Switch Mode

Chapter – 243

ပီရှဲ့ပြောင်းလဲခြင်း (၂)

အပိုင်း ၂၄၃
ပီရှဲ့ပြောင်းလဲခြင်း (၂)

ဝမ်ရှန်း၏ မျက်လုံးများ ပွင့်လာကာ အချိန်ကို ကြည့်လိုက်သည်။ အနည်းငယ် တွက်ချက် ကြည့်ပြီးနောက် သူ၏ခန္ဓာကိုယ်၌ ဝိညာဉ်စွမ်းအားများ စတင် စုစည်းသည့် အချိန်မှစ၍ လေးနာရီကျော် ငါးနာရီနီးပါး ကုန်ဆုံးသွားပြီ ဖြစ်သည်။

နောက်ဆုံး အကြိမ်တွင် သုံးနာရီကြာခဲ့၏။ ထို့ကြောင့် အဆင့်ပိုမြင့်လေ အချိန်ပိုကြာလေ ဆိုသည်မှာ တကယ်ပင် ဖြစ်သည်။

ဝုန်း…

ဝမ်ရှန်းသည် ယခုတစ်ကြိမ် အဆင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကို မစမ်းစစ် ရသေးခင်မှာပင် အရိပ်မိန်းမစိုးသည် နံရံထက်မှ ဝုန်းခနဲ ခုန်ဆင်း လာခဲ့သည်။ လက်ထဲတွင်လည်း ကြီးမားသည့် သေရည်ခရား တစ်ခုကို ကိုင်ထားသေးသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူသည် အဆင့်တက်ခြင်းကို ဂုဏ်ပြု စားသောက်ရန် အတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ကြောင်း သိသာပေသည်။ ထို့ကြောင့် ဝမ်ရှန်းသည်လည်း နောက်မှ စစ်ဆေးတော့မည်ဟု တွေးလိုက်သည်။

မိန်းမစိုး ရောက်လာပြီဖြစ်ကာ ဟန်ဘင်းလီသည်လည်း နောက်ကောက်ကျနေမည် မဟုတ်ပေ။ မိန်းမစိုး ရောက်လာသည်နှင့် ဟန်ဘင်းလီလည်း သူ့ဘက်ခြမ်းနံရံမှ ခုန်ဆင်းလာခဲ့၏။

စားဖိုမှူးကို ဝိုင်နှင့် အစားအသောက်များ တည်ခင်းရန် ညွှန်ကြားပြီးနောက် ဝမ်ရှန်း၊ မိန်းမစိုးနှင့် ဟန်ဘင်းလီတို့ ကျောက်စားပွဲ၌ ဝိုင်းထိုင် လိုက်ကြသည်။

“ဒီတစ်ခေါက်တော့ အဆင်ပြေတဲ့ပုံပဲ။ အရင်တစ်ခေါက်ကလို အားပြင်းတာတွေ ဘာတွေမရှိတော့ဘူး”

ဝမ်ရှန်း၏ မျက်နှာအမူအရာ၊ တည်ငြိမ်နေသည့် ပုံစံနှင့် ပုံမှန်လှုပ်ရှားမှုများကို ကြည့်ကာ မိန်းမစိုးမှ တပြုံးပြုံးဖြင့် ခေါင်းညိတ်ကာ ချီးကျူးလိုက်၏။

“ဟုတ်တယ်၊ မဆိုးဘူး”

ဟန်ဘင်းလီမှ သံယောင် လိုက်ပြောကာ ထို့နောက် ထပ်ပေါင်း ထည့်ပြောလိုက်၏။

“နောက်ဆုံး တစ်ခေါက်တုန်းက အဆင့်နှစ်ဆင့် ဆက်တိုက် တက်ခဲ့တာပဲ။ အဲ့ဒါကြောင့် မတည်မငြိမ် ဖြစ်တာက ဘာမှ သိပ်မထူးဆန်းဘူး။ အခု တစ်ခေါက်မှာ တစ်နှစ်ခွဲကျော် ကြာခဲ့ပြီဆိုတော့ အခြေလည်း ခိုင်သွားပြီလေ။ အဲ့ကြောင့် အဆင်ပြေပြေနဲ့ အဆင့်တက် သွားနိုင်တာက ပုံမှန်ပါပဲ”

“ဟုတ်တယ်၊ အခြေမခိုင်တဲ့ ပြဿနာက ပြဿနာ တော်တော်ကြီးတယ်။ ဒါပေမယ့် အခုတော့ ခိုင်သွားပြီဆိုတော့ ဘာမှစိုးရိမ်စရာ မရှိတော့ပါဘူး”

မိန်းမစိုးသည်လည်း ဟန်ဘင်းလီ၏ အမြင်ကို သဘောတူ ထောက်ခံလိုက်သည်။

သူတို့နှစ်ယောက်တည်း မဟုတ်ပေ၊ အခြားကျန်သည့် ဝိညာဉ်သခင်များ၏ အတွေးသည်လည်း ထိုကဲ့သို့ပင် ဖြစ်၏။

အခြား အကူပစ္စည်းများဖြင့် ဝိညာဉ်အဆင့် တက်ခြင်းမျိုးကို အားလုံး သဘောကျကြခြင်း မဟုတ်ပေ။ အတွေ့အကြုံ နုနယ်သည့် လူငယ်များကသာ သူတို့၏ ဝိညာဉ်အဆင့် မြန်မြန် မြင့်တက်ခြင်းက ကောင်းသည့် ကိစ္စရပ်ဖြစ်သည်ဟု တွေးကြခြင်းဖြစ်၏။

ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည်လည်း အစပိုင်း၌ ထိုကဲ့သို့ တွေးခဲ့မိပေသည်။ နောက်ပိုင်း အခြားလူများ၏ သတိပေးခြင်းကို ခံရပြီးနောက်မှာမှ အခြေခိုင်ခြင်း၏ အရေးပါပုံကို နားလည်လာခဲ့၏။ ထို့ကြောင့် သူသည် အခြေမခိုင်မှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်အတွက် ကံကောင်းခြင်း ဆေးပြားနှစ်လုံးကို ကြိုတင် တောင်းဆိုထားခြင်း ဖြစ်သည်။

“ဟုတ်ပြီ၊ အခြေခိုင်သွားတဲ့ အပြင် စိတ်အခြေအနေကလည်း အများကြီး ပိုတည်ငြိမ် သွားတာပဲ။ မဆိုးဘူး…”

ဝမ်ရှန်း၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲ သွားခြင်းသည် သိသာထင်ရှားကာ ထိုဝိညာဉ်သခင် နှစ်ယောက်သည် တစ်ချက် ကြည့်လိုက်ရုံဖြင့် သတိထားမိခဲ့၏။

အခြားတစ်ဖက်တွင် ဝမ်ရှန်းသည် ထူးဆန်းသည်ဟု ခံစားနေခဲ့ရ၏။ ပီရှဲ့ပြောင်းလဲခြင်း ပြီးဆုံးသွားပြီး နောက်တွင် သူ၏ဝိညာဉ်အဆင့် စတုတ္ထအဆင့်သို့ ဝင်ရောက် သွားပြီဖြစ်၏၊ သူသည် ထိုဝိညာဉ်ကို အပိုင်းများ ခွဲရန်လည်း အချိန်မရှိခဲ့။ ထို့ကြောင့် ယခုအချိန်တွင် သူ့အား စတုတ္ထအဆင့်ဟု မြင်နေရမည် မဟုတ်ပါလား… ဤနှစ်ယောက်က ဘာလို့ ဒီလောက်ထိ တည်ငြိမ် နေကြသနည်း…

“စီနီယာတို့နှစ်ယောက်၊ အခု ကျွန်တော့် ဝိညာဉ်အဆင့်ကို ဘယ်လောက်လို့ မြင်နေရလဲဗျ…”

သူတို့နှစ်ယောက် မစပြောလာသောအခါ ဝမ်ရှန်း သူ့ဘာသာသူသာ စမေးလိုက်သည်။

တကယ် မမြင်သည်ဖြစ်စေ သို့မဟုတ် မမြင်ချင်ယောင် ဆောင်သည်ဖြစ်စေ ထိုအရာသည် သူ ရင်ဆိုင်ရမည့် အရာပင်ဖြစ်၏။ သူတို့နှစ်ယောက် ဆိုလျှင်တော့ ကိစ္စမရှိ၊ အခြား သူနှင့်မရင်းနှီးသည့် ဝိညာဉ်သခင်များသာ တစ်ချက် ကြည့်လိုက်ရုံဖြင့် မြင်သွားမည်ဆိုလျှင် ပြဿနာ မတက် သွားနိုင်ပေဘူးလား။

“ဘယ်လောက်လို့ မြင်ရမှာတုန်း”

