အပိုင်း ၂၄၇
မင်းတို့ အဆင်သင့်မဖြစ်သေးပါဘူး (၂)
“သူက သတ္တမအဆင့် ဝိညာဉ်သခင်ပဲ။ ဒါပေမယ့် ကံဆိုးတာက သူက ခြေဗလာနဲ့ ငါးဖမ်းရတာ သဘောကျတာပဲ”
ဤအကြိမ်သည် သိုက်ဝူကျီး လုပ်ကြံခံရသည်ကို အခြားလူများ ရှေ့တွင် ဝမ်ရှန်း အသေးစိတ် ပြောပြသည့် ပထမဆုံး အကြိမ်ပင်ဖြစ်၏။
“ဒါက ဂျင်ဒီနယ်မြေက ပင့်ကူလေးနဲ့တင် လုံလောက်ပြီ”
ဝမ်ရှန်းသည် လက်သန်းကို လက်မနှင့် သေးသေးလေး စိတ်ပြကာ ပင့်ကူ၏ အရွယ်အစားကို အားလုံးအား ပြလိုက်သည်။
“အဲ့အကောင်လေးက သူ့ခြေထောက်ကို ကိုက်လိုက်တော့ သူ့အကြောတွေ ထုံထိုင်းသွားပြီး မလှုပ်ရှားနိုင် ဖြစ်သွားတယ်။ အဲ့နောက်မှာ သူ ရေထဲပြုတ်ကျပြီး အရှင်လတ်လတ် ရေနစ်သေသွားတာပဲ”
“မင်းသိလား၊ မင်းက ပြေပြစ် ချောမွေ့နူးညံ့တဲ့ အသားအရေရှိပြီး လှပတဲ့ အမျိုးသမီး တစ်ယောက်ပဲ။ ဂျင်ဒီနယ်မြေက ပိုးမွှား ပိုးကောင်တွေကလည်း အဲ့ဒါကို တော်တော် ကြိုက်ကြမှာပဲ။ အဲ့ဒီတော့ ဘယ်လိုလဲ အစိတ်အပိုင်းတွေကို ပြထားချင်သေးလား”
ဝမ်ရှန်းမှ သူမမျက်နှာကို စိုက်ကြည့်ကာ ပုံမှန်အမူအရာဖြင့်သာ မေးလိုက်၏။
“ငါ… မပေါ်အောင် အဝတ်အစားတွေကို လုံလုံခြုံခြုံ ဝတ်လိုက်လို့ ရတယ်”
ဝမ်ရှန်း၏ စူးရှသော အကြည့်အောက်တွင် ထိုအမျိုးသမီးသည် အစောကကဲ့သို့ မောက်မာသည့် ပုံစံမျိုး မထိန်းထားနိုင်တော့ပေ။ ခေါင်းအနည်းငယ် ငုံ့သွားကာ ဝေ့လည်ကြောင်ပတ် ရှင်းပြလိုက်၏။
“ဟား…”
ဝမ်ရှန်း ခေါင်းမော့ကာ တစ်ချက် လှောင်ရယ်လိုက်၏။ ထို့နောက် ထိုအမျိုးသမီးအား အပေါ်အောက် စုန်ဆန်ကြည့်ကာ –
“အသားအရေ မပေါ်တာက ကောင်းတာပဲ…”
“အကာအကွယ် ဝတ်စုံတွေနဲ့ ချပ်ဝတ်တန်ဆာတွေ ဝတ်ထားတယ်၊ ဒါပေမယ့် အဲ့ချပ်ဝတ် တန်ဆာတွေကြားက အဟလေးတွေကြောင့် မမြင်ရလောက်အောင် သေးငယ်တဲ့ ဘာမှန်းမသိတဲ့ အင်းဆက်တွေ ကိုက်တာခံရလို့ သေသွားတဲ့ ဝိညာဉ်သခင်တွေကို မင်း မြင်ဖူးလား” ဝမ်ရှန်းမှ ပြုံး၍ မေးလိုက်သည်။
