အပိုင်း(၃၀) သတ္တဝါကောင်ရဲ့အစာ
“ဒီမရဏ တာဝန်ကို လက်ခံ လိုက်ကတည်းက မင်းရဲ့ ဘဝကို ဂိုဏ်းဆီ ပုံအပ် လိုက်ပြီလို့ ပြောနေတာနဲ့ တူတူပဲ.. ဒီတာဝန်ကို လက်ခံလိုက်တာနဲ့ ပြီးဆုံးတဲ့ အထိ ဆောင်ရွက်ရမယ်.. ဆယ်နှစ် တစ်ကြိမ် အတွင်းစည်း တပည့်ရွေးပွဲ လုပ်ပြီး အယောက် တစ်ရာ ရွေးချယ်တယ်.. ကျန်တဲ့ သူတွေကတော့ ဒီမရဏ တာဝန်တွေ ထမ်းဆောင်ရင်း သေဆုံး ခဲ့ရတယ်”
သစ်သား အိမ်လေးတွင် ယုစန်းလျန်က မရဏ တာဝန်နှင့် ပတ်သက်၍ သူသိထား သလောက် ဖန်ရှင်းအား ပြန်၍ ဖောက်သည် ချနေသော်လည်း သူကိုယ်တိုင်က အလွန်တရာ စိတ်လှုပ်ရှား နေခဲ့သည်။
“ရှင်းရှင်း ပြောရရင် ဒီတာဝန်က ကိုယ် ရွေးချယ်တဲ့ တာဝန်ပေါ် မူတည်ပြီး အခက်အခဲကို ကြုံရတယ်.. ချင်းယွင်ဂိုဏ်းရဲ့ သြဇာခံ နယ်နမိတ်တွေမှာ ကျက်စားတဲ့ ဝိဉာဥ် သားရဲတွေကို မျိုးဖြုတ်တဲ့ အလုပ်လည်းရှိတယ်.. ဆူပူနေတဲ့ နယ်မြေတွေကို ငြိမ်းချမ်းအောင် လုပ်ပေး ရတဲ့ အလုပ်မျိုးလည်း ရှိတယ်.. နောက်တစ်မျိုးက ဂိုဏ်းက သတ်မှတ်ထားတဲ့ အပြစ်သားတွေကို ရှာဖွေဖမ်းဆီးပြီး ဒဏ်ခတ်ရတဲ့ အလုပ်ပဲ..
တခြား အလုပ် နှစ်ခုနဲ့ မတူတာက ဒီတာဝန်ကို ယူတဲ့လူက မှတ်တမ်း စာရင်းထဲ သွင်းစရာ မလိုဘူး အချိန် မရွေး ဆောင်ရွက်ခွင့် ရှိတဲ့ တာဝန်ပေါ့ကွာ”
ဂိုဏ်းတွင် တစ်စုံ တစ်ယောက် ကို ဆုချရန် သို့မဟုတ် အပြစ်ပေးရန် မရဏ တာဝန်ကို အသုံးပြု ကြသည်။ ထို့ပြင် အပြင်စည်း တပည့် တစ်ဦးသည် အတွင်းစည်း တပည့် မဖြစ်ခင် အရင်းအမြစ်များ မရရှိသေးဘဲသတ်မှတ် ထားသော မရဏ တာဝန်ကိုအရင် ထမ်းဆောင် ရသည်။
ကံကောင်းစွာပင် အပြင်စည်း တပည့်များသည် အန္တရာယ် အလွန်များသော မရဏ တာဝန်များကို မယူခဲ့ကြပေ။
သို့သော် ဝိဉာဥ် အဆင့်သုံးမှ အဆင့်လေးသို့ အကူး အပြောင်းတွင် ချိုးဖောက် ဆေးလုံးကို လိုအပ်သည်။
ချိုးဖောက် ဆေးလုံး ဖော်စပ်ရန် သတ္တုရိုင်း အဆီအနှစ် အမှုန့်ကို လိုချင် ပါက မရဏ တာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရမည် ဖြစ်သည်။
တကယ်တော့ ဖန်ရှင်းသည် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်း စွပ်ခဲ့ခြင်းသာ ဖြစ်သည်။
တကယ်တမ်း သူက ဟူချင်းအား သတ္တုရိုင်း အဆီအနှစ် အမှုန့်အတုကို ဂျင်း မထည့်ခဲ့လျှင် ဟူချင်းက မရဏတာဝန်ကို ထမ်းဆောင်ဖို့ ရွေးချယ်မည် မဟုတ်ချေ။
ထိုသို့ ဟူချင်းက သတ္တုရိုင်း အဆီအနှစ် အမှုန့်ကို မလိုအပ်ပါက အကိုလျူက ဖန်ရှင်းကို ချောက်တွန်းခွင့်ရမည် မဟုတ်ပေ။
ဖန်ရှင်းက အိမ် အပြင်ဘက်တွင် လူနှစ်ယောက် သူ့ကို စောင့်ကြည့်နေတယ် ဆိုတာကို သတိထား မိလိုက်သည်။
ထိုသူ နှစ်ဦး၏ မျက်နှာကို ဦးနှောက်ထဲတွင် သေချာ ရိုက်နှက်ပြီး ဘာမှ သတိမထားမိ သလို ဟန်ဆောင် နေခဲ့သည်။
သူ မရဏ တာဝန်မှ ပြန်လာသော အခါမှ ဟိုစန်းနှင့် အပြင်က နှစ်ယောက်ကို ပညာပေးရမည်ဟု စိတ်ထဲတွင် တေးမှတ်ထား လိုက်သည်။
သူ၏ မေ့ဆေးပုလင်း မြွေကိုးကောင်ဓား ငွေအပ် လက်နက်ဘူး တို့ကို သိုလှောင် လက်စွပ်ထဲတွင် သိမ်းလိုက်ပြီး လက်စွပ်ကို သူ၏ မြင်းမြီးကေ ဆံပင်တွင် ထုံးနှောင်ရန် သုံးလိုက်သည်။
တခါတရံတွင် ထင်ရှားသောနေရာတွင် ပစ္စည်း ဝှက်ခြင်းသည် တခြားသူများကို အမှုမဲ့ အမှတ်မဲ့ ဖြစ်စေနိုင်သည်။
ထို့နောက် ဝမ်လူ မျက်နှာဖုံး နှင့် ဟူချင်းဆီမှ ဓားကို အဝတ်ထုပ် ထဲတွင် သေချာ သိမ်းဆည်း လိုက်သည်။
ဖန်ရှင်းက အတွေ့ အကြုံ အသစ် ယူရန် စိတ်အား ထက်သန် နေပြီး အာရုဏ် တက်ချိန်ကို တိတ်တဆိတ် စောင့်ကြည့် နေခဲ့သည်။
——————-
နောက်တစ်နေ့ နံနက်တွင် ဟူချင်းသည် ယင်ယန် အစည်းအရုံး သို့ အခြား အပြင်စည်း ဂိုဏ်းသား သုံးယောက်နှင့်အတူ ဖန်ရှင်းကို ခေါ်ကာ အင်အားသုံး ရောက်လာခဲ့သည်။
ထိုလေးဦး အနက် ဟူချင်းက ဝိဉာဥ်အဆင့်သုံး၏ အထွတ်အထိပ်ဖြင့် အမြင့်ဆုံးဖြစ်သည်။
ကျန်နှစ်ယောက်က ဝိဉာဥ် အဆင့်သုံး၏ အစပျိုး အဆင့်တွင် ရှိပြီး နောက်ဆုံး တစ်ယောက်က ဝိဉာဥ်အဆင့်နှစ်၏ အထွတ်အထိပ် ဖြစ်သည်။
တစ်နည်း ဆိုရလျှင် ဖန်ရှင်း၏ အမှန်တကယ် ကျင့်ကြံခြင်း အဆင့်နှင့် အတူတူ ပင်ဖြစ်သည်။ အဲဒါက ဖန်ရှင်းကို အတော်ပင် ဖြုံစေခဲ့သည်။
ခဏ အကြာတွင် ဟိုင်စန်းက အပြေးအလွှား ရောက်လာပြီး တောက်ပသော မျက်နှာဖြင့် သူတို့ငါးဦးကို လက်ဝှေ့ယမ်း ၍ နှုတ်ဆက်လိုက်သည်။
သူနှင့် ယုစန်းလျန် မတူသော အချက်မှာ ဖန်ရှင်းက ဟူချင်းတို့ လူစုနှင့်ပါသွားခြင်းကို ယုစန်းလျန်က စိတ်မကောင်း ဖြစ်နေဟန် ဖြင့် ကြည့်နေသည်မှာ စကားလုံးဖြင့် ဖော်ပြ၍ပင် မရချေ။
“ငါက ဝက် မဟုတ်ဘူး ညီလေးဖန်.. ယုပါကွ”
ယုစန်းလျန်က ဖန်ရှင်းတို့လူစုကိုကြည့်နေစဥ်တွင် ဖန်ရှင်းက အသံကျယ်လောင်စွာဖြင့် အော်ပြော လိုက်သည်။
“ငါသိပါတယ် အကိုတော် ယုရေ”
ဖန်ရှင်း၏ ပုံရိပ် အစက် အပျောက်ဖြစ်သည် အထိ ငေးကြည့်ပြီးနောက်တွင် ယုစန်းလျန် တစ်ကိုယ်လုံး
ပျော့ခွေသွားပြီး ဒူးထောက်ကာ အော်ဟစ် ငိုကြွေး နေလေသည်။
“ဟေ့ အမိုက်အမဲ တွေ အခုတော့ ဟိုသူငယ် လစ်သွားပြီ ကျန်ခဲ့တဲ့ မင်းကို အကောင်းဆုံး အချိန်တွေ ပိုင်ဆိုင်အောင် လုပ်ပေးရမယ်”
ယုစန်းလျန်သည် အသံကို ကြားရပြီးနောက်တွင် နောက်သို့ လှည့်ကြည့်လိုက်ရာ အကိုတော် လျူကို တွေ့ပြီး ထိတ်လန့် သွားသည်။
သူ၏ လက်ရှိ အခြေအနေက ဖန်ရှင်းထက် ဘယ်လိုမှ မကောင်းနိုင်သည်ကို သိလိုက်သည်။
——————
မရဏ တာဝန်ကို လက်ခံပြီးနောက် ဟူချင်း တို့အဖွဲ့ သည် ဝိဉာဥ် သတ္တဝါ ဌာနသို့ ဝင်ရောက် ခဲ့သည်။
မရဏ တာဝန်ကို ထမ်းဆောင်ဖို့ လာကြောင်း ပြောပြ လိုက်ပြီး သည်တွင်စီးနင်းရန် အတွက် နဂါးမြင်း ငါးကောင်ကို ဌာနမှ ယူလာခဲ့သည်။
ခရီး တစ်လျောက်လုံး တွင် သူတို့လေးယောက်က ဖန်ရှင်းကို တစ်ယောက်တစ်လှည့် စောင့်ကြည့်ခဲ့ သော်လည်း
ဖန်ရှင်း၏ အလိုက်သိမှုက သူတို့ကို ပင် စိတ်ချ စေခဲ့သည်။
နဂါးမြင်း တွေကို ဒီဌာနက နှစ်ထောင်ပေါင်း များစွာ မွေးမြူ ခဲ့သည်။
ဒဏ္ဍာရီ ထဲတွင် ကျောင်းလုံ ဟုခေါ်သော ရေနဂါး၏ သွေးသည် သူတို့၏ သွေးကြော များသို့ စီးဆင်း သွားပြီး
သူတို့ ခန္ဓာကိုယ်ကို နဂါး အကြေးခွံများဖြင့် ဖုံးအုပ် သွားကြောင်း ဆိုထားသည်။
တစ်နေ့ တည်းဖြင့် မိုင်ပေါင်း ထောင်ချီ သွားနိုင်ရုံမက ရေကန်များ နှင့် မြစ်များ ပေါ်တွင်လည်း စီးနင်း၍ ရသည်။
ထိုမြင်းသည် လျို့ဝှက် ဆန်းကြယ် သော သတ္တဝါ တစ်မျိုးဖြစ်ပြီး သေမျိုးကမ္ဘာတွင် တွေ့ရခဲသော သတ္တဝါဖြစ်သည်။ ထိုမြင်း၏ တန်ဖိုးမှာ ချမ်းသာသော သူကိုပင် မွဲပြာ ကျသွားစေနိုင်သည်။
ကွေးရန်တောင် တွင်ရှိစဥ်က ဖန်ရှင်း၏ ဦးလေးနှစ်သည် နဂါးမြင်း ကိုတွေ့ပြီး မြင်မြင်ချင်း ချစ်ခင် သဘော ကျခဲ့သည်။
သူက ထိုမြင်းကို လုယူရန် လူစုလူဝေးဖြင့်ကြိုးစား သော်လည်း အစောင့်အကြပ် ထူထပ် သောကြောင့် မအောင်မြင်ခဲ့ပေ။
နဂါးမြင်း ကို မရနိုင် တော့မယ့်အတူတူ ဦးလေးနှစ် သည် နဂါးမြင်း ကို အဆိပ် ကျွေး၍ သတ်ပစ် ခဲ့သည်။
ထိုသို့သော ကိစ္စများ ကြောင့် ဖန်ရှင်းသည် နဂါးမြင်း ပေါ်တွင် တက်ထိုင်ရသည်ကို စိတ်လှုပ်ရှား နေခဲ့သည်။
နဂါးမြင်း များသည် ကျောင်းလုံ၏ အဆက် အနွယ်များ ဖြစ်သော်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းက ဂိုဏ်း၏ ထိန်းချုပ်မှုကို ခံခဲ့ရပြီး လေ့ကျင့် သင်ကြားခြင်း ခံခဲ့ရသည်။
သူတို့က မြင်းစီးနေသည့် လူ၏ စိတ်ကို ဖတ်နိုင်သည့် အလား မည်သည့်အချိန်တွင် ရွေ့ရန် သို့မဟုတ် ရပ်တန့်ရန်ကို အလိုလို သိကြသည်။
တကယ်တမ်းတွင် ချင်းယွင်ဂိုဏ်းက အဓိကအားဖြင့် နဂါးမြင်းတွေကို အပြင်စည်း နှင့် အတွင်းစည်း တပည့်များ အတွက် ပြင်ဆင် ပေးထားခြင်း ဖြစ်သည်။
အဓိက တပည့် အချို့နှင့် အကြီးအကဲများ အတွက် ကတော့ ကောင်းကင်ကိုပင် အချိန်မရွေး သွားလာနိုင်သည့်အတွက် နဂါးမြင်း မလိုအပ်ပေ။
ရှောင်ကျန်းမင် နှင့် အမတော် လင်းယွင်အတွက် ကတော့ သံမဏိ လင်းယုန်နှင့် ကြိုးကြာဖြူက စီးတော်ယဥ် အဖြစ် အသင့် ရှိနေခဲ့သည်။
တစ်နေ့တာ လုံး မရပ်မနား ခရီးဆက်လာပြီး သည့်နောက်တွင် ဂိုဏ်းနှင့် မိုင်တစ်ထောင် ကွာဝေးသော ပတ်ဝန်းကျင်၌ စခန်းချ လိုက်ကြသည်။
“အကိုတော်ဟူ ဒီခရီးစဥ်မှာ ကျနော်တို့က ဘာလုပ်ရမှာလဲ”
ဖန်ရှင်းက မသိ နားမလည် ဟန်လေးဖြင့် မေးလိုက်သည်။
ဟူချင်းက ဟန်လုပ် ပြုံးလိုက်ပြီး
“မိစ္တာနဲ့ နတ်ဆိုး တွေကို ဖမ်းဆီးဖို့ပေါ့ဟ.. မင်းကြောက်နေလို့လား”
ဖန်ရှင်း၏ သေးငယ်သော ကိုယ်လုံးလေးက ထွန့်ထွန့် လူးသွားပြီး
“ဘာ.. ဘယ်လို.. မိစ္ဆာနဲ့ နတ်ဆိုးကို ဖမ်းဖို့ ဟုတ်လား .ဘယ်လို မျိုးလဲ”
“ဝိဉာဥ် အဆင့်လေး သားရဲဖြစ်တဲ့ စပါးအုံး ဖားကို ဖမ်းဖို့ပေါ့ကွ”
“မင်း သွားလာ နေရင်းနဲ့ လည်းမျိုချ မခံရဖို့ သတိလည်း ထားဦး သူက အရမ်း အားကောင်းတယ် ”
ဝိဉာဥ် အဆင့်သုံး သို့ရောက် နေသော ချန်းထုံး အမည်ရှိလူက ဖန်ရှင်းကို အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
“အာ..”
ဖန်ရှင်း၏ မျက်နှာက ချန်းထုံး၏ စကားကြောင့် သိသိ သာသာ ပျက်နေခဲ့သည်။
“ဟား ဟား ဟား”
သူတို့ အားလုံးက ဖန်ရှင်း၏ လန့်ဖြန့်နေပုံကို ကြည့်ပြီး ဝိုင်းလှောင်နေကြသည်။
ဖန်ရှင်းလို လူပျော့ ကလေးက သူတို့ကို အန္တရာယ် မပေးနိုင် လောက်ဘူး အထင်ဖြင့် စိတ်ချ သွားခဲ့သည်။
“အကိုတော်ဟူ ငါတို့ ဒီစပါးအုံး ဖားကို သတ်ပြီးရင် ငါ့ကို အခု ပေးထားတဲ့ ဓားပျံနဲ့ ဝိဉာဥ် ကျောက်တုံး ဆယ်တုံး တကယ် ပေးမှာလား”
ဖန်ရှင်းက လောဘ တက်နေဟန်.. ဆောင်ခဲ့ပြီး ဟူချင်းတို့ လူစုကို သံသယ ကင်းစေခဲ့သည်။
ဟူချင်းနှင့် အဖော် သုံးဦးက အချင်းချင်း အဓိပ္ပါယ် ပါပါ ပြုံးပြလိုက်ပြီး ဖန်ရှင်း ဘက်သို့ လှည့်ကာ
“ဒါပေါ့ကွ…ကိစ္စ ပြီးရင် အဲဒါတွေက မင်း အတွက် ချည်းပဲ”
ဟူချင်းက ကတိ ပေးလိုက်သောဘအခါ ဖန်ရှင်းက စိတ်အား ထက်သန်စွာ ဖြင့် ရင်ဘတ်ကို ပုတ်လိုက်ပြီး
“ဒါဆို သေလည်း ဂရု မစိုက်တော့ဘူးဗျာ ချမ်းသာဖို့ အတွက် လာမည့်ဘေးတော့ ပြေးတွေ့ ရမှာပဲ…”
ဖန်ရှင်း၏ လောဘ ထွက်လာသောအပြုအမူ များကြောင့် ထွက်မပြေးလောက်တော့ဘူးဟု ယူဆကာ စောင့်ကြည့်နေမှုကို အရင်ကထက် လျော့လိုက်သည်။
ဟူချင်းတို့ လူစု ယုံကြည်မှု ရရန် ဖန်ရှင်းက ဘာမှ မသိ နား မလည်သော နို့စို့ကလေး ကဲ့သို့ ပြုမူ နေထိုင် ခဲ့သည်။
အနားယူသည့် အချိန်များတွင် ဖန်ရှင်းက ရေခတ်ခြင်း မြင်းများအစာ ကျွေးခြင်း အမဲလိုက်ပြီး အချက်အပြုတ် တာဝန်ကိုပါ ကျေပွန်စွာ လိုလေ သေးမရှိ ဟူချင်းတို့ လူစုကို ပြုစုခဲ့သည်။
ထိုလူစုထဲမှ အရွယ် ရောက်သူများက ဖန်ရှင်း၏ အတည် ပေါက်ဖြင့် ပေါက်ကရ မေးသော မေးခွန်း များကို ဖြေဆိုကြရင်း သူတို့၏ အောင်မြင်မှု မှတ်တိုင် အချို့ကို စမြုံ့ပြန် ပြောပြခဲ့သည်။ ထို လန်ကြုတ် ပုံပြင်များ ၏ ဇာတ်ရှိန် အမြင့်ဆုံးသို့ ရောက်လျှင် ဖန်ရှင်းက ကြည်ညို လေးစားသော အကြည့်များဖြင့် သူတို့ကို ကြည့်လိုက်ရာ ဟူချင်းတို့ လူစုမှာ အလွန် သဘောခွေ့နေကြသည်။
ခရီးထွက်တာ သုံးရက်ကြာပြီးသည့် နောက်တွင် ဖန်ရှင်းက အခြားသူများနှင့်ပါ ရင်းနှီး ကျွမ်းဝင် လာခဲ့သည်။
အထူးသဖြင့် ဝိဉာဥ် အဆင့်သုံး အစပျိုး အဆင့်သို့ ရောက်နေသော လွီစန်း ဖြစ်သည်။ သူက ဖန်ရှင်း၏ အရွယ် မရောက်သေး၍ နုနယ်နေသော ကလေး မျက်နှာကို မြင်တိုင်း မသိမသာ ထွက်ပြေး တတ်သည်။
တတိယညတွင် မီးပုံဘေး၌ ဖန်ရှင်းတစ်ယောက် အိပ်ပျော်နေပြီအထင်နှင့် လွီစန်းက ဟူချင်းနား ရောက်လာပြီး
“အကိုတော်ဟူ တခြား နည်းလမ်း မရှိတော့ ဘူးလား..”
ဟု မေးလိုက်သည်။
ဟူချင်းက ပီဘိ ကလေး တစ်ယောက်သဖွယ် အိပ်ပျော်နေသော ဖန်ရှင်းကိုကြည့်လိုက်ပြီး လွီစန်း ဘက်သို့ လှည့်ကြည့်ကာ
“အခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့ဘူး ငါတို့ အခု ရင်ဆိုင်ရမှာက ဝိဉာဥ် အဆင့်လေး သားရဲပဲ ငါတို့အားလုံး ပေါင်းရင် တောင် နိုင်ဖို့မလွယ်ဘူး ဒီသားရဲက လူအသား ကို နှစ်သက်ပြီး မြိန်ရေ ယှက်ရေ စားသုံးတယ် အထူး သဖြင့် ချီရှိတဲ့ ကောင်လေးတွေပေါ့ သူတို့ အတွက် ကတော့ ဒီလို ကောင်လေးတွေက နတ်သုဒ္ဓါလိုဖြစ်နေ မှာပဲ ဒီ သားရဲကို ဆွဲဆောင်ဖို့ ဒီကလေး ကိုငါးစာ ချရမှာပဲ”
အပိုင်း(၃၀) ပြီး၏