Switch Mode

Chapter – 230

တာအို ဂိတ်တံခါးဝ (၁)

အပိုင်း ၂၃၀
တာအို ဂိတ်တံခါးဝ (၁)

ဝမ်ရှန်း၏ စုတ်ချက်ရှစ်ခု လေ့ကျင့်ရေး စာလုံးသည် ညီညာသော စာလုံးဖြစ်သည်။ အဘိဓာန် “ချီဟိုင်”အတွင်းတွင် ထိုစာလုံးကို “ခန္ဓာကိုယ်က စတုရန်းဖြစ်ကာ စုတ်ချက်များက တည့်တည့် ဖြစ်သည်။ ထိုစာလုံးကို စံအနေဖြင့် အသုံးပြု၍ ရပေသည်” ဟူ၍ ရှင်းလင်း ဖော်ပြထား၏။ ထို့ကြောင့် သူ့အား ညီညာသော စာလုံးဟု အမည်တွင်ခြင်း ဖြစ်၏။ ဤကမ္ဘာအတွင်းတွင် ထိုကဲ့သို့သော စာလုံးပုံစံမျိုး ဘယ်တုန်းကမှ မပေါ်ထွန်းသေးချေ…

လင်ရှူးမှ မေးလိုက်သော်လည်း ဝမ်ရှန်းမှ ဘာမှ ကောင်းကောင်း ပြန်မဖြေနိုင် လိုက်ခင်မှာပင် လင်ရှူး သူ၏အာရုံ အတွင်း၌ နစ်မြှုပ်သွားခဲ့သည်။ သူသည် သူ့ရှေ့၌ ရှိနေသည့် စာလုံးများအတိုင်း အရာထပ်ကာ သူ၏လက်ချောင်းကို လေထုအတွင်း၌ လှုပ်ရှားလိုက်၏။

လင်ရှူးထံမှ မေးခွန်းကို ကြားပြီးနောက် အားလုံးသည် သူတို့ ဘာလို့ ထူးဆန်းသည်ဟု ခံစားနေရကြောင်း နားလည်သွားသည်။ ဤစာကြောင်း၏ စာလုံးကြောင့် ဖြစ်ပေသည်။ သူတို့သည် ထိုစာလုံး ပုံစံမျိုးကို ယခင်က ဘယ်တုန်းကမှ မမြင်ဖူးခဲ့ကြသောကြောင့် ထူးဆန်းသည်ဟု ခံစားနေရခြင်းဖြစ်၏။

ဤဒေါင်လိုက် စတုန်ရန်းပုံသည် ဤကြီးမားသည့် ကျောက်တိုင်နှင့် အလွန် ပနံသင့်လှသည်။ လူများကို စိတ်မသက်မသာ ဖြစ်သည့် ခံစားချက်များ မပေးစွမ်းပေ။ ထို့အပြင် သူတို့သည် ဤကမ္ဘာ၏ တရားဝင် စာလုံးပုံစံကို ဖတ်ရှုလာခဲ့သည်မှာ အချိန်အတော် ကြာနေပြီဖြစ်၏။ ထို့ကြောင့် ဤစတုရန်းပုံစံ ညီညာသော စာလုံးများကို မှတ်မိရန် အချိန်မလိုပေ။ ဤလက်ရေးသည် တကယ့်ကို အံ့အားသင့်စရာ ကောင်းသည့် အလှလက်ရေးပင် ဖြစ်၏။

လင်ရှူး ကိုယ်တိုင်သည်ပင် လက်ရေးလှ ကျွမ်းကျင်သူ ဆရာတစ်ယောက် မဟုတ်ပါလား… သူကိုယ်တိုင် ဝမ်ရှန်းအား လက်ရေးလှ သင်ပေးခဲ့သည်ပြီး အထူးသဖြင့် ဝမ်ရှန်း၏ ခွန်အားနှင့် ကိုက်ညီအောင် စီစဉ်ပေးထားသည့် အထူးပြုလုပ် ထားသော စုတ်တံသုံးချောင်းကို ကြည့်ခြင်းအားဖြင့် သူက ဤနေရာ၌ မည်မျှပင် ကျွမ်းကျင်ကြောင်း မြင်နိုင်ပေသည်။

သူသည် မေးခွန်း မေးလိုက်ခြင်းသာ ဖြစ်သော်လည်း အဖြေကို နားပင်မထောင်ဘဲ သူ့ဘာသာသူ စုတ်ချက်များထဲ မြောဝင်သွားခဲ့သည်။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် သူသည် လက်ရေးလှ ပညာကို မည်မျှပင် မြတ်နိုး တန်ဖိုးထားကြောင်း မြင်နိုင်ပေသည်။

ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများ အားလုံးသည်လည်း လက်ရေးလှ ပညာကို လင်ရှူးလောက် မစွဲလမ်းသော်ငြား ဤစာလုံးများ၏ အရည်အသွေးကို ခေါင်းညိတ် အသိအမှတ် ပြုမိပေသည်။

နောက်ဆုံးတွင် လင်ရှူးသည် ဈာန်ဝင်နေရာမှ နှိုးထလာကာ ဝမ်ရှန်းအား ဆွဲလိုက်ပြီး ထပ်တူညီသည့် မေးခွန်းကို နောက်တစ်ကြိမ် မေးလိုက်၏။

“ဒီစာလုံးက ဘယ်လို စာလုံးမျိုးလဲ… မင်းဘာသာမင်း တီထွင်ထားတာလား… ဘယ်လို တီထွင်ထားတာလဲ… ပြီးတော့ ဘယ်လို လေ့ကျင့်တာလဲ…”

“ကျွန်တော်က ဒါကို ညီညာသော စာလုံးလို့ ခေါ်တယ်”

ဝမ်ရှန်းမှ ပုံမှန်လေသံဖြင့် ပြန်ပြောလိုက်၏။

လင်ရှူးသည် ထိုစကားတိုင်း သံယောင်လိုက်ကာ “ညီညာသော စာလုံး ဟုတ်လား။ အာ… စာလုံးတွေက ဖြောင့်တန်း နေတာပဲ။ ဟုတ်တယ် ဟုတ်တယ်။ အဲ့နာမည်နဲ့ လိုက်တယ်”

ချီးကျူးစကား အနည်းငယ် ပြောပြီးနောက် လင်ရှူးသည် အခြားလူများ ဘာတွေးမလဲ ဆိုတာကို ဂရုမစိုက်နေဘဲ ဝမ်ရှန်းကို ဆွဲခေါ် သွားလိုက်သည်။

“လာ၊ ငါ့ကို စုတ်ချက် တစ်ချက်ချင်းစီ ရေးပြ။ ငါ ကြည့်ကြည့်မယ်…”

သူသည် ဤနေရာ၌ တဒင်္ဂလေးပင် မနေချင်တော့ပေ။ ဝမ်ရှန်းနှင့်သာ လက်ရေးလှ ကျင့်ချင်စိတ်များ ပြင်းထန်နေသည်။

ထိုနေရာမှ မထွက်သွားခင်တွင် သူသည် အခြားလူများကို အော်ဟစ် ပြောဆိုရန်လည်း မမေ့ခဲ့ပေ။

“နောက်တစ်ဖက် ဖြိုလို့ပြီးရင် ငါ့ကိုခေါ်လိုက်။ ဒါပေမယ့် နောက်စာကြောင်းက ဘာလဲဆိုတာ ငါ့ကို လာပြီး မပြောပြကြနဲ့”

သူ၏ပြတ်သားသည့် လေသံသည် သူ့ကမ္ဘာပေါ်မှ ရုပ်ရှင်အကြောင်း ကြိုကြိုပြောနေသည့် လူများကို ဟန့်တားသည့် အသံနှင့် အတော်ကို ဆင်တူလှသည်ဟု ဝမ်ရှန်း တွေးမိလိုက်၏။

ကျောင်းထိုင် ဘုန်းတော်ကြီးမှ အက်ကွဲသော အပြုံးဖြင့်သာ သဘောတူကြောင်း ပြလိုက်ကြသည်။ ထို့နောက် သူသည် တစ်ဖက်လှည့့်ကာ ထိုအကြောင်းကို အခြားသူများကို သတိပေးလိုက်၏။ ထို့နောက် သူ၏ဝတ်ရုံများကို ဖုတ်ဖတ်ခါကာ လင်ရှူးနှင့် ဝမ်ရှန်းတို့ ထွက်သွားသည့် ဘက်ကို တဖြည်းဖြည်းချင်း လိုက်သွား လိုက်သည်။

လင်ရှူး ဝမ်ရှန်းအား တိတ်ဆိတ် ငြိမ်သက်သည့် နေရာတစ်ခုသို့ ဆွဲခေါ်လာခဲ့သည်။ ထို့နောက် စာရွက်ထုတ်ကာ သူ့အား စုတ်ချက် တစ်ချက်ချင်းစီ ချရေးခိုင်းလိုက်၏။ ဝမ်ရှန်းမှလည်း “永” ဟူသည့် စာလုံး၏ စုတ်ချက်များကို ရေးရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် လင်ရှူးသည် သူတို့နောက် လိုက်လာသည့် ကျောင်းထိုင်ကိုယ်တော်အား မြင်သွားကာ စိတ်မရှည်သည့် လေသံဖြင့် –

“မင်းက ဒီကို ဘာလာလုပ်တာတုံး”

“တပည့်လည်း ဒီ ညီညာတဲ့ စာလုံးကို သင်ယူဖို့ လာတာပါ”

ယနေ့မှ သူ၏ဘိုးဘေးကို ပြန်ခံပြောနေခြင်းလား၊ သို့မဟုတ် အခါတိုင်းရော အမြဲဒီလိုပဲလား ဆိုတာ ဝမ်ရှန်း မသိပေ။ မည်သို့ပင်ဆိုစေ တာအိုဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင် ကိုယ်တော်သည် လူများကို အလွန် သက်သောင့်သက်သာ ဖြစ်သည့် ခံစားချက် ပေးစွမ်းနိုင်သည်ဟုတော့ ပြောရပေမည်၊ နွေဦးရာသီ၌ လေပြည်လေညင်းများ တိုက်ခတ် လာသကဲ့ပင်ဖြစ်၏။

ဝမ်ရှန်းသည် အစကတည်းက လင်ရှူး၏ တစ်ဖက်သတ် ဆုံးဖြတ်ချက် အတွေးများကို မယုံကြည်ခဲ့ချေ။ လင်ရှူးသည် ကျောင်းထိုင်ကိုယ်တော်က သူ့အလုပ်ကိုသူ မလုပ်ဘဲ ဘိုးဘေးများကို စိတ်ပျက် စေသည်ဟု ခံစားရ၏။

သို့သော် ကျောင်းထိုင် ကိုယ်တော်တို့ အဖွဲ့မှ ဘာအမှားမှ လုပ်သည်ဟု ဝမ်ရှန်း မခံစားရပေ။ ဤကဲ့သို့ ကြီးမားသည့် ကျောင်းတော်ကြီးကို အုပ်ချုပ်နိုင်ခြင်းကပင် အရည်အချင်း တစ်ခု ဖြစ်နေပြီဖြစ်၏။ လူတစ်ယောက်၏ အတွေးနှင့် သူ့အပေါ် နားလည်သည့် ပုံစံများဖြင့် ထိုလူ၏ အရည်အချင်းကို ဝေဖန်ဆုံးဖြတ်၍ မရပါ…

ဝမ်ရှန်းသည် သူ့ကမ္ဘာမြေပေါ်တွင် ဘာသာရေး တရားနှင့် ပတ်သက်၍ သော်လည်းကောင်း၊ အတွေးအခေါ် အယူအဆများ ကွဲလွဲမှုကြောင့် သော်လည်းကောင်း ဖြစ်ပေါ်ခဲ့သည့် များစွာသော တိုက်ပွဲများအကြောင်း သင်ကြားဖူးခဲ့သည်။

သူတို့သည် တာအိုဘုန်းတော်ကြီးများကို အဆင့်တက်ခိုင်း စေချင်ပြီး လေ့ကျင့်ကြသည်ကို မှားသည်ဟု ဝမ်ရှန်း တစ်ခေါက်မှာ မခံစားမိပေ။ ထိုကဲ့သို့သော ကိုယ်တော် တစ်ပါးက ကိစ္စရပ်များကို ပစ်ပယ်ထားကာ လက်ရေးလှ လာသင်သည် ဆိုခြင်းကပင် သူ့အား လုံလောက်အောင် မျက်နှာသာ ပေးနေပြီဖြစ်၏။

ဝမ်ရှန်းသည် လင်ရှူးကဲ့သို့ စိတ်မရှည် ဖြစ်သွားမည် မဟုတ်ပေ။ သူ့ထံတွင်လည်း ထိုကဲ့သို့ စိတ်မရှည် ဖြစ်နိုင်သည့် အရည်အချင်းမျိုးလည်း မရှိချေ…

ဝမ်ရှန်းက စုတ်တံ သုံးချောင်းကို မထုတ်ယူခင်မှာပင် ကျောင်းထိုင် ကိုယ်တော်သည် လင်ရှူး သူ့အတွက် ပြင်ဆင်ထားသည့် စုတ်တံကို ထုတ်လိုက်သည်။ နှေးတိနှေးတုံ့ လုပ်နေသည့် အတွက်ကြောင့် လင်ရှူးသည် ပို၍ စိတ်မရှည် ဖြစ်သွားကာ သူထံသို့ စုတ်တံတစ်ချောင်း ပစ်ပေးလိုက်သည်။ သူသည် ဝမ်ရှန်း၏ လက်ရေးအလှကို လေ့ကျင့်ရန် စိတ်စောလွန်း၍ ကိုယ်တစ်ပိုင်း သေမတတ် ဖြစ်နေပြီပင်။

ဝမ်ရှန်းသည် သူ၏စုတ်တံကို ရေထဲနစ်ကာ “永” ဟူသည့် စာလုံးကို ရေးဆွဲလိုက်၏။ သူသည် လေ့ကျင့်စဉ် တစ်လျှောက်လုံးတွင် မင်ကိုမသုံးခဲ့ပေ၊ ရေကိုသာ သုံးခဲ့၏။ ယခုလည်း အတူတူပင် ဖြစ်သည်။

လေ့ကျင့်ခြင်း စသည့်နေ့မှစ၍ ယနေ့အထိ ဝမ်ရှန်းသည် နေပူပူ မိုးရွာရွာ တစ်နေ့ကို စာလုံး ၃၀၀ ကို နေ့တိုင်း ရေးခဲ့၏။ “永”ဟူသည့် စာလုံးကို စုစုပေါင်း စာလုံးရေ တစ်သောင်းခန့် ရေးခဲ့ဖူးပေသည်။ ယခုအချိန်တွင် သူသည် ထိုစာလုံးကို ဖြောင့်ဖြောင့်မတ်မတ် ရေးနိုင်ပြီဖြစ်ကာ စံအဖြစ်သတ်မှတ်၍ ရပြီဖြစ်သည်။

“ကောင်းတယ်… စာလုံးကောင်း တစ်လုံးပဲ…”

လင်ရှူးသည် လက်ရေးလှရေးခြင်း အတတ်ကို ကျွမ်းကျင် တတ်မြောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်၏။ ထို့ကြောင့် တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝမ်ရှန်း၏ အခြေက ခိုင်မာကြောင်း သူ ပြောနိုင်ပေသည်။ ဝမ်ရှန်းရေးသည့် “永” စာလုံး၏ နောက်ထပ် ပြီးပြည့်စုံသည့် အချက်မှာ ထိုစာလုံးတွင် စုတ်ချက်များစွာ ရှိနေခြင်း ဖြစ်သည်။

ဝမ်ရှန်းမှ တစ်ချက် ရေးပြပြီးနောက် လင်ရှူးသည် အဓိက သော့ချက်ကို မမေးဘဲ လိုက်ချ ရေးလိုက်သည်။ သူ့ဘေး၌ ရှိနေသည့် ဘုန်းတော်ကြီးသည်လည်း အတူတူပင်ဖြစ်၏။ သို့သော် သူသည် စုတ်တံကို ကိုင်ကာ ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည့် အချိန်တွင် စစချင်း၌ လက်တစ်ချက် တွန့်သွားပြီး တစ်ခဏကြာတွင် စုတ်တံကို ပုံမှန်အတိုင်း ဆက်လက် အသုံးပြုလိုက်၏။

ထိုမြင်ကွင်းကို မြင်လိုက် ရသောအခါ ဝမ်ရှန်း မနေနိုင်ဘဲ အံ့သြချီးကျူး မိသွားခဲ့သည်။ ထိုစုတ်တံသည် လေးသည့် စုတ်တံဖြစ်ရမည်။ ဝမ်ရှန်းသည် ထိုစုတ်တံကို လိုသလို စိတ်ကြိုက် အသုံးမပြုနိုင်ခင်တွင် လပေါင်းများစွာ လေ့ကျင့်ခဲ့ရ၏။ သို့သော် ထိုကိုယ်တော်သည် အစပိုင်း၌ တစ်ချက် တွန့်သွားသည်မှလွဲ၍ အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြန်လည် အသုံးပြုနိုင် သွားသည်။

ထို့အပြင် ညီညာသော စာလုံးကို ပထမဆုံး ရေးခြင်း ဖြစ်သော်လည်း ဝမ်ရှန်း စရေးစဉ် အချိန်ကထက် ငါးဆ ခြောက်ဆခန့် ပိုသာနေသည်။ ဤအချက်များကြောင့် ဤကိုယ်တော်သည်လည်း အလွန် လေ့ကျင့်ထားသည့် ကိုယ်တော်တစ်ပါး ဖြစ်ရမည်ဟု ဝမ်ရှန်း တွေးလိုက်၏။

တာအို ဘုန်းတော်ကြီးကျောင်း ကဲ့သို့သော ကြီးမားသည့် အဖွဲ့အစည်း တစ်ခုကို လွှမ်းမိုး ချုပ်ကိုင်နိုင်သည့် လူသည် သေချာပေါက် သာမန်လူ တစ်ယောက် မဖြစ်နိုင်ပါ။

ဤနေရာတွင် ဝမ်ရှန်း၊ လင်ရှူးနှင့် ထိုကိုယ်တော်တို့ အေးအေးဆေးဆေး လေ့ကျင့်နေကြသည့် အချိန်တွင် ပန်းပုဆရာများသည် ကျောက်ထရံ၏ အခြားတစ်ဖက်ကို အဆက်မပြတ် ဖြိုခွင်းနေကြ၏။

တဖြည်းဖြည်း များလာသည့် လူအုပ်ကြီး နှင့်အတူ ကြီးမားသည့် လောင်ဇီရုပ်ထု အကြောင်းနှင့် စာလုံးပုံစံ အသစ်ထွက်ပေါ်လာသည့် အကြောင်းတို့သည် မြို့တော်သာမက လှေပေါ်မှ လူများ ကူးသန်းသွားလာရာ နေရာ တစ်လျှောက်လုံး၌ ပျံ့နှံ့သွားခဲ့သည်။

ဤနေရာသည် မြို့တော်နှင့် မိုင်ပေါင်း ဒါဇင်ခန့်သာ ဝေး၏။ မြစ်ကြောင်းခရီးမှ လာမည်ဆိုလျှင် တစ်ရက်ပင် မကြာချေ။ နောက်တစ်နေ့တွင် မြို့တော် အတွင်းရှိ လက်ရေးလှ ဆရာများသည် ထိုအကြောင်းကြားကာ လက်ရေးလှ ပုံစံအသစ် ကြည့်ရန် ချက်ချင်း နေ့ညမဆိုင်းပဲ ဆင်းချလာတော့သည်။

တတိယမြောက်နေ့ မနက်စောစောတွင် ဒုတိယမြောက် ကျောက်ထရံလည်း ပြိုကျ ပျက်စီး သွားခဲ့သည်။ ထိုကဲ့သို့ ကျောက်ထရံအား ဖြိုဖျက်နေစဉ်တွင် သူတို့သည် ဒုတိယရုပ်တု ဘေးရှိ စာလုံးများကိုလည်း ရွှေရောင်ဆေး သုတ်နေခဲ့ကြသည်။

ဒုတိယမြောက် ကျောက်ထရံ ပြိုကျသွားကြောင်း ကြားသောအခါ လင်ရှူးနှင့် ကျောင်းထိုင် ကိုယ်တော်တို့သည် ဒုတိယမြောက် လောင်ဇီရုပ်ထုအား ကြည့်ရန် ထိုနေရာသို့ နောက်တစ်ကြိမ် ပြန်ရောက် လာခဲ့ကြသည်။ ထိုရုပ်ထုသည်လည်း ကြည်ညိုစရာ ကောင်းမှု အပြည့်ဖြင့် ခမ်းနားကြီးကျယ် လှပေသည်။ အဝေးမှ ကြည့်သည့် လူများကိုပင် ရုပ်ထုအား အနီးသို့ လာရောက် ဖူးမျှော်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်စေသည်။

သို့သော် ပထမရုပ်ထုကို မြင်ခဲ့ပြီး ဖြစ်သည့် အတွက်ကြောင့် ဒုတိယမြောက် ရုပ်ထုသည် သူတို့အတွက် ထိုမျှလောက်ထိ မထိတ်လန့် မအံ့သြစေတော့ပေ။ အားလုံးသည် ရုပ်ထုကို တစ်ခဏသာ ကြည့်ကြကာ သူတို့မျက်လုံးများသည် ထိုရုပ်ထုဘေး၌ ရှိနေသည့် ရွှေရောင် ဆေးခြယ် ထားသော စာလုံးများပေါ် ရောက်ရှိ သွားခဲ့ကြသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset