အပိုင်း(၄၆) ဝမ်းနည်းနေသော ကျိုးရီ
ဝမ်လင်းက ဟဲပီဖုန်းကို ကူညီပေးလိုသော ဆန္ဒ မရှိသော်လည်း ဖေဖေဝမ် နှင့် မေမေဝမ်တို့၏ သင်ကြားပြသမှုကြောင့် ရန်သူကို အခွင့်အရေး ပေးရန် ဆုံးဖြတ်ခဲ့သည်။
မည်သူမဆို နောင်တစ်ချိန်တွင် ပြန်လည် ဆုံဆည်းနိုင်၍ သည်းခံ ခွင့်လွှတ်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည် မဟုတ်လော။
ဝမ်လင်း၏ မပြောပလောက်သော အပြုအမူလေးက ကျောင်းနှစ်ကျောင်း၏ ရန်ငြိုးများကို ပြေလျော့စေသော လမ်းစ ဖြစ်လာခဲ့သည်။
လူတိုင်းက အမှတ်၅၉ အထက်တန်းကျောင်း နှင့် အမှတ်၆၀ အထက်တန်းကျောင်း၏ ဆက်ဆံရေး မကောင်းမွန်မှန်း သိထားကြသည်။
အပြန်အလှန်သာ လက်စားချေနေလျှင် လက်စားချေသော သံသရာက ဘယ်အခါမှ အဆုံးသတ်နိုင်မည်နည်း။
ဝမ်လင်း၏ အပေါ်အင်္ကျီ တစ်ထည်က ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း ရှိမှန်း ဝမ်လင်း ကိုယ်တိုင် မသိခဲ့သော်လည်း ကြိုးစားရကျိုး နပ်သည်ဟု ဆိုရမည်။
ထို့ပြင် အမှတ်၅၉ အထက်တန်းကျောင်း၏ ရင်ဆိုင်ရ အခက်ခဲဆုံး ဒါရိုက်တာရှဲ့ကိုလည်း ဆရာဝမ်က အမိဖမ်းနိုင်ခဲ့သည်။
ယင်းအတွက်ကြောင့် ဘာမဆို ဖြစ်လာနိုင်သေးသည် မဟုတ်ပါလား။
………………..
ကျင့်ကြံခြင်း ကျောင်း၁၀၀ကို အုပ်ချုပ်သော အထွေထွေ ညွှန်ကြားရေးမှူး ရုံးခန်းထဲတွင် ကျိုးရီ တစ်ယောက် အလွန်အမင်း ဝမ်းနည်းနေခဲ့သည်။
ကျင့်ကြံခြင်း ကျောင်း၁၀၀ကို အုပ်ချုပ်သော ဌာနသည် စုန်ဟိုက်မြို့ အတွင်းရှိ မူကြိုကျောင်းများကိုပင် ကြီးကြပ်ရသည်။
ပြင်ပလူများ၏ အမြင်တွင် ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေး၏ လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်လာသော ကျိုးရီမှာ သေချာပေါက် မယုံနိုင်စရာ ဖြစ်တည်မှု တစ်ခု ဖြစ်နေသည်။
သို့သော် ကျိုးရီ ထမ်းထားရသည့် ဖိအားက အတော်လေး ကြီးမားကြောင်း မည်သူမျှ မသိခဲ့ကြပေ။
ထိုဖိအားက သူ့အထက် လူကြီးများထံမှ ရလာခဲ့ခြင်း ဖြစ်၏။
ခရိုင်ပညာရေးမှူး ရုံးများ အားလုံးက ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးဌာန၏ အမိန့်ကို တိုက်ရိုက် နားထောင်ရသည်။
ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေး၏ အထက်တွင်ကျောင်းပေါင်း တစ်သောင်း မဟာမိတ်အဖွဲ့ ရှိသည်။
ထိုအဖွဲ့အစည်းမှာ ဗဟိုအစိုးရ၏ ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် အတွင်းရေးမှူး စွန်းတာခန်း၏ တိုက်ရိုက် စီရင်ပိုင်ခွင့် အောက်တွင် ရှိသည်။
ကျိုးရီ၏ လက်ထောက် ညွှန်ကြားရေးမှူး ရာထူးက ရာထူးကြီး မဟုတ်သလို သေးနုပ်သော ရာထူးလည်း ဟုတ်မနေခဲ့ပေ။
သို့သော် ကျိုးရီ၏ အမြင်တွင်မူ ထိုရာထူးက တောက်တိုမယ်ရ ရာထူး နှင့် တူနေသည်။
သူက ရုံးသို့ ဝင်လာသမျှ ဖုန်းတိုင်းကို လက်ခံ ဖြေဆိုရပြီး အကျိုးအမြတ် အားလုံးကို ဒါရိုက်တာက ရယူထားသည်။
အထက်လူကြီးထံမှ ဖိအားများက သူ့ကို တိုက်ရိုက် သက်ရောက်နေ၍ သူ့ကိုယ်သူ သနားစရာကောင်းသည်ဟုပင် တခါတရံ ခံစားခဲ့ရသည်။
လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်လာရသော အကြောင်းရင်းကို သူကောင်းကောင်း သိသည်။
ထို့အပြင် သူအကြောက်ဆုံး အရာမှာ နှစ်စဉ် နှစ်တိုင်း ပြုလုပ်သည့် အစည်းအဝေးတွင် အရက်မူးနေသော အထက်လူကြီး တချို့က ကောင်းကင်ဝါးမျို ဖားပြုပ်ကို သတ်ခဲ့သည့် ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကို သရုပ်ဖော်ခိုင်းခြင်းပင်။
အတိုချုပ်ပြောရလျှင် လက်ထောက်ညွှန်ကြားရေးမှူး ရာထူးက သူ့အတွက် အလွန်ပင်ပန်းနေပြီ ဖြစ်၏။
ကျောင်းဝင်ရောက်ခွင့် နှင့် ပတ်သက်၍ ကျိုးရီကို လာရောက် တွေ့ဆုံကြသော ကျောင်းသား မိဘများလည်း ရှိသည်။
ကလေး ပညာရေး ပြဿနာက အရေးကြီးသော ကိစ္စရပ် ဖြစ်နေ၍ ကျိုးရီက သူတို့ကို မဖြစ်မနေ ကူညီပေးရသည်။
တချို့သော မိဘများက အမြော်အမြင်ရှိရှိဖြင့် ကျိုးရီကို အနီရောင် စာအိတ် ပေးကြသော်လည်း ကျိုးရီက လက်မခံခဲ့ပေ။
(အနီရောင်စာအိတ်=ကံကောင်းခြင်းနှင့် ကြွယ်ဝခြင်းကို ကိုယ်စားပြုသောစာအိတ်)
သူ၏ အကျင့်စာရိတ္တက စံပြဝန်ထမ်း အဆင့်ကို မရောက်သေးသော်လည်း အနည်းဆုံးတော့ သူက ရိုးသား ဖြောင့်မတ်သည်။
ထို့ကြောင့် သူ့အထက်လူကြီး လာဘ်စားသော လုပ်ရပ်ကို တိုင်ကြားပြီး အကျိုးဆက်ကို ရင်ဆိုင်စေချင်သည်။
သို့သော် သူ့တွင် ခိုင်လုံသော သက်သေ မရှိခဲ့ပေ။
ထို့အပြင် ဟွာရှို့နိုင်ငံ ဗဟိုအစိုးရ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဌာနက စည်းမျဉ်း ၈ချက် နှင့် တားမြစ်ချက် ၆ခုကို ထုတ်ပြန်လိုက်သောကြောင့် ဌာနဆိုင်ရာ ခေါင်းဆောင်များမှာ ယခင်လို စိတ်တိုင်းကျ လုပ်ပိုင်ခွင့် မရတော့သဖြင့် မကျေမနပ် ဖြစ်နေကြသည်။
၎င်းတို့က အကျင့်ပျက်ခြစားမှု ပုဒ်မနှင့် ညိမည် စိုးသောကြောင့် အစည်းအဝေးများတွင် ဟင်းပွဲများပင် မကျွေးတော့ပေ။
ဌာနဆိုင်ရာ ခေါင်းဆောင်များမှာ အစည်းအဝေးပွဲ များတွင် အစာရှောင် ဆေးပြားနှင့် လက်ဖက်ရည်ကိုသာ သောက်သုံးကြတော့သည်။
ထို့ကြောင့် ကျိုးရီအတွက် သက်သေရှာဖွေရန် ပို၍ ခက်ခဲလာခဲ့သည်။
…………………..
အမှတ်၆၀ အထက်တန်းကျောင်းက ပထမတန်းစား ကြေးစား အဖွဲ့အစည်း ဖြစ်သည့် အရိပ်လုပ်ကြံသူ အဖွဲ့ကို အနိုင်ယူခဲ့သော ဖြစ်ရပ်မှာ လူ့အဖွဲ့အစည်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနေသည့် အကြောင်းအရာ တစ်ခု ဖြစ်လာခဲ့သည်။
အမှတ်၅၉ အထက်တန်းကျောင်း နှင့် အမှတ်၆၀ အထက်တန်းကျောင်း၏ ဝိညာဉ်ဓား ဖလှယ်ခြင်းပွဲသည် အရေးပါသောပွဲ ဖြစ်သောကြောင့် ကျောင်းတစ်သောင်း မဟာမိတ်အဖွဲ့၏ ရုံးချုပ်က ပွဲအတွက် စိုးရိမ်ပူပန်ကြောင်း ကျိုးရီကို ကိုယ်တိုင်ကိုယ်ကျ ဖုန်းခေါ်ဆိုခဲ့သည်။
တကယ်တမ်း ရုံးချုပ်က အဓိက စိုးရိမ်နေသည်မှာ စွန်းရုံ၏ လုံခြုံရေး အတွက် ဖြစ်သည်။
အရိပ်လုပ်ကြံသူ အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု အပြီးတွင် ဟွာကောအုပ်စု၏ သူဌေးကြီးက ဗဟို အစိုးရကို တိုက်ရိုက် ဖုန်းဆက်၍ အကူအညီတောင်းခဲ့သည်ဟု ကောလဟလ သတင်းများ ထွက်ပေါ်နေသည်။
ဤသတင်းက အမှန်တကယ် ဖြစ်ကြောင်း အတည်မပြုနိုင်သော်လည်း အဆုံးသတ်တွင် ကျောင်းတစ်သောင်း မဟာမိတ်အဖွဲ့၏ ရုံးချုပ်က စွန်းရုံ၏ ကျောင်းတွင်း လှုပ်ရှားမှု အားလုံးကို မေးမြန်းရန် ကျိုးရီထံ ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်ခဲ့သည်။
ဤနံနက်ခင်းလေးတင် ကျိုးရီကို အထက်လူကြီးက ဖုန်းဆက်လာသည်။
ဖုန်းအပြောအဆိုမှ တဆင့် ကျိုးရီက သူ့အထက်လူကြီး အဓိက ဆိုလိုချင်သော အကြောင်းအရာကို ခန့်မှန်းနိုင်ခဲ့သည်။
အဓိက အကြောင်းအရာမှာ လုံခြုံရေး အတွက် ဖြစ်၏။
အရိပ်လုပ်ကြံသူ အဖွဲ့က ဤတစ်ခေါက်တွင် ပထမတန်းစား လုပ်ကြံသူများကို ဆုံးရှုံးသွား၍ ပြဿနာကို လွယ်လွယ်နှင့် အလျော့ပေးမည်ဟု မထင်ချေ။
ကျောင်းနှစ်ကျောင်း၏ ဝိညာဉ်ဓား ဖလှယ်ပွဲကို ဌာနအသီးသီး၏ ခေါင်းဆောင်များ တက်ရောက်ကြလိမ့်မည်။
လူများလေ တစ်ခုခုဖြစ်ရန် အန္တရာယ် ပိုများလေ ဖြစ်၏။
လုံခြုံရေးသာ မတင်းကြပ်ထားလျှင် ပြဿနာ ကျရောက်လာနိုင်သည်။
တကယ်တမ်းတွင် ကျိုးရီက တစ်ခုခု ချွတ်ချော်မည်ကို စိုးရိမ်သောကြောင့် လွန်ခဲ့သည့် ၂ရက်ခန့်အတွင်း သံသယရှိသောသူများကို စောင့်ကြည့်မှုတွေ လုပ်ထားခဲ့သည်။
အကယ်၍ ဤတာဝန်ကို ကျေကျေပွန်ပွန် မဆောင်ရွက်နိုင်ခဲ့လျှင် ပထမဆုံး ဒုက္ခရောက်မည့်သူမှာ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်သည့် သူကိုယ်တိုင်ပင် ဖြစ်သည် မဟုတ်ပါလား။
ဧည့်သည်တော်များကို လက်ခံတွေ့ဆုံရသည့် အပြင် အပြစ်ဖို့ခံရခြင်းက စိတ်ပျက်စရာ ကောင်းသော်လည်း ဤသည်မှာ ယခုအချိန်တွင် ကျိုးရီ ရင်ဆိုင်နေရသော ပြဿနာ ဖြစ်သည်။
ယင်းက သူ့အလုပ်အကြောင်း ဖြစ်ရုံမျှ မဟုတ်ဘဲ သူ့လက်ရှိ အခြေအနေလည်း ဖြစ်သည်။
ဤနံနက်ခင်းတွင် ကျောင်းပေါင်း တစ်သောင်း မဟာမိတ် ခေါင်းဆောင် နှင့် ဖုန်းပြောပြီးနောက် ထူးခြားသော ဧည့်သည်တော် တစ်ယောက်က နေ့လည်ခင်းတွင် ကျိုးရီ၏ ရုံးခန်းသို့ ရောက်လာသည်။
ထိုလူက အလွန်အရပ်မြင့်ပြီး အနက်ရောင် လေကာ အင်္ကျီကို ဝတ်ဆင်ကာ မော်တော်ဆိုင်ကယ် ဦးထုပ်ကို ဆောင်းထားသည်။
ပထမတွင် ကျိုးရီက ထိုလူကို အရေးပါသူ တစ်ယောက်ဟု ထင်မထားသော်လည်း ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင်မူ ကျိုးရီ၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။
“အတွင်းရေးမှုး တာခန်းပါလား”
ကျောင်းပေါင်း တစ်သောင်း မဟာမိတ်အဖွဲ့၏ အတွင်းရေးမှူး၊ ဟွာရှို့နိုင်ငံ၏ အထွေထွေပညာရေး စီမံခန့်ခွဲမှု ဒါရိုက်တာ စွန်းတာခန်း….
ကျိုးရီ နားမလည်နိုင်သည့် ကျင့်ကြံခြင်း နယ်ပယ် အဆင့်သို့ ရောက်နေသော ဤခေါင်းဆောင်ကြီးက ကျင့်ကျိုးမြို့တွင် အခြေအနေကို စတည်းနာရန် ရောက်နေပုံရသည်။
ကျိုးရီက အတွင်းရေးမှူး စွန်း နှင့် တိုက်ရိုက် အဆက်အသွယ် မရှိသော်လည်း နှစ်စဥ် ကျင်းပသော ပုံမှန် အစည်းအဝေး ပွဲများတွင် ခပ်လှမ်းလှမ်းမှ မြင်တွေ့ဖူးခဲ့သည်။
အရိုးသားဆုံး ပြောရလျှင် ကျိုးရီက အတွင်းရေးမှူး တာခန်းကို အထင်ကြီး လေးစားသည်။
ထို့ကြောင့် တစ်ချက်ကြည့်ရုံဖြင့် အလည်ရောက်လာသူကို မှတ်မိနေခြင်း ဖြစ်၏။
အတွင်းရေးမှူး စွန်းတာခန်းက သိုသိပ်စွာ နေထိုင်လွန်းသူ ဖြစ်၍ ယနေ့ သူ့ကို မြင်တွေ့ရခြင်းမှာ ရှားပါးသော ဖြစ်ရပ် တစ်ခုဟု ဆိုနိုင်သည်။
ယခုလည်း အတွင်းရေးမှူး စွန်းတာခန်းက အနက်ရောင်လေကာ အင်္ကျီနှင့် ဆိုင်ကယ်ဦးထုပ် ဆောင်းပြီး ရုပ်ဖျက်ထားသောကြောင့် မည်သူမဆို အစားအသောက် ပို့သည့်သူ ဟုသာထင်မြင်မိမည် ဖြစ်သည်။
စွန်းတာခန်းက သူ့ဆိုင်ကယ်ဦးထုပ်ကို ချထားလိုက်ပြီး ကျိုးရီ ဖိတ်ကြားသည်ကိုပင် မစောင့်တော့ဘဲ ဧည့်သည်ထိုင်ခုံတွင် ထိုင်ကာ သက်ပြင်းချလိုက်သည်။
“နှစ်တွေ အများကြီး ကြာသွားတာတောင် ဒီနေရာက လုံးဝ ပြောင်းလဲမသွားဘူးပဲ”
သူ့အသံက ညို့ဓာတ်ရှိပြီး သက်ကြီးပိုင်း ခေါင်းဆောင်များအသုံးပြုလေ့ရှိသည့် အထူး လေယူလေသိမ်းများ ပါဝင်နေသည်။
ယင်းက သူ၏ အပြောအဆို အမူအရာကို တမူထူးခြားပြီး ကျက်သရေ ရှိစေသည်။
သူ့ရုံးခန်းကို ကျောင်းသား မိဘများက ပုံမှန်အတိုင်း လာရောက်လေ့ ရှိသောကြောင့် ဧည့်သည်ကို ဧည့်ခံသည့် အကောင်းစား လက်ဖက်ခြောက်များမှာ ကုန်လုနီးပါး ဖြစ်နေသည်။
ထို့ကြောင့် ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးကို ဧည့်ခံစရာ ကောင်းကောင်း ကမ်းကမ်း မရှိ၍ ကျိုးရီ မျက်နှာပူနေသည်။
စွန်းတာခန်းက ကျိုးရီကို ပြုံးပြလိုက်သည်။
“လက်ထောက် ညွှန်ကြားရေးမှူး ကျိုး အားမနာပါနဲ့.. ရိုးရိုးလက်ဖက်ရည်လည်း အဆင်ပြေပါတယ်.. ငါဒီနေ့ မဖိတ်ခေါ်ဘဲ လာခဲ့မိတယ်.. လက်ထောက် ညွှန်ကြားရေးမှူး ကျိုးက ငါ့ကို အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်.. ”
ကျိုးရီက စွန်းတာခန်းကို ဆေးဖက်ဝင် လက်ဖက်ရည် ခပ်သွက်သွက် ငှဲ့ပေးလိုက်သည်။
“တစ်ခုခု ပြောစရာရှိရင် ကျနော့်ကို ဖုန်းဆက်လိုက်ရောပေါ့”
“ဒီဖုန်းက အရေးပေါ်ဟော့လိုင်း (hot line) နံပါတ်လေ.. ငါသုံးပိုင်ခွင့်မရှိဘူး.. ဟားဟား.. အမှန်တော့ ဖုန်းနဲ့ပြောတာ အားမရလို့ ဒီကနေ့ ကိုယ်တိုင် လာခဲ့တာပဲ”
(Hot line=အရေးပေါ် အခြေအနေများတွင် အသုံးပြုရန် သို့မဟုတ် အစိုးရ အကြီးအကဲများကြား ဆက်သွယ်ရန်အတွက် တည်ဆောက်ထားသည့် တိုက်ရိုက်ဖုန်းလိုင်း)
“ကျောင်းသူစွန်းရုံရဲ့ လုံခြုံရေးအတွက် ပြင်ဆင်သင့်တာ ပြင်ဆင်ထားပါတယ်.. အတွင်းရေးမှူးတာခန်း စိုးရိမ်နေတယ်ဆိုရင်… ”
“ငါဒီနေ့ ဒီကို ရောက်လာတဲ့ အဓိက အကြောင်းရင်းက အဲဒီကိစ္စကြောင့် မဟုတ်ဘူး”
စွန်းတာခန်းက သူ့လက်ကို ဝှေ့ရမ်း၍ ပြောလိုက်သည်။
“ကျောင်းသူ စွန်းရုံ ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ လက်ထောက်ညွှန်ကြားရေးမှူး ကျိုးရဲ့ အစီအစဉ်တွေကို ငါယုံကြည်ပြီးသားပါ.. လက်ထောက် ညွှန်ကြားရေးမှူး ကျိုးသာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရိပ်လုပ်ကြံသူ အဖွဲ့ကို အနိုင်ယူဖို့ ကိုယ်တိုင် မစီစဥ်ခဲ့ရင် ပညာရေး သမိုင်းမှာ အကြီးကျယ်ဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာမှာကို ငါကြောက်မိတယ်.. ငါတို့မှာသာ လက်ထောက် ညွှန်ကြားရေးမှူး ကျိုး မရှိခဲ့ရင် ဘာတွေ ဖြစ်လာနိုင်မလည်း ဆိုတာ ခန့်မှန်းလို့ ရနေတာပဲလေ”
ကျိုးရီ “ဒါဆို အတွင်းရေးမှူး တာခန်းက ဘာလို့ ဒီနေ့ ကျနော့်ကို လာတွေ့တာလဲ”
စွန်းတာခန်း “အမှတ်၆၀ အထက်တန်းကျောင်း ပါဝင်တဲ့ ဝိညာဉ်ဓား ဖလှယ်ပွဲကို အထက်လူကြီးတွေ ကိုယ်စား စောင့်ကြည့်မလို့လေ”
“ဒီကိစ္စကို မနေ့ကမှ ရုတ်တရက် တွေးမိလို့ ဘယ်သူ့ကိုမှတောင် မပြောရသေးဘူး.. အခုမှ လက်ထောက်ညွှန်ကြားရေးမှူးကျိုးကို လာပြောတာ နောက်များ ကျနေပြီလား မသိဘူး.. ပွဲကြည့် ပရိသတ်အနေ.နဲ့ ကျုပ်ကိုယ်တိုင် တက်ရောက်မှာကို ဖုံးကွယ်ထားပေးပါ.. မင်းတို့ ဌာနက အဖွဲ့သား အနေနဲ့ပဲ ပွဲတက်မှာပါ.. မဟုတ်ရင် တခြားသူတွေ အားလုံး အလန့်တကြား ဖြစ်နေပါ့မယ်”
စွန်းတာခန်းက အလွန်အမင်း သိမ်မွေ့သော မျက်နှာအမူအရာဖြင့် ပွင့်လင်းစွာ ပြောဆိုလိုက်သည်။
“တိုတိုပြောရရင် ဘယ်သူမှ မသိပါစေနဲ့.. ငါက သိုသိုသိပ်သိပ် နေရတာပဲ သဘောကျတယ်”
“ခေါင်းဆောင်ကြီး ဘာတွေပြောနေတာလဲ”
ကျိုးရီက သူ၏ အေးစက်စက် ချွေးများကို သုတ်လိုက်သည်။
စွန်းတာခန်း ရောက်လာမည်မှန်း သိလျှင် အမှတ်၅၉ နှင့် အမှတ်၆၀ အထက်တန်းကျောင်းမှ ခေါင်းဆောင် အားလုံး ရူးသွားနိုင်သည်။
ထိုအခြေအနေက အစိုးရဌာန အဆင့် နှင့် ဒေသဆိုင်ရာ အဆင့်ထိပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေနိုင်သည်။
စွန်းတာခန်းက နာမည်ကျော် ပုဂ္ဂိုလ် ဖြစ်သည်။
သူ့နာမည်ကြားရုံဖြင့် တခြားဘာမှ ပြောစရာမလိုဘဲ တုန်လှုပ်သွားလိမ့်မည်သာ။
ဤကျောင်းပေါင်း တစ်သောင်း မဟာမိတ် အဖွဲ့အစည်း၏ အတွင်းရေးမှူးက ဟွာရှို့နိုင်ငံကို တည်ထောင်ခဲ့သည့် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီး ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။
၎င်းက ရှေးဟောင်းကျင့်ကြံခြင်း တိုက်ပွဲတွင် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ပြီး သိပ္ပံကျင့်ကြံခြင်းခေတ် ဖန်တီးရာတွင်လည်း ထင်ရှားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့သည်။
ထိုသို့ အရေးပါသော ပုဂ္ဂိုလ်ကြီးက သာမန် အထက်တန်း ကျောင်းနှစ်ကျောင်း၏ ဝိညာဉ်ဓားဖလှယ်ပွဲသို့ တက်ရောက်လိုနေသည်မှာ အံ့ဖွယ် ဖြစ်ရပ်ပင် မဟုတ်လော။
“ဒီကိစ္စအပြင် တခြားကိစ္စ ရှိသေးတယ်”
စွန်းတာခန်းက လက်ဖက်ရည်တစ်ငုံ့ ငုံ့သောက်လိုက်သည်။
“လက်ထောက်ညွှန်ကြားရေးမှူး.. လွန်ခဲ့တဲ့ ၆နှစ်ကျော်က မကောင်းဆိုးဝါး သောင်းကျန်းခဲ့တဲ့ ကာလကို မှတ်မိသေးလား”
“……………”
လွန်ခဲ့သော ခြောက်နှစ်ခန့်က ထိုအဖြစ်အပျက်ကို အတွင်းရေးမှူးစွန်းက ပြောလာသောအခါ ကျိုးရီ တစ်ယောက် သတိလစ်မတတ် မူးဝေသွားခဲ့ပြီး ကြောက်ရွံ့ထိတ်လန့်ခြင်းကို ခံစားလိုက်ရသည်။
အပိုင်း(၄၆) ပြီး၏။
အပိုင်း(၄၇) အခွင့်အရေးက မင်းရှေ့မှာ ရောက်လာရင် တစ်ခါတည်း အသုံးချလိုက်
လွန်ခဲ့သော ၆နှစ်ကျော်ခန့်က မကောင်းဆိုးဝါး သောင်းကျန်းခဲ့သော အကြောင်းကို တွေးမိတိုင်း သူ တုန်ရီလာသည်။
နှစ်စဉ်ကျင်းပသော အစည်းအဝေးတိုင်းတွင် ခေါင်းဆောင်များက အရက်မူးလာသည်နှင့် သူ့ကို ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကို သရုပ်ပြ ခိုင်းတော့သည်။
ထိုသို့ တစ်ဖက်သတ် တွန်းအားပေး ခံရသဖြင့် ကျိုးရီ၏ နာကြည်းမှုက ကောင်းကင်ထက် မြင့်မားပြီး ပင်လယ်ထက် ပို၍ နက်ရှိုင်းသည်။
စွန်းတာခန်းက အတိတ်အကြောင်း ပြောလာသောအခါ အတွင်းရေးမှူးစွန်း နောက်ထပ် ပြောလာမည့် စကားကို သူမှန်းဆမိလိုက်သည်။
ထူးခြားသော ပင်ကိုစရိုက်ရှိသည့် ခေါင်းဆောင်စွန်းက ကျိုးရိကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။
“လက်ထောက် ညွှန်ကြားရေးမှူးရဲ့ ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းက ထူးခြားတဲ့ စွမ်းရည် ရှိတယ်လို့ ကြားထားတယ်.. အဲဒီဓားသိုင်းကို ဝိညာဉ်ဓား ဖလှယ်ပွဲမှာ သရုပ်ပြပေးလို့ ရမလား”
“………….”
ကျိုးရိက အချိန်အတော်ကြာ နှုတ်ဆိတ်သွားခဲ့ပြီး ဘာဆိုဘာမျှ မပြောနိုင်ခဲ့ပေ။
ယခင်က ဆိုလျှင် အရက်မူးနေသော အထက်လူကြီးများက နှစ်စဉ်ကျင်းပသော အစည်းအဝေးပွဲတွင် ဓားသရုပ်ဖော်ရန် ပြောကြားလာတိုင်း သူက အကြောင်းပြချက် ရှာကြံကာ ငြင်းဆန်တတ်သည်။
ယခုအခါ သူ့အရှေ့တွင် ထိုင်နေသော ပုဂ္ဂိုလ်ကြီး ကိုယ်တိုင် တောင်းဆိုလာ၍ ကျိုးရီမှာ ငြင်းဆန်ရ ခက်နေသည်။
ပထမဆုံးအချက် အနေဖြင့် သူ မငြင်းရဲခြင်း ဖြစ်သည်။
ဒုတိယအချက် အနေဖြင့် သူတကယ် လုပ်နိုင်စွမ်း မရှိခဲ့ပေ။
ကျိုးရီက ကောင်းကင်ပိုင်းဖြတ် ဓားသိုင်း အကြောင်းကို နားလည်အောင် တစ်နှစ်ပတ်လုံး လေ့လာခဲ့သည့်တိုင် မည်သည့် ရလဒ်မှ ထွက်မလာခဲ့ချေ။
“ဘာလဲ ပြဿနာရှိလို့လား”
ကျိုးရီက နှုတ်ဆိတ်နေ၍ စွန်းတာခန်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“မင်းဘက်က အဆင်မပြေရင် ငါမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ.. ချက်ချင်းကြီး ဆုံးဖြတ်ချက် ချခိုင်းလိုက်တော့ တွေဝေနေတာ သဘာဝပါပဲ.. ဒါပေမဲ့ အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်း စီနီယာ တစ်ယောက် အနေနဲ့ လူငယ် မျိုးဆက်သစ်တွေရဲ့ စံနမူနာအဖြစ် ဒီလိုမျိုးပွဲမှာ မင်းရဲ့အရည်အချင်းကို ထုတ်ပြသင့်တယ်”
“ခေါင်းဆောင်ကြီး နားလည်မှု မလွဲပါနဲ့.. ကျနော်က အဲလို သဘောမျိုး မဟုတ်ပါဘူး..”
“အိုး.. ငါ ထင်သလို မဟုတ်ရင်တော့ ကောင်းတာပေါ့”
စွန်းတာခန်းက ကျိုးရီ၏ စကားမဆုံးမီ ချက်ချင်း ဖြတ်ပြောလိုက်သည်။
တကယ်တမ်းတွင် ကျိုးရီက ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကို အသုံးမပြုဘဲ တခြားနည်းလမ်းဖြင့် သရုပ်ပြနိုင်လားဟု မေးချင်ခဲ့သည်။
သို့သော် စွန်းတာခန်း၏ ပြတ်သားသော သဘောထားက သူ့အတွေးကို လွင့်ပြယ်သွားစေသည်။
ဤတစ်ကြိမ်တွင် သူ ပြေးမလွှတ်နိုင်တော့ပေ။
ကျိုးရီ စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး အမှန်တကယ် နာကျင်နေမိသည်။
ယခုတော့ သူက အရမ်းကို ခက်ခဲသော အခြေအနေသို့ ကျရောက်နေပြီး ကျားရှေ့မှောက်လျက်လဲသည် ဟုပင် ဆိုရမည်။
သူ့လုပ်ရပ် ကောင်းမွန်၍ အတွင်းရေးမှူး စွန်းတာခန်း စိတ်ကျေနပ်မှုရလျှင် ရာထူးတိုးသွားနိုင်သည်။
ဧည့်သည်တော်များကို ဒိုင်ခံ ဧည့်ခံ၍ ဖုန်းပြောရသော ဘဝမှ လွတ်မြောက်ပြီး ဘဝသစ် စတင်နိုင်လိမ့်မည်။
အကယ်၍ ကောင်းကောင်း မလုပ်ဆောင်နိုင်လျှင် လက်ရှိရာထူးမှ နုတ်ထွက်ရလိမ့်မည်။
“အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရာထူးကို ပိုင်ဆိုင်ဖို့ တကယ်ပဲ မလွယ်ပါဘူး.. ကျိုးရီ.. မင်းက အရမ်းနှိမ့်ချလွန်းတယ် ”
“………….”
စွန်းတာခန်းက ရုတ်တရက် မတ်တတ်ထရပ်ပြီး ကျိုးရီ၏ ပုခုံးကို တည်ငြိမ်စွာ ပုတ်လိုက်သည်။
ဤအပြုအမူက ကျိုးရီကို ချောက်ချားစေ၍ ကုလားထိုင်ခုံမှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
“မင်းက အရမ်းကို အစိုးရိမ် လွန်နေမှန်း ငါသိပါတယ်.. မင်းက အသက် အရမ်းငယ်သေးတော့ ပညာရှင်တွေ ရှေ့မှာ မကြွားဝါးသင့်ဘူးလို့ တွေးထားမှာပဲ.. တခြားသူတွေ အာရုံစိုက်မိမှာကို ရှောင်ရှားဖို့ သိုသိုသိပ်သိပ် နေချင်တာ မဟုတ်လား”
“……………”
“ငါမင်းကို ဇာတ်လမ်းတစ်ပုဒ် ပြောပြချင်တယ်.. ရှေးဟောင်းကျင့်ကြံခြင်းခေတ်က ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပဲ”
စွန်းတာခန်း ပြောဆိုလိုက်သည်။
ကျိုးရီ၏ မျက်ဝန်းတွင် စိတ်အားထက်သန်သော ခံစားချက်များ ပေါ်လွင်လာသည်။
“ငါတို့ နိုင်ငံကို မတည်ထောင်ခင် နောက်ဆုံးတိုက်ပွဲ ဖြစ်တဲ့ ရှီမန် တိုက်ပွဲမှာပေါ့”
လူငယ်အများစုက ရှေးဟောင်းကျင့်ကြံခြင်း တိုက်ပွဲမှ သူရဲကောင်းများ အကြောင်း ကြားဖူးသည်။
ဤသို့ ရှေးကျသော သမိုင်းကြောင်းကို အလယ်တန်း နှင့် အထက်တန်း သမိုင်းစာအုပ်မှာပင် မမြင်တွေ့နိုင်ပေ။
တက္ကသိုလ်အဆင့် သမိုင်းစာအုပ်တွင်သာ ထည့်သွင်းထားသည်။
ကျိုးရီက တက္ကသိုလ်တွင် သမိုင်းမေဂျာ မယူထားသော်လည်း ရှီမန်တိုက်ပွဲနှင့် စပ်လျဉ်းသည့် အခြေခံ နားလည်မှုတော့ ရှိသည်။
ဤတိုက်ပွဲက တကယ်ပင် ကျော်ကြားခဲ့သည်။
ထိုဇာတ်ကြောင်းကို ပြန်ပြောပြနေသည့် အတွင်းရေးမှူး စွန်းတာခန်း၏ မျက်ဝန်းများတွင် သလင်းကျောက် ကဲ့သို့ ကြည်လင်သော မျက်ရည်စက်များ ဝဲတက်လာပြီး အတိတ်မှ အကြောင်းအရာ အများစုကို တဖန် ပြန်အမှတ်ရလာသည်။
“ကမ္ဘာခြားဂိတ်က ထွက်လာတဲ့ မကောင်းဆိုးဝါး နတ်ဆိုး ၇ကောင် ရှိတယ်.. သူတို့က ရုန့်ရင်းတဲ့ စွမ်းအားတွေနဲ့ တလောကလုံးကို ဖိနှိပ်ထားခဲ့တယ်.. အဲဒီတုန်းက လက်ရှိ ကာကွယ်ရေး ဝန်ကြီး ရှီးယွီလျန့်နဲ့ အတူ ငါတို့တွေက ကျောက်တုံးဂိတ်ကို ကာကွယ် စောင့်ရှောက်ခဲ့တယ်”
ကျိုးရီက သမိုင်းကြောင်း ပြောပြနေခြင်းကို စိတ်ဝင်တစား နားစွင့်နေသည်။
ဤသည်မှာ လူတိုင်း ရနိုင်သော အခွင့်အရေး မဟုတ်ပေ။
“မကောင်းဆိုးဝါး အားလုံးက အတော်လေး စွမ်းအားကြီးပြီး ကောင်းကင်ကိုတောင် ဝါးမျိုနိုင်တဲ့ အစွမ်းရှိတယ်…သူတို့က နေရောင်ခြည်ကို ဖုံးကွယ်လိုက်တဲ့ အတွက် ကမ္ဘာမြေရဲ့ အလင်းရောင်တောင် ပျောက်ကွယ်သွားခဲ့တယ်”
“မကောင်းဆိုးဝါး နတ်ဆိုးခေါင်းဆောင်က အတော်လေး စွမ်းအားကြီးတယ်… သူ့ခန္ဓာကိုယ် လှုပ်ရှားလိုက်တိုင်းမှာ ကောင်းကင် နဲ့ မြေကြီးက တုန်ခါသွားရတယ်”
“ကာကွယ်ရေးဝန်ကြီး ရှီးယွီလျန့်က ငါတို့ကို ဦးဆောင်ပြီး တတ်နိုင်သလောက် ခုခံခဲ့ပေမဲ့ အဆုံးသတ်မှာ မကောင်းဆိုးဝါး နတ်ဆိုးတွေကို မယှဉ်နိုင်ခဲ့ဘူး.. ဒီလိုနဲ့ တိုက်ပွဲက အဆုံးမသတ်နိုင်ခဲ့ဘူး…ဒါကြောင့်မို့ ကာကွယ်ရေး ဝန်ကြီး ရှီးယွီလျန့်က ငါတို့အားလုံးကို တတ်နိုင်သလောက် ခုခံဖို့ ညွှန်ကြားခဲ့တယ်.. ငါတို့တွေကလည်း အနိုင်မရရင်တောင် အနည်းဆုံးတော့ ဘယ်တော့မှ နောက်ပြန်မဆုတ်ဘူးလို့ သံဓိဌာန် ချထားကြတယ်”
ကျိုးရီ စိတ်ဝင်တစား နားထောင်ရင်း စွန်းတာခန်း၏ ဇာတ်ကြောင်းထဲ နစ်မြောနေသည်။
စစ်မီးများ တဟုန်းဟုန်း တောက်လောင်ကာ ရုန့်ရင်းသောစွမ်းအားများ၏ ဖိနှိပ်ခံရခြင်းနှင့်အတူ ရှေးခေတ် ကျင့်ကြံခြင်းတိုက်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို သူ စိတ်ကူးကြည့်နိုင်သည်။
သို့သော် ဟွာရှို့နိုင်ငံက ထိုကပ်ဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။
သို့မဟုတ်လျှင် ယခုဇာတ်ကြောင်း ပြောပြနေသော စွန်းတာခန်းမှာ ထိုစဥ်ကပင် ပြာမှုန်ဘဝသို့ ရောက်နေလိမ့်မည် မဟုတ်လော။
စွန်းတာခန်းက ခေတ်တစ်ခေတ်ချင်းစီကို ဖြတ်သန်းခဲ့ရပြီး ခေတ်တိုင်း၏ တိုးတက်မှု နှင့် သိပ္ပံကျင့်ကြံခြင်း ခေတ်၏ တိုးတက်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ဖူးသူ ဖြစ်သည်။
“အဆုံးသတ်မှာ ငါတို့အားလုံး ခွန်အားကုန်ဆုံးပြီး ကျောက်တုံးဂိတ်မှာ လဲကျသွားတယ်.. ခေါင်းဆောင် ရှီးယွီလျန့်ပဲ ကျန်ခဲ့တယ်.. သူက သူ့မှော်သွေးကို စတေးခဲ့တယ်.. သူ့ခန္ဓာကိုယ်ထဲက သာမန်ထက် ထူးခြားတဲ့ အရိုးကို သုံးပြီး နတ်ဘုရား ကောင်းရှောင်ချင်းကို ဆင့်ခေါ်ပြီးတော့ လူတိုင်းရဲ့ ဝိညာဉ်စွမ်းအားကို ဖြည့်ပေးဖို့ မှော်သီချင်း သီဆိုစေခဲ့တယ်.. နောက်တော့ သူ့စွမ်းအားကို အကန့်အသတ် အထိ မြှင့်တင်လိုက်ပြီး မကောင်းဆိုးဝါး နတ်ဆိုး ၇ယောက်လုံးကို ခေါင်းဖြတ် သတ်ပစ်ခဲ့တယ်.. သူက ကျောက်တုံးဂိတ်ကို ကာကွယ်ပေးခဲ့တဲ့ အပြင် ဟွာရှို့နိုင်ငံ တည်ထောင်ဖို့လည်း အုတ်မြစ်ချပေးခဲ့တယ်”
“ဒါပေမဲ့ အဆုံးသတ်မှာ ဝန်ကြီးရှီးက အသက်ရှင်ခဲ့တယ်..”
