အပိုင်း ၂၄၅
ပထမဆုံး စည်းမျဉ်းစည်းကမ်း (၂)
“အစ်မတို့ဂိုဏ်းက ဂိုဏ်းသားတွေကရော ဒီလိုနည်းလမ်းတွေကိုပဲ ကျင့်ကြံကြတာလား”
ဝမ်ရှန်းသည် ကျင့်စဉ် စာအုပ်များကို ယူကာ သိချင်စိတ်ဖြင့် ချင်းဝေအား မေးလိုက်၏။
“ဖြေဖို့မသင့်တော်ရင် မဖြေပါနဲ့”
ဤအရာသည် အခြားတစ်ဖက်ဂိုဏ်း၏ လျှို့ဝှက်ချက်ကို စုံစမ်းမေးမြန်းခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ရှန်းသည် အတင်းအကြပ်ကြီး တိုက်တွန်း မေးမြန်းနေမည် မဟုတ်ပေ။
“အခြေခံ အဆင့်မှာ ဆိုရင်တော့ ဒီလိုပဲ”
ချင်းဝေမှ မဖုံးကွယ်ခဲ့ပေ။ ပြောရမည်ဆိုလျှင် ဂိုဏ်းအတွင်းတွင် သူမ၏လက်ရှိ အဆင့်ဖြင့်ဆိုလျှင် သူမသည် ဘယ်လောက်မှ သိပ်ပြီး များများစားစား မသိပေ။ အောက်ခြေသိမ်းများထက် အနည်းငယ် ပိုသိခြင်းသာ ရှိ၏။
“အားလုံးက သူတို့နဲ့ အကိုက်ညီဆုံး ကျင့်စဉ်တွေ ရှိကြတယ်။ နင်လည်း ဒီထက်ပိုပြီး အဆင့်တက်အောင် ကြိုးစားဖို့ မမေ့နဲ့”
ဝမ်ရှန်း ခေါင်းညိတ် လိုက်၏။ ချင်းဝေတို့၏ ဂိုဏ်းသည် အတော်ကို တည်ငြိမ် ခိုင်ခံ့သည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ဟန်ရှိ၏။ ဝမ်ရှန်းသိသည့် အချက်များအရ အခြားလူများကို ရှုပ်ထွေး သွားစေနိုင်သည့် အလွန်ကြီးကျယ် ခမ်းနားသော ကျင့်စဉ် နည်းလမ်းများ ရှိသည့်ဂိုဏ်းများ ရှိပေသည်။ ဘယ်နည်းလမ်းက မှန်ပြီး ဘယ်နည်းလမ်းက မှားနေလဲ ဆိုတာကိုတော့ သူ မပြောနိုင်၊ သူတို့၏ လေ့ကျင့်ခြင်း နည်းလမ်းများက မတူကွဲပြားသည်ဟုသာ ပြောနိုင်၏။
သူ၏လက်ရှိ အခြေအနေဖြစ်သည့် နဂါးမင်းသား ကိုးပါးကို စဉ်းစားကြည့် လိုက်သောအခါ ထိုထဲတွင် ခန္ဓာကိုယ် ခွန်အား တောင့်တင်းခြင်း နည်းလမ်းများ အားလုံး ပါဝင်နိုင်ကြောင်း တွေးလိုက်မိသည်။ ထို့ကြောင့် ခွန်အားတိုးအောင် လုပ်ခြင်းက သူ၏လက်ရှိ အခြေအနေနှင့် ကိုက်ညီပေ၏။
ထို့သို့ ဆုံးဖြတ်ပြီးနောက် ဝမ်ရှန်း ချင်းဝေအား ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် ချင်းဝေ ပြန်သွားကာ သူ တစ်ယောက်တည်း ဖြစ်သွားသည့် အချိန်မှာမှ ဝမ်ရှန်း ထိုလေ့ကျင့်ရေး နည်းလမ်း စာအုပ်များကို လှန်ကြည့်လိုက်၏။
ထန်မင်းဆက်မှ ရရှိခဲ့သည့် “အောက်ထျန်းသိုင်း” သည် အလွန် စွမ်းအား ကြီးမား၏၊ သို့သော် အပ်စိုက်မှတ် ၄၅ ခု ရှိရန် လိုအပ်ပေသည်။ ဝိညာဉ်အဆင့် ပဥ္စမအဆင့် ရောက်မှ စတင် လေ့ကျင့်၍ ရမည်ဖြစ်၏။ သို့သော် ဝမ်ရှန်းသည် ထိုအောက်ထျန်း သိုင်းပညာရပ်ကို လေ့ကျင့်ချင်သည် ဆိုလျှင် ဆဌမအဆင့်သို့ ရောက်ရပေမည်။ ထိုအချိန်မှသာ အပ်စိုက်မှတ် အရေအတွက်က လုံလောက်မည် ဖြစ်၏။
ချင်းဝေသည် ဤကျင့်စဉ် နည်းလမ်းများကို သူမကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း နည်းလမ်းများသည် ဈေးကွက် အတွင်း၌ ရရှိနိုင်သည့် သာမန် နည်းလမ်း ကောင်းများ ဖြစ်သည်။ ထို့ကြောင့် ကောင်းသည်ဆိုသော်ငြား အလွန် ကောင်းမွန်သည့်ထဲ မပါပေ။ သို့သော် ဤကိစ္စနှင့် ပတ်သက်၍ ဝမ်ရှန်း စိုးရိမ်စရာ မလိုချေ။ တိုက်ပွဲဝိညာဉ် ရှိနေသ၍ တိုက်ခိုက်ရေး ကျင့်စဉ်နှင့် ပတ်သက်သည့် ပြဿနာများ အားလုံးကို ဖြေရှင်းနိုင်ပေသည်။
အတိတ်တွင် တိုက်ပွဲဝိညာဉ်သည် အောက်ထျန်း သိုင်းပညာရပ်အား အထူးပြုလေ့လာ လိုက်စားခဲ့သည်။ တစ်ခါတစ်ရံ တိုက်ပွဲဝိညာဉ် အောက်ထျန်း သိုင်းပညာရပ်ကို ပုံဖော်ပြရသည့် ရည်ရွယ်ချက်မှာ ဝမ်ရှန်း အပ်စိုက်မှတ် နှစ်ခု၊ လေးခု၊ ရှစ်ခုရှိလာသည့် အချိန်တွင် ထိုသိုင်းပညာရပ်အား လေ့ကျင့်နိုင်ရန် အတွက်ဖြစ်မည်ဟု ဝမ်ရှန်း တွေးကြည့်လိုက်သည်။
ဝမ်ရှန်း ကျင့်စဉ် ငါးခုလုံးကို သေချာ ဂရုတစိုက် ဖတ်ကြည့် လိုက်သည်။ ထို့နောက် ဝမ်ရှန်း ထင်ထားသည့် အတိုင်းပင် တိုက်ပွဲဝိညာဉ်သည် ဝမ်ရှန်း၏ လက်ရှိအပ်စိုက်မှတ် အရေအတွက်နှင့် ကိုက်ညီအောင် ထိုကျင့်စဉ်များကို ပြန်လည် ရေးမှတ် ပြင်ဆင်လိုက်သည်။
ထိုတစ်ချက်တည်းနှင့် ဝမ်ရှန်းသည် များစွာ အလုပ်ရှုပ် သက်သာသွားပြီ ဖြစ်၏။ ယခုအချိန်မှစ၍ လူ ၁၀ ယောက်ကို ဂျင်ဒီနယ်မြေ အတွင်းသို့ မခေါ်သွားခင် အချိန်အထိ အဆင့်အသစ်နှင့် နေသားကျရန် လိုအပ်ပေသည်။
ထို့နောက် လျှပ်တစ်ပြက် အတွင်းမှာပင် ဆယ်ရက်တာ ကုန်ဆုံး သွားခဲ့သည်။ ဝမ်ရှန်း ကတိပေးထားသည့် တစ်လ မပြည့်ခင်မှာပင် အိမ်တော်ထိန်းသည် လူတစ်ယောက် လွှတ်လိုက်ကာ ဝမ်ရှန်းအား မြို့အရှင်စံအိမ်သို့ ဖိတ်ခေါ် စေလိုက်၏။
ထိုနေရာတွင် လူ ၁၀ ယောက်သည် ဝမ်ရှန်းအား အသင့်စောင့် နေကြသည်။ သူတို့သည် ဝမ်ရှန်း နောက်လိုက်ကာ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ရန် မြို့အရှင်မှ သေချာဂရုတစိုက် ရွေးချယ်ထားသည့် ပထမဆုံး အသုတ်မှ လူများဖြစ်၏။
၁၀ ယောက်တွင် အမျိုးသားရော အမျိုးသမီးရော ပါပါသည်။ သို့သော် သူတို့ထံတွင် တူညီသည့် အချက်များ များစွာရှိကြ၏။ အသက် အကြီးဆုံးသည် ၃၀ ခန့်ရှိကာ အငယ်ဆုံးသည် ဝမ်ရှန်းနှင့် အသက်အတူတူ လောက်ပင်ဖြစ်၏။
ဒုတိယအနေဖြင့် သူတို့၏ ဝိညာဉ် အခြေခံအဆင့်သည် အတူတူဖြစ်သည်။ အားလုံးသည် အနိမ့်ဆုံး စတုတ္ထအဆင့် ရှိ၏။ ဝမ်ရှန်းသည် အနိမ့်ဆုံး စတုတ္ထအဆင့်ဟု ပြောခဲ့သည့် အတွက်ကြောင့် သူတို့သည် ဝမ်ရှန်းနှင့် အရွယ်တူ စတုတ္ထအဆင့် ဝိညာဉ်သခင်များကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ထက် အဆင့်ပိုမြင့်လျှင် ဝမ်ရှန်းအား ခြိမ်းခြောက်သည့် သဘော သက်ရောက်သွားမည် စိုးသောကြောင့် မထည့်ခဲ့ခြင်း ဖြစ်နိုင်၏။
စတုတ္ထအဆင့် ဝိညာဉ်သခင်များကို ဤခရီးစဉ်က ချောချောမွေ့မွေ့ ဖြစ်မဖြစ် စမ်းသပ်ရန် အတွက် တမင်သက်သက် စမ်းသပ်ခံများ အနေဖြင့် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ မတော်တဆ တစ်ခုခု ဖြစ်ခဲ့လျှင်ပင် ထိုအင်အားကြီး မိသားစုများသည် လူအင်အား အများအပြား ဆုံးရှုံးရမည် မဟုတ်ပေ။
“အထီးကျန်ဝံပုလွေ၊ တစ်ကမ္ဘာလုံး မင်းကို ဆုကြေးငွေ ထုတ်ပြီး လိုက်သတ်တာမျိုး ထပ်ရှိလာတော့မှာ မဟုတ်ဘူး။ မင်းနဲ့ ရန်ငြိုးရန်စ ရှိခဲ့တဲ့ ကလန်တွေ ဂိုဏ်းတွေ အားလုံး သူတို့ အမုန်းတရားကို ဖြေလျှော့လိုက်ကြပြီ”
ထိုလူ ၁၀ ယောက် ရှေ့တွင် အိမ်တော်ထိန်းမှ ဝမ်ရှန်းအား ပြောလိုက်သည်။
“အဲ့ထဲမှာ သိုက်မိသားစုလည်း ပါတယ်။ အတိတ်က ဖြစ်ရပ်တွေကို မတွေးဘဲ နေကြရအောင်… ဒီတော့ ဒီလူတွေက ဒီတစ်ခေါက် ဂျင်ဒီနယ်မြေထဲ ခေါ်သွားခံရဖို့ ရွေးချယ် ခံထားရတဲ့ လူတွေပဲ။ တစ်ခုခု ပြောချင်တာရှိရင် ကြိုပြောထားလို့ ရတယ်”
ထိုသို့ ပြောပြီးနောက် အိမ်တော်ထိန်းသည် လမ်းဖယ်ကာ ဘေးတစ်ဖက်သို့ လျှောက်သွားလိုက်ပြီး ဝမ်ရှန်းကို အားလုံးရှေ့သို့ တက်စေလိုက်သည်။
“ကျွန်တော် ဘယ်သူလဲဆိုတာ အားလုံး သိနေကြပြီ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ထပ်မမိတ်ဆက်တော့ဘူး”
ဝမ်ရှန်း စိတ်စောနေသည့် ဝိညာဉ်သခင် ၁၀ ယောက် ရှေ့၌ ရပ်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့က ဘယ်သူတွေလဲနဲ့ ခင်ဗျားတို့ နာမည်တွေက ဘာတွေလဲဆိုတာ ကျွန်တော် မသိဘူး။ အမှန်အတိုင်း ပြောရမယ်ဆိုရင် သိလည်း မသိချင်ဘူး”
ဝမ်ရှန်းသည် လူ ၁၀ ယောက် တန်းစီ ရပ်နေသည်ကို အစမှ အဆုံးထိ ကြည့်ကာ ပြောလိုက်၏။
ဤလူများသည် သူ့ကမ္ဘာပေါ်မှ စစ်ရေး သင်တန်းသားများသာ ဆိုလျှင် သူတို့သည် ပထမနေ့မှာပင် သေချင်စိတ် ပေါက်သည်အထိ လေ့ကျင့်ပေး ခံရပေလိမ့်မည်။ ထိုင်နေသည်ဖြစ်စေ ရပ်နေသည်ဖြစ်စေ တပ်သား ခေါင်းဆောင်မှ သူတို့အား အမိန့်ပေး၍ ရပေသည်။
“ဒါပေမယ့် ခင်ဗျားတို့ကို ဂျင်ဒီနယ်မြေကို ဖြတ်ပြီး ခေါ်သွားပေးမယ့် လူတစ်ယောက် အနေနဲ့…”
ထိုနေရာ၌ ဝမ်ရှန်း စကားခဏ ရပ်လိုက်သည်။ ထိုစကားကြောင့် အားလုံး၏ မျက်နှာထက်တွင် စိတ်အား တက်ကြွသည့် အမူအရာများ သိသိသာသာ ဖြစ်ပေါ်လာခဲ့၏။ ထို့နောက် ဝမ်ရှန်းမှ ဆက်၍ –
“ခင်ဗျားတို့ရဲ့ ဝိညာဉ်အဆင့်နဲ့ ခင်ဗျားတို့ ကျွမ်းကျင်တဲ့ လက်နက်တွေကို သိဖို့လိုတယ်။ အဲ့ဒါမှ လိုအပ်တာတွေ စီစဉ်လို့ရမှာ”
အားလုံး ထိုစကား၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သိကြပေသည်။ ထို့ကြောင့် ဝမ်ရှန်းသည် ဘယ်ဘက်ထောင့်စွန်းရှိ လူအား ကြည့်လိုက်သည့် အချိန်တွင် ထိုလူမှ –
“စတုတ္ထ နှောင်းပိုင်းအဆင့်၊ ဓားကျွမ်းကျင်ပါတယ်…”
ဝမ်ရှန်း ခေါင်းညိတ်ကာ ဒုတိယမြောက် လူအား ကြည့်လိုက်သည်။
“စတုတ္ထအဆင့် နှောင်းပိုင်းအဆင့်၊ ကျွမ်းကျင်တာကတော့ ဓားပါ…”
“စတုတ္ထအဆင့် အထွတ်အထိပ် အဆင့်၊ လှံအသုံးပြုတာ ကျွမ်းကျင်ပါတယ်…”
“စတုတ္ထအဆင့် အလယ်အလတ်အဆင့်၊ ဓားရှည် တတ်ကျွမ်းပါတယ်…”
“စတုတ္ထအဆင့် အလယ်အလတ်အဆင့်၊ အစီအရင်နဲ့ ဓားမြှောင် အသုံးပြုခြင်းကို ကျွမ်းကျင်ပါတယ်…”
……..
“စတုတ္ထအဆင့် အထွတ်အထိပ်အဆင့်၊ တူကိုင်တာ ကျွမ်းပါတယ်…”
အဆင့် အမြင့်ဆုံးသည် စတုတ္ထအဆင့် အထွတ်အထိပ် အဆင့်ဖြစ်ကာ အနိမ့်ဆုံးသည် စတုတ္ထအဆင့် အလယ်အဆင့်ဖြစ်၏။ ခြုံငုံသုံးသပ်၍ ပြောရမည်ဆိုလျှင် ဝိညာဉ်အဆင့်သည် အသင့်အတင့် ရှိသည်ဟု ပြော၍ ရပေသည်။ လက်နက်များသည်လည်း အမျိုးအစား စုံလင်လှသည် – ဓားများ၊ ဓားမြှောင်များ၊ လေး၊ မြား အစရှိသဖြင့် စုံလင်လှ၏။
“အားလုံးက ကျွန်တော် နဲ့အတူ ဂျင်ဒီနယ်မြေထဲ ဝင်သွားကြမယ့် လူတွေဆိုတော့ စည်းမျဉ်း စည်းကမ်းလေးတွေ ကတော့ မရှိလို့မရဘူး”
ဝမ်ရှန်းစကား ကြားလိုက် ရသောအခါ သူတို့ ခေါင်းသာ ညိတ်လိုက်ကြသည်။ ဘာမှတ်ချက်မှ မပြုခဲ့ကြ။
“မဟုတ်ရင် ရှုပ်ထွေးကုန်ပြီး အကုန်လုံး အသက်ရှင်လျက် ပြန်ထွက် လာနိုင်လိမ့်မယ်လို့ အာမခံနိုင်မှာ မဟုတ်ဘူး”
ထိုစကားလုံးများသည် ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်သည့် စကားပင်ဖြစ်၏။ သို့သော် အားလုံးသည် သူတို့စိတ်ကို ကြိုတင်ပြင်ဆင် ထားသကဲ့သို့ တိတ်ဆိတ် တည်ငြိမ်စွာသာ နားထောင် နေကြကာ မည်သူမှ ဘာမှ ထမပြောခဲ့ချေ။
“ပထမစည်းမျဉ်းကို ပြောကြရအောင်”
ဝမ်ရှန်းသည် မည်သူ၏ အတွေးကိုမှ ဂရုစိုက်မနေဘဲ သူ ပြောစရာ ရှိသည်ကိုသာ ပြောလိုက်၏။
“ခင်ဗျားတို့က ကျွန်တော် ပြောတဲ့အတိုင်း လိုက်လုပ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး၊ ကျွန်တော်လည်း ဂရုမစိုက်ဘူး”
“ဂျင်ဒီနယ်မြေထဲ ဝင်ပြီးသွားရင် ကျွန်တော် ခင်ဗျားတို့ကို လုပ်ခိုင်းတာကို ခင်ဗျားတို့ မလုပ်ချင်ရင် မလုပ်လို့ရတယ်”
ထိုစကားကြောင့် အားလုံး ကြောင်အ သွားသည်။ မလုပ်လို့ရတယ် ဟုတ်လား… ထိုအရာက ဘာကို ဆိုလိုသနည်း… ဤအရာက ဖျောက်ဖျက်၍ မရသည့်စည်းမျဉ်းလား…
***