Switch Mode

Chapter – 233

ပုံစံအစစ်အမှန် (၂)

အပိုင်း ၂၃၃
ပုံစံအစစ်အမှန် (၂)

ဤအကြိမ်သည် ဝမ်ရှန်း တာအို ဘုန်းတော်ကြီးကျောင်းသို့ ရောက်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်၏။ သူ့ကမ္ဘာပေါ်မှ သိထားသည့် အချက်အရ ဘုန်းတော်ကြီး ကျောင်းက ဤမျှလောက်ထိ အကျယ်အဝန်း ရှိလိမ့်မည်ဟု ဝမ်ရှန်း မထင်ထားခဲ့ပေ။

ဘုန်းတော်ကြီး ကျောင်းသည် မြို့တော်၏ အစွန်အဖျား၌ ရှိနေခြင်းဖြစ်ကာ ဧကပေါင်း တစ်သောင်းခန့် ရှိသည်။ ထို့ကြောင့် မြို့စွန်မြို့ဖျား၌သာ ရှိနေနိုင်ခြင်းမှာ အံ့သြစရာ မရှိပေ။ ဤအကျယ်အဝန်းသည် အင်ပါယာမြို့တော်၏ အကျယ်အဝန်းနှင့် အတူတူနီးပါး ဖြစ်သောကြောင့် မြို့တော်အတွင်း၌ တည်ရှိ၍ မရပေ။

ကျောင်းတော် အတွင်းတွင် ဘုန်းတော်ကြီး ဉီးရေမှာ တစ်သောင်း နီးပါးရှိ၏။ ထိုအရေအတွက်ကို ကြည့်ခြင်းအားဖြင့် တာအိုဘုန်းတော်ကြီး ကျောင်းက မင်းဆက် အဆက်ဆက် ဘယ်လို ရပ်တည် နိုင်ခဲ့လဲဆိုတာ သံသယ ဖြစ်စရာ မရှိတော့ချေ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် မဆိုထားနှင့် ထီးနန်း တက်သိမ်းမည် ဆိုလျှင်တောင် ပြဿနာ မရှိပေ။

ဝမ်ရှန်းသည် သူ့အကြံအတိုင်း ဘုန်းတော်ကြီး ကျောင်းကို လာမထိခဲ့မိ၍ ကံကောင်းသည်ဟု ဆိုရပေမည်။ သို့မဟုတ်ပါက အသက်ဘယ်နားက ထွက်သွားမှန်းပင် သိလိုက်မည် မဟုတ်ပေ။

ဝမ်ရှန်းသည် လင်ရှူး၏ ဦးဆောင်မှု နောက်လိုက်ကာ စာကြည့်ဆောင်သို့ ဦးတည် သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် သက်တော် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ တွေ့တွေ့သမျှ ဘုန်းတော်ကြီး အားလုံးတို့သည် ဘေးကပ်ကာ တရိုတသေ ဦးညွှတ် အရိုအသေ ပေးလိုက်ကြ၏။

သို့သော် လင်ရှူးသည် သာမန်ကာ လျှံကာသာ လက်ယမ်းပြ၍ သူတို့ဘေးမှ ဖြတ်လျှောက် သွားလိုက်သည်။ ဤသည်ကိုက သူ၏အဆင့်အတန်း မည်မျှ မြင့်မားကြောင်း တွေးကြည့်၍ပင် ရနိုင်ပေ။

ဤကဲ့သို့ စွမ်းအား ကြီးမားသည့် တာအိုဘုန်းတော်ကြီး တစ်ပါးက ဘာလို့ တောင်ပေါ် ရွာငယ်ပေါ်၌ တစ်ယောက်တည်း နေနေတာလဲ ဆိုတာကို ဝမ်ရှန်း သိချင်သော်လည်း နှိုက်နှိုက်ချွတ်ချွတ် မမေးခဲ့ပေ။

မည်သို့ဆိုစေ ဘုန်းတော်ကြီးကျောင်းက ပိုကြီးလေ သမိုင်းကြောင်း ပိုရှည်လေဖြစ်၏။ ထို့အတူ ဝမ်ရှန်း အတွက်လည်း အသုံးဝင်လေ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သူလိုချင်သည့် အဖြေများ ရရှိနိုင်သည် မဟုတ်ပါလော။

စာကြည့်ဆောင်သို့ ရောက်လာသည့် အချိန်တွင် ထိုနေရာက အတော်ကို တိတ်ဆိတ် ငြိမ်သက်ကြောင်း ဝမ်ရှန်း တွေ့လိုက်ရသည်။ ထို့နောက် သူတို့နှစ်ယောက် အထဲဝင်ကာ လင်ရှူး ဝမ်ရှန်းအား ထိုင်စေလိုက်သည်။ ထို့နောက် တာအိုဘုန်းတော်ငယ် တစ်ပါးမှ သူတို့အား ရေနွေးကြမ်း လာချပေးလိုက်၏။

မည်သူမှ မရှိတော့သည့် အချိန်မှ လင်ရှူးသည် ထရပ်ကာ စာလိပ်တချို့ သွားယူလိုက်ပြီး ဝမ်ရှန်းရှေ့ ချပေးလိုက်သည်။ ထိုအခိုက်အတန့်၌ ဝမ်ရှန်းလည်း စာကြည့်ဆောင်၏ အတွင်းပိုင်းအား ကြည့်လိုက်ရင်း ဤနေရာသည် သူ့ကမ္ဘာမြေပေါ်မှ စာကြည့်တိုက်နှင့် ဆင်တူသည်ဟု စိတ်တွင်းမှ မှတ်ချက် ပြုလိုက်သည်။

“ဒီမှတ်တမ်းတွေက အဲ့အချိန်တုန်းက မှတ်တမ်းတွေပဲ”

ထိုသို့ပြောကာ လင်ရှူးသည် စာလိပ်များကို ဘေးသို့ တွန်းရွှေ့လိုက်ပြီး –

“မင်းမှာ သေရည်ရှိမှန်း သိတယ်၊ မြန်မြန် ထုတ်လာခဲ့”

စည်းမျဉ်း စည်းကမ်းများ တင်းကျပ်သည့် ဘုန်းတော်ကြီးကျောင်း ကဲ့သို့သော နေရာမျိုးတွင် လင်ရှူးသည် သေရည်ထုတ်ရန် ပြောင်ပြောင်တင်းတင်း ပြောရဲ၏။ ထိုအချက်တည်းနှင့် ဝမ်ရှန်းသည် လင်ရှူးကို စိတ်ထဲ၌ ကျိတ်၍ ချီးကျူး လိုက်တော့သည်။

ဝမ်ရှန်း သူ၏ သိုလှောင်လက်စွပ် အတွင်းမှ သေရည်ကို ထုတ်လာ လိုက်သည်။ လင်ရှူးအတွက် သေရည် ငှဲ့ပေးနေစဉ်တွင် ဝမ်ရှန်းမှ နားမလည်နိုင်စွာ မေးလိုက်၏။

“ဘုန်းတော်ကြီး၊ ဒီနေရာမှာ ဘုန်းတော်ကြီးက တော်တော်ကို ရာထူးကြီးတာပဲ။ အဲ့ဒါကို ဘာလို့ သိုလှောင်လက်စွပ် မရှိတာလဲ။ သိုလှောင်လက်စွပ်နဲ့ ဆိုရင် သေရည် အရက်တွေကို အချိန်မရွေး သောက်လို့ရပြီလေ။ မကောင်းဘူးလား အဲ့ဒါက”

“သိုလှောင် လက်စွပ်တွေက ကျောင်းတော်ရဲ့ လျှို့ဝှက်ကျင့်စဉ် နည်းလမ်းတွေနဲ့ ပြည့်နေတာ။ ဘယ်လိုလုပ် သုံးလို့ရမှာလဲ”

လင်ရှူးမှ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

“သူတို့ ဘာတွေ တွေးနေမှန်း ငါ တကယ် မသိဘူး။ ကမ္ဘာအနှံ့ သွားလာနေတဲ့ ငါ့ဘိုးဘေးတွေနဲ့ ဆရာတွေရဲ့ တာအိုပညာရပ် ကျမ်းတော်တွေက အစစ်အမှန်တွေပဲ။ တာအိုပညာရပ်ရဲ့ ရတနာတွေ၊ လျှို့ဝှက်ကျင့်စဉ်တွေ ဆိုတာ ဘာလဲ… ငါ အဲ့ဒါတွေကို မလိုဘူး။ ငါ့ဘာသာငါ အရက်ရှိရင် သောက်မယ်၊ မရှိရင် မသောက်ဘူးပေါ့။ အဲဒါကို သူတို့က ဘာလို့ မသောက်ရဘူး ဘာဘူး ညာဘူး ဆိုပြီး ဖိအားတွေ ပေးနေတာလဲ”

“နားလည်ပါပြီ”

ဝမ်ရှန်းမှ ခေါင်းညိတ်ကာ လင်ရှူးအား သူ၏ပွင့်လင်းမှု အတွက် စိတ်ထဲမှနေ၍ နောက်တစ်ကြိမ် မှတ်ချက်ပြု လိုက်သည်။ အချိန်အနည်းငယ် ကြာအောင် သောက်ပြီးနောက် ဝမ်ရှန်းမှ –

“ဒါပေမယ့် သူတို့က အကြောင်းအရင်းမရှိ ဒီလိုမျိုး စီစဉ်တာတော့ မဟုတ်ပါဘူး”

“ဘယ်လို အကြောင်းအရင်းမျိုးလဲ”

လင်ရှူးမှ ဝမ်ရှန်းအား မကျေမနပ် မေးလိုက်သည်။

“တစ်ကမ္ဘာလုံး တာအိုပညာရပ်တွေ ပျံ့နေတယ်ဆိုတော့ အဲ့ပညာရပ် တိမ်ကောမှာကိုတော့ ကြောက်စရာ မလိုဘူး”

လင်ရှူးက ဘိုးဘေးတစ်ယောက် ဖြစ်နေသော်လည်း ဝမ်ရှန်းသည် သူနှင့် ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပုံစံဖြင့်သာ ပြောနေခဲ့၏။

“ဒါပေမယ့် ဘုန်းတော်ကြီးကျောင်းက ကျင့်စဉ် မှတ်တမ်းတွေကို မထိန်းသိမ်းထားဘူး ဆိုရင် တစ်နေ့ကျရင် ဖျက်ဆီး ခံရနိုင်တယ်။ ပြီးတော့ တာအို ပညာရပ်တွေက ကမ္ဘာအနှံ့ကို ပျံ့နှံ့နေတယ် ဆိုပေမယ့် တာအိုဘုန်းတော်ကြီးတွေ အားလုံး ပျောက်ကွယ်သွားမယ် ဆိုရင်ရော၊ ဘုန်းတော်ကြီးက အဲ့လို အဖြစ်ခံနိုင်လား…”

“ဟမ့်”

လင်ရှူးသည် ဘာမှပြန်မပြော နိုင်သောကြောင့် အေးစက်စွာသာ နှာခေါင်းရှုံ့ကာ ပွစိပွစိဖြင့် –

“တကယ်ပါပဲ၊ ဟိုကောင်လေးတွေရဲ့ လေသံနဲ့ တစ်ထေရာတည်းပဲ”

လင်ရှူးသည် ဝိညာဉ်အဆင့် မြင့်မားကာ တာအိုပညာရပ်ကို အပြည့်အဝ နားလည်သော်လည်း အနည်းငယ် စိတ်ကူးယဉ်ဝါဒ ဆန်နေသေးကြောင်း ဝမ်ရှန်း မြင်လိုက်ရသည်။ သို့သော် လင်ရှူးသည်လည်း သူ့ကိုယ်သူ ထိုကဲ့သို့ ဖြစ်နေကြောင်း နားလည်ပေသည်။ မဟုတ်လျှင် သူသည် အခြား ဘုန်းတော်ကြီးများကို သူ မလုပ်ချင်သည့် အရာကို လုပ်ခိုင်းမည် မဟုတ်ပေ။ သူ့ဘာသာသူ တောင်ပေါ် ရွာငယ်၌သာ ပုန်းအောင်း နေမည်ဖြစ်၏။

“ကဲ အဓိက အကြောင်းအရာကို ပြောကြရအောင်”

လင်ရှူး စိတ်ပျက် သွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ရှန်း ရယ်လိုက်၏။ ထို့နောက် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဘာကိုလဲ”

လင်ရှူး ဝမ်ရှန်းအား ကြည့်ကာ ပြန်မေးလိုက်သည်။

“စာလိပ်တွေထဲမှာ မှတ်တမ်း မတင်ထားတဲ့ အကြောင်းအရာတွေ အကြောင်းသာ ပြောပြပါ”

ဝမ်ရှန်း လင်ရှူးအား တည်ငြိမ်စွာ ကြည့်ကာ အလေးအနက်ထား ပြောလိုက်သည်။

“အဲ့လောက်တောင် သိသာနေတာလား…”

လင်ရှူး အံ့သြသွားကာ ဝမ်ရှန်းအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“မျက်နှာပေါ်မှာ မရေးထားရုံ တမယ်ပဲ”

ဝမ်ရှန်း ခေါင်းညိတ်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

လင်ရှူးသည် ဤစာကြည့်ဆောင် အတွင်းသို့ ဝင်လာသည့် အချိန်ကတည်းက မူမမှန် ဖြစ်နေခဲ့သည်။ သူသည် ဝမ်ရှန်းအတွက် စာလိပ်တစ်လိပ် ရှာပေးခဲ့သော်လည်း စာလိပ်ကို မဖွင့်ကြည့်ခိုင်းဘဲ သေရည်သာ သောက်ကာ စကားတရစပ် ပြောနေခဲ့သည်။ ဤပုံစံသည် သူ ရွာအတွင်း၌သိခဲ့သည့် တိတ်ဆိတ် တည်ငြိမ်သော တာအိုဘုန်းတော်ကြီး ပုံစံနှင့် မကိုက်ညီပေ။ သူ ဘာကြောင့် ဤကဲ့သို့ လုပ်နေမှန်း သိသာပေသည်။

တာအို အသိဉာဏ်၌ အဆင့်တက် သွားခြင်းကြောင့် စိတ်လှုပ်ရှားကာ စိတ်လွတ်သွားခြင်းလား…

ထိုက်ချီသိုင်းပညာကို သိမြင်နားလည် သွားခြင်းကြောင့်လား…

ကြီးမားသည့် လောင်ဇီရုပ်ထုများကြောင့်လား…

သို့တည်းမဟုတ် ညီညာသော လက်ရေးလှ ပုံစံကြောင့်လား…

မဖြစ်နိုင်ပါ။ ထိုကဲ့သို့ဆိုလျှင် သူ ယခုလို ပုံစံဖြစ်နေရခြင်းမှာ တစ်ခုသာရှိ၏၊ ဝမ်ရှန်းအား ပြောမည့် လျှို့ဝှက်ချက်ကြောင့် ဖြစ်နိုင်ပေသည်။

“အစတုန်းက ငါ မင်းကို ကတိပေးထားတာက ဒီမှတ်တမ်းတွေထဲမှာ ဘာရှိလဲဆိုတာ ပြောပြမယ်လို့ပဲ ကတိပေးထားတာ”

သူ့အတွေးအား ဝမ်ရှန်း ဖောက်ထွင်း မြင်နိုင်သော်လည်း လင်ရှူး စိတ်မတိုသွားပေ။ သူသည် တည်ငြိမ်စွာဖြင့်သာ-

“ဒါပေမယ့် ဒီတစ်ခေါက်မှာ မင်း ငါ့ကို တော်တော် ကူညီပေးခဲ့တယ်။ တခြား အဆင့်တက်ဖို့လည်း အများကြီး အထောက်အပံ့ ပေးခဲ့တယ်။ အဲ့ဒါကြောင့် မင်းကို ဒီမှတ်တမ်းလေးတွေပဲ ပြမယ်ဆိုရင် နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်”

ဝမ်ရှန်း၏ စိတ်ထဲ၌ ပျော်ရွှင်မှု ပန်းပွင့်များ ပွင့်လန်း သွားခဲ့သည်။ လင်ရှူး၏ တောင်းဆိုချက်ကို ပြီးမြောက်အောင် လုပ်ရန် သူ ဘာလို့ လုံ့လဝီရိယရှိရှိ ကြိုးစားခဲ့သည်။ သဘောတူညီမှုထဲ၌ မပါဝင်သည့် ကဗျာကာရံများကို ထည့်သွင်း ရေးထွင်းခဲ့သည်။ ဤသို့ပြုလုပ်ခြင်းတို့မှာ ဘုန်းတော်ကြီးထံမှ အကူအညီ ပိုမိုရရှိရန် အတွက်သာ မဟုတ်ပါလော။

“ဒါပေမယ့် တခြား အရေးကြီး အချက် ရှိသေးတယ်”

လင်ရှူး ဝမ်ရှန်းအား စူးစိုက်ကြည့်ကာ မေးလိုက်သည်။

“ဒီအကြောင်းတွေ မပြောပြခင် မင်းရဲ့ပုံစံ အစစ်အမှန်ကို ငါ့ကိုအရင် ပြောပြဖို့ လိုတယ်။ ငါမသိတဲ့ လူတစ်ယောက်ကို ဒီအကြောင်းတွေ ပြောပြတာမျိုး မဖြစ်ချင်ဘူး”

ဝမ်ရှန်းသည် ကောင်းကင်ဘုံဈေးတန်းမှ ထွက်လာစဉ် ကတည်းက ဤမျက်နှာဖုံးကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ပုံစံ အစစ်အမှန်ကို မည်သူမှ မသိပေ။ ထိုထဲတွင် လင်ရှူးလည်း ပါ၏။

ဤတောင်းဆိုချက်သည် သဘာဝ ကျပေသည်။ သူ၏ ဝါစဉ်အရ၊ အသက်အရွယ်နှင့် ဝိညာဉ်အဆင့်တို့အရ လင်ရှူးသည် သာမန်လူများ မသိသည့် လျှို့ဝှက်ချက် များစွာကို သိနားလည်ပေသည်။ ထို့ပြင် ထိုလျှို့ဝှက်ချက်များကို ဇာစ်မြစ်နှင့် အကြောင်းအရင်း လုံးဝ မသိသည့် လူတစ်ယောက်အား ပြောပြရန်ကလည်း မဖြစ်နိုင်ပေ။

ဝမ်ရှန်း မျက်နှာဖုံး အစီအရင်ပေါ်မှ ဝိညာဉ်စွမ်းအားကို ဖယ်ရှား လိုက်သည်နှင့် မျက်နှာဖုံး၏ စွမ်းအား ချက်ချင်း ပျောက်ကွယ် သွားသည်။ ထို့နောက် ဝမ်ရှန်း၏ မျက်နှာအစစ် ပေါ်ထွက်လာခဲ့၏။

“ကျွန်တော်က ဂျင်ဒီနယ်မြေထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်တဲ့ ဝူရုံမြို့ကလူပဲ”

ဝမ်ရှန်းမှ သူ မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြကာ လင်ရှူး၏ တုံ့ပြန်မှုကို တိတ်ဆိတ် ငြိမ်သက်စွာ စောင့်နေလိုက်၏။

လင်ရှူး ပြုလုပ်မည့် ရွေးချယ်မှုကို သူ စောင့်ဆိုင်း နေလိုက်၏။ သူသည် ဝမ်ရှန်းအား ဖမ်းကာ ဂျင်ဒီနယ်မြေ အတွင်းသို့ အတားအဆီးမရှိ ဝင်ထွက် သွားလာနိုင်သည့် လျှို့ဝှက်ချက်ကို အတင်းအကြပ် မေးမည်လား… သို့မဟုတ် ဝမ်ရှန်း၏ လျှို့ဝှက်ချက်ကို ဘာမှ မဟုတ်သကဲ့သို့ လျစ်လျူရှုကာ သူ သိချင်သည့် အရာများကို ဆက်ပြောပြမည်လား…

မည်သို့ပင်ရှိစေ ဂျင်ဒီနယ်မြေ၏ လျှို့ဝှက်ချက်များသည် အလွန် အရေးပါလှကာ တာအိုဘုန်းတော်ကြီး ကျောင်းမှ ဘုန်းတော်ကြီးများကိုပင် ဆွဲဆောင် နိုင်သည်အထိ ဖြစ်သည်ကား အမှန်ပင်တည်း။
***

Comment

Leave a Reply

Options

not work with dark mode
Reset