Switch Mode

Chapter – 237

လမ်းပြခြင်း (၂)

အပိုင်း ၂၃၇
လမ်းပြခြင်း (၂)

ဝမ်ရှန်း ဝူရုံမြို့သို့ ပြန်မရောက်သည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်၏။ သို့သော် လမ်းမထက်၌ စားသောက်ဆိုင် အချို့ တိုးလာသည်မှလွဲ၍ ဝူရုံမြို့သည် ဘာမှသိပ်ပြီး များများစားစား ပြောင်းလဲသွားဟန် မရှိပေ။

သို့သော် မြို့အတွင်းပိုင်းသို့ ရောက်လေ အိတ်ကြီး အိတ်ငယ်များ သယ်ဆောင်ထားသည့် လှည်းများ မြို့ထွက်ပေါက်သို့ ဦးတည် သွားနေသည်ကို သူ မြင်လိုက်ရသည်။ လှည်းများ သူ့ဘေးမှ ဖြတ်သွားစဉ် ရလိုက်သည့် အနံ့ကြောင့် ဤလှည်းများသည် မြို့အရှင်၏ ဟင်းခတ် အမွှေးအကြိုင် လုပ်ငန်း၌ အသုံးပြုသည့် လှည်းများဖြစ်ကြောင်း သိလိုက်သည်။

ယခုအချိန်တွင် ဤဟင်းခတ် အမွှေးအကြိုင် ကိစ္စတစ်ခုလုံး ဝမ်ရှန်းနှင့် လားလားမျှ မသက်ဆိုင်တော့။ ဝမ်ရှန်းသည် သူ့အကြံနှင့် ထိုက်တန်တဲ့ တန်ကြေးကို အလုံအလောက် ရရှိခဲ့ပြီးဖြစ်သည်။ နောက်ပိုင်း စီးပွားရေးက ဘာပဲဆက်ဖြစ်ဆက်ဖြစ် ဝမ်ရှန်း ဂရုမစိုက်ချေ။

ဝမ်ရှန်းသည် တစ်နှစ်ခွဲကျော်ကြာ ခြေရာပျောက် နေခဲ့ခြင်း ဖြစ်သည်။ လူများက သူ့အကြောင်း ဘယ်လောက်ပဲ သိချင်နေကြပြီး ဘယ်လောက်ပဲ သူ့ကို အာရုံစိုက် နေကြပါစေ ထိုအချိန် ပမာဏသည် သူတို့၏ စိတ်ရှည်မှု ကုန်ဆုံးသွားရန် လုံလောက်ပေသည်။ ထိုမျှ အချိန်အတော်ကြာ ပျောက်နေသည့်လူကို မည်သူမှ အာရုံစိုက်နေမည် မဟုတ်။ ထို့ကြောင့် ဝမ်ရှန်းသည် သူ့ပင်ကို မျက်နှာဖြင့်သာ ဈေးတန်းကို ဖြတ်လျှောက် သွားသော်လည်း အုံကြွမှုများ မဖြစ်ပေါ် သွားစေခဲ့ပေ။

ဝမ်ရှန်း ကြေးစားခန်းမ အတွင်းသို့ ဝင်သွားကာ ချင်းဝေထံ တည့်တည့် ဦးတည် သွားလိုက်သည်။ ထိုအချိန်တွင် အစ်မချင်းဝေသည်လည်း အမှုမဲ့ အမှတ်မဲ့ဖြင့် ဝမ်ရှန်းနှင့် အကြည့်ချင်း ဆုံသွားကာ ရုတ်တရက် ဝမ်ရှန်းအား မှတ်မိသွားခဲ့သည်။ ချက်ချင်းပင် သူမ၏မျက်လုံးများ ပြူးကျယ် သွားခဲ့တော့၏။

“အထီးကျန်ဝံပုလွေ…”

အံ့သြတကြီး ပြောလိုက်သည့် အသံက ကြေးစားခန်းမ တစ်ခုလုံးအား နှိုးကြား သွားစေခဲ့သည်။ အားလုံး၏ အကြည့်သည် ထောင့်တစ်နေရာသို့ ဦးတည် သွားနေသည့် လူပေါ်သို့ ကျရောက်သွားခဲ့ကာ သူတို့၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက် သွားခဲ့၏။