“အဲ့လူတွေက အကာအကွယ်တွေ ဝတ်ခဲ့လို့ တော်တော်တော့ ဉာဏ်ကောင်းကြတယ်လို့ ပြောလို့ရပါတယ်။ အဲ့လို ကိုက်ခံရပြီးတဲ့ နောက်မှာ သူတို့ အဝတ်အစားတွေ အားလုံးကို လက်နဲ့ကိုင်ပြီး ချွတ်လိုက်ကြတယ်။ ဒါပေမယ့် အဲ့လို လုပ်လိုက်တာကတော့ သူတို့ ဉာဏ်မကောင်းတော့ဘူး။ သူတို့က ယားလို့ဆိုပြီး သူတို့ကိုယ်ကို သူတို့ ကုတ်ကြတယ်၊ အကုတ်လွန်တော့ သူတို့ခန္ဓာကိုယ် အနှံ့ကနေ သွေးတွေ ထွက်လာတယ်။ အဲ့သွေးတွေက ပုရွက်ဆိတ် အုပ်စုလိုက်ကြီးကို ဆွဲဆောင် လိုက်တာပဲ။ အဲ့နောက်မှာ အဲ့အကောင်တွေ အုပ်လိုက်က အင်္ကျီတွေလိုပဲ သူတို့ကိုယ်ပေါ် ကပ်သွားတယ်”
ထိုမိန်းမလှလေး ဖြေကြားလာမည်ကို စောင့်မနေဘဲ ဝမ်ရှန်း အရင် အဖြေပြန်ပေး လိုက်တော့သည်။
“အဲ့မြင်ကွင်းက တော်တော်ကိုတော့ အံ့သြစရာ ကောင်းတဲ့ မြင်ကွင်းပဲ…”
ဝမ်ရှန်းမှ အံ့အားသင့်ဟန်ဖြင့် ပြောလိုက်၏။ သို့သော် သူ၏ မျက်လုံးများသည် မိန်းမလှလေး၏ ခန္ဓာကိုယ် တစ်ခုလုံးကို စကန်ဖတ်သကဲ့သို့ စစ်ဆေး ဖတ်ရှုနေခဲ့၏။
“အလှလေး၊ မင်းအသားအရေကလည်း နူးနူးညံ့ညံ့လေးနဲ့ ပါးပါးလေး၊ အိမ်း… မင်းလက်သည်း ရှည်ရှည် ထက်ထက်နဲ့တော့ ကိုက်ပြီ။ အဲ့ပိန်လှိန်နေတဲ့ ယောကျာ်းသားတွေထက် ပိုကြည့်ကောင်းမှာပဲ”
“အင့်..”
ဝမ်ရှန်း ပြောခဲ့သည့် လူများ၏ ဆိုးဝါးလှသည့် သေဆုံးခြင်း အတွေ့အကြုံကို ပြန်စဉ်းစားမိကာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာသည့် အလှလေးပင် မတောင့်ခံနိုင်ပေ။ ချက်ချင်း သူမပါးစပ်မှ အာမေဋိတ်သံ ထွက်ပေါ်သွားခဲ့၏။ မျက်လုံးများထဲ၌လည်း အကြောက်တရားများ ထွက်ပေါ် လာခဲ့သည်။
ဝမ်ရှန်း ရှေ့တည့်တည့်၌ ရှိနေသည့် ထိုအမျိုးသမီး သာမက အခြားအမျိုးသမီး နှစ်ယောက်သည်လည်း ထိတ်လန့်တကြား အော်ဟစ် လိုက်ကြသည်။ အခြားအမျိုးသားများသည် အသံမထွက်ခဲ့သော်လည်း မျက်နှာကတော့ ပျက်ယွင်း သွားပေသည်။
ဝိညာဉ်သခင်များ အတွက် သေဆုံးခြင်းသည် ကြောက်စရာ ကောင်းသည့် အရာတစ်ခုမဟုတ်။ ကြောက်စရာ ကောင်းသည်မှာ မရှုမလှ သေဆုံးရခြင်းဖြစ်သည်။ အထူးသဖြင့် ကိုယ့်အရေခွံကို ကိုယ်နွှာကာ ရွံစရာ ကောင်းပြီး ကြောက်စရာ ကောင်းသည့် ပိုးမွှားကောင်များ၏ စားသောက်ခြင်းကို ခံရခြင်းက သူတို့ကို အန်ချင်စိတ်ပင် ပေါက်သွားစေခဲ့သည်။
“လှလိုက်တဲ့ ဝတ်စုံလေး၊ တောက်နေတာပဲ… ပန်းဝတ်မှုံ ဝတ်ရည်တွေကို စားသောက်တဲ့ ပိုးမှားတွေကတော့ သေချာပေါက် ကြိုက်မှာပဲ”
ဝမ်ရှန်း အရှေ့သို့ တစ်လှမ်းတက်ကာ ထိုမိန်းမလှလေး၏ ဂါဝန် အစွန်းကို လက်ပေါ် တင်ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ထို့နောက် သူမနားမှ အနံ့ကို နှာခေါင်း တရှုံ့ရှုံ့ဖြင့် အနံ့ခံကြည့် လိုက်သည့် အချိန်တွင် မွှေးပျံ့သည့် မွှေးရနံ့တစ်ခု ရလိုက်သည်။ ဝမ်ရှန်း နောက်တစ်ကြိမ် ချီးကျူး ပြောဆိုလိုက်၏။
“အမွှေးနံ့သာတွေတောင် ဖျန်းထားသေးတာပဲ၊ တော်တော်ကို မွှေးတာပဲ။ ဒါပေမယ့် ငါက ဒီအနံ့ကို ရှူရတာ တော်တော်ကို ကြိုက်တယ် ဆိုပေမယ့် ဆာလောင်နေတဲ့ အဲ့သားရဲတွေကတော့ သေချာပေါက် အနံ့ရှူရတာကိုပဲ ကြိုက်မှာ မဟုတ်ဘူးနော်။ အင်းပါ အင်းပါ… အနံ့ကြောင့် မင်းကိုရှာတွေ့မှာ မဟုတ်ပါဘူး။ ပြီးတော့ အမွှေးနံ့ကိုကြိုက်တဲ့ အဆိပ်ရှိ အင်းဆက်တွေလည်း မင်းကို သေချာပေါက် ရှောင်သွားကြမှာပေါ့ နော့…”
ရှည်လျားလှသည့် ရွဲ့ပြောသော စကားများကို ကြားလိုက် ရပြီးနောက် မိန်းမလှလေးသည် မြေကြီးနှင့် ထိလုမတတ် ခေါင်းငုံ့သွားကာ ခေါင်းကို ပြန်ပင် မမော့ရဲတော့။ ဝမ်ရှန်း၏ အပြုအမူက ရိုင်းပျ နေသော်လည်း သူမ ဘာမှပြန်မပြောမိခဲ့။ သူမသည် သူမ၏ ဝိညာဉ်အဆင့်က ဝမ်ရှန်းထက် မြင့်နေသည်ကိုပင် မေ့လျော့နေခဲ့၏။
“ဟိုး… မင်းရဲ့ ဝတ်စုံလေးကလည်း တော်တော်လှတာပဲ”
ဝမ်ရှန်း ဒုတိယမြောက် အလှလေးထံ လျှောက်သွားကာ ချီးကျူး ပြောဆိုလိုက်၏။ ဤအမျိုးသမီးသည် အစောမှ အမျိုးသမီးကဲ့သို့ မလှပသော်လည်း အသေအချာ လေ့ကျင့်ထားသည့် သူမ၏ခန္ဓာကိုယ် အချိုးအစားသည် ဆွဲဆောင်မှု ရှိလှပေသည်။
“အဲ့မှာ ဆူးချွန်တွေ အများကြီး ရှိရင်ရှိနေနိုင်တယ်၊ အဲ့ဆူးချွန်တွေက အဝတ်အစားတွေမှာ ညှိရင် လှုပ်ရှားမှုတွေ နှောင့်နှေးကုန်မှာပဲ”
ထိုအလှလေးသည် ဝမ်ရှန်းအား ဘာမှသိပ်မပြောခဲ့။ ထို့ကြောင့် ယခုတစ်ကြိမ် ဝမ်ရှန်း၏ ဝေဖန်မှုသည် ပေါ့ပါးကာ အစောကလောက် မပြင်းထန်ပေ။
“ဒါပေမယ့် နောက်ပြသနာ တစ်ခု ရှိနေသေးတယ် အလှလေး…”
ဝမ်ရှန်း ထိုအလှလေး ရှေ့သွားကာ ပြုံး၍ –
“မင်း ဂျင်ဒီနယ်မြေထဲ ဝင်ပြီးသွားရင် ၁၀ ရက်၊ လဝက်လောက် ရေချိုးရမှာ မဟုတ်ဘူးနော်။ အဲ့ဒါကြောင့် မင်း မသွားခင် မင်းအဝတ်အစားကို သေချာလျှော်ဖွတ်ဖို့ လိုတယ်။ လေတွေ၊ မိုးတွေ၊ ချွေးတွေနဲ့ အင်္ကျီကို စေးကပ်ကပ်ကြီး မဖြစ်စေနဲ့”
ထိုသို့ ပြောပြီးနောက် ဝမ်ရှန်း တတိယမြောက် အလှလေးဆီ သွားလိုက်သည်။ သူမသည်လည်း စကတ် ဝတ်ဆင်ထားခြင်း ဖြစ်၏။ ယခုတစ်ကြိမ်တွင် ဝမ်ရှန်းမှ စပြောလာမည်ကို စောင့်မနေတော့ဘဲ ထိုအလှလေးဘက်မှ စတင်ဝန်ခံလိုက်၏။
“ငါ အဆင်သင့် မဖြစ်သေးဘူး။ အဲ့ဒါကြောင့် ပြန်သွားပြီး သွားပြန်ပြင်ဆင် လိုက်မယ်”
“ဟုတ်ပြီ…”
ဝမ်ရှန်း ခေါင်းညိတ်ကာ ထိုအလှလေး၏ သဘောထားအား ထောက်ခံလိုက်၏။ ထို့နောက် အလှလေးနောက်၌ ရှိနေသည့် အမျိုးသား ဝိညာဉ်သခင်ရှေ့ ရပ်လိုက်သည်။
“ဘယ်နှရက်စာအတွက် အစားအသောက်တွေ ယူလာခဲ့လဲ”
ဝမ်ရှန်းမှ ချိုသာစွာ မေးလိုက်၏။
“၁၀ ရက်စာလောက်တော့ ဖူလှုံတယ်။ ဒါပေမယ့် ရေတော့ သိပ်သောက်လေ့ သောက်ထမ ရှိဘူးဆိုတော့ အဲ့နေရာက ရေကိုပဲ သောက်လို့လည်း ရတယ်မလား” ထိုလူမှ ဘာမှ အကန်ပြန်မပြောရဲဘဲ ရိုးသားစွာသာ မေးလိုက်၏။
“ခင်ဗျားကတော့ တော်တော် သတ္တိရှိတာပဲ…”
ဝမ်ရှန်း ခေါင်းညိတ်ကာ ထိုလူအား လက်မ ထောင်ပြလိုက်သည်။
“အရင်တုန်းက ငါ့နောက်လိုက်ခဲ့ဖူးတဲ့ လူတွေလည်း ဒီလိုမျိုးပဲဆိုတာ ငါ မှတ်မိတယ်။ သူတို့က ပဥ္စမအဆင့် ဝိညာဉ်သခင်တွေလောက် ဖြစ်မယ်။ ဒါပေမယ့် နောက်ပိုင်း သူတို့ ဘယ်လိုသေသွားလဲ ခန့်မှန်းကြည့်စမ်းပါ”
ဝမ်ရှန်း၏အဖြေကို ထိုဝိညာဉ်သခင် မသိပေ။ ထို့ကြောင့် ခေါင်းသာ ခါယမ်းလိုက်နိုင်၏။
“ဝမ်းလျှော ကုန်တာပဲ။ သုံးရက်လောက် ဝမ်းလျှောပြီးတဲ့ နောက်မှာ သတ္တိတွေ ပျောက်ဆုံးကုန်တဲ့ သန်မာတဲ့ လူကြီးတွေကို မင်း မြင်ဖူးလား”
ဝမ်ရှန်း မဲ့ပြုံးပြုံးကာ မေးလိုက်၏။
“အဲ့အချိန်မှာ သူတို့ ခန္ဓာကိုယ်ရဲ့ အဆိပ်ဖယ်ထုတ် နိုင်စွမ်းတောင် ဘာမှ မလုပ်နိုင်တော့ဘူး။ နောက်ဆုံး ဘယ်လိုမှ မခံနိုင်တော့တဲ့ အဆုံး သူတို့ကိုယ်သူတို့ အောင်အောင်မြင်မြင် သတ်သေနိုင်ဖို့ နေ့ဝက်ကြာခဲ့တယ်။ ဒါပေမယ့် သူတို့က အဆိပ်သောက်ပြီး မသတ်သေခင် အချိန်အထိကို ဝမ်းလျှော နေခဲ့တာပဲ။ မင်းကရော အဲ့လိုပုံစံမျိုး ဖြစ်ချင်နေတာလား…”
လက်တစ်ဖက်ဖြင့် ထိုဝိညာဉ်သခင်၏ ပခုံးကို ပုတ်ကာ အခြားလက် တစ်ဖက်ဖြင့် သူ့မျက်နှာရှေ့၌ လက်မ ထောင်ပြလိုက်သည်။
“မင်းက ဂျင်ဒီနယ်မြေက ရေကို သောက်ရဲတာပဲ။ မင်းကိုငါ စိတ်ရင်းနဲ့ တကယ်ကို နှစ်နှစ်ကာကာ ချီးကျူးပါတယ်။ မင်းက သာမန်လူတော့ မဟုတ်ဘူးပဲ”
ပဥ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက် နောက်ဆုံး ထွက်သက်အထိ ဝမ်းလျှောနေခဲ့ခြင်းက ထိုဝိညာဉ်သခင်အား အထိန်းအချုပ်မဲ့ တုန်လှုပ် သွားစေခဲ့သည်။ သူသည် ဂျင်ဒီနယ်မြေ အတွင်းပင် မဝင်ရသေး၊ အလွန် ကြောက်ရွံ့နေပြီဖြစ်၏။
“အဆိပ်ငွေ့တွေ ကာဖို့ တစ်ခုခု ဝတ်ထားသေးလား”
ဝမ်ရှန်း ဘေးဘက်သို့ လျှောက်သွားကာ တူအရာ၌ ကျွမ်းကျင်သည့်လူအား မေးလိုက်သည်။
“အင်း… အဆိပ်ဖြေဆေးပြား ၂၀ ယူလာတယ်”
ယခုအချိန်တွင် ထိုလူသည် တည်ငြိမ်နေပြီ ဖြစ်၏။ ဝမ်ရှန်းက သူတို့ မပြင်ဆင်ရသေးသည်များကို ထောက်ပြနေကြောင်း သိသည့် အတွက်ကြောင့် သူသည် အတွန့်တက် မနေဘဲ ရိုးသားစွာသာ ပြန်ဖြေလိုက်၏။
“ပြီးတော့ အတွင်းဒဏ်ရာတွေနဲ့ အပြင်ဒဏ်ရာတွေ အတွက်လည်း ဆေးအစုံရှိတယ်”
“မင်းက အဲ့လောက်နဲ့ လုံလောက်ပြီလို့ ထင်ရင်တော့ လုံလောက်ပြီပဲပေါ့”
ဝမ်ရှန်းမှ ထိုလူအား ပြုံးပြကာ ပြောလိုက်သည်။
-ဒါပေမယ့် ငါ့နောက်ကို လိုက်တုန်းက သိုက်မိသားစုက သိုက်အော်ဆိုတဲ့လူ ရှိတယ်။ သူက အဆိပ်တောအုပ်ထဲမှာ ငါ့နောက်ကို သုံးရက်သုံးည တိုင်တိုင် လိုက်ခဲ့တယ်။ အဆိပ်ဖြေဆေးတွေ အားလုံးလည်း သုံးခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူက သူ့ကိုယ်သူ သတ်သေဖို့အားတောင် မရှိတော့ဘူး။ အဲ့လူက တွားသွား တစ်ကောင်လိုပဲ ငါ့ပေါ် တက်တွယ်ခဲ့ပြီး သူ့ကိုသတ်ပေးဖို့ ငိုယိုပြီး တောင်းဆိုခဲ့တယ်။ မင်း အဲ့မြင်ကွင်းကို ဘယ်တော့မှ မြင်ဖူးမှာ မဟုတ်ဘူး၊ ဘယ်တော့မှလည်း ပုံဖော်ကြည့်နိုင်မှာ မဟုတ်ဘူး”
***