Switch Mode

Chapter – 236

လမ်းပြခြင်း (၁)

အပိုင်း ၂၃၆
လမ်းပြခြင်း (၁)

ဝမ်ရှန်း ဖြစ်စဉ် တစ်ခုလုံးကို စဉ်းစား ကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ရန် ပြင်လိုက်သည့် အချိန်မှာပင် တစ်ခုခုက မူမမှန်နေကြောင်း ရုတ်တရက် သတိထားမိ လိုက်သည်။

ဤအစီအရင်များကို အဓိက အင်အားအား စုငါးခုမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်ဆိုလျှင် သူတို့သည် ဘာလို့ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက် သွားလာခြင်း မပြုလုပ်နိုင်သနည်း။

ထိုသံသယ အတွေးများကို မေးခွန်းအဖြစ် ပြောင်းလဲကာ လင်ရှူးအား မေးလိုက်သည်။

“ဒါနဲ့ အစီအရင်ကို အဓိက အင်အားစုငါးခုက ဖန်တီးခဲ့တာဆိုရင် သူတို့က ဘာလို့ ဂျင်ဒီနယ်မြေထဲ ဝင်လို့မရတာလဲ”

“မင်းက ငါ့ကို လာမေးနေ၊ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ…”

လင်ရှူး ဝမ်ရှန်းထံမှ အကြည့်လွဲကာ ဝေ့လည် ကြောင်ပတ် ပြန်ဖြေလိုက်သည်။ သို့သော် ဝမ်ရှန်း၏ စူးရှထက်သန်သော အကြည့်ကို မြင်လိုက် ရသောအခါ သူသည် မတတ်သာတော့ဘဲ နောက်တစ်ကြောင်း ထပ်ပေါင်း ပြောလိုက်၏။

“အဲ့ကိစ္စကို ငါမပြောနဲ့ အဓိက အင်အားစုငါးခု ကိုယ်တိုင်တောင် နားမလည်နိုင်ကြဘူး။ သူတို့ဘိုးဘေးတွေ ပြုလုပ်ခဲ့တဲ့ ချိပ်ပိတ်ခြင်း အစီအရင်က ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်လာရတာလဲ”

“အစီအရင် ချမှတ်ပြီးနောက် ဘာတွေဖြစ်ခဲ့လဲ ဆိုတာ မင်းသိလား”

လင်ရှူးမှ ပြန်မေးလိုက်သည်။

ဝမ်ရှန်း ခေါင်းသာ ခါယမ်းလိုက်သည်။ ဤကမ္ဘာသို့ ရောက်လာသည်မှာ တစ်နှစ်ကျော်သာ ကြာသေးသည့် လူတစ်ယောက်သည် လွန်ခဲ့သည့် နှစ်ပေါင်း ငါးရာခန့်မှ အဖြစ်အပျက်ကို ဘယ်လိုလုပ် သိနိုင်မည်နည်း။

“အစီအရင်ကို ချမှတ်ခဲ့တဲ့လူ တစ်ဒါဇင်လောက် အဲ့နေရာမှာပဲ သေခဲ့တယ်။ ကျန်တဲ့ ဆရာတွေကလည်း အစီအရင်ကို အသက်မသွင်း လိုက်ရမှာစိုးလို့ အစီအရင်ကို အလျင်အမြန် အသက်သွင်းခဲ့ကြတယ်”

ဘုန်းတော်ကြီး လင်ရှူးသည် ထိုမြင်ကွင်းကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသကဲ့သို့ ပြန်ပြောပြနေခဲ့သည်။

“အစီအရင်ကို အသက်သွင်း ပြီးတာနဲ့ အစီအရင်က ချက်ချင်းပဲ ပေါက်ကွဲ ထွက်တော့မလို ဖြစ်ခဲ့တယ်။ အဲ့လူတွေလည်း အကြောက်လွန်ပြီး အကာအကွယ် အစီအရင်တွေ ဒါဇင်နဲ့ချီ ပြုလုပ်ပြီး သရဲတစ္ဆေ မြင်လိုက်ရသလိုပဲ အဲ့လင်မိသားစု နေရာကနေ ချက်ချင်း ထွက်ပြေးခဲ့ကြတယ်”

“အဲ့အချိန်ကစပြီး ဂျင်ဒီနယ်မြေက ထူးထူးဆန်းဆန်းတွေ ဖြစ်လာတာပဲ”

ဝမ်ရှန်းက သူ့ထက် ပိုသိနိုင်မည် မဟုတ်ကြောင်း လင်ရှူး သိပေသည်။ ထို့ကြောင့် သူသည် ဝမ်ရှန်းအား ဘာမှထပ် မမေးမနေတော့ဘဲ ဇာတ်ကြောင်းကိုသာ ရှင်းပြလိုက်သည်။

“အဲ့အဖြစ်အပျက်တွေ ဖြစ်ပြီး နှစ်နှစ်ကြာတော့ ဂျင်ဒီနယ်မြေထဲကို ဘယ်သူမှ နောက်ထပ် ဝင်သွားလို့ မရတော့ဘူး။ ဝင်ပြီးရင် ချက်ချင်း ပြန်ထွက်ပဲ။ အဲ့လိုမဟုတ်ဘဲ ရက်တွေ ကြာအောင် နေမယ်ဆိုရင် သေချာပေါက် သေမှာပဲ”

“တကယ်တော့ ရှားမိသားစု၊ ဂန်မိသားစုနဲ့ ဖုန်းမိသားစုတို့က အရင်မင်းဆက် လက်ထက်မှာ အင်အားအကြီးဆုံး မိသားစု သုံးစုပဲ၊ ဒါပေမယ့် အဲ့အဖြစ်အပျက် ဖြစ်ပြီးနောက်မှာ သူတို့ ပျက်စီးသွားပြီး အင်အား ယုတ်လျော့ သွားခဲ့တယ်”

လင်ရှူး အဖြစ်အပျက်ကို အသေးစိတ် ရှင်းပြလိုက်သည်။

“စုန့်မိသားစု၊ တန်မိသားစု၊ သိုက်မိသားစု၊ ရှီမိသားစုနဲ့ ချူမိသားစု… အဲ့မိသားစုငါးခုက အခြေအနေကို အခွင့်ကောင်းယူပြီး အရင်မင်းဆက်ကို ဖြုတ်ချ လိုက်ကြတယ်။ ပြီးတော့ နယ်မြေကို မညီမမျှ ပိုင်းခြားပြီး အဲ့အချိန်တုန်းက ဘာလုပ်နိုင်စွမ်းမှ မရှိတဲ့ စုမိသားစုက လူကို နန်းတင် လိုက်တယ်”

ထိုအချိန်တွင် ဝမ်ရှန်းသည် ဤအထက်တန်းလွှာ မိသားစုများ ကြားမှ အာဃာတ အမုန်းတရားများ၊ ပဋိပက္ခများ၏ မူလဇာစ်မြစ်ကို နားလည် သွားခဲ့သည်။ ယခုအချိန်တွင် သူသည် ဂျင်ဒီနယ်မြေ အတွင်းရှိ အစီအရင် အကြောင်းကို အကြမ်းဖျဉ်း သိသွားပြီဟု ပြော၍ ရပေသည်။

သို့သော် ပိုအရေးကြီးသည်မှာ အိပ်မက်ထဲမှ ကောင်မလေး အကြောင်းနှင့် ဖီးနစ်ဝိညာဉ် အကြောင်း သိရရန်ဖြစ်သည်။ စုန့်ရန်က ဖီးနစ်ဝိညာဉ်သည် တားမြစ်ချက် တစ်ခုဖြစ်ကာ ပြော၍ မရကြောင်း ဘာလို့ပြောခဲ့လဲ ဆိုတာကိုလည်း သူ နားလည် သွားခဲ့သည်။

လင်ရှူးသည် ဝမ်ရှန်း ထင်ထားသည်ထက်ပင် ပိုသိနေ၏။ သို့သော် သူ ထိုအကြောင်းများကို ဘယ်လိုလုပ် သိနေလဲဆိုတာ ဝမ်ရှန်း မမေးခဲ့ပေ။ မေးလျှင်လည်း လင်ရှူးမှ ဖြေလောက်မည်မဟုတ်။ သို့သော်လည်း ထိုအချိန် ထိုနေရာတွင် တာအိုဘုန်းတော်ကြီးများ ရှိမည်တော့ သေချာပေသည်။ သူတို့သည် သဘောတူညီချက်ကို စောင့်ထိန်းကာ နှုတ်လုံသောကြောင့်သာ ယနေ့ အချိန်အထိ တည်ရှိနေနိုင်ခြင်း ဖြစ်၏။

ထိုအကြောင်းအရာများ ပြောပြီးနောက်တွင် လင်ရှူးနှင့် ဝမ်ရှန်းတို့ကြားမှ သဘောတူညီချက်သည် ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီဖြစ်၏။ ထို့နောက် ဝမ်ရှန်းသည် လင်ရှူး ထုတ်ပေးလာသည့် စာလိပ်များကို ထိုနေရာ၌ တစ်ထိုင်တည်း ဖတ်ကြည့် လိုက်သည်။

ဝမ်ရှန်း လင်ရှူး၏ စကားများအား မယုံခြင်းမဟုတ်၊ လင်ရှူးသည် အကြမ်းဖျဉ်းကိုသာ ပြောသွားခဲ့ခြင်း ဖြစ်သည်။ သူ ထိမ်ချန်ထားသည့် အသေးစိတ် အချက်အလက်များ ရှိနေနိုင်သေးပေသည်။ ဒါ့ပြင် စာလိပ်များထဲတွင် အဖြစ်အပျက်ကို ပိုမိုအသေးစိတ် ရေးမှတ်ထားပါက အကြောင်းအရင်းများကို ပိုသိလာမည် ဖြစ်၏။

နောက်ဆုံး ထိုစာလိပ်များ အားလုံး ဖတ်ပြီးသည့် အချိန်တွင် သူတို့နှစ်ဦး နှုတ်ဆက်ရန် အချိန်ကျရောက် လာခဲ့သည်။ ဝမ်ရှန်းသည် သူ သိချင်သည့် အရာကို သိပြီးဖြစ်ကာ လင်ရှူးသည်လည်း ကျင့်စဉ် ကျင့်ကြံတော့မည် ဖြစ်၏။ သူကတော့ ဝမ်ရှန်းအား ဘုန်းတော်ကြီးကျောင်းတွင် ပြင်ပဧည့်သည် တစ်ယောက်အဖြစ် နေစေခဲ့သည်။ သို့သော် ဝမ်ရှန်းသည် လင်ရှူးနှင့်ဆိုလျှင် စိတ်ပေါ့ပါးသော်လည်း အခြားတာအို ဘုန်းတော်ကြီးများနှင့် ဆိုလျှင် ဤကဲ့သို့ သက်သောင့်သက်သာ မရှိနိုင်လောက်ပေ။

“ကျွန်တော် ပြန်တော့မယ်”

ဝမ်ရှန်းမှ လင်ရှူးအား နှုတ်ဆက် လိုက်သည်။

လင်ရှူးလည်း ပြန်သာ ပြုံးပြလိုက်ပြီး ဘာမှမပြောခဲ့ပေ။

“ကျွန်တော့် နာမည်က ဝမ်ရှန်းပါ”

ဝမ်ရှန်းမှ သူ့နာမည် ပြောပြလိုက်သည်။

“ဘုန်းတော်ကြီး ကျင့်စဉ်ကျင့်ရာက ထွက်လာရင် ဘုန်းတော်ကြီးနဲ့ တစ်ခွက်လောက် လာသောက်ပါဦးမယ်”

ထို့သို့ပြောကာ စာကြည့်ဆောင်မှ ထွက်လာလိုက်သည်။ သူ ထွက်လာသည်နှင့် သူ့အနောက်မှ စာကြည့်ဆောင် တံခါးသည် ချက်ချင်း ပြန်ပိတ်သွားခဲ့၏။ လင်ရှူးက ကျင့်စဉ်ရှုမှတ်ရန် စိတ်ပြင်းပြ နေကြောင်း ဝမ်ရှန်း သိပေသည်။ ထို့ကြောင့် သူသည် ဤအကြောင်းအရာများကို သူကိုယ်တိုင် လိုလိုလားလား ပြောပြခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ် သူ့စိတ်ထဲမှ အစိုင်အခဲများကို ကျေအေးချင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

စာကြည့်ဆောင်မှ ထွက်လာစဉ် တစ်လျှောက်တွင် မည်သူကမှ ဝမ်ရှန်းအား အဖတ်လုပ်ကာ လာရောက် မနှုတ်ဆက်ခဲ့ပေ။ သူ့အား မြင်လျှင်ပင် မမြင်သကဲ့သို့သာ ယောင်ဆောင် သွားခဲ့ကြ၏။ ဤတာအို ဘုန်းတော်ကြီးကျောင်းသည် အချို့နေရာများတွင် အထူးတော်တတ်သည်ဟု ပြော၍ ရပေသည်။ ဥပမာ အဖွဲ့အစည်း စိတ်ဓာတ်တွင် ဖြစ်၏။

ကျောင်းတော် အပြင်ရောက်သည်နှင့် ဝမ်ရှန်း မျက်နှာဖုံး ပြန်တပ်ကာ ဝူရုံမြို့သို့ အလျင်အမြန် ပြန်ရန် ပြင်လိုက်တော့သည်။

သူ့အိပ်မက်ထဲမှ ကောင်မလေးက လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သေဆုံး သွားလောက်ပြီ ဖြစ်ကြောင်း လင်ရှူးမှ မှတ်ချက် ပေးခဲ့သော်လည်း ဝမ်ရှန်းသည် သူ၏စိတ်ထဲတွင် ကံကောင်းခြင်း အပိုင်းအစလေးကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ အခြားမည်သည့် အရာကြောင့်မှ မဟုတ်ပါ “ငါ့ကိုသတ်လိုက်…” ဟူသည့် စကားကြောင့်ပင် ဖြစ်၏။

လူတစ်ယောက်သည် ချစ်ခြင်းမေတ္တာကြောင့် နာကျင်ဒုက္ခ ရောက်နေသည့် အချိန်၊ ကမ္ဘာလောကကြီးကို စိတ်ပျက်နေသည့် အချိန် အစရှိသဖြင့် ထိုအချိန်များသည် မိမိကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်စေရန် လှုံ့ဆော် ပေးနိုင်ပေသည်။

သို့သော် မည်သည့် အခြေအနေမျိုးတွင် အခြားတစ်ယောက်ကို သင့်အား သတ်ပေးရန် တောင်းဆိုမည်နည်း… အဖမ်းခံထားရသည့် အချိန်၊ လျှို့ဝှက်ချက်များကို မထုတ်ဖော်ချင်သည့် အချိန်၊ အပြင်းအထန် နာမကျန်း ဖြစ်နေသည့်အချိန်၊ အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့သည့်အချိန်၊ သေချင်သော်လည်း မသေနိုင်သည့်အချိန် အစရှိသဖြင့် ထိုအခိုက်အတန့်များ အားလုံး ဖြစ်နိုင်ပေသည်။

သူ့အိပ်မက်ထဲမှ ကောင်မလေးသည် ချိတ်ပိတ် ခံထားရ၏၊ ထို့ကြောင့် သူမကိုယ်သူမ သတ်သေ၍ မရ။ ကမ္ဘာက မသိမမြင်နိုင်သည့် ဝိညာဉ်သခင် တစ်ယောက်သည် အလှောင်ပိတ် ခံထားရကာ သေလည်း မသေနိုင်၊ အသက်လည်း ဆက်မရှင်နိုင်… ထို့ကြောင့် ထိုကောင်မလေးသည် သူ့အိပ်မက်အတွင်း ပေါ်လာကာ သူမအား သတ်ပေးရန် တောင်းဆိုခြင်းများလား…

သူမသည် ထိုစကားလုံးကို လွန်ခဲ့သည့် နှစ်ပေါင်းငါးရာခန့်က ပြောခဲ့ခြင်း ဖြစ်နိုင်သည်။ ဝမ်ရှန်းသည် ဤကမ္ဘာသို့ ရောက်လာခဲ့၏၊ သို့သော် ထိုကောင်မလေးနှင့် အချိန်ခြင်း မတူနေ… ထိုကောင်မလေးသည် လွန်ခဲ့သည့် နှစ်ပေါင်းငါးရာမှ ဘိုးဘေး တစ်ယောက် ဖြစ်နေလေသည်။

လူတစ်ယောက်သည် အစာရေစာ မစားမသောက်ရဘဲ ချုပ်နှောင် ထားခံရလျှင် နှစ်ပေါင်းငါးရာ အသက်ရှင်သန်နိုင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုကောင်မလေးသည် လင်ရှူး ပြောခဲ့သည့်အတိုင်း၊ သူ တွေးထင်ထားသည့် အတိုင်း သေဆုံး သွားလောက်ပြီဖြစ်၏။

သို့သော် ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဝမ်ရှန်း သူ့မျက်လုံးနှင့် သူကိုယ်တိုင် တပ်အပ်မြင်ရန် လိုအပ်သည်။ ထိုမှသာ ယုံနိုင်မည်ဖြစ်၏။

ထို့ပြင် တိုက်ပွဲဝိညာဉ်နှင့် ထိုကောင်မလေးတို့ ကြား၌ မည်ကဲ့သို့ ဆက်နွှယ် နေကြသနည်း။ ထိုဆက်နွှယ်မှုက ဂျင်ဒီနယ်မြေနှင့် မည်ကဲ့သို့ သက်ဆိုင်နေသနည်း။ သူ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်သည့်အချိန်တွင် တိုက်ပွဲဝိညာဉ်သည် ဘာလို့ သတိပေးချက်များ ထုတ်လွှတ်သနည်း…

သို့သော် ဂျင်ဒီနယ်မြေ အပြင်ဘက်တွင်တော့ တိုက်ပွဲဝိညာဉ်ထံမှ ထိုသို့ အဖြစ်အပျက်မျိုး မရှိ။ သူ့အိပ်မက်ထဲမှ ကောင်မလေးက သူ့အား လမ်းပြနေခြင်းကြောင့် များလား…

တစ်နှစ်ခွဲကျော် ကြာမြင့်ပြီးနောက် နောက်ဆုံးတွင် ဝမ်ရှန်းသည် ထိုကောင်မလေး၏ မျိုးရိုးနာမည်က လင် ဖြစ်ကြောင်း သိခဲ့ရသည်။ သူမ နာမည်ကိုတော့ မသိရသေးပေ။ သို့သော် ထိုနာမည်က အလွန် လှပသည့် နာမည်ဖြစ်မည် ဆိုတာကိုတော့ ဝမ်ရှန်း ယုံကြည်ပေသည်။

လူတချို့တလေသည် ဝမ်ရှန်း၏ ဤမျက်နှာ အသစ်ပုံစံကို သိကြ၏။ လမ်းတစ်လျှောက်တွင် ဝမ်ရှန်းသည် နောက်တစ်ကြိမ် သိုသိုသိပ်သိပ် သွားလာ လှုပ်ရှားခဲ့ကာ မည်သည့် အတားအဆီးမှမရှိဘဲ ဝူရုံမြို့သို့ အလျင်အမြန် ဦးတည် သွားလိုက်သည်။

လမ်းတစ်နေရာ အရောက်တွင် မည်သူမှ မရှိသည့် နေရာ၌ ဝမ်ရှန်းသည် သူ၏မျက်နှာဖုံးကို ဝူရုံမြို့မှ ဝယ်ယူလာခဲ့သည့် သာမန် မျက်နှာဖုံးဖြင့် လဲလှယ်လိုက်၏။ ယခုအချိန်တွင် ဦးနှောက် ရှိသည့်လူ မည်သူမဆို ဝမ်ရှန်းက ဝူရုံမြို့မှ ကြေးစားဖြစ်ကြောင်း သိနိုင်ပေသည်။ မျက်နှာဖုံး တပ်ဆင်ထားကာ ဝမ်ရှန်းသည် သာမန်ဂိတ် တံခါးပေါက်မှပင် ဝူရုံမြို့အတွင်းသို့ ဝင်သွားလိုက်သည်။

မြို့အတွင်းသို့ ရောက်သည်နှင့် ဝမ်ရှန်း မျက်နှာဖုံးကို ချွတ်လိုက်၏။ အခြားလူများ သူ့ကို မြင်မည် မမြင်မည်ကို ဂရုမစိုက်ဘဲ ကြေးစားခန်းမ ထံသို့သာ တည့်တည့် ဦးတည် သွားလိုက်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset