Switch Mode

Chapter – 241

ကမ္ပည်း ရေးထိုးမည့် စကားလုံးများ (၂)

အပိုင်း ၂၄၁
ကမ္ပည်း ရေးထိုးမည့် စကားလုံးများ (၂)

ဆိုင်ပိုင်ရှင် နှစ်ဦးသည်လည်း အလွန် ဉာဏ်ကောင်း လှပေသည်။ ဝမ်ရှန်း၏ လေသံ မှတစ်ဆင့် ဝမ်ရှန်း၏ ဆိုလိုရင်းကို သူတို့ ချက်ချင်း နားလည် သွားခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက် အတူတကွ ပြန်သွား လိုက်ကြ၏။

ထိုလူနှစ်ယောက် ထွက်သွားပြီးနောက် ဝမ်ရှန်း၏ ခြံဝန်းသည် လုံးဝကို တိတ်ဆိတ် ငြိမ်သက် သွားခဲ့၏။ နောက်ဆုံးတွင် ဝမ်ရှန်းသည် အဆင့်တက်ခြင်းကို လုပ်ဆောင်ရန် စဉ်းစားကြည့်၍ ရပြီဖြစ်သည်။

လွန်ခဲ့သည့် နှစ်ဝက်အတွင်းတွင် ဝမ်ရှန်း၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် နိုင်စွမ်းသည် များစွာ တိုးတက် ကောင်းမွန် လာခဲ့သည်။ ပန်းပုပညာတွင်လည်း အနည်းဆုံး ဆရာအဆင့် ရောက်ခဲ့ပြီ ဖြစ်သည်။

သူ၏ဝိညာဉ် နယ်မြေ အတွင်းရှိ ကျောက်တိုင်ပေါ်တွင် သူ ဘာကို ရေးထွင်း ရမည်နည်း… ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည် ထိုအကြောင်းကို သူ ဝူရုံမြို့သို့ ပြန်လာစဉ် တစ်လျှောက်၌ စဉ်းစားထားခဲ့သည်။

ဝမ်ရှန်း အကျွမ်းကျင်ဆုံးနှင့် လေ့ကျင့်မှု အများဆုံး စာလုံးကို ပြောပါဆိုလျှင် “永” ဟူသည့် စကားလုံး ဖြစ်ပေလိမ့်မည်။ ထိုစာလုံး၏ စုတ်ချက် ရှစ်ခုသည် အခြေခံဖြစ်ကာ သူသည် အနှောင့်အယှက် ကင်းကင်း လေ့ကျင့်နိုင်ခဲ့၏။

သို့သော် ကြီးမားသည့် ကျောက်တိုင်ကြီးပေါ်တွင် ထိုစာလုံး တစ်လုံးတည်းကို ထွင်းထုရန်မှာလည်း မသင့်ပေ။

တာအိုပညာရပ်၏ ကဗျာကာရံများကို ရေးထွင်း ရမည်လော။ မဖြစ်နိုင်ပါ။ ကျောက်တိုင်က နှစ်တိုင်ရှိသည် ဆိုလျှင်တော့ ကာရံတစ်ကြောင်းခန့်စီ ရေးထွင်း၍ ရနိုင်ပါသည်။ သို့သော် ကျောက်တိုင် တစ်တိုင်သာ ရှိသည့်ပေါ်တွင် စာတန်းနှစ်ကြောင်းပါ ကာရံတစ်ကြောင်းကို ထိုးထွင်းမည်ဆိုပါက ဘယ်လိုပင် ကြည့်ပါစေ ကြည့်ရဆိုးနေမည် ဖြစ်၏။

ထိုစဉ်က ဝမ်ရှန်းသည် လမ်းတစ်လျှောက် စဉ်းစားလာခဲ့ပြီး ဝူရုံမြို့သို့ ရောက်ခါနီးတွင် ရုတ်တရက် အကြံတစ်ခု ရသွားခဲ့သည်။

ဝမ်ရှန်းသည် ပန်းပုထုခြင်းကို လေ့ကျင့်ရာတွင် အလေးချိန် မတူညီသည့် တူငါးချောင်းကို အသုံးပြုခဲ့၏။ ပထမ နှစ်ချောင်းသည် ပေါင်နှစ်ထောင်နှင့် ပေါင်တစ်ထောင် ဖြစ်ကာ တူထုချက် တစ်ခုချင်းစီသည် သူ၏ခန္ဓာကိုယ်ကိုပင် တုန်ခါစေခဲ့သည်။ ထိုတုန်ခါမှုကြောင့် သူ၏ခန္ဓာကိုယ် အတွင်း၌ ရှိနေသည့် ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင် အကြွင်းအကျန်များသည် သူ၏ခန္ဓာကိုယ် အတွင်းသို့ ပိုမိုစိမ့်ဝင် သွားခဲ့သည်။

ထိုအဖြစ်အပျက်ကို တွေးမိ သွားပြီးနောက် ဝမ်ရှန်း အကြံရသွားခြင်း ဖြစ်သည်။ သူ့ကမ္ဘာမြေရှိ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့တွင် ဂါထာ မန္တန်များ ရှိ၏။ ထို့ပြင် ထိုဂါထာမန္တန်များကို ရွတ်ဖတ် ပူဇော်လျှင် စိတ်နှလုံး ရွှင်ကြည် လန်းဆန်းစေသည့် အကျိုးသက်ရောက်မှု ရှိပေသည်။

ဒဏ္ဍာရီလာ မှတ်တမ်းများနှင့် ဝတ္ထုဇာတ်လမ်းများ အရ အတွင်းမိသားစုမှ ဝိညာဉ်သခင်များသည် ကျား၊ ကျားသစ်သိုင်း လေ့ကျင့်နိုင်ကြသည်။ ကျား၊ ကျားသစ်သိုင်းသည် ရိုးတွင်းခြင်ဆီကို ဆေးကြောကာ သွေးများကို လဲလှယ်သန့်စင် ပေးနိုင်သော သမာရိုးကျ မဟုတ်သည့် နည်းလမ်း တစ်ခုဖြစ်၏။

ထိုသိုင်းသည် ခန္ဓာကိုယ် တစ်ခုလုံးရှိ အရိုးများနှင့် ကြွက်သားများကို တုန်ခါစေကာ ကျားနှင့် ကျားသစ် ဟိန်းသံကဲ့သို့ ပဲ့တင်အသံများ ထွက်ပေါ် လာစေသည်။ ထိုကဲ့သို့ ပဲ့တင်ဟိန်းသံများ ပေါ်ထွက် လာနိုင်စေရန်အတွက် လူတစ်ယောက်သည် ထိုသိုင်းပညာရပ် အတွင်း၌ အပြည့်အဝ ဈာန်ဝင်နေရန်လည်း လိုအပ်ပါသည်။

သိုင်းပညာရပ်သည် အလွန် ရိုးရှင်းဟန် ပေါ်သော်လည်း လေ့ကျင့်ရသည်မှာ အလွန် ခက်ခဲလှသည်။

အင်အားစု အများစု၌ ပဲ့တင်ထပ်ခြင်း နည်းကို အသုံးပြုကြသည်။ ထိုအရာတွင် သိပ္ပံနည်း ပညာလည်း ပေါင်းစပ် ပါဝင်သည်ဟု ပြောနိုင်ပေသည်။ ပဲ့တင်ထပ်ခြင်းသည် ခန္ဓာကိုယ် တစ်ခုလုံးရှိ လေ့ကျင့်ရန် ခက်ခဲသော အရိုးတွင်းရှိ ရိုးတွင်းခြင်ဆီများပေါ် သက်ရောက်မှု ရှိ၏။ ထို့ကြောင့် ဤနည်းလမ်းကို ရိုးတွင်းခြင်ဆီကို လေ့ကျင့်ခြင်း ဟုလည်း ခေါ်နိုင်ပေသည်။

ဆေးပညာအရ ပြောမည်ဆိုလျှင် ဟီမာတိုပွိုင်အက်တစ် (Hematopoietic) ဟုခေါ်၏။ ရိုးတွင်းခြင်ဆီအား သန့်စင်ခြင်းသည် သွေးများကို ပြောင်းလဲ စေခြင်းလည်း ဖြစ်သည်။ ထိုလုပ်ငန်းစဉ် အတွင်းတွင် ခန္ဓာကိုယ် အတွင်း၌ စုစည်းနေသည့် အဆိပ်အတောက်များ အားလုံးသည် သွေးအတွင်းသို့ စိမ့်ဝင် ပျံ့နှံ့သွားကာ ခန္ဓာကိုယ် တစ်ခုလုံး၌ လှည့်ပတ် စီးဆင်းသွားပြီး ပျောက်ကွယ် ပျော်ဝင် သွားပေလိမ့်မည်။

ထို့ကြောင့် ထိုကဲ့သို့ ရိုးတွင်းခြင်ဆီ သန့်စင်ခြင်းနှင့် သွေးလဲခြင်းသည် ခန္ဓာကိုယ်ကို လုံးဝ အသစ်ဖြစ်အောင် သန့်စင်ပေး လိုက်သကဲ့ပင်ဖြစ်၏။

ဝမ်ရှန်းသည် ထိုက်ချီ သိုင်းပညာကို ကျွမ်းကျင်သော်လည်း သူ၏ခန္ဓာကိုယ်သည် ထိုကဲ့သို့ ပြုလုပ်နိုင်သည့် အဆင့်ထိ မရောက်သေးပေ။ သို့သော် ခန္ဓာကိုယ် တစ်ခုလုံး အတွင်းရှိ ဝိညာဉ်စွမ်းအားနှင့် သွေးများကို လှည့်ပတ် စီးဆင်းအောင် လုပ်နိုင်ကာ အရိုးများမှ ပဲ့တင်သံများ ထွက်ပေါ်လာအောင် လုပ်နိုင်ပြီး ရုပ်ပိုင်း ဆိုင်ရာ သန်မာကြံ့ခိုင်မှုကို တိုးမြှင့်နိုင်ခဲ့သည့် သမိုင်းတွင် ထင်ရှား ကျော်ကြားသည့် ဘုန်းတော်ကြီးများနှင့် အဆင့်မြင့် တာအိုဘုန်းတော်ကြီးတို့ ရှိခဲ့ကြောင်း ဝမ်ရှန်း သိပေသည်။

ဝမ်ရှန်းအတွက် ဤနည်းလမ်းသည် လေ့ကျင့်ရန် နောက်တစ်ဆင့် ဖြစ်သည်။ ခန္ဓာကိုယ်အနှံ့ ပဲ့တင်သံများ ထွက်ပေါ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာအထိ ဝမ်ရှန်း မသိသော်လည်း တစ်နေရာတည်းကို ပဲ့တင်သံ ထွက်အောင် ဘယ်လို လုပ်ရမလဲတော့ သိပေသည်။

နောက်အဆင့်သည် ဂါထာမန္တန်များကို လေ့ကျင့်ရန် ဆိုမှတော့ ကျောက်တိုင်ပေါ်တွင် ထိုအရာများကို ရေးထွင်းလျှင် ပြဿနာ မရှိပေ။

ဝမ်ရှန်းသည် မင်မင်းဆက်၌ ထွန်းကားခဲ့သည့် ဗုဒ္ဓစာပေမှ စာလုံး ခြောက်လုံးကို ယခင်က သူ့ကမ္ဘာမြေပေါ်၌ မကြာခဏ ကြားခဲ့ဖူးသည်၊ ထို့ကြောင့် သူ ထိုစာလုံးများနှင့် ရင်းနှီးသည်ဟု ပြော၍ ရပေသည်။ သို့သော် နှမြောစရာ ကောင်းသည်မှာ ဤကမ္ဘာ အတွင်းတွင် ဗုဒ္ဓဘာသာ မထွန်းကားသေးပေ။ ထို့ကြောင့် ထိုစာလုံးများကို ကျော်ရပေမည်။

ယခု ဤကမ္ဘာ အတွင်းတွင် တာအိုဘာသာ ပညာရပ်ရှိ၏။ ယခုအချိန်တွင် ဝမ်ရှန်းသည် ထိုဘာသာရပ်နှင့် အလွန် အကျွမ်းတဝင် ရှိနေသည်။ ထို့အပြင် ဝမ်ရှန်း လေ့ကျင့်သည့် ထိုက်ချီ သိုင်းပညာရပ်သည် တာအိုပညာရပ်မှ ဆင်းသက် လာခဲ့ခြင်းပင် ဖြစ်၏။ ထို့ကြောင့် တာအိုဂါထာ မန္တရားများက သူ့အတွက် ပိုသင့်တော်ပေသည်။

ထိုထဲတွင် စာလုံးကိုးလုံး မန္တန်သည် တာအိုပညာရပ်၏ လျှို့ဝှက်နည်းလမ်း ပညာတစ်ခုဖြစ်သည်။ ယခုအချိန်မှာမှ ထိုမန္တန်ကို အသုံးမပြုဘူးဆိုလျှင် မည်သည့် အချိန်၌ အသုံးပြုမည်နည်း…

ထိုသို့ တွေးမိသည်နှင့် ဝမ်ရှန်း ခြံထဲ ဆင်းသွား လိုက်သည်။ ထို့နောက် သက်သောင့်သက်သာ ဖြစ်သည့် နေရာတစ်ခု ရှာကာ ကျောက်တိုင်ပေါ်၌ ထိုစာလုံးကိုးလုံး မန္တန် ထွင်းထုနိုင်မည့် နည်းလမ်းကို စဉ်းစားလိုက်၏။

ဝမ်ရှန်းသည် ဝိညာဉ်နယ်မြေ အတွင်းရှိ တိုက်ပွဲဝိညာဉ်ကို အကြိမ်ပေါင်း များစွာ လှုံ့ဆော် ပေးခဲ့သော်လည်း သူတို့သည် သူတို့ဘာသာသူတို့ ထွင်းထု နေကြသည်။ ကောင်းကင်ထိတိုင် မြင့်မားနေသည့် ဝမ်ရှန်း၏ ကျောက်တိုင်ပေါ်၌ ထွင်းထုပေးမည့်ဟန် မပေါ်ပေ။

ထို့ကြောင့် ဝမ်ရှန်းသည် သူ့ဘာသာသူ ထွင်းထုရန်သာ ရှိတော့သည်။ သူသည် နှစ်တစ်ဝက်ကျော်ကြာ ပန်းပုထုခြင်း ပညာရပ်ကို လေ့လာ ဆည်းပူးခဲ့ခြင်း ဖြစ်သည်။ သူ့ကိုယ်သူ အထူး ကျွမ်းကျင်သည့် ဆရာတစ်ယောက်ဟု မပြောရဲသော်လည်း ဆရာအဆင့်တော့ ရှိပြီဖြစ်၏။

ဝမ်ရှန်းသည် အပြင်ဘက်တွင် ထိုစာလုံးကိုးလုံး မန္တန်ကို အကြိမ်ပေါင်း ထောင်သောင်းနဲ့ချီ ရေးကာ သူ၏ဝိညာဉ် နယ်မြေကိုလည်း အကြိမ်ပေါင်း တစ်ထောင်မက လှုံ့ဆော်နေခဲ့၏။ စိတ်နှင့်ခန္ဓာ တစ်သားတည်း ကျသွားသည့် အချိန်တွင် အစေခံလေးနှင့် စားဖိုမှူးတို့ အချင်းချင်း စကားပြော နေကြသည်ကို သူ သတိထားမိ လိုက်သည်။

သူ့ခြံဝန်းဘေး၌ နေထိုင်သည့် အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့က သူ့အား နှုတ်ဆက်သည်ကိုလည်း သူ ကြားလိုက်ရ၏။ သို့သော် သူ၏အသိစိတ်သည် ဝိညာဉ်ပင်လယ် အတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။

ဝိညာဉ်နယ်မြေ အတွင်းသို့ ရောက်သွားပြီး နောက်တွင် စာလုံးထွင်းထုရန် တွေးတော လိုက်သည်နှင့် ထိုနေရာအတွင်းရှိ အဖြူရောင် တိမ်များသည် တူတစ်ချောင်းနှင့် ဆောက်တစ်ချောင်း အသွင် ပြောင်းလဲ သွားခဲ့ကြသည်။ ထိုတူနှင့်ဆောက်သည် ဝမ်ရှန်း အပြင်လက်တွေ့၌ အသုံးပြုသည့် တူနှင့်ဆောက်နှင့် အတူတူပင်ဖြစ်၏။ ထိုတူနှင့်ဆောက်ကို မည်သူမှ မကိုင်ထားပေ။

သို့သော် ထိုပစ္စည်းနှစ်ခုသည် ကောင်းကင်ထိတိုင် မြင့်မားနေသည့် ကျောက်တိုင်ထက်သို့ တည့်တည့် တက်သွားခဲ့သည်။ ထို့နောက် မမြင်ရသည့် ကြီးမားသည့် အားတစ်ခုက လွဲယမ်း လိုက်သကဲ့သို့ တူသည် ပြင်းထန်သည့် အရှိန်အဟုန်ဖြင့် ဆောက်အား ထုရိုက်လိုက်တော့သည်။

ကြီးမားသည့် ကျောက်တိုင်ပေါ်တွင် ထင်ရှားသည့် မှတ်ရာတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ဝမ်ရှန်း မရပ်ခဲ့ပေ၊ တစ်ချက်ပြီးတစ်ချက် ဆက်လက် ထုလုပ်လိုက်သည်။

ကြီးမားသည့် ဝမ်ရှန်း အရိပ်တစ်ခုက ထိုနေရာ၌ ရပ်နေကာ တူကိုလွဲယမ်းပြီး ဆောက်ကို ထုနှက်နေခြင်းပင်။

ဒေါက် ဒေါက် ဒေါက် ဒေါက်

ဝမ်ရှန်း၏ ဝိညာဉ်ပင်လယ် အတွင်းတွင် ထုနှက်သံများ စည်းချက်ကျကျ ထွက်ပေါ်လာခဲ့ပြီး ကျောက်တိုင်ပေါ်တွင် သူ ရေးထိုးချင်သည့် စာလုံးများ ပေါ်လာခဲ့၏။

临 (လင်)

兵 (ပင်)

斗 (တုတ်)

者 (ကျယ်)

皆 (ကျဲ)

阵 (ကျန့်)

列 (လျဲ့)

前 (ချန်)

行 (ရှင်)

အစအဆုံး မည်သည့် မှားယွင်းမှုမှ မရှိဘဲ စာလုံးများ တစ်လုံးပြီးတစ်လုံး ပေါ်လာခဲ့၏။ ကိုးလုံးလုံး အပြည့်အဝ ပေါ်လာသည့် အချိန်တွင် တူနှင့်ဆောက်တို့သည် သူတို့ တာဝန်ပြီးဆုံး သွားသကဲ့သို့ တိမ်များအဖြစ် ပြန်လည် ပြောင်းလဲသွားပြီး လေထုအတွင်း ပျောက်ကွယ် သွားတော့သည်။

ထိုအချိန်တွင် ကြီးမားသော ကျောက်တိုင်ထိပ်၌ ဖုံးလွှမ်းနေသည့် မြူခိုးများ လေထုအတွင်း လျင်မြန်စွာ ပျံ့နှံ့ပျောက်ကွယ် သွားကာ သူတို့ဖုံးကာနေသည့် အရာသည်လည်း တဖြည်းဖြည်းချင်း ပေါ်ထွက် လာခဲ့သည်။

ကျောက်တိုင်ထိပ်တွင် ကြီးမားသည့် နဂါးတစ်ကောင် ငြိမ်သက်စွာ ခွေနေလျက် ကျောက်တိုင်ပေါ်မှ စကားလုံးများ တွေ့သည့်အခါ သူ့အတွက် အစားအသောက်များ မြင်သကဲ့သို့ သူသည် ပျော်ရွှင်မြူးထူးသည့်ပုံ ပေါက်သွား၏။

ထိုအချိန်မှာပင် ဝမ်ရှန်း၏ခြံဝန်း အတွင်းရှိ ဝိညာဉ်စွမ်းအားများ တစ်ခဏသာ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ ထို့နောက် မရေမတွက်နိုင်သည့် ဝိညာဉ်စွမ်းအားများသည် ဝဲဂယက် တစ်ခုနှင့် ကြုံတွေ့လိုက် ရသကဲ့သို့ ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်းသို့ အသည်းအသန် ဝင်ရောက် လာတော့၏။
***

Comment

Leave a Reply

Options

not work with dark mode
Reset