ဝမ်ရှန်းသည် ထိုလူများ၏ အကြည့်ကို ဂရုမစိုက်ဘဲ သူ့အား အံ့သြတကြီး ကြည့်နေသည့် ချင်းဝေ ရှေ့၌သာ ဝင်ထိုင်လိုက်သည်။

“မတွေ့တာကြာပြီနော် အစ်မချင်းဝေ”

“ဟုတ်တယ်၊ မတွေ့တာကြာပြီ…”

သူ၏ရုတ်တရက် ရောက်ချလာမှုကြောင့် အစ်မချင်းဝေသည် သူမ၏အသံပင် ယခင်ကနှင့် အနည်းငယ် ကွဲပြားနေသည်။

“ပြန်လာတာလား…”

ဝမ်ရှန်းသည် လူတစ်ယောက်က စိတ်ပါလက်ပါ အားရပါးရ ပြုံးနေခြင်းလား သို့မဟုတ် မဲ့ပြုံးပြုံးနေခြင်းလား ဆိုတာကို ခွဲခြားသိမြင် ပြောနိုင်ပေသည်။ ယခုအချိန်တွင် သူ ပြန်ရောက်လာသည့် အတွက်ကြောင့် အစ်မချင်းဝေသည် အမှန်တကယ်ကို ပျော်ရွှင်နေလေ၏။

အစ်မချင်းဝေသည် ဝမ်ရှန်း ဝူရုံမြို့သို့ ရောက်လာပြီးနောက် သူငယ်ချင်း တစ်ဦးအနေဖြင့် ရင်းနှီးခဲ့ရသည့် ပထမဆုံးလူ ဖြစ်၏။ အစ်မချင်းဝေနှင့် သူ့အား လုပ်ကြံသည့် လူငယ်လေးတို့က အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း သူတို့ နှစ်ယောက်ကြား၌ မည်သည့် ဆက်နွှယ်မှုမှ မရှိကြောင်း ဝမ်ရှန်း သိခဲ့ပြီးဖြစ်၏။ အစ်မချင်းဝေ သူအား ကြည့်သော အကြည့်သည် ယခင်ကကဲ့ပင် အနည်းငယ် မှောင်မိုက်နေဆဲ ဖြစ်သည်။

“ဒါနဲ့၊ ကျွန်တော် အပြင်ရောက်နေတုန်း ကောင်လေး တစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်”

ဝမ်ရှန်းသည် ကွေ့ပတ် ပြောမနေဘဲ တဲ့တိုးသာ ပြောလိုက်၏။

“အဲ့ကောင်လေးက တော်တော်ကြီးကို မောက်မာတာပဲ။ ပြီးတော့ အစ်မကို ဆိုးဆိုးဝါးဝါး နှိပ်စက် ပစ်မယ်လို့လည်း ပြောခဲ့သေးတယ်”

“နင် သူ့ကို သတိထားမှ ရမယ်”

ထိုစကား ကြားသောအခါ ချင်းဝေ ရုတ်တရက် မျက်နှာပျက်သွားခဲ့ပြီး ဝမ်ရှန်းအား အလျင်အမြန် သတိပေး လိုက်သည်။

“အဲ့ကောင်က သူ့ဂုဏ် အဆင့်အတန်းရယ် သူ့အနောက်မှာ ရှိနေတဲ့ ဆရာတွေကိုရယ် အားကိုးပြီး မိုက်ရိုင်းနေတာ။ သူနဲ့ပြိုင် ကိုက်မနေနဲ့။ သူ နင့်ကို ရှာတွေ့ရင် ဂျင်ဒီနယ်မြေထဲသာပြေး… အဲ့လိုဆို သူ နင့်ကို ဘာမှ မလုပ်နိုင်တော့ဘူး”

ထိုကဲ့သို့ ပြောနေစဉ်တွင် ချင်းဝေသည် တစ်စုံတစ်ခုအား စဉ်းစားမိဟန်ဖြင့် ဝမ်ရှန်းအား ရှင်းပြလိုက်သည်။

“နောက်ဆုံး တစ်ခေါက်တုန်းက သူ အထက်အမိန့်ကို သုံးပြီး ငါ့ဆီကနေ နင့်ရဲ့မျက်နှာဖုံး အကြောင်း စုံစမ်း သွားသေးတယ်။ ငါလည်း ငြင်းလို့ မရတာနဲ့ ပြောပြလိုက်တယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ငါ အစောက ပြောခဲ့တဲ့ အတိုင်းပဲလုပ်၊ အဲ့လိုဆို ဘာပြဿနာမှ မရှိဘူး”

“ဒါပေမယ့် အခုတလောတော့ နင် ဝူရုံမြို့ထဲမှာပဲ နေသင့်တယ်…”

ဝမ်ရှန်းက သူမအား အပြစ်တင် စကားများ မပြောလာသည်ကို မြင်လိုက်ရသောအခါ သူမ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့နောက် သူမသည် ဆက်၍ “နင် ဝူရုံမြို့အတွင်း နေနေသ၍ အဲ့ကောင်က နင့်ကို ထိရဲမှာ မဟုတ်ဘူး။ မြို့အရှင်က လွန်ခဲ့တဲ့လက စည်းမျဉ်းစည်းကမ်း တချို့ ပြောင်းလိုက်သေးတယ်။ အခု ဝူရုံမြို့ထဲမှာ နင့်ကို ထိနိုင်တဲ့လူ ဘယ်သူမှ မရှိတော့ဘူး”

“စည်းမျဉ်းတွေ ပြောင်းသွားတယ် ဟုတ်လား…” ဝမ်ရှန်း အံ့သြသွားခဲ့သည်။

“ဘာတွေပြောင်းသွားတာလဲ”

“ဝူရုံမြို့ထဲမှာ လူတစ်ယောက်ကို သတ်မယ်ဆိုရင် ဒဏ်ကြေး အနေနဲ့ အဲ့ဒီလူ ကြေးစားခန်းမမှာ ဆုကြေးငွေ ထုတ်ထားတဲ့ ပမာဏရဲ့နှစ်ဆ ပေးရမယ် တဲ့…”

ထိုစကား ပြောပြီးနောက် ချင်းဝေ စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်သည်။ သို့သော် ဝမ်ရှန်းမှ နားလည်ဟန် မပေါက်နေသည့် အတွက်ကြောင့် သူမ အလျင်အမြန် ဆက်ရှင်းပြလိုက်၏။

“နင် ကြေးစားခန်းမထဲမှာ ရွှေဒင်္ဂါး တစ်သန်းတန် အလုပ်တစ်ခု အပ်ထားတယ်လေ။ အဲ့ဒါကြောင့် နင့်ကိုသတ်ချင်တဲ့လူ ဘယ်သူမဆို ဒဏ်ကြေးအနေနဲ့ ရွှေဒင်္ဂါးနှစ်သန်း ပေးရမှာပဲ။ အဲ့ဒါကြောင့် နင် ဘေးကင်းပါတယ်လို့ ပြောတာ။ အဲ့ပမာဏကို တတ်နိုင်တဲ့လူက ဘယ်လောက်မှ သိပ်မရှိပါဘူး”

ထိုဥပဒေ အကြောင်း ကြားလိုက်ရသောအခါ ဝမ်ရှန်း စိတ်ထဲ၌ ကျိတ်၍ ချီးကျူးလိုက်သည်။ ဤနည်းလမ်းသည် ငွေရှာပေါက် တစ်ခုပင်ဖြစ်၏။ ယခင်တွင် ဝမ်ရှန်း၏ အလုပ်မှလွဲ၍ ဝူရုံမြို့ ကြေးစားခန်းမတွင် ဆုကြေးငွေ ရွှေဒင်္ဂါး ထောင်နှင့်ချီသည့် အလုပ်သည် အမြင့်ဆုံးဖြစ်၏။ သို့သော် ယခုအချိန်တွင် မြို့မှလူများသည် သူတို့အလုပ်၏ ဆုကြေးငွေကို ပို၍တိုးမြှင့် ကြရတော့မည် ဖြစ်သည်။ ဘာပဲပြောပြော ဤဥပဒေအရ ကြေးစားခန်းမ၌ ရွှေဒင်္ဂါး ပမာဏများများ ပိုထားလေ အသက်အန္တရာယ် ပိုကင်းလေပင်။ ထိုကဲ့သို့ဆိုလျှင် ကြေးစားခန်းမသည်လည်း ရွှေဒင်္ဂါးများ ပိုဝင်မည် မဟုတ်ပါလော။

