အပိုင်း ၂၃၉
မပူးပေါင်းနှင့် (၂)
“မတွေးမိစရာ အကြောင်း မရှိပါဘူး”
ဝမ်ရှန်း ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် အစကတည်းက အဲ့ဒါကို သိုဝှက်ထားဖို့ စိတ်ကူးမရှိဘူး။ စိတ်ကွက် နေလို့သာ။ သူတို့ ကျွန်တော့်နောက် ပိုလိုက်လေ ပိုပြီး စိတ်ရှုပ်လေပဲ။ အခု နှစ်နှစ်ကြာသွားပြီ ဆိုတော့ သူတို့ကို အထဲခေါ်သွားလို့ အဆင်ပြေပါပြီ”
“သဘောထား ကြီးသားပဲ…”
ဝမ်ရှန်းဘေး၌ ရှိနေသည့် မိန်းမစိုးမှ ကျေနပ်ပြုံးဖြင့် ပြောလိုက်သည်။ ထိုစကား ကြားပြီးနောက် အိမ်တော်ထိန်းနှင့် မိန်းမစိုးတို့သည် အခြားသူများ အတွက် သက်ပြင်း ချလိုက်ကြသည်။ သူတို့သည် ဝမ်ရှန်းနှင့် ကောင်းကောင်းမွန်မွန် ပူးပေါင်း၍ရ၏။ သို့သော် အကြမ်းဖက်သည့် နည်းလမ်းကို အသုံးပြုခဲ့ကာ မလိုအပ်ဘဲ လူပေါင်း များစွာ၏ အသက် ဆုံးရှုံးခဲ့ရသည်။
“ဘယ်လို နည်းလမ်း မျိုးသုံးဖို့ စိတ်ကူးထားလဲ”
အိမ်တော်ထိန်းမှ အပြုံးရေးရေးဖြင့် မေးလိုက်သည်။ အဓိက အင်အားစု ငါးခုက သူတို့ကို ဘာလုပ်မယ်ဆိုတာ အရေးမကြီးပေ။ ဘာပဲပြောပြော ဝမ်ရှန်းသည် ဝူရုံမြို့ အကျိုးရှိအောင် သေချာပေါက် ပြုလုပ် ပေးပေလိမ့်မည်။
“စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေရော ဘာတွေရှိလဲ”
“ရှိတာပေါ့…”
ဝမ်ရှန်း ပြုံး၍ ပြန်ဖြေလိုက်၏။
“အစ်ကိုကြီးကတော့ အလုပ်ရှုပ် ရဦးမှာပဲ။ ကျွန်တော်က အထဲကို ခေါ်သွားပေးဖို့နဲ့ ပြန်ခေါ်ထုတ် လာပေးဖို့ပဲ တာဝန်ရှိတာ။ ဘယ်သူဝင်မယ် ဘယ်သူ ထွက်မယ် ဆိုတာကိုတော့ ကျွန်တော် ဂရုမစိုက်ဘူး။ အဲ့ဒါကိုတော့ မြို့အရှင်ကပဲ ဆုံးဖြတ်ပေးပါ…”
ဘာပဲပြောပြော ဝမ်ရှန်းသည် အစကတည်းက လူ ၁၀ ယောက်သာ ခေါ်မည်ဟု ပြောထားခြင်းဖြစ်၏။ မိသားစု တစ်စုကို ဦးစားပေး လိုက်မည်ဆိုလျှင် အခြား မိသားစုများမှ ရတော့မည် မဟုတ်၊ ထိုကဲ့သို့ဆိုလျှင် ထိုမိသားစုများကို စော်ကားရာ ရောက်သွား ပေလိမ့်မည်။
ထို့ကြောင့် ဤကိစ္စသည် မြို့အရှင်မှ ကိုင်တွယ်ရန် ပိုသင့်တော်ပေသည်။ ပြီးလျှင် မြို့အရှင် စံအိမ်သည်လည်း ဤအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ အကျိုးရလဒ်များ ရရှိနိုင်ပေသည်၊ ထို့ကြောင့် သူတို့သည် ဘာလို့ မလုပ်ဘဲ နေမည်နည်း…
“သိသားပဲ…”
အိမ်တော်ထိန်းမှ ရှုတ်ချဟန်ဖြင့် ပြောလိုက်သည်။ သို့သော် သူ၏မျက်နှာ အမူအရာက ထိုကဲ့သို့ ဖြစ်နေသော်လည်း သူ၏မျက်လုံးများထဲတွင် အပြုံးရိပ်များ ထွက်ပေါ်နေလေသည်။
“အရင်ဆုံး လူလွှတ်ချင်တဲ့ ဘယ်မိသားစုမဆို မိသားစု တစ်စုဖြစ်စေ၊ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်စေ ကျွန်တော့်ကို ဝရမ်းထုတ် ထားတာကို အရင် ရုပ်သိမ်းပေးရမှာပေါ့၊ ဟုတ်တယ်မလား…”
ဝမ်ရှန်း သူ၏ တောင်းဆိုချက်များကို တစ်ခုပြီးတစ်ခု တိုးမြှင့် ပြောဆိုလိုက်သည်။
“အမုန်းတရားကို မပယ်ရှား နိုင်ဘူးဆိုရင် အထဲရောက်ရင် အဆင်ပြေမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား။ ကျွန်တော် နှစ်တွေ အကြာကြီး လိုက်သတ် ခံရပြီးနောက် ဘာပြောခဲ့လဲဆိုတာ ဆရာတို့လည်း မြင်ကြတာပဲမလား…”
အိမ်တော်ထိန်းနှင့် အရိပ်မိန်းမစိုးတို့ ပြိုင်တူ ခေါင်းညိတ် လိုက်ကြ၏။ သူတို့စိတ်ထဲ၌ ဝမ်ရှန်းအား ချီးကျူး လိုက်ကြသည်။ ဝမ်ရှန်းသည် လိုက်သတ်ခံရသည်မှာ မှန်သော်လည်း သေဆုံးခဲ့သည့် လူမှာ ဝမ်ရှန်းမဟုတ်။ အခြားသူများပင် ဖြစ်သည်။
သို့သော် အဓိက အင်အားစုငါးခုမှ လူများသည် ဝမ်ရှန်းအား နောက်တစ်ကြိမ် လိုက်လံ သတ်ဖြတ်မည်ဆိုလျှင် အဆင်မပြေ နိုင်တော့ချေ။ ဝမ်ရှန်းသည်လည်း အဖြစ်အပျက် တော်တော်များများနှင့် ကြုံတွေ့ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူတို့ဘက်မှ ဤတစ်ချက်ကိုတော့ သဘောတူ ပေးရပေမည်။
“ဒုတိယတစ်ခုက…”
ဝမ်ရှန်းသည် အိမ်တော်ထိန်းနှင့် မိန်းမစိုးတို့ရှေ့တွင် ဟန်ဆောင်မူ ပိုမနေပေ။ သူသည် လက်နှစ်ချောင်း ထောင်ပြကာ-
“လူ ၁၀ ယောက်ကို အထဲ ခေါ်သွားပေးမယ်။ ဒါပေမယ့် ကံကောင်းခြင်း ဆေးပြား ၂ ပြား ဒါမှမဟုတ် အဲ့ဆေးပြားနဲ့ တူတဲ့ဆေးပြား ၂ ပြား ပေးရမယ်။ များတော့ မများဘူးမလား…”
“မများပါဘူး၊ မများဘူး…”
အိမ်တော်ထိန်းမှ တရစပ် ပြောလိုက်သည်။ လူတစ်ယောက်ကို အင်အားစု တစ်ခုအနေဖြင့် စဉ်းစားကြည့်မည် ဆိုလျှင် အင်အားစု ၁၀ ခု သို့မဟုတ် ဂိုဏ်း ၁၀ ဂိုဏ်း ရပေမည်၊ ထိုအင်အားစုများသည် ကံကောင်းခြင်း ဆေးပြား ၂ ပြား ရရှိရန်က ဘယ်လောက်မှ မများပေ။
ဝမ်ရှန်း ကံကောင်းခြင်း ဆေးပြားနှင့် ဘာလုပ်မှာလဲ ဆိုတာတော့ အိမ်တော်ထိန်း စိတ်မဝင်စားပေ။ ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်သည် အခြား ဆေးပြားများနှင့် အတူတူပင်ဖြစ်၏။
ဝမ်ရှန်း ဒုတိယမြောက် ကံကောင်းခြင်း ဆေးပြားကို သောက်ပြီးနောက် ဘာဖြစ်ခဲ့လဲ ဆိုတာကို လူတော်တော်များများ မသိကြ။ သို့သော် အိမ်တော်ထိန်းသည် ဘယ်လိုလုပ် မသိဘဲနေမည်နည်း။ ယခုအချိန်တွင် ကံကောင်းခြင်း ဆေးပြားသည် ထူးခြားဆန်းပြားသည့် ဆေးပြား မဟုတ်တော့ပေ။ ပါဝင်ပစ္စည်းများ ရှာတွေ့ကာ ဆေးပြား သန့်စင်ရန် အဆင့်မြင့် ဆေးဆရာတစ်ဦး ရှိလျှင်ရပြီဖြစ်၏။
“တတိယအနေနဲ့ အထဲဝင်ချင်တဲ့ လူတွေက ဝိညာဉ်အဆင့် အရမ်းကြီး မနိမ့်ရဘူး”
လိုက်မည့် လူများ၏ လိုအပ်ချက်များကို ဝမ်ရှန်း ပြောလိုက်သည်။
“စတုတ္ထအဆင့်ထက် မနိမ့်ရင် အကောင်းဆုံးပဲ။ အထဲမှာက အန္တရာယ်များပြီး ဘယ်အရာမှ ပုံသေတွက်လို့ မရဘူး။ သူတို့ရဲ့ ဝိညာဉ်အဆင့်နိမ့်ရင် ကျွန်တော် လိုက်ပြီး ဂရုမစိုက် နေနိုင်ဘူး”
အဓိက မိသားစုဝင်များကို သူတို့ လူများထဲမှ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ခွင့်ရမည့် လူကို ရွေးချယ် ခိုင်းရာတွင် သူတို့သည်လည်း ပထမအဆင့်နှင့် ဒုတိယအဆင့် ဝိညာဉ်သခင်များကို ရွေးချယ်မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ရှန်း ဤအချက်ကို ထည့်မပြောလျှင်တောင် ရပေသည်။
“တခြားဟာတွေတော့ မစဉ်းစားရသေးဘူး။ အခုအတွက်တော့ ဒါတွေပဲ ရှိသေးတယ်ပဲ…”
ဝမ်ရှန်းမှ ပြောလိုက်၏။ သို့သော် ထိုစကား ဆုံးသွားသည့် အချိန်တွင် ဝမ်ရှန်းသည် ရုတ်တရက် တစ်စုံတစ်ခုအား တွေးမိသွားကာ-
“ဒါနဲ့ ကျွန်တော်က လူတွေကို ခေါ်သွားပေးတာပဲ ရှိတာနော်၊ သူတို့ကို တစ်ခုခု သင်ပေးမယ်လို့ ကတိမပေးဘူး။ ဘယ်သူ့ကိုမှ ဘာမှသင်ပေးမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ပြီးမှ အစကတည်းက မပြောရကောင်းလား ဆိုပြီး အပြစ်မတင်နဲ့ဗျ”
“နားလည်ပြီ”
အိမ်တော်ထိန်းမှ ခေါင်းညိတ် လိုက်သည်။ ဝမ်ရှန်း ပြောသည်မှာ ယုတ္တိ ရှိပေသည်။ လူများကို ခေါ်သွားပေးမည်၊ သို့သော် တစ်ခုခု သင်ကြားပေးမည်ဟုတော့ အာမ မခံ… ထိုကဲ့သို့ဆိုလျှင် နောင်တွင် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ချင်သည့် လူ မည်သူမဆို ဝမ်ရှန်းကို လိုအပ်နေဦးမည် ဖြစ်သည်။ ရေရှည် အကျိုးရှိသည့် တောင်းဆိုချက်ပင် ဖြစ်၏။ ဉာဏ်ကောင်းသည့် လူများ၏ လုပ်ဆောင်ချက်ပင် ဖြစ်သည်။
ဝမ်ရှန်း လူခေါ်သည့် အချိန်တိုင်း မြို့အရှင် စံအိမ်ကို ဦးစွာ ဖြတ်ကျော်ရမည်။ ထို့ကြောင့် မြို့အရှင် စံအိမ်သည်လည်း ရေရှည် ငွေဝင်ပေါက် တစ်ခု ရလာမည်ဖြစ်၏။ ဤကဲ့သို့သော အခွင့်အရေးကို မြို့အရှင် စံအိမ်ကရော ငြင်းဆန်မည်တဲ့လား…
ဝမ်ရှန်း၏ တောင်းဆိုချက်များသည် ရိုးရှင်း၏။ ဘာမှ ထပ်မံ စေ့စပ်ဆွေးနွေး ညှိနှိုင်းစရာမရှိပေ။ မကြာမီ အိမ်တော်ထိန်း ပြန်သွားခဲ့သည်။ ဤသတင်းကို တတ်နိုင်သလောက် မြန်မြန် ဖြန့်ရမည် ဖြစ်၏။ မြို့အရှင် စံအိမ်မှလည်း ထိုတောင်းဆိုချက်များကို ထပ်မံ ပေါင်းထည့် ရဦးမည်ဖြစ်၏။
အိမ်တော်ထိန်း ပြန်သွားပြီး မကြာမီ မိန်းမစိုးလည်း ပြန်ရန် ပြင်လိုက်သည်။ ဝမ်ရှန်း၏ တောင်းဆိုချက်များကို ကြားပြီးနောက် တော်ဝင်မိသားစုက သူတို့ လူများကို ဘယ်လို ထည့်လောက်လဲဟု သူ စဉ်းစား ကြည့်လိုက်သည်။ သို့သော် ပြန်ရန် ထရပ်လိုက်သည့် အချိန်မှာပင် ဝမ်ရှန်း သူ့အား တားလိုက်၏။
“တစ်ယောက်ယောက်ကို ထည့်ချင်တယ် ဆိုရင် ဒီတစ်ခေါက် မထည့်သေးနဲ့ဦး”
ဝမ်ရှန်းမှ ပြောလိုက်သည်။ “အရင်ဆုံး အခြေအနေ ရလဒ်ကို အရင်ကြည့်တာက မကောင်းဘူးလား”
ထိုစကားကြောင့် မိန်းမစိုး မျက်မှောင်ကြုတ် သွားသည်ကို မြင်လိုက် ရသောအခါ ဝမ်ရှန်းမှ ဆက်ရှင်းပြ လိုက်၏။
“ဆရာက လူကောင်း တစ်ယောက်ပါ။ အဲ့ဒါကြောင့် ကျွန်တော် သတိပေး လိုက်မယ်… ပထမဆုံး အနေနဲ့ ဘယ်လို လူတွေပါပြီး သူတို့ ဘယ်လိုတွေ ပူးပေါင်း ကြမှာလဲဆိုတာ ဘယ်သူမှ မသိဘူး။ သူတို့လူ အချင်းချင်းပဲလည်း ပါနိုင်တယ်။ ဘယ်လို အမှားမျိုးတွေ လုပ်မိမယ်၊ အောင်မြင်မှာလား ရှုံးနိမ့်မှာလား ဆိုတာလည်း ဘယ်သူမှ မသိဘူး။ အဲ့ဒါကြောင့် ကျွန်တော်သာ ဆရာဆိုရင်…”
ဝမ်ရှန်း ဘာမှ ဆက်ပြောစရာ မလိုတော့ပေ၊ မိန်းမစိုး နားလည်သွားပြီ ဖြစ်၏။ ဝမ်ရှန်း ပြောသည်မှာ မှန်ပေသည်၊ မှန်ရုံသာမက အကျိုးရှိသည့် စကားများလည်း ဖြစ်၏။
မိန်းမစိုးလည်း ဤအချက်ကို ကောင်းကောင်း သိပေသည်။ သူ့အသက်အရွယ်တွင် သူ မကြုံတွေ့ဖူး၊ မမြင်ဖူး မကြားဖူးသည့် လှည့်ကွက် ရှိနိုင်ပေသည်။ မည်သို့ဆိုစေ ပထမဆုံး အကြိမ်သည် နည်းလမ်း ရှာခြင်းပင်ဖြစ်၏။ သူမို့လိုသာ ဝမ်ရှန်း ဤကဲ့သို့ အကြံပေးခြင်း ဖြစ်သည်။ အခြားလူသာ ဆိုလျှင် ပြောမည်မဟုတ်…
“ဟုတ်ပြီ”
မိန်းမစိုးမှ လက်ယှက်ကာ ဝမ်ရှန်းအား ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။ ထို့နောက် နံရံကို ခုန်ကျော်ကာ သူ့ခြံဝန်းဘက်သို့ ပြန်သွားလိုက်၏။
ချက်ချင်းပင် ခြံဝန်းသည် နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ် သွားခဲ့၏။ ဝမ်ရှန်း ပြန်မလာသည်မှာ တစ်နှစ်ခွဲကျော် ကြာနေပြီ ဖြစ်သည့် အတွက်ကြောင့် ခြံဝန်းသည် သူ့သခင် ပြန်လာမှုအတွက် ဒေါသထွက် နေဟန်ရှိ၏။
ညနေပိုင်းတွင် ဝမ်ရှန်းသည် စားဖိုမှူးကို အစားအသောက် ကောင်းများ တည်ခင်း ခိုင်းလိုက်ပြီး သူတို့အားလုံး နှင့်အတူ အရသာရှိရှိ စားသောက် လိုက်ကြသည်။
နောက်တစ်နေ့ မနက်တွင် ဝမ်ရှန်း အစောထကာ သူ၏ခြံဝန်း အတွင်း၌ လက်ရေးလှ လေ့ကျင့်လိုက်၏။ ယခုအချိန်တွင် ဝမ်ရှန်းသည် ဤလေ့ကျင့်မှုများနှင့် ကျင့်သားရ သွားပြီဖြစ်၏။
သူ မနက်စာ စားပြီးသည်နှင့် အိမ်တော်ထိန်း သူ့အိမ်တံခါးဝသို့ ရောက်လာခဲ့သည်။ အိမ်တော်ထိန်း နောက်တွင် ဝမ်ရှန်း မထင်ထားသည့် နောက်ထပ်လူ တစ်ယောက် ပါလာခဲ့၏၊ အစ်မကြီးချင်းဝေဖြစ်သည်။
“အမှတ်တွေ တွက်ပြီးသွားပြီ။ အဲ့ကြေးစား တံဆိပ်ပြားတွေရဲ့ အမှတ်တွေကြောင့် မင်း အဆင့်ခြောက် ကြေးစားအဆင့် တက်သွားပြီး အစိမ်းရောင် တံဆိပ်ပြားရပြီ”
ဝမ်ရှန်း၏ အံ့အားသင့်ဟန် တွေ့လိုက် ရသောအခါ အိမ်တော်ထိန်းမှ ဆက်ရှင်းပြ လိုက်သည်။
“အစိမ်းရောင် ကြေးစားတံဆိပ်ပြား ပိုင်ရှင်တွေက ကြေးစားခန်းမကို အမြဲတမ်း သွားနေစရာ မလိုဘူး။ သူတို့ ဝူရုံမြို့ အတွင်းမှာ ရှိနေသ၍ ကြေးစားခန်းမက သီးသန့် ဝန်ဆောင်မှုပေးဖို့ လူတစ်ယောက် လွှတ်ပေးလိမ့်မယ်။ မင်းနဲ့ ချင်းဝေက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြတယ် ဆိုတော့ နောက်ကျရင် သူမက မင်းကို ဝန်ဆောင်မှု ပေးလိမ့်မယ်”
“ပြီးတော့ မင်း ပြောတဲ့ ကံကောင်းခြင်း ဆေးပြားကိုလည်း ငါ ယူလာခဲ့သေးတယ်”
ဝမ်ရှန်း ချင်းဝေအား ဘာမှ မပြောနိုင်ခင်မှာပင် အိမ်တော်ထိန်းသည် ဝမ်ရှန်းအား အံ့အားသင့် သွားစေသည့် နောက်ထပ် စကားတစ်ခွန်း ပြောလိုက်လေ၏။
***