Switch Mode

Chapter – 232

ပုံစံအစစ်အမှန် (၁)

အပိုင်း ၂၃၂
ပုံစံအစစ်အမှန် (၁)

“ငါ တိတ်ဆိတ် ငြိမ်သက်တဲ့ နေရာတစ်နေရာ လိုချင်တယ်၊ အခုချက်ချင်း…”

တစ်ခဏ စဉ်းစားပြီးနောက် တာအိုဘုန်းတော်ကြီး လင်ရှူးမှ အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။

“ငါ အစောကတည်းက ကြိုပြောထားပြီးသား”

ဒုတိယ ကဗျာစာကြောင်း ထွက်ပေါ်လာသည့် အချိန်ကတည်းက လင်ရှူး ထိုကဲ့သို့ ကြိုပြောထားခြင်း ဖြစ်သည်။ ထိုကိုယ်တော်သည် ရက်အနည်းငယ် ကြာဦးမည်ဟု ထင်ထားကာ ယခုချက်ချင်း အလောတကြီး ပြင်ဆင် ခိုင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ပြီးတော့ ငါ သူ့ကို ကတိပေးထားတာတဲ့ အတိုင်း ကျောင်းတော်က မှတ်တမ်းတွေကို သူ့ကို ပြောပြလိုက်ဦး”

ထွက်မသွားခင်တွင် လင်ရှူးသည် သူ၏ကတိကို တည်အောင် လုပ်ရန်လည်း မမေ့လျော့ခဲ့။

“သူ့ကို ကောင်းကောင်း ပြောပြလိုက်၊ ဘာပြဿနာမှ မရှာနဲ့”

တာအိုဘုန်းတော်ကြီး ကျောင်းမှ ဘုန်းတော်ကြီးများသည် သူတို့ဘိုးဘေးက ဝမ်ရှမ်းအား အထူး အခွင့်ပေးသည်ကို မြင်နေရသည်ကို သူတို့က တခြား ဘာပြောစရာ ရှိဦးမည်နည်း… ထို့အပြင် ဝမ်ရှန်းမှ ရေးထိုး ထွင်းထုခဲ့သည် လောင်ဇီရုပ်ထု သုံးခုနှင့် ကာရံသုံးကြောင်းတို့သည် သူတို့ကျောင်းတော် အတွက် သာမက ကမ္ဘာတစ်ဝှမ်းရှိ တာအိုဘုန်းတော်ကြီးများ၏ ဂုဏ်သတင်းကိုလည်း လျင်မြန်စွာ ထိုးတက် သွားစေမည် ဖြစ်သည်။ ထိုအရာများနှင့် ယှဉ်လျှင် ထူးခြား မှတ်တမ်းများက ဘာမှ အရေးမပါတော့ပေ။

ထိုထူးခြားမှတ်တမ်းများ မဆိုထားနှင့် တာအိုကျောင်းတော်၏ လျှို့ဝှက် ကျင့်စဉ်များကို တောင်းဆိုလာလျှင်ပင် ဘုန်းတော်ကြီးများသည် မျက်နှာတစ်ချက် ပျက်မည် မဟုတ်ချေ။

ထိုကဗျာကာရံ စာသားများကြောင့် တာအို ဘာသာသည် နောက်ထပ် ခေတ်ကာလသစ် တစ်ခုသို့ ရောက်ရှိသွားတော့မည် မဟုတ်ပါလား…

“အဲ့လိုဆိုရင် ဘိုးဘေး တိတ်ဆိတ် ငြိမ်သက်တဲ့နေရာ ရှာစရာ မလိုတော့ပါဘူး။ ကျောင်းတော် အလယ်မှာရှိတဲ့ စာကြည့်ဆောင်ကို သွားလို့ရတာပဲ။ ဒီက ဒကာလေးကိုလည်း အဲ့နေရာ တစ်ခါတည်း ခေါ်သွားလို့ ရပါတယ်”

ထိုကဲ့သို့ဆိုလျှင် တစ်ခါတည်းနဲ့ ကိစ္စအားလုံး အေးသွားပြီဖြစ်၏။

“ပြီးတော့ ဘိုးဘေးလည်း တစ်ခုခု မသေချာဘူးဆိုရင် တစ်ခါတည်း တန်းပြီး စစ်ဆေးကြည့်လိုက်လို့ ရတယ်လေ”

တာအိုဘုန်းတော်ကြီး ကျောင်းအတွင်းရှိ စာကြည့်ဆောင်သည် ဝမ်ရှန်း လှုပ်ရှားရန် တွေးခဲ့ဖူးသည့် နေရာဖြစ်သည်။ ထိုနေရာသည် အရိပ်မိန်းမစိုးမှ ပြောသည့် သဘောကောင်း ကြင်နာသည့် ကိုယ်တော်နှင့် တွေ့မှသာ ထွက်လာနိုင်သည့် နေရာလည်းဖြစ်သည်။ သို့သော် ယခုအချိန်တွင် ထိုနေရာကို ဝမ်ရှန်းအတွက် တံခါးမရှိ ဓားမရှိ ဝင်ခွင့် ပေးနေလေသည်။

ထိုစကား ကြားသောအခါ လင်ရှူး အလွန် ပျော်ရွှင် သွားခဲ့သည်။ ဤကိုယ်တော်၏ အချို့ပုံစံများသည် သူ့စိတ်နှင့် သိပ်မကိုက်သော်လည်း ယခုတစ်ကြိမ်တွင် သူ၏လုပ်ဆောင်ချက်သည် လင်ရှူးအား မျက်နှာရစေရန် လုံလောက်ပေသည်။

ဟုတ်ပါသည်၊ လင်ရှူးသည် အချိန်အတော်ကြာအောင် ရှင်သန် နေထိုင်ခဲ့ပြီး ဖြစ်၏၊ ထို့ကြောင့် ဘုန်းတော်ကြီးများ၏ အတွေးကို သူ ကောင်းကောင်းကြီး သိပေသည်။ ဝမ်ရှန်းသည် တာအိုပညာရပ်၏ နက်ရှိုင်းသော သဘောသဘာဝ တရားများကို ကာရံ သုံးကြောင်းတည်းဖြင့် ဖော်ပြခဲ့သည်။

ဤကဲ့သို့သော လူမျိုးကို မဖမ်းဆုပ် ထားဘူးဆိုလျှင် နှမြောစရာ ကောင်းလှပေသည်။ ယခုအချိန်တွင် ကာရံသုံးကြောင်းတည်းသာ ဖြစ်၏၊ ဝမ်ရှန်းထံမှ ပိုမိုကောင်းမွန်သည့် အရာများကို ဆွဲထုတ် ချင်သည်ဆိုလျှင် ဤလောက်တော့ လုပ်ဆောင်ရမည် မဟုတ်ပါလော။

လင်ရှူး ဤအချက်ကို သိသလို ဝမ်ရှန်းလည်း သိ၏။ သို့သော် မည်သူကမှ တွန့်ဆုတ်ဟန် မပြပေ။ မည်သို့ပင်ဆိုစေကာမူ ဝမ်ရှန်းသည်လည်း ဤလူများနှင့် မိတ်ဆွေဖြစ်လျှင် အကျိုးမယုတ်ပေ။

လင်ရှူးမှ ဝမ်ရှန်းအား ကျောင်းတော်သို့ ခေါ်သွားလိုက်သည်။ သန့်ရှင်း သပ်ရပ်ကာ သက်သောင့်သက်သာရှိသည့် စာကြည့်ဆောင်သည် လင်ရှူး လေ့ကျင့်ရန်အတွက် သင့်တော်ပေသည်။ ဝမ်ရှန်းသည်လည်း ပိုမိုတိကျသည့် မှတ်တမ်းများ သိရပြီဖြစ်၏။

ထိုပုံစံဖြင့် ဝမ်ရှန်းနှင့် လင်ရှူးတို့ နှစ်ယောက် ထွက်သွား လိုက်ကြသည်။ ထိုနေရာတွင် ဘုန်းတော်ကြီး ကျောင်းမှ ကိုယ်တော်များ စုဝေးလာခဲ့၏။ ဤရုပ်ထုများသည် ကမ္ဘာပေါ်ရှိ နံပါတ်တစ် လောင်ဇီရုပ်ထုသုံးခု ဖြစ်သည်။ ဒါ့ပြင် လက်ရေးပုံစံ အသစ်နှင့် ကာရံသုံးကြောင်းလည်း ရှိနေသေးသည်။ ထိုအရာများသည် တာအိုဘုန်းတော်ကြီး ကျောင်း၏ ဂုဏ်သတင်းကို ပိုမိုမွှေးပျံ့ကျော်စော သွားစေရန် လုံလောက်ပေသည်။

ဝမ်ရှန်းသည် ဤနေရာတွင် လင်ရှူးအတွက် ကျောင်းဆောင် တစ်ခု ဆောက်လုပ် ပေးချင်သည်ဟု ပြောခဲ့သေးသည်။ ဘုန်းတော်ကြီးများ၏ အမြင်တွင် ထိုအရာသည် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း…

ဤကဲ့သို့ နေရာကောင်းမျိုးတွင် ဘယ်လိုလုပ် ကျောင်းဆောင် တစ်ခုတည်းကိုပဲ ဆောက်မည်နည်း…

လောင်ဇီရုပ်ထု တစ်ခုချင်းစီနှင့် မျက်နှာချင်းဆိုင် မြစ်ကမ်းဘေး တစ်ခုစီတွင် ကျောင်းဆောင် တစ်ဆောင်စီ ဆောက်ရမည်။ ကျောင်းဆောင်သုံးခုဟု ဆိုသော်လည်း ပြောရလျှင် တစ်ခုတည်းသာ ဖြစ်၏။ နာမည်မှည့်သည့် အချိန်တွင်တော့ ဘိုးဘေး သို့မဟုတ် ဝမ်ရှန်းကို နာမည်တစ်ခု မှည့်ခိုင်း ရပေမည်။ ဤနေရာသည် တာအိုပညာရပ်၏ အဓိက အချက်အချာ နေရာတစ်နေရာ ဖြစ်လာမည် မဟုတ်ပါလော။

ဝမ်ရှန်းကို မေးမည်ဆိုလျှင် ဝမ်ရှန်းသည် စဉ်းပင် မစဉ်းစားဘဲ ဤနေရာကို စန်းချင်း ကျောင်းတော်ဟု ခေါ်မည်ဖြစ်၏။ ဤလောင်ဇီရုပ်ထု သုံးခုသည် လောင်ဇီရုပ်ထုများ ဖြစ်သော်လည်း ဝမ်ရှန်းသည် ဤရုပ်ထုများသည် သူ့ကမ္ဘာမြေပေါ်ရှိ ချင်းမျိုးဆက် သုံးခုကို မှီငြမ်းကာ ထွင်းထုထားခြင်း ဖြစ်သည်။ နာမည်သည်လည်း အရေးပါသည့် အရာတစ်ခုပင်။

သို့သော် ယခုတွင် ထိုနာမည် အကြောင်း စဉ်းစားရန် စောနေသေးပေသည်။ ကြီးမားသည့် တာအိုကျောင်းဆောင်ကြီး ဆောက်လုပ်ရန် စီစဉ်နေစဉ်တွင် ဘုန်းတော်ကြီးများသည် အလည်လာသည့် လူများကိုလည်း စီမံကိုင်တွယ် ရသေး၏။ ထိုလူများသည် လက်ရေးလှပုံစံ အသစ်ကို လေ့လာရန်နှင့် လောင်ဇီရုပ်ထုကို အရိုအသေပေးရန် အတွက် မြို့တော်မှ လာရောက်ခဲ့ကြသည့် စာပေ ပညာရှင်များနှင့် နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်သည်။

နောက်ဆုံး အကြိမ်တွင် မျိုးရိုးနာမည် လျှိုဟုခေါ်သော ပုဂ္ဂိုလ်သည် ထိုစာလုံးများ မြင်သွားသည့် အချိန်တွင် အံ့သြထိတ်လန့် သွားကာ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အံ့ဩတကြီး အော်ဟစ် မိခဲ့သေး၏။

သူ၏နာမည်သည် ကမ္ဘာတစ်ဝှမ်း ကျော်ကြားခြင်းကြောင့်သာ မဟုတ်ခဲ့လျှင်၊ ဘုန်းတော်ကြီးများမှာ သူနှင့် ရင်းနှီးကျွမ်းဝင် နေကြခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် ထိုအသံကြောင့် သူသည် ဆွေမျိုးများပင် မေ့လောက်သည် အထိ ရိုက်နှက် ခံရနိုင်ပေသည်။

လျှိုဆရာ၏ အတည်ပြုမှုကြောင့် စာပေပညာရှင်များသည် စူးစမ်းလေ့လာရန် အတွက် မြို့တော်သို့ ရောက်လာခဲ့ကြလေသည်။

ညီညာသော စာလုံးပုံစံ ထွက်ပေါ် လာခြင်းသည် စာအရေးအသား ကဏ္ဍ၌ ခေတ်သစ်တစ်ခု ပေါ်ထွန်းလာခြင်းပင် ဖြစ်၏။ လက်ရှေးလှ ပညာတွင် ပုံစံအသစ် မထွက်ပေါ် လာသည်မှာ နှစ်ပေါင်း ဘယ်လောက်ပင် ကြာမြင့်နေပြီလဲ မသိပေ။ ထို့အတွက်ကြောင့် စာပေ ပညာရှင်များသည်လည်း ခေါင်းခြောက် နေကြပြီဖြစ်၏။

စိတ်လှုပ်ရှားစွာဖြင့် ရောက်ရှိလာသည့် လူများ၏ လှေများသည် မြစ်ကြောင်းကို ပိတ်ဆို့လု နီးပါးပင် ဖြစ်နေပြီဖြစ်၏။

တော်ဝင် မိသားစုလည်း ဤကိစ္စကို စိတ်ဝင်စားခဲ့သည်။ ဤလက်ရေးလှ စာလုံးပုံစံ အသစ်သည် မြို့တော်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဘာပဲပြောပြော တော်ဝင် မိသားစုသည် ဤကြီးမားသည့် ဂုဏ်သတင်းကို အမိအရ အသုံးချရပေမည်။

ဘုန်းတော်ကြီးကျောင်းမှ ကိုယ်တော်များက ဘာမှ မပြောဘဲနေလျှင်သော်မျှ ရှုထောင့်မျိုးစုံမှ စဉ်းစားကြည့်လိုက်သည့် အချိန်တွင် ထိုစာပေပညာရှင်များသည် ဤညီညာသော စာလုံးပုံစံကို အမည်မသိ ပန်းပုဆရာ တစ်ဦးမှ ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း လက်မခံချင်ကြပေ။ ထို့ကြောင့် သူတို့သည် အချိန်အတော်ကြာ ဆွေးနွေးတိုင်ပင် လိုက်ကြကာ နောက်ဆုံးတွင် ဤအရာသည် ဘုန်းတော်ကြီးကျောင်းမှ တာအိုဘုန်းတော်ကြီး၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း သဘောတူ လက်ခံလိုက်ကြသည်။

ထို့နောက် လူထုကိုလည်း ထိုအတိုင်းသာ ကြေညာလိုက်၏။ ချက်ချင်းပင် တာအိုဘုန်းတော်ကြီး ကျောင်း၏ ဂုဏ်သတင်းကလည်း တစ်ရှိန်ထိုး မြင့်တက် သွားခဲ့လေတော့သည်။

ဘုန်းတော်ကြီး တစ်ပါးသည် ဤအကြောင်းများကို လင်ရှူးအား ပြန်လည် တင်ပြသည်။ လင်ရှူးသည်လည်း ညီညာသော လက်ရေးလှပုံစံကို တီထွင်သည့် လူနာမည်မှာ သူ့နာမည် အမည်တွင်သွားကြောင်း ခပ်အက်အက် အပြုံးဖြင့်သာ ဝမ်ရှန်းအား ပြန်ရှင်းပြ လိုက်ရသည်။

သို့ရာတွင် ဝမ်ရှန်းသည် ဤအကြောင်းအရာများကို ဂရုမစိုက်ပါ။ မည်သို့ပင်ဆိုစေ နာမည်ရခြင်းသည် သူ၏ဝိညာဉ် အဆင့်ကို မြင့်တက်အောင် မလုပ်ပေးနိုင်သလို သူ၏ လိုအပ်ချက်များကိုလည်း ပြီးပြည့်စုံအောင် လုပ်ပေးနိုင်မည်လည်း မဟုတ်ပေ။ ထို့ကြောင့် သူ့အတွက် ထိုအရာမှာ ဘာမှ အရေးမပါချေ။
***

Comment

Leave a Reply

Options

not work with dark mode
Reset