Switch Mode

Chapter – 246

ခင်ဗျားတို့ အဆင်သင့် မဖြစ်သေးပါဘူး (၁)

အပိုင်း ၂၄၆
ခင်ဗျားတို့ အဆင်သင့် မဖြစ်သေးပါဘူး (၁)

“ဒါပေမယ့်၊ ကျွန်တော် ခင်ဗျားတို့တို့ကို သေချာပေါက် မလုပ်ခိုင်းတဲ့ အရာကို ခင်ဗျားတို့ သေချာပေါက် လုပ်… လို့… မ… ရ… ဘူး…”

ဒီတိုင်း ပုံမှန်လေသံဖြင့် ပြောလိုက်၍ သေချာပေါက် မရနိုင်ပေ။ ဝမ်ရှန်းသည် စကားလုံး တစ်လုံးချင်းစီကို သေချာ ဂရုတစိုက်ပြီး လေသံမာမာဖြင့် ပြောလိုက်၏။ သို့သော် သူတို့ အာရုံမစိုက်မည်ကို စိုးသောကြောင့် ဝမ်ရှန်းမှ နောက်တစ်ကြိမ် လေးနက်စွာဖြင့် –

“ဒါက ဖောက်ဖျက်လို့မတဲ့ စည်းမျဉ်း စည်းကမ်းပဲ။ ခင်ဗျားတို့ ဖောက်ဖျက်မယ် ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် ခင်ဗျားတို့မှာ တာဝန်ရှိတယ်”

၁၀ ယောက်လုံးသည် နားသာ နားထောင်နေကြကာ မည်သူမှ စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။ သို့သော် သူတို့မျက်လုံးများထဲမှ မကျေမနပ် အကြည့်ကိုများကို ဝမ်ရှန်း မြင်နေရပေသည်။

သို့သော် ဤအကြည့်များကို ဝမ်ရှန်း ဂရုမစိုက်ပါ၊ စိတ်လည်း မဝင်စား… နားမထောင်သည့် လူများသည် သေချာပေါက် အကျိုးဆက် ခံစားရမည်ဖြစ်၏။ ဂျင်ဒီနယ်မြေထဲတွင် ခြေလှမ်း တစ်လှမ်း မှားလိုက်ရုံဖြင့် အသက်ပျောက် သွားနိုင်သည်။ ထိုကဲ့သို့သော လူမျိုးများကို ဝမ်ရှန်း ဂရုစိုက်စရာ လိုပါသလား…

“အိမ်တော်ထိန်းဆရာ…”

ဝမ်ရှန်းသည် ဘေး၌ ရပ်နားထောင်နေသည့် အိမ်တော်ထိန်းဘက် လှည့်ကာ –

“ကျေးဇူးပြုပြီး အခု ကျွန်တော် ပြောခဲ့တဲ့ စကားကို နောက်တစ်ခေါက် ဂျင်ဒီနယ်မြေထဲ သွားချင်တဲ့ အင်အားစုတွေ အားလုံးကို တစ်ခါတည်း မှာထားပေးပါ”

အိမ်တော်ထိန်းမှ ခေါင်းညိတ်ကာ ပြန်ဖြေကြားလိုက်၏။

“အင်း၊ ငါ့ကိုလွှဲထားလိုက်… အဲ့လိုဆို မင်းလည်း ဘာမှအများကြီး ပြောစရာ မလိုဘူးပေါ့”

“ဒုတိယအနေနဲ့ ကျွန်တော်နဲ့ လိုက်သွားတဲ့လူတွေ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ကို ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ”

ဝမ်ရှန်း၏ ဒုတိယမြောက် စည်းမျဉ်း စည်းကမ်းထဲတွင် ခက်ထန် ကြမ်းတမ်းသည့် လူသတ်ရိပ်များ မပါနေပေ၊ လေသံသည် နူးညံ့သိမ်မွေ့ နေခဲ့၏။

“ဒါပေမယ့် ခင်ဗျားတို့ ဒီခရီးကနေ တစ်ခုခုကို သင်ယူ တတ်မြောက် လိမ့်မယ်လို့တော့ အာမ မခံဘူး။ ခင်ဗျားတို့ ဘာသာခင်ဗျားတို့ ကြည့်နိုင်တယ်၊ နားထောင်နိုင်တယ်၊ ပုံဖော် တွေးကြည့်နိုင်တယ်၊ ဒါပေမယ့် ကျွန်တော့်ကို ဘာမေးခွန်းမှ မမေးနဲ့၊ ဘယ်တော့မှ ဖြေမှာမဟုတ်ဘူး။ ပြီးတော့ ဂျင်ဒီနယ်မြေထဲ ဝင်ပြီးရင် ကျွန်တော် ဘာမှလည်း ရှင်းပြမှာ မဟုတ်ဘူး၊ ဘာလုပ်ပါ ဘာလုပ်ပါ ဆိုပြီးလည်း ပြောမှာ မဟုတ်ဘူး”

မဖျောက်ရသည့် ပထမဆုံး စည်းမျဉ်း စည်းကမ်းနှင့် ယှဉ်လျှင် ဤစည်းမျဉ်းက သိပ်ပြီး တင်းကျပ်ဟန် မရှိသော်လည်း ဉာဏ်ကောင်းသည့် လူတစ်ယောက်သည် ထိုစကားမှနေ၍ အကြောင်းအရာ များစွာကို ကြည့်မြင် နိုင်ပေသည်။

ပထမတစ်ခုက ပူးပေါင်း လုပ်ဆောင်ရန်၊ ဒုတိယတစ်ခုက စကားနားထောင်ရန်… ထိုစကားနှစ်ခွန်းတွင် စဉ်းစားစရာများ များစွာ ရှိပေသည်။ ပူးပေါင်း မလုပ်ဆောင်သည့် လူများက ဘာဖြစ်မည်နည်း…

ဘာဖြစ်မလဲ ဆိုတာမျိုးတွေကို ဝမ်ရှန်း မပြောခဲ့၊ သို့သော် ထိုနေရာ၌ ရှိနေသည့် လူများ အားလုံးတွင် မည်သူမှ မရူးနေပေ၊ အဆုံးသတ်ကို အားလုံး ခန့်မှန်းနိုင်ကြသည် မဟုတ်ပါလော…

“အခုအချိန်အထိတော့ ဒီစည်းမျဉ်း နှစ်ခုပဲရှိဦးမယ်”

ဝမ်ရှန်းသည် အပိုစကားများ ဆိုမနေခဲ့၊ ထိုစည်းမျဉ်း နှစ်ခု ပြောပြီးသည်နှင့် အားလုံးကို အမိန့်တစ်ခု ပေးလိုက်သည်။

“အခု ခင်ဗျားတို့ကို ပြင်ဆင်ချိန် ငါးရက်ပေးမယ်။ ခြောက်ရက်မြောက်နေ့ မနက် ဒီနေရာမှာပဲ ပြန်စုကြမယ်။ ငါးရက်ကို ဂျင်ဒီနယ်မြေ အပြင်ပိုင်း ၁၀ မိုင် ဝန်းကျင်ပဲသွားမယ်။ နောက် ၁၀ ရက်ကိုတော့ ဂျင်ဒီနယ်မြေထဲသွားမယ်”

ထိုသို့ ပြောပြီးသည်နှင့် ဝမ်ရှန်း တစ်ဖက်သို့ လှည့်ကာ ပြန်ရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် ရုတ်တရက် ဝမ်ရှန်း နောက်မှနေ၍ အသံတစ်သံ ထွက်လာခဲ့၏။

“ကျွန်မတို့ အဆင်သင့်ဖြစ်ပြီ။ အခုချက်ချင်း စလို့ရတယ်…”

ထိုစကားသံကြောင့် ဝမ်ရှန်း၏ ခြေလှမ်းများ ရပ်တန့်သွားကာ အနောက်သို့ လှည့်ကြည့် လိုက်သည်။ သူသည် လူတစ်ယောက်တည်း၏ မကျေမနပ် အကြည့်ကိုသာ မြင်နေရခြင်း မဟုတ်၊ သူရှေ့ရှိ အားလုံး၏ အကြည့်များသည် မကျေမနပ် အကြည့်များ ဖြစ်နေဖြစ်သည်။ ဘယ်သူ ပြောလိုက်တာလဲ ဆိုတာကို ဝမ်ရှန်း မေးကြည့်စရာပင် မလို၊ သူတို့အားလုံး ထိုကဲ့သို့ တွေးနေကြသည် မဟုတ်ပါလော။

“အဆင်သင့်ဖြစ်ပြီ ဟုတ်လား…”

ဝမ်ရှန်း၏ နှုတ်ခမ်းထက်၌ လှောင်ပြောင်သည့် အပြုံးတစ်ခု တွဲခိုဖြစ်ပေါ် လာခဲ့သည်။ သူသည် ဘယ်ဘက် ထောင့်စွန်းမှနေ၍ ညာဘက်အဆုံးထိ အားလုံး တစ်ယောက်ချင်းစီကို သေချာ စူးစိုက်ကြည့်ကာ နှာခေါင်းရှုံ့ လိုက်သည်။ ထို့နောက် ပြေပြစ်သော လေသံဖြင့် –

“ကျွန်တော် ပြောတာယုံ၊ ခင်ဗျားတို့ အဆင်သင့် မဖြစ်ကြသေးပါဘူး… အခု အိမ်ပြန်ရင်ပြန်၊ မဟုတ်လည်း ကြေးစား ခန်းမဆီ ပြန်သွားပြီး အတွေ့အကြုံရှိတဲ့ အမဲလိုက် သမားတွေကို မေး၊ ပြီးရင် ဂျင်ဒီနယ်မြေထဲ ဝင်ဖို့ ဘာတွေလိုတယ် ဆိုတာနဲ့ ဘာတွေ ပြင်ဆင်ရမယ်၊ အဲ့ပြင်ဆင်တာတွေကို ဘယ်လို သုံးရမလဲဆိုတာ သွားသင်ယူလာခဲ့ကြ။ ပြီးမှပြန်လာခဲ့ကြ…”

“ကျွန်မတို့ အဆင်သင့်ဖြစ်ပြီ…”

လူ ၁၀ ယောက် အတွင်းရှိ အမျိုးသမီး သုံးဦးထဲမှ တစ်ယောက်မှ ပြောလိုက်သည်။ သူမသည် အငယ်ဆုံး ဖြစ်ဟန်ရှိကာ တောက်ပသည့် အဝတ်အစားများ ဝတ်ဆင်ထား၏။ သူမသည် အစောမှ စကားကိုသာ ခနဲ့သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။ ထိုလေသံထဲတွင် ညုတုတု အသံလည်း အရိပ်အစွန်း ပါဝင်နေပေ၏။

ဝမ်ရှန်း၏ အကြည့်များ ထိုအမျိုးသမီးပေါ် ကျရောက်သွားကာ သူမအား တစ်ခဏတာ စုန်ချည်ဆန်ချည် ကြည့်လိုက်၏။ အမျိုးသမီးသည် သူမ၏လှပမှု၌ ယုံကြည်မှု အပြည့်အဝရှိဟန် ရှိသည်။ ဝမ်ရှန်း၏ အကြည့်ကြောင့် သူမ မရှက်သွားသည့်အပြင် ရင်ကော့ကာ ဝမ်ရှန်းအား ဝံ့ကြွားစွာ ကြည့်လိုက်၏။

“ဟုတ်ပြီလေ…”

ထို့နောက် ဝမ်ရှန်းသည် အခြားအမျိုးသမီး နှစ်ယောက်အား အဆင်မပြေစေမည့် စကားများ ပြောလိုက်သည်။

“သွယ်လျတဲ့ ခြေတံလေးတွေနဲ့ ဖွံ့ဖြိုးတဲ့ ရင်သားလေးတွေကြောင့် ဒီနေ့ ကျွန်တော် ခင်ဗျားကို နည်းနည်းပါးပါးတော့ သင်ပေးလိုက်မယ်”

ထိုသို့ ပြောပြီးနောက် ဘယ်ဘက်ထောင့်စွန်းရှိ အမျိုးသား ဝိညာဉ်သခင်ထံ လမ်းလျှောက်သွားကာ –

“တစ်ဆိတ်လောက်၊ ခင်ဗျား ဘာလက်နက် သယ်လာလဲ”

“ငါ အကျွမ်းကျင်ဆုံး ငါးပေရှည်တဲ့ ဓားရှည်ပဲ”

ထိုဝိညာဉ်သခင်သည် ထိုသို့ပြောကာ သူ၏လက်နက်ကို ထုတ်ပြလိုက်၏။

“တခြားရော ဘာရှိသေးလဲ”

ဝမ်ရှန်းမှမေးလိုက်သည်။

“မရှိဘူး”

ထိုလူမှ ရင်ကော့ကာ သူ့ကိုယ်သူ ဂုဏ်ယူစွာ ပြောလိုက်၏။

“လက်ထဲမှာ ဓားတစ်ချောင်း ရှိနေသ၍ ကမ္ဘာကြီးရဲ့ဘယ်နေရာကို မဆိုသွားနိုင်တယ်”

ထိုစကားသံကြောင့် ဝမ်ရှန်း စိတ်မသက်မသာ ဖြစ်သွားကာ စိတ်ဓာတ် ကျဟန်ဖြင့် သူနဖူးသူ ရိုက်လိုက်သည်။ ထို့နောက် တစ်ခဏ ကြာပြီးနောက် ခေါင်းမော့လာကာ –

“အကယ်၍ ခင်ဗျားက လမ်းမရှိတဲ့ တောကြီး မျက်မည်းထဲမှာ သစ်ပင်ချုံပုတ်တွေကြား ပိတ်မိနေမယ်။ ပြီးတော့ အဲ့အချိန် သားရဲတစ်ကောင်က ခင်ဗျားကို ရုတ်တရက် တိုက်ခိုက်လာမယ်… အဲ့လိုဆိုရင် ခင်ဗျားရဲ့ ငါးပေရှည်တဲ့ ဓားကြီးကို ဘယ်လိုသုံးမှာလဲ”

ကျဉ်းမြောင်းသည့် နေရာအတွင်းတွင် ငါးပေရှည်သည့် လက်နက်ကို အသုံးပြုခြင်းက ဦးနှောက် ရှိသည့်လူ မည်သူမှ လုပ်မည် မဟုတ်ပေ။

ဝမ်ရှန်း၏ မေးခွန်းကြောင့် ထိုအမျိုးသား အနည်းငယ် တွေဝေသွားသည်။ တစ်ခဏ ကြာသည်အထိ အဖြေမထွက်လာခဲ့။ သူ့ဓားကို အသုံးပြုကာ နွယ်ပင်များ အားလုံးကို ခုတ်ထစ် ရှင်းလင်း ပစ်ရမည်လား… သို့မဟုတ် ဝိညာဉ်စွမ်းအားများ သုံးကာ အရှေ့သို့ ဆက်တက် သွားရမည်လား… သို့သော် အချိန်တိုအတွင်း ထိုကဲ့သို့ ပြုလုပ်နိုင်မည် မဟုတ်ပေ။

“ဒါနဲ့ ကျုပ်နောက်ကို လူတစ်စု လိုက်ခဲ့ဖူးတယ်၊ ပြီးတော့ သူတို့က ပဉ္စမ ဝိညာဉ်သခင်တွေလို့ ပြောတယ်။ သူတို့ မြစ်ကမ်းဘေးမှာ ခွန်အားကြီး မျောက်ဝံတွေနဲ့ ပက်ပင်း တိုးတုန်းက သူတို့က သူတို့ရဲ့ မှော်လက်နက်တွေကို သုံးပြီး သစ်ပင်တွေခုတ်တယ်။ ပြီးတော့ ဖောင်လုပ်ကြတယ်”

ဝမ်ရှန်းသည် ထိုလူ၏အဖြေကို စောင့်မနေ၊ သူ့ဘာသာသူ ပြန်ဖြေလိုက်သည်။

“အဲ့ဒါက တကယ်ပဲ တော်တော်တော့ အံ့သြစရာ ကောင်းတယ်”

ဝမ်ရှန်း၏ မျက်နှာထက်တွင် ချီးကျူးသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“သန်မာတဲ့ မျောက်ဝံဘုရင်က လူတစ်ယောက်ကို ဖမ်းဆုပ်ပြီး တစ်လုတ်တည်း မျိုချလိုက်တဲ့ မြင်ကွင်းမျိုးကို ခင်ဗျားတို့ မြင်ဖူးလား”

ပဥ္စမအဆင့် ဝိညာဉ်သခင်များ အားလုံး အပိုင်းပိုင်း အပြတ်ပြတ် ကိုက်ဖြဲခံရသည်တဲ့…

ထိုအမျိုးသား ဝိညာဉ်သခင်၏ ဝိညာဉ်အဆင့်သည် စတုတ္ထအဆင့်သာ ရှိသေး၏။ ဝမ်ရှန်း၏စကားကို ပြန်လည် ချေပမည် ဆိုလျှင်တောင် သူတို့သည် အချိန်တစ်ခုအထိ အကြောင်းပြချက် ကောင်းကောင်းကို သူတို့ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နှုတ်ဆိတ်လျက်သာ နေလိုက်ကြ၏။

“လမ်းကြောင်းဖွင့်ပြီး ရှေ့ဆက် မတက်ချင်ဘူးဆိုရင် ခင်ဗျားရဲ့ ငါးပေရှည်တဲ့ ဓားကိုသုံးပြီး သစ်ပင်တွေကို ခုတ်ထွင်ပစ်လို့ ရတယ်။ ပြီးတော့ နှစ်ပေထက်မပိုတဲ့ တောခုတ်ဓားကို မြန်မြန် လုပ်လိုက်လို့ ရတယ်”

ဝမ်ရှန်းမှ ထိုဝိညာဉ်သခင်အား ပြောဆို ဆုံးမလိုက်သည်။

“ပြီးတော့ ငါးပေရှည်တဲ့ ဓားကို မသုံးချင်ဘူးဆိုရင်၊ သစ်သီးနွှင်ဖို့နဲ့ အသားတွေ လှီးဖြတ်ဖို့ပဲ ဓားကို သုံးချင်တယ် ဆိုရင်တော့ ပိုသေးတဲ့ ဓားကို ယူလာခဲ့ပေါ့”

“အဲလိုမဟုတ်ဘဲ၊ ဓားရှည်ကလွဲ မယူလာချင်ဘူး ဆိုရင် လိုက်ကို မလိုက်လာနဲ့”

ထိုသို့ ပြောပြီးသည်နှင့် ဝမ်ရှန်းသည် သူ၏ကျွမ်းကျင် လက်နက်က လှံဖြစ်သည်ဟု မိတ်ဆက်ခဲ့သည် ဝိညာဉ်သခင်ဘက် လှည့်လိုက်သည်။

“အဲ့ဒီတော့ ဓားရှည်နဲ့လူက ဘာလုပ်ရမလဲသိပြီ၊ ခင်ဗျားရော..”

ထိုလှံကျွမ်းကျင်သည့် လူသည် ဝမ်ရှန်း သူ့ရှေ့သို့ လျှောက်လာတော့မည်ကို မြင်လိုက် ရသောအခါ နှာခေါင်းရှုံ့ လိုက်၏။ ဝမ်ရှန်း၏ စကားများကို ကြားခဲ့ကြောင်း အသံတိတ် ဖော်ပြလိုက်သည်။

ထို့နောက် ဝမ်ရှန်း ယခုလေးတင် စကားပြောခဲ့သည့် ခြေတံသွယ်သွယ်နှင့် တုတ်ခိုင်သည့် ရင်နှစ်မြွှာရှိသော အလှလေးထံ လျှောက်သွား လိုက်သည်။ ဝမ်ရှန်းသည် သူမ ရှေ့၌ရပ်ကာ သူမ၏ တောက်ပသော အဝတ်အစားများနှင့် ဝတ်စုံအောက်မှ စိုပြေချောမွေ့သည့် အသားအရေအား ကြည့်လိုက်၏။

“အလှလေး၊ သိုက်ဝူကျီး ဘယ်လို သေသွားလဲဆိုတာ မင်းသိလား။ သိချင်လား…”

ဝမ်ရှန်း၏ မေးခွန်းအား ကြားလိုက် ရသောအခါ လူ ၁၀ ယောက်လုံး၏ မျက်နှာ အမူအရာများ ပြောင်းလဲ သွားခဲ့သည်။ ထိုနေရာ၌ ရှိနေသည့် မြို့အရှင်စံအိမ်မှ လူများ၏ နားရွက်များလည်း ပုံမှန်ထက် ပိုမိုထောင်ကား သွားခဲ့၏။ သူတို့သည် ဝမ်ရှန်း ဖြေလာမည့် အဖြေကို အတတ်နိုင်ဆုံး နားစွင့်ကာ နားထောင် နေလိုက်ကြသည်။ သိုက်မိသားစုသည် သိုက်ဝူကျီး သေဆုံးရသည့် အကြောင်းအရင်းကို ဖုံးကွယ်ထားခဲ့၏။ သို့သော် ထိုသေဆုံးမှု၏ တရားခံမှာ ဝမ်ရှန်းဖြစ်ကြောင်း အားလုံး သိပေသည်။ ယခုတွင် ဝမ်ရှန်းသည် ထိုအဖြေကို ပြောလိုက်တော့မည်များလား…
***

Comment

Leave a Reply

Options

not work with dark mode
Reset