Switch Mode

Chapter – 240

ကမ္ဗည်းထိုးမည့် စကားလုံးများ (၁)

အပိုင်း ၂၄၀
ကမ္ဗည်းထိုးမည့် စကားလုံးများ (၁)

ကံကောင်းခြင်း ဆေးပြားသည် ဘယ်ချိန်တုန်းက နေ့ချင်း ရနိုင်သည့် သာမန်ပစ္စည်း တစ်ခု ဖြစ်သွားခဲ့သနည်း။ ဝမ်ရှန်း၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ၏မျက်နှာ ထက်တွင် မယုံကြည်နိုင်မှုများ သိသိသာသာ ထွက်ပေါ်လာခဲ့၏။

နောက်ဆုံး ဝမ်ရှန်းထံမှ အံ့အားသင့်သည့် အမူအရာကို မြင်လိုက်ရသည့် အတွက်ကြောင့် အိမ်တော်ထိန်း ပျော်ရွှင်သွားသည်။ သူသည် ဝမ်ရှန်းနှင့် စတွေ့သည့် အချိန်ကတည်းက ဝမ်ရှန်းကို ဤမျက်နှာ အမူအရာမျိုးဖြင့် တစ်ခေါက်မှ မမြင်ဖူးခဲ့ပေ။ ယနေ့ နောက်ဆုံးတွင် သူသည် တစ်စုံတစ်ခုကို အောင်မြင် သွားသည်ဟု ခံစားလိုက် ရတော့သည်။

“မင်း အံ့သြသွားမယ် ဆိုတာ ငါ သိသားပဲ…”

အိမ်တော်ထိန်းမှ ရယ်ရယ်မောမော ပြောကာ ကျောက်စိမ်း သေတ္တာ နှစ်လုံးကို ဝမ်ရှန်း လက်တွင်းသို့ ထည့်ပေးလိုက်သည်။

ပစ္စည်းစစ်ကြည့်ရန် သေတ္တာကို ဖွင့်ကြည့်စရာပင် မလိုပေ။ တိုက်ပွဲဝိညာဉ်သည် သူ နောက်ဆုံးအကြိမ် ကံကောင်းခြင်း ဆေးပြား ရခဲ့သည့် အချိန်တုန်းကအတိုင်း တုံ့ပြန်နေခဲ့သည်။ ထို့ကြောင့် အထဲ၌ ရှိနေသည့် ဆေးပြားများက အစစ်ဖြစ်ကြောင်း ပြောစရာပင် မလိုပါ။

“မတော်တဆမှု တစ်ခု ဖြစ်သွားခဲ့တယ်…”

အိမ်တော်ထိန်း ဝမ်ရှန်း၏ အိမ်တွင်းသို့ ဝင်ထိုင် လိုက်သည်။ ထို့နောက် အစေခံကို လက်ဖက်ရည် ပြင်ခိုင်းလိုက်၏။ လက်ဖက်ရည် ရောက်သည့် အချိန်တွင် သူ့ဘာသာသူ ငှဲ့ကာ တစ်ကျိုက် နှစ်ကျိုက် သောက်ပြီးမှ ပြောလိုက်ခြင်းဖြစ်၏။

ထိုစကား ကြားလိုက်ရသောအခါ ဝမ်ရှန်း တကယ်ကို အံ့အားသင့် သွားခဲ့ပေသည်။ ယခုအချိန်တွင် ဝူရုံမြို့က ကံကောင်းခြင်း ဆေးပြားကို အလွယ်တကူ ရရှိနိုင်ပြီဟု သူ တကယ်ကို မထင်ထားခြင်း ဖြစ်၏။ ဒါ့ပြင် နှစ်ပြားဖြစ်သည်။ သေချာ စဉ်းစားပြီး နောက်တွင် တစ်ခုခု မှားယွင်းနေကြောင်း ဝမ်ရှန်း သိလိုက်ရသည်။

“အစ်ကိုကြီး၊ ဘာတွေဖြစ်ခဲ့တာလဲ”

“အဲ့ဒါက နည်းနည်းတော့ ရှုပ်တယ်”

အိမ်တော်ထိန်းမှ ပြောလိုက်သည်။

“မင်းကတော့ သိမှာ မဟုတ်ဘူး၊ ဒါပေမယ့် နောက်ဆုံး တစ်ခေါက် မင်း ကံကောင်းခြင်း ဆေးပြားကို ရပြီးတဲ့နောက်မှာ ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်။ အခုက ကံကောင်းခြင်း ဆေးပြားကိုရဖို့ အရင်ကလောက် မခက်ခဲတော့ဘူးကွ”

ထို့နောက် အိမ်တော်ထိန်းမှ ဖြစ်ကြောင်း ကုန်စင် ရှင်းပြလိုက်သည်။ သခင်လေးဖုန်းနှင့် အဘိုးကြီးဝမ်တို့သည် သူတို့၏ အသိုက်ကို ရှာတွေ့ရန် အခြားလူများ၏ လိုက်သတ် ခံခဲ့ရကြောင်း၊ ဂိုဏ်းကို ရှာတွေ့ပြီးနောက် ဂိုဏ်းသည် ထိုလူများ၏ ပူးပေါင်း တိုက်ခိုက် ရှင်းလင်းခြင်း ခံခဲ့ရကြောင်းနှင့် ကံကောင်းခြင်း ဆေးပြား ဖော်စပ်ညွှန်းကလည်း အများကြား ပျံ့နှံ့သွားကြောင်း အစရှိသဖြင့် ရှင်းပြခဲ့သည်။

ထိုထဲတွင် အဓိက တရားခံဖြစ်သည့် ဝူရုံမြို့ အကြောင်းကိုလည်း အိမ်တော်ထိန်း မထိမ်ချန် ထားခဲ့ပေ။ ထိုလူငယ်လေး ဖုန်းသည် ရိုင်းစိုင်းကာ ထိုနေရာ၌ စကား ဗလောင်းဗလဲ ပြောခဲ့ခြင်းက မြို့အရှင်ကို ဒေါသထွက် သွားစေကြောင်း၊ ထို့ကြောင့် မြို့အရှင်သည် သူတို့ကို နှင်ထုတ်ကာ အပေးအယူ အကြောင်းကို သတင်းဖြန့် လိုက်ကြောင်း မခြွင်းမချန် ပြောပြခဲ့၏။

ဝမ်ရှန်း ပြုံး၍ နားထောင် နေသော်လည်း သူ၏စိတ်ထဲ၌ ဂယက်ထ သွားခဲ့သည်။ ကိုယ့်အား ခြိမ်းခြောက်နိုင်သည့် ဂိုဏ်းတစ်ဂိုဏ်းကို တွေ့လျှင် ထိုဂိုဏ်းကို ချက်ချင်း ရှင်းပစ်ရမည် ဖြစ်၏။ ထိုအဖြစ်အပျက်သည် လင်မိသားစု၊ ချီရှုံးခန်းမနှင့် ရှန့်ယင် အကျဉ်းထောင်တို့ ရှင်းပစ်ခံရခြင်းနှင့် အတူတူပင် မဟုတ်ပါလား… လွန်ခဲ့သည့် နှစ်ပေါင်း ငါးရာတွင် ဤကဲ့သို့ ဖြစ်ခဲ့သည်။ နှစ်ပေါင်းငါးရာ ကြာပြီး နောက်တွင်လည်း ဘာမှ မပြောင်းလဲသွားခဲ့။

ထိုထူးဆန်းသည့် ဝိညာဉ်သခင်များက အဓိက အင်အားစု ငါးခုနှင့် လျှို့ဝှက်ဂိုဏ်းမှ ဖြစ်ကြောင်း ဝမ်ရှန်း တွေးကြည့်စရာပင် မလိုပေ။ တော်ဝင်မိသားစုပင် ပါချင် ပါနေနိုင်သေး၏။

လွန်ခဲ့သည့် နှစ်ငါးရာတွင်လည်း ဤနည်းလမ်းကို အသုံးပြုခဲ့သည် ဆိုသော်လည်း ထိုအချိန်တွင် သိက္ခာ စောင့်ထိန်းမှုများ ရှိခဲ့သေးပေသည်။ သူတို့သည် ဘယ်လိုမှ သည်းမခံနိုင် တော့သည့် အဆုံးမှာမှ လှုပ်ရှားခဲ့ခြင်းဖြစ်၏။

သို့သော် ယခုအချိန်တွင် ကိုယ့်အား ခြိမ်းခြောက် နိုင်သည်နှင့် ဘာမှစဉ်းစား မနေတော့ဘဲ ချက်ချင်း ရှင်းပစ်ကြတော့သည်။

“မင်းတောင်းဆိုထားတဲ့ အတိုင်း ငါ ပြောပြီးသွားပြီ”

ဝမ်ရှန်း ငြိမ်ကျသွားသည်ကို မြင်လိုက် ရသောအခါ အိမ်တော်ထိန်းသည် ဝမ်ရှန်းက ကံကောင်းခြင်း ဆေးပြားနှစ်ပြား ရခဲ့သောကြောင့် ပီတိဖြစ်နေကာ ဘာမှ မပြောခြင်း ဖြစ်မည်ဟု တွေးလိုက်၏။ ထို့နောက် သူသည် ဆက်၍ “မင်းက စောင့်နေလိုက်ရုံပဲ။ တစ်လအတွင်း မင်းရှေ့ကို လူ ၁၀ ယောက် ရောက်လာလိမ့်မယ်”

ထိုသို့ ပြောပြီးနောက် ဝမ်ရှန်းအိမ်မှ ပြန်သွားလိုက်သည်။ သူတို့၏ ဆက်ဆံရေးသည် အလွန် ရင်းနှီးသောကြောင့် ဝမ်ရှန်း သူ့အား တကူးတကကြီး ပြန်လိုက်ပို့ ပေးနေစရာ မလိုပေ။ အိမ်တော်ထိန်း ပြန်သွားပြီးနောက် ချင်းဝေနှင့် ဝမ်ရှန်းတို့သာ ကျန်ခဲ့တော့သည်။

ချင်းဝေသည် အိမ်တော်ထိန်း နှင့်အတူ အထဲသို့ ဝင်လာသည့် အချိန်ကတည်းက စကားတစ်ခွန်းမှ မပြောခဲ့ပေ။ အိမ်တော်ထိန်း ထွက်သွားသည့် အချိန်မှ ဝမ်ရှန်း ချင်းဝေအား ထိုင်ခိုင်းလိုက်ကာ ပြုံး၍ “အစ်မချင်းဝေ၊ ဒါတွေက ဘာတွေလဲ”

“ဒါက ဝူရုံမြို့ရဲ့ ဥပဒေတစ်ခုပဲ”

ချင်းဝေသည် ဉာဏ်ကောင်းပေ၏။ ဝမ်ရှန်း ဆိုလိုသည်ကို သူမ ချက်ချင်း နားလည်ခဲ့သည်။

“အစိမ်းရောင် ကြေးစား တံဆိပ်ပြားနဲ့ ဆိုရင် နင် ကြေးစားခန်းမကို နင်ကိုယ်တိုင် လာစရာ မလိုတော့ဘူး။ စိတ်ဝင်စားတဲ့ အလုပ်ရှိရင် ဒါမှမဟုတ် အလုပ်တစ်ခုခု ကြော်ငြာချင်တယ် ဆိုရင် ငါ့ကိုသာပြောလိုက်”

ဝမ်ရှန်း နားလည် သွားသည်။ ဤအရာသည် သူ၏ ကမ္ဘာမြေပေါ်မှ ဘဏ်များ၏ အထူးဝန်ဆောင်မှုနှင့် အတူတူပင် မဟုတ်ပါလား… အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ပေးစေသည့် သဘောပင်ဖြစ်သည်။

“အခု အချိန်ထိတော့ ကျွန်တော့်ကို ဘာအလုပ်မှ ရှာပေးစရာ မလိုသေးပါဘူး”

ဝမ်ရှန်း တစ်ခဏ စဉ်းစားကာ ချင်းဝေအား ပြန်ပြောလိုက်သည်။

“ဒါပေါ့၊ နင့်မှာ ရွှေဒင်္ဂါးတွေ ရှိနေတာပဲ”

ချင်းဝေသည် အလျင်အမြန်ပင် ပြုံး၍ ပြန်ပြောလိုက်သည်။

“ကံကောင်းခြင်း ဆေးပြား ဒါမှမဟုတ် အဲ့ဆေးပြားထက် ပိုကောင်းတဲ့ ဆေးပြားတွေရှိရင် တန်ကြေး တစ်ခုပေးပြီး အဲ့ဒါတွေကို ဝယ်မယ်လို့ ကြေငြာထားလိုက်”

ဝမ်ရှန်းသည် ရွှေဒင်္ဂါးများ လက်ထဲ မပြတ်ပေ၊ သူသာ လိုချင်လျှင် ငွေဝင်ပေါက်ရှာ၍ ရသည့် နည်းလမ်းများ များစွာ ရှိပေသည်။

ယခုအချိန်တွင် ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်ကို သိလိုက်ရပြီ ဖြစ်သည့် အတွက်ကြောင့် ဆေးပြားများ ပိုလိုချင် မိပေသည်။ မည်သို့ဆိုစေ သူ၏ဝိညာဉ်သည် တောက်တိ အသွင် ပြောင်းလဲခဲ့ပြီး ဖြစ်သည့် အတွက်ကြောင့် ဝိညာဉ်စွမ်းအားများက ဘယ်လောက်ပဲ များပြား ပြင်းထန်နေပါစေ သူ ဝါးမျိုနိုင်ပေသည်။

သူ၏စကားကို ချင်းဝေ ခေါင်းညိတ်ကာ ပြန်တုံ့ပြန် လိုက်သည်။

“အစ်မကြီး ဂိုဏ်းက စိတ်ကူး အကြံဉာဏ် တစ်ခုခု ရှိတယ် ဆိုရင်လည်း ကျွန်တော့်ကို တိုက်ရိုက် ပြောလို့ရပါတယ်”

ဝမ်ရှန်းသည် သူမ၏ အထောက်အပံ့ကို ပိုမိုရစေရှိ အပြန်အလှန် အနေဖြင့် သူမ၏ ဂိုဏ်းအတွင်းတွင် သူမကို လုံလောက်သည့်နေရာ ရရှိအောင် ပြုလုပ်ပေးရန် အတွက် မတွန့်ဆုတ်နေပေ။ ဘာပဲပြောပြော ချင်းဝေ နောက်ကွယ်မှ ဂိုဏ်းက ဘယ်လောက်ထိ အင်အားကြီးလဲ ဆိုတာ သူ မသိနေပေ။

“ဒါပေမယ့်၊ ကျွန်တော် အစ်မ တစ်ယောက်တည်းနဲ့ပဲ ဆွေးနွေး ညှိနှိုင်းမှာနော်”

“ကျေးဇူးတင်ပါတယ်…”

ချင်းဝေသည် ဉာဏ်ကောင်းသည့် လူတစ်ယောက် ဖြစ်သည့် အားလျော်စွာ ဝမ်ရှန်း သူမအား ပေးသည့် အခွင့်အရေးကို ချက်ချင်း နားလည် သွားခဲ့သည်။

ထို့နောက် ချင်းဝေသည် ခဏသာနေကာ ဝမ်ရှန်း၏ တောင်းဆိုချက်ကို ဆောင်ရွက်ရန် ကြေးစားခန်းမသို့ ပြန်သွား လိုက်သည်။ ချင်းဝေ ထွက်သွား ပြီးနောက် ဝမ်ရှန်း၏ခြံဝန်း နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ်သွား၏။ သူ့ဘက်တွင် လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသား တစ်ယောက် ရှိနေခြင်းက မကောင်းသည့် ကိစ္စတစ်ခုလည်း မဟုတ်ပါ…

သို့သော် ထိုတိတ်ဆိတ်မှုသည် ဘယ်လောက်မှ မကြာခဲ့ပေ။ ချင်းဝေ ထွက်သွားပြီး အမွှေးတိုင် တစ်ဝက်စာခန့် ကြာပြီးနောက်တွင် တော်ဝင်ရတနာစံအိမ်မှ ဆိုင်ပိုင်ရှင်နှင့် ရတနာစံအိမ်မှ ဆိုင်ပိုင်ရှင်တို့ ဝမ်ရှန်း၏ တံခါးဝသို့ အတူတကွ ဆိုက်ရောက် လာခဲ့ကြသည်။

မျက်နှာကို ဇာပဝါဖြင့် ဖုံးထားသည့် ဆိုင်ရှင် အမျိုးသမီးဖြစ်စေ၊ လုဝမ်ဟုန်နှင့် လင်းအားတို့ဖြစ်စေ သူတို့တွင် အရေးကြီး လုပ်ငန်း ကိစ္စများ ရှိပေသည်။ ဝူရုံမြို့ အတွင်း၌သာနေကာ ဝမ်ရှန်းအား တစ်နှစ်ခွဲကြာ ထိုင်စောင့်နေရန် မဖြစ်နိုင်ပေ။ သို့သော် ဝမ်ရှန်း ပြန်ရောက် လာသည်နှင့် သူတို့အား သတင်းပို့ရန် သူတို့လူများကို မှာကြားထားရန်လည်း မမေ့လျော့ခဲ့ကြပေ။

သူတို့နှစ်ဖက်သည် ကြိုတင် အချိန်းအချက် ပြုလုပ်ထားဟန်ရှိ၏။ ဆိုင်ပိုင်ရှင် နှစ်ဦးသည် ရောက်လာသော်လည်း အခြား ဘာထွေထွေထူးထူးမှ မပြောသေးပဲ အစေခံနှစ်ယောက်နှင့် စားဖိုမှူး နှစ်ယောက်တို့က အဆင်ပြေ မပြေကိုသာ မေးမြန်းခဲ့ကြ၏။

ဉာဏ်ကောင်းသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ ချဉ်းကပ်ပုံသည် ထက်မြက် လှပေသည်။ သူတို့ လူများအပေါ် ဝမ်ရှန်း စိတ်ကျေနပ်မှု ရှိမရှိကိုသာ မေးမြန်းခဲ့ပြီး စိတ်ကျေနပ်မှု မရှိလျှင် ချက်ချင်း လူစားလဲ ပေးမည်ဖြစ်၏။ သူတို့၏ လုပ်ကိုင်ပုံသည် ကြေးစား ခန်းမ၏ လူတစ်ယောက်ကို သူ့ဘေးသို့ တဲ့တိုး ထည့်လိုက်ခြင်းထက် ပို၍ အကျိုးသက်ရောက်မှု ရှိပေသည်။

“ဟုတ်ပါပြီ၊ ဘာမှ ထပ်ပြောစရာ မလိုတော့ပါဘူး”

သူတို့နှစ်ယောက် ဘာလိုချင်လဲ ဆိုတာကို ဝမ်ရှန်း သိပေသည်။ ထို့ကြောင့် သူသည် ဝေ့လှည်ကြောင်ပတ် လုပ်မနေတော့… သူတို့ နှစ်ဦးလုံးသည် သူ၏လုပ်ဖော် ကိုင်ဖက်များ ဖြစ်၏။ ထို့ကြောင့် အကြံပေးသင့်သည့် အချိန်တွင် အကြံပေး ရပေမည်။

“ဒီတစ်ခေါက်မှာ ကြိုတင် လက်ဦးမှု ယူထား။ လင်းလုံစံအိမ်က ဆရာတွေလိုမျိုး လူတွေ ကြိုစုထား။ တစ်လအတွင်း ပစ္စည်းမှာယူတဲ့ အရေအတွက်တွေ တိုးလာလိမ့်မယ်။ တချို့ ပစ္စည်းတွေကိုတော့ ကြိုပြင်ထားလိုက်။ အဲ့ဒါကို လိုချင်တဲ့လူတွေ များလာလိမ့်မယ်”
***

Comment

Leave a Reply

Options

not work with dark mode
Reset