Switch Mode

Chapter – 231

တာအိုဂိတ်တံခါးဝ (၂)

အပိုင်း ၂၃၁
တာအိုဂိတ်တံခါးဝ (၂)

ပထမစာကြောင်း : ဆင်တွင် ပုံသဏ္ဌာန်မရှိ၊ ထိုအရာကို ရီ၊ ရှီး၊ နှင့် ဝေ ဟုခေါ်သည်။ သူသည် ယင်ကို ကိုင်ဆောင်ကာ ယန်ကို ပွေ့ဖက်၏။ ပုံရိပ်ယောင် ဖြစ်သော်လည်း ပုံရိပ်ယောင်မဟုတ်…

ဒုတိယစာကြောင်း : အကောင်းဆုံး အရာသည် သက်ရှိများ အားလုံးအတွက် အကျိုးပြုသည့် ရေနှင့်တူညီ၏၊ နူးညံ့မှုကို ထိန်းသိမ်းသည်၊ အမှောင်ထုကို စောင့်ကြပ်သည်၊ အရှက်တရားကို စောင့်ကြပ်သည်၊ ထူးခြားဆန်းကြယ် လှပေသည်။

ဤကာရံစာသားသည် ဝမ်ရှန်း သူ့ကမ္ဘာပေါ်ရှိ လောင်ဇီနန်းတော် တံခါးဝရှေ့၌ မြင်ခဲ့ဖူးသည့် စာသားများဖြစ်သည်။ ထို့ကြောင့် လောင်ဇီရုပ်ထု၌ ထည့်သွင်း အသုံးပြုခြင်းက သင့်တော်ပေသည်။

ယခုတစ်ကြိမ်တွင် လင်ရှူးသည် ထိုစာသားကို မြင်လိုက်ရသည့် အချိန်၌ အားရပါးရ အော်မရယ်တော့ပေ။ မြစ်ကမ်းဘေး၌သာ အချိန်အတော်ကြာအောင် ရပ်နေခဲ့၏။

လင်ရှူးသာမက ဘုန်းတော်ကြီးကျောင်းမှ ကိုယ်တော်များသည်လည်း ငုတ်တုတ် မေ့နေကြသကဲ့သို့ ထိုစာကြောင်းကို တိတ်ဆိတ်စွာ ကြည့်နေကြလေသည်။

ဝမ်ရှန်း ဖြတ်သန်း ရောက်ရှိလာသည့် ကမ္ဘာတွင် လက်ရှိ ဘာသာရေးကို တာအိုပညာရပ် (တောက်မန်) ဟု သိကြ၏။ သို့သော် ဤကမ္ဘာမှ တာအိုပညာရပ်သည် သူ့ကမ္ဘာပေါ်မှ တိုးတက်နေသည့် တာအိုပညာရပ်ကဲ့သို့ မပြည့်စုံပေ… မျိုးဆက်အဆင့်ဆင့် လေ့လာစူးစမ်းမှုများကို ထပ်မံဖြည့်စွက် လိုက်မည်ဆိုလျှင်ပင် အပေါ်ယံသာ ရှိသေးကာ တာအိုပညာရပ် အတွင်းသို့ နက်နက်နဲနဲ မဝင်ရောက်သေးချေ။

သို့သော် ဝမ်ရှန်း သူ့ကမ္ဘာမှ ကူးယူထားသည့် ဤစာကြောင်းများတွင် စံချိန်မီ တာအိုအယူအဆများ ပါဝင်ပေသည်။

ထိုနေရာ၌ ရှိနေသည့် ဘုန်းတော်ကြီး အများစုသည် အဆင့်မြင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့ကြောင့် ဤကဲ့သို့ စံချိန်မီ တာအိုသဘောတရားနှင့် ကြုံတွေ့လိုက်ရသည့် အချိန်တွင် သူတို့သည် ဘယ်လိုလုပ် စိတ်မဝင်စားဘဲ နေမည်နည်း… အားလုံးသည် စကားတစ်ခွန်းမှ မပြောဘဲ အချိန်အတော်ကြာ ရပ်နေကြကာ သူတို့၏ ကိုယ်ပိုင်ဆင်ခြင် ရှုမှတ်ခြင်း၌ စိတ်နစ်ဝင်နေကြတော့သည်။

သူတို့သည် တာအိုပညာရပ် နောက်ကို အချိန်အတော်ကြာ လိုက်လံ လေ့လာဆည်းပူး ခဲ့ကြသော်လည်း သူတို့၏ အဖြစ်အပျက်သည် မျက်နှာကို ဇာပဝါဖြင့် အုပ်ထားသည့် အလှလေး တစ်ယောက်ကို မြင်တွေ့ နေရသည်နှင့် တူနေ၏။ သူတို့သည် အပြင်ပိုင်း ပုံစံကိုသာ ရေးတေးတေး မြင်နေရကာ ဇာပဝါအောက်မှ အလှမျက်နှာကို မမြင်ကြရပေ။

ရုတ်တရက် ဇာပဝါ၏ အစိတ်အပိုင်း တစ်ခု မြှောက်တက်သွားကာ မျက်နှာ၏ ထောင့်တစ်နေရာကို မြင်လိုက်ရချိန် ရုတ်တရက် ပျော်ရွှင်ကြည်နူးမိ သွားစေ၏။ ယခုတွင် ထိုသို့ပမာ ဖြစ်လေရာ ဤတာအို ဘုန်းတော်များသည် ဘယ်လိုလုပ် မပျော်ရွှင်ဘဲ နေကြမည်နည်း…

သို့သော် ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ငယ်များသည် အခြေအနေကို နားမလည်ကြကာ ဝမ်ရှန်းကိုသာ နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။ ဝမ်ရှန်းက သူတို့ ဆရာများနှင့် ဘိုးဘေးများကို မှော်အတတ်ဖြင့် ဖမ်းစားလိုက်ခြင်း မဟုတ်ကြောင်း သူတို့ သိကြပေသည်။ သို့သော်လည်း ဝမ်ရှန်း၏ ကဗျာကာရံ စာသားများကြောင့် အကြီးအကဲများ ဤအခြေအနေသို့ ကျရောက် သွားခြင်းမှာ ဝမ်ရှန်း၏ အမှားသာ ဖြစ်ရပေမည်။

ဤစာသားများထဲတွင် ရှုပ်ထွေးသည့် အစီအရင်အချို့ ကွယ်ဝှက် နေခြင်းများလား၊ ထို့ကြောင့် အကြီးအကဲများက ဤကဲ့သို့ တုတ်တုတ်မျှ မလှုပ်နိုင် ဖြစ်သွားကြသည်လား… အချိန်အတော်ကြာ စောင့်ပြီးသည်အထိ လင်ရှူးနှင့် အခြား ဘုန်းတော်ကြီးများသည် တစ်လက်မလေးပင် မလှုပ်ရှားခဲ့ကြသေး… ထို့ကြောင့် ဘုန်းတော်ငယ် အချို့သည် စိုးရိမ်လာကာ သူတို့ အကြီးအကဲများအား လှုပ်နှိုးရန် ပြင်နေကြပြီဖြစ်၏။

ထိုအချိန်မှာပင် မြစ်ဘက်မှနေ၍ စိတ်လှုပ်တရှား အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

“စာသားကောင်းပဲ၊ စာသားကောင်းပဲကွ…”

ထိုကျယ်လောင်လှသည့် အသံသည် ရှုမှတ်ခြင်း၌ ဈာန်ဝင်နေသည့် လင်ရှူးနှင့် ဘုန်းတော်ကြီးများကို လန့်နှိုး သွားစေခဲ့တော့သည်။ သူတို့သည် နောက်ဆုံးတွင် ဖုံးကွယ်နေသည့် အရာကို မြင်ခဲ့ရပြီဖြစ်၏၊ ထို့ကြောင့် သူတို့လေ့ကျင့်လျှင် လေ့ကျင့်သလောက် အရှေ့သို့ တက်နိုင်ပေသည်။ သို့သော် ရုတ်တရက် ပျော်ရွှင်တက်ကြွစွာ ပြောသည့်အသံက သူတို့ကို ကြားဝင် နှောင့်ယှက်ခဲ့သည်။ လင်ရှူးသည် အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားကာ ထိုလူကို သတ်ချင်စိတ်ပင် ပေါက်သွား၏။

“ဘာတွေ အော်ကြီးဟစ်ကျယ် ပြောနေတာလဲ”

အခြားတစ်ဖက်က မည်သူမည်ဝါ ဖြစ်ကြောင်း ဂရုစိုက် မနေတော့ဘဲ လင်ရှူးမှ ထိုလူအား ချက်ချင်း ပြန်လည် ကြိမ်းမောင်း အော်ဟစ် လိုက်တော့သည်။

ကျောင်းထိုင်ကိုယ်တော်နှင့် အခြား ဘုန်းတော်ကြီးများသည်လည်း ထိုကျယ်လောင်သည့် အသံကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့ကြပေသည်။ သို့သော် သူတို့သည် လင်ရှူးကဲ့သို့ ပြန်လည် မပြုမူခဲ့ကြ။ မှုန်သုန်စွာဖြင့်သာ လှေပေါ်မှ လူအား လှမ်းကြည့် လိုက်ကြသည်။

“ဒီလောက်ကောင်းတဲ့ စာလုံးတွေကိုတောင် မဖတ်နိုင်ဘူးလား။ ကန်းနေတာလား… ဆိုးရွားလိုက်တာ…”

လှေအတွင်းမှ ပြန်လည်ချေပသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အသံနှင့်အတူ တစ်ခေါင်းလုံး ဖြူဖွေးနေကာ ဖြူဖွေးနေသည့် မုတ်ဆိတ်မွေးနှင့် အဘိုးအိုတစ်ယောက် ကုန်းပတ်ပေါ်သို့ တက်လာခဲ့သည်။

မြစ်ကမ်းဘေး၌ ရှိနေသည့် တာအို ဘုန်းတော်ကြီးများကို တွေ့လိုက် ရသောအခါ ထိုအဘိုးအိုသည် တဒင်္ဂ ကြောင်အ သွားခဲ့၏။ ထို့နောက်မှ စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်သည်။ ထို့နောက် လှေသမားကို ထိုနေရာသို့ ကမ်းကပ်ရန် တီးတိုး ပြောလိုက်သည်။

ထိုအဘိုးအိုအား မြင်လိုက်ရသောအခါ ဘုန်းတော်ကြီးအချို့ ထိုအဘိုးအိုအား အလျင်အမြန် လာရောက် နှုတ်ဆက် လိုက်ကြသည်။ နှစ်ဖက်လုံးသည် တစ်ဖက်ကိုတစ်ဖက် သိကြပေသည်၊ ထို့ကြောင့် ဆက်ပြီး အခြေအတင် ပြောမနေကြတော့။ ထိုအဘိုးအိုမှလည်း ဘုန်းတော်ကြီးများအား သူ၏နှောင့်ယှက်မှု အတွက် တောင်းပန် လိုက်သည်။ ထို့နောက် လေထုအခြေအနေ ပြန်လည် ကောင်းမွန်လာခဲ့၏။

သူတို့အချင်းချင်း နှုတ်ဆက်နေကြသည့် အချိန်တွင် လင်ရှူးသည် ဝမ်ရှန်းနှင့် ကျောင်းထိုင် ကိုယ်တော်ကို အခြား တစ်နေရာသို့ ဆွဲခေါ် သွားလိုက်သည်။

“ငါ့အတွက် တိတ်ဆိတ်တဲ့ နေရာတစ်နေရာ ပြင်ပေး”

လင်ရှူးမှ ဘာမပြောညာမပြော ဗြုန်းစားကြီး ပြောလိုက်သည်။

“တတိယမြောက် ကာရံကို ဖတ်ပြီးသွားရင် ငါ့ဉာဏ်အလင်း ပွင့်သွားပြီး အဆင့်တက်ချင် တက်သွားနိုင်တယ်”

“ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်ဗျာ…”

လင်ရှူး အဆင့်တက်နိုင်ကြောင်း ကြားလိုက်ရသည့် အချိန်တွင် ဝမ်ရှန်းမှ ချက်ချင်း လက်ယှက်ကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။ သို့သော် ဝမ်ရှန်းအား ထူးဆန်းစေသည်မှာ လင်ရှူး အဆင့်တက်ခြင်းသည် ကောင်းသည့်အရာ ဖြစ်သော်လည်း လင်းရှူးအား ကြည့်နေသည့် ကိုယ်တော်သည် လင်ရှူးအား သရဲတစ္ဆေ တစ်ကောင်ကဲ့သို့ ကြည့်နေလေသည်။

အခြေအနေတွေက ဘယ်လိုတွေ ဖြစ်နေတာလဲ… ဝမ်ရှန်း နားမလည်။ သို့သော် ထိုကိုယ်တော်သည် ထိတ်လန့်မှုကြောင့် တကယ်ကို ငိုချင်စိတ်ပင် ပေါက်သွားခဲ့သည်။ ဤနေရာ၌ လူများစွာ ရှိနေခြင်းကြောင့်သာ မဟုတ်ဘူးဆိုလျှင် သူသည် တကယ်ပဲ ထိန်းနိုင်လောက်မည် မဟုတ်ပေ။

သူတို့၏ဘိုးဘေး လင်ရှူးက သက်တော် ဘယ်လောက်ရှိပြီလဲ ဆိုတာ သူမသိ… သို့သော် မှတ်တမ်းများအရ ဘိုးဘေးသည် မကြာသေးခင်ကမှ နဝမအဆင့်မှ အဆင့်တက်ခဲ့ကာ ဒဏ္ဍာရီလာအဆင့်၊ ပြီးပြည့်စုံသည့် အဆင့်ဖြစ်သည့် ဒဿမအဆင့် အတွင်းသို့ ဝင်ရောက်နေပြီ ဖြစ်သည်။ ဤကိုယ်တော်သည် လူများ ယုံကြည်နိုင်ရန် ခက်ခဲသည့် အဆင့်သို့ တက်လှမ်း နိုင်ခဲ့ခြင်းပင်ဖြစ်၏။

တကယ့်ကို ဒဏ္ဍာရီလာ အဆင့်ပင်ဖြစ်၏။ ပြီးပြည့်စုံသည့် ဒဿမအဆင့်… သာမန် အသိဉာဏ်ရှိသည့် မည်သူမဆို ကမ္ဘာပေါ်မှ မည်သူက နဝမအဆင့်ကို ဖြတ်ကျော်ကာ ဒဿမအဆင့်သို့ တက်လှမ်းသွားကြောင်း မကြားဖူးသေးချေ။ ကြားဖူးလျှင်လည်း ခေါင်းထဲ ရေများဖြင့် ပြည့်နေမှသာ ထိုစကားကို ယုံကြည်ကြ ပေလိမ့်မည်။

သို့သော် ဤဘိုးဘေးက ယခု ဘာပြောခဲ့သနည်း… နောက်တစ်ကြိမ် အဆင့်တက်မည် ဟုတ်လား… ထိုကိုယ်တော်သည် သူ့ခံစားချက်ကို ဘယ်လိုဖော်ပြရမလဲပင် မသိတော့…

ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့် စကားမျိုးက အခြားလူပါးစပ်မှ ထွက်လာခဲ့ခြင်းသာ ဆိုလျှင် သူသည် ထိုလူကို သေသည်အထိ ရိုက်ပစ်မည် ဖြစ်သည်။ သို့သော် ယခု ပြောနေသည့် လူမှာ သူ့ဘိုးဘေးဖြစ်၏။ သူ လုပ်ချင်သည် ဆိုလျှင်တောင် ဘယ်လိုလုပ် လုပ်ရဲမည်နည်း…

ထိုကိုယ်တော်သည် သူ၏ဦးနှောက်ကိုပင် အလုပ်ပေး၍ မရတော့ပေ။ နံပါတ် အစီအစဉ်ကပဲ မှားယွင်းနေခြင်းလား… ၉ အထက်၌ ၈ ရှိနေခြင်းလား…

သို့သော် လင်ရှူးသည် ထိုကိုယ်တော်၏ ခံစားချက်များကို လျစ်လျူရှုကာ လက်ရေးလှ လေ့ကျင့်ရန်နှင့် သောက်စားရန် ဝမ်ရှန်းကို ဆွဲခေါ် သွားလိုက်သည်။

………..

နောက်နှစ်ရက် ကြာပြီးနောက်တွင် တတိယမြောက် ကျောက်ထရံ ပြိုကျသွားကာ ကြီးမားသည့် ရုပ်ထုသုံးခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။ ပထမတစ်ခုနှင့် ဒုတိယတစ်ခုကဲ့ပင် ထိုရုပ်ထုတော်သည်လည်း အံ့သြမှင်သက်ဖွယ် ကောင်းလှပေသည်။ သို့သော် တတိယမြောက် ကဗျာကာရံကို မြင်လိုက်ရသောအခါ လူများသည် ဘာမှပင် မပြောနိုင်ကြတော့သည် အထိ ဆွံ့အ သွားခဲ့ကြတော့သည်။

ပထမတစ်ကြောင်း : တာအိုသည် ကနဦးအစ တစ် (၁) ကို မွေးဖွားပေးသည် (ဗလာနတ္ထိ)၊ ထိုတစ်(၁)သည် နှစ်(၂)ကို မွေးဖွားစေ၏။ (ယင်နှင့်ယန်)၊ နှစ်(၂)သည် သုံး(၃)ကို မွေးဖွားစေ၏။ (ကောင်းကင်၊ မြေကြီးနှင့် သက်ရှိ သို့မဟုတ် ယင်၊ ယန်နှင့် ချီစွမ်းအင်)၊ သုံးသည် အရာအားလုံးကို မွေးဖွားပေး၏။ (သက်ရှိများတွင် အထီးနှင့် အမတို့သည် အတူတကွ လိုက်လျောညီထွေ ရှင်သန် နေထိုင်ကြကာ လူသားမျိုးနွယ်များ ဆက်လက် တိုးပွားစေသည်)

ဒုတိယတစ်ကြောင်း : လူသားများသည် ကမ္ဘာကြီး၏ လမ်းကြောင်းနောက် လိုက်ကြသည်၊ ကမ္ဘာကြီးသည် ကောင်းကင် နောက်လိုက်၏။ ကောင်းကင်ကြီးသည် တာအိုလမ်းစဉ် နောက်လိုက်သည်။ တာအိုသည် သဘာဝတရားကြီး နောက်လိုက်လေသည်…

ဝုန်း ….

ထိုစာသားအား ကြည့်နေကြသည့် လင်ရှူးနှင့် အခြား ဘုန်းတော်ကြီးများ၏ စိတ်ထဲတွင် ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ် လာခဲ့သည်။ ရုတ်တရက် သူတို့သည် အံ့သြဖွယ် ကောင်းသည့် အခြားကမ္ဘာ တစ်ခုအား မြင်တွေ့လိုက်ရသည်ဟု ခံစားလိုက်ရ၏။ ထိုကမ္ဘာသည် တာအိုဘိုးဘေးများ မျိုးဆက် အဆက်ဆက် လေ့လာ လိုက်စားခဲ့ကြသည့် ကမ္ဘာပင်ဖြစ်သည်။ နောက်ဆုံးတွင် ထိုကမ္ဘာကြီး၏ တံခါးသည် သူတို့ရှေ့၌ ဖွင့်လှစ်ခဲ့ပြီဖြစ်၏။
***

Comment

Leave a Reply

Options

not work with dark mode
Reset