Switch Mode

Chapter – 244

ပထမဆုံး စည်းမျဉ်းစည်းကမ်း (၁)

အပိုင်း ၂၄၄
ပထမဆုံး စည်းမျဉ်းစည်းကမ်း (၁)

ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားနှစ်ပြား ထုတ်ကာ ဘာမှ စဉ်းစားမနေတော့ဘဲ ပါးစပ်ထဲ တန်းထည့်ပြီး မျိုချလိုက်၏။ လုပ်ဆောင် သွားသည်မှာ အလွန် လျင်မြန်လှကာ ယခင်ကကဲ့သို့ တိမ်များ ညှိုမှိုင်းအုံ့ဆိုင်း လာခြင်းမျိုးပင် မဖြစ်လိုက်ပေ။

လူအချို့သည် ဆေးပြား၏ အော်ရာကို ရေးတေးတေး အာရုံခံမိ လိုက်သော်လည်း အတည်မပြုရဲပေ။ ထို့ကြောင့် သူတို့သည် အမှတ်မှားခြင်း ဖြစ်ရမည်ဟုသာ တွေးကာ ခေါင်းကို ခါယမ်း လိုက်ကြပြီး ဒီတိုင်းနေနေ လိုက်ကြသည်။

ဝမ်ရှန်းသည် ဆေးပြား နှစ်ပြားကို တောက်တိ ပြောင်းလဲခြင်း မတိုင်ခင်သာ သောက်ခဲ့မည်ဆိုလျှင် မိနစ်ပိုင်း အတွင်းမှာပင် သူ၏ခန္ဓာကိုယ် သေချာပေါက် ပေါက်ကွဲ သွားပေလိမ့်မည်။ သို့သော် ယခုတွင် ထိုကဲ့သို့ စိုးရိမ်နေစရာ မလိုပေ။

ဝိညာဉ်နယ်မြေ အတွင်းတွင် ပီရှဲ့သည် တောက်တိအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကာ မရေမတွက်နိုင်သည့် ဝိညာဉ် စွမ်းအားများကို စုပ်ယူ ဝါးမျိုလိုက်သည်။

ဝမ်ရှန်းသည် အော်ရာက ဘယ်လိုမျိုးလဲ ဆိုတာကိုပင် သိပ်ပြီး အာရုံမစိုက် လိုက်ရပေ။ သူသည် ပထမ အပ်စိုက်မှတ်မှနေ၍ ဝိညာဉ်စွမ်းအား၏ အကူအညီဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ယင်ယန် စက်ကွင်းများကို တဖြည်းဖြည်းချင်း ဖန်တီးလိုက်သည်။

ထိုအချိန်တွင် သူ့နေရာ၌ ငြိမ်သက်စွာ ရပ်နေသည့် တိုက်ပွဲဝိညာဉ် သည်လည်း လာရောက် ဝင်ကူပေးခဲ့၏။

ယခုကဲ့သို့ ယင်ယန်စက်ကွင်း ဖန်တီးခြင်းအပေါ် ဝမ်ရှန်း၏ ကျွမ်းကျင် တတ်မြောက်မှုကို ပြောစရာပင် မလိုပေ။ ပထမ တစ်ခုမှနေ၍ ရှစ်ခုမြောက်အထိ စုစုပေါင်း နှစ်နာရီသာ ကြာမြင့်ခဲ့၏။

ဝမ်ရှန်း၏ ခန္ဓာကိုယ်နှင့် ဒဏ်ရာ ဒဏ်ချက်များကို အသေးစိတ် ပြန်လည် ကုသပြုပြင် ပေးပြီးနောက် တောက်တိသည် ကျန်ရှိနေသည့် ကံကောင်းခြင်း ဆေးပြားနှစ်ပြား၏ ဆေးအာနိသင်များကို အပြည့်အဝ စုပ်ယူလိုက်သည်။ ထို့နောက် တစ်ခဏ အကြာတွင် သူ၏ ခန္ဓာကိုယ်သည် ကြီးမားသည့် ကျောက်တိုင်ထိပ်၌ ခွေနေသည့် နဂါးတစ်ကောင်အဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့၏။

ဤအကြိမ်သည် ဝိညာဉ်ပုံစံ ပြောင်းသည်ကို ဝမ်ရှန်း မြင်ဖူးသည့် ပထမဆုံး အကြိမ်ပင်ဖြစ်၏။ အခြား လူများသည်လည်း ထိုကဲ့သို့ လုပ်၍ရမရ သူ မသိပေ။

သို့သော် ဘယ်သူ့ကို မေးရင် ကောင်းမလဲဟု မစဉ်းစားနိုင်ခင်မှာပင် ချင်းဝေသည် သူ့အိမ်ရှေ့သို့ နောက်တစ်ကြိမ် ပြန်ရောက် လာခဲ့၏။

ယခုတစ်ကြိမ်တွင် ချင်းဝေသည် ဝမ်ရှန်း ဆုကြေးငွေ ထုတ်ထားသည့် ဆေးပြားများ အကြောင်းပြောရန် ရောက်လာခြင်း မဟုတ်ပါ။ ဝမ်ရှန်းပေးခဲ့သည့် ကြေးစားတံဆိပ်ပြား အမှတ်များကို စုစည်းပြီး နောက်တွင် ဝမ်ရှန်းသည် အစိမ်းရောင် တံဆိပ်ပြား အဆင့် ၆ သို့ တက်သွားခဲ့ပြီ ဖြစ်လေရာ ချင်းဝေသည် ထိုအဆင့် ၆ ကြေးစား တံဆိပ်ပြားကို လာပေးခြင်းဖြစ်သည်။

“အရင် တစ်ခေါက်တုန်းက ငါ မေ့နေတာ။ ငါ နင့်ကို သိုက်ဝူကျီးကို သတ်တဲ့အလုပ် ပေးထားသေးတယ်လေ။ အဲ့ဒါကိုပါ ထည့်ပေါင်း လိုက်ရင် အခု နင်က အဆင့် ၇ ကြေးစား ဖြစ်သွားပြီ”

ချင်းဝေ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက် နေခဲ့သည်။ ထို့နောက် သူမသည် တံဆိပ်ပြားကို ဝမ်ရှန်းအား ကမ်းပေးလိုက်၏။

ဝမ်ရှန်းသည် သူ သိုက်ဝူကျီးကိုလည်း သတ်ခဲ့ကြောင်းကို မေ့လျော့နေခြင်း မဟုတ်။ ပြောစရာ မလိုသောကြောင့် မပြောခဲ့ခြင်း ဖြစ်သည်။ သိုက်ဝူကျီးသည် လူပေါင်းများစွာ အပေါ် အပြစ်များ ကျူးလွန်ခဲ့၏။ ဝူရုံမြို့ တစ်ခုတည်း၌ပင် သူ့အတွက် ဆုကြေးငွေ ထုတ်ထားသည်မှာ ဆယ်ခုထက် မနည်းပေ။ ထိုအမှတ်များကို ပေါင်းလိုက်လျှင် ဝမ်ရှန်းကို အဆင့် ၆ မှ အဆင့် ၇ သို့ ချက်ချင်း တက်သွားစေရန် လုံလောက်ပေသည်။

“တခြား ပစ္စည်းနဲ့ ငွေသား ဆုကြေးတွေလည်း ရှိတယ်”

ထိုအချိန်မှာမှ ချင်းဝေ တစ်ယောက်တည်း လာခဲ့ခြင်း မဟုတ်ကြောင်း ဝမ်ရှန်း သတိထားမိ သွားသည်။ သူမနောက်တွင် ပစ္စည်းအပြည့် တင်ထားသည့် လှည်းတစ်စီးကို ဆွဲလာနေသည့် လူတစ်ယောက် ပါလာသေးပေသည်။ ထိုပစ္စည်းများ အားလုံးသည် သိုက်ဝူကျီးအား သတ်ခဲ့သည့် အတွက်ကြောင့် ရရှိခဲ့သည့် ဆုကြေးများပင် ဖြစ်၏။

ပစ္စည်းများအပြင် သိန်းနှင့် ချီသည့် ရွှေဒင်္ဂါးများလည်း ရခဲ့သေးပေသည်။ သို့သော် ဤနေရာသို့ သယ်လာ၍ အဆင်မပြေသောကြောင့် ပစ္စည်းများသာ အရင်သယ်လာခြင်း ဖြစ်သည်။

ဝမ်ရှန်း အပေါ်ယံမျှသာ ကြည့်လိုက်ကာ ထိုထဲတွင် ကျင့်စဉ် စာအုပ်လေးအုပ်နှင့် ရှားပါးပစ္စည်း များစွာ တွေ့လိုက်ရသည်။ လက်တစ်ဝါးခန့် ရှိကာ ဓားသွား ၆ လက်မခန့် ရှည်လျားသည့် ဓားတစ်ချောင်း၊ လူဦးခေါင်း အရွယ်အစားရှိသည့် အစီအရင် ကျောက်တုံး သုံးတုံးနှင့် ကျောက်စိမ်းပုလင်း ၆ ပုလင်းများအပြင် ဆေးပြားများနှင့် ဆေးချက်သည့် သုံးချောင်းထောက် ဒယ်စောက်တို့လည်း ပါရှိ၏။

အားလုံးသည် ပစ္စည်းကောင်းများ ဖြစ်ကြ၏။ အထူးသဖြင့် တောဝင်လျှင် ဝမ်ရှန်း၏ အကြိုက်ဆုံး လက်နက်ဖြစ်သည့် ၆ လက်မ ရှည်သည့်ဓား ဖြစ်သည်။ ဆေးပြားများကိုလည်း အတွင်းအပြင် ဒဏ်ရာများကို ကုသရန် အသုံးပြုနိုင်၏။ အာနိသင်က ကံကောင်းခြင်း ဆေးပြားလောက် မပြင်းသော်လည်း တော်ဝင်ရတနာ စံအိမ်နှင့် ရတနာစံအိမ်တို့မှ ဝယ်ယူခဲ့သည့် ဆေးပြားများ ထက်တော့ ပိုကောင်းပေသည်။

ဝမ်ရှန်းသည် သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် အစီအရင်များ ရှိနေသော်လည်း အစီအရင် ကျောက်တုံးများကို တစ်ခေါက်မှ အသုံးမပြုဖူးပေ။ ယခု သူ ရရှိခဲ့သည့် အစီအရင် ကျောက်တုံး သုံးခုသည် အကာအကွယ် အစီအရင်ဖြစ်၏။ ပြဿနာမှာ ထိုအစီအရင်ကို တစ်ယောက်တည်း အသက်သွင်း၍ မရခြင်း ဖြစ်သည်။ လူသုံးယောက်သည် ဝိညာဉ်စွမ်းအားဖြင့် တစ်ပြိုင်နက်တည်း အသက်သွင်းရမည် ဖြစ်၏။

ဆေးချက်သည့် ဒယ်စောက်နှင့် ရှားပါးပစ္စည်းများ အတွက်မူ ယခုအချိန်တွင် ဝမ်ရှန်း ထိုပစ္စည်းများကို အသုံး မလိုသေးပေ။ သို့သော် ဤပစ္စည်းများသည် တန်ကြေး ရွှေဒင်္ဂါးများစွာ တန်ကာ သိမ်းဆည်း ထားသင့်သည့် ပစ္စည်းများ ဖြစ်၏။

ထိုထဲမှာမှ ဝမ်ရှန်းအား အပျော်ရွှင်ဆုံးမှာ ကျင့်စဉ် စာအုပ်များ ဖြစ်သည်။ ယခင် ကတည်းက ယခုအချိန်အထိ ဝမ်ရှန်းသည် လေ့ကျင့်ခန်း တစ်မျိုးတည်းကိုသာ လေ့ကျင့်ခဲ့ရသည်။ အရင်တစ်ခေါက် အဆင့်တက်ပြီးသည့် အချိန်ကတည်းက ကောင်းကင်ဘုရင် လက်ဝှေ့ ကျင့်စဉ်ကိုပင် သူ တစ်ခေါက်မှ မထိခဲ့ရသေးပေ။

ယခုအချိန်တွင် ဤကျင့်စဉ် လေးခုလုံးသည် ကောင်းမွန် လှသည်ဟု ပြော၍ ရပေသည်။ ဝမ်ရှန်းအတွက် ရေငတ်နေသည့် လူက ရေတွင်းထဲ ကျသွားသကဲ့ပင် ဖြစ်၏။

ပီရှဲ့ ပြောင်းလဲခြင်း မတိုင်မီတွင် ဝမ်ရှန်း၏ အပ်စိုက်မှတ် အရေအတွက်သည် ၈ ခုသာ ရှိခဲ့၏။ သူ၏အပ်စိုက်မှတ် တစ်ခုချင်းစီ၏ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းနှင့် ထုတ်လုပ်နှုန်းတို့က သာမန်လူများ၏ အပ်စိုက်မှတ် ဆယ်ချောင်းနှင့် ညီမျှသော်လည်း အရေအတွက်ကတော့ နည်းပါးပေသည်။

ထိုအရေအတွက်သည် ဝိညာဉ်စွမ်းအား ကျင့်စဉ်များ လေ့ကျင့်ရန် မလုံလောက်ပေ။ လက်နှင့် ခြေထောက်များကို ချိတ်ဆက်ထားသည့် အပ်စိုက်မှတ်များ၏ လမ်းကြောင်းနှင့်ပင် လုံလောက်သွားပြီ ဖြစ်သည်။

သို့သော် ယခုတွင် ထိုကဲ့သို့ မဟုတ်တော့။ အပ်စိုက်မှတ် ၁၆ ခုသည် မလုံလောက်သည့် ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ သူတို့ကြား လှည့်ပတ်နေခဲ့၏။ ထိုအခြင်းအရာကြောင့် ဝမ်ရှန်း၏ တိုက်ပွဲ ဝိညာဉ်သည်လည်း ၃၀ ရာခိုင်နှုန်း အနားရပေသည်။

အပ်စိုက်မှတ်များ များစွာရှိနေလျှင် အပ်စိုက်မှတ် တစ်ခုနှင့် တစ်ခုစီသို့ လှည့်ပတ် စီးဆင်းနေသည့် ဝိညာဉ်စွမ်းအား လမ်းကြောင်းသည် အနုစိတ်ရန် လိုပေ၏။ ထိုအတွက် ကောင်းမွန်သည့် ကျင့်စဉ်နည်းလမ်း တစ်ခု လိုအပ်သည်။ သို့သော် ဝမ်ရှန်းထံတွင် ထိုကဲ့သို့ နည်းလမ်း မရှိနေပေ။

“ကျွန်တော့်ကို အပ်စိုက်မှတ် ၁၅ ခု ၁၆ ခုအတွက် ကျင့်စဉ်စာအုပ် တချို့ ဝယ်ပေးပါဦး”

ဝမ်ရှန်းသည် ချင်းဝေကို အားနာမနေပေ၊ သူမအား နောက်အလုပ်တစ်ခု ပေးအပ်လိုက်၏။

“၁၆ ခု စာအုပ်ဆိုရင် အကောင်းဆုံးပဲ၊ ကျွန်တော် သုံးမလို့”

ချင်းဝေ၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ ဝမ်ရှန်း ပြောလိုက်သည့် စကားသည် သူမအတွက် အသုံးဝင်သည့် အကြောင်းအရာ များစွာကို ထုတ်ဖော်ပြောကြား လိုက်ခြင်းပင် ဖြစ်၏။ ထိုအကြောင်းကို သူမ နောက်ကွယ်မှ ဂိုဏ်းအား ပြန်ပြောပြ၍ ရပေသည်။ ထိုစကား မှတစ်ဆင့် ဝမ်ရှန်းထံ၌ အပ်စိုက်မှတ် ၁၆ ခု ရှိကြောင်း နားမလည်နိုင်ဘူး ဆိုလျှင် သူမသည် ဦးနှောက် မရှိသည့် လူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

ဝမ်ရှန်းသည် သူ၏ဝိညာဉ် ဉာဏ်အလင်း ပွင့်သည့် အချိန်၌ အပ်စိုက်မှတ် တစ်ခုသာ ရှိခဲ့သည် ဟူသည့် သတင်းများရှိ၏။ သို့သော် ယခု တတိယ အဆင့်တွင် သူ့ထံ၌ အပ်စိုက်မှတ် ၁၆ ခုရှိနေသည်။ ဆိုလိုသည်မှာ ဝမ်ရှန်းသည် အဆင့်တစ်ဆင့် တက်တိုင်း ပျမ်းမျှအားဖြင့် အပ်စိုက်မှတ် ၅ ခု တိုးသည်ဟု ဆိုလိုခြင်းပင်ဖြစ်၏။

ထိုဝိညာဉ်ကို အရည်အသွေးမြင့် ဝိညာဉ်များထဲမှာမှ ပိုမိုထူးကဲသည့် ဝိညာဉ်ဟု ပြော၍ ရပေသည်။ ဤအချက်ကို ထောက်ရှုကြည့်ခြင်း အားဖြင့် ကြယ်ကိုးပွင့် ဝိညာဉ်ကို လက်ဝယ် ပိုင်ဆိုင်နေသည့် သိုက်မိသားစုမှ သိုက်ရှောင်ထံတွင် အပ်စိုက်မှတ်များ များစွာ ရှိနေသည်ဟုလည်း မှတ်ယူ၍ ရပေသည်။
…..

ချင်းဝေသည်လည်း အသိပညာ ဗဟုသုတ ကြွယ်ဝပေသည်။ အသေအချာ ဂရုတစိုက် ရွေးချယ်ပြီး နောက်တွင် သူမသည် ကျင့်စဉ်ငါးခု ရွေးချယ်ကာ ဝမ်ရှန်းထံသို့ ပို့ပေးလိုက်၏။ ထိုကျင့်စဉ်များ အားလုံးကို အပ်စိုက်မှတ် ၁၆ ခုဖြင့်သာ လေ့ကျင့်၍ ရသည့် ကျင့်စဉ်များ ဖြစ်ပေသည်၊ သို့သော် တစ်ခုချင်းစီ၏ အထူးပြုမှုကတော့ ကွာခြား၏။ တစ်ခုသည် အလျင်အတွက်၊ တစ်ခုသည် ခွန်အား၊ နှစ်ခုသည် ပျမ်းမျှအားလုံးအတွက်၊ အခြားတစ်ခုသည် ဒဏ်ခံနိုင်မှု ခုခံအားမြင့်မားရန် အတွက်ဖြစ်သည်။

ဝမ်ရှန်း၏ လက်ရှိ အခြေအနေနှင့် ဆိုလျှင် သူသည် ကျင့်စဉ်အားလုံးကို အနှောင့်အယှက်ကင်းကင်း လေ့ကျင့်၍ ရပေသည်။ သို့သော် သူ ဘယ်လို ရွေးချယ်မလဲ ဆိုတာပေါ် မူတည်၏။
***

Comment

Leave a Reply

Options

not work with dark mode
Reset