မိန်းမစိုးမှ ဝမ်ရှန်းအား စိုက်ကြည့်ကာ စိတ်မရှည်သည့် အသံဖြင့် –

“တတိယအဆင့်ပေါ့ကွ… မင်း ဒီတစ်ခေါက် အဆင်ပြေပြေနဲ့ အဆင့်တက်နိုင်ပြီ ဆိုတာနဲ့ပဲ မင်းကိုယ်မင်း ငါတို့ရှေ့မှာ ဖုံးကွယ်နိုင်ပြီလို့ ထင်နေတာလား”

“ဟုတ်တယ်…”

ဟန်ဘင်းလီလည်း သဘောတူလိုက်၏။

“အပေါ်ယံ ပုံပန်းသွင်ပြင်အရ ကြည့်မယ်ဆိုရင် မင်းက ဒုတိယအဆင့်လောက်ပဲ ရှိသေးတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် မင်းက ငါတို့အမြင်ကနေ ဖုံးကွယ်ချင်တယ်ဆိုရင် အတွေးလွန် မနေဘူးလား…”

ဝိညာဉ်အဆင့်ကို ဖုံးကွယ်နိုင်သည့် အရည်အချင်းလား…

ဝမ်ရှန်း တစ်ခဏ ကြောင်အ သွားသည်။ ထို့နောက် သူ၏နှလုံးသည် ပျော်ရွှင်မှုတို့ဖြင့် ပြင်းထန်စွာ ခုန်ပေါက် သွားတော့၏။ ဤစိတ်အခြေအနေ ပြောင်းလဲမှုသည် လူတစ်ယောက်ကို အတွင်းစိတ် တည်ငြိမ်သွားစေရုံ သာမက အရေးအကြီးဆုံး အပိုင်းမှာ ဘေးမှလူများသည် ဝမ်ရှန်း၏ အပြင်ပိုင်း လုပ်ဆောင်မှုများ မှတစ်ဆင့် ဝိညာဉ်အဆင့်ကို ခန့်မှန်း၍ မရတော့ခြင်းဖြစ်သည်။

လူတိုင်း၊ ဝိညာဉ်တိုင်းတွင် အဆင့်တက်တိုင်း ထူးခြားသည့် တိုးတက် ပြောင်းလဲမှုများရှိ၏။ ယခင်တွင် ဝမ်ရှန်းသည် အရသာခံအာရုံ၊ အမြင်အာရုံနှင့် ခွန်အားတို့ တိုးမြှင့်လာခဲ့သည်၊ သို့သော် ယခု ဟန်ဘင်းလီနှင့် မိန်းမစိုးတို့၏ ပြောစကားများအရ ယခုတစ်ကြိမ် သူ၏တိုးတက် လာမှုသည် ဝိညာဉ်အဆင့်အား ဖုံးကွယ်နိုင်ခြင်း ဖြစ်လေသည်။

ကောင်းလှသည်၊ အလွန်ကောင်းလှသည်…

ယခုတစ်ကြိမ် အဆင့်မြင့်တက်ရာတွင် ဝိညာဉ်စွမ်းအား မလုံလောက်ခဲ့သော်လည်း နောက်ဆုံးပိုင်းတွင် ဤကဲ့သို့ ကောင်းမွန်သည့် ကိစ္စရှိနေလေသည်။ ဘုရားသခင်က သူ့ဘက်၌ ရှိနေခြင်းဖြစ်ရမည်…

“ဟဲဟဲ…”

ဝမ်ရှန်း ပြုံးဖြီးဖြီးသာ ပြုံးပြလိုက်၏။

ထိုအပြုံးကြောင့် မိန်းမစိုး ကြောင်အသွားကာ –

“ဘာလို့ လူယုတ်မာပြုံး ပြုံးနေတာလဲ၊ ငါတို့ ခန့်မှန်းတာ မှားသွားလို့လား”

“တတိယ အလယ်အလတ် အဆင့်ပါဗျ…”

ဝမ်ရှန်းသည် ထိတ်လန့်တကြား မဖြစ်နေပေ၊ သူ၏ မျက်နှာထက်တွင် ကြောက်လန့်သည့် အရိပ်အယောင်လည်း နည်းနည်းလေးပင် မရှိနေ။ သူသည် ပြုံးဖြီးဖြီးဖြင့်ပင် “မမြင်ရဘူးလား”

“တော် တိတ်…”

သူတို့နှစ်ယောက် ထံမှအသံ ပြိုင်တူ ထွက်ပေါ် လာခဲ့သည်။ တတိယအဆင့် အလယ်အလတ် အဆင့်လေးက သတ္တမအဆင့် အထွတ်အထိပ်အဆင့် ဝိညာဉ်သခင် နှစ်ယောက်အား ခေါင်းစား ရဲသည်တဲ့လား…

သူတို့သုံးယောက် စားသောက် နေစဉ်တွင် သူတို့ဘေး ပတ်ပတ်လည်ရှိ သူတို့အား အာရုံစိုက်နေသည့် လူများလည်း အလုပ်ရှုပ် သွားခဲ့ကြသည်။ ဝမ်ရှန်းသည် သူ၏ဝိညာဉ် အဆင့်ကို ဘယ်လောက်ပဲ ဖုံးကွယ်နိုင်ပါစေ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်သည့် ဝိညာဉ်စွမ်းအားကိုတော့ မဖုံးကွယ်နိုင်ပေ။

ဝမ်ရှန်းက အဆင့်မြင့်တင်၍ ရကြောင်းသိရလျှင် လုံလောက်ပြီဖြစ်၏။ အလယ်အလတ် အဆင့်ဖြစ်စေ၊ နှောင်းပိုင်း အဆင့်ဖြစ်စေ၊ အထွတ်အထိပ်ဖြစ်စေ ဘယ်လောက်များ ကွာသွားနိုင်မည်နည်း…

ထိုအရာသည် လူတစ်ယောက်၏ အရည်အချင်းနှင့်သာ သက်ဆိုင်သည်ဖြစ်၏။ ဝမ်ရှန်း၏ အရည်အချင်းနှင့်ဆိုလျှင် တစ်နှစ်ခွဲကျော် နှစ်နှစ်နီးပါး ကြာပြီးနောက် တတိယအဆင့် အလယ်အလတ် အဆင့်သို့ အဆင့်တက်နိုင်သည်မှာ မယုံနိုင်စရာ ကောင်းသည့် အရာတော့ မဟုတ်ပေ။

ကြယ်ကိုးပွင့် ဝိညာဉ်ရရှိခဲ့သည့် သိုက်မိသားစုမှ သိုက်ရှောင်သည် မူလဝိညာဉ်ကို ဖျက်သိမ်းကာ နောက်တစ်ကြိမ် အစက ပြန်စခဲ့သည်။ ထိုကဲ့သို့ ဖျက်သိမ်းသည့် အချိန်တွင် သူ၏ဝိညာဉ် အဆင့်သည် ပဥ္စမအဆင့်ဖြစ်၏။ သို့သော် ထိုကဲ့သို့ ဖျက်သိမ်းပြီး လွန်ခဲ့သည့် နှစ်ဝက် အတွင်းမှာပင် သူသည် ပဥ္စမအဆင့်သို့ အဆင့်ပြန်တက်ခဲ့သည်။ ယခုတွင် သူသည် ဆဌမအဆင့်သို့ပင် ရောက်ချင် ရောက်နေနိုင်ပေသည်၊ မည်သူက သိမည်နည်း။ ထိုအဆင့်မြင့်တင်၍ ရသည့်ဝိညာဉ်သည် တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။

ထိုအတူ ကြယ်ကိုးပွင့် ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားသည့် ဝမ်ရှန်း၏ အဆက်မပြတ် အဆင့်တက်မှုသည် သိုက်မိသားစုအား အဆုံးမရှိသည့် မျှော်လင့်ချက်များ ပေါ်ထွန်း လာစေခဲ့သည်။ သိပ်မဝေးတော့သည့် အနာဂတ်တွင် သိုက်မိသားစု၌ ခွန်အားကြီး ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာမည်ကိုပင် စိုးရပေသည်။
………

အင်အားစု အားလုံးသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ခွင့်ရသည့် လူဆယ်ယောက် နေရာအတွက် ပေါ်ပေါ်ထင်ထင်ရော သိုသိုသိပ်သိပ်ရော တိုက်ခိုက် နေကြစဉ်တွင် ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားနှစ်ပြား ပါသည့် သေတ္တာကို ထုတ်လာလိုက်၏။

သူသည် ယမနေ့က အဆင့်တက်ခဲ့စဉ်တွင် ဘေးပတ်ဝန်းကျင်မှ ဝိညာဉ် စွမ်းအားများကို ကုန်ခန်း သွားစေခဲ့၏။ ထို့ကြောင့် အပ်စိုက်မှတ်များတွင် ယင်ယန် စက်ကွင်းများ ဖြစ်ပေါ်လာအောင် မလုပ်နိုင်ခဲ့။ ယခုအကြိမ်တွင် ဝမ်ရှန်း အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် ခြံဝန်းအတွင်း တစ်နေရာ၌ ကံကောင်းခြင်း ဆေးပြား နှစ်ပြားလုံးကို တစ်ကြိမ်တည်း သောက်လိုက်တော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset