Chapter – 56 မှုန်ဝါးဝါး အလင်းချပ်ဝတ်
ရှီဖုန်း၏ ရှေ့ရှိ ချပ်ဝတ်က ယခင်ချပ်ဝတ်များနှင့် တော်တော်လေး ကွာခြားနေသည်။ ချပ်ဝတ်၏ သွင်ပြင်ကလည်း တော်တော်များများ ပြောင်းလဲနေပြီး အရောင်တောင်မှ ရွှေရောင်ဖျော့ဖျော့သို့ ပြောင်းလဲသွား၏။ သူ့ရှေ့ရှိ အိုင်တမ်က လုံးဝ မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ မဟုတ်ပေ။
“သေစမ်းကွာ… “
သည်တစ်ကြိမ်မှာတော့ သူ ကျရှုံးသွားပြီဆိုတာကို နားလည်လိုက်လေသည်။
ပန်းပဲထုနေသည့် အချိန်တွင် သူက အလွန်စိတ်လှုပ်ရှားပြီး သူ့စိတ်ထဲကအတိုင်း ထုလုပ်နေခဲ့သည့်အတွက် ထွက်လာသည့် မြို့စောင့်တပ်ချပ်ဝတ်ကလည်း ယခင်ကနှင့် လုံးဝကွဲပြားသွား၏။
သတ္တုချပ်ဝတ်အသစ်၏ ပုံပန်းသွင်ပြင်က အလွန်လန်းပြီး ဝတ်ထားသည့်အချိန်တွင် ကြီးကျယ်ခမ်းနားသည့် အရှိန်အဝါကို ပေးစွမ်းနိုင်သည်။
ထို့နောက် ရှီဖုန်းက ချပ်ဝတ်၏ အသေးစိတ်အချက်အလက်ကို စစ်ဆေးကြည့်လိုက်သည်။
သည်တစ်ကြိမ်တွင်တော့ System က ၁၀ စက္ကန့် အချိန်ယူပြီးမှ အချက်အလက်ကို ထုတ်ပေး၏။
(အမည်မရှိသေး) (ကြေးအဆင့် ၊ သတ္တုချပ်ဝတ်)
အဆင့် ၃
လက်နက်တန်ဆာ တပ်ဆင်ရန် လိုအပ်ချက် = သန်မာမှု ၁၂
ခုခံမှု +၂၃
သန်မာမှု +၃ ၊ ခံနိုင်ရည် +၃
HP +120
သက်တမ်း 35/35
ထပ်ပေါင်းစွမ်းရည် –
ကုသနိုင်စွမ်း = ကုသနိုင်စွမ်းကို ၁၀% မြင့်ပေးနိုင်သည်။
ဒိုင်းစစ်သည်နှင့် ကာကွယ်သူများသာ တပ်ဆင်နိုင်သည်။
System : လက်နက်အသစ်အား အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါပြီ။ ပန်းပဲကျွမ်းကျင်မှုအမှတ် ၃မှတ် ရရှိပါသည်။ 1100 EXP ရရှိပါသည်။
System : ဂုဏ်ပြုပါသည်။ သင်က နတ်ဘုရားနယ်မြေတစ်ခုလုံးမှာ ကြေးအဆင့် လက်နက်ကို ပထမဆုံး ဖန်တီးနိုင်ခဲ့သည့် ကစားသမားဖြစ်ပါသည်။ ထို့ကြောင့် EXP 3000 ဆုအဖြစ် ရရှိပါသည်။ ပန်းပဲသွန်းလုပ်နိုင်မှု၏ အောင်မြင်နှုန်းအား ၅% တိုးပေးနိုင်သော မှော်တူ(ထူးခြားသံအဆင့်)တစ်လက်ကိုလည်း ချီးမြှင့်ခံရပါသည်။
System : ကျေးဇူးပြု၍ သင်ဖန်တီးခဲ့သော အိုင်တမ်အား အမည်ပေးပေးပါ။ သင်က ဤအိုင်တမ်ပေါ်တွင် သင်၏ ကိုယ်ပိုင်အမှတ်အသားကို ချန်ထားနိုင်ပါသည်။
ထိုအသိပေးချက်စာများကို မြင်ပြီး ရှီဖုန်းတစ်ယောက် အံ့အားသင့်သွားလေတော့သည်။ မရည်ရွယ်ပဲနှင့် သူက ချပ်ဝတ်တန်ဆာအသစ်ကို ဖန်တီးနိုင်ခဲ့လေသည်။ ဖန်တီးခဲ့သည့် ချပ်ဝတ်ကလည်း ကြေးအဆင့် ဖြစ်နေလေသည်။
သူ ဖန်တီးလိုက်သည့် ကြေးအဆင့် ချပ်ဝတ်၏ စွမ်းရည်များက သာမန်ထူးခြားသံအဆင့် ချပ်ဝတ်များ၏ စွမ်းရည်များနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ အသုံးပြုခဲ့သည့် သတ္တုများကသာ အလွန်ဆိုးရွားမနေခဲ့လျှင် ဤချပ်ဝတ်က ထူးခြားသံအဆင့် လက်နက် ကျိန်းသေဖြစ်သွားပေလိမ့်မည်။
နတ်ဘုရားနယ်မြေတွင် ကစားသမားများက လက်နက်များကို ဖန်တီးနိုင်သည်။ သို့သော်လည်း လက်နက်ကို ဖန်တီးနိုင်ရန် အလွန်တရာ ခက်ခဲလှသည်။ ထို့ကြောင့် လက်နက်ကို ဖန်တီးနိုင်ရန်အတွက် ကစားသမားများက ပန်းပဲထုခြင်းနှင့် အလွန်ကျွမ်းဝင်နေရမည် ဖြစ်ပြီး သတ္တုရိုင်းများကိုလည်း နားလည်ထားရပေလိမ့်မည်။ ဒါတောင်မှ အကြိမ်ပေါင်းရာချီ ကြိုးစားပြီးမှသာ အရည်အသွေးကောင်းသည့် လက်နက်တစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။
အများအားဖြင့် ကစားသမားများသည် ပန်းပဲမာစတာဖြစ်ပြီးမှသာ လက်နက်အသစ်များကို ဖန်တီးပြုလုပ်ကြသည်။ ထို့အပြင် ပန်းပဲမာစတာတစ်ယောက်ဖြစ်ရန်အတွက် လုံလောက်သည့် ပန်းပဲကျွမ်းကျင်မှုအမှတ်များ ရှိရမည့်အပြင် ထူးခြားသံအဆင့် အိုင်တမ်အသစ် ၃ခုနှင့် လျှို့ဝှက်ငွေအဆင့် အိုင်တမ်အသစ်တစ်ခုကိုလည်း ဖန်တီးနိုင်ရမည် ဖြစ်သည်။ ထိုအခြေအနေနှင့် ပြည့်စုံနေမှသာလျှင် ပန်းပဲမာစတာတစ်ယောက် ဖြစ်လာနိုင်သည်။
ထိုအခြေအနေများကြောင့် ပန်းပဲမာစတာဖြစ်လာသော ကစားသမားများမှာ အလွန်အမင်း ရှားပါးလှသည်။
ယခုအချိန်မှာတော့ ရှီဖုန်းက မရည်ရွယ်ဘဲ ကြေးအဆင့် အိုင်တမ်အသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့လေပြီ။ ယခုအောင်မြင်မှုတွင် ပန်းပဲပညာရပ်စာအုပ်က ကြီးမားသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည်မှာ မငြင်းဆန်နိုင်ပေ။
“အရောင်က ရွှေရောင်ဖျော့ဖျော့လေး ဖြစ်သွားတော့ ခပ်မှိန်မှိန်လေးပဲ လင်းတော့တယ်… ဒါ့ကြောင့် နာမည်ကို မှုန်ဝါးဝါးအလင်းချပ်ဝတ်လို့ ပေးလိုက်မယ်… “
ရှီဖုန်းက အိုင်တမ်အသစ်၏ အမည်ကို ချက်ချင်းပေးလိုက်သည်။
ထို့နောက် အိုင်တမ်၏ထောင့်တစ်ခုတွင် အနက်ရောင်မီးတောက်ပုံကို ရိုက်နှိပ်လိုက်သည်။ ထိုအမှတ်အသားက ပန်းပဲသမားတစ်ယောက်၏ နာမည်ကို ကိုယ်စားပြု၏။ ထိုအမှတ်အသားကို မြင်တိုင်း တခြားသူများက သည်ပန်းပဲဆရာက ဖန်တီးခဲ့တာပါလားဆိုပြီး သိကြလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုအမှတ်အသားက မူလအိုင်တမ်ကို တုပပြုလုပ်ခြင်းမှ ကာကွယ်ပေး၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အိုင်တမ်၏ အချက်အလက်များက ပြောင်းလဲသွားသည်။
မှုန်ဝါးဝါးအလင်းချပ်ဝတ် (ကြေးအဆင့်၊ သတ္တုချပ်ဝတ်)
အဆင့် ၃
လက်နက်တန်ဆာ တပ်ဆင်ရန် လိုအပ်ချက် = သန်မာမှု ၁၂
ခုခံမှု +၂၃
သန်မာမှု +၃ ၊ ခံနိုင်ရည် +၃
HP +120
သက်တမ်း 35/35
ထပ်ပေါင်းစွမ်းရည် –
ကုသနိုင်စွမ်း = ကုသနိုင်စွမ်းကို ၁၀% မြင့်ပေးနိုင်သည်။
ဒိုင်းစစ်သည်နှင့် ကာကွယ်သူများသာ တပ်ဆင်နိုင်သည်။
မှုန်ဝါးဝါးအလင်းချပ်ဝတ်၏ ညာရင်ဘတ်ပေါ်တွင် အနက်ရောင်မီးတောက် အမှတ်အသားတစ်ခု ဖြစ်ပေါ်နေသည်။ ထိုမီးတောက်က အရောင်မှိန်မှိန်ဖြင့် မှိန်လိုက်၊လင်းလိုက် ထပ်ကာထပ်ကာ ဖြစ်နေသည့်အတွက် မှုန်ဝါးဝါးအလင်းချပ်ဝတ်၏ သွင်ပြင်ကို ပိုပြီး တင့်တယ်သွားစေသည်။
System : အနက်ရောင်မီးတောက်အမှတ်အသားကို အောင်မြင်စွာ စာရင်းသွင်းပြီးပါပြီ။ ဤအမှတ်အသားက သင်၏ ဂိမ်းအကောင့်ဖြင့် ပေါင်းစည်းထားပြီး သင်မှလွဲ၍ မည်သူကမှ ဤအမှတ်အသားကို အသုံးမပြုနိုင်တော့ပါ။
System : အမည်ပေးခြင်း အောင်မြင်သွားပါပြီ။ မှုန်ဝါးဝါးအလင်းချပ်ဝတ်အတွက် ပန်းပဲဒီဇိုင်းကိုလည်း အလိုအလျောက် ထုတ်ပေးလိုက်ပါပြီ။ တခြားသူများက ဤချပ်ဝတ်ဒီဇိုင်းကို သင်ယူရန်အတွက် သင်က ပန်းပဲဒီဇိုင်းကို ဆွဲပေးနိုင်ပါပြီ။
ရုတ်တရက်ဆိုသလိုပင် နောက်ထပ်ဝင်းဒိုးမျက်နှာပြင်တစ်ခုက ရှီဖုန်း၏ ရှေ့တွင် ပေါ်လာသည်။ ပန်းပဲဒီဇိုင်းဖန်တီးမှုဖြစ်ပြီး ထိုအရာက ပန်းပဲဒီဇိုင်းများ ရေးဆွဲနိုင်စေရန် ကူညီပေး၏။
ဝင်းဒိုးအသစ်ကို မြင်ပြီး ရှီဖုန်းက အလွန် ပျော်ရွှင်သွားလေသည်။
ထိုအရာက အိုင်တမ်တစ်ခုကို အသစ်ဖန်တီးခြင်းရဲ့ အကျိုးရလဒ် ဖြစ်သည်။ ဘောပင်တစ်ချောင်းနှင့် ပုံဆွဲစာရွက်တစ်ရွက် ရှိနေသမျှ ရှီဖုန်းက မှုန်ဝါးဝါးအလင်းချပ်ဝတ်အတွက် ပန်းပဲဒီဇိုင်းများကို ဖန်တီးနိုင်တော့မည် ဖြစ်သည်။ ပန်းပဲဒီဇိုင်းများသည် အိုင်တမ်များထက် များစွာ တန်ဖိုးမြင့်မား၏။
ယခင်ဘဝတွင် ပန်းပဲမာစတာများက အမြဲတမ်းလိုလို အိုင်တမ်သစ်များ ဖန်တီးနိုင်ရန် သတ္တုများကို သုတေသန ပြုနေကြပြီး နည်းလမ်းအမျိုးမျိုးကိုလည်း စမ်းသပ်ကြသည်။ ဂရမ်းမာစတာ ပန်းပဲဆရာတစ်ယောက် ဖြစ်အောင် ကြိုးစားခြင်းထက် သူတို့၏ ရည်မှန်းချက်က မူလပန်းပဲဒီဇိုင်းများ ရရှိရန် ဖြစ်သည်။
ရှီဖုန်း ဖန်တီးလိုက်သည့် အိုင်တမ်က ပန်းပဲမာစတာများ ချမ်းသာနေရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ ပန်းပဲဒီဇိုင်းများ ပြုလုပ်ခြင်းက အလွန်ရိုးရှင်းပြီး ထုတ်ချင်သည့်အချိန်တိုင်း ပန်းပဲဒီဇိုင်းများကို အမြောက်အမြား ထုတ်လုပ်နိုင်ပေသည်။ မဟုတ်လျှင် သူတို့က ပန်းပဲအိုင်တမ်များ နေတိုင်း သွန်းလုပ်နေရုံဖြင့် မည်ကဲ့သို့ ချမ်းသာနိုင်မည်နည်း။
မှုန်ဝါးဝါးအလင်းချပ်ဝတ်ဒီဇိုင်းဖြင့်ဆိုလျှင် ရွှေပြား ၁၀ပြားကို ပိုင်ဆိုင်ရန်အတွက်ကား အသေးအမွှားကိစ္စတစ်ခုသာ ဖြစ်သည်။ ပန်းပီဒီဇိုင်းကို စတင်ရောင်းချသည့်အချိန်တွင် ပန်းပဲဒီဇိုင်းများက သူ့အတွက် ရွှေပြား ၃၀ သို့မဟုတ် ရွှေပြား ၄၀ခန့်ပင် ရှာပေးနိုင်ပေလိမ့်မည်။ ထို့အပြင် အဖြူရောင်မြစ်မြို့တော်၏ အောက်၌ ကစားသမားများ အများအပြား ရှိသည့်အပြင် အဖွဲ့အစည်းများလည်း များစွာ ရှိ၏။
ထို့နောက်တွင်တော့ ရှီဖုန်းက မြို့စောင့်တပ်ချပ်ဝတ် ထုလုပ်ခြင်းကို ရပ်လိုက်ပြီး ထိုအစား မှုန်ဝါးဝါးအလင်းချပ်ဝတ်ကိုသာ စတင် ထုလုပ်တော့သည်။ အိုင်တမ်နှစ်ခုစလုံးက ပါဝင်ပစ္စည်းများတူသော်လည်း မှုန်ဝါးဝါးချပ်ဝတ်တန်ဆာ၏ သွင်ပြင်က အလွန် လန်းနေသည့်အပြင် ထပ်ပေါင်းစွမ်းရည်ကလည်း ပိုကောင်း၏။
မူလဖန်တီးမှုအတွက် တခြားအကျိုးကျေးဇူးတစ်ခုလည်း ရှိသေး၏။ ကိုယ် တီထွင်ထားသည့် ကိုယ်ပိုင်ဒီဇိုင်းကို ထုလုပ်လျှင် အောင်မြင်မှုနှုန်းက ၁၀% တိုးမြင့်သွားပြီး ထပ်ပေါင်းစွမ်းရည် ရရှိနိုင်ချေကလည်း ပိုမိုမြင့်မားသွားသည်။ မှုန်ဝါးဝါးအလင်းချပ်ဝတ်က အောင်မြင်နေသမျှ သူ၏ ပန်းပဲဒီဇိုင်းကို ရောင်းချရန်အတွက် အခက်အခဲ မရှိတော့ပေ။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။
ရှီဖုန်းက ပန်းပဲထုနေရင်း ပတ်ဝန်းကျင်ကို သတိမပြုမိတော့ချေ။ သူ၏ နှလုံးသားထဲတွင်တော့ ပိုက်ဆံများကိုသာ ရေတွက်နေလေတော့သည်။ ရွှေပြား ၁ ပြား… ရွှေပြား ၂ ပြား… ရွှေပြား ၃ ပြား…
ပန်းပဲထုလုပ်ခြင်းမှ ရွှေရောင်တောက်ပနေသော ချပ်ဝတ်များ တစ်ခုပြီး တစ်ခု ထွက်လာနေပြီး အခန်းထဲတွင် အပုံလိုက် ဖြစ်လာလေပြီ။
ရှီဖုန်း ငှားရမ်းထားသော ၁၀ နာရီက အချိန်ပြည့်သွားသောအခါ System မှ အချက်ပေးသံက ကျယ်လောင်စွာ မြည်လာသည်။ ထိုအခါမှ ရှီဖုန်းက အချိန်ပြည့်သွားကြောင်း သတိပြုမိတော့၏။
သို့သော်လည်း သူ ရရှိထားသည့် အိုင်တမ်များက တစ်ကယ်ကို ထိတ်လန့်စရာ ကောင်း၏။ သူက ချပ်ဝတ်စုစုပေါင်း ၁၄၂ခုကို ထုလုပ်ခဲ့သည့်အတွက် သူ့တွင် ရှိသည့် သတ္တုများလည်း ကုန်လုနီးပါး ဖြစ်သွားလေပြီ။
လက်နက်၏ စွမ်းရည်များကတော့ တစ်ချို့က ကောင်းပြီး တစ်ချို့က မကောင်းပေ။ သူတို့ကြားမှ ကွာခြားချက်ကတော့ ကုသနိုင်စွမ်း ဖြစ်သည်။ ဆိုးသည့် အိုင်တမ်များက ကုသနိုင်စွမ်း 5% ရှိပြီး ကောင်းသည့် အိုင်တမ်များက 12% ထိ ရှိ၏။ အိုင်တမ် ၇၆ ခုက ကုသနိုင်စွမ်း 7% အောက်တွင် ရှိပြီး ၄၈ခုက 7% နှင့် 9% ကြားတွင် ဖြစ်ကာ ၁၈ ခုကတော့ 10% နှင့် 12% ဖြစ်၏။ ရှီဖုန်း၏ အိတ် တစ်ဝက်ကျော်က မှုန်ဝါးဝါးအလင်းချပ်ဝတ်များဖြင့် ပြည့်သွားလေသည်။
တစ်ချိန်တည်းမှာပင် ရှီဖုန်း၏ ပန်းပဲကျွမ်းကျင်မှုအမှတ်ကလည်း ၅၁၄ မှတ်ထိ တိုးသွား၏။ ယခု ရှီဖုန်းက အလယ်အလတ်အဆင့် ပန်းပဲအလုပ်သင်ဖြစ်ရန် လမ်းတစ်ဝက်သို့ ရောက်လာပြီဖြစ်သည်။
ရှီဖုန်းက တည်နေရာရွှေ့ပြောင်းခြင်းမှော်ဖန်လုံးကို ထုတ်ကြည့်လိုက်ရာ မှော်ဖန်လုံးထဲတွင် သိမ်းထားသည့် EXP(အတွေ့အကြုံရမှတ်)အမှတ်များက တစ်သိန်းခွဲပြည့်တော့မည် ဖြစ်သည်။ ရှီဖုန်းသာ နောက်ထပ် နာရီအနည်းငယ်ခန့် ကြိုးစားလိုက်လျှင် EXP အမှတ် နှစ်သိန်း ပြည့်သွားပြီး လရောင်သစ်တောဆီသို့ သွားနိုင်လိမ့်မည် ဖြစ်သည်။
ရှီဖုန်း၏ EXP ရရှိနှုန်းက ပထမတန်းစား အဖွဲ့အစည်းများ၏ ခေါင်းဆောင်များထက်ပင် အနည်းဆုံး နှစ်ဆ၊သုံးဆခန့် ပိုမြန်နေသည်။
ပန်းပဲအဖွဲ့အစည်းမှ ထွက်လာပြီးနောက် ရှီဖုန်းက လေလံအိမ်သို့ ချက်ချင်း ပြေးသွားလိုက်သည်။
လက်ရှိအချိန်တွင် သာမန်ကစားသမားများက အဆင့် ၃သို့ ရောက်ရှိနေပြီး ဝါရင့်ကစားသမားများက အဆင့် ၄သို့ ရောက်နေကာ ကျွမ်းကျင်ကစားသမားများကတော့ အဆင့် ၅သို့ ရောက်ရန် နီးကပ်နေလေပြီ။ အဆင့် ၄မှ အဆင့် ၅သို့ တက်ရန်အတွက် လိုအပ်သည့် EXP ပမာဏကား အဆင့် ၃မှ အဆင့် ၄ထိ တက်ရန်အတွက် လိုအပ်သည့် ပမာဏထက် ၃ဆမှ ၄ဆခန့်ထိ ရှိ၏။
ထို့ကြောင့် ယခုအချိန်က အဆင့် ၃ ကြေးအဆင့် အိုင်တမ်ကို ရောင်းချရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ၁၀ နာရီကျော် ကုန်ဆုံးပြီးနောက်တွင် အစည်းအရုံးများက ပိုက်ဆံတော်တော်များများ စုနိုင်နေလောက်လေပြီဖြစ်သည့်အတွက် ရှီဖုန်းက ပိုက်ဆံကောင်းကောင်း ရှာနိုင်မည့် အချိန်လည်း ဖြစ်လေသည်။ နောက်ထပ် အချိန်အနည်းငယ်လောက်သာ ကုန်ဆုံးသွားလျှင် အိုင်တမ်၏တန်ဖိုးက များစွာ ကျသွားလိမ့်မည် ဖြစ်သည်။
လေလံအိမ်သို့ ရောက်ပြီးနောက်တွင် လေလံအိမ်ရှေ့တွင် ရှိသော ထောက်ပံ့ရေးအဖွဲ့ဝင် အရေအတွက်က သိသိသာသာ လျော့ကျသွားသည်ကို တွေ့မြင်လိုက်ရသည်။ ဤအချင်းအရာက သူတို့သည် မြို့စောင့်တပ်ချပ်ဝတ်ကို ယခင်ကလောက် စိတ်ဝင်စားမှုမရှိတော့ကြောင့် ပြသနေသည်။
“အစ်ကိုကြီး… လေလံအိမ်မှာ ဘာလို့ ရုတ်တရက်ကြီး လူနည်းသွားရတာလဲ… “ ရှီဖုန်း ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးဆီသို့ လျှောက်သွားပြီး မေးလိုက်သည်။
အရပ်ရှည်ပြီး မျက်မှန်တပ်ထားသည့် ထောက်ပံ့ရေးအဖွဲ့ဝင်က ရှီဖုန်း၏ မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး ပြန်ဖြေပေးလိုက်သည်… “ဒီမှာ ကိစ္စကြီးတစ်ခု ဖြစ်သွားတာတောင် မသိဘူးဆိုတော့ မင်းက တစ်ချိန်လုံး မြို့ပြင်မှာပဲ သားရဲတွေကို သတ်နေတာလား… “
“ဟုတ်တယ်ဗျ… အခုတောင်မှ သားရဲတွေကို သတ်ပြီး ရလာတဲ့ဟာလေးတွေကို ရောင်းဖို့ ပြန်လာတာ… မြို့စောင့်တပ်ချပ်ဝတ်တန်ဆာက အရမ်းကို နာမည်ကြီးနေတော့ တစ်ခုလောက် ဝယ်ချင်လို့ပါ… “ ရှီဖုန်းက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
“မင်း မသိတာ အံ့ဩစရာတော့ မဟုတ်ပါဘူး… လွန်ခဲ့တဲ့ ၃နာရီလောက်က ဟမ်းမားထရိတ်ဒင်းဆိုတဲ့ ကစားသမားက အဆင့် ၃ ကြေးအဆင့် သတ္တုချပ်ဝတ် တော်တော်များများကို ရောင်းသွားတယ်… အဲ့သတ္တုချပ်ဝတ်တွေက မြို့စောင့်တပ်ချပ်ဝတ်တွေနဲ့စာရင် စွမ်းရည်တွေက နည်းနည်းလောက် နိမ့်တယ်ဆိုပေမဲ့ ဈေးက အရမ်းချိုပြီး ချပ်ဝတ်တစ်ခုမှ ငွေပြား ၄ပြားပဲ ပေးရတယ်… ပြီးတော့ အဲ့ကစားသမားကလည်း သူ့ကို ဆက်သွယ်ပြီး များများ အော်ဒါမှာမယ်ဆိုရင် ဒစ်စကောင့်ပေးဦးမယ်ဆိုပြီး ကြေငြာသွားတယ်… အဲ့လိုသာဆိုရင် အစည်းအရုံးတွေက သူ့ကို ဆက်သွယ်ပြီး အော်ဒါမှာကြလိမ့်မယ်… အခု သူ့ရဲ့ ချပ်ဝတ်က အရမ်းနာမည်ကြီးနေတော့ မြို့စောင့်တပ်ချပ်ဝတ်ကို ဘယ်သူက ဂရုစိုက်နေတော့မှာလဲ… “