အပိုင်း ၂၃၄
အိပ်မက်ထဲမှ ကောင်မလေးသတင်း (၁)
“အံ့သြစရာ မရှိတော့ပါဘူး…”
လင်းရှူးမှ ခဏတာ ကြောင်အ သွားသော်လည်း ချက်ချင်း မျက်နှာအမူအရာ ထိန်းလိုက်သည်။ ထိုစကားမှ လွဲ၍ နောက်ထပ် ဘာမှ ဆက်မဖြစ်ခဲ့ပေ။ သူ့အား ဖမ်းချုပ်ရန် အော်ဟစ် အမိန့်ပေးသံများ မထွက်လာခဲ့၊ အဆောင်ပြင်မှနေ၍ လူများအုပ်စု လိုက်ဝင်လာပြီး ဝမ်ရှန်းအား အစိတ်စိတ် အပိုင်းပိုင်း ခုတ်ထစ်ခြင်းမျိုးလဲမရှိ…
“ဟား ဟား ဟား ဟား ဟား…”
ဝမ်ရှန်း လင်ရှူးအား ကြည့်ကာ ရုတ်တရက် ထရယ် လိုက်သည်။ လင်ရှူးသည် လင်ရှူးပင်ဖြစ်၏၊ သူ၏စိတ်ကြီး ဝင်မှုကတော့ သာမန် မဟုတ်ပေ။ သူ၏ဤပုံစံက ဝမ်ရှန်းအား အမှန်တကယ် သဘောကျစေပေသည်။
“ဘယ်သူကများ ဂျင်ဒီနယ်မြေက အစီအရင် အကြောင်းကို အဲ့လောက်တောင် သိချင်နေတာပါလိမ့်လို့ သိချင်နေတာ။ ပြီးတော့ ဝူရုံမြို့ကလည်း ဖြစ်နေသေးတယ်”
လင်ရှူး ပြုံး၍ ပြောလိုက်သည်။
“ဝူရုံမြို့ကို တံခါးမရှိ ဓားမရှိ ဝင်ထွက် သွားလာနိုင်တဲ့ မင်းဖြစ်နေတာကိုး”
“အဲ့လိုဆို ပြောပြလို့ ရပြီလား”
ဝမ်ရှန်း မေးလိုက်သည်။
“သောက်ရင်း ပြောကြတာပေါ့…”
လင်ရှူးမှ အလွတ်ဖြစ်နေသည့် သူ့ခွက်ကို လက်ညှိုး ထိုးပြကာ ပြောလိုက်၏။
ဝမ်ရှန်း လင်ရှူး၏ ခွက်အတွင်းသို့ သေရည် အလျင်အမြန် ဖြည့်ပေးလိုက်သည်။ ထို့နောက် သောက်ရင်းဖြင့် စကားဆက် ပြောလိုက်ကြ၏။ လင်ရှူးမှ စကားများစွာ ပြောခဲ့ကာ ဝမ်ရှန်းသည်လည်း အကြောင်းအရာများစွာ နားထောင်နေခဲ့သည်။
ဘုန်းတော်ကြီးကျောင်း၏ မှတ်တမ်းများအရ ဂျင်ဒီနယ်မြေ၏ အစီအရင်သည် ဤမင်းဆက် မဖြစ်ပေါ်လာခင် နှစ်ပေါင်း အနည်းငယ် အကွာ၌ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ တော်ဝင် ရတနာစံအိမ်မှ ဝမ်ရှန်းအား ပြောပြခဲ့သည့် ဖြစ်နိုင်ခြေ သုံးခုသည် အခြေအမြစ် မရှိသည့် ကောလာဟလများ မဟုတ်… သုံးခုလုံး မှန်နေလေသည်။
ဖျက်ဆီးခံခဲ့ရသည့် ဂိုဏ်း၏အစီအရင်…
ဖျက်ဆီးခံခဲ့သည့် မိသားစုတစ်စု၏ အစီအရင်…
ထို့အပြင် ဂျင်ဒီနယ်မြေသည် အကျဉ်းထောင် တစ်ခုဖြစ်သည် ဟူသည့် ကောလာဟလလည်း ရှိပေသည်။
ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းတွင် သာမန်လူများ နေထိုင်ခဲ့သည့် ရွာတစ်ရွာ၏ အရိပ်အယောင်နှင့် အသုံးအဆောင် ပစ္စည်းများကို မြင်ခဲ့ရသည့် အတွက်ကြောင့် ယခင်တွင် ဒုတိယတစ်ခုက ဖြစ်နိုင်ချေ အရှိဆုံးဟု ထင်ခဲ့၏။ သို့သော် ယခု သုံးခုလုံးက ဖြစ်နိုင်ချေရှိကြောင်း လင်ရှူးမှ ပြောလာသောအခါ ဝမ်ရှန်း ခါးသီးစွာ ပြုံးလိုက်သည်။
ဂျင်ဒီနယ်မြေသည် မိုင်ပေါင်း တစ်ထောင်ကျော် ကြီးမား ကျယ်ဝန်းကာ ထိုနေရာတွင် ဂိုဏ်းတစ်ဂိုဏ်းထက် မနည်းရှိခဲ့၏။ ခွန်အားကြီး အင်အားစု နှစ်စုရှိခဲ့ကာ ရှန့်ယင် အကျဉ်းထောင်နှင့် ချီရှုံးခန်းမတို့ ဖြစ်သည်။
ဂျင်ဒီနယ်မြေ အတွင်းတွင် ထိုအင်အားစု နှစ်ခုအပြင် ထိုအချိန်၌ ဒုတိယမြောက် အကြီးဆုံးဟု သတ်မှတ်၍ရသည့် မိသားစုကြီး တစ်ခုလည်းရှိခဲ့၏။
လင်မိသားစုဖြစ်သည်။ ထိုမိသားစုသည် ရှန့်ယင် အကျဉ်းထောင်နှင့် ချီရှုံးခန်းမတို့ ပြီးနောက် ဖျက်ဆီး ခံခဲ့ရခြင်းဖြစ်သည်။
“သူတို့ကို ဖျက်ဆီးခဲ့တဲ့ လူတွေကို မင်း ခန့်မှန်းနိုင်မှာပါ၊ ဟုတ်တယ်မလား…”
လင်ရှူးမှ ဝမ်ရှန်းအား ဆွေးနွေးသည့်ပုံစံ အနေအထားဖြင့် မေးမြန်းလိုက်သည်။
“အဓိက အင်အားစုငါးခု”
ဝမ်ရှန်းမှ တွန့်ဆုတ်မှုမရှိ ပြန်ဖြေလိုက်သည်။ ထို့နောက် လင်ရှူး ပြန်ပြောလာမည့် အဖြေအား စောင့်နေလိုက်၏။
“ပြီးတော့ရော”
လင်ရှူးမှ ပြုံး၍ နောက်တစ်ခွန်း ထပ်မေးလိုက်သည်။
တစ်ခဏတာ စဉ်းစားပြီးနောက် ဝမ်ရှန်း နောက်တစ်ခု ထပ်ဖြေလိုက်၏။
“အခု မင်းဆက်ရဲ့ တော်ဝင်မိသားစု”
ဝမ်ရှန်း၏ ဉာဏ်ပြေးမှုကို လင်ရှူး ပြုံး၍ ပြန်တုံ့ပြန်လိုက်သည်။
“သူတို့ဆိုတာ မှန်တယ်။ ဒါပေမယ့် ရှိသေးတယ်”
“အာ ရှိသေးတာလား”
ဝမ်ရှန်း ရှုပ်ထွေး သွားသည်။ ထို့နောက် တော်ဝင်မိသားစုနှင့် အဓိက အင်အားစု ငါးခုတို့မှ တစ်ပြိုင်နက်တည်း ပူးပေါင်း တည်ထောင်ထားသည့် ဝူရုံမြို့အား ရုတ်တရက် အမှတ်ရသွား၏။ ဝူရုံမြို့ကလည်း ဝေစု ရခဲ့သေးသည်လား… ထိုသို့တွေးမိကာ ဝမ်ရှန်းသည် မသေချာ မရေရာစွာဖြင့် –
“ဝူရုံမြို့လား…”
“ဟုတ်မနေဘူး၊ အဲ့ချိန်တုန်းက ဘာဝူရုံမြို့မှ မရှိသေးဘူးကွ”
ဝမ်ရှန်းထံမှ မှားယွင်းသည့် အဖြေ ကြားလိုက် ရသောအခါ လင်ရှူးမှ အပြစ်တင်သည့် အသံဖြင့် ပြောလိုက်သည်။
“ဝူရုံမြို့ကို ဒီမင်းဆက် တက်ပြီးမှ တည်ထောင်ထားတာ။ ဧကရာဇ်နဲ့ အဓိက အင်အားစုငါးခု ပေါင်းပြီး သဘောတူညီမှုနဲ့ ဂျင်ဒီနယ်မြေရဲ့ အစွန်းမှာ တည်ထောင် လိုက်တာပဲ”
ဝမ်ရှန်း ထပ်စဉ်းစားနေသည့် အချိန်မှာပင် လင်ရှူးမှ အဖြေကို ပြောလာခဲ့သည်။
“စဉ်းစားမနေနဲ့။ မင်း စဉ်းစားနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါက လျှို့ဝှက်ဂိုဏ်း တချို့ပဲ”
လျှို့ဝှက်ဂိုဏ်း ဆိုမှတော့ ထိုဂိုဏ်းနှင့် ဆက်စပ်မှုရှိသည့် လူများသာ ထိုဂိုဏ်းနာမည် သိကြခြင်းဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းမှ စဉ်းစားခန့်မှန်း မိနိုင်ရန်မှာလည်း မဖြစ်နိုင်ပါ။
“သူတို့က ဘာလို့ ဂျင်ဒီနယ်မြေက အင်အားစုတွေကို သတ်ခဲ့ရတာလဲ”
ဝမ်ရှန်းမှ မူလတန်းအရွယ် ကလေးတစ်ယောက်က သူမသိသည့် မေးခွန်းကို မေးသည့်ပုံစံဖြင့် မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ အဲ့အချိန် လင်မိသားစုမှာ ပြိုင်ဘက်ကင်း ဝိညာဉ်သခင် တစ်ယောက် ပေါ်လာလို့ပဲ”
လင်ရှူးမှ သေရည်ကို တစ်ကျိုက် မော့သောက်ကာ ခါးသီးသည့် အပြုံးဖြင့် ပြောလိုက်သည်။
ပြိုင်ဘက်ကင်း ဝိညာဉ်သခင် ဟူသည့် စကားကို ကြားလိုက်သည်နှင့် ဝမ်ရှန်း၏ စိတ်ထဲတွင် စကားလုံးနှစ်လုံး အလိုအလျောက် ပေါ်လာခဲ့သည်။ သူသည် စဉ်းပင် မစဉ်းစားဘဲ ခပ်တိုးတိုး ရေရွတ်လိုက်၏။
“ဖီးနစ်…”
ဝမ်ရှန်းသည် ထိုစကားလုံး နှစ်လုံးကို မျှော်လင့်ချက် အပြည့်ဖြင့် ရေရွတ်လိုက်ခြင်း ဖြစ်သည်။ သူ့ရှေ့တွင် သူ့အိပ်မက်ထဲမှ ကောင်မလေး၏ လှပသည့် မျက်လုံးများ ပြန်ပေါ်လာကာ သူမပြောသည့် စကားကိုလည်း ပြန်လည် ကြားယောင်လာခဲ့၏။
“ငါ့ကိုသတ်…” ဟူ၍ဖြစ်သည်။
ဝမ်ရှန်းထံမှ ထိုစကားများ ကြားလိုက်ရသောအခါ လင်ရှူး၏ မျက်လုံးများ ရုတ်တရက် စူးရှသွားခဲ့သည်။ ဝမ်ရှန်းသည် ချွန်ထက်သည့် ဓားမြှောင် နှစ်ချောင်းက သူ့အား ထိုးဖောက်တော့မည်ဟု ခံစားလိုက်ရကာ ကျောချမ်း သွားခဲ့၏။
သို့သော် ထိုကဲ့သို့ ကြာကြာ မခံစားလိုက်မီမှာပင် လင်ရှူးသည် စိတ်ပြန်လျှော့ကာ သူ့ဘာသာသူ သေရည်တစ်ခွက် ငှဲ့သောက်လိုက်၏။
“မင်းလည်း ဖီးနစ်အကြောင်း သိတာပဲ။ ဟုတ်တယ် အဲဒါ ဖီးနစ်ပဲ။ ပြိုင်ဘက်ကင်း ဝိညာဉ်သခင်က ဖီးနစ်ဝိညာဉ်လို့ ခေါ်တဲ့ ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့တယ်”
“ဖီးနစ်က ဘယ်လိုမျိုးလဲ၊ ဘယ်လို အမျိုးအစားလဲ၊ အဆင့်ဘယ်လောက်လဲနဲ့ အဆင့်တစ်ခေါက် တက်ရင် အပ်စိုက်မှတ် ဘယ်နှမှတ်တိုးလဲ ဆိုတာမျိုးတွေကို ဘယ်သူမှ မသိဘူး”
လင်ရှူးသည် စိတ်မချမ်းမြေ့စရာ ကောင်းသည့် မှတ်ဉာဏ်များကို ပြန်အမှတ်ရ သွားဟန်ရှိကာ စိတ်မကောင်းသည့် ပုံစံဖြင့် ပြောလာခဲ့သည်။
“မင်းသိလား…”
ရုတ်တရက် လင်ရှူးမှ ဝမ်ရှန်းအား မေးလိုက်၏။ သို့သော် ထိုမေးခွန်းသည် အဖြေပြန်မတောင်းသည့် မေးခွန်းမျိုး ဖြစ်သည်။
“ပြောရမယ်ဆိုရင် အဲ့ပြိုင်ဘက်ကင်း ဝိညာဉ်သခင် မပေါ်လာခင် အချိန်အထိ “ဖီးနစ်” ဆိုတဲ့ စကားလုံးမျိုး ဒီကမ္ဘာပေါ်မှာ မရှိဘူး။ အဲ့စကားလုံးကိုလည်း ပြိုင်ဘက်ကင်း ဝိညာဉ်သခင်ပဲ တီထွင်ခဲ့တာပဲ။ ပြီးတော့ နောက်ပိုင်းမှာ လူတွေလည်း အဲ့အတိုင်းပဲ မှတ်သားခဲ့ကြတယ်”
ဝမ်ရှန်းသည် စိတ်လှုပ်ရှား နေသည်ကို ထိန်းချုပ်ကာ လင်ရှူး ပြောနေသမျှကို ငြိမ်ငြိမ် ထိုင်နားထောင် နေလိုက်၏။ ထိုကဲ့သို့ ထိန်းချုပ် နေရခြင်းသည်ပင် သူ၏အင်အားများ အားလုံး ကုန်ခန်း နေသည်ဟု ခံစားနေရသည်။ သူ ဤကမ္ဘာအတွင်းသို့ ရောက်ရှိ လာသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်၏။ စုန့်ရန်ထံမှ ဖီးနစ် ဟူသည့် စကားလုံးကို ကြားခဲ့ရပြီးနောက် ယခုအခါ ထိုစကားလုံးကို ထပ်မံ၍ ပြန်ကြားရသည့် ဒုတိယမြောက် အကြိမ်ပင် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်သည် ပို၍အသေးစိတ် ကျပေသည်။
သို့သော် သူ့အိပ်မက်ထဲမှ ကောင်မလေးသည် လွန်ခဲ့သည့် နှစ်ပေါင်း ရာနှင့်ချီက ကောင်မလေး ဖြစ်နေလိမ့်မည်ဟု ဘယ်လိုမှ မထင်ခဲ့မိပေ။ ဘာလို့ ယခုလက်ရှိ မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်ပေါင်း လေးငါးရာခန့်က ဖြစ်နေရသနည်း…
လူတိုင်း မည်သူမဆို ဖီးနစ်ဝိညာဉ် ရှိနေနိုင်သည်ဟု ဝမ်ရှန်း မထင်ပေ။ လင်ရှူးသည်လည်း ဖီးနစ်က ဘယ်လိုပုံစံလဲ ဆိုတာ ဘယ်သူမှ မသိဟု ပြောခဲ့၏၊ ထို့ကြောင့် ထိုပြိုင်ဘက်ကင်း ဝိညာဉ်သခင်သည် သူ့အိပ်မက်ထဲမှ ကောင်မလေးမှ လွဲ၍ အခြားမည်သူမှ မဖြစ်နိုင်ပေသည်။
သို့သော် ထိုဝိညာဉ်သခင် ရှိသည့် လင်မိသားစု တစ်ခုလုံး သုတ်သင် ခံခဲ့ရသည်။ သူ့အိပ်မက်ထဲမှ ကောင်မလေးသည်လည်း သေဆုံးခဲ့ပြီများလား…
“လင်မိသားစုက ပြိုင်ဘက်ကင်း ဝိညာဉ်သခင်ကရော အသတ်ခံရတဲ့ အထဲပါသွားလား”
ဝမ်ရှန်း ထိုစကားများကို အားမနည်းယူကာ တိုးဖျော့စွာ မေးလိုက်၏။
“ကျောင်းတော်ရဲ့ မှတ်တမ်းတွေအရ ဆိုရင်တော့…”
လင်ရှူးမှ ခေါင်းညိတ်ကာ စာလိပ်များထဲမှ တစ်ခုကို လက်ညှိုး ထိုးပြလိုက်သည်။
“ဟုတ်တယ်။ အဲ့သုတ်သင်ခံရတဲ့ အချိန်မှာ သူမလည်း သေဆုံးသွားခဲ့တာပဲ”
အဖြေကြားပြီးနောက် ဝမ်ရှန်း အနောက်သို့ ယိုင်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ ထို့နောက် လင်ရှူးက ဘုန်းတော်ကြီးကျောင်း၏ မှတ်တမ်းအရ ဟုသာ ပြောခဲ့ခြင်းဖြစ်ကြောင်း ဝမ်ရှန်း အမှတ်ရ သွားခဲ့သည်။ ဘုန်းတော်ကြီးကျောင်း မဟုတ်ဘဲ အခြားနေရာမှ မှတ်တမ်းများ ဆိုလျှင်ကော…
“အဲ့ဒါက ဘုန်းတော်ကြီး ကျောင်းရဲ့ မှတ်တမ်းအရပဲ မလား…”
ဝမ်ရှန်းမှ ကံကောင်းလို ကံကောင်းငြား စိုးရိမ်စိတ်လှုပ်ရှားစွာ မေးလိုက်၏။
***