Switch Mode

Chapter – 248

ခွင့်မပြုတာတွေကို မလုပ်နဲ့ (၁)

အပိုင်း ၂၄၈
ခွင့်မပြုတာတွေကို မလုပ်နဲ့ (၁)

ဝမ်ရှန်းသည် သူတို့ကို ဘယ်လိုဘယ်ပုံ ပြင်ဆင်ပါဆိုပြီး မပြောခဲ့၊ ဂျင်ဒီနယ်မြေ အတွင်းသို့ သူ့နောက် လိုက်ခဲ့သည့် ဝိညာဉ်သခင်များ ဘယ်လို သေဆုံးသွားကြကြောင်းကိုသာ ပြောပြခဲ့သည်။ ထိုအကြောင်းအရာများသည် ထို ၁၀ ယောက်အား ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ရန် သူတို့ ပြင်ဆင်ထားသည့် အရာများ အားလုံးက တကယ်တမ်းတော့ ဘာမှအဆင်သင့် မဖြစ်သေးကြောင်း သူတို့အား တွေးမိသွားစေခဲ့သည်။

ဝမ်ရှန်း ထွက်သွားပြီး အချိန် အတော်ကြာ ပြီးနောက်မှာမှ သူတို့အုပ်စု တဖြည်းဖြည်းချင်း စတင် လှုပ်ရှား လာခဲ့သည်။ ထို ၁၀ ယောက် သာမက အိမ်တော်ထိန်း အပါအဝင် ထိုနေရာ၌ ရှိနေသည့် အခြားလူများ အားလုံးသည် ဂျင်ဒီနယ်မြေ၏ အတွင်းပိုင်း အခြေအနေကြောင့် ကြောက်လန့် တုန်လှုပ် သွားခဲ့ကြတော့၏။

မည်သူကမှ ဂျင်ဒီနယ်မြေ အတွင်းသို့ မဝင်ရောက်ဖူးခဲ့၊ ထို့ကြောင့် ထိုအတွင်းပိုင်းမှ အခြေအနေများကို မည်သူမှ ဂဃနဏ မသိ။ ဝမ်ရှန်း၏ စကားများကြောင့် သဲလွန်စ အနည်းငယ်ကို သိခဲ့ရသော်လည်း ထိုသဲလွန်စများသည် ကြီးမားသည့် ရေခဲတောင် တစ်ခု၏ ထိပ်ပမာဏသာ ရှိပေသည်။

ရေသောက်သည်မှအစ အကာအကွယ် အဝတ်အစားများ အဆုံး၊ လက်နက်များမှအစ ဆေးပြားများအဆုံး၊ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှုများပင် အရည်အချင်း မပြည့်မီကြောင်း သူတို့အားလုံး သိလိုက်ရသည်။

ထိုအချက်များ အားလုံးကို သိရှိပြီးနောက် အင်အားစုများ အားလုံးသည် နေရာ အသီးသီးမှ ဝါရင့်မုဆိုးများကို ချက်ချင်း ရှာဖွေလိုက်ကြသည်။ သူတို့ထံမှ တောရိုင်း သဘာဝ အတွေ့အကြုံများကို မေးမြန်းကာ ပြင်ဆင်မှု အသစ်များ ပြုလုပ်လိုက်ကြ၏။

ရတနာစံအိမ် အတွင်း လိုအပ်သည့် ပစ္စည်းများ ဝယ်ယူသည့် အချိန်တွင် ဝမ်ရှန်းသည် ယခင်က သူတို့ အဆက်အသွယ် မှတစ်ဆင့် လင်းလုံစံအိမ်မှ ဆရာကိုဖိတ်ကာ အဝတ်အစား အစုံလိုက်နှင့် ဘွတ်ဖိနပ်များကို ပြုလုပ်ခဲ့ကြောင်း ဆိုင်ပိုင်ရှင် အမျိုးသမီး ပြောသည်ကို မကြာခဏ ကြားခဲ့ရ၏။ ထိုသတင်း ပျံ့သွားသောအခါ အားလုံး၏ အာရုံများသည် ထိုသတင်းပေါ် ကျရောက် သွားခဲ့သည်။

ချက်ချင်းပင် အင်အားစုများ အားလုံး ရတနာစံအိမ်သို့ သွားကာ ထိုအချိန်၌ ဝမ်ရှန်း မှာယူခဲ့သည့် ပစ္စည်းများ အကြောင်း မေးမြန်းစုံစမ်း လိုက်ကြသည်။ ရတနာစံအိမ်သည်လည်း မသိုဝှက် ဖုံးကွယ် ထားနေပေ။ အခကြေးငွေ အနည်းငယ် ရရှိပြီးနောက် ဝမ်ရှန်း၏ အကာအကွယ် ဝတ်စုံနှင့် ချပ်ဝတ်တန်ဆာများ အကြောင်း အားလုံးကို အပြည့်အဝ ချပြလိုက်သည်။

အကြမ်းခံကြံ့ခိုင်သည့် အပြင်ဝတ်များနှင့် ဘောင်းဘီရှည်များကို ကြယ်ခြောက်ပွင့် သားရဲအရေပြားဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း၊ ဘွတ်ဖိနပ်ကို ကြယ်ငါးပွင့် သားရဲ၏ သားရေဖြင့် ပြုလုပ်ထားကာ ဖိနပ်အောက်ခြေသည် ခန္ဓာကိုယ် တစ်ခုလုံးကို အပြည့်အဝ အကာအကွယ် ပေးနိုင်ကြောင်း… ဝမ်ရှန်းသည် ခေါင်းနှင့် လည်ပင်းအတွက် သီးသန့်မမှာ ယူခဲ့သော်လည်း သူ၏လေကာ မျက်မှန်ပါသည့် ဦးထုပ်နှင့် မျက်နှာဖုံးများကိုလည်း ထည့်သွင်း ဖော်ပြခဲ့ပေသည်။

ရတနာစံအိမ်သည် ဤကဲ့သို့ မကြေညာခင်တွင် ဝမ်ရှန်းထံမှ လုပ်ပိုင်ခွင့် အပြည့်အဝ ရရှိထားပြီးဖြစ်၏။ ရလာတဲ့ ဝင်ငွေ တစ်စိတ်တစ်ပိုင်းကိုလည်း ဝမ်ရှန်းအား ခွဲဝေပေးပေသည်။

အင်အားစုများ အားလုံးသည် ရတနာများ တွေ့သွားသကဲ့သို့ ပျော်ရွှင် သွားကြ၏။ သူတို့သည် ဝမ်ရှန်းပစ္စည်းများ၏ အားသာချက်၊ အားနည်းချက်များကို ဝေဖန် စစ်ဆေး လိုက်ကြသည်။ ဤဝတ်စုံများကို ရက်အနည်းငယ် အတွင်း အပြေးအလွှား ကိုယ်တိုင် ချုပ်လုပ်ရန်က မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ဈေးကြီးကြီးဖြင့်သာ ရတနာစံအိမ်မှ ဝယ်ယူ လိုက်ကြရတော့သည်။

လူများအား နားမလည်နိုင် ဖြစ်စေသည်မှာ ရတနာစံအိမ်သည် ဤကဲ့သို့ ကြီးမားလှသည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင် နေသော်လည်း တော်ဝင်ရတနာ စံအိမ်ဘက်မှ မည်သည့် လှုပ်ရှားမှုမှ မရှိနေခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သတ်၍ ဝမ်ရှန်းသည်ပင် အနည်းငယ် အံ့အားသင့် နေသည်။ တော်ဝင်ရတနာ စံအိမ်နှင့် ရတနာစံအိမ်မှ ဆိုင်ပိုင်ရှင် နှစ်ယောက်တို့သည် သူ့ထံသို့ အတူတူ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် သူ ကြိုပြောခဲ့သည်၊ တော်ဝင်ရတနာ စံအိမ်မှ သူတို့ဘာသာသူတို့ မလှုပ်ရှားကြခြင်း ဖြစ်၏။ ထို့ကြောင့် ထိုကိစ္စသည် ဝမ်ရှန်းနှင့်မဆိုင်၊ အာရုံလည်း မစိုက်နိုင်ပေ။ အချိန်ကျသည်နှင့် ထို ဆယ်ယောက်ကို ခေါ်ကာ ထွက်သွားရမည်သာ ဖြစ်၏။ ကျန်သည့် အရာများကို လျစ်လျူရှု နိုင်ပေသည်။

အတွေ့အကြုံရှိသည့် ဝါရင့်မုဆိုးများကို ခေါ်ကာ လေ့လာသင်ကြား နေကြသည့် ထိုလူများသည်လည်း ထိုအချိန်မှာမှ ဝိညာဉ်အဆင့်မြင့်တိုင်း ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက်သွားလာ၍ မရကြောင်း၊ သူတို့အတွေးက လွန်စွာ မှားယွင်းခဲ့ကြောင်း သိခဲ့ကြရသည်။

အကယ်၍ သူတို့သာ ဤအချက်များကို ကြိုတင် သိရှိခဲ့မည်ဆိုလျှင် ဂျင်ဒီနယ်မြေ အတွင်းသို့ မျိုးဆက်လိုက် စွန့်စားခန်း ခရီးထွက်ခဲ့ကြသည့် ဝိညာဉ်သခင်များသည် သေဆုံးမှု များပြားမည် မဟုတ်ချေ။ တစ်ဉီးစ နှစ်ဉီးစမှာ ရှင်ကျန်နိုင်ပေသည်။ သို့သော် အကယ်၍ ဟူသည့် အဖြစ်မျိုး မရှိကြောင်း အားလုံး သိကြပေသည်။

“ကောင်လေး၊ သူတို့ အဲ့ဝါရင့်မုဆိုးအိုတွေ ဆီကနေ တစ်ခုခု သိသွားကြရင် မင်းကို ပ,ထုတ်လိုက်မှာကို မင်း မကြောက်ဘူးလား”

မိန်းမစိုးသည် ဤပထမဆုံး အသုတ်၏ ရလဒ်ကို ဦးစွာ စောင့်ကြည့်နေခြင်း ဖြစ်၏။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် တော်ဝင်မိသားစု ဘက်မှ မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။ သူသည် ဝမ်ရှန်းနှင့်အတူ သောက်နေစဉ်တွင် ထိုကဲ့သို့ ပြောလိုက်ခြင်းဖြစ်၏။

“မုဆိုးအိုတွေဆီကနေ လှည့်ကွက် တချို့လောက်သင်ပြီး ဂျင်ဒီနယ်မြေထဲ ဝင်ချင်နေတာလား…”

ဝမ်ရှန်းမှ ပြုံး၍ ပြောလိုက်သည်။

“အဲ့လိုဆိုရင် သူတို့ထဲက ဘယ်နှယောက်လောက် ဝင်ပြီး ပြန်ထွက် လာနိုင်မလဲဆိုတာ လောင်းကြည့်မလား”

ထိုမုဆိုးအိုများ၏ အရည်အချင်း လောက်လေးနှင့် ဂျင်ဒီနယ်မြေကို လျှော့တွက်လို့ ရသည်ဟု တကယ်ပဲ ထင်နေသည်လား.. အခြားသူများ မဆိုထားနှင့် ဝမ်ရှန်းကိုပဲကြည့်။ သူသည် သူ့ကမ္ဘာပေါ်တွင် ဘေးလွတ်မြောက် ရှင်သန်ရေး လေ့ကျင့်ရေးများ များစွာ ဖြတ်ကျော်ဖူး၏။ ဒါ့ပြင် သူ၏ဝိညာဉ် အဆင့်ကလည်း မဆိုးလှပေ။ သို့သော် ဂျင်ဒီနယ်မြေထဲသို့ ရောက်လျှင် သတိပေးချက် ထုတ်ပြန်တတ်သည့် တိုက်ပွဲဝိညာဉ်သာ မရှိပါက သူသည် အခေါက် တစ်ရာမက သေနေလောက်ပြီဖြစ်၏။

ထိုလူများက ဂျင်ဒီနယ်မြေကို ရိုးရိုးရှင်းရှင်းသာ တွေးကြည့်ကြဖို့ ဝမ်ရှန်း မျှော်လင့်မိပေသည်။ ထိုကဲ့သို့ဆိုလျှင် သူ၏တည်ရှိမှုက ဘယ်လောက်တောင် အရေးပါကြောင်း သူ ပြသနိုင်မည်ဖြစ်၏။ ကံဆိုးသည်က ဤကမ္ဘာထဲတွင် ဦးနှောက်မရှိသည့် လူများမရှိခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် သူတို့ကို လမ်းပြပေးရန် သဘောတူပြီးသားဖြစ်ကာ အခကြေးငွေလည်း ရယူပြီးဖြစ်၏၊ ထို့ကြောင့် သူ့နောက်လိုက်မည့် လူများသည် ဘာ့အတွက်ကြောင့် ဘာမှမသိဘဲ စမ်းတဝါးဝါးဖြင့်သာ ဝမ်ရှန်းနောက် လိုက်ကြမည်နည်း…

………

ငါးရက်တာအချိန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ခြောက်ရက်မြောက်နေ့ မနက် မြို့အရှင်စံအိမ်သို့ ရောက်သည့် အချိန်တွင် ထို ၁၀ ယောက်သည် သူနှင့်ဆင်တူနီးပါး ဝတ်ဆင် ထားကြသည်ကို ဝမ်ရှန်း တွေ့လိုက်ရသည်။ သို့သော် သူတို့ ဝတ်စုံများတွင် ဇစ်ကြိုးမရှိပေ၊ လေးလံသည့် ကြယ်သီးများစွာကိုသာ အသုံးပြုထား၏။ ဘွတ်ဖိနပ်များကိုလည်း ထူထပ်စွာ ပြုလုပ်ထားကာ ကောင်းမွန်သည့် အကာအကွယ်များလည်း ပါဝင်၏။

“ကောင်းတယ်”

နောက်ဆုံး၌ အဝတ်အစားနှင့် အကာအကွယ်ပိုင်း ဆိုင်ရာတွင် ဝမ်ရှန်း အနည်းဆုံးတော့ စိတ်ကျေနပ်မှု ရှိသွားပြီဖြစ်၏။

အားလုံးသည် ဝမ်ရှန်း တောင်းဆိုထားသည့် အတိုင်း နှစ်ပေရှည်သည့် တောခုတ်ဓား တစ်ချောင်းစီ ယူလာခဲ့ကြပြီး ဓားတိုများကိုလည်း ယူလာခဲ့ကြ၏။ ရှည်လျားသည့် လက်နက်များကိုမူ သူတို့၏ သိုလှောင်လက်စွပ် အတွင်း၌သာ သိမ်းထားကြသည်။ ဝမ်ရှန်းသည် သူတို့ကို လက်နက်ရှည်များ ကိုင်ဆောင် ထားခွင့်မပြု၊ ဓားတိုများကိုသာ ကိုင်ခွင့်ပြုပေသည်။

သယ်နိုင်သမျှ အစားအစာနှင့် ရေများကိုလည်း သယ်ဆောင် လာကြ၏။ ဆေးများ၊ အဆိပ်ဖြေ ဆေးပြားများ၊ အသုံးအဆောင်များ၊ ဆား၊ ကြိုး၊ မီးခတ်ကျောက်များ အားလုံး ဘာမှ မကျန်ခဲ့ပေ။ ကောင်းမွန်စွာ တပ်ဆင် ပြင်ဆင်ထားသည်ဟု ပြော၍ မရသော်လည်း လုံလောက်မှုတော့ ရှိပေသည်။

“ငါတို့ မြို့အပြင်ဘက် ၁၀ မိုင် ဝန်းကျင်ကိုပဲ အသားကျအောင် အရင်လုပ်မယ်”

ဝမ်ရှန်းသည် ယခင်ကတည်းက ဤကဲ့သို့ ပြောထားပြီးသား ဖြစ်၏။ ယခု နောက်တစ်ကြိမ် ပြန်ပြောသောအခါတွင်လည်း မည်သူမှ မငြင်းဆန်ခဲ့ပေ။ ဘာပဲပြောပြော တောနက်ပိုင်းသို့ ချက်ချင်း ဝင်ရောက်သည်ထက် စာလျှင် အတိမ်ပိုင်း၌ ကြိုတင် အသားကျ ထားခြင်းက ပိုမိုကောင်းမွန်ပေသည်။

……..

အဖွဲ့အတွင်း၌ ရှိသည့် လူများ အားလုံးသည် မတူညီသည့် အင်အားစုများမှ ဖြစ်၏။ ထို့ကြောင့် တစ်ဖွဲ့လုံး ပြေပြေပြစ်ပြစ် ညီညီညာညာ ဖြစ်ရန် ရက်အနည်းငယ် ကြာမြင့်ခဲ့သည်။

သူတို့သည် ယခင်က မတည့်ကြဘူး ဆိုလျှင်ပင် အဓိကနှင့် သာမညကို ခွဲခြားနိုင်ကြပေသည်။

“နောက်တစ်ခေါက် ထပ်ပြောမယ်၊ ငါ မင်းတို့ကို လုပ်ခိုင်းတဲ့ ဟာတွေကို မလုပ်ချင်ရင် မလုပ်လို့ရတယ်….”

မြို့အပြင်သို့ ရောက်သည့် အချိန်တွင် ဝမ်ရှန်းသည် သူတို့ ၁၀ ယောက် ရှေ့၌ရပ်ကာ ထိုစကားကို နောက်တစ်ကြိမ် ပြန်ပြောလိုက်၏။

“ဒါပေမယ့် မလုပ်ခိုင်းတဲ့ ဟာတွေကိုတော့ သေချာပေါက် လုပ်လို့မရဘူး၊ ကြားလား…”

“ကြားပါတယ်…” မညီမညာ ပြန်ဖြေသံများ ထွက်ပေါ်လာခဲ့သည်။ အချို့သူများက ဤအခြေအနေနှင့် နေသား မကျသေးကြောင်း ဝမ်ရှန်း မြင်လိုက်ရသည်။

သူတို့အဖွဲ့ စထွက်သည့် အချိန်တွင် တစ်ယောက်သည် ရှေ့ဆုံးမှ ဦးဆောင်ကာ အခြားသူများက နောက်မှ တည့်တည့် လိုက်ကြ၏။ ပထမဦးစွာ ခရီးသွားရသည့် ပုံစံနှင့် ကျင့်သားရအောင် လုပ်ယူရမည်ဖြစ်သည်။ ဂျင်ဒီနယ်မြေ အတွင်းတွင် လမ်းဟူ၍ သက်သက်ကြီး မရှိပေ၊ ဤပုံစံအတိုင်းဖြင့်သာ လမ်းဖွင့် သွားရမည် ဖြစ်သည်။

“မင်းတို့ရှေ့က လူရဲ့ ခြေလှမ်းတွေကို သေချာအာရုံစိုက်။ သူ့ခြေလှမ်းအတိုင်း တစ်ထပ်တည်း လိုက်နင်းတာက အကောင်းဆုံးပဲ…”

ဝမ်ရှန်း အနောက် လှည့်ကြည့်ကာ အားလုံးကို ဆော်သြလိုက်သည်။

“ပုံမှန်အတိုင်းပဲလျှောက်၊ အဲ့အဝါရောင် ကြိမ်ပင်တွေကို သွားမထိလိုက်နဲ့…”
***

Comment

Leave a Reply

Options

not work with dark mode
Reset