ကျိုးရီက ပြောလိုက်သည်။
စွန်းတာခန်း ပြုံးလိုက်သည်။
“ဟုတ်တာပေါ့.. သူ အသက်ရှင်ခဲ့တယ်.. အဲဒီတုန်းက သူ့ခန္ဓာကိုယ်ကို ဂူဗိမာန်ဆောက်ပြီး မြုပ်နှံထားပြီးပြီ.. ဝန်ကြီးရဲ့ အနီရောင် ငှက်သားရဲ ရှောင်ဟုန်က ဝန်ကြီးရဲ့ သက်စောင့်ဓာတ်ကို ဖြည့်တင်းပေးတဲ့ မှော်မြက်ကို အုတ်ဂူထဲ ပစ်ထည့်ခဲ့တယ်လေ.. အဲလိုနဲ့ ဝန်ကြီးက သူကိုယ်တိုင် သူ့အုတ်ဂူကို ဖောက်ပြီး အပြင်ထွက်လာရတယ်.. ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား”
ကျိုးရီ “………….”
“ဇာတ်လမ်းကို နားထောင်ပြီး ဘာနားလည်သွားလဲ”
စွန်းတာခန်းက ကျိုးရီကို မေးမြန်းလိုက်၏။
ဇာတ်လမ်းကို နားထောင်ပြီးနောက် ကျိုးရီ၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။
“ဒီဇာတ်လမ်းကို ပြောပြရတဲ့ အကြောင်းအရင်းက ဘာပဲလုပ်လုပ် လုံ့လဝီရိယရှိဖို့ နဲ့ နောက်ဆုံးအချိန် အထိ ဇွဲမလျော့ဖို့ ပြောချင်တာ မဟုတ်လား.. ဝန်ကြီး ရှီးယွီလျန့်ကို အတုယူဖို့ ဆုံးမတာလို့ ကျနော် ထင်ပါတယ်”
“မင်း အတွေးလွန်နေပြီ”
“ငါပြောချင်တာ အခွင့်အရေးက မင်းရှေ့မှာ ရောက်လာရင် တစ်ခါတည်း အသုံးချလိုက်ဖို့ပဲ.. မင်းအရည်အချင်းကို မဖုံးကွယ်ထားဖို့ ပြောချင်တာ.. ဝန်ကြီးရှီးလို့ အရေးကြုံမှ ထုတ်မသုံးစေချင်ဘူး.. မင်းကို နောင်တ မရစေချင်လို့ အခုလို တရားချနေရတာပဲ”
(ရှောင်ဟုန်=နံနက်ခင်း သက်တန့်လေး)
အပိုင်း(၄၇) ပြီး၏။
အပိုင်း(၄၈) သခင်မ သုန်
ပန်စီဂိုဏ်း၏ ဖေးယန် ခရိုင်ရုံးခွဲ ပြိုကွဲပြီးနောက် အဘွားသုန်က သက်ကြီးရွယ်အို အုပ်စုကို ဦးဆောင်ကာ အထွေထွေ ညီညွတ်ရေး စီမံခြင်း အဖွဲ့ကို ထူထောင်ခဲ့သည်။
ထိုအချိန်မှစ၍ ဖေးယန် ခရိုင်တွင် ပန်စီ အရှုပ်တော်ပုံများအပြင် အခြားသော အကျင့်ပျက်ခြစားမှု အမျိုးမျိုးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
အလုပ်သွားရင်း လမ်းထောင့်တွင် အဘွားအိုများ ဝိုင်းလာပြီး ကျင့်ကြံခြင်း၏ အခြေခံတန်ဖိုးတွေ အပြင် စာအုပ်နီထဲမှ ဂုဏ်ကျက်သရေ ရှစ်ပါးနှင့် အရှက်တရား ရှစ်ပါးတို့အား ရွတ်ဆိုခိုင်းမည်ကို မည်သူမှ ကြုံချင်မည် မဟုတ်ပေ။
ထိုအတွက်ကြောင့် လမ်းမများပေါ်တွင် တရားမ၀င် ကားရပ်ခြင်းနှင့် မီးနီ ဖြတ်သန်းခြင်းများ မရှိတော့ချေ။
ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်း အထွေထွေ ညီညွတ်ရေးစီမံခြင်း အဖွဲ့က ဖေးယန် ခရိုင်ရှိ ကျင့်ကြံခြင်း ရဲဌာနထံ ဒေသခံသူခိုး တစ်ထောင်ကျော်ကို ပို့ဆောင်ခဲ့၏။
ထို့ကြောင့် ထိန်းသိမ်းရေး စခန်း၏ စားနပ်ရိက္ခာများ ဆိုးရွားစွာ ကုန်ခမ်းသွားခဲ့သည်။
ကျင့်ကြံခြင်း ရဲဌာနမှ ရဲများကလည်း ပြစ်မှု ကျူးလွန်သူ များပြားလွန်း၍ အချိန်ပိုပင် ဆင်းပေးခဲ့ရသည်။
ယင်းက စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းသော်လည်း ရဲဌာန တစ်ခုလုံးက ဘာမှ မပြောနိုင်ခဲ့ပေ။
အထွေထွေ ညီညွတ်ရေး စီမံခြင်းအဖွဲ့ ပေါ်ပေါက်လာချိန်မှ စ၍ ဖေးယန် ခရိုင်ရှိ အခြေအနေများ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ကြောင်း သူတို့က ဝန်ခံရပေမည်။
လူတစ်ဦးကို ထောင့်တစ်ထောင့်သို့ ဆွဲခေါ်ပြီး ဝိုင်းဝန်း ရိုက်နှက်မည် ဆိုလျှင်မူ သူတို့က ကန့်ကွက်ရပေမည်။
သို့သော် အဘွားသုန် ဦးဆောင်သော သက်ကြီးရွယ်အိုများက စည်းကမ်း ချိုးဖောက်ခြင်းမျိုးလည်း မရှိပေ။
တစ်နည်းအားဖြင့် အဘွားသုန်မှာ ယခုအခါတွင် အလွန်ကျော်ကြားနေပြီ ဖြစ်သည်။
ဖေးယန်ခရိုင် တဝိုက်ရှိ ယာဉ်ထိန်းရဲများပင် သူမကို တွေ့သည်နှင့် တုန်လှုပ်ခြောက်ခြားပြီး သခင်မသုန်ဟု တလေးတစား ခေါ်ဝေါ်ခဲ့သည်အထိပင်။
………….
သို့သော် အဘွားသုန်က အထွေထွေညီညွတ်ရေး စီမံခြင်းအဖွဲ့၏ လက်ရှိ အခြေအနေအပေါ် ကျေနပ်မှု မရှိသေးချေ။
ယနေ့နံနက်တွင် သူမက အတွေ့အကြုံရှိသော ဝါရင့်ခေါင်းဆောင် တစ်ဦးကဲ့သို့ လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ အထွေထွေ ညီညွတ်ရေး စီမံခြင်း ဌာနချုပ်သို့ ရောက်ရှိလာသည်။
ဤရုံးချုပ်မှာ မူလက ငှားရမ်းရန် သို့မဟုတ် လွှဲပြောင်းရန်အတွက် စွန့်ပစ်ထားသော စက်ရုံ အဆောက်အအုံ တစ်ခုဖြစ်သည်။
ငှားခက အလွန် စျေးသက်သာပြီး အဖွဲ့၏ စီနီယာခေါင်းဆောင်တချို့နှင့် အဘွားသုန်တို့က ၎င်းတို့၏ အငြိမ်းစား ပင်စင်ငွေထဲမှ ငွေအနည်းငယ်ကို ယူကာ လိုအပ်သည့် ပမာဏကို စုပေါင်း ထည့်ဝင်ခဲ့ကြသည်။
နှစ်ရက်အတွင်း စက်ရုံ အဆောက်အအုံရှိ အသုံးမပြုသောအမှိုက်များကို ဖယ်ရှား ရှင်းလင်းခဲ့ပြီး အတွင်းပိုင်း နေရာများကို ဧရိယာ အလိုက် အသေအချာ ပိုင်းခြားလိုက်သည်။
ပထမ ဧရိယာမှာ ဖေးယန် ခရိုင်မှ လူများ၏ လူမှုပတ်ဝန်းကျင် ကိစ္စအဝဝကို အစီရင်ခံနိုင်သည့် အစီရင်ခံစာ ဧရိယာ ဖြစ်သည်။
ကျင့်ကြံခြင်း အဓိက စည်းမျဥ်း ၂၄ခုတွင် ပါဝင်နေသ၍ အထွေထွေ ညီညွတ်ရေးစီမံခြင်း အဖွဲ့မှ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။
ဒုတိယနေရာမှာ အထွေထွေညီညွတ်ရေး စီမံခြင်းအဖွဲ့မှ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ အပျင်းပြေ ကခုန်ရန် အထူးသီးသန့် နေရာဖြစ်သည့် ဖျော်ဖြေရေး ဧရိယာ ဖြစ်သည်။
ပတ်ဝန်းကျင် အနီးအနားကို အနှောက်အယှက် မဖြစ်စေရန် အဘွားသုန်က အသံလုံစနစ်ကိုပါ ထည့်သွင်းခဲ့ပြီး သီချင်းနှစ်ပုဒ်ကိုပါ ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူ၍ ထည့်သွင်းခဲ့သည်။
ပထမသီချင်းမှာ “ခက်ခဲသော အခြေအနေထဲမှ စူပါစတား” ဖြစ်ပြီး ဒုတိယသီချင်းမှာ “ပြီးပြည့်စုံသော ကောင်းကင်ဘုံ နယ်မြေ” ဖြစ်သည်။
ထိုသီချင်းများက အဓိကအားဖြင့် ပေါက်ကွဲသံစဥ်များ ဖြစ်သော်လည်း ၎င်းတို့တွင် ပျော်ရွှင်မှု အရိပ်အမြွက်များ ပါ၀င်နေသည်။
တတိယ ဧရိယာမှာ အစည်းအဝေးခန်းမ ဖြစ်သည်။
ဤနေရာက အစည်းအဝေးများ ပြုလုပ်သော နေရာ ဖြစ်ပြီး အဘွားသုန်က ဥက္ကဌအဖြစ် ဆောင်ရွက်သည်။
ထို့အပြင် အရေးပေါ်တာဝန်များ အတွက်လည်း အသုံးပြုသေးသည်။
အဆိုပါ ဧရိယာ သုံးခုအပြင် ကိုယ်လက် ကြံ့ခိုင်ရေးအခန်း နှင့် အဘွားသုန်၏ ကိုယ်ပိုင် ရုံးခန်းများ ဖြစ်သည့် အခြားသေးငယ်သော ဧရိယာ နှစ်ခုလည်း ရှိသေးသည်။
ထုံးစံအတိုင်း အဘွားသုန်က ရုံးခန်းထဲဝင်ပြီး ပထမဆုံး လုပ်ခဲ့သည်မှာ ရေချိုးခန်းထဲမှ ရေတစ်ခွက်ကို ချက်ချင်းယူရန် ဖြစ်၏။
သူမက သန့်ရှင်းသော အဖြူရောင် အ၀တ်စဖြင့် စားပွဲပေါ်ရှိ အပူဇော်ခံ ကျောက်တုံးကို ဂရုတစိုက် သုတ်လိုက်သည်။
အပြင်လူ တစ်ဦးအတွက် ဤကျောက်တုံးက အထူးအဆန်းမဟုတ်သော်လည်း အထွေထွေညီညွတ်ရေး စီမံခြင်းအဖွဲ့မှ လူများ အတွက်မူ ကြီးစွာသော အဓိပ္ပါယ်ရှိသည်။
အကြောင်းရင်းမှာ ထိုကျောက်တုံးပေါ်တွင် ကျင့်ကြံခြင်း စည်းမျဥ်း၏ ဖြောင့်မတ်သော စကား နှစ်ဆယ့်လေးခွန်းကို ရေးထိုးထားသောကြောင့် ဖြစ်သည်။
ဆိုရလျှင် ထိုကျောက်တုံးမှာ အဘွားသုန် အတွက် ဝမ်လင်းလှည့်စားခဲ့သော ကျောက်တုံးများထဲမှ တစ်တုံး ဖြစ်သည်။
သူမ ကျောက်တုံးကို သုတ်နေစဥ် လက်မောင်းတွင် အနီရောင် လက်ပတ် ဝတ်ဆင်ထားသည့် အဘိုးကြီး တစ်ယောက်က ရုံးခန်းတံခါးကို လာခေါက်သည်။
“သခင်မ သုန်.. မင်း အလုပ်များနေလား”
တံခါးလာခေါက်သည့် သူမှာ ကျန်းမျိုးရိုး အဘိုးအို ဖြစ်ပြီး အဘွားသုန်၏ ညာလက်ရုံးလည်း ဖြစ်သည်။
အနီရောင်လက်ပတ်မှာ အထွေထွေ ညီညွတ်ရေး စီမံခြင်းအဖွဲ့မှ ခေါင်းဆောင်များ၏ သင်္ကေတ ဖြစ်သည်။
အဘွားသုန်က ဘာမှပြန်မပြောဘဲ ကျောက်တုံးကို သုတ်ဖို့သာ အာရုံစိုက်နေသည်။
ငါးမိနစ်လောက် ကြာလျှင် သူမက အဖြူရောင် အဝတ်စကို အဝတ်လျှော်စက်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် စားပွဲပေါ်တွင် ကျောက်တုံးကို တရိုတသေ တင်ကာ အမွှေးတိုင် သုံးချောင်းကို မီးညှိ၍ ပူဇော်လိုက်၏။
ထိုသို့ လုပ်နေချိန်အတွင်း ကျန်းအဘိုးကြီးက ဘာစကားမှ မပြောဘဲ တံခါးရှေ့တွင် မတ်တပ်ရပ်၍ သူမ လုပ်ငန်းဆောင်တာ ပြီးဆုံးသည်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
နောက်ဆုံးတွင် အဘွားသုန်က သူ့ဘက်သို့ ဖြည်းညှင်းစွာ လှည့်လာ၏။
“လာခဲ့လေ.. စကားပြောရအောင်.. တိုးတက်မှု အသစ်တွေ ရှိလို့လား”
အဘွားသုန်က စားပွဲပေါ်မှ ကျောက်တုံးကို မယိမ်းယိုင် စိုက်ကြည့်ရင်း မေးလိုက်သည်။
“မဟုတ်ပါဘူး.. ဒါရိုက်တာ ဆီကနေ မက်ဆေ့တစ်ခုမှ မရသေးလို့ပါ… ဒါရိုက်တာက ငါတို့ကို ပစ်ပယ်လိုက်ပြီလား မသိဘူး”
ကျန်းအဘိုးကြီးက ပြန်ဖြေလိုက်သည်။
“မဖြစ်နိုင်ဘူး.. ဒါရိုက်တာက ငါတို့ကို ယုံကြည်မှုနဲ့ လူထုရဲ့ စည်းစိမ်ချမ်းသာ အတွက် မျှော်လင့်ချက်တွေ ပေးဖို့ ဒီကျောက်တုံးကို ထားခဲ့တာ.. ငါတို့က ကျင့်ကြံခြင်း အခြေခံစည်းမျဥ်းတွေကို လေးလေးစားစား လိုက်နာပြီး ပြည်သူ့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ရမယ်”
ထိုစကားကို ပြောပြီးနောက် အဘွားသုန်က ရုတ်တရက် စိတ်လှုပ်ရှားလာသည်။
သူမ၏ မျက်လုံးများတွင် ဉာဏ်အလင်းရသည့် အမူအရာများ ပေါ်လွင်နေသည်။
“ငါသိပြီ.. ငါတို့တွေ လူထုအကျိုးကို သယ်ပိုးတာ မလုံလောက်သေးလို့ ဒါရိုက်တာက မဆက်သွယ်သေးတာ ဖြစ်ရမယ်”
“ကျနော် သဘောတူတယ်”
ကျန်းအဘိုးကြီးက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
ယင်းအချိန်တွင် အဘွားသုန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ဒါပေမယ့် လက်ရှိ ရန်ပုံငွေ အခြေအနေအရတော့ တခြား ခရိုင်တွေဆီ ငါတို့အဖွဲ့အစည်းကို ဖြန့်ကျက်ဖို့ လုံလောက်မှု မရှိသေးဘူး.. တကယ်တမ်း ပြောရရင် လက်ရှိ ဖေးယန် ခရိုင်မှာတောင် လူအင်အားက အလုံအလောက် မရှိသေးဘူး”
ထိုစကားကြောင့် ကျန်းအဘိုးကြီး သက်ပြင်းချလိုက်သည်။
“အဖွဲ့ဝင်အသစ်တွေက တစ်နေ့လုံး ဖဲနဲ့ မာကျောက်ကိုပဲ ဆော့ကစား နေကြတယ်.. အဲဒါက ကျနော်တို့အဖွဲ့ရဲ့သံမဏိ စည်းမျဥ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာပဲ”
“အဖွဲ့ဝင် အသစ်တွေက စည်းမျဥ်းတွေကို မသိကြဘူး.. သူတို့ကို သင်ပေးရင်တော့ အဆင်ပြေလောက်မှာပါ.. နည်းနည်း ပိုစိတ်ရှည်ဖို့ပဲ လိုမယ်လို့ ငါထင်တယ်.. ဒါနဲ့ ဘဏ္ဍာရေး အစီရင်ခံစာ ထွက်လာပြီလား.. လိုငွေ ဘယ်လောက် ရှိနေလည်း တွက်ကြည့်ရအောင်”
ကျန်းအဘိုးကြီး ခဏမျှ တိတ်ဆိတ်သွားသည်။
“အစီရင်ခံစာက မကြာခင်မှာ ဒီကို ရောက်လာမှာပါ.. ကျနော်တို့ရဲ့ ရန်ပုံငွေနဲ့ ပတ်သက်ပြီး သခင်မသုန် လောလောဆယ် စိတ်ပူစရာ မလိုဘူးလို့ ထင်ပါတယ်.. ဒီနေ့နံနက်မှာ သဒ္ဒါတရား ထက်သန်တဲ့ သူတွေက ကျနော်တို့ရဲ့ စာတိုက်ပုံးထဲမှာ ဘဏ်ကတ်တစ်ခု ထားခဲ့ကြတယ်.. အဲဒါကြောင့် ကျနော်တို့ရဲ့ ကနဦး လုပ်ငန်းတွေ အတွက် လိုငွေက လုံလောက်သွားခဲ့ပြီ”
“ဟမ်”
အဘွားသုန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။
“ဒီဘဏ်ကတ်က ဒါရိုက်တာဆီက ဖြစ်နိုင်လား.. ဘယ်သူ့ဆီကလည်း ဆိုတာ စုံစမ်းပြီးပြီလား”
“ဒါရိုက်တာဆီကတော့ ဖြစ်နိုင်ချေ မရှိဘူး.. လောလောဆယ်တော့ ဇာစ်မြစ်ကို စုံစမ်းနေတုန်းပဲ.. ဒီဘဏ်ကတ်အပြင် စာတစ်စောင်လည်း ရှိသေးတယ်.. စာထဲမှာပါတဲ့ အကြောင်းအရာက ဒီဘဏ်ကတ်ထဲက ငွေတွေကို ကျနော်တို့ရဲ့ အဖွဲ့အစည်းအတွက် ရံပုံငွေအဖြစ် အသုံးပြုဖို့ပဲ”
ထို့နောက် ကျန်းအဘိုးကြီးက တစ်စုံတစ်ခုကို သတိရသွားကာ မျက်လုံးများ ပြူးကျယ်သွားသည်။
“အိုး.. နည်းပညာဌာနက အန်တီလီက စာအိတ်ပေါ်မှာ ရေစာဖျော့ဖျော့ကို ရှာတွေ့တယ်.. အဲဒါက နံပါတ်တွေနဲ့ တူတယ်… တစ်ယောက်ယောက်က ငါတို့ကို ထားသွားတဲ့ သဲလွန်စ တစ်ခုလည်း ဖြစ်နိုင်တယ်”
အဘွားသုန်က မျက်လုံးကို မှိတ်၍ မေးစေ့ကို လက်ဖြင့်သပ်ကာ ခဏမျှစဥ်းစားလိုက်သည်။
“တစ်ယောက်ယောက်က ငါတို့ကို စမ်းသပ်နေတာလည်း ဖြစ်နိုင်တယ်.. ဒီပဟေဠိလေးကိုတောင် ဖြေရှင်းနိုင်စွမ်း မရှိရင် ငါတို့ရဲ့ အထွေထွေညီညွတ်ရေး စီမံခြင်းအဖွဲ့က ဂုဏ်သိက္ခာ ကျဆင်း သွားလိမ့်မယ်.. ဒီစာကို ဘယ်သူ ပို့ခဲ့တာလည်း ဆိုတာ အမြန်ဆုံး ရှာဖွေမှဖြစ်မယ်”
“ဟုတ်တယ် သခင်မသုန်”
ကျန်းအဘိုးကြီးက ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
“အင်း ဒါနဲ့ ရေစာနဲ့ ရေးထားတဲ့ နံပါတ်တွေက ဘာနံပါတ်တွေလဲ”
သခင်မသုန်က မေးလိုက်သည်။
“အဲဒီနံပါတ်က 8823 ဖြစ်ပုံရတယ်”
ကျန်းအဘိုးကြီးက ပြန်ဖြေလိုက်သည်။
အပိုင်း(၄၈) ပြီး၏။
အပိုင်း(၄၉) အနက်ရောင်ဟင်းလျာကမ္ဘာမှ အမေကျွမ့်
ထိုနေ့က အမှတ် ၅၉ အထက်တန်းကျောင်းတွင် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ကျောင်းပုရဝုဏ်ကို မုန်တိုင်းမရှိဘဲ လေထန်လာသည်။
ကျောင်းတက်ပြီး သုံးနှစ်အကြာတွင် အမှတ်ပေါင်း 8823 မှတ်သာ ရခဲ့သော စီနီယာ ဟဲပီဖုန်းမှာ အတန်းထဲသို့ ရောက်ချလာပြီး အတန်းလာတက်ခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကျောင်းသားများက ဆွံ့အသွားပြီး ဆရာဆရာမများက မျက်ရည်ကျခဲ့ကြသည်။
လွန်ခဲ့သော နှစ်ဆယ့်လေးနာရီ အတွင်း ဤဆိုးသွမ်းသူ ဘာဖြစ်သွားသည်ကို မည်သူမျှ မသိခဲ့ကြပေ။
ထျန်ကျင်းဇီကမူ ဤဖြစ်ရပ်က တကယ်ကို ထူးဆန်းပြီး သံသယဖြစ်စရာ ကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။
ယင်းက ဒါရိုက်တာ ရှဲ့ဟွိုက်ချွန်း အချစ်ကို ရှာတွေ့သွားတာထက် ပိုအံ့သြစရာ ကောင်းနေသည် မဟုတ်လော။
ဟဲပီဖုန်း ဘာဖြစ်သွားသည်ကို အတိအကျ မသိသော်လည်း ၎င်း၏ လုပ်ရပ်များ အပေါ် အခြေခံ၍ အမှတ်၆၀ အထက်တန်းကျောင်းမှ ကတုံးဆံတောက်ကေနှင့် ခပ်ချောချောလူငယ်ကို ထိပ်တိုက်တွေ့ရာတွင် ဟဲပီဖုန်း တစ်ယောက် လုံး၀ အောင်မြင်မှု မရခဲ့ကြောင်း ထျန်ကျင်းဇီ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။
သို့မဟုတ်လျှင် ဟဲပီဖုန်းက သူ့ကိုယ်သူ နှိမ့်ချပြီး စာသင်ဖို့အတန်း လာတက်မည် မဟုတ်ပေ။
ဟဲပီဖုန်း၏ အဖြစ်အပျက်ကနေ တဆင့် ထျန်ကျင်းဇီက ဤကိစ္စကို အဆုံးစွန်ထိ သိမြင်လာခဲ့သည်။
အမှတ် ၅၉ အထက်တန်းကျောင်းသည် အမှတ် ၆၀ အထက်တန်းကျောင်းမှ ဤလူအုပ်စု၏ ဖိနှိပ်ခြင်းကို ခံနေရသည်။
၎င်းတို့က အမှန်တကယ်ပင် အဆိပ်ပြင်းသော အုပ်စု ဖြစ်နေသည်။
ထိုအုပ်စု အမှတ်၅၉ အထက်တန်းကျောင်းကို စရောက်ကတည်းက ကျောင်းအဆောက်အဦးတွေကို ပျက်ဆီးစေခဲ့သည်။
ထိုမျှမကသေးဘဲ ဒါရိုက်တာ ရှဲ့ဟွိုက်ချွန်း နဲ့ နံပါတ်တစ် ဆိုးသွမ်းသူ ဟဲပီဖုန်း တို့ပင် သူတို့လက်ထဲ၌ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်ခဲ့ရသည်။
ထိုနှစ်ယောက်စလုံးမှာ ထျန်ကျင်းဇီ၏ နှလုံးသားထဲမှ နတ်ဘုရားများ ဖြစ်၏။
ထို့ကြောင့် အမှတ်၆၀ အထက်တန်းကျောင်း၏ ကိုယ်စားလှယ် အဖွဲ့က ရန်စ၍ မရနိုင်သော လူတစ်စု ဖြစ်သည် ဟူသော အချက်ကို ထျန်ကျင်းဇီ တစ်ယောက် လုံးဝ လက်ခံသွားခဲ့သည်။
သူက ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌတစ်ဦး မျှသာ ဖြစ်သည်။
ဤလူတွေကို စော်ကားဖို့ အတွက်ဖြင့် သူ့အသက်ကို မလိုအပ်ဘဲ စွန့်စားတော့မည် မဟုတ်ချေ။
…………..
မနက်ဖြန်က နောက်ဆုံးနေ့ ဖြစ်ပြီး အမှတ်၅၈ အထက်တန်းကျောင်းနှင့် အမှတ် ၆၀ အထက်တန်းကျောင်းတို့ အကြား ဝိညာဥ်ဓား ဖလှယ်ပွဲနေ့လည်း ဖြစ်သည်။
အတွင်းရေးမှူး စွန်းတာခန်းမှာ ဤအရေးကြီးသော ကျောင်းအချင်းချင်း တွေ့ဆုံပွဲသို့ တက်ရောက်သွားမည် ဖြစ်၏။
ဝိညာဥ်ဓား ဖလှယ်ပွဲ စတင်တော့မည်ကို သတိပြုမိလိုက်သည်နှင့် အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ရင်တထိတ်ထိတ် ဖြစ်နေကြသည်။
တကယ်တမ်းတွင် သူတို့အတွက် စိတ်ပူစရာ မလိုအပ်ပေ။
အဆုံးသတ်တွင် ကျောင်းနှစ်ကျောင်း၏ ဂုဏ်သတင်းနှင့် အဆင့်တွေက အတူတူ နီးပါးပင်။
ထို့ကြောင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်နိုင်မှု ပေါ်တွင်သာ မူတည်တော့သည်။
သို့သော် ယင်းက နေရာဒေသ နှင့် အတော်လေး သက်ဆိုင်သည့် အတွက် ပြောဖို့တော့ ခက်ခဲ၏။
အများအားဖြင့် သူတို့ လေ့ကျင့်သည့်အခါ ပတ်ဝန်းကျင်တွင်လူသူ သိပ်မရှိချေ။
သို့သော် မနက်ဖြန်တွင် သူတို့က အမှတ်၆၀ အထက်တန်းကျောင်း၏ ကိုယ်စားလှယ်များ အဖြစ် ထောင်ပေါင်း များစွာသော အကြည့်များအောက်တွင် ၎င်းတို့၏ ဝိညာဉ်ဓား ပျံသန်းနိုင်မှု စွမ်းရည်ကို ပြသကြရမည်ဖြစ်သည်။
အမှားအယွင်းလေး တစ်ခုကပင် ၎င်းတို့၏ စိတ်ကူးအိပ်မက် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည် မဟုတ်လော။
သို့သော် ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံမှုက သူတို့အတွက် ကြောက်စရာ အကောင်းဆုံး အရာတော့ မဟုတ်ချေ။
သူတို့ အကြောက်ဆုံးအရာမှာ နေ့ခင်းပိုင်းတွင် ဆရာဝမ် ကြေငြာခဲ့သည့် ဆိုးရွားသော သတင်းကြောင့် ဖြစ်၏။
“အမေကျွမ့် လာနေပြီ”
ဤသတင်းက ဝိညာဉ်ဓား ဖလှယ်ခြင်း ထက်ပင် ပို၍ ကြောက်စရာ ကောင်းသည်။
အမှန်တော့ အမေကျွမ့်မှာ အမှတ် ၆၀ အထက်တန်း ကျောင်း၏ အကြီးအကဲ တစ်ဦး ဖြစ်ပြီး ကျောင်းစားသောက်ဆိုင်တွင် နှစ်ရာပေါင်းများစွာ လုံ့လစိုက်ထုတ်၍ လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။
အမှတ်၆၀ အထက်တန်းကျောင်းမှ ပထမမျိုးဆက် ဆရာ ဆရာမများ အားလုံးပင် သူမ၏ လက်ရာ ဟင်းပွဲများကို စားသုံးခဲ့ကြသည်။
သူမတွင် လူအများကို အထင်ကြီးသွားစေသည့် အမူအကျင့်တစ်ခု ရှိသည်။
အထူးသဖြင့် အသားများကို ခပ်ထည့်ပေးရာတွင် သူမ၏ လက်က ဘယ်သောအခါမှ တွန့်ဆုတ်မနေခဲ့ပေ။
ကျောင်းသားတွေကို ဝဝလင်လင် စားစေချင်သည့် စေတနာ ဖြင့် အသားတွေကို ပိုပိုသာသာ ခပ်ထည့်ပေးခြင်း ဖြစ်၏။
ကျောင်းသားများ၏ ပန်းကန်မှ ပိုလျှံသော အစားအစာများမှာ အမှိုက်ပုံးထဲသို့ ရောက်မည်မှန်း သိသော်လည်း မည်သည့်အခါမှ မတွန့်တိုခဲ့ပေ။
ထို့ကြောင့် ယခုအချိန် အထိ လူအများက သူမ၏ ရိုးရာချက်ပြုတ်နည်းများကို မှတ်မိနေသေးသည်။
အမှတ်၆၀ အထက်တန်းကျောင်းသို့ အလည် ရောက်လာသော ကျောင်းသားဟောင်း အများအပြားသည် သူမ၏ လက်ရာကို လွမ်းဆွတ်တမ်းတ၍ မြည်းစမ်းကြည့်ရန် တောင်းဆိုကြလေ့ ရှိသည်။
ထိုအချိန်က သူမ ချက်ပြုတ်သည့် ဟင်းပွဲတိုင်းမှာ ဂန္ထဝင်ဆန်လွန်း နေခဲ့သည်။
သို့သော် ယင်းအခြေအနေမှာ ထိုအချိန်က ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်တွင် အမေကျွမ့်က ကျောင်းအုပ်ကြီးချန်းကို သူမ၏ စားဖိုဆောင်တွင် ကူရန် အလုပ်သင် နှစ်ယောက် တောင်းဆိုခဲ့သည်။
သူမကမူ စားဖိုဆောင်ကို တပည့်နှစ်ယောက်နှင့် လွှဲထားပြီး အားလပ်သော အချိန်များတွင် အစားအစာ အသစ်များကို သုတေသနပြုရန် ဆုံးဖြတ်ခဲ့သည်။
ပထမတွင် ကျောင်းအုပ်ကြီးချန်းက အမေကျွမ့်၏ တောင်းဆိုမှုကို ကောင်းမွန်သည့် တောင်းဆိုမှုဟု ထင်ခဲ့သည်။
သို့သော် အမေကျွမ့်က အနက်ရောင် ဟင်းလျာတွေကို ဖန်တီးလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။
သူမက စရိုက် ကြမ်းတမ်းသူ တစ်ဦး ဖြစ်ရာ ထိုကဲ့သို့ ကြမ်းတမ်းသော စရိုက်က အစားအစာ အသစ်ကို သုတေသနပြုရာတွင် ထင်ဟပ်စေရုံတင်မက အခြားသော ကဏ္ဍများတွင်ပါ သက်ရောက်မှု ရှိစေသည်။
ကျိုးရီ(ဝါ)တောက်တိုမယ်ရကျိုး ဘွဲ့ရပြီးချိန်တွင်မူ ကျောင်းသားတွေက အမေကျွမ့်၏ခေတ် ကုန်ပြီဟု သတ်မှတ်ခဲ့ကြသည်။
အမေကျွမ့်၏ တပည့် နှစ်ယောက်မှာ ချက်ပြုတ်မှု စံနှုန်းများနှင့် ပတ်သက်လျှင် ရိုးရိုးရှင်းရှင်း သာမာန်သာ ဖြစ်ပြီး အမေကျွမ့် အထွတ်အထိပ်သို့ ရောက်ချိန်က အရည်အချင်း၏ ဆယ်ပုံတစ်ပုံပင် မရှိခဲ့ပေ။
ဤသည်မှာ အမှတ်၆၀ အထက်တန်းကျောင်း၏ လူသိများသော အစားအသောက်သမား အနေဖြင့် ဆရာဝမ်က ဟင်းပွဲများကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းကြည့်ပြီးနောက် အမေကျွမ့်နှင့် အလုပ်သင် နှစ်ယောက်၏ ကွာခြားချက်ကို မှတ်ချက်ချခဲ့ခြင်း ဖြစ်၏။
ဤအလုပ်သင်နှစ်ယောက် ချက်ပြုတ်ထားသည့် အစားအစာများက သိပ်မဆိုးသော်လည်း အမှတ်၆၀ အထက်တန်းကျောင်း တစ်ကျောင်းလုံး အကြောက်ဆုံး အရာမှာ သောကြာနေ့ မွန်းလွဲတိုင်းတွင် စားသောက်ရသည့် အမေကျွမ့်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်။
အမေကျွမ့်၏ အကြီးမားဆုံး ပျော်ရွှင်မှုမှာ သူမ တီထွင်ခဲ့သော အနက်ရောင် ဟင်းလျာကို သောကြာနေ့ မွန်းလွဲတိုင်းတွင် ဆရာများနှင့် ကျောင်းသားများကို ပျော်ရွှင်စွာ ဝေငှရသော အလုပ်ပင် ဖြစ်သည်။
ဆရာများနဲ့ ကျောင်းသားများ အတွက် ဤကိစ္စက သည်းမခံနိုင်သည့် ဝေဒနာတစ်ခု ဖြစ်၏။
အမှတ်၆၀ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးငါးဦး ရှိနေပြီ ဖြစ်သော်လည်း အမေကျွမ့်မှာ ကျောင်းအစကတည်းက ရှိခဲ့သည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ စားသောက်ဆိုင်ကို နှစ်ပေါင်း ရာနှင့်ချီ အုပ်စိုးခဲ့သောကြောင့် သူမကို ကျောင်း၏ တကယ့် အကြီးအကဲ တစ်ဦး အဖြစ် သတ်မှတ်နိုင်ပေသည်။
ကျောင်းအုပ်ကြီး ချန်းနှင့် ဒါရိုက်တာရှီး တို့ပင် သူမကိုတွေ့လျှင် အလွန်လေးစားကြပြီး သူမကို မည်သည့် စောဒက မှ မတက်ဝံ့ကြပေ။
ဟုတ်ပါသည်.. ကျောင်းအုပ်ဆရာကြီး ချန်း ကလည်း သူမထံမှ အနက်ရောင်ဟင်းလျာကို လက်ခံရရှိလေ့ ရှိသည်။
တစ်ခါကဆိုလျှင် ကျောင်းအုပ်ကြီးချန်းမှာ သူမ၏ ပြုံးနေသော အကြည့်အောက်တွင် ငရုတ်သီးကြော် လမုန့်ကို အားတင်း၍ စားခဲ့ရဖူးသည်။
အဆုံးသတ်တွင် ဤကဲ့သို့ နေ့လည်စာ ပြင်ဆင်မှုမျိုးက အတွေးများစွာ ဖြစ်ပေါ်စေခဲ့သည်။
အစားအသောက်က အနက်ရောင်ဟင်းလျာ ဆန်သော်လည်း သူမ၏ စေတနာတွေကို ငြင်းဆန်ရန် ခက်ခဲနေသည်။
ထို့ကြောင့် အမှတ် ၆၀ အထက်တန်းကျောင်းမှ ဆရာများနှင့် ကျောင်းသားများ အားလုံးမှာ စိတ်နှလုံး ညှိုးငယ်နေကြသော်လည်း တိတ်တဆိတ် သည်းခံနေကြရသည်။
အမေကျွမ့်က မကြာမီ အနက်ရောင်ဟင်းလျာ မဆန်သော ဟင်းလျာ အသစ်စက်စက်ကို သုတေသန ပြုနိုင်ပါစေဟုသာ သူတို့ ကျိတ်၍ ဆုတောင်းနေကြ၏။
…………….
ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံမှုမှာ သောကြာနေ့တွင် ကျရောက်မည် ဖြစ်သည။
ကြာသပတေးနေ့တွင် အမေကျွမ့်က သူမ၏ ချစ်ခြင်းမေတ္တာ ဘန်တို(bento)အတွက် စာရင်းကို အမြဲ ကြိုတင် ပြင်ဆင်လေ့ရှိသည်။
(bento=ထမင်း၊ ဟင်းသီးဟင်းရွက်နှင့် ဆာရှိမိ ကဲ့သို့ ပစ္စည်းများ ပါ၀င်သည့် ဂျပန်စတိုင် နေ့လည်စာ)
သို့သော် သူမ စာရင်းကို စစ်ကြည့်သော အခါတွင် သောကြာနေ့က ခါတိုင်းထက် လူခြောက်ယောက် လျော့နည်းနေကြောင်း သူမ သိလိုက်ရသည်။
ရုတ်တရက် သူမက အမှတ်၅၉ အထက်တန်းကျောင်းတွင် ကျင်းပသည့် ကျောင်းအချင်းချင်း နှီးနှော ဖလှယ်ပွဲကို သတိရမိသွားပြီး သူမ ခေါင်းကို ခပ်ဖွဖွ ပြန်ရိုက်လိုက်သည်။
ထို့နောက် ချက်ချင်းပင် အထူး ဘန်တိုခြောက်ခုကို လျင်မြန်စွာ ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို ကျွေးမွေးရန် သူမ၏ လူးဝစ်ဗစ်တွန် (Louis Vuitton) တံဆိပ် ဓားပျံကို အသုံးပြုကာ ပျံသန်းခဲ့သည်။
လုံးဝ တိတ်ဆိတ်နေသော ကျောင်းအိပ်ဆောင်တွင် ဝမ်လင်း၊စွန်းရုံ၊ ချန်းချောင်၊ ကော်ဟောက်၊ လင်းရှောင်ယု၊ ဆရာဝမ်တို့အားလုံး တန်းစီ၍ ထိုင်နေကြသည်။
သူတို့အားလုံး၏ ရှေ့တွင် အမေကျွမ့် ကိုယ်တိုင် သေသေချာချာ ပြင်ဆင်ပေးထားသည့် ချစ်ခြင်းမေတ္တာ ဘန်တို တစ်ခုစီ ရှိနေသည်။
ပန်းရောင် ဘန်တို ဘူးလေးမှာ သူမ၏ နုပျိုဆဲ ဖြစ်သော နှလုံးသားကို ကိုယ်စားပြုနေသည့်အလား…
စနှိုးဝှိုက် စားဖိုမှူးရဲ့ ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အဝါဖျော့ဖျော့ စားဖိုမှူး ဦးထုပ်အောက်တွင် တွန့်လိမ်သောဆံပင်များကို ဘောလုံးလေး တစ်လုံးလို စည်းနှောင်ထားသည့် သက်လတ်ပိုင်း အရွယ် အမျိုးသမီးမှာ အမေကျွမ့် ဖြစ်သည်။
လတ်တလောတွင် သူမက ခါးထောက်၍ ဝမ်လင်းတို့ကို နေ့လည်စာ စားရန် တိုက်တွန်းနေသည်။
“ကလေးတို့ ထမင်းပူနေသေးတုန်း မြန်မြန်စားကြ.. ဒီဘန်တို ခြောက်လုံးက မင်းတို့အတွက် ကြိုပြီး ပို့ပေးဖို့ ငါ အထူးလုပ်ထားတာ.. ဒါက ခန္ဓာကိုယ် ကျန်းမာရေးကို မြှင့်တင်ဖို့ အတွက် အာဟာရ အမျိုးမျိုးနဲ့ ပြည့်စုံတယ်.. ဒါကို စားလိုက်တာနဲ့ လူတိုင်းက မနက်ဖြန် ပြုလုပ်မဲ့ ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံမှုမှာ ပိုပြီး ကောင်းကောင်းမွန်မွန် လုပ်ပြနိုင်တော့မှာ”
“…………….”
ဝမ်လင်း ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
သူ၏ အနံ့ခံအာရုံက သာမန်လူများထက် များစွာ သာလွန်၏။
ဤချစ်ခြင်းမေတ္တာ ဘန်တိုတွင် ပါဝင်သည့် အရာများက ထျန်ကျင်းဇီ တိုက်သော ဟင်းသီးဟင်းရွက် ဖျော်ရည်ထက် ပိုဆိုးသည့်အပြင် ထူးဆန်းသော အနံ့အသက်ကိုပါ သူရရှိနေသည်။
အမေကျွမ့်က ထိုကဲ့သို့ အနက်ရောင်ဟင်းလျာကို ပွဲမတိုင်ခင် သူတို့ကို တကူးတက လာကျွေးနေ၏။
အမေကျွမ့်၏ အကြောင်းကိုသာ သိမထားလျှင် အမှတ်၅၉ ကျောင်းမှ လွှတ်လိုက်သည့် သူလျှိုဟု ထင်မိမည်မှာ သေချာသည်။
သူတို့သာ ဒါကို စားလိုက်ရင် မနက်ဖြန်ပွဲတွင် သူတို့အားလုံး ပွဲပြီးသွားနိုင်ပေသည်။
“အားလုံး စားကြ.. အမေကျွမ့်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို အလဟဿ မဖြစ်စေကြနဲ့”
အဆုံးသတ်တွင် ဆရာဝမ်က ပြောလိုက်သည်။
ဤကဲ့သို့ အခြေအနေမျိုးမှာပင် ဆရာဝမ်က ကြေကွဲမနေဘဲ တည်တည်ငြိမ်ငြိမ် ရှိနေသည်။
တကယ်တမ်းတွင် အမေကျွမ့်က သူ့ရှေ့မှာရှိနေ၍ သူ့ကိုယ်သူ အားတင်းထားခြင်း ဖြစ်၏။
ဆရာဝမ်က နေ့လည်စာဘူးကို ပထမဆုံးဖွင့်သည့်သူ ဖြစ်သည်။
လူတိုင်းက စိုးရိမ် ထိတ်လန့်နေကြသည်။
ယနေ့ ထမင်းက အနက်ရောင်ဟင်းလျာလို ဖြစ်မနေဘဲ ပုံမှန်ပုံစံ ပေါက်နေသည်။
“ဒါက အာလူးချောင်း ကြော်လား”
ဆရာဝမ်က အာလူးချောင်းကို ကောက်ကိုင်ပြီး ကြည်လင်သောအသံဖြင့် မေးလိုက်သည်။
အမေကျွမ့်က ခေါင်းယမ်းပြီး ပြန်ဖြေလိုက်သည်။
“ဒါက သာမန် အာလူးချောင်းကြော် မဟုတ်ဘူး.. ဒါက ကောင်းကင်ပိုးကောင် အာလူးချောင်းကြော်ပဲ”
ယင်းအချိန်တွင် စွန်းရုံက အာလူးချောင်းကြော် ဘေးရှိ ခရမ်းချဉ်သီး အချပ်များကို ညွှန်ပြလိုက်သည်။
“ဒါဆို ဒီဟင်းက ဘာလဲ”
“အော် ဒီဟင်းလား”
အမေကျွမ့်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ဖြေလိုက်သည်။
“ဒီဟင်းကို သွေးစွန်းနေတဲ့ ခရမ်းချဉ်သီးလို့ ခေါ်တယ်”
လူတိုင်း”……….…”
အပိုင်း(၄၉) ပြီး၏
အပိုင်း(၅၀) လူငယ်တိုင်း၏ ဇာတ်ဝင်သီချင်း
အမှတ် ၆၀ အထက်တန်းကျောင်းတွင် ဂီတအတန်းများသည် ဆရာဝမ်၏ သမိုင်းသီအိုရီ အတန်းများ ကဲ့သို့ ရှားပါးသောအတန်း ဖြစ်သည်။
ဂီတပညာ သင်ပေးသည့် တင်းယွီကို ဆရာတင်းဟု ခေါ်ဆိုကြသည်။
သူက ဂီတလောကတွင် အရည်အချင်း ရှိသော ကျောင်းသား အများအပြားကို ပြုစု ပျိုးထောင်ပေးခဲ့သူ ဖြစ်ပြီး ဂီတနယ်ပယ်တွင်လည်း သီချင်းများစွာကို ရေးစပ်ခဲ့သူ ဖြစ်သည်။
သို့သော် သူ၏ ကျော်ကြားသော “အယုတ်တမာ အင်မော်တယ်၏ အလင်္ကာ” မှလွဲ၍ သူ့တွင် အခြားအံ့ဖွယ်လက်ရာများ ထပ်မံ မရှိတော့ဟု ထင်ရသည်။
ဆရာတင်းယွီက ကျောင်းများစွာတွင် အချိန်ပိုင်း အလုပ်လုပ်ပြီး ဂီတစွမ်းရည်နှင့် အလားအလာ ရှိသော ကလေးများကို ဖော်ထုတ်ဖို့ သူ့အတွက် ခွဲတမ်းချထားသည့် သနားစရာကောင်းသော အတန်း အရေအတွက်ကို အသုံးပြုခဲ့ရသည်။
သူက အလွန် စိတ်ညစ်သော်လည်း ကျယ်လောင်စွာ မညီးညူနိုင်ခဲ့ပေ။
တစ်ချိန်က စွယ်စုံရှိုး တစ်ခုတွင် ဆရာတင်းကို ဂုဏ်ပြုဧည့်သည် အဖြစ် ဖိတ်ကြားခဲ့သည်။
သို့သော် စွယ်စုံရှိုးတွင် ပါဝင်သော လူအုပ်ကြီးက သူ့ကိုဝိုင်းဝန်း မေးခွန်းထုတ်ကာ အလှည့်ကျ ကျီစားခဲ့ကြသည်။
ဆရာတင်းယွီမှာ တစ်ချိန်က ပေါ့ပ်ဂီတ၏ ဦးဆောင်သူ ဖြစ်ခဲ့ဖူးပြီး ဂီတလုပ်ငန်းခွင်၏ ရှုပ်ထွေးနက်နဲသော အကြောင်းအရာများကို သိရှိသူဟု တချို့က ပြောကြသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူက ထိုအဆင့်၏ အစိတ်အပိုင်းတစ်ခု အဖြစ် ရှိနေဆဲ ဖြစ်သော်လည်း အမြီးစွန်းတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ပေါ့ပ်ဂီတနှင့် ပတ်သက်လျှင် ဆရာတင်းကို ချန်ထားခဲ့၍ မဖြစ်သောကြောင့် ဟွာရှို့နိုင်ငံရှိ ဖျော်ဖြေရေး လောကမှာ ရှေ့ကို ရောက်ချင်လျှင်ပင် မဖြစ်နိုင်တော့ဟု ပြောကြသည်။
ယင်းက လှောင်ပြောင် သရော်သော စကားများသာ ဖြစ်မည်ဟု ယူဆရသည်။
ဂီတသမားများမှာ ဖျော်ဖြေရေးသမားဟု ယူဆရသောကြောင့် ဤစကားများမှာ ဟာသတစ်ခုမျှသာ ဖြစ်ကြောင်း ဆရာတင်းက သိသော်လည်း ထိုစကားကို ကြားပြီးနောက်တွင် သူ့ရင်ထဲ၌ ဝမ်းနည်းနေခဲ့သည်။
သို့သော် ဤ ရုန့်ရင်းသော ဟာသ ပြက်လုံးသည် သူ့ကိုယ်ပိုင် ဂီတလမ်းစဥ်ကို ပြန်လည် ဆန်းစစ်စေသည့် တွန်းအားတစ်ခု ဖြစ်လာခဲ့၏။
“ငါတကယ် အသက်ကြီးသွားပြီလား”
ဆရာတင်းက သူ့အသက်ကြီးလာသည်ကို လက်ခံဖို့ ငြင်းဆိုခဲ့ပြီး အခုခေတ် ကလေးတွေလို ငယ်ရွယ်နုပျိုသည့် စိတ်ဓာတ်တွေ ကိန်းအောင်းနေဆဲဟု ခံစားနေရဆဲ ဖြစ်သည်။
သို့ရာတွင် ကျောင်းအုပ်ကြီး ချန်းက သူ့ကိုတွေ့တိုင်း ဘိုးဘိုးတင်းဟု တလေးတစား ခေါ်ဝေါ်လေ့ ရှိသည်။
ယင်းက သူ့နှလုံးသားကို တကယ်ပင် နာကျင်စေသည်။
ထို့ကြောင့် အချိန်အများစုတွင် တေးဂီတ ဆိုင်ရာ ဖန်တီးမှုများကို ပြုလုပ်ခဲ့၏။
ယင်းနောက် ကိုယ်ပိုင်သံစဉ်ဖြင့် ရေပန်းစားလာသော သူ့သီချင်း တစ်ပုဒ် ဖြစ်သည့် “အယုတ်တမာ အင်မော်တယ်၏ အလင်္ကာ”အတွက် R&B နှင့် ရိုးရာတေးသွားကို ပေါင်းစပ်လိုက်၏။
(R & B music= စိတ်အားထက်သန်သော သံစဥ်နှင့် စိတ်ကူးယဥ်ဖန်တီးမှု များစွာ ပါဝင်သည့် ပေါ့ဂီတအမျိုးအစား တစ်ခု)
သီချင်း၏ အစောပိုင်း အဆင့်များတွင် တန်ပို (tempo) ကို တိုးမြှင့်လိုက်ရာ သံပြိုင် သီဆိုကြသည့် အသံက လူအများကို ရွှင်လန်းစေမည် ဖြစ်၏။
နှစ်များစွာ အတွင်း သူရေးစပ်ခဲ့သော သီချင်းများထဲတွင် လူသိအများဆုံး သီချင်းမှာ “အယုတ်တမာ အင်မော်တယ်၏ အလင်္ကာ” သီချင်းပင် ဖြစ်သည်။
ထို့အပြင် ဝမ်လင်း အလွန်နှစ်သက်သော အခြား သီချင်း အနည်းငယ်လည်း ရှိသေးသည်။
ဥပမာအားဖြင့် “အင်မော်တယ်နတ်ဆိုး” “ရှေးကာလ၏ အစာရေစာ ခေါင်းပါးခြင်း ကပ်ဘေး” စသော သီချင်းများ ဖြစ်သည်။
ဆရာတင်းယွီမှာ ဂီတနယ်ပယ်တွင် ဝမ်လင်း လွန်စွာ သဘောကျခဲ့သည့် အရည်အချင်းရှိ ဆရာတစ်ယောက် ဖြစ်သည်။
တေးရေးဆရာတစ်ဦး အနေဖြင့် ဆရာတင်းသည် နှစ်ပေါင်းများစွာ လေ့လာသင်ယူခဲ့သော ဂီတပညာကို အသုံးပြု၍ သူ၏ စိတ်ကူးများကို အစွမ်းကုန် ထုတ်ပြရန် ကြိုးစားခဲ့သည်။
ယင်းက ဂီတ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ပုံဖော်ရာတွင် မရှိမဖြစ် လိုအပ်သည်။
သူနှစ်သက်သည့် ဂီတအမျိုးအစားကို မည်သည့်အခါမှ မစွန့်ပစ်ဟု ဆရာတင်းက သံဓိဌာန် ချထားသည်။
သူ၏ ကောင်းမွန်သော လက်ရာများကို အမာခံ ပရိသတ်များ အမြဲ အမှတ်ရစေရန် ကြိုးစားခဲ့၏။
သို့သော် ဂီတသမား တစ်ယောက် ဖြစ်ဖို့က သွေးနဲ့ချွေးတွေ အများကြီး ပေးဆပ်ဖို့ လိုအပ်သည်။
ဂီတလမ်းစဥ်က ပေါင်းစည်းနိုင်သော ဂျစ်ဆော မဟုတ်သလို ကြက်တူရွေးကဲ့သို့ အတုခိုးခြင်းကိုလည်း အားကိုး၍ မရချေ။
(Jigsaw=ကတ်ထူပြား သို့မဟုတ် သစ်သားပြား ပေါ်တွင် ရိုက်နှိပ်ထားသော ရုပ်ပုံတစ်ပုံ ပါ၀င်ပြီး ပုံသဏ္ဍာန် တစ်မျိုးမျိုးကို အပိုင်းအစများ အဖြစ် ဖြတ်တောက်ထားသည်အား ပေါင်းစပ် တပ်ဆင်ရသော ပဟေဠိတစ်မျိုး)
ဤသည်မှာ သူ၏ ဂီတ အတွေးအခေါ်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူက ဂီတနယ်ပယ်ရှိ ခိုးကူးဖြစ်စဉ်ကို လုံးဝ စက်ဆုပ်ခဲ့သည်။
ကိုယ်ပိုင်သံစဥ်ကို ရေးစပ်သူ အနေဖြင့် သူက အသက်မကြီးသေးသလို စွန့်စားရမည့် တာဝန်တွေ အများကြီး ရှိသေးသည်ဟု ဆရာတင်းက ခံစားရသည်။
……………..
သောကြာနေ့ နောက်ဆုံးအတန်းမှာ ဆရာတင်း၏ ဂီတသင်ခန်းစာ အတန်း ဖြစ်သည်။
စာသင်ခန်းထဲသို့ ဆရာတင်း ဖြည်းညှင်းစွာ လျှောက်လာသောအခါတွင် လုံးဝ တိတ်ဆိတ် ငြိမ်သက်နေပြီး မည်သူမှ စကားမပြောရဲကြပေ။
(Grade 1) လက်ရွေးစင် ကျောင်းသားများက ဤတေးရေးဆရာကို အလွန်ပင် လေးစားကြသည်။
ယနေ့တွင် ဆရာတင်းက ခါတိုင်းနှင့် မတူဘဲ အတော်လေး ပျော်ရွှင်နေပုံရသည်။
“ဆရာတင်းကို ကြည့်ရတာ စိတ်ကူးသစ်တွေ ရနေတဲ့ပုံပဲ”
စွန်းရုံက ပြုံးပြီး မေးလိုက်သည်။
“ဟုတ်တယ်”
ဆရာတင်းက မငြင်းခဲ့ချေ။
“မကြာခင်မှာ သီချင်း အသစ်တစ်ပုဒ် ထွက်လာတော့မယ်…အားလုံး ပျော်ကြလိမ့်မယ်လို့ ဆရာ မျှော်လင့်ပါတယ်”
ထိုစကားကို ကြားလျှင် တစ်တန်းလုံး ဆူညံပွက်လော ရိုက်သွားသည်။
“အိုး.. ဆရာတင်းက သီချင်းအသစ်တစ်ပုဒ် ထွက်ရှိတော့မှာပေါ့”
“ဒီတစ်ခေါက် သီချင်းက ဘယ်လို ဂီတ အမျိုးအစားလဲ ဆရာ”
“ဆရာတင်းက သီချင်းဖန်တီးဖို့ ဘယ်ကနေ တွန်းအားရလာတာလဲ”
ဆရာတင်း အနေဖြင့် သီချင်း အသစ်မထွက်တာ အတော်ကြာနေပြီ ဖြစ်သည်။
အများအားဖြင့် အသက်ကြီးလာလျှင် အာရုံကြောများ ထုံထိုင်းလာသဖြင့် သီချင်းအသစ် ဖန်တီးဖို့မှာ အရင်လို မလွယ်ကူတော့ချေ။
ထို့အပြင် ဆရာတင်း၏ ဂီတအဘိဓာန်တွင် ပြီးစလွယ် သီကုံးမှုမျိုး မရှိခဲ့ပေ။
သူဖန်တီးသော မည်သည့်သီချင်းကို မဆို စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားလေ့ ရှိသည်။
ယင်းက မျိုးဆက်ဟောင်း အနုပညာရှင်တွေ၏ ကျင့်ဝတ်သိက္ခာဟုလည်း ဆိုနိုင်သည်။
ကျောင်းသားများ၏ မေးခွန်းကို ကြားလျှင် ဆရာတင်းက ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။
“ဆရာ့ရဲ့သီချင်းက ထုံးစံအတိုင်း ပေါ့ပ်သီချင်းပေါ့ကွာ.. အဲဒီသီချင်း အတွက် လှုံ့ဆော်မှုက မင်းတို့ အားလုံးဆီက လာတာပဲ.. မင်းတို့က ငါ့ကို လှုံ့ဆော်ပေးခဲ့တဲ့ အဓိက သူတွေပဲ”
“ဆရာတင်း.. သီချင်းကို လျှိုမထားပါနဲ့.. ကျနော်တို့ အတွက် အဲဒီသီချင်းကို ဆိုပြလို့ ရမလား”
“မင်းတို့ နားထောင်ချင်ရင်တော့ သီချင်းဆိုပြရတာ ပြဿနာ မရှိပါဘူး.. ဒါပေမယ့် ငါ့မှာ တောင်းဆိုချက်လေး နှစ်ခု ရှိတယ်..”
ဆရာတင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“မင်းတို့အားလုံး ပြီးခဲ့တဲ့ ရက်ပိုင်းက ငါပေးခဲ့တဲ့ ဂစ်တာအိမ်စာတွေကို အလေးအနက် ထားပြီး လေ့ကျင့်နေကြလားတော့ ငါမသိဘူး.. ဘာပဲဖြစ်ဖြစ် မင်းတို့ထဲက တစ်ယောက်ယောက်ကတော့ စေတနာ့ဝန်ထမ်း အနေနဲ့ ဂစ်တာ တီးခတ်တဲ့ အပိုင်းကို လာလုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်.. ဒါ့အပြင် ဒီသီချင်းက စုံတွဲ သီဆိုရတာကြောင့် ဆရာနဲ့အတူ ကျောင်းသူ အမျိုးသမီး တစ်ဦးလည်း ပါဝင် သီဆိုနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဆရာတင်း စကားမဆုံးခင် ကော်ဟောက်က သူ့ပေါင်ကို သူပြန်ရိုက်၍ အော်ဟစ်လိုက်သည်။
“ဘုရားရေ.. ဆရာတင်းက ဖီးနစ်ဂန္တဝင်ထဲက နည်းလမ်းကို အသုံးချလိုက်တာပဲဟ”
ဝမ်လင်း၊စွန်းရုံ၊ချန်းချောင်၊လင်းရှောင်ယု “…………..”
“ကျောင်းသားကော်.. မင်းရဲ့ အပြုအမူကို ဆင်ခြင်ပါ”
စာသင်ခန်းထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် စွန်းရုံက ရှေ့ကို အရင် ထွက်လာသည်။
“ဆရာတင်း.. သမီး သီချင်းဆိုပေးမယ်.. ဒါပေမယ့် သမီးက ဂစ်တာတီးတာတော့ သိပ်မကောင်းဘူး”
“ကောင်းပါပြီ.. ပူးပေါင်း ဆောင်ရွက်မှု အတွက် ကျောင်းသူစွန်းရုံကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်.. ဂစ်တာတီးတဲ့ အပိုင်း အတွက်က ယောက်ျားလေး တစ်ယောက်ယောက်ကို တီးခိုင်းလို့ ရပါတယ်.. ဆရာ့သီချင်းက စုံတွဲသီချင်း ဆိုတော့ စုံတွဲ သီဆိုရင် သိပ်မပင်ပန်းပါဘူး”
ဆရာတင်းက ကျောင်းသားစာရင်းကို တစ်ချက် ကြည့်လိုက်ပြီး စာရင်းထဲမှ နာမည်တစ်ခုကို ရွေးချယ်လိုက်သည်။
“ဝမ်လင်း… ကျောင်းသားဝမ်လင်းက ဘယ်သူလဲ.. ကျေးဇူးပြုပြီး စင်ပေါ်တက်လာခဲ့ပါ”
ဝမ်လင်း “…………”
ဆရာတင်းက သူ့ကို ခေါ်ထုတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူက သူ့ကိုယ်သူ ရှေ့တန်းမတင်ဘဲ အတန်းထဲတွင် သိုသိုသိပ်သိပ်သာ နေထိုင်လိုခဲ့သည်။
ထို့ပြင် သူက လူရှေ့သူရှေ့တွင် အစွမ်းအစ ထုတ်ပြရတာမျိုးကို မနှစ်သက်ချေ။
သို့သော် ယခုတော့ ဆရာတင်းက သူ့နာမည်ကို ခေါ်လိုက်ရာ ရှောင်တိမ်းရန် အကြောင်းပြချက် မရှိဟု သူခံစားမိသည်။
ဆရာတင်းက သူအလွန် လေးစားရသော ဆရာတစ်ဦး ဖြစ်သောကြောင့် မျက်နှာသာ ပေးသင့်သည်ဟုလည်း သူတွေးမိသည်။
သူ့လက်မောင်းတွင် ဝမ်မင် တီထွင်ထားသည့် တာအိုအဆောင် အသစ် ရှိနေသောကြောင့် စွမ်းအား မထိန်းချုပ်နိုင်မည်ကို စိုးရိမ်နေစရာ မလိုပေ။
(ဒီအပိုင်းက နှီးနှောဖလှယ်ပွဲ မသွားခင် ကျောင်းမှာရှိစဥ်က ဖြစ်ရပ်ပါနော်.. တကယ့်အပိုင်းမှာ ဝမ်မင်အသစ် ထွင်ထားတဲ့ တာအိုအဆောင်က အားကုန်ခါ နီးနေပါပြီ)
ဝမ်လင်းက သူ့အိတ်ထဲမှ ကျောင်းသားများ အတွက် ကျောင်းမှ ထုတ်ပေးသော ဂစ်တာကို ထုတ်ယူကာ စင်ဘက်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
“ဒါဆို မင်းကို သီချင်းရဲ့ နုတ်တွေ သင်ပြပေးမယ်”
ဆရာတင်းက ညင်သာစွာ ပြုံးလိုက်သည်။
သူ့လက်နှစ်ဖက်ဆီမှ ဝိညာဥ်အလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းက ဝမ်လင်းနှင့် စွန်းရုံတို့၏ စိတ်ထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်သွားပြီး သူတို့ သိလိုသည့် စာသား၊ တေးသွားနှင့် တူရိယာ နည်းစနစ်များ အထိ ထည့်သွင်းပေးလိုက်သည်။
ငါးမိနစ်လောက် အကြာတွင် ထိုလုပ်ငန်းစဥ်က ပြီးဆုံးသွားသည်။
“သီချင်းနဲ့ ပတ်သက်ပြီး အားလုံး နားလည်ပြီလား”
ဆရာတင်းက မေးလိုက်သည်။
ဝမ်လင်းတို့ နှစ်ယောက်စလုံးက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ငါအသစ် ရေးစပ်ထားတဲ့ “အင်မော်တယ်ဘုရင်ရဲ့ ကူကယ်ရာမဲ့ခြင်း” သီချင်းကို ကျောင်းသားဝမ်လင်း ကျောင်းသူစွန်းရုံတို့နဲ့ အတူ လူတိုင်းအတွက် သီဆိုခွင့်ပြုပါ..”
ဆရာတင်း စကားဆုံးသည်နှင့် ဝမ်လင်းက ဂစ်တာကို တီးခတ်လိုက်သည်။
ဂစ်တာထံမှ တက်ကြွလန်းဆန်းသော သံစဥ်က လေထဲတွင် ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။
ထိုသံစဥ်ကို ဆရာတင်း၏ ဆွဲငင်မှုရှိသော သံလိုက်သံဖြင့် တွဲဖက် နားထောင်လိုက်သောအခါ ပရိသတ်၏ ရင်ကို ထိရှစေသည့် အထူး ကျက်သရေရှိသော သီချင်းတစ်ပုဒ် ဖြစ်လာတော့သည်။
………………….
မနေ့ညက ညသန်းခေါင်အထိ ကျင့်ကြံခဲ့တယ်🎵
အသေးအဖွဲကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ပူမိတယ်🎶
အင်မော်တယ် ဘုရင်ရဲ့ အကူအညီမဲ့မှုကို ရှင်းလင်းစွာ မြင်နိုင်တယ်🎵
ငါ့အတွက် အက္ခရာ ၂ လုံး ပါတဲ့ ပျံသန်းခြင်း တာအိုအဆောင် ပေးပါ🎶
အတိတ်ရဲ့ ပုံပြင်တွေကို ဘယ်သူ နားထောင်မလဲ🎵
တကယ်တော့ ကျွန်တော့်ရဲ့ တကယ့်ဆန္ဒက ကမ္ဘာကြီးငြိမ်းချမ်းဖို့ပါ🎶
တက္ကသိုလ် ကျောင်းသားဘဝက ဘဲစေ့နဲ့ တူတယ်🎵
အချိန်တွေ တဖြည်းဖြည်း ရွှေ့လျားလာပြီး တွေ့ဆုံခြင်းနဲ့ လမ်းခွဲခြင်းကို မလွဲမသွေ ကြုံလာရမယ်🎶
အိပ်မက်က ဘယ်လောက်ဝေးဝေး ဇွဲမလျော့ဘဲ လိုက်ဖမ်းပါ🎵
ကလေးဘဝက စိတ်ကူးနဲ့ လိုက်ဖမ်းခဲ့ဖူးတဲ့ နတ်သူငယ်လေးများကို သတိရပါ🎶
ကျောင်းသားဘဝက ကိုးရိုးကားယား ဖြစ်ရပ်တွေကို သတိရပါ။🎵
သူမ လက်ကလေးကို ကိုင်ပြီး မော့ကြည့်လိုက်တယ်🎶
နှစ်စဥ်နှစ်တိုင်းမှာ ခမ်းနားထည်ဝါမှုတွေကို ငါမြင်ရတယ်🎵
နောက်ကို လှည့်မကြည့်ဘဲ စည်းချက်ကျကျ ဆက်လုပ်ပါ🎶
အယုတ်တမာ အင်မော်တယ်ရဲ့ အလင်္ကာ သီချင်းကို သီဆိုပါ🎵
ခေါင်းကိုမော့ထားပြီး ဂုဏ်ယူစွာနဲ့ ရှေ့ကို ဆက်လှမ်းပါ 🎶
မင်းရှိနေသ၍တော့ ငါလမ်းလွဲမှာမဟုတ်ဘူး…
🎵
……………….
လူတိုင်းက သီချင်းထဲတွင် နစ်မြောသွား၏။
မြေအောက်ခန်းထဲတွင် သိုလှောင်ထားသည့် သက်တမ်းရင့် ဝိုင်တွေလို သီချင်းစာသားထဲမှာ ပါရှိသည့် လွမ်းဆွတ်သော ခံစားချက်က တကယ့် အနှစ်တွေချည်း ဖြစ်နေရာ ကျောင်းသားအားလုံး အံ့ဩသွားကြသည်။
ငြိမ့်ညောင်းပြီး ရွှင်မြူးသော တေးသံသာထဲတွင် လူငယ်များအတွက် လှပသော ခံစားချက်က ပေါ်လွင်နေသည်။
လူငယ်တွေရဲ့ ခြေလှမ်းတွေက🎶 ဘယ်တော့မှ ရပ်တန့်မသွားဘူး…🎵
ရိုးရှင်းသော ဂစ်တာအဟောင်းလေးက ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးသော ကာလကို သရုပ်ဖော်နေသည်။
သီချင်းက ဘယ်တော့မှ ပျောက်ကွယ်မသွားတော့မည့် မှတ်ဉာဏ် အစိတ်အပိုင်းများ… အမှတ်တရဟောင်းများကို ပုံဖော်ထားသည်။
လက်ရွေးစင် အတန်းမှ ကျောင်းသားများမှာ ရောထွေးနေသော ခံစားချက်များဖြင့် သက်ပြင်းကိုပင် မချနိုင်တော့ပေ။
ထိုသို့ဖြင့် ဤသီချင်းက လူငယ်တိုင်း၏ ဇာတ်ဝင်တေးသီချင်း ဖြစ်လာတော့သည်။
(duckweed=ဘဲစေ့= ရေမျက်နှာပြင်တွင် အမြောက်အမြား ပေါ်နေတတ်သည့် သေးငယ်သော ရေနေပန်းပွင့်အပင်)
အပိုင်း(၅၀) ပြီး၏
အပိုင်း(၅၁) ကျင့်ကြံသူအဖြစ် ဟန်ဆောင်ခြင်း
ကောင်းကင်ပိုးကောင် အာလူးချောင်းကြော်ပဲ ဖြစ်ဖြစ် သွေးစွန်းနေတဲ့ ခရမ်းချဉ်သီးပဲ ဖြစ်ဖြစ် ဤအမည်များက မိခင်ကျွမ့်၏ စိတ်ကြမ်းကိုယ်ကြမ်း ပင်ကိုစရိုက်ကို ဖော်ပြနေသည်။
သို့သော် ယနေ့ ဟင်းလျာများက သာမန်ဟုသာ ထင်ရသောကြောင့် လူတိုင်း၏ နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။
ဆရာဝမ်က ခရမ်းချဉ်သီး အတုံးတစ်တုံးကို ကောက်ယူပြီးချိန်တွင် အမေကျွမ့်က သူသယ်လာသည့် ဟင်းခတ်အိတ်ထဲမှ သကြား သုံးဇွန်းကို ချက်ချင်း ခပ်ယူကာ ခရမ်းချဥ်သီးတုံးပေါ် လောင်းချလိုက်ပြီး ဆရာဝမ်ကို ကြည့်ကာ ပြောလိုက်သည်။
“သွေးစွန်းနေတဲ့ ခရမ်းချဉ်သီးနဲ့ သကြားသုံးဇွန်းကို တွဲစားရင် ပိုအရသာရှိတယ်”
လူတိုင်း “………..…”
အမေကျွမ့်၏ ချစ်ခြင်းမေတ္တာ ဘန်တိုကို စားပြီးတဲ့ နောက်တွင် လူတိုင်းက သူမကို ကျောင်းဂိတ်တံခါးထိ လိုက်ပို့ပေးပြီး လက်ပြ နှုတ်ဆက်ခဲ့ကြသည်။
ချစ်ခြင်းမေတ္တာ ဘန်တို၏ အရသာက အလွန် ထူးဆန်းနေသော်လည်း သူမ၏ ရည်ရွယ်ချက်ကောင်းများကြောင့် သူတို့၏ စိတ်ထဲတွင် ထိရှသွား၏။
လူစာရင်းကို စစ်ဆေးပြီးနောက် ခြောက်ဦးစာရင်း လျော့နေကြောင်း တွေ့ရှိခဲ့သည့် အမေကျွမ့်မှာ ကျောင်းနှစ်ကျောင်း အတွေ့အကြုံ ဖလှယ်ပွဲကို သတိရမိသွားပြီး အမှတ်၆၀ အထက်တန်းကျောင်း၏ ကိုယ်စားပြု ကျောင်းသားအုပ်စုကို ချစ်ခြင်းမေတ္တာ နေ့လည်စာ ပေးဆောင်ရန် ကိုယ်တိုင်ကိုယ်ကျ ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။
မိခင်ကျွမ့်က သူမ ပြုလုပ်ရန် လိုအပ်သည့် ဘန်တိုအရေအတွက်ကို အတိအကျ သိသည်။
အမှတ် ၆၀ အထက်တန်းကျောင်း၏ မိခင်ကျွမ့်မှလွဲ၍ အခြားမည်သူမျှ ထိုသို့ မလုပ်နိုင်ပေ။
အမှတ် ၆၀ အထက်တန်းကျောင်းတွင် နှစ်ပေါင်း ရာနှင့်ချီ ချက်ပြုတ်ခဲ့ရသည့် အမေကျွမ့်မှာ ကျောင်းသားတိုင်းနှင့် ဆရာ ဆရာမတိုင်း၏ နှလုံးသားထဲတွင် အမှန်တကယ် ရှိခဲ့သည်။
“မင်္ဂလာပါ ကျောင်းသားတို့.. မနက်ဖြန် ကျင်းပမဲ့ ဝိညာဉ်ဓား ဖလှယ်ပွဲ အတွက် အခွင့်အရေးရရင် ထပ်လာခဲ့ပါမယ်.. ဖူး”
မိခင်ကျွမ့်က လက်ဝှေ့ယမ်းပြကာ လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေသည့် အနမ်းတစ်ခုကိုပါ ပါးစပ်ကနေ မှုတ်ထုတ်လိုက်သည်။
ထို့နောက် သူမ၏ လူးဝစ်ဗစ်တွန် တံဆိပ် ဓားပျံပေါ် တက်ကာ ထွက်ခွာသွားခဲ့သည်။
တခဏအတွင်း အမေကျွမ့်က အဝေးသို့ ရောက်သွားပြီး သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
အမေကျွမ့် ထွက်သွားသည်နှင့် တပြိုင်နက် ဝမ်လင်း၏ မျက်ခွံနှစ်ဘက် စလုံးက လှုပ်ယမ်းလာသည်။
ကပ်ဘေးအဆင့် ကြယ်နှစ်ပွင့်….
သူက အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။
သူ့လက်ပေါ်ရှိ တာအိုအဆောင်က သက်တမ်းကုန်တော့မည်။
အချိန်ကို တွက်ဆကြည့်လျှင် မှန်းဆရ မခက်ချေ။
ထိုအကောင် လာနေပြီ ဆိုတာ သိသာနေသည်။
မေမေဝမ် အရင်ဆုံး ဆက်သွယ်ဖူးသည့် မုန်းတီးစရာကောင်။
ငယ်စဥ်ကတည်းက ဝမ်လင်းမှာ ဝမ်မင်အတွက် ခေါင်းကိုက်ခဲ့ရသည်။
ဝမ်မင်၏ ဝိသေသလက္ခဏာကို နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ခံထားရပြီး ၎င်း၏ ဦးနှောက်အတွက် ချီးမွမ်းဂုဏ်ပြုခြင်း ခံခဲ့ရသည်။
ဝမ်မင်၏ ဦးနှောက်ကို နတ်လက်နက်မှန်သမျှထက် ပိုကြောက်စရာကောင်းသည်ဟု မှတ်ယူထားသော်လည်း ထိုဝမ်းကွဲအကိုအပေါ် ထားရှိသည့် ဝမ်လင်း၏ အထင်အမြင်မှာ အတော်လေး နိမ့်ကျသည်။
ရှင်းလင်းစွာ ပြောရလျှင် ဝမ်မင်က ပေါကြောင်ကြောင် တစ်ယောက် ဖြစ်သည်။
ဤအယူအဆက မှန်ကန်ကြောင်း ဝမ်မင်က အခြား နည်းလမ်းအမျိုးမျိုးဖြင့် သက်သေပြခဲ့၏။
ဝမ်မင်လုပ်ခဲ့သည့် ပေါကြောင်ကြောင် အကွက်တွေထဲတွင် သူလုပ်ရတာ အပျော်ဆုံးဖြစ်ပြီး ဘယ်တော့မှ မငြီးငွေ့သည့် အရာမှာ ကျင့်ကြံသူ အဖြစ် ဟန်ဆောင်ခြင်း ဖြစ်သည်။
…………………
ကြာသပတေးနေ့ နေ့လည် လေးနာရီခွဲ…
အမှတ် ၅၉ အထက်တန်းကျောင်းက ပုံမှန် ကျောင်းဆင်းခဲ့သည်။
ကျောင်းသားများက သင်ကြားရေး အဆောက်အဦးကနေ ကိုယ်စီ ထွက်လာကြပြီး နှစ်နာရီ သို့မဟုတ် သုံးနာရီအတွင်း ကျောင်းတံခါးကနေ ထွက်သွားကြသည်။
ထိုအချိန်တွင် ကျောင်းတံခါးဝ၌ လူငယ် တစ်ယောက် ရပ်နေသည်။
ထိုလူငယ်က ပိတ်ကြမ်းဖြင့် ရက်လုပ်ထားသည့် အင်္ကျီကို ၀တ်ဆင်ထားပြီး သပ်သပ်ရပ်ရပ် ညှပ်ထားသည့် အနက်ရောင် ဆံပင်ကေနှင့် ဖြစ်၏။
လူငယ်က ဂျင်တစ်ရာ အလေးချိန်ရှိသော ဓားရှည်တစ်လက်ကို နောက်ကျောတွင် လွယ်ထားပြီး ကမ္ဘာကို လှည့်ပတ်သွားလာခဲ့သော အတွေ့အကြုံရင့် ကျင့်ကြံသူ တစ်ဦး ကဲ့သို့ပင်။
ကံမကောင်းစွာပဲ သူ၏ ဝတ်စားဆင်ယင်မှုနှင့် အရှိန်အဝါက မလိုက်ဖက်ဘူး ဖြစ်နေသည်။
မြင့်မြတ်သည့် စိတ်ဝိညာဥ်နယ်ပယ်က ကျင့်ကြံသူတွေ ဆိုလျှင် တစ်ချက် ကြည့်သည်နှင့် ချက်ချင်းပင် သိရှိလိမ့်မည်။
ဆိုရလျှင် ထိုလူငယ်က ဝိညာဉ်စွမ်းအင် လုံးဝမရှိသည့် မက်ဂဲလ်(muggle) တစ်ယောက်သာ ဖြစ်၏။
(muggle= မှော်စွမ်းအားမရှိသူ(ဝါ) ကျင့်ကြံမှုမရှိသော သာမန်လူ)
ကျင့်ကြံသူတိုင်းက သဘာဝတရားမှ ဆင်းသက်လာသော အနှစ်သာရကို ပိုင်ဆိုင်ကြသည်။
၎င်းက လူတစ်ဦး၏ ဒန်တန် နေရာကနေ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်၏ သွေးကြောများတွင် စီးဆင်းနေ၏။
ဤအနှစ်သာရက လူတစ်ဦး၏ စိတ်စွမ်းအားနှင့် အရှိန်အဝါကို ထောက်ပံ့မှု ပေးသည့် အပြင် ခြေလှမ်းများကိုပါ လေကဲ့သို့ ပေါ့ပါးသွားစေသည်။
စစ်မှန်သော ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် မွှေးကြိုင်သော သင်းရနံ့များကိုပင် ထုတ်လွှတ်နိုင်၏။
အမှတ်၅၉ အထက်တန်းကျောင်း၏ တံခါးဝတွင် ရပ်နေသော ဝမ်မင်က နှလုံးသားထဲကနေ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သူက ငယ်ငယ်ရွယ်ရွယ်နှင့် အလားအလာရှိပြီး ချောမော ထက်မြက်သည်။
သို့သော် အရည်အချင်း ရှိခြင်းက ကျင့်ကြံမှုကို အစားထိုး၍ မရပေ။
သူ ငယ်ရွယ်စဉ်ကပင် သူ့ကိုယ်လုံးကိုယ်ပေါက်ကြောင့် ကျင့်ကြံခြင်း မပြုနိုင်သည်ကို သူနားလည်ခဲ့သည်။
ဤအကြောင်းအရာက သူ၏ ဉာဏ်စွမ်းမှန်သမျှကို သိပ္ပံသုတေသန အတွက်တွင်သာ မြှုပ်နှံထားရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
သူ့အနားက ဖြတ်သွားသော အခြေခံ တည်ဆောက်ခြင်း အဆင့် အထက်တန်း ကျောင်းသူကျောင်းသားများကို စိတ်အားထက်သန်စွာ ကြည့်ရင်း ဖော်မပြနိုင်လောက်အောင် မနာလိုဝန်တို လာမိသည်။
သူသာ ကျင့်ကြံ၍ရမည် ဆိုလျှင် သူ၏ ဉာဏ်စွမ်းရည်ဖြင့် အချိန်တို အတွင်း အထွတ်အထိပ်သို့ ရောက်သွားနိုင်၏။
ဝမ်လင်းလို အရေးမပါသည့် ငချွတ်လေးက သူ့အတွက် လုံးဝ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
ဤသည်မှာ ဝမ်မင်၏ စိတ်ထဲမှ သနားစရာ အတွေးများသာ။
“သခင်လေး.. မင်း တစ်ယောက်ယောက်ကို ရှာနေတာလား”
အမှတ်၅၉ အထက်တန်းကျောင်း၏ ဂိတ်စောင့် အဘိုးကြီးက အနည်းငယ် သတိထားသော အမူအရာဖြင့် ဝမ်မင်နား ချဉ်းကပ်လာသည်။
မနက်ဖြန် ဝိညာဥ်ဓား ဖလှယ်ပွဲနေ့ ဖြစ်၍ အမှတ် ၅၉ အထက်တန်းကျောင်း၏ ကျောင်းဝင်းအတွင်းမှ ဝန်ထမ်းများမှာ သံသယဖြစ်စရာ ကောင်းသည့် လူများကို အထူး သတိထားနေကြသည်။
ကျောင်းသားများ၏ အုပ်ထိန်းသူများနှင့် မိသားစုဝင်များပင် ကျောင်းထဲ ဝင်လိုလျှင် ဆရာတစ်ဦးကို ကြိုတင်အကြောင်းကြားရမည် ဖြစ်ပြီး ထိုဆရာက ကျောင်းလုံခြုံရေးအဖွဲ့၏ ခွင့်ပြုချက်ကို ယူပြီးနောက်မှသာ အုပ်ထိန်းသူက ဝင်ခွင့်ရရှိမည် ဖြစ်သည်။
သို့သော် ဤလူငယ်က ကျောင်းတံခါးဝတွင် မိနစ်နှစ်ဆယ်ကြာ ရပ်စောင့်နေပြီး သက်ပြင်းကို အခါခါချနေသည်။
ဂိတ်စောင့်အဘိုးကြီးက ဝမ်မင်ကို ကြည့်ကာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိလာသည်။
ဝမ်မင်က ဂိတ်စောင့်ကို ကြည့်ကာ ဆံပင်ကို လက်ဖြင့်သပ်လိုက်ပြီး
“မင်္ဂလာပါ တာအိုမိတ်ဆွေ.. ကျတော်က လူတစ်ယောက်ကို ရှာဖို့ ရောက်လာတာပါ”
ဂိတ်စောင့်အဘိုးကြီးက တာအိုမိတ်ဆွေဟု အခေါ်ခံရသဖြင့် အတော်လေး စိတ်ပျက်သွားသည်။
သူက ဝမ်မင်ကို ဂရုတစိုက်ဖြင့် ထပ်ခါတလဲလဲ အကဲခတ်လိုက်သည်။
“မင်းက အုပ်ထိန်းသူလား”
ဂိတ်စောင့်အဘိုးကြီးက ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
သူ့နယ်ပယ်က သိပ်မမြင့်သော်လည်း ကျင့်ကြံသူ၏ အရှိန်အဝါကို ခံစားနိုင်၏။
အထွတ်အထိပ် အဆင့်အထိ ကြီးကျယ်ခမ်းနားစွာ ပေါက်ရောက် အောင်မြင်သူတွေသာ အချင်းချင်း တာအိုမိတ်ဆွေဟု ခေါ်လေ့ ရှိကြသည်။
ဂိတ်စောင့် ဦးလေးကြီးက ဝမ်မင်၏ မျက်နှာကို အချိန်တော်ကြာ စိုက်ကြည့်နေခဲ့သည်။
သူဘယ်လိုပဲ ကြည့်ကြည့် ဤလူငယ်၏ အရှိန်အဝါက ဘာမှ မထူးခြားဟုသာ ခံစားမိသည်။
ဆန့်ကျင်ဘက်အားဖြင့် လူငယ်ကို ကြည့်လေလေ သံသယ ပိုဝင်လေလေ ဖြစ်လာသည်။
“ဟုတ်ပါတယ်.. ကျွန်တော်က အုပ်ထိန်းသူပါ.. ကျနော်က ဝမ်းကွဲညီလေးကို ရှာနေတာ”
မိသားစုတွင် ဝါစဥ်အရ ဝမ်မင်မှာ ဝမ်လင်း၏ အကိုကြီးတစ်ယောက် ဖြစ်သည်။
သူက ဝမ်လင်းထက် အသက် ခြောက်နှစ်လည်း ကြီး၏။
ထို့ကြောင့် ဝမ်မင်က ဝမ်လင်း၏ အုပ်ထိန်းသူဟု ပြောခြင်းမှာ အသေအချာ တွေးကြည့်လျှင် မလွန်ပေ။
“မင်းက ဘယ်သူ့အုပ်ထိန်းသူလဲ.. ဘယ်အတန်းက ကျောင်းသားကို ရှာနေတာလဲ”
“ကျွန်တော်က အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကိုယ်စားလှယ်တွေထဲက ကျောင်းသားဝမ်လင်းကို ရှာနေတာပါ..”
ဂိတ်စောင့်က ဝမ်မင်ကို အမှတ်၆၀ အထက်တန်းကျောင်းမှကိုယ်စားလှယ် တစ်ဦး ဖြစ်သည့် ဝမ်လင်း၏ ဝမ်းကွဲအကိုမှန်း ချက်ခြင်း နားလည်လိုက်သည်။
သို့သော် ဝမ်မင်၏ အထောက်အထားနှင့် ပတ်သက်၍ အုပ်ထိန်းသူ အဖြစ် သံသယရှိနေဆဲ ဖြစ်သည်။
အခြေခံ တည်ဆောက်ခြင်း အဆင့် ကျောင်းသားတစ်ဦး၏ အုပ်ထိန်းသူက အနည်းဆုံးတော့ ရွှေအမြူတေအဆင့်ကို ရောက်နေသင့်သည် မဟုတ်လော။
ကျောင်းရှိ ဆရာအများစုမှာ ရွှေအမြူတေ အဆင့်တွင် ရှိကြသောကြောင့် ဂိတ်စောင့်က ရွှေအမြူတေ အဆင့် အရှိန်အဝါနှင့် ရင်းနှီးနေခဲ့သည်။
ဤလူငယ်တွင် ဝိညာဉ်စွမ်းအင် လုံးဝမရှိတာ သေချာနေ၏။
အမှတ်၆၀ အထက်တန်းကျောင်းနှင့် နာမည်ဆိုးဖြင့် ကျော်ကြားသော အရိပ်အဖွဲ့အစည်း၏ မကြာသေးမီက အဖြစ်အပျက်ကို တွေးတောကာ သူ အံ့သြ၍ မဆုံးနိုင် ဖြစ်ခဲ့ရသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူ့အထက်မှ လူများက ဝိညာဥ်ဓား ဖလှယ်ပွဲနေ့တွင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်း အခွင့်ကောင်းယူမည်ကို စိုးရိမ်သောကြောင့် ကြိုတင်သတိထားရန် ပြတ်ပြတ်သားသား အမိန့်ထုတ်ခဲ့သည်။
ယခုဆိုလျှင် အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းလုံခြုံရေး အဖွဲ့က ကျောင်းသို့ ဝင်ရောက်လိုသူများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီ ဖြစ်သည်။
ကျောင်းတွင်း လုံခြုံရေး အဖြစ် ကျွမ်းကျင်အဆင့် အကြီးအကဲများနှင့် ကင်းလှည့် ဝန်ထမ်းများကို အလှည့်ကျ စီစဉ်ပေးထားသည်။
ရိုးရိုးသားသား ပြောရလျှင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက အမှတ်၅၉ အထက်တန်း ကျောင်းကို အတင့်ရဲကာ စိမ့်ဝင်နိုင်စွမ်း ရှိလိမ့်မည်ဟု ဂိတ်စောင့်အဘိုးကြီးက မထင်ခဲ့ပေ။
သို့သော် ကျင့်ကြံသူ အဖြစ် ဟန်ဆောင်နေသည့် ဤလူငယ်က သူ့အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
ဂိတ်စောင့် အဘိုးကြီးမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကျင့်ကြံခြင်း ရဲဌာန၏ မှုခင်း စုံစမ်းစစ်ဆေးရေး ဌာနမှ အနားယူခဲ့သူ ဖြစ်၏။
သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို အခြေခံ၍ သူရှေ့မှ လူငယ်ကို သံသယဖြစ်နေသည်။
ထိုလူငယ်လေးက ကျောင်းထဲကို စိမ့်ဝင်ဖို့ အရိပ်အဖွဲ့က စေလွှတ်ထားသည့် သူလျှိုတစ်ယောက် ဖြစ်နိုင်ချေ ရှိသည် မဟုတ်လော။
အပိုင်း(၅၁) ပြီး၏
အပိုင်း(၅၂) တရားဝင် အတုသည် အားလုံးကို လှည့်စားရန် အထိရောက်ဆုံး ဖြစ်သည်
သို့သော် ဂိတ်စောင့်ဖြစ်သူက ယခုအချိန်တွင် ဝမ်မင်၏ ပြောဆိုချက်ကို ငြင်းဆိုရန် အထောက်အထား တစ်စုံတစ်ရာ မရှိပေ။
ယနေ့ခေတ် လူ့အဖွဲ့အစည်းသည် အရာခပ်သိမ်းအတွက် အထောက်အထားများ လိုအပ်သည့် တရားဥပဒေ စိုးမိုးမှုရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ယင်းမှာ မှုခင်း စုံစမ်းစစ်ဆေးရေး ဌာနတွင် နှစ်အတော်ကြာ လုပ်ကိုင်ပြီးနောက် သူသဘောပေါက်ထားသည့် အရာဖြစ်သည်။
ခဏလောက် စဥ်းစားပြီးနောက် ဂိတ်စောင့်အဘိုးကြီးက သူ့ လက်ကို ဝမ်မင်ဘက်သို့ ဆန့်ထုတ်၍ ဖြန့်ပြကာ ပြောလိုက်သည်။
“မင်းရဲ့ ID ကတ်ကို ခဏပေးလို့ရမလား.. မင်းက အုပ်ထိန်းသူအစစ် ဟုတ်မဟုတ် ငါတို့ကျောင်းက မင်းရဲ့အထောက်အထားကို စစ်ဆေးရဦးမှာ မို့လို့ပါ”
ဝမ်မင်က ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ သူ့အိတ်ကပ်ထဲမှ IDကတ်ကို ချက်ချင်း ထုတ်ပေးလိုက်သည်။
ဂိတ်စောင့်က IDကတ်ကို ယူလိုက်ပြီး ID ကတ်ကို စစ်ဆေးရန် လုံခြုံရေးရုံးခန်းသို့ ပြန်လှည့်လာသည်။
ကျောင်းနှစ်ကျောင်းကြား ဝိညာဉ်ဓား ဖလှယ်ပွဲ ချောမွေ့စွာ ကျင်းပနိုင်ရန် အတွက် အမှတ် ၅၉ အထက်တန်းကျောင်းက ဤ နှစ်ရက်တွင် သတိဝိရိယ အပြည့် ရှိနေ၏။
အမှတ်၅၉ အထက်တန်းကျောင်းက အိတ်ဆောင် စကင်ဖတ်သည့် စက်ကို သံသယရှိသူများ၏ ID ကတ်ကို စစ်ဆေးရန် အသုံးပြုခဲ့သည်။
အများအားဖြင့် စကင်ဖတ်သည့်စက်ကို ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုချိန်တွင်သာ အသုံးပြုလေ့ ရှိ၏။
ဤစက်က ID ကတ် အစစ်နှင့် အတုကို ချက်ချင်း စစ်ဆေးရန်အတွက် စက်ထဲသို့ ID ကတ် ထည့်သွင်းရန်သာ လိုအပ်သည်။
ရာဇ၀တ်မှု ဆိုင်ရာ ဝါရင့် စုံစမ်း စစ်ဆေးရေးမှူး တစ်ဦး ဖြစ်သည့် ဂိတ်စောင့်အဘိုးကြီးက သူ့ အတွေ့အကြုံအရ လူငယ်၏ ID ကတ်မှာ အစစ်အမှန် မဟုတ်ဟု ထင်မြင်မိသည်။
ဂိတ်စောင့်၏ မှန်းဆချက်က အမှန်တကယ်ပင် ကွက်တိ ဖြစ်နေသည်ဟု ဆိုရမည်။
ဝမ်မင်၏ ID ကတ်သည် အမှန်ပင် အတု ဖြစ်နေသည်။
သို့သော် ထိုIDကတ် အတုက နှယ်နှယ်ရရ မဟုတ်ဘဲ ဟွာရှို့နိုင်ငံ၏ သိပ္ပံ ကျင့်ကြံခြင်း အကယ်ဒမီမှ အထူး ပြုလုပ်ထားခြင်း ဖြစ်၏။
ဆိုရလျှင် တရားဝင် အတုသည် အားလုံးကို လှည့်စားရန် အထိရောက်ဆုံး ဖြစ်သည် မဟုတ်လော။
ဝမ်မင်၏ အထောက်အထားက ဟွာရှို့နိုင်ငံမှ ကာကွယ်ထားသော နိုင်ငံတော် လျှို့ဝှက်ချက် ဖြစ်သည်။
သူ့အကြောင်း အစစ်အမှန် အချက်အလက်ကို မည်သူမျှ ရနိုင်မည် မဟုတ်ချေ။
ဥပမာအားဖြင့် ဤ ID ကတ်အတုရှိ အချက်အလက် အားလုံးတွင် ဝမ်မင်၏ အသက်အရွယ်မှ လွဲ၍ အခြေခံ အချက်များမှာ မှားယွင်းသော အချက်အလက်များ ဖြစ်၏။
မွေးရပ်ဇာတိ၊ ID ကတ်နံပါတ်နှင့် ကိုယ်ရေးအကျဉ်းပုံတွေ အထိပင် ခြေရာခံ၍ မရအောင် ပြုလုပ်ထားသည်။
ယင်းမှာ ဟွာရှို့နိုင်ငံသမိုင်း၏ အသက်အငယ်ဆုံး ပညာရှင်အတွက် အထူး မျက်နှာသာပေးမှုဟု ယူဆနိုင်သည်။
ဒီဂိတ်စောင့်လောက်ကို အသာထား၊ ကျင့်ကြံခြင်းရဲတွေက သူ့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက် စုံစမ်းလျှင်ပင် အနှောင့်အယှက် ဖြစ်စရာ အကြောင်း မရှိချေ။
အဆုံးသတ်တွင် ဝမ်မင် မျှော်လင့်ထားသည့် အတိုင်း ID ကတ်က စကင်စက်ဖြင့် စစ်ဆေးမှုကို အထစ်အငေါ့မရှိ ကျော်ဖြတ်နိုင်ခဲ့သည်။
ပြေစာထုတ်ပေးသည့် POS စက်ကဲ့သို့ပင်.. စကင်စက်က ရှည်လျားသော စာရင်းကို ပရင့်ထုတ်ခဲ့သည်။
သို့သော် ပရင့်ထုတ်ထားသည့် စာရွက်ပေါ်မှ အကြောင်းအရာက ဂိတ်စောင့်ကို ထိတ်လန့်သွားစေခဲ့သည်။
အမည်= ဝမ်ရှောင်အာ
လိင်= ကျား
အသက်= 22
မွေးရပ်မြေ= ယွင်တင်း ကောင်းကင်ဘုံနန်းတော်ရှိ ရှန့်ရှဲ့ရွှေကဲ၊ထျန်းပမြို့တော်၊ဟွာရှို့နိုင်ငံ။
ကိုယ်ရေးအကျဥ်း= ဝမ်ရှောင်အာက ဆင်းရဲသော မိသားစုမှ ဖြစ်သော်လည်း ထူးခြားသော အရည်အချင်း ရှိပြီး ကျင့်ကြံခြင်း တိုက်ကြီး တစ်ခုလုံးတွင်ပင် အလွန်ရှားပါးသော တည်ရှိမှု ဖြစ်သည်။
သူ့တွင် ဝမ်ရှောင်ဟွားဟု ခေါ်သော ညီမငယ် တစ်ယောက်ရှိသော်လည်း မောင်နှမအရင်းတော့ မဟုတ်ပေ။
သူ မကြာခဏ သွားလေ့ရှိသော နေရာများမှာ လေလံအိမ်များနှင့် မြေအောက် အရောင်းအ၀ယ် ပြုလုပ်သည့် နေရာများ ဖြစ်သည်။
သူ့တွင် ဝိညာဉ်ဆိုးများဖြင့် မွေးဖွားလာပြီး ကိုယ့်ကိုယ်ကိုယ်ပင် ဂရုမစိုက်နိုင်သည့် အနီးကပ် အမျိုးသမီး လူယုံတစ်ဦး ရှိသည်ဟုလည်း သိရှိရသည်။
သူ့အသက်ဆယ့်ခြောက်နှစ် အရွယ်တွင် သတိမထားမိလိုက်ဘဲ ဒဏ္ဍာရီလာ နတ်ဆိုးဘုရင်မ မက်ဒူဆာ ထံတွင် လူပျိုဘဝကို ဆုံးရှုံးခဲ့ရသည်။
(အထက်ပါ အချက်အလက်များမှာ ဟွာရှို့ နိူင်ငံ၏ အမျိုးသား ကျင့်ကြံခြင်း ရဲဌာနမှ စစ်ဆေးအတည်ပြုထားသော အချက်အလက်များ ဖြစ်သည်)
“………….”
“ဒါက စိတ်ကူးယဥ်ဆန်လွန်းတဲ့ ကိုယ်ရေးအကျဥ်းပါလား”
“သောက်ချီးပဲ”
ဂိတ်စောင့်အဘိုးကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူ့နှလုံးသားထဲတွင် ဤကိုယ်ရေးအကျဥ်းက အွန်လိုင်းဝတ္ထုများထက်ပင် ပိုမို ဆန်းကြယ်နေသည်။
သို့သော် ဂိတ်စောင့်အဘိုးကြီး အတွက် ပို၍ စိတ်ကူးယဥ်ဆန်သော အရာမှာ ဤထူးဆန်းပြီး ဆန်းကြယ်သော ကိုယ်ရေးအကျဥ်းကို ဟွာရှို့နိုင်ငံ၏ အမျိုးသား ကျင့်ကြံခြင်း ရဲဌာနက အမှန်တကယ် စစ်ဆေး ပြီးစီးခဲ့သည့် သက်သေ ဖြစ်၏။
ဤဖြစ်ရပ် နောက်ကွယ်တွင် တစ်စုံတစ်ခုသော အကြောင်းရင်းရှိမှာ သေချာသည်။
ဝမ်မင်က ဤယုံနိုင်စရာမရှိသည့် ကိုယ်ရေးအကျဥ်းကို ကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်၏။
ထိုစဥ်က သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီ ဥက္ကဌ ကိုယ်တိုင် သူ့ကို ပြန်လည် ပြုပြင်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။
သို့သော် အဆုံးသတ်တွင် ဝမ်မင်၏ ဇွဲလုံ့လကို အနိုင်ယူနိုင်ခြင်း မရှိခဲ့ပေ။
ဝမ်မင်က ဉာဏ်ကြီးရှင် ဖြစ်လင့်ကစား မကျင့်ကြံနိုင်သည့် အချက်ကို အမြဲနောင်တရနေခဲ့ပြီး ထိုအချက်ကိုပင် အလေးအနက် ထားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ရင်ထဲတွင် ဒဏ်ရာမရှိဘဲ မည်သူတစ်ဦးတစ်ယောက်က ကျင့်ကြံသူအဖြစ် ဟန်ဆောင်ချင်မည်နည်း။
ထို့ကြောင့် သူ၏ ID ကတ်ရှိ ကိုယ်ရေးအကျဥ်းမှာ သူဖတ်ဖူးသည့် ကျင့်ကြံခြင်း ဝတ္ထုများကို အခြေခံထားခြင်း ဖြစ်၏။
မည်မျှပင် ယုတ္တိမရှိပါစေ.. အနည်းဆုံးတော့ သူ့ကို ကျေနပ်နှစ်သိမ့်မှု ရရှိစေသည် မဟုတ်လော။
သူ့နောက်ကျောတွင် လွယ်ထားသည့် ဂျင်တစ်ရာ အလေးချိန်ရှိသော ဓားရှည်မှာ တကယ့် အင်မော်တယ် ဓားတစ်လက် ဖြစ်သည်။
ထိုဓားရှည်ကို ရွှယ်ကျုံးဟု အမည်ပေးထားခဲ့သည်။
သူ့တွင် ဝိညာဉ်စွမ်းအင် မရှိသော်လည်း ဓားရှည်ကို သွားလေရာ သယ်ဆောင်ရန် အတွက်မူ ကြံ့ခိုင်နေပါသေးသည်။
အရာအားလုံးကို စာကြောင်း တစ်ကြောင်းတည်းဖြင့် ခြုံငုံပြောရလျှင် ဝမ်မင်က “သူဝါးနိုင်တာထက် ပိုစားလေ့ ရှိသောသူ” ဟု ဆိုရမည်။
သူက ကျင့်ကြံသူ အဖြစ် ဟန်ဆောင်ပြီး အပြင်ထွက်ရတာကို နှစ်သက်သည်။
ထိုအရာက ဝမ်လင်း သူ့ကို စက်ဆုပ် ရွံရှာစေသည့် အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။
သေချာသည်က ဤကဲ့သို့ ခံစားရသူမှာ ဝမ်လင်း တစ်ယောက်ထဲ မဟုတ်ပေ။
ဝမ်မင်က အထူး ID ကဒ် အတုဖြင့် အမှတ်၅၉ အထက်တန်းကျောင်းသို့ အစီအစဉ်အတိုင်း ဝင်ရောက်ခဲ့သည်။
သို့သော သူက ဝမ်လင်းကို ရှာရမည့်အစား သစ်ပင်များ စီတန်း ပေါက်ရောက်နေသော ကျောင်းပတ်ဝန်းကျင် တစ်နေရာသို့ သွားရောက်ခဲ့သည်။
ထို့နောက် အနီးနားတွင် မည်သူမျှ မရှိသော ထောင့်တစ်ခုကို ရွေးကာ သူလွယ်ထားသော အင်မော်တယ် ဓားရှည်ကို ပစ်ချလိုက်သည်။
အင်မော်တယ်ဓားရှည်က မြေပြင်ကို ထိတွေ့လိုက်သည်နှင့် တပြိုင်နက် မြေပြင်က အနည်းငယ် တုန်ခါသွား၏။
“ဒီဓားက မိုက်ပေမဲ့ အရမ်းလေးလွန်းတယ်”
သူ့နဖူးက ချွေးများဖြင့် ဖုံးလွှမ်းနေသည်။
ဂျင်တစ်ရာ အလေးချိန်ရှိသော အင်မော်တယ် ဓားရှည်မှာ အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတိုင်း၏ လက်ထဲတွင် အရုပ်တစ်ခုလို ပေါ့ပါးသော်လည်း ဝမ်မင်က သာမန် လူတစ်ဦးသာ ဖြစ်သည့် အတွက် အနားမယူဘဲ အချိန်ကြာကြာ ကျောတွင် လွယ်ထားလျှင် ပုခုံးဒဏ်ရာ ရရှိသွားနိုင်ပေသည်။
“ငါ တာအိုအဆောင်ကို ဝမ်လင်းဆီ အမြန်ဆုံး လက်လွှဲရဦးမယ်”
သူက ကျင့်ကြံသူ အဖြစ် ဟန်ဆောင်နေသော်လည်း သူ့တာဝန်ကို အမှန်တကယ် မမေ့ခဲ့ချေ။
အဆုံးသတ်တွင် ဤနည်းလမ်းက ဝမ်လင်း၏ ခွန်အားကို ထိန်းချုပ်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေ၏။
တာအိုအဆောင် သက်တမ်း မကုန်ခင် ဝမ်လင်းဆီသို့ အမြန်လွှဲပြောင်းပေးရမည် မဟုတ်လော။
သို့မဟုတ်လျှင် လူသားအားလုံး အကျပ်အတည်း ဖြစ်လာလိမ့်မည်။
ထိုသို့ စဉ်းစားရင်း ဝမ်မင် ဤနေရာမှ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သောအချိန်တွင် အမှတ်၅၉ အထက်တန်း ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမချောလေး တစ်ယောက်က အဝေးကနေ သူ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ထိုမိန်းကလေးက အရပ် အလွန်မြင့်သည်။
အမှတ်၅၉ အထက်တန်းကျောင်း၏ ပုံပန်းမကျသော ယူနီဖောင်းပင် သူမ၏ လှပသော မျက်နှာလေးကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
သူမ၏ အနည်းငယ် ဟနေသော ကျောင်းယူနီဖောင်း အင်္ကျီကနေ ဝမ်မင်က သူမ၏ ဆွဲဆောင်မှုရှိသော ညှပ်ရိုးတွေကို ဖျတ်ခနဲ မြင်လိုက်ရသည်။
“ဝိုး.. သူမက သောက်ရမ်းမိုက်တယ်ဟ”
ဝမ်မင်က စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
ထို့နောက် မြေကြီးပေါ်မှ ဂျင်တစ်ရာလေးသော ဓားရှည်ကို ဘာအလေးချိန်မှ မရှိသလိုမျိုး နောက်ကျောတွင် ပြန်လွယ်လိုက်၏။
မိန်းမလှလေးကြောင့် ဝမ်မင်၏ ခန္ဓာကိုယ်ထဲမှ စိတ်အားတက်ကြွစေသည့် ဟော်မုန်းများမှာ သိသိသာသာ မြင့်တက်လာသည်။
မူလကဆိုလျှင် သူက ဆောင့်ကြောင့်ထိုင်ချပြီးမှ ဓားကို ကျောပေါ်တွင် လွယ်၍ရသည်။
ယခုအခါ လက်တစ်ဖက်တည်းဖြင့် ကိုင်ဖို့အတွက်ပင် အနည်းငယ် အားစိုက်ထုတ်စရာ မလိုခဲ့ချေ။
“မင်္ဂလာပါ.. ကျေးဇူးပြုပြီး နင်ငါ့ကို တစ်ခုလောက် အကူအညီ ပေးနိုင်မလား”
ဆံပင်ရှည်ရှည်နှင့် ကောင်မလေးက ရှက်ရွံ့စွာ ခေါင်းငုံ့ထားသည်။
သူမ၏ အသံက ကြည်လင်နေပြီး ခေါင်းလောင်းသံကဲ့သို့ လွင်လွင်လေး ဖြစ်နေရာ ဝမ်မင်၏ စိတ်နှလုံးကို အေးချမ်းသလို ခံစားရစေသည်။
သူက သုတေသနဌာနတွင် အချိန်အတော်ကြာအောင် စိတ်နှစ်ထားခဲ့သည်။
ဌာနကလည်း ဝမ်မင်လို နတ်ဦးနှောက်ကို ခွင့်ရက်ပေးလေ့ မရှိသလောက်ပင်။
တာအိုအဆောင်ကို ဝမ်လင်းထံ ပေးပို့ရန်အတွက် ခွင့်နှစ်ရက်ယူဖို့ပင် သူ့အတွက် မလွယ်ကူခဲ့ချေ။
အချစ်ရေးကံက သူ့ကို ဤနေရာတွင် စောင့်ဆိုင်းနေမည်ဟု သူတစ်ခါမှ မထင်ထားခဲ့ပေ။
ကောင်မလေးကို ကြည့်လိုက်ရင်း သူ့အနာဂတ်က ချက်ခြင်း တောက်ပသွားသလို ခံစားလိုက်ရ၏။
သူ့ကျောပေါ်ရှိ အင်မော်တယ်ဓား၏ အလေးချိန်ကိုပင် မခံစားရတော့ပေ။
“ကောင်းပြီလေ.. ကိစ္စမရှိပါဘူး.. ငါ မင်းကို ဘာကူညီပေးရမလဲ”
ဝမ်မင်က သူလို လူကြီးလူကောင်းတစ်ယောက် အနေဖြင့် မိန်းမလှလေး၏ တောင်းဆိုမှုကို ငြင်းဆန်ရန် အကြောင်းပြချက် မရှိဟု ခံစားနေရသည်။
“ငါ အားကစားခန်းမထဲ လေ့ကျင့်နေတဲ့ အချိန်မှာ ငါ့ဓားက ကျောက်တုံးကြီးထဲကို မတော်တဆ စိုက်မိသွားပြီး ဆွဲထုတ်လို့မရတော့ဘူး.. နင် ငါ့ကို ကူညီပေးလို့ရမလား”
ကောင်မလေးက ဝမ်မင်ကို အကူအညီ တောင်းပြီးနောက် သူမ၏ ဖြူဖွေးသွယ်လျသော လက်ကလေးကို ဝမ်မင်းထံ ကမ်းပေးလိုက်သည်။
“ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ပိုသိရအောင် အရင်မိတ်ဆက်ရအောင်.. ငါ့နာမည်က ကျန်းလျှိုယင်း”
(POS= a point of sale= ဝယ်သူကို ဝန်ဆောင်မှုအတွက် ငွေပေးချေမှု ဆောင်ရွက်ပေးနိုင်သည်၊ပြေစာကို လူကိုယ်တိုင်ဖြစ်စေ.. အွန်လိုင်းမှဖြစ်စေ တခါတည်း ထုတ်ပေးနိုင်သည်)
အပိုင်း(၅၂) ပြီး၏။
အပိုင်း(၅၃) အမကြီး မင်းငါ့ကိုမယုံနိုင်ဘူးဆိုတာ ငါသိတယ်
အရပ်ရှည်ပြီး ချောမောလှပသော ရုပ်ဆင်းအင်္ဂါရှိသည့် မိန်းမလှ တစ်ဦး ချိုမြိန်စွာ အကူအညီ တောင်းခံလာလျှင် ယောကျာ်းသား အများစုအဖို့ ငြင်းဆိုမည် မဟုတ်သည်မှာ သေချာသည်။
သူမ စကားထဲတွင် ဟာကွက်မရှိဟု ထင်ရသော်လည်း ကျင့်ကြံခြင်း ကျောင်းသား တစ်ယောက် ဆိုလျှင် တစ်စုံတစ်ရာ မှားယွင်းနေပြီဟု သေချာပေါက် ခံစားမိမည် ဖြစ်သည်။
ပထမဆုံးအနေဖြင့် တာရှန်း ကျောက်တုံး မဟုတ်လျှင် ဝိညာဉ်ဓားက ကျောက်တုံးမှာ စိုက်ဝင်နေဖို့ ဘယ်လိုမှ မဖြစ်နိုင်ချေ။
အဘယ်ကြောင့်ဆိုသော် ဝိညာဥ်ဓားက သာမန် ကျောက်တုံးတွေကို တို့ဟူးပျော့လို ခုတ်ဖြတ်နိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် အခြေခံ တည်ဆောက်ခြင်း အထက်တန်းကျောင်းတွင် အားကစားရုံများကို နေ့စဥ်မဖွင့်ပေ။
အထူးသဖြင့် ပြီးခဲ့သည့် နှစ်ရက်အတွင်း အမှတ် ၅၉ အထက်တန်းကျောင်းက လုံခြုံရေးကို တင်းကြပ်သည့် အနေဖြင့် အားကစားခန်းမကို အသုံးပြုလိုသည့် မည်သူမဆို ကြိုတင်၍ လျှောက်ထားရမည်ဟု အမိန့်ထုတ်ခဲ့သည်။
အကြောင်းရင်းမှာ အားကစားရုံက လုံခြုံရေးအဖွဲ့ လက်လှမ်းမမီသည့် မျက်ကွယ်နေရာ ဖြစ်နေခြင်းကြောင့် ဖြစ်၏။
ဤအားနည်းချက်ကို အခွင့်ကောင်းယူ၍ ရာဇဝတ်မှု ကျူးလွန်ရန် ဖြစ်နိုင်ခြေ အလွန် မြင့်မားသည်။
အမှတ် ၅၉ အထက်တန်းကျောင်း၏ ကျောင်းအာဏာပိုင်များက လုံခြုံရေးကို တိုးမြှင့်ရန် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
သို့သော် ပြိုင်ဘက်က နှယ်နှယ်ရရ မဟုတ်သဖြင့် သူတို့၏ အစီအစဥ်များမှာ အရာမရောက်ခဲ့ချေ။
……………….
ဝမ်မင်က သူ့အတွက် နွေဦးရာသီကို ရောက်လာပြီဟု ထင်ခဲ့သည်။
ကောင်မလေးက အလှတရားဖြင့် ဆွဲဆောင်ကာ အားကစားရုံသို့ ခေါ်သွားသော်လည်း အားကစားရုံရှေ့သို့ ရောက်လျှင် ပင်မတံခါးက သော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။
သော့တွင် ဖုန်ပါတက်နေသဖြင့် အားကစားရုံကို ပိတ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း ဝမ်မင် တစ်ယောက် တွက်ဆမိကာ အံ့အားသင့်သွားသည်။
သူ၏ တဏှာ ငယ်ထိပ် ရောက်နေသည့်စိတ်က ထိုမြင်ကွင်းကို မြင်ပြီးနောက် အေးခဲသွားသည်။
ဟွာရှို့နိုင်ငံ၏ အစွမ်းထက်ဆုံး ဦးနှောက် အနေဖြင့် တစ်စုံတစ်ရာ မှားယွင်းနေပြီဟု ခံစားလာရ၏။
ထိုအချိန်မှာပင် ရှေ့ကနေ သူ့ကို လမ်းပြလာသည့် ကောင်မလေးက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ဝမ်မင်ကို လှည့်ကြည့်ကာ အေးစက်စက် ပြုံးပြလိုက်သည်။
ဝမ်မင်က သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း ပြောလိုက်သည်။
“ပင်မတံခါးတွေက သော့ခတ်ထားပုံပဲ.. အတန်းဖော်ကျန်း.. မနက်ဖြန် အတန်းချိန်ထိ မင်းရဲ့ဆရာကို စောင့်လိုက်ပါလား”
ထိုစကားကို ကြားလျှင် မိန်းကလေးကျန်းက ပြုံးလိုက်သည်။
သူမ၏ အပြုံးက ထူးဆန်းနေသဖြင့် ဝမ်မင်ကို ထိတ်လန့်စေခဲ့သည်။
ဝမ်မင်က ငတုံး မဟုတ်ချေ။
သူက ဟွာရှို့နိုင်ငံ၏ အသက်အငယ်ဆုံး သိပ္ပံသုတေသန ပညာရှင် အဖြစ် အသိအမှတ်ပြု ခံထားရသူ ဖြစ်သည်။
သူ၏ ကျင့်ကြံမှု အသိပညာက ကျင့်ကြံခြင်း ဝတ္တုများတွင်သာ ကန့်သတ်ထားသော်လည်း အခြေခံအကျဆုံး အဆင့် ဖြစ်သည့် လူ့အရိပ်အကဲကိုမူ ဖတ်ရှုနိုင်ဆဲ ဖြစ်သည်။
“အတန်းဖော် ဝမ်ရှောင်အာ.. အိုး မဟုတ်သေးဘူး.. နင့်ကို ဆရာလေး ဝမ်မင်လို့ ခေါ်တာက ပိုမှန်မယ် ထင်တယ်.. နင်က ဟွာရှို့အစိုးရက အသိအမှတ်ပြုထားတဲ့ အစွမ်း အထက်ဆုံး ဦးနှောက် မဟုတ်လား”
ကောင်မလေးက ဝမ်မင်ကို ချစ်စဖွယ် မျက်စောင်းထိုးကာ ပြောလိုက်သည်။
ထိုသို့ ပြောနေသော်လည်း သူမ မျက်နှာပေါ်ရှိ အပြုံးကမူ ပြောင်းလဲမသွားခဲ့ပေ။
“ငါတို့က နင့်ရဲ့ အထောက်အထားကို ခက်ခက်ခဲခဲ ရှာခဲ့ရတာ နင်သိလား”
သူမ၏ စကားကြောင့် ဝမ်မင် အံ့အားသင့်သွားသည်။
သူ၏ အထောက်အထားက နိုင်ငံတော်၏ ထိပ်တန်း လျှို့ဝှက်ချက်ဖြစ်သည်။
အပြင်လူတွေ အတွက်မူ သူက ဝမ်ရှောင်အာ ဖြစ်၏
ယွင်တင်း ကောင်းကင်ဘုံ နန်းတော်ရှိ ရှန်းရှဲ့ရွှေကဲ၊ ထျန်းပမြို့တော်မှ ပြိုင်ဘက်ကင်း ပါရမီရှင်…
သူ့သွေးတွေ အေးခဲသွားသလို ခံစားလိုက်ရသည်။
“မင်း ဘယ်သူလဲ”
ထိုအချိန်တွင် သူ၏ ဦးနှောက်ဆဲလ်များက လျင်မြန်စွာ အလုပ်လုပ်နေပြီ ဖြစ်သည်။
ကျန်းလျှိုယင်း..
ဤနာမည်ကို တစ်နည်းနည်းဖြင့် ရင်းနှီးသလို ခံစားလာရသည်။
လျှိုယင်း.. လျှိုယင်း.. အရိပ်လုပ်ကြံသူ အဖွဲ့က လျှိုယင်းလား..
ဝမ်မင်၏ တစ်ကိုယ်လုံးက ချက်ချင်းပင် အေးခဲသွားသည်။
ဤခပ်မိုက်မိုက် မိန်းမလှလေးက အရိပ်အဖွဲ့ဝင် ဖြစ်နေခဲ့ပါသလော။
“ငါတို့ရဲ့ အစွမ်းထက်ဆုံး ဦးနှောက်က တစ်ခုခု ဖြစ်သွားပုံပဲ”
ကောင်မလေးက ပြုံးလိုက်ပြီး သူမ၏ အင်္ကျီလက်တွင် တပ်ဆင်ထားသည့် ရွှေရောင်ဖဲပြားကို ဝမ်မင် မြင်သာအောင် ပြသလိုက်သည်။
အရိပ်အဖွဲ့အစည်းမှ ရွှေရောင်ဖဲပြား အဆင့် လုပ်ကြံသူ..
ထိုအဆင့်က လုပ်ကြံသူများထဲတွင် ကျွမ်းကျင်အဆင့် ဖြစ်ရုံသာမက ကျွမ်းကျင်သူများကြားတွင်ပါ အကျွမ်းကျင်ဆုံးသူ ဟု ဆိုနိုင်သည်။
ရွှေရောင်ဖဲပြားက ကျွမ်းကျင် လုပ်ကြံသူ အဖြစ် ဖော်ပြခြင်းအပြင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ စီနီယာ အမှုဆောင် ရာထူး၏ သင်္ကေတ တစ်ခုလည်း ဖြစ်သည်။
ဝမ်မင်က သူဖတ်ဖူးသည့် သုတေသနဌာနမှ စစ်တမ်းထုတ်ထားသော အချက်အလက်များကို သတိရလာသည်။
လက်ရှိ နိုင်ငံတကာ လူသတ်သမားများ စာရင်းတွင် ထိပ်တန်းလူသတ်သမား ငါးဦးအနက် အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ လုပ်ကြံ သတ်ဖြတ်သူများသည် ဒုတိယနေရာကနေ ပဉ္စမနေရာထိ နေရာယူထားကြသည်။
ပထမအဆင့်တွင် ရပ်တည်နေသော ကမ္ဘာ့နံပါတ်တစ် လူသတ်သမားဖြစ်သည့် “လူသတ်ဆရာ”ဟူသော အမည်ဝှက်နှင့် ပတ်သက်၍မူ နိုင်ငံတကာ ထောက်လှမ်းရေး အေဂျင်စီများက ယနေ့အချိန်ထိ တိကျသော အချက်အလက်များကို ခြေရာခံနိုင်ခြင်း မရှိသေးပေ။
သို့သော် ယခုအချိန်တွင် ဤအရာအားလုံးက အရေးမကြီးတော့ချေ။
အရေးကြီးဆုံး အချက်မှာ အရိပ်အဖွဲ့က သူတို့၏ ကလဲ့စားကို မမျှော်လင့်ဘဲ ပြန်လည် စတင် လုပ်ဆောင်လာခဲ့ခြင်းပင်။
ကျောင်းနှစ်ကျောင်း၏ ဝိညာဥ်ဓားဖလှယ်ပွဲက မကြာမီကျင်းပတော့မည် ဖြစ်သည်။
ပြောစရာ မလိုလောက်အောင်ပင် ဤလူတစ်စုက မနက်ဖြန် ကျင်းပမည့်ပွဲ၌ တစ်စုံတစ်ရာ ရိုက်ခတ်အောင် လှိုင်းလုံးများ ဖန်တီးနိုင်သည်ဟု ဝမ်မင် တစ်ယောက် ခံစားမိသည်။
ဝမ်မင်က သူ့အတွေးကို လျင်မြန်စွာ လက်စသတ်လိုက်ပြီး ကောင်မလေးကို ကြည့်ကာ စကားစလိုက်သည်။
“မင်းရဲ့ တကယ့်ပန်းတိုင်က ငါမဟုတ်ဘူး မဟုတ်လား”
မိန်းမလှလေး၏ တုံ့ပြန်မှု ကင်းမဲ့နေသည်ကို မြင်လျှင် ဝမ်မင်က ထပ်မံ ပြောဆိုလိုက်သည်။
“မင်းရဲ့ ပန်းတိုင်က လက်စားချေဖို့ပဲ.. ငါထင်တာ မှန်တယ် မဟုတ်လား.. ဟွာရှို့နိုင်ငံမှာ အင်အားအကြီးဆုံး ဦးနှောက် ဖြစ်တဲ့ ငါ့ကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတာက မနက်ဖြန်ကျင်းပမဲ့ ဝိညာဥ်ဓား ဖလှယ်ပွဲကို ပြဿနာရှာဖို့ မဟုတ်လား”
ထိုစကားကို ကြားလျှင် ကျန်းလျှိုယွင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ဟင်းဟင်း.. နင်ပြောတာမှန်တယ်”
“ဒါပေမယ့် ငါဘယ်သူလဲဆိုတာ မင်းသိခဲ့ရင်တောင် ငါ့ရဲ့အထောက်အထားကို တခြားသူတွေ မသိနိုင်သေးဘူးလို့ မင်းမစဉ်းစားမိဘူးလား.. သူတို့အမြင်မှာတော့ မင်းက ဘာမှတန်ဖိုးမရှိတဲ့ သာမန်လူတစ်ယောက်ကို ပြန်ပေးဆွဲခဲ့တာပဲ”
သူ့လို အဖိုးတန် ဓားစာခံကို ကျန်းလျှိုယွင်က ထိခိုက်အောင် လုပ်မည် မဟုတ်မှန်း ရိပ်စားမိ၍ ဝမ်မင်က အတော်လေး စိတ်တည်ငြိမ်သွားသည်။
“ဒါဆိုလည်း နင့်ရဲ့ အထောက်အထား အစစ်အမှန်ကို ငါတို့ ဖော်ထုတ်လိုက်ရုံပေါ့”
ဤအဖြေက ဝမ်မင်ကို အံ့အားသင့်စေခဲ့သည်။
“ဒါက မင်းကို ဘယ်လို အကျိုးရှိစေလို့လဲ”
“နင့် အတွက် အဆင်မပြေသရွေ့တော့ ငါတို့ အရိပ်အဖွဲ့အစည်း အတွက် အားသာချက် တစ်ခုပါပဲ.. အခုချိန် ပြန်တွေးကြည့်ရင်တောင် ဖဲပြားနီ လုပ်ကြံသတ်ဖြတ်သူတွေ အားလုံး ဒီလို သာမန်ကျောင်းလေးမှာ သေသွားတာကို ငါ တွေးလို့ မရနိုင်သေးဘူး.. ငါတို့ စုံစမ်းရသလောက်တော့ ကျောင်းနှစ်ကျောင်းရဲ့ ခေါင်းဆောင်တွေက မနက်ဖြန်မှာ ကျင်းပမဲ့ ဝိညာဥ်ဓား ဖလှယ်ပွဲကို တက်ရောက်ကြမယ်.. ဒီထက် ပိုရှင်းအောင်ပြောရရင် အဲဒီပွဲကို အကြီးအကဲတွေ အားလုံး တက်ရောက်လာကြလိမ့်မယ်”
“သောက်ကျိုးနည်း.. မင်းက သူတို့အားလုံးကို တစ်ခါထဲသတ်ဖို့ စီစဉ်နေတာလား”
ဝမ်မင် အံ့အားသင့်သွားသည်။
“ဘာတွေ အံ့သြစရာရှိလို့လဲ.. ဘာလို့မဖြစ်နိုင်ရမှာလဲ.. ဒါက သာမန် အထက်တန်းကျောင်းလေး နှစ်ခုပဲလေ”
“ငါတို့ တွက်ချက်ထားမှု အရ မနက်ဖြန်ပွဲမှာ ရွှေအမြူတေ အထွတ်အထိပ် အဆင့် ကျင့်ကြံသူ ရှိနေမှာ မဟုတ်ဘူး.. ဟင်း ဟင်း.. ငါ့ရဲ့စွမ်းအားနဲ့ ဆိုရင် အဲဒီနေရာမှာ ရှိတဲ့သူတွေကို လက်တစ်ဖက်တည်းနဲ့တောင် သတ်ပစ်နိုင်တယ်”
ဝမ်မင် “……………”
စကားပြောရင်း ကောင်မလေးက သူမ၏ အစွယ်များကို တဖြည်းဖြည်း ထုတ်ပြလာသည်။
ဝမ်မင်အနေဖြင့် သူမက ဝိညာဥ်ဓား ဖလှယ်ပွဲအား ဖျက်ဆီးမည်ကို လုံးဝ စိတ်မပူပေ။
နောက်ဆုံးအကြိမ်က အရိပ်အဖွဲ့ စေလွှတ်လိုက်သည့် အနီရောင်ဖဲပြား အဆင့် လုပ်ကြံသူများ၏ ရလဒ်များ အပေါ် အခြေခံ၍ အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ စီမံခန့်ခွဲမှု ညံ့ဖျင်းပုံက သိသာ ထင်ရှားနေသည်။
“အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက သူတို့ရထားတဲ့ သင်ခန်းစာကို လုံးဝ မလေ့လာဘူးပဲ”
တစ်နည်းဆိုရလျှင် အရိပ်အဖွဲ့က မည်သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်နေရသည်ကို လုံးလုံး မသိခဲ့ကြပေ။
ဝမ်မင် ဆိုလိုသည့်သူမှာ ဝမ်လင်း ဖြစ်သည်။
ဤရက်ပိုင်းအတွင်း ဝမ်လင်း၏ အရှိန်အဝါကိုသာ အချိန်မီ မထိန်းချုပ်နိုင်ခဲ့လျှင် ဝမ်မင်ပင် ကြောက်ရမည့် တည်ရှိမှု တစ်ခု ဖြစ်လာနိုင်သည် မဟုတ်လော။
“မိန်းကလေးကျန်း.. မင်းရဲ့ အကြံအစည်ကို ချက်ချင်းစွန့်လွှတ်ပြီး အိမ်စောစော ပြန်လိုက်ပါ.. မင်းအမေက မင်းကို ညစာစားဖို့ စောင့်နေလောက်ပြီ..”
ဝမ်မင်က သူမကို စိတ်အားထက်သန်စွာဖြင့် အကြံပေးလိုက်သည်။
ဤကမ္ဘာကြီးတွင် သူ့ထက်ပင် ပိုရူးသွပ်သူ တစ်ဦး ရှိနေပါသလော။
ချစ်စရာကောင်းသည့် မိန်းမလှလေးက အဘယ်ကြောင့် သူ့ကိုယ်သူ သတ်သေချင်နေတာလည်း ဆိုသည်ကို သူတကယ် နားမလည်နိုင်ခဲ့ပေ။
“နင်ပြောတဲ့အတိုင်း လုပ်စရာလား”
ကောင်မလေးက သူမ၏ ဆုံးဖြတ်ချက်ကို တုံ့ဆိုင်းမှုမရှိဘဲ လုပ်ဆောင်ရန် သံဓိဌာန် ချထားသည်မှာ ထင်ရှားနေသည်။
“ဒီလက်စားချေ စစ်ဆင်ရေး အတွက် ငါတို့တွေ ပြင်ဆင်နေခဲ့တာ အတော်ကြာခဲ့ပြီ”
စကားပြောနေရင်း ကောင်မလေးက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဥ်အလင်းရောင်နှင့် အတူ လက်ဖဝါးပေါ်တွင် ဆဋ္ဌဂံ ပုံသဏ္ဍာန် တစ်ခုက ရုတ်ခြည်း ပေါ်လာသည်။
“နင် ဒါဘာလည်း သိတယ် မဟုတ်လား”
“လက်စသတ်တော့ ငါတို့ သုတေသနဌာနကနေ ငရဲကျောက်တုံးကို ခိုးသွားတဲ့သူက မင်းတို့တွေ ဖြစ်နေတာကိုး”
ဝမ်မင်က ငရဲကျောက်တုံးကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။
ဤအရာဝတ္ထုကို သူတကယ်ပင် ရင်းနှီးသည်။
၎င်းမှာ တီထွင်နေဆဲ မှော်ပစ္စည်းတစ်ခု ဖြစ်၏။
ယင်း မှော်ပစ္စည်း၏ အခြေခံကို ခေတ်မီ စကြဝဠာ နည်းပညာဖြင့် ပေါင်းစပ်ထားသည်။
ထိုအရာတွင် ရှေးခေတ် အစီအရင် နှင့် အနက်ရောင် နည်းပညာကို ပေါင်းစပ် ထည့်သွင်းထားသော်လည်း စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေသေးသည်။
ဤမှော်ပစ္စည်း၏ စွမ်းအားက တစ်စုံတစ်ဦးကို မီတာနှစ်ရာအကွာအဝေး အထိ အကြိမ်ပေါင်းများစွာ တည်နေရာရွှေ့ပြောင်းစေ ရုံသာ မကဘဲ ဝိညာဉ်ရေး အာရုံဖြင့်ပါ ရှာမတွေ့နိုင်အောင် အတိုင်းအတာ တစ်ခုအထိ အရှိန်အဝါကို ဖုံးကွယ်ပေးထားနိုင်သည်။
ခေတ်မီ အနက်ရောင် နည်းပညာဖြင့် ပေါင်းစပ်ထားသည့် ငရဲကျောက်တုံးမှာ မကြာသေးမီက ခိုးယူခံခဲ့ရသည်။
ထိုဖြစ်ရပ်ကို ဟွာရှို့နိုင်ငံ၏ အထူး စုံစမ်းရေးအဖွဲ့က အရေးပေါ် စုံစမ်း စစ်ဆေးနေခဲ့သည်။
သူတို့ သုတေသနဌာနကနေ ပျောက်ဆုံးသွားသည့် ငရဲကျောက်တုံးက အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ လက်ထဲကို ရောက်နေလိမ့်မည်ဟု ဝမ်မင် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
မျက်တောင်တစ်ချက် မခတ်ဘဲ လူသတ်လေ့ရှိသည့် ဤလူသတ်အဖွဲ့သာ ငရဲကျောက်တုံး၏ စွမ်းအားကို အသုံးပြုနိုင်ခဲ့လျှင်….
ဤအရာကို စိတ်ကူးဖြင့်ပင် သူ လုံးဝ မတွေးရဲချေ။
ကောင်မလေးက ဝမ်မင်၏ ပခုံးပေါ် သူမ လက်တစ်ဖက်ကို တင်လိုက်ပြီး ကျန်တစ်ဖက်ကမူ ငရဲကျောက်တုံးကို ကျင်လည်စွာ ကိုင်တွယ်လိုက်သည်။
ရုတ်တရက် ဝမ်မင်က ခဏတာ စဥ်းစားမရသလို ဖြစ်သွားသည်။
သူ သတိပြန်ဝင်လာသောအခါ အားကစားရုံထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။
“ဟင်းဟင်း.. မနက်ဖြန် ကျင်းပမဲ့ ဝိညာဥ်ဓား ဖလှယ်ပွဲ မတိုင်ခင် တစ်ညလောက် ဒီမှာနေဖို့ ငါတို့ရဲ့ အစွမ်းထက်ဆုံး ဦးနှောက်ကြီးကို ဒုက္ခပေးရတော့မှာပဲ”
“တစ်ခု မေးလို့ရမလား.. ဘယ်အချိန်ရှိပြီလဲ”
“ခြောက်နာရီထိုးခါနီးပြီ”
“ချီးပဲ.. ခြောက်နာရီတောင် ထိုးခါနီးပြီလား”
ဝမ်မင်၏ မျက်လုံးများက ထိတ်လန့်ကာ ပြူးကျယ်သွားသည်။
သူက အသစ် ဖန်တီးထားသည့် တာအိုအဆောင်ကို ဝမ်လင်းထံ ယခုအချိန်ထိ မပို့ရသေးပေ။
ဝမ်လင်း၏ တာအိုအဆောင်က စွမ်းအားကုန်ဆုံးရန် အချိန် သိပ်မကျန်တော့ဟု ဝမ်မင် တွက်ဆမိလိုက်သည်။
“ဘာလို့ မင်းအမေနဲ့ ညစာ ပြန်မစားသေးတာလဲကွာ”
ဝမ်မင်၏ ထိတ်လန့် တုန်လှုပ်နေသော မျက်နှာကို မြင်လိုက်ရလျှင် ကျန်းလျှိုယွင် တစ်ယောက် ချိုမြိန်စွာ မပြုံးနိုင်တော့ပေ။
ဝမ်မင်က ခဏလောက် စဉ်းစားပြီးနောက် ကျန်းလျှိုယင်းကို ပြောလိုက်သည်။
“အမကြီး.. မင်းငါ့ကို မယုံနိုင်ဘူးဆိုတာ ငါသိတယ်.. ဒါပေမဲ့ မင်းငါ့ကို ခွင့်မပြုရင် ကမ္ဘာကြီး ပျက်စီးရလိမ့်မယ်”
အပိုင်း(၅၃) ပြီး၏
အပိုင်း(၅၄) ဦးနှောက်မရှိသော ပြန်ပေးဆွဲသူ
ကျန်းလျှိုယင်းက ဝမ်မင်း၏ စကားကို နားလည်ဖို့ မိနစ်ဝက်လောက် အချိန်ယူလိုက်ရသည်။
ထို့နောက် သူမက ဝမ်မင်၏ မေးစေ့ကို ကိုင်ကာ ဝမ်မင်ကို သေသေချာချာ စစ်ဆေးလိုက်၏။
ဤလူက အသွင်အပြင် ပြောင်းလဲခြင်း သို့မဟုတ် လှည့်စားခြင်း မဟုတ်ဘဲ ဝမ်မင် အစစ်အမှန် ဖြစ်ကြောင်း သူမ နောက်တစ်ကြိမ် အတည်ပြုပြီးမှသာ သက်ပြင်းချနိုင်ခဲ့သည်။
တကယ်တမ်းတွင် ဝမ်လင်း၏ ဝမ်းကွဲအကို ဖြစ်သည့် ဝမ်မင်သည် ဝမ်လင်းနှင့် ပါရမီရှိပုံချင်း ဆင်တူသည်။
ဝမ်မင်က သူ့ကိုယ်သူ ဝါရင့် ကျင့်ကြံသူအဖြစ် ဟန်ဆောင်မှုကို စွန့်လွှတ်လိုက်သရွေ့ ဤဝမ်းကွဲအကိုက အတော်မိုက်သည်ဟု ဝမ်လင်း ကိုယ်တိုင် တွေးခဲ့ဖူးသည်။
သူတို့ကြားက ကွာခြားချက်မှာ ဝမ်မင်က မှန်ထဲမှ သူ့ပုံရိပ်ကို မိန်းကလေးပရိသတ် တစ်ယောက်က အိုင်ဒေါလ် တစ်ယောက်ကို ကြည့်နေသကဲ့သို့ တစ်နေကုန် အရူးအမူး ကြည့်နေတတ်သူမျိုး ဖြစ်သည်။
သိပ္ပံသုတေသန အဖွဲ့က ဝမ်မင် သုတေသနပြုရာတွင် အနှောင့်အယှက် မဖြစ်စေရန် သူ့ပုံရိပ်ကို ထင်ဟပ်စေမည့် မည်သည့်အရာကိုမဆို အစားထိုးခဲ့ရသည် အထိပင်။
ဝမ်လင်းက ပေါကြောင်ကြောင် တစ်ယောက် ဖြစ်ပြီး ဤအယူအဆကို သက်သေပြခဲ့သည့် အရာများထဲတွင် မှန်ကြည့်သော စရိုက်သည် အထင်ရှားဆုံး ဖြစ်၏။
“မင်းသိလား ကောင်မလေးက ငါ့ မေးစေ့ကို ကိုင်တာ ငါ့ဘဝမှာ ဒါပထမဆုံးအကြိမ်ပဲ”
မိန်းမလှလေးက သူမ၏ နူးညံ့သော လက်ချောင်းများဖြင့် မေးစေ့ကို ဆွဲကိုင်ကာ အချိန်အတော်ကြာ စိုက်ကြည့်နေခြင်းကြောင့် ဝမ်မင်က အနည်းငယ် နေမထိ ထိုင်မသာ ဖြစ်လာသည်။
“ဒါပေမယ့် မိန်းကလေး.. အခုက ကြည်နူးနေရမဲ့ အချိန် မဟုတ်ဘူး.. ငါ့ကို သုံးမိနစ် အတွင်း လွှတ်ပေးဖို့ မင်းကို အကြံပေးချင်တယ်.. မဟုတ်ရင်တော့ ကမ္ဘာတစ်ခုလုံး ပျက်သုန်းသွားပြီလို့ မှတ်လိုက်တော့.. အဲဒီအချိန်ကျရင် မင်းရဲ့ လက်စားချေမှုကိုလည်း မေ့လိုက်လို့ရပြီ.. မင်းရဲ့ အရိုးပြာကိုတောင် မင်းရှာတွေ့တော့မှာ မဟုတ်ဘူးလေ”
“အံမယ်.. နင့်ကို ဘယ်သူက ပရောပရည်လုပ်နေလို့လဲ”
ကျန်းလျှိုယင်းက ဒေါသကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်လာခဲ့ရာ သူမ၏ ဆိုဒ်၃၆ရှိသည့် ရင်သား အယ်စတုန်များပင် လှုပ်ခါသွားခဲ့သည်။
ထို့နောက် သူမက ဝမ်မင်နှင့် စကား မပြောဖြစ်တော့ဘဲ အချိန်အတော်ကြာ နှုတ်ဆိတ်သွား၏။
ဤလူက အဘယ်ကြောင့် ကမ္ဘာပျက်သုန်းခြင်းကို ပါးစပ်ကနေ ပေါ့ပေါ့ပါးပါး ထုတ်ပြောနေရပါသနည်း။
သူမက လူမှားပြီး ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု နက်နက်ရှိုင်းရှိုင်း သံသယဝင်ခဲ့သည်။
သူမက အစွမ်းထက်ဆုံး ဦးနှောက်ကို ပြန်ပေးဆွဲခြင်း မဟုတ်ဘဲ အစွမ်းထက်ဆုံး ငတုံးကို ပြန်ပေးမှားဆွဲခဲ့ပါသလော။
“…………..”
ကျန်းလျှိုယင်းက ခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် တစ်စုံတစ်ရာကို တွေးလိုက်မိသည်။
ဝမ်မင်၏ လက်ရှိ အနေအထားက အလုပ်၏ ဖိအားများ ကြောင့် ဦးနှောက်တွင် တစ်ခုခု ချို့ယွင်းနေပုံရ၏။
သိပ္ပံသုတေသန နယ်ပယ်မှ လူများ၏ စဥ်းစားတွေးခေါ်မှုက အစဥ်အလာကို လုံးဝ ဆန့်ကျင်နေ၍ ကယောင်ကတမ်း ဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်သည် မဟုတ်လော။
သူမက ထိုသို့ တွေးမိလိုက်ပြီး ဝမ်မင်နှင့် အတိုက်အခံ မပြောတော့ဘဲ သူမ၏ လေသံကို ပြောင်းလဲလိုက်တော့သည်။
“တောင်းပန်ပါတယ် ငါ လေသံနည်းနည်း မာသွားတယ်.. ငါ နင်နဲ့ တစ်ခုခုကို အတည်ပြုရဦးမယ်…”
အရည်အချင်း ပြည့်မီသော ပြန်ပေးဆွဲသူ အနေဖြင့် ဓားစာခံများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အာရုံစိုက်ရန်မှာ လုံးဝ အရေးကြီးသည်။
ဓားစာခံကို အသုံးမချမီ ရူးသွပ်စေခဲ့လျှင် မကောင်းပေ။
ထို့အပြင် ၎င်းက စိတ်ကူးယဉ်မှုဒဏ်ကို ခံစားနေရသော ဓားစာခံတစ်ဦး ဖြစ်သောကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်သည့် အန္တရာယ်ရှိနေ၏။
“ဘာလုပ်မလို့လဲ”
ဝမ်မင်က သူမကို ထိတ်လန့်ကာ ထောင့်ကျဉ်းလေး ဆီသို့ ဆုတ်သွားခဲ့သည်။
“နင်ငါ့ကို စိတ်ဆိုးနေတုန်းပဲလား.. အရိုးသားဆုံး ပြောရရင် နင့်ဦးနှောက်မှာ နင်တောင် မသိလိုက်ဘဲ ပြဿနာ တစ်ခုခု ရှိနေတယ်”
“ချီး.. မင်းမှာပဲ ဦးနှောက် ပြဿနာ ရှိနေတာ”
“ဟန်ဆောင်တာကို ရပ်လိုက်ပါတော့.. ငါနားလည်ပါတယ်”
ကျန်းလျှိုယင်းက ဝမ်မင်၏ မေးစေ့ကို ကိုင်လိုက်ပြီး ဝမ်မင်ကို အေးဆေး တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ငါက အခြေခံ စိတ်ပညာကို နားလည်တယ်.. နင်က နင့်ရဲ့ စိတ်ကူးယဉ်မှု အတိုင်းအတာနဲ့ ကမ္ဘာကြီးရဲ့ ပျက်သုန်းခြင်း အကြောင်းကို စဉ်ဆက်မပြတ် စိတ်ကူးယဉ်နေတာလေ… နင်ရဲ့ပုံစံက ရောဂါသည်းနေပြီ ဆိုတာ သိသာပါတယ်ဟာ.. နင်ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်တယ်.. သိပ္ပံ သုတေသန ဌာနက နင့်ကို ဂရုမစိုက်ဘူးလား.. နင့်ရဲ့ ရောဂါကို ကုသဖို့ အချစ် လိုအပ်တယ်ဆိုတာ နင်သိလား”
“ဘာတွေပြောနေတာလဲ.. မင်းသာ ငါ့ကို ခွင့်မပြုရင် ကမ္ဘာကြီး အမှန်တကယ် ပျက်စီးရတော့မယ်”
“အိုး.. ကြည့်စမ်း ရှင့်ရောဂါက တော်တော်ဆိုးနေပြီပဲ..”
ကျန်းလျှိုယင်းက ဝမ်မင်၏ ခေါင်းကို ကြင်ကြင်နာနာ ပွတ်သပ်လိုက်သည်။
“စိတ်အေးအေးထားပါ.. ငါတို့ရဲ့ အရိပ် လုပ်ကြံသတ်ဖြတ်သူတွေက ဓားစာခံကို အရမ်း ဂရုစိုက်ကြပါတယ်.. ငါတို့ ဓားစာခံတွေရဲ့ တန်ဖိုး မကျသွားစေဖို့ အတွက် သူတို့ကို အသုံးမပြုမီ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်လာဖို့ ငါတို့တွေ ခွင့်ပြုမှာ မဟုတ်ဘူး”
ထိုစကားကိုပြောရင်း သူမက ဝမ်မင်၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
“ငါ့ကိုယုံပါ ငါမင်းကို ကုသပေးနိုင်ပါတယ်”
“…………..”
ဝမ်မင်းက ဘာပြန်ပြောရမှန်းကို လုံးဝ မသိတော့ပေ။
“လာပါ.. ငါ့ရဲ့ ဂရုစိုက်မှုကို ပြသဖို့ ငါ နင့်ကို အရင် ပွေ့ဖက်ထားပါရစေ”
ကျန်းလျှိုယင်းက စကားဆုံးသည်နှင့် တပြိုင်နက် ဝမ်မင်ကို သူမ လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
ထို့နောက်တွင် ကြီးမားသော အလေးချိန်နှင့် တူသည့် အရိပ်နှစ်ခုက ဝမ်မင်၏ မျက်နှာကို ဖုံးလွှမ်းသွားသည်။
ဝမ်မင် “အရမ်းမိုက်တယ်.. ဒီအရာနှစ်ခုက တကယ်ကို ကြီးလွန်းတယ်”
သူ့မျက်နှာကို တင်းကြပ်စွာ ဖိချထား၍ သူလုံးဝ အသက်ရှူမဝတော့ပေ။
ကျန်းလျှိုယင်းက ဝမ်မင်ကို နှစ်မိနစ်လောက် ရင်ခွင်ထဲ နှစ်သိမ့်ပြီးနောက် ဝမ်မင်၏ နှာခေါင်းထဲမှ သွေးထွက်လာသည်ကို မြင်လိုက်ရပြီး လန့်ဖြန့်သွားသည်။
သူမက ဝမ်မင်၏ အခြေအနေ အလွန်ဆိုးရွားသည်ဟု ခံစားရသဖြင့် ချက်ချင်းပင် သူမ၏ လက်ပတ်နာရီကနေ ဖုန်းခေါ်ဆိုလိုက်သည်။
“အစ်မ.. လူကိုတော့ ဖမ်းမိပြီ”
“ဒါပေမယ့် ဒီလူ့ ဦးနှောက်က တစ်ခုခု မှားနေသလိုပဲ”
“ငါ့ရဲ့ ကနဦး အကဲဖြတ်ချက် အရတော့ သူက ပြင်းထန်တဲ့ ဂယောင်ချောက်ခြား ရောဂါကို ခံစားနေရပုံပဲ.. ငါ သူ့ကို အရေးပေါ် ကုသမှုတော့ လုပ်ပေးခဲ့တယ်.. ဒါပေမယ့် သူ နှာခေါင်းသွေးလျှံလာမယ်လို့တော့ ငါ မမျှော်လင့်ခဲ့ဘူး…
ဖုန်း၏ အခြားတစ်ဖက်မှ အသံက အေးစက်သော်လည်း ချိုသာသည်။
“နင် သူ့ကို ဘယ်လို ကုသခဲ့တာလဲ”
“ငါ သူ့ရဲ့ စိတ်ကို နွေးထွေးသွားအောင်လို့ ပွေ့ဖက်မှု လုပ်ပေးခဲ့တယ်.. ဒီလို ပြင်းထန်တဲ့ စိတ်ရောဂါမျိုးက လူသားဆန်တဲ့ စောင့်ရှောက်မှုကို သေချာပေါက် လိုအပ်တယ်လေ”
“………….”
ဖုန်း၏ အခြားတစ်ဖက်မှ အမျိုးသမီးက ရှင်းရှင်းလင်းလင်း သက်ပြင်းချလိုက်သည်။
“ဟူး.. ငါနားလည်ပြီ..”
“ဘာနားလည်တာလဲ အမ”
“သူ့ဦးနှောက်က ပြဿနာရှိတာ မဟုတ်ဘူး… တကယ် ပြဿနာရှိတာက နင်ပဲ”
“…………”
…………………
ဝမ်လင်းက အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းအဆောင် အ၀င်ဝတွင် ရပ်နေကာ အဝေးကို စိုက်ကြည့်နေသည်။
သူက စူးရှစွာ ကြည့်နေသဖြင့် မျက်ခွံများပင် ထုံကျင်လာခဲ့သည်။
သူ့ မျက်ခွံလှုပ်တာက ငါးမိနစ်ပင် ကျော်လာပြီ ဖြစ်၏။
ကပ်ဘေးအဆင့်က ကြယ်နှစ်ပွင့်မှ ကြယ်သုံးပွင့်သို့ တိုက်ရိုက် မြင့်တက်သွားသည်။
လက်ရှိအခြေအနေကို ကြည့်လိုက်လျှင် ဤဘေးအန္တရာယ် သတိပေးချက်က ကြယ်သုံးပွင့်တွင် ရပ်တန့်သွားမည့်ပုံ မပေါ်ပေ။
ဤသတိပေးချက်က မည်သည့်အတွက် ဆိုသည်ကို သူ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
သူ၏ တာအိုအဆောင်က သက်တမ်းကုန်တော့မည် ဖြစ်၏။
သက်တမ်း လုံးဝမကုန်ခင် အလွန်ဆုံး တစ်နာရီသာ ကျန်ရှိတော့သော်လည်း ယခုအချိန်ထိ ဝမ်မင်၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။
ဝမ်လင်းက မျက်လုံးများကို မှိတ်ထားပြီး ဝမ်မင်ကို လိုက်ရှာရန် ကြိုးစားခဲ့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ပေ။
အစောပိုင်းက ဝမ်မင်၏ အရှိန်အဝါကို သူရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
ဝမ်မင်က အမှတ်၅၉ အထက်တန်းကျောင်းသို့ ဝင်လာသည့် အခိုက်အတန့်ကို သူသိရှိခဲ့၏။
ဝမ်လင်းက မကြာမီ ဝမ်မင် ရောက်လာတော့မည်ဟု ယူဆကာ ကျောင်းအဆောင် တံခါးဝတွင် စောင့်ဆိုင်းနေခဲ့သည်။
ထူးဆန်းသည်မှာ ဝမ်မင်၏ အရိပ်အယောင်ကို နောက်တစ်ကြိမ် ခြေရာခံရန် ကြိုးစားသော အချိန်တွင် ဤကမ္ဘာမှ ပျောက်ကွယ်သွားသကဲ့သို့ လုံးဝ ရှာမတွေ့တော့ခြင်းပင်။
အကယ်၍ သူ၏ စွမ်းအားကိုသာ ထိန်းချုပ်စရာ မလိုခဲ့လျှင် ဝမ်မင် ဘယ်နေရာကိုပဲ ရောက်နေပါစေ.. သူက ချက်ချင်း ခြေရာခံနိုင်မည် ဖြစ်သည်။
“ဒီမုန်းစရာကောင်းတဲ့ကောင်… သူတကယ်ပဲ တစ်ခုခု ဖြစ်နေတာလား”
ဝမ်လင်းက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။
ကံဆိုးမှုအချို့က ဝမ်မင်ထံတွင် သက်ရောက်ခဲ့သည်မှာ ထင်ရှားနေသည်။
ထို့အပြင် မှော်ပစ္စည်း အချို့က ဝမ်မင်၏ အရှိန်အဝါကို ပိတ်ဆို့ထားနိုင်ဖွယ် ရှိသည်။
ဝမ်လင်းအနေဖြင့် ဝမ်မင် မည်သည့်နေရာတွင် ရှိနေသည်ကို အတိအကျ မသိသော်လည်း ဝမ်မင်က ထွက်ခွာသွားခြင်း မရှိသေးဘဲ အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းပုရဝဏ်ထဲတွင် ရှိနေသည်ကိုတော့ အသေအချာ သိသည်။
သူက ဝမ်မင်၏ အရှိန်အဝါကို ခြေရာခံရန် ဝိညာဉ်ရေး အာရုံကို အသုံးမချနိုင်ခဲ့သောကြောင့် အခြားနည်းလမ်း တစ်ခုကို စဉ်းစားလိုက်သည်။
ဝမ်လင်းက လူသူကင်းမဲ့နေသော သစ်ပင်ငယ် တစ်ပင်၏ အရိပ်ကျသော နေရာသို့ လျှောက်သွားခဲ့သည်။
ထို့နောက် သူ့ခေါင်းပေါ်တွင် ကြောင်နားရွက်တစ်စုံ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးက သေးငယ်သွားကာ အဖြူအမည်း ပါရှန်ကြောင် တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွား၏။
ဤအရေးကြီးသည့် အခိုက်အတန့်တွင် သူပထမဆုံး တွေးမိခဲ့သည်မှာ အမှတ်၅၉ အထက်တန်းကျောင်း၏ ချယ်ရီသစ်တောထဲမှ ကြောင်အလေအလွင့် အုပ်စု ဖြစ်သည်။
ဝမ်မင်ကို အချိန်တိုအတွင်း လျင်မြန်စွာ ရှာတွေ့ရန် ဝမ်လင်းက သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာကို ပြတ်သားစွာ ပြုလုပ်ခဲ့တော့သည်။
အပိုင်း(၅၄) ပြီး၏
အပိုင်း(၅၅) အင်မော်တယ်ကြောင်
ကျောင်းမှာ ပြဿနာကြုံသော အခါမျိုးတွင် ဝမ်လင်း၏ ပထမဆုံး အတွေးမှာ တခြား ကျောင်းသားများ ဒါမှမဟုတ် ဆရာများ ဆီကနေ အကူအညီ တောင်းဖို့ မဟုတ်ပေ။
တစ်စိတ်တစ်ပိုင်းအားဖြင့် ဝန်ခံရလျှင် အေးစက်စက် နေတတ်သူ အဖြစ်မှ ဖော်ရွေသောသူ အဖြစ်သို့ ပြောင်းလဲသွားမည်ကို သူ မလိုလားချေ။
တခြားလူတွေကို သူ့အတွက် တစ်ခုခု လုပ်ပေးရန် အကူအညီတောင်းသည့် အလေ့အထ သူ့တွင်မရှိပေ။
သူက တစ်ယောက်တည်း နေလေ့ရှိပြီး ပြဿနာ ကြုံလာလျှင်လည်း သိုသိုသိပ်သိပ်သာ ဖြေရှင်းတတ်သူ ဖြစ်သည်။
သူ့အတွက် အခြားကျောင်းသားများ သို့မဟုတ် ဆရာများထံမှ အကူအညီ ရယူရန် သူတစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
ထို့ကြောင့် ဤကဲ့သို့သော အရေးပေါ် အခြေအနေမျိုးတွင် အသုံးချရန် အထူး အသိုက်အဝန်း တစ်မျိုးကို စုဆောင်း ပြင်ဆင်ထားခဲ့သည်။
၎င်းတို့မှာ ပန်းများကြားတွင် ဟစ်ကြွေးနေသော ပျားလေးများ.. နေရာမှန်သမျှကို ဝင်ရောက်နိုင်သော ပုရွက်ဆိတ်လေးများ သို့မဟုတ် ကျောင်းမြေပြင်တွင် ကျင်လည်ကျက်စားသော လေလွင့်ကြောင်လေးများ…..
မည်သို့ပင်ဆိုစေကာမူ ဝမ်လင်း စုရုံး ပြင်ဆင်ထားသော အင်အား အလုံးအရင်း များသည် လူသားများ မဟုတ်ပေ။
တကယ်တမ်းတွင် ပျားဖြစ်စေ ပုရွက်ဆိတ် ဖြစ်စေ အကန့်အသတ်တွေ ရှိကြသည်။
၎င်းတို့က အရေအတွက် များသော်လည်း ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးမှုကြောင့် ဝမ်လင်းအနေဖြင့် ၎င်းတို့ကို ထိန်းချုပ်ရန် ခက်ခဲခဲ့သည်။
ယင်းမှာ နွားတစ်ကောင်ကို သာယာနာပျော်ဖွယ်ရှိသည့် ဇိသာသံစဥ် တီးပြလျှင် အသုံးမဝင် သကဲ့သို့ပင်။
ထို့ကြောင့် ယနေ့ခေတ် ကျောင်းများတွင် နေထိုင်ကြသော လေလွင့်ကြောင်များမှာ သူစုဆောင်းထားသမျှ အင်အားစုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆရမည် ဖြစ်သည်။
………………..
လေလွင့်ကြောင် အားလုံးအတွက် ယေဘုယျ နေထိုင်ခြင်း ဖြစ်သည့် အစာစားခြင်း၊ အိပ်စက်ခြင်း၊ နေပူစာလှုံခြင်း တို့အပြင် ၎င်းတို့ လုပ်ဆောင်ရမည့် အရေးကြီးဆုံး အချက်မှာ ၎င်းတို့နှင့် သင့်လျော်သည့် အဖွဲ့အစည်းတစ်ခုကို ရှာဖွေပြီး ခေါင်းဆောင်များ၏ စောင့်ရှောက်မှု အောက်တွင် ကျန်းမာစွာ ကြီးပြင်းလာခြင်း ဖြစ်သည်။
လေလွင့်ကြောင်လေးများက ကလေကချေ ဘဝကို ကြုံတွေ့ရပြီးနောက် ၎င်းတို့ကို မွေးမြူရန် မည်သူမှ ဆန္ဒမရှိကြသည့် ကြေကွဲဖွယ် ဖြစ်ရပ်ကို နောက်ဆုံးတွင် သိရှိ လာကြသည်။
ထို့ကြောင့် လေလွင့်ကြောင်လေးများက ၎င်းတို့၏ သိမ်ငယ်စိတ်ကို စွန့်လွှတ်ကာ အုပ်စုတစ်ခုခု၏ စောင့်ရှောက်မှုအောက်တွင် ခိုလှုံလေ့ ရှိကြသည်။
လေလွင့်ကြောင်လေး အားလုံးနီးပါးမှာ ထိုအတိုင်းပင်။
ယနေ့အချိန်အခါတွင်မူ လေလွင့်ကြောင် တစ်ကောင်က မည်သည့် အဖွဲ့ဝင်မှ မဟုတ်လျှင် ဆားနယ်ခြောက် တစ်ဖဲ့ကိုပင် မရရှိနိုင်တော့ပေ။
ယင်းမှာ ကြောင်မှု အဖွဲ့အစည်း၏ ရက်စက် ကြမ်းကြုတ်သော အမှန်တရား ဖြစ်သည်။
လေလွင့်ကြောင်များက ရမ်းကားပုံ ပေါက်နေသော်လည်း အမှန်တကယ်တွင် အထက်မှ ချမှတ်ထားသည့် တင်းကျပ်သော စည်းမျဥ်းများကို လိုက်နာကြသည်။
၎င်းတို့က သတ်မှတ်ချိန် တစ်ခုတွင်သာ အပြင်ထွက်ကြပြီး သတ်မှတ်ထားသော အချိန်၌ လျှို့ဝှက်စခန်းသို့ ပြန်လာကြလေ့ ရှိ၏။
ထို့ကြောင့် အမှောင်ထဲတွင် ပုန်းအောင်းနေသော မည်သည့် မကောင်းဆိုးဝါးများမှ သူတို့ကို ထိခိုက် နစ်နာစေမည့် အခွင့်အရေး မရရှိခဲ့ပေ။
အချုပ်အားဖြင့် ဆိုရလျှင် ပိုင်ရှင်၏ အကာအကွယ် မရရှိသော ဤ လေလွင့်ကြောင် အုပ်စုမှာ အမှန်တကယ်ပင် စည်းလုံး ညီညွတ်ကြသည်။
ဥပမာအားဖြင့် ဖေးယန် ခရိုင်ရှိ လေလွင့်ကြောင်များတွင် အုပ်စု အမျိုးမျိုး ရှိကြသည်။
၎င်းတို့ကြားတွင် ပြိုင်ဆိုင်မှုအပြင် ပူးပေါင်း ဆောင်ရွက်မှုများလည်း ရှိသည်။
ကြောင်လောကမှာ တကယ်တမ်းတွင် လူအများ ထင်ထားသလောက် မရိုးရှင်းပေ။
ကြောင်များတွင်လည်း လူသားများကဲ့သို့ အဖျက်အမှောင့် ဖန်တီးခြင်း၊ တိုက်ပွဲဝင်ခြင်းနှင့် နယ်မြေလုခြင်း ပြဿနာများ ရှိကြသည်။
သို့ရာတွင် ပုံသဏ္ဍာန် အရွယ်အစား အမျိုးမျိုးရှိသည့် မရေမတွက်နိုင်သော လေလွင့်ကြောင်များက တစ်ခုတည်းသော တည်ရှိမှု အပေါ်တွင် တူညီသော ယုံကြည်ချက်များ ရှိကြသည်။
အင်မော်တယ်ကြောင်…
အင်မော်တယ်ကြောင် နှင့်ပတ်သက်သော ဒဏ္ဍာရီများစွာ ရှိခဲ့သည်။
ထိုဒဏ္ဍာရီများမှာ အနည်းငယ် ချဲ့ကားပြောနေသည်ဟု ထင်ရသော်လည်း အမှန်တကယ် ဖြစ်ကြောင်း သက်သေခံနိုင်သည့်စီနီယာ လေလွင့်ကြောင်များမှာ ယခုအချိန်ထိ ရှိနေသေးသည်။
ပထမဆုံး ဒဏ္ဍာရီ… အင်မော်တယ်ကြောင်၏ မူလအစ…
အင်မော်တယ်ကြောင် ဘယ်အချိန်က စပေါ်လာသည်ကို ကြောင် တော်တော်များများ မမှတ်မိပေ။
ရုတ်တရက် ကြုံရာကျပန်း ပေါ်လာတတ်သည်ကိုသာ သူတို့သိသည်။
အင်မော်တယ်ကြောင်က မြူခိုးများ ဝိုင်းရံကာ ရုတ်တရက် ပေါ်လာတတ်သည်။
မြူခိုးများ ဝန်းရံနေသည့် အင်မော်တယ် ဟန်ပန်က ကြောင်များကို စွဲမှတ်သွားစေသည်။
အင်မော်တယ်ကြောင် ဟူသည့် ဘွဲ့ထူးသည် ထိုကဲ့သို့ဖြစ်လာခြင်းပင်။
………………….
ဒုတိယဒဏ္ဍာရီ.. အင်မော်တယ်ကြောင်၏ စွမ်းဆောင်ရည်…
ယင်းမှာ ၎င်းပတ်ပတ်လည်တွင် ဝန်းရံနေသည့် ဆန်းကြယ်သော မြူခိုးပုံရိပ်ကြောင့် မဟုတ်ဘဲ မွေးရာပါ ဂုဏ်သရေရှိ ပညာရှိ ဟန်ပန်နှင့် ပိုသက်ဆိုင်သည်။
ထို့အပြင် ကြောင်တိုင်းနီးပါးက ၎င်း၏ အသွင်အပြင်နှင့် အတူ ၎င်း၏ အံ့မခန်းဖြစ်ရပ်များကို အမြဲ အမှတ်ရနေကြသည်။
ပထမဦးစွာ ၎င်းက ဖေးယန်ခရိုင် အောက်ရှိ ကီလိုမီတာ ငါးထောင် ကျယ်ဝန်းသော ရေဆိုးမြောင်းကို သိမ်းပိုက်ထားသည့် ကြွက်များကို လက်တစ်ဖက်တည်းဖြင့် သုတ်သင် ရှင်းလင်းခဲ့ပြီး ခိုကိုးရာမဲ့နေသော ကြောင်များစွာ အတွက် နေထိုင်စရာနေရာ လုံလောက်အောင် ဖန်တီးပေးနိုင်ခဲ့သည်။
ကြွက်များက ကြောင်များထက် ဆယ်ဆ မျိုးပွားနှုန်း မြန်၍ အချိန်ကြာလာသည်နှင့်အမျှ ကြွက် အရေအတွက်မှာ ကြောင် အရေအတွက်ထက် ပိုများလာခဲ့သည်။
အကယ်၍ အင်မော်တယ်ကြောင် ကြောင့်သာ မဟုတ်လျှင် ကြောင်များက ရေဆိုးမြောင်းများတွင် အခြေစိုက် စခန်းချရန် နေနေသာသာ.. နေထိုင်စရာ နေရာပင် အလုံအလောက် ရှိမည်မဟုတ်ပေ။
အင်မော်တယ်ကြောင်၏ စွမ်းဆောင်မှုက ကြောင်များကို ကြီးမားစွာ အကျိုးပြုခဲ့သည်မှာ အမှန်တရားပင်။
ထိုအချိန်က ဖေးယန်ခရိုင်ရှိ ကြွက်များမှာ တကွဲတပြားစီ ခြေကုန်သုတ်၍ ထွက်ပြေးခဲ့ရ၏။
အချို့မှာ အင်မော်တယ်ကြောင်၏ ဝိညာဉ်ရေး ဖိအား အောက်တွင်ပင် အသက် ထွက်သွားကြသည်။
ထိုကြွက်များကို လေလွင့်ကြောင်များက အစာအဖြစ် ကောက်ယူခဲ့ကြ၏။
ဒုတိယ စွမ်းဆောင်မှု အနေဖြင့် အင်မော်တယ်ကြောင်က လေလွင့်ကြောင်များကို စီမံခန့်ခွဲသည့် ပညာရပ်များ သင်ကြားပေးခဲ့သည်။
ယခုအချိန်တွင် လေလွင့်ကြောင်များမှာ ၎င်းတို့ကို ကျွေးမွေးထောက်ပံ့မည့် သခင် မရှိလျှင်ပင် အိမ်ရှိသွားကြပြီ ဖြစ်သည်။
မြောင်းထဲတွင် တည်ထောင်ထားသည့် အခြေစိုက်စခန်းမှာ ယခုအခါတွင် ၎င်းတို့၏ အိမ် ဖြစ်လာသည်။
၎င်းတို့ တစ်ဦးစီတိုင်းက အင်မော်တယ်ကြောင်၏ အကျိုးကျေးဇူးကြောင့် အိမ်မွေးကြောင်များ၏ ကဲ့ရဲ့ရှုပ်ချခြင်းကို လုံးဝ လျစ်လျူရှုနိုင်ခဲ့သည်။
တတိယမြောက် စွမ်းဆောင်ရည်မှာ လေလွင့်ကြောင်များကိုခြိမ်းခြောက် အနိုင်ကျင့်လေ့ ရှိသည့် လေလွင့်ခွေးများကို မောင်းထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က ဟက်စကီး ဦးဆောင်သော ခွေးလေခွေးလွင့် များသည် အင်မော်တယ်ကြောင်၏ စွမ်းအားကြောင့် ရူးမတတ် ထိတ်လန့်ကာ ထွက်ပြေးသွားခဲ့ရ၏။
……………….
တတိယဒဏ္ဍာရီ… အင်မော်တယ်ကြောင်၏ စွန့်ခွာခြင်း
ဤအချက်သုံးချက်ကို လုပ်ဆောင်ပြီးနောက် အင်မော်တယ်ကြောင်က ဖေးယန် ခရိုင်ရှိ ကြောင်များ၏ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
လေလွင့်ကြောင်များက အင်မော်တယ်ကြောင်ကို ရှာဖွေရန် မျိုးစုံ ကြိုးပမ်းခဲ့ကြသည်။
အချို့ဆိုလျှင် သစ်ပင်ပေါ်သို့ တက်ကာ ၂၄နာရီ ရက်သတ္တပတ်လုံး သစ်ပင်ပေါ်ကနေ အင်မော်တယ်ကြောင် ထွက်လာမည့် အချိန်ကို စောင့်ကြည့်ခဲ့ကြ၏။
ကံမကောင်းစွာပင် သူတို့၏ ကြိုးစားအားထုတ်မှု အားလုံးက အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
အဘွားအိုကို တခဏတာ လမ်းဖြတ်ကူးပေးသည့် ကျေးဇူးရှင်ကဲ့သို့ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီး ဘယ်သောအခါမှ ပေါ်မလာတော့ပေ။
သို့သော်လည်း အင်မော်တယ်ကြောင်မှာ ဖေးယန် ခရိုင်ရှိ လေလွင့်ကြောင်များ အားလုံး၏ နှလုံးသားထဲတွင် ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်သည်။
ဤယုံကြည်ချက်က အခြား ခရိုင်များ ဘက်သို့ပင် ပျံ့နှံ့သွားခဲ့သည်။
ထို့ကြောင့် အခြားခရိုင်များရှိ လေလွင့်ကြာင်များ ကျင့်သုံးသည့် စီမံခန့်ခွဲမှုနှင့် ယဥ်ကျေးမှုများသည် ဖေးယန်ခရိုင်ရှိ ကြောင်များနှင့် နက်ရှိုင်းစွာ သက်ရောက်မှု ရှိသည်ဟု ဆိုနိုင်သည်။
…………………
စတုတ္ထ ဒဏ္ဍာရီ… အင်မော်တယ်ကြောင်၏ အသွင်အပြင်…
လေလွင့်ကြောင် လောကတွင် အင်မော်တယ်ကြောင်၏ ပုံသဏ္ဍာန်နှင့် ပတ်သက်၍ ထင်မြင်ချက် အမျိုးမျိုး ရှိခဲ့သည်။
၎င်းက လူသားကဲ့သို့ အရပ် တစ်ရာ့ရှစ်ဆယ် စင်တီမီတာ ရှည်ပြီး ကြောက်မက်ဖွယ် ကောင်းသော အစွမ်းထက် ကြွက်သားများ ရှိသည့် သန္ဓေပြောင်း ကြောင်တစ်ကောင်ဟုလည်း ဆိုကြသည်။
ထွားကြိုင်းသော အပြာရောင် ကိုယ်ထည်နှင့် အနီရောင် နှာတံ ရှိသည့် အနာဂတ်ကမ္ဘာမှ ဂြိုလ်သား စက်ရုပ်ကြောင် ဟုလည်း ဆိုကြသလို အင်မော်တယ်ကြောင်ကို ဝန်းရံနေသည့် မြူခိုးများမှာ ၎င်းထံတွင် တပ်ဆင်ထားသည့် ရေနွေးငွေ့ အင်ဂျင်ဖြင့် ထုတ်လုပ်နိုင်ဖွယ် ရှိသည်ဟုလည်း ဆိုကြသည်။
ထုံးစံအတိုင်း ၎င်း၏ အသွင်အပြင်နှင့် ပတ်သက်သည့် ဤခန့်မှန်းချက်များမှာ ယုံနိုင်စရာ မရှိပေ။
အင်မော်တယ်ကြောင်၏ ပုံသဏ္ဍာန်အမှန်ကို စီနီယာ လေလွင့်ကြောင်များကသာ သိရှိထားကြသည်။
ကြောင်အိုကြီး တစ်ကောင်ကမူ မြူခိုးအငွေ့များ ကြားမှ အင်မော်တယ်ကြောင်၏ ပုံသဏ္ဍာန်ကို တစ်ကြိမ် မြင်တွေ့ဖူးသည်။
သူမြင်ခဲ့ရသည့် အင်မော်တယ်ကြောင်၏ အသွင်အပြင်မှာ အဖြူအမည်း ပါရှန်းကြောင် ဖြစ်၏။
အပိုင်း(၅၅) ပြီး၏
အပိုင်း(၅၆) ကျန့်ထန်ကို ရှာပေးပါ
ဝမ်လင်းက စိတ်ဝိညာဥ် စုဆောင်းခြင်း သစ်ပင်ပေါ်သို့ သွက်သွက်လက်လက် ခုန်တက်ကာ အဝေးကို စိုက်ကြည့်ရင်း မျက်လုံးများကို ခဏ မှိတ်ထားလိုက်သည်။
ကြောင်တစ်ကောင်၏ ခန္ဓာကိုယ်က အလွန်ပေါ့ပါးသဖြင့် သိမ်မွေ့စွာ ခုန်တက်နိုင်ခဲ့သည်။
လူသားတစ်ယောက် ဆိုလျှင် လွယ်လွယ်ဖြင့် ခုန်တက်၍ ရမည် မဟုတ်ပေ။
သို့ရာတွင် ဝမ်လင်းက ကြောင်လှုပ်ရှားပုံနှင့် ပတ်သက်၍ အနည်းငယ် ကျင့်သားရမနေခဲ့ပေ။
ကြောင်အဖြစ် ပြောင်းလဲပြီးနောက်တွင် သူ၏ အမြင်အာရုံက သိသိသာသာ လျော့ကျသွားသည်။
မည်သို့ပင်ဖြစ်စေ သူက ဟဲပီဖုန်းထက်တော့ ကြောင်ခန္ဓာကိုယ်ကို ထိန်းချုပ်ရာတွင် ပိုကျွမ်းကျင်နေသေးသည်။
ဟဲပီဖုန်း အသုံးပြုခဲ့သည့် အရာမှာ အဆင့်မြင့် မန္တန် တစ်ခုသာ ဖြစ်ပြီး ဝမ်လင်း အသုံးပြုသည့် မန္တန်မှာ မဟာတာအို သုံးထောင် အနက်မှ “ကြီးမြတ်သော အသွင်ပြောင်းလဲခြင်း မန္တန်” ဖြစ်သည်။
မန္တန်နှစ်ခု၏ အကျိုးသက်ရောက်မှုက တူညီသော်လည်း တစ်ခုချင်းစီ၏ စွမ်းအားကမူ ကွဲပြားသည်။
အဆင့်မြင့် မန္တန်ကို အသုံးပြု၍ အသွင်ပြောင်းလဲခြင်းသည် အသွင်ပြောင်းလိုသော ပုံသဏ္ဍာန်ကို လေ့ကျင့်ရန်နှင့် ရင်းနှီးရန် အချိန်များစွာ လိုအပ်သည်။
အသွင်ပြောင်းလိုသော အရာဝတ္တု၏ အရွယ်အစားပေါ်လိုက်၍ အသွင်ပြောင်းထားသည့် ကြာချိန်က နည်းလေ ဖြစ်သည်။
ကြီးမြတ်သော အသွင်ပြောင်းလဲခြင်း မန္တန်ကို အသုံးပြု၍ အသွင်ပြောင်းလဲခြင်းကမူ အသွင်ပြောင်းလိုက်သောပုံသဏ္ဍာန်ကို အချိန်အတော်ကြာအောင် ထိန်းသိမ်းထားနိုင်ပြီး အသွင်ပြောင်း ပုံသဏ္ဍာန်၏ အရွယ်အစားက ခန္ဓာကိုယ်ကို သက်ရောက်မှု ရှိမည် မဟုတ်ပေ။
ထို့အပြင် စိတ်ဝိညာဉ်ကလည်း အသွင်ပြောင်းလဲခြင်း မန္တန်ကြောင့် မသက်မသာ ဖြစ်မည် မဟုတ်ချေ။
ရှင်းလင်းစွာ ပြောရလျှင် တစ်ခုက အဆင့်မြင့်မန္တန် တစ်ခုသာ ဖြစ်ပြီး နောက်တစ်ခုက မဟာတာအို သုံးထောင်ထဲက တစ်ခု ဖြစ်သည်။
ယင်းမှာ မန္တန်နှစ်ခု၏ အဓိက ကွာခြားချက်ပင်။
စိတ်ဝိညာဉ်စုဆောင်းခြင်း သစ်ပင်၏ ထိပ်တွင် ရပ်နေသော ဝမ်လင်းက ချယ်ရီသစ်တောထဲမှ ကြောင်ကလေးများကို ခြေရာခံရန် သူ၏ ဝိညာဉ်အာရုံများကို ဖြန့်ကျက်လိုက်သည်။
ဤနေရာရှိ ကြောင်သူဌေးက ကျန့်ထန်ဟု ခေါ်သည်ကို ယခင်က သူကြားဖူးသည်။
ဤလေလွင့်ကြောင်များကို အမိန့်ပေးချင်လျှင် ကြောင်သူဌေး ကျန့်ထန်က လွဲ၍ မည်သူမှ သူတို့ကို လှုံ့ဆော်နိုင်မည် မဟုတ်ပေ။
လေလွင့်ကြောင်များ၏ စီမံခန့်ခွဲခြင်း စည်းမျဥ်းများသည် အလွန် တင်းကျပ်သည်။
ထိုစည်းမျဉ်းများမှာ တစ်ချိန်က ဝမ်လင်းကိုယ်တိုင် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပြီး လေလွင့်ကြောင်များ ကြားတွင် ရေပန်းစားခဲ့သော စီမံခန့်ခွဲမှု စနစ် ဖြစ်သည်။
သူ ကြောင်လောကမှ ထွက်သွားပြီးနောက် ဤကြောင်များက သူ့ စီမံခန့်ခွဲရေးစနစ်အား တင်းကြပ်စွာ လိုက်နာနေသေးသည်ကို မြင်လျှင် သူအနည်းငယ် အံ့အားသင့်မိသွားသည်။
ကြောင်များက နယ်မြေ နှင့် အစားအစာ အရင်းအမြစ်များတွင် အသေးအဖွဲ ငြင်းခုံမှုများ ရှိနေဆဲ ဖြစ်သော်လည်း ဘုံရန်သူကို ရင်ဆိုင်ရမည့် အကြပ်အတည်း ကာလများတွင် စည်းလုံးမှု အားကောင်းသည်။
ဤအရာများကို ဝမ်လင်းက ရည်ရွယ်ချက်ရှိရှိ အာရုံစိုက်ခဲ့၍ သိရှိခြင်း မဟုတ်ပေ။
နေ့စဥ် ကျောင်းသွားရာလမ်းတွင် လမ်းထောင့်မှ လေလွင့်ကြောင်လေးများ၏ အတွေးများကို သူ၏ စိတ်ဖတ်စွမ်းရည်ဖြင့် ဖတ်မိရာမှ အားလုံးကို သိရှိခဲ့ခြင်း ဖြစ်သည်။
သူအရင်တုန်းက သတ်မှတ်ခဲ့သည့် စည်းမျဉ်းများကနေ အသီးအပွင့် အများအပြား အမှန်တကယ် ဖြစ်ထွန်းလာခဲ့ပုံ ရသည်။
ယင်းက ကမ္ဘာကြီးကို ကယ်တင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မည်ဟု သူမထင်ထားမိပေ။
ကမ္ဘာပျက်ဖို့က တစ်နာရီသာ ကျန်တော့သည်။
ယခုအခါတွင် အရာအားလုံး၏ သော့ချက်မှာ ကျန့်ထန်ကိုရှာဖွေရန် ဖြစ်ပြီး ကျန့်ထန်၏ အာဏာဖြင့် ဝမ်မင်ကို ဆက်လက် ရှာဖွေရန် ဖြစ်၏။
လူအများ စွန့်ပစ်ထားခဲ့သည့် လေလွင့်ကြောင်လေးများက ကမ္ဘာကြီးကို ကယ်တင်နိုင်မည့် သော့ချက် ဖြစ်လာမည်ဟု မည်သူကမှ စိတ်ကူးပင် ယဉ်မိမည် မဟုတ်ပေ။
……………….
ဝမ်လင်းက လေလွင့်ကြောင်လေးများ ကြားတွင် စီမံခန့်ခွဲမှုအယူအဆကို အုတ်မြစ်ချပေးခဲ့သည်။
ဖေးယန်ခရိုင်ရှိ ကြောင်များ၏ နေထိုင်မှုနေရာနှင့် အစားအသောက် ပြဿနာများကို ဖြေရှင်းပြီးနောက် ဝမ်လင်းက အနားယူရန် ရွေးချယ်ခဲ့သည်။
သူက ခရိုင်ရှိ ကြောင်သူဌေး အများအပြားကို မှတ်မိနေသေးသော်လည်း အများစုမှာ ပထမမျိုးဆက်မှ ကြောင်ခေါင်းဆောင်များ ဖြစ်ကြသည်။
ထိုအထဲတွင် သူ့ကို အထင်ကြီးဆုံး ကြောင်သုံးကောင်မှာ “ကျားလေးများ”ဟု ခေါ်သည့် ကြောင်အာဏာရှင် သုံးကောင် ဖြစ်သည်။
၎င်းတို့မှာ ဝရဇိန်ကျား ထျန်းရှစ်၊ ခန့်ညားသောကျား စုန့်စီနှင့် ကျားငယ်လေး ယွမ်ချွီတို့ ဖြစ်ကြသည်။
ဤ ကြောင်အာဏာရှင် သုံးကောင်က ယခုအခါတွင် နောက်ကွယ်မှ ကြိုးဆွဲနေသော ကြောင်အိုကြီးများ ဖြစ်သွားခဲ့ပြီ ဖြစ်၏။
ဤနှစ်များ တစ်လျှောက်တွင် ၎င်းတို့၏ တိုးတက်မှု အတိုင်းအတာ အရ ဤကြောင်အာဏာရှင် သုံးကောင်မှာ ယခုအခါ ကြောင်စစ်တပ် တစ်ခုခု၏ စစ်ဦးချုပ်များပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ကျန့်ထန်က အမှတ် ၅၉ အထက်တန်းကျောင်းရှိ လေလွင့်ကြောင်များ၏ ကြောင်သူဌေး ဖြစ်သည်။
သူ့ရာထူးက နိမ့်သော်လည်း ကြောင်တွေထဲတွင် ခေါင်းဆောင် တစ်ဦးအဖြစ် သတ်မှတ်ခံရဆဲပင်။
“ရွာသူကြီးကို ထောက်ပံ့ရေးရဲဘော်က လျစ်လျူမရှုသင့်” ဟူသည့် စကားပုံ တစ်ခု ရှိသည်။
ဝမ်လင်းက ရွာသူကြီးကို ခွဲခြားဆက်ဆံခြင်း မပြုသလို ကြောင်ကိုလည်း ခွဲခြားဆက်ဆံခြင်း မပြုခဲ့ပေ။
တစ်နေ့တာ စာသင်ချိန် ပြီးဆုံးသွားပြီ ဖြစ်သည်။
ချယ်ရီဥယျာဥ်ထဲတွင် ကျောင်းသားများ ပြန့်ကျဲနေပြီး ပန်းများကို ကြည့်ရှုနေကြသည်။
ဝမ်လင်းကမူ လေထဲမှ တဆင့် အရှိန်အဝါများကို ခြေရာခံနေ၏။
ခဏအကြာတွင် သူက ချယ်ရီပင်များ အောက်တွင် လဲလျောင်းနေသော မနေ့က ကြောင်များကို အလျင်အမြန် ရှာတွေ့ခဲ့သည်။
ဤကြောင်အားလုံးမှာ မျိုးကွဲများ ဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက စွန့်ပစ်ခံခဲ့ရသော ကြောင်များ ဖြစ်၏။
ဝမ်လင်းက ကြောင်ကျွမ်းကျင်သူ မဟုတ်၍ ၎င်းတို့၏ အသွင်အပြင်ကို ကြည့်ရုံမျှဖြင့် ဤကြောင်တွေက မည်သည့် မျိုးကွဲများဟု မပြောနိုင်ပေ။
သို့သော် ဤအရာတွေ အားလုံးက အရေးမကြီးပေ။
ကျန့်ထန်ကို ရှာချင်လျှင် ဤကြောင်တွေကို လမ်းပြ အဖြစ် လုပ်ခိုင်းဖို့ လိုအပ်သည် မဟုတ်လော။
သူက ကျန့်ထန်ကို တစ်ခါမှ မမြင်ဖူး၍ ကျန့်ထန်၏ အရှိန်အဝါနှင့် မရင်းနှီးပေ။
သို့မဟုတ်လျှင် သူကိုယ်တိုင် ခြေရာခံပြီး တိုက်ရိုက် တွေ့ဆုံလိုက်မည် ဖြစ်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ချယ်ရီပင်အောက်ရှိ ကြောင်များဆီသို့ လျှောက်သွားလိုက်သည်။
ကြောင်များ အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ သူတို့ ပြောနေသော စကားများကို သူ့ စိတ်ထဲကနေ ကြားလိုက်ရသည်။
ခေါင်းဆောင်ဖြစ်ပုံရသည့် ကြောင်ကြီး “ဟေ့ကောင်တွေ ကြည့်စမ်း.. ဟိုမှာ အလန်းလေး တစ်ဗွေ လာနေပြီ”
ဒုတိယကြောင် “ဝိုး.. အဖြူအမည်း ပါရှန်း ကြောင်မလေးပါလား”
တတိယကြောင် “သူမ အမွေးတွေက တကယ်လှတယ်.. ကြောင်တွေထဲမှာ အလှဘုရင်မလေး ဖြစ်မယ်လို့ ငါထင်တယ်”
စတုတ္ထကြောင် “သူဌေးကို အကြောင်းကြားမယ် လို့တော့ မပြောနဲ့နော်”
ထိုစကားကိုကြားလျှင် ကြောင်ကြီးက ပြုံး၍ ပြောလိုက်သည်။
“သူဌေး မဟုတ်ရင် ဘယ်သူက ဒီလို အလန်းလေးနဲ့ ထိုက်တန်မှာလဲကွ.. အလှလေးတွေ ဆိုတာ သန်မာတဲ့ သူတွေနဲ့ပဲ လိုက်ဖက်တာ မဟုတ်လား”
ဝမ်လင်း”…………..”
“သောက်ချီးပဲ.. မင်းတို့ကောင်တွေ အထီးအမတောင် မခွဲတတ်တော့ဘူးလား”
လှပသော ပါရှန်ကြောင် အဖြစ် အသွင်ပြောင်းရန် ရွေးချယ်လိုက်သည်က အမှားကြီးတစ်ခုဟု တွေးမိကာ သူ နောင်တရမိသွားသည်။
ဝမ်လင်းက သူတို့ ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်ကို မြင်လျှင် ကြောင်ကြီးက ပါရှန်းကြောင်မလေး၏ အမွေးများက အနည်းငယ် ညစ်ပတ်နေပြီး ကြမ်းတမ်းနေသည်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် သူ့အနီးသို့ ရောက်လာသည်နှင့် နေရာတိုင်းကို နမ်း၍ ဆေးကြောပေးလိုက်သည်။
သူက ဖင်ကိုပင် အလွှတ်မပေးခဲ့ပေ။
“သောက်ချီး.. ဒါက ဘာလုပ်တာလည်းဟ”
ဝမ်လင်းက အနည်းငယ် ထိတ်လန့်သွားသော်လည်း ဤကြောင်များကို ပြဿနာရှာရန် စိတ်မ၀င်စားပေ။
သူက ကြောင်များကို စိုက်ကြည့်လိုက်ပြီး တိုက်ရိုက် ပြောလိုက်သည်။
“ကျန့်ထန် ဘယ်မှာလဲ ”
သူ၏ လေးနက်သော စကားသံကို ကြားလိုက်ရလျှင် ကြောင်လေးကောင်၏ စိတ်ထဲတွင် ချက်ချင်းပင် ရှက်ရွံ့သွားသည်။
“ချီးပဲ.. ငါတို့က အထီးအမ မှားနေကြပြီဟ”
ဤပါရှန်းကြောင်က ကြောင်အထီး ဖြစ်နေသည်။
ကြောင်ကြီး၏ မျက်နှာက ကြောင်မလေး တစ်ကောင်၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ဦးခေါင်းက မြေပြင်ပေါ်ပြုတ်ကျလုမတတ် ငိုက်စိုက်သွားသည်။
“ချီး.. ဘာလို့ အထီးဖြစ်နေရတာလဲ”
“…………….”
“ဒီအချိန်က အသည်းကွဲနေရမဲ့ အချိန် မဟုတ်ဘူး.. မင်းတို့ သူဌေးကျန့်ထန် ဘယ်မှာလဲ”
ဝမ်လင်းက ဤကြောင်တွေ၏ စိတ်အာရုံတွေက ညစ်ပတ်သည်ဟု ခံစားရသဖြင့် စိတ်ချင်း ဆက်သွယ်၍ မပြောဘဲ သာမန် အတိုင်းသာ ပြောဆိုခဲ့သည်။
ကြောင်ကြီးက အားပျော့သော လေသံဖြင့် ပြောလိုက်သည်။
“လက်တွဲဖော်မရှိတဲ့ ကြောင်တစ်ကောင်ရဲ့ ဘဝက ဘယ်လောက် အဓိပ္ပါယ်မဲ့လည်း ဆိုတာ မင်းမသိပါဘူးကွာ”
ဝမ်လင်းက လုံးဝ ပြန်မဖြေဘဲ နေလိုက်သည်။
“………..…”
ကံကောင်းထောက်မစွာဖြင့် သူကြိုတင် ပြင်ဆင်ထားခဲ့သည်။
မြေပြင်ပေါ်တွင် ဝိညာဉ်အလင်းရောင် တစ်ခု လင်းလက်လာပြီး ဆားနယ် ငါးအရသာ ခေါက်ဆွဲခြောက်ထုပ်များ ပေါ်လာသည်။
ဤအရာတွေ အားလုံးက ဝမ်လင်း အကြိုက်နှစ်သက်ဆုံးခေါက်ဆွဲခြောက် ကြွပ်ကြော်ထုတ်များ ဖြစ်၏။
သူက ထိုအရာများဖြင့် ကြောင်များကို အကူအညီတောင်းရန် ရည်ရွယ်ခဲ့သည်။
“အိုး.. အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ဆားနယ်ငါး အရသာ ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ပါလား”
ကြောင်လေးကောင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
ကြောင်ကြီးက ခွန်အားများ ပြန်ရလာသည့်နှယ် ထူထူထောင်ထောင် ပြန်ဖြစ်သွားပြီး ဝမ်လင်း၏ ခေါင်းကို ကျေကျေနပ်နပ်ကြီး ယက်ပေးလိုက်သည်။
“ဟားဟားဟား.. အစ်ကိုကြီး.. မင်းက အရမ်းဉာဏ်ကောင်းတာပဲ.. မင်းက ငါတို့ကို ရိုးရိုးသားသား မေးခဲ့တာ ဆိုတော့ မင်းကို ငါတို့ သူဌေးဆီ ခေါ်သွားပေးပါ့မယ်”
“…………”
ကြောင်ကြီး၏ မျက်နှာက စာအုပ်လှန်တာထက်ပင် ပို၍ လျင်မြန်စွာ ပြောင်းလဲသွား၏။
ဝမ်လင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
လေလွင့်ကြောင်လေးများ အားလုံးက အစာမက်လေ့ ရှိသည်မှာ သဘာဝပင် ဖြစ်၏။
ကြောင်ကြီးက အကန့်အသတ်ဖြင့် ထုတ်ထားသည့် ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ကို မြင်လိုက်ရလျှင် စိတ်လှုပ်ရှားသွားသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက ကြောင်လောက၏ လက်ရှိလည်ပတ်ပုံနှင့် ပတ်သက်၍ တွေးတောနေခဲ့၏။
သူရာထူးမှ နုတ်ထွက်ပြီး နှစ်အနည်းငယ် အကြာတွင် ဤအဆင့်နိမ့် ငယ်သားများက လာဘ်ပေးလာဘ်ယူမှု များကို အမှန်တကယ် လက်ခံနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဤကိစ္စကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး အသေအချာ ပြန်လည် ဖွဲ့စည်းရန် လိုအပ်နေသည်ဟု သူတွေးလိုက်သည်။
……………
ငါးမိနစ်ခန့် အကြာတွင် ကြောင်လေးကောင်၏ ဦးဆောင်မှုဖြင့် ဝမ်လင်းက ထောင့်တစ်နေရာရှိ ထူးထူးခြားခြား သေးငယ်သော အပေါက် တစ်ခုသို့ ဝင်ရောက်ခဲ့သည်။
ဤဝင်ပေါက်ကို ထူထဲသော ချယ်ရီပင် နှစ်ပင်ဖြင့် အပြည့်အဝ ပိတ်ဆို့ထား၍ လူသားတစ်ဦး၏ ရှုထောင့်မှ ရှာတွေ့ရန်မှာ အလွန်ခက်ခဲသည်။
အပေါက် သေးသေးလေး ထဲကို ဝင်သွားသောအခါ လူနေလမ်းကြားလေး တစ်ခုကို တွေ့လိုက်ရသည်။
လမ်းကြားလေး၏ အရှေ့ဘက်တွင် “တာဟွမ်လမ်း” ဟူသော ဆိုင်းဘုတ်တစ်ခု ရှိသည်။
ဝမ်လင်းက ကြောင်ကြီး နောက်ကနေ လိုက်လာရင်း လုံးပတ် ထူထဲသော သက်တမ်းရင့် မိုးမခပင်ကြီး တစ်ပင် ဆီသို့ ရောက်လာသည်။
လူငါးဦး ခြောက်ဦးလောက် လက်ချင်းချိတ်၍ မိုးမခပင်ကို ဖက်ထားလျှင်ပင် သက်တမ်းရင့် မိုးမခပင်၏ ထူထဲသော လုံးပတ်ကို ဖက်ရန် လုံလောက်မှု ရှိမည် မဟုတ်ပေ။
မိုးမခပင်က ဤနေရာတွင် အနည်းဆုံး နှစ်ပေါင်း ရာနှင့်ချီ ကတည်းက ရှိနေပုံရသည်။
ယခင်က မိုးကြိုး ထိမှန်ခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်ထိ မပြိုလဲကျဘဲ ခိုင်ခိုင်မတ်မတ် တည်ရှိနေသေးသည်။
ကြောင်များက မိုးမခပင်၏ ထိပ်ပေါ်သို့ ကျကျနန တက်ကာ ဝမ်လင်းကို လှည့်ကြည့်လိုက်သည်။
ထို့နောက်တွင် သူတို့က အလွန်သေးငယ်သော သစ်ခေါင်းပေါက်ဆီသို့ ကြည့်လိုက်ကြသည်။
ကျန့်ထန်၏ လေလွင့်ကြောင် စခန်းမှာ ထိုသစ်ခေါင်းပေါက်ထဲတွင်…
အပိုင်း(၅၆) ပြီး၏
အပိုင်း(၅၇) ကျန့်ထန်၏ လွတ်လပ်သော တပ်ရင်း
ဝမ်လင်းက သစ်ပင်ထိပ်သို့ အားစိုက်ထုတ်၍ ခုန်တက်ကာ သစ်ခေါင်းပေါက်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်သည်။
သစ်ခေါင်းတွင်းရှိ အဆုံးမရှိသော နေရာလွတ်ကို သူခံစားမိပြီး နယ်မြေ ချဲ့ထွင်မှု နည်းပညာကို အသုံးပြုထားကြောင်း ချက်ချင်း သိရှိခဲ့၏။
ယင်းမှာ ကြောင်သူဌေး ကျန့်ထန်၏ ဉာဏ်ရည် ထက်မြက်ပုံကို သက်သေပြနေသည်။
ကျန့်ထန်မှလွဲပြီး ဤနေရာ၌ နယ်မြေချဲ့ထွင်ရန် မည်သူမှ တွေးမိမည် မဟုတ်ပေ။
ယင်းအချိန်တွင် ကျန့်ထန်က ဤနေရာကို ဖန်တီးရန် များစွာအားထုတ်ခဲ့ရကြောင်း ကြောင်ကြီးက ဝမ်လင်းကို ဂုဏ်ယူစွာ ပြောပြခဲ့သည်။
ဝမ်လင်းက ကျန့်ထန်နှင့် မတွေ့ရသေးခင် နှစ်ပေါင်းသုံးရာ သက်တမ်းရှိသော မိုးမခပင်အိုကြီးကို အရင်ဆုံး တွေ့ခဲ့ရသည်။
ကြောင်ကြီး၏ အဆိုအရ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များက ရှေးဟောင်း မိုးမခပင်အိုကြီးကို ဝိညာဉ်ရေးရာ ဉာဏ်အလင်း ဖွင့်ပေးရန် ပေါင်းစည်းခဲ့သည်။
ကပ်ဘေး ဖြတ်ကျော်ခြင်း အဆင့်တက်သည့် ဖြစ်စဉ် အတွင်း မိုးမခပင်အိုကြီး၏ ခန္ဓာကိုယ်ကို မိုးကြိုးက ထိမှန်သွားခဲ့ပြီး မိုးမခပင်အိုကြီး၏ အသက်ဓာတ်ကို အမှတ်မထင် နှိုးဆွမိခဲ့၏။
ကျန့်ထန် သစ်ခေါင်းပေါက်ကို လျှို့ဝှက်နေရာ အဖြစ် အသုံးပြုနေသည်မှာလည်း မိုးမခပင်၏ အကြံဉာဏ်ပင် ဖြစ်၏။
နှစ်ပေါင်းများစွာ အချိန်ယူ၍ ကျင့်ကြံခဲ့ရသောကြောင့် မိုးမခပင်အိုကြီးက အထီးကျန်ခဲ့ရသည်။
ထို့ကြောင့် အဖော်များစွာနှင့် သူ့ကိုယ်သူ ဝန်းရံထားရန် တောင့်တခဲ့ခြင်း ဖြစ်၏။
“ဒီဝိညာဥ်သစ်ပင်က နိုးထလာတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ”
ဝမ်လင်းက ကြောင်ကြီးကို ကြည့်ကာ စိတ်ချင်း ဆက်သွယ်၍ မေးလိုက်သည်။
“မင်း သူ့ကို ဆရာကြီး ရှို့ လို့ခေါ်ရမယ်”
ကြောင်ကြီးက ဖန်ရှင်း၏ အခေါ်အဝေါ်ကို ပြင်ပေးလိုက်သည်။
“ဆရာကြီး ရှို့က အချိန်အတော်ကြာအောင် အိပ်ပျော်နေတတ်ပြီး ညနေမှ နိုးလာလေ့ရှိတယ်.. ဆရာကြီး ရှို့ရဲ့ မျိုးရိုးနာမည်ကတော့ ကျိုးပါ”
ဝမ်လင်း”………..”
“ကျိုးရှို့ရန်တော့ မဟုတ်ပါဘူးနော်”
(ကျိုးရှို့ရန်= ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံး အာရှဝတ္ထု ဆယ်အုပ် စာရင်းဝင်ခဲ့သည့် “အရူးတစ်ယောက်၏ ဒိုင်ယာရီ” စာအုပ်ကို ရေးသားခဲ့သော စာရေးဆရာ)
ထို့နောက် ဝမ်လင်းက ကြောင်များ နောက်သို့ လိုက်ကာ သစ်ခေါင်းပေါက်ထဲသို့ ခုန်ဝင်သွားခဲ့သည်။
သူတို့ ဝင်ရောက်လိုက်သည်နှင့် အာကာသ ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းသွားသလို အလင်းနှင့် အရိပ်တွေ အပြောင်းအလဲ ဖြစ်သွားပြီး နောက်ဆုံးတွင် အတွင်းထဲ၌ အလွန် ကြီးမားသော နေရာလွတ်ကြီးကို မြင်လိုက်ရသည်။
ဤနေရာက ရုပ်ရှင်နှင့် တီဗီ စီးရီးများတွင် တွေ့ရလေ့ ရှိသည့် လျှို့ဝှက် အခြေစိုက်စခန်းများ ကဲ့သို့ပင်။
ဤ နေရာတစ်ခုလုံးကို သူအပိုင်းနှင့်သူ သပ်သပ်ရပ်ရပ် ခွဲထားပြီး အသုံးပြုထားပုံရသည်။
အဖြူရောင်ဝတ်စုံ ဝတ်ထားသော ကြောင်များစွာ၏ ခေါင်းပေါ်မှ သူတို့နှစ်ယောက်က ဟန်ချက်ညီညီ ဖြတ်သန်းသွားခဲ့သည်။
ကြောင်ကြီးက ဖန်ရှင်းကို မိတ်ဆက်ပေးလိုက်သည်။
“သူတို့က သူဌေးကျန့်ထန်ရဲ့ တပ်ရင်းက သုတေသန အဖွဲ့ပါ။”
ထို့နောက် ဝမ်လင်းက အနီးနားရှိ ပြောင်းဖူးခင်း တစ်ခုတွင် တူညီ မျက်မှန်လေးများ ဝတ်ဆင်ထားသည့် စာငှက် ဒါဇင်ပေါင်းများစွာကို တွေ့လိုက်ရသည်။
“သူတို့က ငါတို့ တပ်ရင်းရဲ့ ဝေဟင်တပ်ခွဲပဲ”
ထို့နောက်တွင် ကြောင်ကြီးက အနက်ရောင်အဝတ်ကို မျက်နှာတစ်ဝက် အုပ်ထားသည့် ကြောင်တွေကို ညွှန်ပြလိုက်သည်။
“ဒီနင်ဂျာကြောင်တွေက စပိုင်တပ်ခွဲက တပ်ဖွဲ့ဝင်တွေပါ.. သံချပ်ကာ ယန္တရားတပ်ကတော့ သစ်ပင် အပြင်ဘက်မှာ ရှိတဲ့ လျှို့ဝှက်စခန်းတစ်ခုမှာ လေ့ကျင့်နေတယ်”
“…………..”
ဝမ်လင်းက မေးလိုက်သည်။
“ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါ.. မင်းတို့ တပ်ရင်းကို ဘယ်လိုခေါ်လဲ”
ကြောင်ကြီးက လူသား ဘာသာစကားဖြင့် ရေးထားသော ကျောက်ပြားငယ် တစ်ခုကို ညွှန်ပြလိုက်သည်။
လွတ်လပ်သောတပ်ရင်း..
ဝမ်လင်းက ကျောက်ပြားကို ခဏလောက် စူးစမ်း၍ ကြည့်လိုက်သည်။
ယင်းအချိန်မှာပင်ကြောင်ကြီးက ကျောက်ပြားကို နောက်တစ်ကြိမ် ညွှန်ပြ၍ ပြောလိုက်သည်။
“ဒီကျောက်ပြားရဲ့ နောက်ကျောမှာ ဆရာကြီး ရှို့ရန်ရဲ့ ကဗျာကို ရေးထွင်းထားတယ်”
ဝမ်လင်းက စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်ရာ ကျောက်ပြား၏ နောက်ကျောတွင် ကဗျာစာသား နှစ်ကြောင်း ရေးထွင်းထားသည်ကို တွေ့လိုက်ရသည်။
“ကျွန်ုပ်သည် ပြင်းထန်စွာ မျက်မှောင်ကြုတ်၍ ခေါင်းဆောင်၏ စကားကို နာခံရန် ငြင်းဆန်ခဲ့သည်
တစ်ဖက်တွင်မူ ခေါင်းဆောင်ကို ဦးညွှတ်လိုစိတ် ရှိခဲ့သည်”
“ဒါက ကဗျာရော ဟုတ်ရဲ့လား”
ဝမ်လင်း လုံးဝကို အံ့အားသင့်သွားသည်။
…………………….
နယ်မြေချဲ့ထွင်ခြင်း နှင့် တပ်ရင်း၏ ဖွဲ့စည်းပုံအရ ကျန့်ထန်မှာ အလွန် ဥာဏ်ကောင်းသော ကြောင်တစ်ကောင်ဟု ဆိုရမည်။
သူ့တပ်ရင်းတွင် သံချပ်ကာ ယန္တရားတပ်၊ စပိုင်တပ်နှင့် စာဌက်များဖြင့် ဖွဲ့စည်းထားသော ဝေဟင်တပ်ပင် ရှိနေသည်။
ဤသည်မှာ တကယ်ကို မယုံနိုင်စရာ ကောင်းနေ၏။
မိုးမခပင်အို အတွင်းရှိ နေရာက နယ်မြေချဲ့ထွင်မှု စွမ်းရည်ကို အသုံးချထားသဖြင့် အလွန်ပင် ကျယ်ဝန်းသွားသည်။
ဤစွမ်းရည်မှာ အသုံးအများဆုံး အမျိုးအစားဖြစ်၍ အံ့သြစရာတော့ မဟုတ်ပေ။
သို့သော် ဤနယ်မြေ ချဲ့ထွင်မှု စွမ်းရည်ကို သစ်ခေါင်းပေါက်လိုနေရာတွင် ကျယ်ဝန်းစွာ ချဲ့ထွင်နိုင်ခဲ့သည်မှာ ချီးကျူးစရာ ဖြစ်၏။
ယင်းက လေလွင့်ကြောင်လေးများ အတွက် နေစရာ လုံလောက်စေ၏။
ကျန့်ထန်၏ တပ်ရင်းဌာနသည် ဤအခြေစိုက်စခန်း၏ အတွင်းအကျဆုံး နေရာတွင် တည်ရှိသည်။
ကြောင်ကြီးက ဝမ်လင်းကို ရုံးခန်းတံခါး ဆီသို့ လမ်းညွှန်ခဲ့သည်။
ထို့နောက်တွင် သူ၏ ကြောင်များကို ဝမ်လင်းနှင့်အတူ တံခါးဝတွင် စောင့်ဆိုင်းစေလိုက်၏။
“အစ်ကို.. ဒီမှာ ခဏစောင့်ပါ.. ငါအရင် သတင်းပို့လိုက်ဦးမယ်”
ငါးမိနစ် မပြည့်မီမှာပင် ကြောင်ကြီးနှင့် အတူ ကျန့်ထန်က ရုံးခန်းထဲမှ ထွက်လာသည်။
ကျန့်ထန်က မည်းနက် တောက်ပြောင်သော အမွေးနှင့် ချွန်ထက်သော နားရွက်များကို ပိုင်ဆိုင်ထားသည်။
သူ၏ အမြီးတွင် လှပသော ကြေးနီခေါင်းလောင်း တစ်ခု တပ်ဆင်ထားသည်ကိုလည်း တွေ့ရ၏။
ထိုကြေးနီခေါင်းလောင်းမှာ လွတ်လပ်သော တပ်ရင်း၏ တပ်မှူးအဖြစ် ၎င်း၏ အာဏာကို မီးမောင်းထိုးပြနေသည်။
ဝမ်လင်းက ကြေးနီခေါင်းလောင်းကို ဝရဇိန်ကျား ထျန်းရှစ် တန်ဆာ ဆင်ထားပေးခြင်း ဖြစ်ကြောင်း အသေအချာသိသည်။
ထျန်းရှစ် ပျိုးထောင်ထားသည့် ကြောင်တွေသာ ဤကဲ့သို့ တစ်ဖက်လူ ရှိန်လောက်သည့် ပုံစံမျိုး ဟိတ်ဟန်ထုတ်တတ်ကြမည် ဖြစ်သည်။
ကျန့်ထန်၏ အသက်ရှုသံ ခပ်မျဥ်းမျဥ်းကြောင့် ဝမ်လင်းက ကျန့်ထန် ညစာစားနေသည်ကို မှန်းဆရန် မခက်ခဲခဲ့ပေ။
ထို့အပြင် ကျန့်ထန် စားနေသည့်အရာက ပင်လယ်စာ အစပ် အရသာ ဟော့ပေါ့ တစ်မျိုး ဖြစ်ကြောင်းလည်း သူသိ၏။
ကျန့်ထန်က ပါရှန်းကြောင်ကို မြင်လျှင် ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်သွားသည်။
တပ်ရင်းမှူး ရာထူးကို ရရှိထားသော ကျန့်ထန်မှာ ရုန့်ရင်းသော ကြောင်ကြီးထက် ပို၍ အကင်းပါးသည်။
ဒဏ္ဍာရီလာ အင်မော်တယ်ကြောင်က ပါရှန်းကြောင် အမျိုးအစားမှန်း သူကောင်းကောင်း သိသည်။
အထူးသဖြင့် ထျန်းရှစ်၊ စုန့်စီနှင့် ယွမ်ချွီတို့က ဤပါရှန်းမျိုးစိတ်ကို အထူး သတိထားပြီး စစ်ဆေးဖို့ သက်ဆိုင်ရာ နယ်မြေများမှ တပ်ရင်းမှူးများကို ညွှန်ကြားထား၏။
သို့ရာတွင် အင်မော်တယ်ကြောင် အနားယူထားသည်မှာ အတော်ကြာနေပြီ ဖြစ်၏။
ကျန့်ထန် ကိုယ်တိုင် အနီးနားရှိ နေရာများကို အခါအားလျော်စွာ ရှာဖွေခဲ့သော်လည်း ရလဒ် ထွက်ပေါ်ခြင်း မရှိခဲ့ပေ။
ယခု ပါရှန်းကြောင် တစ်ကောင်က သူ့ကို ရှာနေသော သတင်းကို ကြောင်ကြီးထံမှ ရုတ်တရက် ကြားရလျှင် သူ တုန်လှုပ်သွားခဲ့သည်။
“ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. ဒါက တိုက်ဆိုင်မှု တစ်ခုတော့ မဟုတ်ဘူး မလား”
သူက ပါးစပ်ထဲမှ အစပ်အရသာ ငါးဆုပ်တွေကို ဝါးလို့ မပြီးသေးခင် အပြင်ကို အလျင်အမြန် ထွက်လာခဲ့သည်။
သူက သူ့ရှေ့မှ ပါရှန်းကြောင်ကို အသေအချာ အကဲခတ်လိုက်သည်။
ဤပါရှန်းကြောင်က လေထဲတွင် ညင်သာစွာ လွင့်မျောနေပြီး တင်ပျဉ်ခွေ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
တစ်ချိန်က အင်မော်တယ်ကြောင်မှာ လေလွင့်ကြောင်များကို ကျင့်ကြံခြင်း နည်းစနစ်များ သင်ပေးခဲ့၏။
သို့ရာတွင် အခြေခံ တည်ဆောက်ခြင်း ကိုယ်ခန္ဓာ လေ့ကျင့်မှု နည်းလမ်းများကိုသာ သင်ပေးခဲ့သည်။
လေလွင့်ကြောင်များကို အင်မော်တယ် မန္တန်များ သင်ကြားပေးခဲ့ခြင်း မရှိပေ။
လေထဲမှာ နေနိုင်သည့် အစွမ်းကို ထုတ်သုံးနိုင်တဲ့ ပါရှန်းကြောင် တစ်ကောင်..
ထို့အပြင် လေထုထဲက ပါရှန်းကြောင်ကို မြူမှုန်တွေက ဝန်းရံနေသည်။
ထပ်တွေးစရာပင် မလိုတော့ချေ။
ကျန့်ထန်က ဤပါရှန်းကြောင်၏ ဝိသေသ လက္ခဏာကို သိရှိသွားပြီ ဖြစ်သည်။
ကျန့်ထန် “………….”
ကြောင်ကြီး “ဝိုး.. အံ့သြစရာကောင်းတဲ့ မှော်လှည့်ကွက်ပါလား”
ထိုစကားကို ကြားလျှင် ကျန့်ထန်က သူ့ဘေးနားမှ မိုက်မဲသောကြောင်ကြီးကို သတ်ပစ်ချင်စိတ်ပင် ဝင်လာသည်။
“သောက်ချီး.. မင်းတော်တော် အတင့်ရဲနေပါလား..ဒါက အင်မော်တယ်ကြောင်ကွ”
“အမ်.. ဒါက အင်မော်တယ်ကြောင်လား”
ကြောင်ကြီး၏ လျှာက ကြောက်ရွံ့မှုဖြင့် တုန်ယင်လာသည်။
သူကျူးလွန်ထားသည့် အပြစ်ကို သူကိုယ်တိုင် ကောင်းစွာ သိသည် မဟုတ်လော။
ကျန့်ထန်က မျက်လုံးများကို မှိတ်ထားလိုက်သည်။
ခန့်မှန်းဖို့ မလိုလောက်အောင်ပင် ဤ ငမိုက်သားက အင်မော်တယ်ကြောင်ကို အပြစ် ကျူးလွန်ထားမှန်း သူရိပ်စားမိလိုက်သည်။
“သူဌေး.. ကျနော် တကယ်မသိဘူး… ကျနော် ဘုရင်ကြီးဆီက ငါးဆားနယ် အရသာ ခေါက်ဆွဲခြောက်ထုပ် သုံးထုပ်ကိုပဲ ယူခဲ့မိတာပါ”
ကြောင်ကြီးက တုန်တုန်ယင်ယင်ဖြင့် ၎င်း၏ ခြေသည်းများကို ဆန့်ထုတ်ကာ ဝမ်းဗိုက်တွင် ဝှက်ထားသော ခေါက်ဆွဲခြောက်ထုပ်များကို ထုတ်ယူလိုက်သည်။
ကျန့်ထန်က ကြောင်ကြီး၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ရိုက်ကာ နပန်ကျင်းပေးလိုက်သည်။
ဤ ခေါက်ဆွဲခြောက်ထုပ်က ဘာမှ တန်ဖိုးမရှိသော်လည်း အခန့်မသင့်လျှင် သူ့အတွက် အရာအားလုံး ပျက်စီးသွားစေနိုင်သည်။
အင်မော်တယ်ကြောင်သာ သူ့ကို အရေးယူခဲ့လျှင်…
“ငမိုက်ကောင်.. မင်းရဲ့ ဘောနပ်စ်ကို ဖြတ်လိုက်ပြီး.. မင်းရဲ့လစာကိုလည်း ဖြတ်လိုက်ပြီး.. နှစ်ကုန် ဘောနပ်စ် ငါးခြောက်ကိုလည်း မင်းရရှိဖို့ စိတ်မကူးနဲ့တော့”
“ငါ့ရဲ့ စစ်ခေါင်းဆောင် တစ်ယောက်က ဘာလို့ အသိဉာဏ်မရှိတဲ့ ငတုံးကောင် ဖြစ်နေရတာလဲကွာ”
“အာ…ဒီကောင်က ငါ့အတွက် ချီးထုပ်ပဲ”
ကျန့်ထန်က ကြောင်ကြီး၏ သောက်ခွက်ကို ရိုက်ပြီးနောက် စကားမပြောနိုင်လောက်အောင် ဒေါသထွက်နေသည်။
ဝမ်လင်းက မြေပြင်ပေါ်မှ ခေါက်ဆွဲခြောက်များကို ကောက်ယူလိုက်သည်။
ထို့နောက် သူက ခြေတစ်ဖက်ကို ဆန့်ထုတ်ကာ ဝမ်မင်၏ ပုံတူကို မြေပေါ်တွင် ဆွဲပြလိုက်သည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ တောင်းဆိုမှုကို ကျန့်ထန်အား ဝိညာဉ်ရေး အာရုံဖြင့် ပြောပြလိုက်သည်။
ငယ်စဥ်က နိုင်ငံ အနုပညာ ပြိုင်ပွဲတွင် အောင်မြင်မှု ရပြီးကတည်းက ဤ အဆင့်မြင့် ပုံကြမ်း ရေးဆွဲခြင်း စွမ်းရည်ကို သူအသုံးမချ ဖြစ်ခဲ့ပေ။
ကျန့်ထန်က ဝမ်လင်းကို ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူက နောင်တရကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် သူ၏ စစ်ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“တာပင်း.. မင်းရဲ့ အပြစ်ကို မင်းကိုယ်တိုင် ပေးဆပ်ဖို့ အချိန်ရောက်ပြီ”
စကားပြောနေရင်း ကျန့်ထန်က ကြောင်ကြီးကို ခြေထောက်ဖြင့် ကန်ထည့်လိုက်သည်။
“တပ်ရင်း တစ်၊ နှစ်၊ သုံးရယ်…သံချပ်ကာယန္တရားတပ်၊ စပိုင်တပ်နဲ့ ဝေဟင်တပ် တို့ကို မြေပြင် အနေအထား ကျွမ်းကျင်မှုကို အားကိုးပြီး အမှတ် ၅၉ အထက်တန်းကျောင်း တစ်ခုလုံးကို စေ့စေ့စပ်စပ် ရှာဖွေဖို့ ချက်ချင်း အကြောင်းကြားလိုက်..”
အပိုင်း(၅၇) ပြီး၏
အပိုင်း(၅၈) ဒုတပ်ရင်းမှူး.. ခွေးမသား
လေလွင့်ကြောင် အားလုံးအတွက် အဖွဲ့စီမံခန့်ခွဲမှု စနစ်သည် ဖေးယန် ခရိုင်မှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ဖေးယန် ခရိုင် တစ်ခုတည်းတွင် ပုံသဏ္ဍာန်မျိုးစုံ ရှိသည့် လေလွင့်ကြောင် အုပ်စုပေါင်း တစ်ထောင်ကျော် ရှိနေပြီ ဖြစ်သည်။
နာမည်ကျော် ကြောင်စစ်တပ် ဗိုလ်ချုပ်ကြီး ၃ ဦးဖြစ်သည့် ထျန်းရှစ်၊ စုန့်စီနှင့် ယွမ်ချွီ တို့က ၎င်းတို့၏ တပ်မတော်ကို အသီးသီး စီမံခန့်ခွဲခဲ့ကြသည်။
၎င်းတို့၏ တပ်မတော်တွင် တပ်မဟာ သုံးခုစီ ပါဝင်သည်။
ကျန့်ထန် ဦးစီးသော လွတ်လပ်သော တပ်ရင်း၏ ဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာကို ကြည့်လျှင် ကြယ်တပ်စုဟုပင် ခေါ်ဆိုနိုင်သည်။
သူ့အမိန့်ကို ရသည်နှင့် တပ်ရင်း တစ်ခုလုံးက စည်းစနစ်ကျစွာ ထွက်ခွာသွားခဲ့သည်။
ဤစစ်ဆင်ရေး၏ မြင်ကွင်းနှင့် အတိုင်းအတာမှာ တကယ့်ကို အံသြစရာပင်။
လမ်းကြားရှိ မိုးမခပင်အိုကြီးက ကျန့်ထန်၏ အဓိက ဌာနချုပ်တစ်ခု ဖြစ်နေသည်။
အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းပုရဝုဏ်ကိုလျှို့ဝှက် အခြေစိုက်စခန်းကြီး ဆယ်ခုကျော်က ပံ့ပိုးထားသည်။
သို့သော် အများစုမှာ မိုးမခပင်အိုကြီးထဲ၌သာ ရှိနေကြ၏။
ယခုအခါတွင် လေလွင့်ကြောင် တပ်ဖွဲ့တွေက အသီးသီး ထွက်ပေါ်လာသည်။
လေထဲတွင် စာငှက် တစ်ထောင်ကျော် ရှိနေသည်။
ကောင်းကင်တွင် ပျံသန်းနေသည့် ၎င်းတို့မှာ အားကြီးပြီး ရန်လိုတတ်သည့် ကျိုင်းကောင် အုပ်စုလိုပင်။
သံချပ်ကာ ယန္တရားတပ်၊ စပိုင်တပ်၊ သာမန်တပ်များနှင့်အတူ ကျန့်ထန်၏ လွတ်လပ်သော တပ်ရင်းတွင် ကြောင်စစ်သည် တစ်သောင်းကျော် အထိ တိုးလာခဲ့သည်။
သူတို့၏ အင်အားက စစ်တပ်၏ တပ်ရင်းတစ်ခု နှင့် တန်းတူနီးပါးပင်။
ည၏ အမှောင် ဖုံးလွှမ်းမှု အောက်တွင် လွတ်လပ်သော တပ်ရင်း၏ စာငှက်များက အင်အားအပြည့်ဖြင့် ထွက်လာပြီး အမှတ်၅၉ အထက်တန်းကျောင်း အထက်ရှိ ကောင်းကင်ယံတစ်ခုလုံးတွင် ပြည့်နှက်နေသည်။
မြက်ခင်းပြင်၊ သစ်ပင်ထိပ်များနှင့် ကျောင်းဆောင်ထောင့်တိုင်းတွင်လည်း လေလွင့်ကြောင်များ ထွက်ပေါ်လာသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ဝမ်လင်းက သက်ပြင်းကိုပင် မချနိုင်တော့ပေ။
ကံကောင်းထောက်မစွာပင် ကျောင်းဆင်းပြီးပြီ ဖြစ်၏။
သို့မဟုတ်လျှင် ထိုသို့သော ပျာပန်းခတ် လှုပ်ရှားမှုများကို ကျောင်းသားများ သတိပြုမိကာ နောက်နေ့တွင် အရေးတကြီး ဆွေးနွေးရမည့် ခေါင်းစဉ်ကြီး တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသည်။
ကျောင်းဝင်းအတွင်း ကင်းလှည့်နေသော ကျောင်းစောင့် အဘိုးကြီးမှာ ယနေ့ ကျောင်းပတ်ဝန်းကျင်တွင် ခါတိုင်းထက် လေလွင့်ကြောင် အရေအတွက် ပိုများနေကြောင်း သတိပြုမိကာ မျက်မှောင်ကြုတ်သွားသည်။
ပျမ်းမျှအားဖြင့် ကြောင် သုံးကောင်မှ လေးကောင်မှာ ကျောင်းရှိ ခုံတန်းရှည် တစ်ခုစီတွင် ထိုင်နေကြသည်။
ထိုအထဲမှ အချို့ကြောင်များက မိတ်လိုက်မှုများကိုလူသိရှင်ကြား လုပ်နေကြရာ ကျောင်းစောင့် အဘိုးကြီးက စိတ်ရှုပ်သွားပြီး အနည်းငယ် မျက်စိ ရှက်သွားသည်။
နွေဦးရာသီက တိရိစ္ဆာန်များ မိတ်လိုက်သည့်ရာသီ ဖြစ်သောကြောင့် အဘိုးကြီးက ၎င်းတို့၏ လှုပ်ရှားမှုများကို မနှောင့်ယှက်တော့ပေ။
သူက ပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။
မသင်္ကာစရာ မတွေ့သောအခါမှ ဓာတ်မီးကို ပိတ်ကာ ထွက်သွားခဲ့သည်။
တကယ်တမ်းတွင် ခုံတန်းပေါ်၌ မတော်တရော်လုပ်ပြနေသည့် ကြောင်များမှာ ကင်းလှည့် အစောင့်များ၏ အာရုံကို ဆွဲဆောင်ရန် ကျန့်ထန် စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။
သူက စစ်မှန်သော တပ်ဖွဲ့ဝင် အားလုံးကို အမှောင်ထဲတွင် ကောင်းစွာ ဝှက်ထားသည်။
ကျောင်းစောင့် အဘိုးအို ထွက်သွားသည်နှင့် မြက်ခင်းပြင်တွင် မရေမတွက် နိုင်သော တောက်ပသည့် မျက်လုံး အစုံပေါင်း များစွာ ပွင့်လာသည်။
ကြောင်များက ညဘက်တွင် စူးရှသော အမြင်အာရုံ ရှိသည်။
သူတို့က လျင်မြန် သွက်လက်လွန်းပြီး မြက်ခင်းပြင်မှ ခုန်ချသောအခါ အသံလုံးဝ မထွက်ပေ။
စစ်ဆင်ရေးက မျှော်လင့်ထားသည်ထက် ပိုမိုချောမွေ့စွာ အဆင်ပြေခဲသည်။
ဤစစ်ဆင်ရေး၏ ခေါင်းဆောင်မှာ ကျန့်ထန် ဖြစ်သည်။
ဒုခေါင်းဆောင်မှာ အနက်ရောင် အစက်အပြောက် ရှိသည့် အမြီးတိုကြောင် ဖြစ်သည်။
၎င်းက အနည်းငယ် အမွေးပြောင်နေသဖြင့် ကျန့်ထန်က ဘုန်းကြီးဟု နာမည်ပြောင် ပေးထားသည်။
ဘုန်းကြီးက တပ်ရင်း တစ်ရင်း၏ တပ်မှူးဖြစ်ပြီး ကျန့်ထန်၏ အထူးချွန်ဆုံး ကြောင်စစ်သည်များထဲမှ တစ်ဦးလည်း ဖြစ်သည်။
လေလွင့်ကြောင် တပ်ဖွဲ့များထဲတွင် ဘုန်းကြီး၏ စစ်သည်များက လက်သံပြောင်သည်ဟု နာမည်ကြီးကြသည်။
ယခင်က ထျန်းရှစ်တို့ သုံးကောင်ကိုသာ ဝမ်လင်းက ဉာဏ်အလင်းပေးခဲ့သည်။
ထိုကြောင်သုံးကောင်က ထိုဉာဏ်အလင်းဖြင့် လေလွင့်ကြောင်များကို သင်ကြား ပြသပေးခဲ့ပြီး ဤအခြေအနေအထိ ရောက်ရှိစေခဲ့ခြင်း ဖြစ်၏။
သို့သော် ဝမ်လင်း၏ အကူအညီ မပါဘဲ ဉာဏ်အလင်းရခဲ့သည့် လေလွင့်ကြောင်တစ်ကောင် ရှိပါသေးသည်။
ထိုလေလွင့်ကြောင်မှာ ဘုန်းကြီး ဖြစ်သည်။
ထို့ကြောင့် ဘုန်းကြီးကို လေလွင့်ကြောင်များထဲတွင် ဉာဏ်ရည် အမြင့်ဆုံးကြောင်ဟုလည်း သတ်မှတ်နိုင်၏။
ကျန့်ထန်က ဘုန်းကြီးကို အားအင်စိုက်ထုတ်၍ မသင်ခဲ့ရပေ။
သူက ဘုန်းကြီးကို မွေးလာသည်နှင့် ကြွက်ဖမ်းခြင်း ကဲ့သို့ အခြေခံ ပညာရပ်များကိုသာ သင်ကြားပေးခဲ့သည်။
ဉာဏ်အလင်း ရရှိပြီးနောက်တွင် ဘုန်းကြီးက အလွန် အစွမ်းထက်လာပြီး ခွေးသောင်းချီကို အလွယ်တကူ ဆော့ကစားနိုင်သည် အထိ တိုးတက်လာ၏။
ယခုအခါတွင် ဘုန်းကြီးက ကျောင်းသားများကို လေ့ကျင့်ခန်း လုပ်ရန် ကာယဆရာများ ညွှန်ကြားလေ့ရှိသည့် စင်မြင့်ပေါ်တွင် ငြိမ်သက်စွာ ရပ်နေသည်။
ခဏအကြာတွင် ရှာဖွေရေး လုပ်ဆောင်ရန် စေလွှတ်ထားသည့် တပ်ရင်း အားလုံး ပြန်လည် ရောက်ရှိလာသည်။
“ဘာတွေစုံစမ်းလို့ရခဲ့လဲ”
တပ်ရင်းခေါင်းဆောင်များက ဘုန်းကြီးကို အချိန်အတော်ကြာအောင် တညောင်ညောင် ဝိုင်းအော်နေကြသည်။
၎င်းတို့၏ စကားများကို နားထောင်ပြီးနောက် ဘုန်းကြီး၏ နှုတ်ခမ်းမွှေးများက အနည်းငယ် လှုပ်ယမ်းသွားသည်။
“ကျောင်းဝင်းထဲက စာသင်ခန်းတွေ၊ စင်္ကြန်တွေနဲ့ ရုံးခန်းတွေအားလုံးကို ရှာဖွေပြီးပြီ ဆိုတာ အမှန်ပဲလား”
ထို့နောက်တွင် ဘုန်းကြီးက အလွန်ရှင်းလင်းစွာ ကောက်ချက်ချလိုက်သည်။
“အားကစားရုံပဲ ကျန်တော့တယ်”
ညသန်းခေါင်ယံတွင် အမျိုးသားတစ်ယောက်က အဘယ်ကြောင့် အားကစား လုပ်နေရပါသနည်း။
အားကစားလုပ်နေသည့် ကျောင်းသူလေးများကို ခိုးချောင်းရင်း အဆုံးသတ်တွင် အထဲ၌ ကျန်ရစ်ကာ သော့ပိတ်ခံလိုက်ရပါသလော။
“သောက်ချီးပဲ.. ဒီလူမှာ ဘာလို့ ဒီလိုမျိုး အောက်တန်းကျတဲ့ အကျင့်တွေ ရှိနေတာလဲ”
ထိုသို့တွေးမိပြီး ဘုန်းကြီးက ပြောမပြတတ်လောက်အောင် ဒေါသထွက်နေသည်။
သို့သော် ဤလူကို ရှာခိုင်းသည်မှာ အင်မော်တယ်ကြောင် ဖြစ်နေ၍ သူ့တွင် ပြောစရာစကား အများကြီးမရှိပေ။
……………..
ဝမ်လင်းက လေလွင့်ကြောင်များကို အလားအလာ ရှိသည်ဟု အမြဲတွေးခဲ့သည်။
သူတို့ကို ဂရုတစိုက် ကျွေးမွေးမည့် ပိုင်ရှင် မရှိသော်လည်း သူတို့ကို ပေါင်းစည်းထားသ၍ မယုံနိုင်လောက်သော ရလဒ်များ ထွက်လာတတ်သည်။
ထိုစဥ်က ပြန့်ကျဲနေသည့် လေလွင့်ကြောင်များကို ပေါင်းစည်းပေးခြင်းမှာ သာမန် စိတ်ကူးတစ်ခုသာ ဖြစ်သည်။
ဝမ်လင်း မရည်ရွယ်ဘဲ စိုက်ပျိုးထားသည့် မျိုးစေ့တွေက အသီးအပွင့် ဖြစ်ထွန်းလာမည်ဟု မည်သူက ထင်မိမည်နည်း။
နာရီဝက်ပဲ ကျန်တော့တယ်…
ဝမ်လင်းက သူ၏ တာအိုအဆောင် ပို၍ပင် အားကုန်လာသည်ဟု ခံစားနေရသည်။
ယခုအခါတွင် သူ၏ အရှိန်အဝါက ထိန်းချုပ်ရ ခက်ခဲလာသောကြောင့် ကြီးမားသော လှုပ်ရှားမှုများကိုပင် သူ မလုပ်ဝံ့တော့ပေ။
ကံကောင်းထောက်မစွာပင် သတင်းက ကျန့်ထန် ဆီသို့ အလွန်လျင်မြန်စွာ ရောက်ရှိသွားသည်။
စာငှက်တစ်ကောင်က ရှေ့တန်းမှ စုံစမ်းစစ်ဆေးမှု ရလဒ်များကို ချက်ချင်းပင် သတင်းလာပို့ခဲ့သည်။
ကျန့်ထန်က ခေါင်းညိတ်ပြပြီး ဝမ်လင်းကို ကြည့်လိုက်သည်။
“အင်မော်တယ်ကြောင်.. တည်နေရာကို အတည်ပြုပြီးပါပြီ.. သူက အားကစားရုံထဲမှာပဲ”
“အားကစားရုံလား”
သူ၏ ဝိညာဉ်ရေး အာရုံများက အလွန် ထက်မြက်၍ အားကစားခန်းမကို မစိမ့်ဝင်စရာ အကြောင်းမရှိချေ။
ထို့ကြောင့် ဝမ်မင်ကို ပြန်ပေးဆွဲသွားသော လူများက သာမန် မှော်ပစ္စည်းကို အသုံးမပြုလောက်ဟု သူယုံကြည်ခဲ့သည်။
အနည်းဆုံးတော့ သူ၏ ဝိညာဥ်ရေးအာရုံကို တားဆီးနိုင်သည့် အထူး ပစ္စည်းတစ်ခုခု ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ တည်နေရာကို အတည်ပြုပြီးပြီ ဖြစ်၍ ကျန်လုပ်ဆောင်စရာတွေက ရိုးရိုးရှင်းရှင်းပင်။
သိပ်မကြာခင်မှာပင် ဝမ်လင်းနှင့် ကျန့်ထန်တို့ ဦးဆောင်သော ကြောင်တပ်မဟာကြီးက အားကစားခန်းမ ရှေ့ကို ရောက်လာကြသည်။
အားကစားရုံ၏ ကောင်းကင်ပေါ်တွင် ပျံသန်းနေသော စာငှက်တစ်ကောင်က ဝမ်မင်၏ တည်နေရာကို ညွှန်ပြနေသည်။
ပစ်မှတ်က အမျိုးသမီး လော့ကာခန်းထဲတွင် ရှိနေသည်။
ဝမ်လင်း နှင့် ကျန့်ထန် တို့က အားကစားခန်းမ၏ အနောက်ဘက်သို့ လှည့်ပတ်သွားလိုက်ပြီး ထူထဲသော နံရံတစ်ခု ရှေ့တွင် ရပ်တန့်လိုက်သည်။
အားကစားရုံ တစ်ခုလုံးကို အနက်ရောင် သလင်းကျောက်များဖြင့် တည်ဆောက်ထားသည်။
နံရံက ခိုင်ခံ့လွန်းသဖြင့် သာမာန် ဖြိုဖျက်ခြင်း နည်းလမ်းများဖြင့် ဖြိုဖျက်နိုင်မည် မဟုတ်ပေ။
သူ၏ တာအိုအဆောင်သာ ပုံမှန်အတိုင်း သူ၏ စွမ်းအားကို ထိန်းထားပေးမည် ဆိုလျှင် ဝမ်လင်းက ဤနံရံကို အနည်းငယ် အားစိုက်ရုံဖြင့် ဖြိုဖျက်နိုင်ပေသည်။
သို့သော် ယခုအခြေမှာ အနည်းငယ် ထူးခြားနေသည်ဟု ဆိုရမည်။
သူ၏ တာအိုအဆောင်က သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်၏။
တာအိုအဆောင်၏ ထိန်းချုပ်မှုသာ မရှိလျှင် သူ့လက်သီး တစ်ချက်က အားကစားရုံ တစ်ဝိုက်ရှိ လီရာပေါင်းများစွာအား ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေမည်ကို သူကြောက်မိသည်။
ထိုသို့ စဉ်းစားမိပြီးနောက် ဝမ်လင်းက နံရံကို ကိုယ်တိုင် မဖြိုဖျက်တော့ဘဲ ကျန့်ထန်ကို သူ့အစား ဆောင်ရွက်စေရန် လှည့်ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် ကျန့်ထန်က ချက်ချင်းပင် အံ့အားသင့်သွားသည်။
သေချာသော အချက်မှာ သူက အင်မော်တယ်ကြောင်၏ စွမ်းအားကို လုံးဝ သံသယ မ၀င်ပေ။
ဤနံရံလေးက အင်မော်တယ်ကြောင်လို ဒဏ္ဍရီဆန်သော တည်ရှိမှုကို မည်ကဲ့သို့ တားဆီးနိုင်ပါအံ့နည်း။
အင်မော်တယ်ကြောင်က သူ့ကို သက်သေပြရန် အခွင့်အရေးပေးနေသည်ဟု ကျန့်ထန် တွေးမိခဲ့သည်။
သူက ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး
“ဒုတပ်ရင်းမှူး.. ခွေးမသား… ရီတာလီ အမြောက် ဘယ်မှာလဲ.. ချက်ချင်း ယူလာပြီး ဒီနံရံကို အပေါက်ဖောက်လိုက်စမ်း”
ဝမ်လင်း “…………”
အပိုင်း(၅၈) ပြီး၏။
အပိုင်း(၅၉) ထူးခြားသောပစ္စည်းများကို ဖန်တီးသည့် ရီတာလီ သုတေသနဌာန
ထူးခြားသော ပစ္စည်းများကို ဖန်တီးသည့် ဟွာရှို့နိုင်ငံရှိ ရီတာလီ သုတေသန ဌာန။
ဤဌာနက ထူးခြားသော မှော်ပစ္စည်းများကို လေ့လာရန် အထူးပြုသည့် ဟွာရှို့နိုင်ငံ၏ ကျော်ကြားသော သုတေသန ဌာန တစ်ခု ဖြစ်သည်။
သုတေသန ဌာန၏ အကြီးအကဲမှာ ဘုရင်ဘီလီဟု ချစ်စနိုးခေါ်ဝေါ်သော မီလူမျိုး ခဲယမ်းမီးကျောက် ကျွမ်းကျင်ပညာရှင် ဖြစ်၏။
ဘုရင်ဘီလီ ဦးဆောင်သော အဖွဲ့သည် သိပ္ပံသီအိုရီများနှင့် နည်းပညာဆိုင်ရာ သုတေသနပြုချက် များတွင် သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိခဲ့သည်။
၎င်းတို့က လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း သုတေသန လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့သည်။
“ထူးခြားသော ပစ္စည်းများကို ဖန်တီးသည့် ရီတာလီ သုတေသနဌာန” ဟူသော အမည်ကို အသုံးပြုခွင့်ရရန် အချိန်အတော်ကြာ ကတည်းက စာရင်းသွင်းထားသော်လည်း ပြီးခဲ့သောနှစ်နှစ်ကမှ ခွင့်ပြုချက် စတင် ရရှိခဲ့သည်။
ဘုရင်ဘီလီ အဖွဲ့မှ သုတေသန ပြုထားသော မှော်ပစ္စည်းများ အားလုံးတွင် “ရီတာလီ” ဟူသော အဓိပ္ပါယ် မတူညီသည့် တရုတ်စာလုံး သုံးလုံးကို တွဲဖက်၍ အမှတ်တံဆိပ် အဖြစ် အကျဉ်းချုပ် ဖော်ပြထားတတ်သည်။
ဆိုရလျှင် “ရီတာလီ”ဟူသော စာလုံး၌ ထူးခြားသည့် အဓိပ္ပါယ်သုံးခု ရှိသည်။
ပထမစာလုံး ဖြစ်သည့် “ရီ” ၏ အဓိပ္ပါယ်မှာ “အံ့သြခြင်း” ဖြစ်သည်။
ဘုရင်ဘီလီ၏ အဖွဲ့မှ သုတေသန ပြုထားသည့် ပစ္စည်း အများစုသည် ဤထူးခြားသော လက္ခဏာကို ပိုင်ဆိုင်ထားကြသည်။
ထိုပစ္စည်းများက သူတို့၏ ပိုင်ရှင် တစ်ယောက်ချင်းစီတိုင်းကို အံ့သြဘနန်း ဖြစ်စေသည်။
ဒုတိယစာလုံး ဖြစ်သည့် “တာ”မှာ ပစ္စည်းတစ်ခု၏ ကြီးမားသော အကျိုး သက်ရောက်မှုကို ရည်ညွှန်းရုံသာမက ၎င်းကို အသုံးပြုနိုင်သည့် အကြိမ် အရေအတွက်ကိုလည်း ရည်ညွှန်းသည်။
မှော်ပစ္စည်း တစ်ခုကို ၎င်းပိုင်ဆိုင်ထားသည့် တမူ ကွဲပြားသော ထူးခြားသည့် စွမ်းရည်များ ပျောက်ကွယ်မသွားခင် ပုံမှန်အားဖြင့် သုံးကြိမ်သာ အသုံးပြုနိုင်သည်။
သို့သော် ဘုရင်ဘီလီ အဖွဲ့မှ သုတေသန ပြုထားသော ထူးခြားသည့် မှော်ပစ္စည်း တစ်ခုစီတိုင်းမှာ အနည်းဆုံး ဆယ်ကြိမ် အသုံးပြုနိုင်သည်။
နောက်ဆုံးဖြစ်သည့် “လီ”ဟူသော စကားလုံးတွင်လည်း အဓိပ္ပါယ်နှစ်မျိုး ရှိသည်။
ပထမအဓိပ္ပါယ်အရ ယင်းစကားလုံးမှာ “ပျောင်လီ” မှ “လီ” ဖြစ်သည်။
ဆိုလိုသည်မှာ မှော်လက်ရာများက အဆင်ပြေပြီး အသုံးပြုရလွယ်ကူသည်ဟု ဆိုလိုသည်။
ဒုတိယအဓိပ္ပါယ်ဖြစ်သည့် “လီ” မှာ ဘုရင်ဘီလီ၏ အမည်မှ ဒုတိယမြောက် တရုတ်စာလုံးကို ဆိုလိုသည်။
ထို့ကြောင့် သုတေသနဌာန၏ အမည်ဖြစ်သည့် “ရီတာလီ” ဟူသော အမည်မှာ အမှန်တကယ်ပင် လေးနက်သော အဓိပ္ပာယ် ရှိသည်။
ဘုရင်ဘီလီ၏ အဖွဲ့က လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အသုံးပြုရ အလွန် လွယ်ကူသော ထူးခြားသည့် ပစ္စည်းအချို့ကို တီထွင်ခဲ့သည်။
ထိုအထဲတွင် လတ်လတ်ဆတ်ဆတ် ကိတ်မုန့် ကဲ့သို့ အရောင်းရဆုံး ပစ္စည်းမှာ “ရီတာလီ အမြောက်” ဖြစ်သည်။
ရီတာလီ အမြောက်….
အများဆုံး အသုံးပြုနိုင်မှု အရေအတွက်= ဆယ်ကြိမ်
စွမ်းရည်= ဤထုတ်ကုန်သည် မည်သည့် ခံတပ်ကိုမဆို ဖြိုခွင်းရာတွင် အသုံးပြုနိုင်သည်၊ အနက်ရောင်သံနှင့် အနက်ရောင်သလင်းကျောက် ကဲ့သို့ မာကျောသော အရာများကိုပင် အလွယ်တကူ ပေါက်ကွဲစေနိုင်သည်။
အသုံးပြုရန် လမ်းညွှန်ချက်များ= ဤထုတ်ကုန်ကို အသံထိန်းချုပ်မှုဖြင့် လုပ်ဆောင်ထားပြီး အဆောက်အဦးများတွင်သာ အသုံးပြုသင့်သည်။
“Fire”ဟု ပထမဆုံး အော်သံတွင် အမြောက်သည် ပစ်မှတ်ကို အလိုအလျောက် ချိန်ရွယ်ကာ လမ်းကြောင်းကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။
“Fire”ဟု ဒုတိယမြောက် အော်သံတွင် အမြောက်ထိပ်ဝက အလိုအလျောက် ပူလာပြီး စွမ်းအားကို စုဆောင်းမည် ဖြစ်သည်။
“Fire”ဟု တတိယမြောက် အော်သံတွင်မူ ရီတာလီ အမြောက်အတွင်းရှိ “ယွင်လုံ” ဒုံးကျည်ကို ပစ်လွှတ်မည် ဖြစ်သည်။
တပ်ရင်းမှူး သို့မဟုတ် ဒုတိယ တပ်ရင်းမှူး တစ်ဦးတို့ ထံတွင် ဆိုလျှင် ယွင်လုံဒုံးကျည်၏ ဖျက်စီးမှုနှုန်းက နှစ်ဆယ်ရာခိုင်နှုန်း အလိုအလျောက် တိုးလာမည် ဖြစ်သည်။
အတိုက်အခိုက် ခံရသော အဆောက်အဦး အတွင်း အမျိုးသမီး တစ်ဦး ရှိနေလျှင် ပျက်စီးဆုံးရှုံးမှုက ဆယ်ရာခိုင်နှုန်းကနေ အမြင့်ဆုံး ဖြစ်သည့် ရာနှုန်းပြည့် အထိ တိုးလာမည် ဖြစ်၏။
“ရီတာလီ အမြောက်”၏ ဤလမ်းညွှန်ချက်များမှာ လူအများ စိတ်ဝင်တစား ပြောဆိုကြသည့် ကိစ္စတစ်ခု ဖြစ်ခဲ့သည်။
တကယ်တမ်း ဤထူးခြားသော ပစ္စည်း၏ လျှို့ဝှက်ဆန်းကြယ်ဆုံး အရာမှာ အထောက်အထား စိစစ်ခြင်းနှင့် အမျိုးသမီး ဦးရေ တိုးလာသည်နှင့် အမျှ ဖျက်ဆီးနှုန်း ပိုများလာခြင်း ဖြစ်၏။
ဘုရင်ဘီလီ၏ ထူးခြားသော စွမ်းရည်ကြောင့် တချို့လူတွေက ထူးခြားသော ပစ္စည်းများကို အပြီးပြည့်စုံဆုံး ဖော်ထုတ်နိုင်သည့် အတော်ဆုံး လူသားဟု လည်း ဘုရင်ဘီလီကို တင်စားကြသည်။
ထိုသို့ ချီးကျူးမှုခံရအောင်လည်း ဘုရင်ဘီလီ အဖွဲ့မှ ဒီဇိုင်းထုတ်ထားသော ထုတ်ကုန်များက အနည်းငယ် ဆန်းကြယ်နေသည် မဟုတ်ပါလား။
ရီတာလီ အမြောက်က အရောင်းရဆုံး ထုတ်ကုန်တစ်ခု ဖြစ်သော်လည်း စျေးမကြီးပေ။
၎င်းကို သာမာန် ပြည်သူလူထုနှင့် ကျင့်ကြံသူများ၏ ပိုင်ဆိုင်မှု တရားမဝင်သော အခါမျိုးတွင် ဖြိုဖျက်ရေး အဖွဲ့များက အများစု အသုံးပြုခဲ့ကြသည်။
ကျန့်ထန်တို့ လက်ထဲတွင် ရှိသော ရီတာလီ အမြောက်ကမူ ဝယ်ထားခြင်း မဟုတ်ပေ။
အမှတ်၅၉ အထက်တန်းကျောင်းကို လွန်ခဲ့သော ခြောက်လခန့်က သူဌေး ရှန်ဖောင် ထံမှ သိမ်းယူခဲ့ကြောင်း ကျန့်ထန်၏ မှတ်ဉာဏ်မှ တဆင့် ဝမ်လင်း ရှာဖွေတွေ့ရှိခဲ့သည်။
ရှန်ဖောင်က အိမ်များတွင် တယုတယ မွေးသည့် ခွေးအမျိုးအစား ဖြစ်သော်လည်း ဝိညာဉ်ရေး ခွေးများ၏ သွေးကို ပိုင်ဆိုင်ထားသော မျိုးကွဲတစ်မျိုး ဖြစ်သောကြောင့် လိင်စိတ် တက်ကြွသူ ဖြစ်သည်။
ကျန့်ထန်က ပြတ်သားသော စိတ်ဓာတ်ဖြင့် နယ်မြေ အတွက် တိုက်ပွဲဝင်ခဲ့သည်။
၎င်း၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းမှူးများနှင့်အတူ ကာလအတန်ကြာ ခါးခါးသီးသီး ရုန်းကန်ခဲ့ရပြီးမှ အဆုံးသတ်တွင် နယ်မြေကို သိမ်းပိုက်ရရှိခဲ့သည်။
“ရီတာလီ အမြောက်”မှာ ထိုအချိန်က ရှန်ဖောင်၏ ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့သည့် ပစ္စည်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
ယနေ့တိုင် ဤထူးခြားသော ပစ္စည်းအား ရှန်ဖောင် မည်ကဲ့သို့ ရယူခဲ့သည်ကို ပဟေဠိ ဖြစ်နေဆဲပင်။
ဉာဏ်ရည် ထက်မြက်သော တိရိစ္ဆာန်များ လက်ထဲသို့ ဤကဲ့သို့ ဖျက်ဆီးရေး ပစ္စည်းများ ရောက်ရှိသွားရသည့် အကြောင်းအရင်းမှာ အနည်းငယ် ရှုပ်ထွေးသည်ဟု ဝမ်လင်း ခံစားမိသည်။
ဤလေလွင့်ကြောင်များက ၎င်းတို့၏ “အင်မော်တယ်ကြောင်”ကို လေးစားကြသည်။
ထိုအချိန်က ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်များနှင့် စီမံခန့်ခွဲမှု သဘောတရားကိုပါ သင်ပေးခဲ့သည်။
အခြားနေရာမှ လေလွင့်ကြောင်များက လူသားများနှင့် မည်ကဲ့သို့ ဆက်ဆံသည်ကို သူမသိသော်လည်း ဖေးယန် ခရိုင်၏ လေလွင့်ကြောင်များကမူ လူသားများနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ခဲ့ကြသည်။
ပတ်ဝန်းကျင်တွင် လူကောင်းသူကောင်း မရှိတတ်သည့် ညဘက်အခါမျိုးတွင် တစ်ယောက်တည်း လမ်းလျှောက်ပြန်မည့် အမျိုးသမီးများကို လိုက်ပို့ပေးမည့် ဖြောင့်မတ်သော ကြောင်အုပ်စုကြီးပင် ရှိသည်။
ထို့ကြောင့် သူလေ့ကျင့် သင်ကြားထားသော ကြောင်များက လူသားများကို ဘယ်တော့မှ ကျူးလွန်မည် မဟုတ်ကြောင်း သူအလွန် ယုံကြည်ခဲ့သည်။
သို့သော် ဤထူးခြားသည့် ပစ္စည်းတွေသာ ဉာဏ်ရည်ထက်မြက်သည့် တိရစ္ဆာန်များ၏ လက်ထဲကို ရောက်သွားခဲ့လျှင် မည်သို့သော အကျိုးဆက်များ ဖြစ်လာနိုင်မည်ကို မည်သူက သိနိုင်မည်နည်း။
ကြောင်နက်တစ်ကောင်နှင့် ၎င်း၏ လက်အောက်ငယ်သားများက မြက်ခင်းပြင်တွင် ဝှက်ထားသော ဈေးခြင်းတောင်း အရွယ်အစား မျှသာရှိသည့် အမြောက်အား ဖြည်းညှင်းစွာ တွန်းထုတ်လာသည်ကို မြင်တွေ့ရသည်မှာ အနည်းငယ်ထူးဆန်းနေသည်။
ဤ”ရီတာလီ အမြောက်”က အဆောက်အဦး တစ်ခုလုံးကို မပျက်စီးစေဘဲ ဤအနက်ရောင် သလင်းကျောက် နံရံရှိ အပေါက်တစ်ခုကိုသာ အလွယ်တကူ ပေါက်ကွဲစေမည် ဖြစ်သည်။
ဝမ်လင်းက “ကျင့်ခယ်”ကို အသုံးပြုရန် စိတ်ကူးထားသော်လည်း ၎င်းမှာ သူနှင့် တူလွန်းသည်။
ကျင့်ခယ်က ဓားဝိညာဥ် အနေဖြင့် ကမ္ဘာကြီး၏ အတွေ့အကြုံများစွာကို မတွေ့ကြုံရသေးပေ။
၎င်းက ငယ်ရွယ်သေးသဖြင့် ၎င်း၏ ခွန်အားကို မည်ကဲ့သို့ ထိန်းချုပ်ရမည်မှန်း မသိနိုင်သေးချေ။
ကျင့်ခယ်က အားကစားရုံအား တစ်စစီ လုပ်ပစ်လိုက်မည်ကို ဝမ်လင်းတစ်ယောက် ကြောက်နေမိသည်။
ထို့ကြောင့် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဘုရင်ဘီလီ အဖွဲ့မှ ဒီဇိုင်းထုတ်ထားသည့် “ရီတာလီအမြောက်”သာ ရှိတော့သည်။
ယင်းအချိန်တွင် ဝမ်လင်းက ထူးခြားသည့် လှုပ်ရှားမှုများကို မလုပ်နိုင်ခဲ့ပေ။
တာအိုအဆောင် အားနည်းသွားသောကြောင့် သူ့အသက် ရှူနှုန်းကိုပင် တည်ငြိမ်အောင် ထိန်းသိမ်းနေရသည်။
လက်ရှိအချိန်၌ နှာချေတာကပင် လူတွေကို သေစေနိုင်သည်။
သို့သော် ရိုးရှင်းသော မန္တန်များကိုတော့ အသုံးပြုနိုင်ပါသေးသည်။
အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းစောင့်က အပြီးတိုင် ထွက်ခွာမသွားသေး၍ “ရီတာလီ အမြောက်”၏ ပစ်ခတ်သံက အစောင့်၏ အာရုံကို ဖမ်းစားနိုင်သည်။
ထို့ကြောင့် ဝမ်လင်းက အသံလုံသည့် အတားအဆီး တစ်ခုကို ပတ်ဝန်းကျင်တွင် စည်းချထားလိုက်သည်။
အကာအကွယ် မျက်မှန် တပ်ထားသည့် ကျန့်ထန်က ၎င်း၏ သေးသွယ်သောခါးကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ရီတာလီ အမြောက်နားတွင် ရပ်နေသည်။
“ဒုတပ်ရင်းမှူး အဆင်သင့်ဖြစ်ပြီလား”
“အဆင်သင့်ဖြစ်ပြီ တပ်ရင်းမှူး”
ကျန့်ထန်က ခေါင်းညိတ်လိုက်ပြီး ၎င်း၏ ခြေဖဝါးကို အာရုံခံ ခြေနင်းခုံပေါ်တွင် တင်လိုက်ပြီး တပ်ရင်းမှူး အဖြစ် အတည်ပြုခဲ့သည်။
တပ်ရင်းမှူး သို့မဟုတ် ဒုတပ်ရင်းမှူး၏ ဝိသေသ လက္ခဏာမှသာ အမြောက်၏ အဖျက်စွမ်းအားက နှစ်ဆယ် ရာခိုင်နှုန်း တိုးလာမည် မဟုတ်လော။
ထို့နောက် အမြောက်၏ ဒုံးကျည်က နံရံပေါ်ရှိ တိကျသေချာသော နေရာတစ်ခုကို ချိန်ရွယ်နေစဥ် ကျန့်ထန်၏ အကြည့်က အမြောက်၏ ဦးတည်ရာ နောက်သို့ လိုက်သွားသည်။
“Fire”
“Fire”
“Fire”
Fireဟု ကြွေးကြော်သံ သုံးကြိမ် ထွက်ပေါ်ပြီးနောက်…
“ဝုန်း”
ပေါက်ကွဲသံ နှင့်အတူ အမြောက်၏ ထိပ်ဝမှ ကောင်းကင်ဘုံ အလင်းတန်း တစ်ခု ထွက်လာသည်။
တခဏအတွင်း နံရံက ပေါက်ကွဲကာ ခါးလောက်မြင့်သည့် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
…………………..
ပေါက်ကွဲအား အရှိန်ကြောင့် အမျိုးသမီး လော့ကာခန်းထဲတွင် အိပ်ပျော်နေသော ဝမ်မင် တစ်ယောက် လန့်နိုးလာသည်။
ထိုအချိန်တွင် ကျန်းလျှိုယင်းက အပေါက် အပြင်ဘက်မှ မြင်ကွင်းကို ကြည့်ရင်း ဖြူဖပ်ဖြူရော် မျက်နှာဖြင့် အံ့အားသင့်စွာ မတ်တပ် ရပ်နေခဲ့သည်။
ယင်းအချိန်မှာပင် လက်ပတ်နာရီ၏ အခြားတစ်ဖက်မှ အမျိုးသမီး တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“နင့်စကားအဆုံးမှာ ပေါက်ကွဲသံကို ငါကြားလိုက်ရတယ်.. ဘာတွေ ဖြစ်နေတာလဲ”
ကျန်းလျှိုယင်း၏ ပါးစပ်က လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
“အစ်မ… ကြောင်တွေ ငါ့ကို ဝိုင်းနေတယ်”
အပိုင်း(၅၉) ပြီး၏
အပိုင်း(၆၀) သူမသည် အစုလိုက်အပြုံလိုက် ပျက်စီးစေသော လက်နက်များကို ဝှက်ထားသည်
ကျန်းလျှိုယင်း နှင့် ဝမ်မင်က နံရံပေါ်ရှိ အပေါက်ကို စိုက်ကြည့်ရင်း မအံ့သြဘဲ မနေနိုင်တော့ချေ။
ရှင်းလင်းစွာပြောရရင် သူတို့မျက်လုံးရှေ့မှ မြင်ကွင်း၏ ရိုက်ခတ်မှုနှင့် ထိတ်လန့်မှုကို စကားလုံးဖြင့်ပင် ဖော်ပြနိုင်စွမ်း မရှိပေ။
တစ်ဖက်မှ ဖုန်းခေါ်ဆိုသည့် အမျိုးသမီးပင် တိတ်ဆိတ်နေသော အခြေအနေကြောင့် စိုးရိမ်စိတ် ဝင်လာသည်။
ကျန်းလျှိုယင်း မြင်ခဲ့ရသည်မှာ မျက်မှန် တပ်ထားသည့် ကြောင်နက် ဖြစ်သည်။
ထိုကြောင်နက်က သူမကို စိုက်ကြည့်ရင်း ခါးတွင် ချိတ်ထားသည့် ဘက်ထရီအိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။
ကြောင်နက်၏ ပတ်ဝန်းကျင် နေရာတိုင်းတွင် မရေမတွက်နိုင်သောကြောင်များ ရှိနေသည်။
မြေပြင်ပေါ်နှင့် သစ်ပင်တွေပေါ်မှာသာမက အနက်ရောင် ဝတ်ထားသည့် နင်ဂျာကြောင်တွေပင် နံရံ၌ ကပ်၍ ရှိနေကြသည်။
ကြောင်အများစုက ခြေနှစ်ချောင်းပေါ်တွင် မတ်တပ်ရပ်နေသည်ကို ကျန်းလျှိုယင်း သတိထားမိခဲ့သည်။
“ဒါက ဘာငရဲလဲ.. အတောင်ပံသာ ပါရင် ဒီကြောင်တွေက တန်ခိုးရှင် မျိုးစိတ်တွေတောင် ဖြစ်နိုင်လောက်တယ်”
လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ဝိညာဉ်ရေး ဉာဏ်အလင်း ရရှိသည့် အိမ်မွေးတိရစ္ဆာန် များစွာ ရှိခဲ့သော်လည်း ၎င်းတို့အားလုံးကို ဟွာရှို့နိုင်ငံ၏ ကွာရန်တင်း ဌာန မှ တင်းကြပ်စွာ ထိန်းချုပ်ထားသည်။
လက်ရှိိတွင်မူ ဝိညာဉ်ရေး ဉာဏ်အလင်း ရရှိနေသည့် လေလွင့်ကြောင်များက တစ်စုတစ်စည်းထဲ ရှိနေကြသည်။
၎င်းတို့ထဲမှ တချို့မှာ ကြောက်မက်ဖွယ် ကောင်းသော ရီတာလီအမြောက်ကို ကိုင်ဆောင်ထားကြသည်။
ဤနယ်ပယ်နှင့် စွမ်းအားက သေးငယ်သော နတ်ဆိုး သောင်းကျန်းမှု တစ်ခုနှင့် ယှဉ်နိုင်သည်ဟု ကျန်းလျှိုယင်း ခံစားမိသည်။
ကမ္ဘာခြား ဂိတ်တံခါး အလွန်ကြောက်စရာ ကောင်းနေရသည့် အကြောင်းရင်းမှာ နတ်ဆိုးများ၏ ကပ်ဘေးအန္တရာယ် ထက် နတ်ဆိုးများ၏ စည်းလုံးမှု ပေါ်တွင်သာ ပိုမို မှီတည်နေသည်။
နတ်ဆိုးများက ကမ္ဘာခြား ဂိတ်ပေါက်မှ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်လာတိုင်း ကျူးကျော်မည့် အစီအစဉ်ကို စနစ်တကျ ချမှတ်ထားတတ်ကြသည်။
လက်ရှိအခြေအနေက ကျန်းလျှိုယင်း မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
ဤအရာက ကြိုတင် ပြင်ဆင်ထားသည့် ကယ်ဆယ်ရေး လုပ်ငန်းစဥ်မှန်း သိသာထင်ရှားနေ၏။
“ဒီကယ်ဆယ်ရေး လုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ အဖွဲ့က တကယ်တော့ ကြောင်တွေပဲ.. အမ”
ဖုန်း၏ အခြားတစ်ဖက်မှ အမျိုးသမီးက အံ့သြတုန်လှုပ်သွားသည်။
“နင်.. အိပ်ချေမူးတူး ဖြစ်နေတာလား”
“အစ်မ.. ငါတကယ် နောက်နေတာ မဟုတ်ဘူး… ယုံချင်ယုံ မယုံချင်နေ.. ငါတကယ်ကို အဝိုင်း ခံနေရတယ်… အိုး.. မဟုတ်ဘူး.. ငါ့ကို ဝိုင်းထားတာက ကြောင်တွေ.. အထူးသဖြင့် သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ကြောင်နက်က ငါ့ကို တပ်မက်တဲ့ အကြည့်နဲ့ စိုက်ကြည့်နေတယ်”
တစ်ဖက်မှ အမျိုးသမီး “………….”
ဖုန်းပြောသံကို နားထောင်ပြီးနောက် အမျိုးသမီးက ငြိမ်ကျသွားသည်။
တခဏမျှ နှုတ်ဆိတ်နေပြီးနောက်တွင် သူမက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
“နင့် ဦးနှောက်ထဲမှာ တစ်ခုခု မှားနေပြီလို့ ငါထင်တယ်.. နင် အခု နင့်ကိုယ်နင် တစ်ခုခု မခံစားမိဘူးလား.. နေမကောင်းဘူး ဆိုရင်လည်း ဒီတခေါက် စစ်ဆင်ရေးကို ဘာကြောင့် မဖျက်လိုက်တာလဲ”
“ညီမ ရှင်းပြပါရစေဦး”
ကျန်းလျှိုယင်းက တစ်ဖက်မှ အမျိုးသမီး၏ စကားကြောင့် ကြေကွဲသွားသည်။
အမျိုးသမီးက သူမ စကားပြန်မည်ကိုပင် မစောင့်တော့ဘဲ ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်။
“ဘေးကင်းကင်းနဲ့ ပြန်လာလိုက်တော့.. နာရီဝက် အချိန်ပေးမယ်”
ထိုစကားကို ပြောပြီးသည်နှင့် အမျိုးသမီးက ဖုန်းခေါ်ဆိုမှုကို တိုက်ရိုက် အဆုံးသတ်လိုက်သည်။
ကျန်းလျှိုယင်းက ရှက်ရွံ့သော အကြည့်ဖြင့် ကြောင်စစ်တပ်ကို ကြည့်လိုက်သည်။
သူမက ကြောင်များ ရှေ့တွင် ရပ်နေရသည့် အခြေအနေကို ရှင်းပြရန် အခွင့်အရေး မရှိခဲ့ပေ။
ခဏလောက် စိုက်ကြည့်ပြီးနောက် အဆုံးသတ်တွင် သူမက နှုတ်ခမ်းလေးကို စူ၍ ကြောင်များကို ပြောလိုက်သည်။
“ဒီအဒေါ်က မင်းတို့ကို ကြောက်မယ်လို့ ထင်နေလား”
ကျန်းလျှိုယင်း၏ ကျင့်ကြံမှုက အလွန် ကြောက်စရာကောင်းသည်။
သူမက ရွှေအမြူတေအဆင့် ကျင့်ကြံသူ အများစုနှင့် ကွဲပြားသည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝမ်လင်း၏ ရေဒါနှင့် တူသည့် မျက်လုံးများက သူမ၏ စစ်မှန်သော ခွန်အားကို ဖြတ်ကျော်ကာ အကဲခတ်နိုင်ခဲ့သည်။
သူမက ရွှေရောင် အမြူတေ နှစ်ခု ပါရှိသည့် ရှားပါး ကျင့်ကြံသူ တစ်ဦး ဖြစ်နေသည်။
ထိုအမြူတေ နှစ်ခုက သူမ၏ ဒန်ထျန်တွင် အတူတကွ ပေါင်းစည်းနေပြီး ရွှေအမြူတေ အထွတ်အထိပ် အဆင့် ကျင့်ကြံသူထက် ဆယ်ဆ ပိုမို သန်မာစေသည်။
ကျန်းလျှိုယင်း၏ ဒေါသကြောင့် ဖြစ်ပေါ်လာသော အရှိန်အဝါ ဖိအားက အလွန် ကြောက်ဖို့ကောင်း၏။
သူမ၏ စိတ်ခံစားမှုလှိုင်း အနည်းငယ်ကပင် ဝမ်မင်၏ ပါးပြင်များကို တုန်လှုပ် သွားစေသည်။
ကျန့်ထန်က ဉာဏ်အလင်း ရထားသော်လည်း အခြေခံ တည်ဆောက်ခြင်း အဆင့် ကြောင်တစ်ကောင်သာ ဖြစ်သည်။
ကျန်းလျှိုယင်း ထုတ်ဖော်လိုက်သည့် ဖိနှိပ်မှု စွမ်းအားက သူ၏ အနက်ရောင် အမွေးများကို အဆုံးထိ ထောင်ထစေခဲ့သည်။
အလားတူပင် သူ့နောက်ကွယ်ရှိ ကြောင်အားလုံး၏ အမွေးများကလည်း ဖြူကောင်များကဲ့သို့ ထိုးထိုးထောင်ထောင် ဖြစ်နေသည်။
ရုတ်တရက် ဆိုသလို လူအုပ်ထဲမှ ထိပ်ပြောင်ကြောင် တစ်ကောင်က သတိပေးလိုက်သည်။
“သတိထားပါ.. တပ်ရင်းမှူး”
ဒုတပ်ရင်းမှူး ဘုန်းကြီးက သတိပေးရင်း ကျန့်ထန်ကို ခုန်အုပ်၍ အကာအကွယ် ပေးလိုက်သည်။
သူ့နောက်ကွယ်မှ ကြောင်တချို့ကလည်း သူ့လုပ်ရပ်ကို လိုက်နာပြီး ကျန့်ထန်ကို တယောက်ပြီး တယောက် ခုန်အုပ်လိုက်ကြသည်။
ရိုးသားစွာ ဝန်ခံရလျှင် သူ့အပေါ် ထိုသို့ အကာအကွယ် ပေးကြသဖြင့် ကျန့်ထန်က အလွန် စိတ်လှုပ်ရှားသွားသော်လည်း ကြောင်ဆယ်ဂဏန်း အရေအတွက် အောက်တွင် ရုတ်တရက် အသက်ရှူကျပ်လု နီးပါး ဖြစ်လာပြီး အော်ဟစ်လိုက်သည်။
“မင်းတို့ ဘာတွေ လုပ်နေကြတာလဲ”
ကျန့်ထန်က ရှုံ့မဲ့နေသော မျက်နှာဖြင့် သူ့ကို တက်ဖိထားသည့် ကြောင်အုပ် အတွင်းမှ သူ၏ အနက်ရောင်ခေါင်းကို ထုတ်ဖော်ကာ မေးလိုက်သည်။
“သူဌေးကို ကာကွယ်ကြ.. ဒီအမျိုးသမီးရဲ့ ရင်ဘတ်ကို သတိထားကြ”
ကြောင်ပေါင်း များစွာက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
“………….”
ဘုန်းကြီးက ခေါင်းညိတ်လိုက်သည်။
“ဒီမိန်းမရဲ့ ရင်ဘတ်က သာမန် လူသား မိန်းမ တစ်ယောက်ထက် အများကြီး ပိုကြီးနေတယ်.. ဒါကြောင့် ဒီမိန်းမရဲ့ ရင်ဘတ်မှာ ကျနော်တို့ အားလုံးကို အစုလိုက် အပြုံလိုက် ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တွေ ရှိနေလောက်တယ်”
ကျန့်ထန် “…………”
ဝမ်လင်း “………….”
ဝမ်မင် ပင်လျှင် လူစကားပြောတတ်သော ကြောင်များကို အံ့အားသင့်နေမိသည်။
၎င်းတို့ မည်မျှ ကျွမ်းကျင်စွာ ပြောဆိုနေသည်ကို သတိထားမိကာ သူ အံ့သြသွားမိသည်။
ဟွာရှို့ နိူင်ငံ၏ စွမ်းအားအကြီးဆုံး ဦးနှောက်အဖြစ် သတ်မှတ်ခံရသော သူက ဤကြောင်များ မည်မျှ ဥာဏ်ရည်ဥာဏ်သွေး ကြီးမားသည်ကို ခန့်မှန်းနိုင်သည်။
ကြောင်အုပ်စုထဲတွင် ခေါင်းဆောင် ဖြစ်သည့် ကြောင်နက်မှာ ဉာဏ်ရည် အမြင့်ဆုံး ဖြစ်ပြီး ၎င်း၏ဘေးရှိ ထိပ်ပြောင်ကြောင်မှာ ဒုတိယ ဉာဏ်ရည် အမြင့်ဆုံး ဖြစ်သည်။
၎င်းတို့၏ ဉာဏ်ရည်မှာ သာမန် လူသားများထက်ပင် မြင့်မားသည်ဟု ဝမ်မင် ခံစားခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ ဉာဏ်ရည်က သူ့ထက် သာလွန်စရာ အကြောင်းတော့ မရှိချေ။
ဝမ်မင်က ကျန်းလျှိုယင်းကို ကြည့်လိုက်သည်။
“ဟေ့.. အမကြီး.. မင်းကိုယ်မင်း သတိမထားမိဘူးလား”
“……………”
ဝမ်မင်၏ စကားကို ကြားလျှင် ကျန်းလျှိုယင်း၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
ကျန်းလျှိုယင်း၏ အမူအရာကို ကြည့်ကာ ဝမ်လင်းတို့ ညီအကို နှစ်ယောက်က နားလည် သဘောပေါက်လိုက်ကြ၏။
သဘောထား ကွဲလွဲလေ့ ရှိသည့် ဝမ်လင်းနှင့် ဝမ်မင်တို့ ညီအကို နှစ်ယောက်မှာ ပထမဆုံးအကြိမ် သဘောထားချင်း တူညီခဲ့ကြသည်။
“ရင်သားကြီးလျှင် ဦးနှောက်မရှိ”ဟူသော စကားတစ်ခွန်းရှိသည်။
ယခု ကြည့်ရသည်မှာ ဤစကားက အဓိပ္ပါယ်မရှိသော စကားတစ်ခွန်း မဟုတ်လောက်ပေ။
“အစ်မကြီး.. မင်းရဲ့ ကျင့်ကြံမှု နယ်ပယ်နဲ့ ဆိုရင် ရွှေအမြူတေအဆင့် ကျင့်ကြံသူတွေ ကိုတောင် လက်တစ်ဖက်တည်းနဲ့ ချေမှုန်းနိုင်မှာပဲ.. ဒါပေမယ့် မင်းရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေက အခုအချိန်မှာ အသုံးမဝင်ဘူး ဆိုတာ မင်းသတိမထားမိဘူးလား.. ဒီကြောင်တွေက ဝိညာဉ်ရေး ဥာဏ်အလင်း ရှိကောင်း ရှိနိုင်ပေမဲ့ မင်းရဲ့ ဖိနှိပ်မှုကို ခုခံနိုင်လောက်တဲ့ အထိတော့ အစွမ်းထက်မနေဘူး.. ဒါပေမဲ့ အခုချိန်ထိ မင်းရဲ့ ဖိနှိပ်မှုအောက်မှာ သူတို့က အေးအေးဆေးဆေး ရှိနေတုန်းပဲ”
ဝမ်မင်၏ သတိပေးမှုကြောင့် ကျန်းလျှိုယင်းက တစ်စုံတစ်ရာကို စဥ်းစားမိသွားသည်။
ထို့နောက် သူမ၏ မျက်နှာ သေးသေးလေးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းစ ပြုလာသည်။
“စောစောကတည်းက ငါ သတိထားမိသင့်တယ်”
ပုံမှန်အားဖြင့် ဝိညာဉ်စွမ်းအင် လုံးဝမရှိသော ဤကြောင်လေးများမှာ သူမ၏ ဖိနှိပ်မှု အောက်တွင် ခြေတစ်လှမ်းပင် လှုပ်ရှားနိုင်မည် မဟုတ်ပေ။
သို့သော် ယခုအခါတွင် ထိုကြောင်များက အမှန်တကယ်ပင် လှုပ်လှုပ်ရွရွ ဖြစ်နေသည်။
အခြေအနေကို ဆက်စပ် တွေးတောရင်း ကျန်းလျှိုယင်းက ဖြစ်နိုင်ခြေ တစ်ခုတည်းကိုသာ တွေးမိခဲ့သည်။
ဤနေရာတွင် သူမထက် ပိုမြင့်မားသည့် နယ်ပယ်တစ်ခုမှ အစွမ်းထက် လူတစ်ဦး ရှိနေလောက်သည်။
ထိုသို့သော လူကသာ သူမ၏ ဖိနှိပ်ထားသော အင်အားအတက်အကျ အပေါ် သက်ရောက်မှု ရှိနိုင်စေပြီး ဆည်အဝကို ရုတ်တရက် ပိတ်ဆို့လိုက်သလိုမျိုး အစကတည်းက အကျိုးသက်ရောက်မှု မဖြစ်အောင် တားဆီးနိုင်မည် ဖြစ်၏။
“ဘယ်သူလဲ”
ကျန်းလျှိုယင်း၏ အကြည့်များက ကြောင်များပေါ်တွင် လျင်မြန်စွာ ပျံ့လွင့်သွားသည်။
တစ်ချိန်တည်းမှာပင် သူမက ၎င်းတို့ထဲမှ ထူးခြားသော အရှိန်အဝါကို ရှာဖွေတွေ့ရှိရန် သူမ၏ ဝိညာဉ်ရေး အာရုံများကို အစွမ်းကုန် အသုံးပြုခဲ့သည်။
ဤအခိုက်အတန့်တွင် ကျန်းလျှိုယင်း၏ ဦးနှောက်က တစ်စုံတစ်ရာကို စဥ်းစားမိလိုက်သည်။
သူမက ဤကြောင်များနှင့် ပတ်သက်၍ တစ်ခုခု ရှိနေသည်ဟု သံသယဝင်လာသည်။
ဥပမာအားဖြင့် သခင်တစ်ဦးဦးက ၎င်းတို့၏ အလယ်သို့ ခိုးဝင်ရန် အသွင်ပြောင်းစွမ်းရည် သို့မဟုတ် ပုံရိပ်ယောင် နည်းပညာကဲ့သို့ တစ်စုံတစ်ရာကို အသုံးပြုထားပုံ ရသည်။
အကယ်၍ ဤအရာသာ အမှန်တကယ် ဖြစ်ခဲ့လျှင် အရှိန်အဝါကို ဂရုတစိုက် ခွဲခြားခြင်းဖြင့် လူကို ရှာတွေ့နိုင်မည် ဖြစ်သည်။
သို့ရာတွင် နယ်ပယ် သိပ်မကွာမှသာ အရှိန်အဝါ ခွဲခြား သတ်မှတ်နိုင်မှုအား အသုံးပြုနိုင်မည် ဖြစ်သည်။
ဝမ်လင်းအနေဖြင့် အချိန်သာ တကယ်ရှိလျှင် ကောင်မလေး နှင့် ခဏလောက် ဖြစ်ဖြစ် အေးအေးဆေးဆေး ကစားနေမည်မှာ သေချာသည်။
သို့သော် ယခုအချိန်က ပုန်းလျှိုးကွယ်လျှိုး နေရမည့် အချိန် မဟုတ်ပေ။
ကမ္ဘာမပျက်ခင် ဆယ်မိနစ်ပဲ ကျန်တော့သည် မဟုတ်လော။
သိပ်မကြာခင် ကျန်းလျှိုယင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် အဖြူအမည်း ပါရှန်ကြောင်တစ်ကောင်က တည်ငြိမ်စွာ လမ်းလျှောက်လာသည်။
ပါရှန်းကြောင် ထွက်ပေါ်လာသည်နှင့် ကျန်ကြောင်များက အသိစိတ်ရှိရှိ လမ်းဖယ် ပေးလိုက်ကြသည်။
“ငါ့ရဲ့ဖိအားတွေကို အလဟဿ ဖြစ်စေခဲ့တာ ဒီကြောင်လား”
ကျန်းလျှိုယင်း၏ ခေါင်းထဲသို့ အန္တရာယ်ဟူသော အသိ ချက်ချင်း ဝင်ရောက်လာသည်။
သူမက ဝိညာဉ်စွမ်းအင်ကို ထုတ်ဖော်တော့မည့် အချိန်တွင် ပါရှန်းကြောင်က သူမကို ဖိနှိပ်ရန် ပြင်းထန်သော စွမ်းအား တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထို့နောက်တွင် သူမ၏ ဝိညာဉ်စွမ်းအင် စုစည်းမှုက တစ်ဝက်တစ်ပျက်မျှဖြင့် ရပ်တန့်သွားသည်ကို တုန်လှုပ်ဖွယ် သိလိုက်ရသည်။
အမှန်တကယ်ပင် သူမ၏ ဒန်ထျန်က ထိုစွမ်းအားအောက်တွင် နစ်မြုပ်သွားခဲ့သည်။
ထိုထက်မက သူမ၏ တစ်ကိုယ်လုံးက လုံးလုံးလျားလျား ချုပ်နှောင်ခံထားရ၏။
“ပါရှန်းကြောင်… ဒါက ထူးခြားတဲ့ ကြောင်တစ်ကောင်များလား”
အပိုင်း(၆၀) ပြီး၏