသည် အလွန် စံနှုန်းပြည့်ဝသည့် စူးစမ်း လေ့လာရေး ခရီးသွားအဖွဲ့ တစ်ဖွဲ့နှင့် တူပေသည်။

ဝမ်ရှန်းပြောသည့် အဝါရောင်ကြိမ်ပင်သည် သူတို့ ဖြတ်လာသည့် အချိန်တွင် သစ်ပင်ထက်မှ တွဲလျောင်း ကျနေ၏။ ထိုနေရာ တစ်ဝိုက်တွင် ထိုကဲ့သို့သော ကြိမ်ပင်မျိုး များစွာရှိကာ ကြည့်လိုက်သည်နှင့် သာမန် မဟုတ်ကြောင်း သိသာပေသည်။

အရှေ့မှ ဖြတ်လျှောက်သွားသည့် လူများသည်ပင် ဤကြိမ်ပင်များက တစ်ခုခု မှားယွင်းနေသည်ဟု မခံစားမိကြပေ။ သို့သော် ဝမ်ရှန်းသည် ဤကြိမ်ပင်များကို မထိရန် တကူးတက ပြောဆိုခဲ့သည်။ သူ ဘာလို့ ဤကဲ့သို့ ပြောခဲ့သနည်း…

အချို့လူများသည် ဝမ်ရှန်း ပြောခဲ့သည့် ဖျောက်ဖျက်၍ မရသော စည်းမျဉ်း စည်းကမ်းအကြောင်း အမှတ်ရ သွားခဲ့ကြသည်။ ဝမ်ရှန်းသည် ဤနည်းလမ်းဖြင့် အဖွဲ့အတွင်း၌ သူ၏လုပ်ပိုင်ခွင့် အာဏာကို ဖော်ပြခြင်း ဖြစ်နိုင်သည်။

ထိုအမိန့်ကြောင့် အဖွဲ့အတွင်းမှ အချို့လူများ မကျေမနပ် ဖြစ်သွား၏၊ ဒါလေးကို မထိရုံပဲမလား… ဂျင်ဒီနယ်မြေထဲတွင် အန္တရာယ်များသည့် အရာများ များစွာရှိသည်။ မသိသည့် အရာကို မထိရခြင်းက အများသိကြသည့် စည်းကမ်း တစ်ခုပင်ဖြစ်၏။ ဝမ်ရှန်းက မထိခိုင်းဘူး ဆိုမှတော့ မထိလိုက်ရုံသာ ဖြစ်၏၊ ဘာမှအပန်းမကြီးပေ။ စတုတ္ထအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်သည့် ဝိဉာဉ်သခင် အများစုသည် သူတို့၏ စူးစမ်းသိချင်လိုစိတ်ကို ဖုံးဖိထိန်းချုပ် နိုင်ပေသည်။

ပြဿနာမှာ နေရာတိုင်းတွင် ကလန်ကဆန် လုပ်ချင်သည့် ကြွက်မည်းများ ရှိနေခြင်းပင် ဖြစ်သည်။ သူတို့သည် စူးစမ်းစပ်စုလိုစိတ် ပြင်းထန်ရုံသာက သူတို့၏စိတ်နှလုံး အောက်ခြေတွင် ဝမ်ရှန်းအပေါ် မကျေနပ်စိတ်များလည်း ရှိနေသည်။

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည် လွန်ခဲ့သည့် ရက်များ ကတည်းက သူတို့၏ ဂုဏ်သိက္ခာကို ချနင်းနေခဲ့ခြင်း ဖြစ်ကာ ထိုအရာအသည် အလွန်ကို စိတ်မချမ်းမြေ့စရာ ကောင်းလှပေသည်။

ထို့ကြောင့် ဝမ်ရှန်း၏ အမိန့်အား ကြားလိုက်ရသည့် အချိန်တွင် လေးနေရာမြောက်မှ လူသည် သူ့ရှေ့မှလူ၏ ခြေရာအတိုင်း တစ်ထပ်တည်း နင်းပြီးနောက် သူ၏မျက်နှာထက်တွင် ခနဲ့တဲ့တဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကြိမ်ပင်နားသို့ ရောက်သည့် အချိန်တွင် သူ တမင်သက်သက် ရပ်လိုက်သည်။ ထို့နောက် သူ၏လက်ကို တဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ အားလုံးက သူ့အား ထိတ်လန့်တကြား ကြည့်နေသည့် အချိန်မှာပင် ထိုအဝါရောင် ကြိမ်ပင်အား ဆွဲချ လိုက်တော့သည်။

ထိုသို့ဆွဲလိုက်သည့် အချိန်တွင် –

“ငါ မင်းပြောတဲ့အတိုင်း မလုပ်ဘူး၊ တွေ့လား” ဟူသည့် အကြည့်ဖြင့် သူ ဝမ်ရှန်းအား ကြည့်လိုက်၏။

သို့သော် မမျှော်လင့် ထားသည်မှာ ဝမ်ရှန်း၏ မျက်နှာထက်၌ ဒေါသထွက်သည့် အရိပ်အယောင်ကို သူ မတွေ့ရ၊ သူ၏ဂုဏ်သိက္ခာကို အစော်ကား ခံလိုက်ရသည့် ခံပြင်းမှုမျိုး မတွေ့ရ… သူ သေဆုံးတော့မည်ကို ထိုင်ကြည့် နေသကဲ့သို့ ဝမ်ရှန်း၏ မျက်လုံးများထဲတွင် သနားရိပ်များကိုသာ မြင်နေရသည်။

ဝမ်ရှန်း၏ မျက်နှာရိပ် မျက်နှာကဲအား မြင်လိုက် ရသောအခါ ထိုလူ သူ၏လှုပ်ရှားမှုများကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူသည် စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ သူသာ ပြန်ဆုတ် လိုက်မည်ဆိုလျှင် သတ္တိမရှိရာ ရောက်သွားမည် မဟုတ်ပါလား… ထို့ကြောင့် သူသည် ရပ်ရမည့်အစား အရှိန်ကိုသာ မြင့်တင်လိုက်သည်။

ထိုအဝါရောင် ကြိမ်ပင်ကို ထိလိုက်သည်နှင့် ရုတ်တရက် ကြိမ်ပင်သည် အောက်မှနေ၍ အပေါ်သို့ ထောင်တက် လာခဲ့ကာ ထိုလူ၏ လက်ချောင်းထိပ်ကို အားပြင်းစွာ ကိုက်ခဲလိုက်၏။ ထို့နောက် လျင်မြန်စွာပင် အောက်သို့ လျှောခနဲ ဆင်းသွားခဲ့၏။

ဖြစ်ပျက်သွားသည့် အဖြစ်အပျက်သည် အလွန် လျင်မြန် လှသော်လည်း ထိုနေရာ၌ ရှိနေသည့် လူများအားလုံးသည် စတုတ္ထအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုအရာက ကြိမ်ပင်မဟုတ်ဘဲ ကြိမ်ပင် အယောင်ဆောင်ထားသည့် မြွေတစ်ကောင် ဖြစ်ကြောင်း သူတို့အားလုံး ပြတ်ပြတ်သားသား မြင်ရပေသည်။

ထိုမြွေ၏ ပါးစပ်နှင့် ချွန်ထက်လှသော အစွယ်များသည် အားလုံး၏ မျက်စိအောက်မှ ပြေးမလွတ်ခဲ့ပေ။

ထိုလူငယ်သည် ထိုနေရာ၌သာ ငုတ်တုတ် ရပ်နေခဲ့၏။ သူသည် မလှုပ်ရှားချင်ခြင်းမဟုတ်၊ ရုတ်တရက်ကြီး လှုပ်ရှား၍ မရတော့ခြင်း ဖြစ်သည်။ သူ့လက်၌ ဝတ်ဆင်ထားသည့် ပဥ္စမအဆင့် သားရဲအရေဖြင့် ပြုလုပ်ထားသော လက်အိတ်သည် ဤအဆိပ်ရှိ မြွေ၏ သွားစွယ်များကို မတားဆီး နိုင်ခဲ့ပေ။ သူ၏အရေပြားကိုပါ ထုတ်ချင်း ပေါက်သွားခဲ့သည်။

သေးငယ်သည့် အပေါက်နှစ်ပေါက် လက်အိတ်ထက်၌ ပေါ်လာခဲ့သည်။ သူ၏လက် တစ်ခုလုံးသည်လည်း ထုံထိုင်းသွားကာ သူ့လက်ကိုသူပင် ခံစား၍ မရတော့ပေ။

“မလုပ်ကြနဲ့…”

အားလုံး ထိတ်လန့်သွားကာ ထိုမြွေများကို တိုက်ခိုက်ရန် ပြင်လိုက်သည့် အချိန်မှာပင် ဝမ်ရှန်း၏ ရုတ်တရက် အော်ဟစ်သံက သူတို့နားတွင်းသို့ ဝင်ရောက် လာခဲ့သည်။

ပုံမှန်အချိန်တွင် ဆိုလျှင်တော့ ဝမ်ရှန်း၏ စကားကို နားထောင်သည့်လူ သိပ်ရှိမည် မဟုတ်ပေ။

သို့သော် ယခု ဝမ်ရှန်း၏ တားမြစ်မှုကို ဖီဆန်ခဲ့သည့်လူ၏ အကျိုးဆက်ကို တွေ့လိုက်ရပြီ ဖြစ်သည့် အတွက်ကြောင့် မည်သူကများ နောက်တစ်ကြိမ် လှုပ်ရှားရဲ ကြတော့မည်နည်း…

ထို့ကြောင့် အားလုံးသည် တုတ်တုတ်မျှ မလှုပ်ရဲကြဘဲ ထိုနေရာ၌သာ တောင့်တောင့်ကြီး ရပ်နေလိုက်ကြ၏။ လူ ၁၁ ယောက်သည် စိတ်ခံစားချက်များ ကင်းမဲ့သည့် ရုပ်သေးရုပ် ၁၁ ရုပ်အဖြစ် ရုတ်တရက် ပြောင်းလဲ သွားခဲ့တော့သည်။

ရွှီး… ရွှီး… ရွှီး…

မြွေတွန်သံများ တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့ကာ ထို့နောက် ကြောက်စရာ ကောင်းလှသည့် မြင်ကွင်း တစ်ခုကို အားလုံး မြင်တွေ့လိုက် ရတော့သည်။ သစ်ပင်ထက်၌ တွဲလောင်း ကျနေသည့် အဝါရောင် ကြိမ်ပင်များအားလုံး တဖြည်းဖြည်းချင်း ခေါင်းထောင် လာခဲ့ကြလေသည်။

ကြိမ်ပင် တစ်ချောင်းစီသည် ယခုလေးတင် ထိုလူငယ်အား ကိုက်ခဲသည့် အဆိပ်ပြင်းမြွေနှင့် တစ်ထပ်တည်း အတူတူပင် ဖြစ်၏။ တရွှီးရွှီးဖြင့် ဘေးပတ်ဝန်းကျင်အား သတိထား ကြည့်လိုက်သည်။ သို့သော် မည်သည့် လှုပ်ရှားမှုမှ မတွေ့ရသောအခါ သူတို့သည် သစ်ပင်ထက်သို့ ပြန်တက်သွားပြီး မြင်ကွင်း အတွင်းမှ လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့သည်။

ထိုအချိန်မှာမှ ဝမ်ရှန်းမှ ပြောလာခဲ့သည်။ “မင်းတို့ မြွေကိုက်ခံရတဲ့ လူနဲ့ကြုံပြီဆိုရင် အရေးပေါ် အသက်ကယ်နည်းကို ချက်ချင်းလုပ်၊ ပြီးတော့ သူ့ကိုသယ်ပြီး လာရာလမ်း အတိုင်း မြန်မြန်ပြန်၊ အဲ့မှာ ကယ်ဆယ်ရေး ရှိရင် ရှိလောက်တယ်”

သို့သော် ဝမ်ရှန်းသည် ပြောသာပြောခြင်း ဖြစ်သည်၊ သူကိုယ်တိုင် လုပ်ရန် စိတ်ကူးမရှိပေ။ ထိုလူသည် သူ့အမိန့်ကို မနာခံကာ သူ့ကိုစိန်ခေါ်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းသည် ဘာအတွက် သူ့ကို ကယ်တင် ရမည်နည်း…

သူနှင့်အနီးဆုံး၌ ရှိနေသည့် လူနှစ်ယောက်သည် အလျင်အမြန်ပင် ထိုလူကို တစ်ယောက် တစ်ဖက်ထူမကာ သွေးပုပ်များ ထွက်စေရန် ဒဏ်ရာကို လှီးလိုက်ပြီး အဆိပ်ဖြေဆေး အရင်တိုက်လိုက်၏။

သူတို့ အားလုံးသည် အင်အားကြီး မိသားစုများမှ ဖြစ်သည်။ ထို့ကြောင့် အချင်းချင်း သိချင် သိနေနိုင်ပေသည်။ ထိုသို့ အလျင်အမြန် အရေးပေါ် ကယ်ဆယ်ရေး ပြုလုပ်ပြီးနောက် သူတို့သည် ထိုလူကိုသယ်ကာ ဝမ်ရှန်း ပြောသည့်အတိုင်း လာရာလမ်းအတိုင်း အလျင်အမြန် ပြန်သွားလိုက်ကြ၏။ အရှိန်နှုန်းသည် အလွန် လျင်မြန်လှကာ ခဏအတွင်းမှာပင် ဂျင်ဒီနယ်မြေ ဘက်၌ ရှိနေသည့် ဂိတ်တံခါးကို သူတို့ တွေ့လိုက်ရ၏။

ထိုတံခါးပေါက်တွင် ဝမ်ရှန်းတို့ ထွက်သွားသည်ကို စောင့်ကြည့်နေသည့် အခြားလူများ များစွာ ရှိနေသေးပေသည်။

“မြွေကိုက်ခံလိုက်ရတဲ့ လူရှိတယ်ဟေ့…”

အဝေးကတည်းက အော်ဟစ်လိုက်သည့် အသံကြောင့် ဂိတ်တံခါး၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

“ငါတို့ တော်ဝင်ရတနာ စံအိမ်မှာ မြွေဆိပ်ဖြေဆေး ရှိတယ်”

ဆူညံပွက်လော ရိုက်နေသည့် အသံများထဲတွင် အသံတစ်သံ ထွက်ပေါ်လာခဲ့ကာ အခြားအသံများ အားလုံးကို လွှမ်းခြုံသွားခဲ့၏။

ထိုအသံကို ကြားလိုက် ရသောအခါ ယခင်က တော်ဝင်ရတနာစံအိမ် မလှုပ်ရှားဘဲ ငြိမ်နေသည့် အကြောင်းအရင်းကို ဝမ်ရှန်း ချက်ချင်း နားလည် သွားသည်။ သူတို့သည် ဝမ်ရှန်း၏ နည်းလမ်းများ သို့မဟုတ် ဝမ်ရှန်း လိုအပ်သည့် အကိုက်အကဲ ပျောက်ဆေးနှင့် မေ့ဆေးများ အပေါ် ခွဲခြမ်းစိတ်ဖြာကာ ဤအတွက် ပြင်ဆင်နေခြင်းပင် ဖြစ်၏။

အချို့သည် ပြေးလာကြပြီး ထိုလူအား ကယ်တင်ရန် ပြုလုပ်ကြကာ အချို့သည် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မေးမြန်း လိုက်ကြ၏။ ဖြစ်ကြောင်းကုန်စင် ကြားပြီးနောက် အားလုံး ဝမ်ရှန်းအား အံ့သြတကြီး ကြည့်လိုက်ကြသည်။ သူ မလုပ်ခိုင်းသည့် အရာသည် တကယ့်ကို မလုပ်ရခြင်းပင်ဖြစ်၏။

“အဲ့ကြိမ်ပင်တွေက မြွေတွေဆိုတာ နင် ဘယ်လိုလုပ် သိတာလဲ… နင်တို့ ဖြတ်သွားတော့ သူတို့က ဘာလို့ မကိုက်တာလဲ။ ဘာလို့ သူ ဖမ်းဆွဲလိုက်မှ ကိုက်လိုက်တာလဲ”

ချိုသာသည့် အမျိုးသမီးသံ တစ်သံ ထွက်ပေါ် လာခဲ့သည်။ ထိုအသံသည် တော်ဝင်ရတနာ စံအိမ်မှ လင်းအာ၏ အသံပင်ဖြစ်၏။

ဝမ်ရှန်းသည် လူအုပ်အတွင်းမှ ထွက်လာသည့် လင်းအာအား ကြည့်ကာ ပြုံး၍ ခေါင်းခါ ပြလိုက်သည်။ သို့သော် ဘာမှမပြောခဲ့။ ဤအရာက ဝမ်ရှန်း ပြောခဲ့သည့် ဒုတိယမြောက် စည်းမျဉ်း စည်းကမ်း ဖြစ်ရမည်ဖြစ်ကြောင်း အားလုံး ချက်ချင်း နားလည် သွားခဲ့သည်။

လင်းအာသည်လည်း ထိုစည်းမျဉ်း နှစ်ခုကို ကြားခဲ့ဖူးပေသည်။ သို့သော် သူမသည် မစိုးရိမ်သွားဘဲ အေးအေးဆေးဆေးဖြင့်သာ ဝမ်ရှန်းအား ကမ်းလှမ်းလိုက်၏။

“နင် ငါ့ကို အကြောင်းအရင်း ပြောပြမယ်ဆိုရင် တော်ဝင်ရတနာစံအိမ်က ထုတ်လုပ်တဲ့ ဆေးဝါး အသစ်တွေ အားလုံး နင့်ကို အလကားပေးမယ်။ နင် နောက်ဆုံး တစ်ခေါက်တုန်းက ပြောခဲ့တဲ့ ဆေးတွေ အားလုံးရောပဲ”

“ငါ အရင်က မြင်ဖူးလို့ သိနေတာ”

နောက်ဆုံးတွင် လင်းအာ၏ ကမ်းလှမ်းချက်အား သဘောတူကာ ဝမ်ရှန်း ပါးစပ်ဟ လာခဲ့သည်။

“ငါတို့ဖြတ်သွားတုန်း မကိုက်တာက သူတို့ အိပ်နေလို့။ ဒါပေမယ့် အရူးတစ်ကောင်က ရုတ်တရက်ကြီး သူတို့ကို နှိုးလိုက်တယ်လေ”
***

Comment

Leave a Reply

Options

not work with dark mode
Reset