ဝူရုံမြို့သည် ပိုမို၍ ကြွယ်ဝ ချမ်းသာလာကာ ပိုမို၍လည်း လုံခြုံရေး တင်းကျပ် လာခဲ့၏။ သို့သော် ထိုကဲ့သို့ လုံခြုံရေး တင်းကြပ်ခြင်းသည် ရွှေဒင်္ဂါးကြောင့်ပင် မဟုတ်ပါလော။ အခြားသူများကို တွန်းအား ပေးစရာမလိုပင်၊ ကိုယ့်အသက်ကိုကိုယ် ဖက်နှင့်ထုပ်ရန် အတွက် ကိုယ့်ဘာသာကိုယ် အလုပ်ကြိုးစားရမည်ဖြစ်၏။ ဤဥပဒေကို အလွန် ဉာဏ်ပြေးလှသည့် လူတစ်ဦးမှ ရေးဆွဲထားခြင်း ဖြစ်ရပေမည်။

ဟုတ်ပါသည်၊ ဝမ်ရှန်းသည် သူ ဝူရုံမြို့အတွင်း၌ ပိုမိုဘေးကင်း သွားသည်ကို ဂရုမစိုက်ပေ။

“ဟုတ်ပြီ”

ဝမ်ရှန်းမှ ပြုံး၍ ပြောလိုက်သည်။ “ဒီသတင်းကောင်း အတွက် ကျွန်တော်လည်း အစ်မကို သတင်းကောင်း ပြန်ပြောပြမယ်”

“ဘာသတင်းကောင်းလဲ”

ချင်းဝေမှ ပျော်ရွှင် စိတ်လှုပ်ရှားစွာ မေးလိုက်၏။

“အစ်မပြောခဲ့တဲ့ မောက်မာတဲ့ ကောင်က အစ်မကို ဘယ်တော့မှ နောက်တစ်ခေါက် ထပ်နှောင့်ယှက်လို့ ရတော့မှာ မဟုတ်ဘူး”

ဝမ်ရှန်းသည် ပြောရင်းဆိုရင်းပင် ထိုအနက်ရောင် ဝတ်ရုံနှင့် လူများထံမှ ရရှိခဲ့သည့် ကြေးစား တံဆိပ်ပြားများကို သူ့ရှေ့၌ ရှိနေသည့် စားပွဲပေါ် တင်လိုက်သည်။

အဖြူရောင် ကြေးစား တံဆိပ်ပြား ဆယ့်ငါးခုနှင့် အစိမ်းရောင် ကြေးစားတံဆိပ်ပြား သုံးခု…

“အဲ့ထဲကတစ်ခုက အဲ့ကောင်လေးဟာပဲ”

ဝမ်ရှန်း အစိမ်းရောင် ကြေးစားတံဆိပ်ပြား သုံးခုအား လက်ညှိုးထိုးကာ ချင်းဝေအား ပြုံး၍ပြောလိုက်သည်။

ထိုကြေးစား တံဆိပ်ပြားများကို မြင်လိုက် ရသောအခါ ချင်းဝေ လုံးဝ အံ့သြမှင်သက် သွားခဲ့သည်။ တစ်ခဏကြာမှ သတိပြန်ဝင် လာခဲ့ကာ ဝမ်ရှန်း ညွှန်ပြသည့် ကြေးစား တံဆိပ်ပြား သုံးခုကို ပွတ်သပ် ကြည့်လိုက်၏။ ထို့နောက် ထိုတံဆိပ်ပြားများ၏ ပိုင်ရှင်က မည်သူမည်ဝါဖြစ်ကြောင်း သူမ သိလိုက်ရသည်။

ဝမ်ရှန်း ပြောသည်မှာ မှန်ပေသည်။ ဝမ်ရှန်း၏ လက်တွင်း၌ ထိုလူ၏ကြေးစား တံဆိပ်ပြား ရှိနေမည်ဆိုလျှင် ဝမ်ရှန်းနှင့် သူမသည် ထိုကောင်အတွက် ထပ်ပြီး စိုးရိမ်နေစရာ မလိုတော့ချေ။

သို့သော် ဝမ်ရှန်း၏ စွမ်းဆောင်မှုကြောင့် ချင်းဝေ သူမစိတ်ထဲ၌ အော်ဟစ် ပြောဆိုလိုက်သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ထိုလူငယ်၏ တံဆိပ်ပြားမှလွဲ၍ ကျန်သည့် အစိမ်းရောင် တံဆိပ်ပြား နှစ်ခုသည် ဆဌမအဆင့် ဝိညာဉ်သခင်များ၏ ကြေးစား တံဆိပ်ပြားများပင် ဖြစ်သည်။

ဝမ်ရှန်း၏ ယခင်က လုပ်ဆောင်ချက်များကြောင့် မည်သူမှ ဂျင်ဒီနယ်မြေ အတွင်းသို့ လိုက်ကာ သူ့အား မလုပ်ကြံရဲကြသည်မှာ ပုံမှန်ပင်ဖြစ်၏။ သို့သော် ယခုအကြိမ်တွင် ဝမ်ရှန်းသည် ဤဆဌမအဆင့် ဝိညာဉ်သခင် နှစ်ယောက်နှင့် တတိယအဆင့် ဝိညာဉ်သခင် ၁၅ ယောက်ကျော်ကို ဂျင်ဒီနယ်မြေ အပြင်ဘက်၌ လက်တွေ့ သတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဤလူများသည် အဖွဲ့လိုက် လုပ်ဆောင်တတ်သည့် လူများပင်ဖြစ်၏။

ဘုရားရေ… အခု ဝမ်ရှန်းရဲ့ ဝိညာဉ်အဆင့်က ဘယ်လောက်တောင်များလဲ…

“ဒီထဲက အမှတ်တွေကို ကျွန်တော့် တံဆိပ်ပြားထဲ ထည့်ပေါင်း ပေးပါဦး”

ချင်းဝေမှ အံ့သြတုန်လှုပ် နေသော်လည်း ဝမ်ရှန်းမှ တည်ငြိမ်စွာပင် ပြောလိုက်၏။

“ဒီအမှတ်တွေနဲ့ဆိုရင် ကျွန်တော် အစိမ်းရောင် တံဆိပ်ပြားတော့ ရမှာပါ။ အော်… ပြီးတော့လေ ကျွန်တော့်ကို သတင်းလေး တစ်ခုလောက် ဖြန့်ပေးပါဦး”

“ဘာသတင်းလဲ”

ချင်းဝေမှ တံဆိပ်ပြားများကို စုပေါင်းရင်း မေးလိုက်သည်။

“အခုတလော ကျွန်တော် ဘိုင်ပြတ်နေလို့ ငွေဝင်ပေါက် ရအောင်လုပ်မလို့”

ဝမ်ရှန်းသည် အခြားဘာကိုမှ ဂရုမစိုက်ဘဲ သူပြောစရာ ရှိသည်ကိုသာ ပြောလိုက်သည်။

“ဒီနေ့ကစပြီး တစ်လကြာရင် ကျွန်တော် လူ ၁၀ ယောက်ကို ဂျင်ဒီနယ်မြေထဲ ဦးဆောင် ခေါ်သွားပေးမယ်။ အဲ့ဒါ ဒီသတင်း ဖြန့်ပေးပြီး စိတ်ဝင်စားတဲ့သူ ရှိမရှိ ပြန်ပြောပေးပါဦး”

ဝုန်း……

ချင်းဝေ ဘာမှပင် ပြန်မပြောရသေးပေ၊ ကြေးစားခန်းမ တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့တော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset