Chapter – 55 လမင်းငွေရည်
ယခင်ဘဝ၌ အိမ်မက်အဆုံးသတ်သူက အံ့ဖွယ်တာဝန်ကို မည်သို့ အောင်မြင်ခဲ့သည်ကို ရှီဖုန်း နားမလည်နိုင်ပေ။
အမှောင်ကျမ်းစာက ဘယ်နားတွင် ရှိသလဲ မည်သူမှ မသိပေ။
ထိုအပြင် ယခင်ဘဝ၌ အမှောင်ထုဆင်းသက်ခြင်းတာဝန်နှင့် ပက်သတ်၍ သူ သိထားသည့် သတင်းအချက်အလက်များက အပြည့်အစုံ မရှိပေ။
လက်ရှိတွင် သူက ကျိန်စာမိထားသည့်အတွက် အဆင့်တက်ရန်လည်း မလွယ်ကူပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဤပြဿနာကို ဖြေရှင်းအတွက် အဖြေကို အမြန်ဆုံး ရှာရပေမည်။ မဟုတ်လျှင် နောက်ပိုင်း ရင်ဆိုင်ရမည့် ပြဿနာများက ပို၍ပင် ကြီးလာပေလိမ့်မည်။
“မြင့်မြတ်လှတဲ့ အစ်မရှာလင်း… အခု ကျွန်တော်က မကောင်ဆိုးဝါးရဲ့ ကျိန်စာတိုက်ခြင်းကို ခံလိုက်ရတယ်… ကျိန်စာကို ဖြေရှင်းဖို့အတွက် အစ်မရှာလင်းမှာ နည်းလမ်းများ ရှိပါသလား… “
လက်ရှိအချိန်တွင် ရှီဖုန်းက သူ့စိတ်နှလုံးကို တည်ငြိမ်အောင် ထား၏။ ထို့နောက် သူက ဆက်မေးလိုက်သည်… “ပြီးတော့ အမှောင်ကျမ်းစာကို ဘယ်မှာ သွားရှာရမလဲ… သဲလွန်စတော့ ပေးပါ… “
ရှီဖုန်း၏ မေးခွန်းများကို ကြားသောအခါ ရှာလင်း၏ ဖြူစင်သော မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
“ကောင်စုတ်လေး…မင်းက မေးခွန်းအများကြီး မေးလိုက်တာပဲ… ငါ့မှာ နည်းလမ်း မရှိတာတော့ မဟုတ်ဘူး… ဒါပေမဲ့ တစ်ခုလိုချင်ရင် မင်းလေးဘက်က တစ်ခုခုတော့ ပြန်ပေးရမယ်… ကျိန်စာကို ဖြေဖို့က တစ်နည်းပဲ ရှိတယ်… အဲ့တာက မှော်ပညာတွေနဲ့ ကျိန်စာတွေအားလုံးကို ဖျက်ပေးနိုင်တဲ့ လမင်းငွေရည်အခမ်းအနားကို လုပ်ဖို့ပဲ… ဒါပေမဲ့ ဒီအခမ်းအနားကို လုပ်ဖို့က ပစ္စည်းတွေအများကြီးလိုတယ်… ငါက လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်ပေးနိုင်ပါတယ်… ဒါပေမဲ့ မင်းက ရွှေပြား ၃ပြား ပြန်ပေးရမယ်… အမှောင်ကျမ်းစာအကြောင်း သိချင်ရင်တော့ သတင်းအချက်အလက်အတွက် ရွှေပြား ၁၀ပြား ပေးရမယ်… “
ပြောနေရင်း ပိုပိုပြီး စိတ်လှုပ်ရှားလာသော ရှာလင်း၏ အမူအရာကို ကြည့်ပြီး ရှီဖုန်းက ကျောချမ်းလာသည်။ အထူးသဖြင့် ရှာလင်း၏ မျက်လုံးများကို ဖြစ်သည်။ သူမ၏ သွင်ပြင်က ဖြူစင်သည့်ဟန် ရှိသော်လည်း လောဘစိတ်များတောက်လောင်နေသော သူမ၏ မျက်လုံးကို မဖုံးကွယ်ထားနိုင်ပေ။
နောက်ဆုံးမှာတော့ ဆိုလိုရင်းက တစ်ခုတည်း ဖြစ်သည်။
“ပိုက်ဆံ”
System : ကျိန်စာကို ဖြေရန်အတွက် တာဝန်ကို လက်ခံချင်ပါသလား။
“မြင့်မြတ်တဲ့ အစ်မရှာလင်း… ကျသင့်တဲ့ပိုက်ဆံကို ကျွန်တော် ပေးပါ့မယ်… “
ရွှေပြား ၃ပြားဆိုသည့် ပမာဏသည် အလွန်များပြားသော ပမာဏဖြစ်ပြီး လက်ရှိအချိန်၌ အဖြူရောင်မြစ်မြို့တွင် ထိုပမာဏကို တတ်နိုင်သည့် ကစားသမား မရှိသေးပေ။
“မင်းက လုပ်ချင်နေမှတော့ စရံအနေနဲ့ ရွှေပြား ၁ပြား ပေးထားပါ… “ရှာလင်းက သူမ၏ နူးညံ့သော လက်လေးကို ဖြန့်ပြီး ပြောလိုက်သည်။
ရှာလင်း၏ အပြုအမူများကို မြင်ပြီးနောက်တွင် ရှီဖုန်းက သူမထံ၌ ဖောက်ထွင်းမြင်နိုင်သည့် စနစ်တစ်ခုများ ရှိလေသလားဟု သံသယ ဝင်မိသည်။ သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် အနှေးနှင့်အမြန် ပေးရမည် ဖြစ်သည့်အတွက် ရွှေပြား ၁ပြားကို ချက်ချင်း ထုတ်ပေးလိုက်သည်။
ရှီဖုန်းက ပိုက်ဆံထုတ်ပေးလိုက်သည်နှင့် သူဌေးအဖြစ်မှ ဆင်းရဲသားအဖြစ်သို့ ချက်ချင်း ပြောင်းသွားလေသည်။
“ဒီမှာ… ဒါက မင်းအတွက်… ဒီထဲကို မင်းရဲ့စွမ်းအင်တွေ အရင်ဆုံး ဖြည့်လိုက်… ဒါဆို လကျောက်တုံး ၃၀ စုဆောင်းဖို့အတွက် ဒါက မင်းကို လရောင်သစ်တောဆီ ပို့ပေးလိမ့်မယ်…မင်းက လကျောက်တုံး ၃၀ စုဆောင်းပြီးတာနဲ့ ငါ့ဆီကို ယူလာခဲ့ပါ… “
ရှာလင်းက ရွှေရောင်တောက်နေသည့် ရွှေပြားကို ဖျက်ခနဲ ယူလိုက်ပြီး လက်သီးဆုပ်အရွယ်ရှိသည့် ကြည်လင်နေသော သလင်းကျောက်လုံးတစ်လုံးကို ရှီဖုန်းအား ပေးလိုက်သည်။
System : ‘လမင်းငွေရည်’ တာဝန်ကို လက်ခံလိုက်ပါပြီ။ ရှာလင်းအတွက် လကျောက်တုံး ၃၀နှင့် ရွှေပြား ၂ပြားကို စုဆောင်းပေးရမည်။ အောင်မြင်သွားလျှင် ရှာလင်းက သင့်အပေါ်တွင် ရှိနေသည့် မကောင်းဆိုးဝါး၏ ကျိန်စာကို ဖျက်စီးပေးလိမ့်မည်။
ရှီဖုန်းက သလင်းကျောက်လုံးကို ယူပြီး သေချာကြည့်လိုက်သည်။
တည်နေရာရွေ့ပြောင်းခြင်း မှော်ဖန်လုံး
အသုံးပြုပြီးနောက်တွင် အသုံးပြုသူကို လရောင်သစ်တောဆီသို့ ချက်ချင်း ပို့ပေးနိုင်သည်။
အသုံးပြုရန်အတွက် EXP 200,000 သိုလှောင်ထားရန် လိုအပ်သည်။
EXP နှစ်သိန်းဆိုသည့် ပမာဏသည် သာမန်ကစားသမားတစ်ယောက်ကို အဆင့် သုညမှ အဆင့် ၇အထိ ချက်ချင်း ရောက်သွားစေနိုင်သည်။ လက်ရှိတွင် ထိုပမာဏက ရှီဖုန်း၏ အသက်ကို တောင်းနေသည်နှင့် အလွန် တူညီနေသည်။
သူက ကျိန်စာမိထားသည့်အတွက် သားရဲများကို သတ်ခြင်းမှ ရရှိသည့် EXP များကို ၉၅% လျော့ချခံနေရ၏။ ထို့ကြောင့် သူက အဆင့်တူသားရဲများကို သတ်လျှင် EXP ရမည် မဟုတ်ဘဲ လက်ရွေးစင်သားရဲများဆိုလျှင်တောင်မှ သူ့ထက် အဆင့်တစ်ဆင့်မြင့်သည့် သားရဲများကို သတ်လျှင် 10 EXP ကိုသာ ရရှိမည် ဖြစ်သည်။ ဆိုလိုသည့် အဓိပ္ပါယ်ကား သူ့ထက် အဆင့် တစ်ဆင့် မြင့်သည့် လက်ရွေးစင်သားရဲ အကောင် နှစ်သောင်း သတ်မှသာလျှင် EXP နှစ်သိန်းကို စုမိလိမ့်မည် ဖြစ်သည်။ ထိုသားရဲအများအပြားကို သတ်ရန်အတွက် အချိန်မည်မျှကြာမည်ကို မသိနိုင်သကဲ့သို့ အနီရောင်သစ်ရွက်မြို့တော်တစ်ဝှိုက်တွင်လည်း လက်ရွေးစင်သားရဲများက ထိုပမာဏအထိ မရှိပေ။
“ဒီတာဝန်က အံ့ဖွယ်တာဝန်လို့ တစ်ကယ်ပဲ ခေါ်ထိုက်ပါပေတယ်… ဒီတာဝန်ရဲ့ ခက်ခဲမှုကလည်း အရမ်းကို ရက်စက်လွန်းတယ်… “ ရှီဖုန်းက ခါးသက်သက် ရယ်မောလိုက်သည်။
ယခင်ဘဝတွင် အိမ်မက်အဆုံးသတ်သူက ပထမတန်းစား အစည်းအရုံးဖြစ်သော စိတ်ကူးယဉ်ဘုရားကျောင်း၏ အထောက်အပံ့ကို ရခဲ့သည်။ ထို့ကြောင့် အိမ်မက်အဆုံးသတ်သူက တာဝန်ကို အခက်အခဲ မရှိဘဲ အောင်မြင်အောင် လုပ်နိုင်ခဲ့သည်။ သို့သော်လည်း ရှီဖုန်းမှာတော့ အထောက်အပံ့ မရှိပေ။
တာဝန်ကို အောင်မြင်အောင်လုပ်ရန်အတွက် ခက်ခဲသော်လည်း ပြီးအောင်လုပ်နိုင်ခဲ့လျှင်တော့ ဆုလဒ် ကြီးကြီးမားမား ရလိမ့်မည် ဖြစ်သည်။ ယခင်ဘဝတွင် ဤအံ့ဖွယ်တာဝန်၏ ဆုလဒ်များက အိမ်မက်အဆုံးသတ်သူကို ကျော်ကြားသွားစေခဲ့သည်။
ရှီဖုန်းတွင် ပထမတန်းစား အဖွဲ့အစည်း၏ အထောက်အပံ့ မရှိသော်လည်း သူက ပြန်လည်မွေးဖွားလာသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက တခြားကစားသမားများထက် များစွာ အကျိုးရှိ၏။ အနည်းဆုံးတော့ သူက ပိုက်ဆံရှာရာတွင် ပထမတန်းစားဂိုဏ်းများထက် အောက်ကျခြင်း မရှိပေ။
“ကြည့်ရတာ အခုချက်ချင်း ပြန်ပြီးတော့ မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ လုပ်ရတော့မယ်ထင်တယ်… “
ရှီဖုန်းက မှော်ဖန်လုံးကို သိမ်းပြီး စာကြည့်တိုက်မှ ထွက်လာခဲ့သည်။ သူက EXP နှစ်သိန်း မစုခင် ရွှေပြား အလုံအလောက်စုရန် ကြံစည်ရပေလိမ့်မည်။
ကုန်သွယ်ရေးဧရိယာသို့ ရောက်သည့်အချိန်တွင် ကောင်းကင်ကြီးက တောက်ပနေပြီးဖြစ်ကာ များစွာသော ကစားသမားများက သားရဲများကို သတ်ဖြတ်ရန် အစောကြီးကတည်းက ထွက်ခွာသွားကြပြီဖြစ်၏။ ထို့ကြောင့် လမ်းများတွင် မည်သူမှ မရှိတော့ဘဲ တိတ်ဆိတ်နေတော့၏။ ရှီဖုန်းက ရောက်ရောက်ချင်း ဘဏ်သို့ သွား၍ ပန်းပဲပစ္စည်းများနှင့် ပြဒါးရှင်လုံးကို ထုတ်ယူခဲ့သည်။
ရှီဖုန်းက ပန်းပဲအစည်းအရုံးသို့ သွားနေချိန်တွင် System မှ အသိပေးချက် မြည်လာသည်။
System : လေလံတင်ထားသော မြို့စောင့်တပ်ချပ်ဝတ်တန်ဆာအကြီးကို ရောင်းချပြီးပါပြီ။ ဝန်ဆောင်ခများကိုလည်း နုတ်ယူပြီး သင့်အိတ်ထဲသို့ ငွေပြား ၃၁ပြားနှင့် ကြေးပြား ၅၃ပြားကို ပေးပို့လိုက်ပါသည်။
“ဒီလောက်တောင် ရတာလား… “ ရှီဖုန်းက အလွန်အံ့ဩသွား၏။
အဆင့် ၃ မြို့စောင့်တပ်ချပ်ဝတ်တန်ဆာအကြီးသည် လျှို့ဝှက်သံအဆင့် တန်ဆာနှင့် ထပ်ပေါင်းစွမ်းရည် တူရုံလောက်သာ ရှိ၏။ ထို့ကြောင့် မြို့စောင့်တပ်ချပ်ဝတ်တန်ဆာအကြီးက အများဆုံး ငွေပြား ၂၀သာ တန်ကြေး ရှိ၏။ ယခုတော့ ငွေပြား ၃၀ကျော်ဖြင့် ရောင်းလိုက်ရသည်။ ထိုအချင်းအရာကို ကြည့်ချင်းအားဖြင့် မြို့စောင့်တပ်ချပ်ဝတ်တန်ဆာအကြီးကို အစည်းအရုံးများက ငမ်းငမ်းတက်လိုချင်နေကြောင်း သိနိုင်သည်။
System မှ အသိပေးချက်က ရှီဖုန်းကို အားတက်သွားစေသည်။ မြို့စောင့်တပ်ချပ်ဝတ်များကို အခု တစ်ထောင်ခန့် ချက်ချင်း သွန်းလုပ်ပြီး ရောင်းချချင်လာသည်။
ထို့ကြောင့် ရှီဖုန်းက လေလမ်းလျှောက်ခြင်းစကေးကို အသက်သွင်းလိုက်ကာ ပန်းပဲအဖွဲ့အစည်းသို့ အလျင်အမြန် သွားလိုက်သည်။ သူက တုန့်ဆိုင်းမနေဘဲ အလယ်အလတ်အဆင့် ပန်းပဲအခန်းကိုလည်း နာရီ ၂၀စာ ငှားရမ်းလိုက်၏။ ယခုအချိန်တွင် အစည်းအရုံးများထံမှ ပိုက်ဆံကို ရသလောက် ရယူမထားလျှင် သူ ပြန်လည်မွေးဖွားလာသည်မှာ အလကား ဖြစ်သွားပေလိမ့်မည်။
ပန်းပဲအခန်းထဲသို့ ရောက်သည်နှင့် ရှီဖုန်းက ဝယ်ယူထားသမျှ ကျောက်တုံးများကို သန့်စင်ပြီး မြို့စောင့်တပ်ချပ်ဝတ်ကို သွန်းလုပ်တော့သည်။
ပထမဆုံး မြို့စောင့်တပ်ချပ်ဝတ်ကို သွန်းလုပ်ပြီးသောအခါ
System : မြို့စောင့်တပ်ချပ်ဝတ်ကို အောင်မြင်စွာ သွန်းလုပ်ပြီးပါပြီ။ ကျွမ်းကျင်မှုအမှတ် ၂မှတ်နှင့် 800 EXP ကို ရရှိပါသည်။
System : ရရှိလာသော EXP ကို တည်နေရာရွေ့ပြောင်းခြင်းမှော်ဖန်လုံးထဲသို့ စုထားချင်ပါသလား။
ရုတ်တရက်ဆိုသလိုပင် ရှီဖုန်းက လုပ်နေသည့်အရာများကို ချက်ချင်း ရပ်ပြီး System မှ အထွေထွေမျက်နှာပြင်ကို ထုတ်ဖော်ပြီး သေချာကြည့်လိုက်သည်။
“ပန်းပဲထုတာကနေ EXP 800 ရတာလား… “ ရှီဖုန်းက မေးစေ့ကို လက်ဖြင့် ပွတ်ပြီး စဉ်းစားလိုက်သည်။
ထို့နောက် ရုတ်တရုတ် သူက ပြုံးပြီး တစ်ကိုယ်တည်း ပြောလိုက်သည်… “ထိတ်လန့်နေတာနဲ့ ဒီအကြောင်းကို ဘယ်လိုလုပ်ပြီး မေ့သွားနိုင်ရတာလဲ… ကျိန်စာက သားရဲတွေကို သတ်ပြီး ရလာတဲ့ EXP ပေါ်မှာပဲ သက်ရောက်တာ… ဆုအဖြစ်ရတဲ့ EXP ပေါ်မှ သက်ရောက်တာမှ မဟုတ်ဘဲ… “
ချပ်ဝတ်တစ်ခု သွန်းလုပ်ရန် တော်တော်ကြာသော်လည်း အောင်မြင်မှုနှုန်းက မြင့်မားနေလျှင် ထိုကိစ္စက မတူတော့ပေ။ လက်ရှိတွင် ရှီဖုန်းက EXP 95% လျှော့ခံခြင်းခံထားရသော်လည်း အဆက်တက်ရာတွင် တခြားသူများထက် မြန်နေသေး၏။
ဤကဲ့သို့ ကောင်းမွန်သည့် နည်းလမ်းတစ်ခုဖြင့်ဆိုလျှင် အံ့ဖွဘ်တာဝန်၏ ခက်ခဲမှုက တော်တော်များများ လျှော့ကျသွားပြီဖြစ်သည်။
ထို့အပြင် ရှီဖုန်းထံ၌ ပန်းပဲပညာရပ်စာအုပ်လည်း ရှိသေး၏။ ထိုစာအုပ်က မြို့စောင့်တပ်ချပ်ဝတ်ချပ်ဝတ်တန်ဆာ၏ အောင်မြင်နှုန်းကို ၆၀% ထိ တိုးပေးနိုင်သည်။ ပန်းပဲပညာရပ်စာအုပ်ဖြင့်ဆိုလျှင် ရှီဖုန်း၏ အဆင့်တက်နှုန်းက ကျွမ်းကျင်သူများထက် အပြတ်အသတ် သာလွန်သွားလိမ့်မည် ဖြစ်သည်။ ထို့အတူ EXP နှစ်သိန်းကို စုရန်အတွက် အချိန်ကြာမြင့်တော့မည် မဟုတ်ပေ။
ဤနည်းလမ်းဖြင့် ရှီဖုန်းက ပိုက်ဆံရော EXP ကိုပါ ရရှိမည် ဖြစ်သည်။ ကျောက်တုံးတစ်တုံးဖြင့် ငှက်နှစ်ကောင် သတ်သလိုပင်။
အိမ်မက်အဆုံးသတ်သူလည်း ကျိန်စာကို ဖြေရန်အတွက် ဤကဲ့သို့ မြန်ဆန်သည့် နည်းလမ်းတစ်ခု ရှိမည်ဟု ထင်မိလိမ့်မည် မဟုတ်ပေ။
ထိုအချက်ကို တွေးမိသွားပြီး ရှီဖုန်းက ရရှိလာမည့် EXP အားလုံးကို မှော်ဖန်လုံးထဲသို့ သိုလှောင်ရန်အတွက် စနစ်ကို ပြင်ဆင်လိုက်သည်။ ထို့နောက် သူက သတ္တုရိုင်းတစ်တုံးကို ကျောက်ယူပြီး ပျော်ရွှင်စွာဖြင့် မြို့စောင့်တပ်ချပ်ဝတ်ကို စတင် သွန်းလုပ်တော့သည်။
စိတ်အခြေအနေက အလွန်တိုးတက်ကောင်းမွန်လာသောကြောင့် ရှီဖုန်းက ပန်းပဲထုခြင်းအပေါ်တွင် ပိုပြီး သွက်လက်လာသည်။ သူ့လက်ထဲမှ အကြိမ်တစ်ရာသန့်စင်ထားသော တူကလည်း တူရိယာတစ်ခုကဲ့သို့ ဖြစ်နေပြီး သာယာသံ ဂီတသံစဉ်တစ်ခုကို ထုတ်လွှင့်နေလေသည်။
ရှီဖုန်းက သူ့ကိုယ်သူ သတိပြန်ဝင်လာသည့်အချိန်တွင် ရှေ့ရှိ မြို့စောင့်တပ်ချပ်ဝတ်ကို ကြည့်ပြီး ရုတ်တရက် မှင်သက်သွား၏။