Switch Mode

Chapter – 54

အမှောင်ကျမ်းစာ

Chapter – 54 အမှောင်ကျမ်းစာ

ဂျမ်းတဲလ်စနိုး ဖုန်းချလိုက်သည့်အခါမှ ရှီဖုန်းက စိတ်သက်သာရာ ရသွား၏။ ကံကောင်းစွာဖြင့် သူ့ကို မသိသွားပေ။

ရှီဖုန်းကသာ မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ၏ ဖန်တီးသူဖြစ်ကြောင်း သိသွားလျှင် ကြောက်စရာကောင်းသည့် အကျိုးဆက်များ ဖြစ်လာပေလိမ့်မည်။ ဂျမ်းတဲလ်စနိုးက သူ့ဆီသို့ အတင်းအကြပ် ချဉ်းကပ်လာမည်မှာ သံသယဖြစ်စရာ မလိုပေ။

နှင်းနတ်ဘုရားမဆိုသည့် နာမည်က အလကားရလာခြင်း မဟုတ်ပေ။ သူ၏ သံလက်သီးနည်းလမ်းများက မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများကို ဆွံ့အသွားစေသည်။ မဟုတ်လျှင် သူမက ဘယ်လိုလုပ်ပြီး များပြားလှသော ကျွမ်းကျင်သူများကို ထိန်းချုပ်နိုင်မည်နည်း။

သို့သော်လည်း ရှီဖုန်းက ဂျမ်းတဲလ်စနိုး၏ စကားများထဲမှ စိတ်ဝင်စားစရာ ကိစ္စလေးတစ်ခုကို သတိထားမိလိုက်သည်။

အဖြူရောင်မြို့၏ လက်အောက်ရှိ အစည်းအရုံးများသည် မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကို ရရှိရန် အပြင်းအထန် ကြိုးစားနေကြသည်။ ထိုအချက်က မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ၏ သတင်းက အင်မတန် ပျံ့နှံ့နေပြီဟု ဆိုလိုခြင်း ဖြစ်သည်။ လက်ရှိတွင် မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ၏ ကျော်ကြားမှုက အထွတ်အထိပ်သို့ ရောက်နေကောင်း ရောက်နေနိုင်သည်။ ထို့ကြောင့် သည်အချိန်က ချပ်ဝတ်တန်ဆာများ အများအပြား ပြုလုပ်ပြီး ပိုက်ဆံရအောင် လုပ်နိုင်မည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခု ကုန်သွားလျှင်တော့ မြို့စောင့်တပ်ချပ်ဝတ်တန်ဆာက တန်ဖိုးရှိတော့မည် မဟုတ်ပေ။

“အရင်ဆုံး အံ့ဖွယ်တာဝန်ကိုပဲ ပြီးအောင် လုပ်ရအောင်… ပြီးမှ ချပ်ဝတ်တန်ဆာကို လုပ်တော့မယ်… “

ရှီဖုန်းက ပိုက်ဆံများများရှာရန်အတွက် မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကို သွန်းလုပ်ရန် အလွန်ကို ပြန်ချင်နေလေပြီ။ သို့သော်လည်း လက်ရှိတွင် သူ့ရှေ့မှ အံ့ဖွယ်တာဝန်က အများကြီး ပို၍ အရေးပါ၏။ အံ့ဖွယ်တာဝန်ကိုသာ သူ စွန့်လွှတ်လိုက်မည်ဆိုရင် သူ့ဘဝတစ်လျှောက်လုံး နောင်တရနေပေလိမ့်မည်။

ဤအံ့ဖွယ်တာဝန်ကြောင့် အိမ်မက်အဆုံးသတ်သူက အလွန် ဒဏ္ဍာရီတွင်လောက်သည့် ဆုလဒ်ကို ရရှိခဲ့သည်။ သာမန်အားဖြင့်လည်း ရှီဖုန်းက မည်သည့်အံ့ဖွယ်တာဝန်ကိုမဆို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။ ရှီဖုန်းက မိနစ် ၂၀ခန့် ဆင်းရဲသားရပ်ကွက်မှ လမ်းကျဉ်းများကို ဖြတ်လျှောက်လာပြီးနောက်တွင် စာကြည့်တိုက်သို့ ရောက်ရှိလာသည်။

လမ်းခရီးတစ်လျှောက်တွင် နတ်ဘုရားအဆင့် အရာရှိတစ်ယောက်က သူ့ဘေးတွင် ရှိနေခြင်း၏ အကျိုးကို ရှီဖုန်းက ကောင်းကောင်း သိသွားလေပြီ။ သူ့ဆီမှ လုယက်ချင်သည့် NPC များသည် ရှာလင်း၏ အဝတ်အစားကို မြင်လိုက်သည်နှင့် နောက်သို့ ဆုတ်ပြေးကြသည်။ မဟုတ်လျှင် ရှီဖုန်းက ထို NPC များကို ဖြတ်ကျော်ပြီး သွားရမည့်အတွက် ခရီးက တစ်နာရီကျော်ခန့် အချိန်ယူရပေလိမ့်မည်။ ထို့အပြင် ထို NPC များက အလွန် ညစ်ပတ်ဆုတ်ချာနေသည့်အတွက် သူတို့ကို သတ်လျှင်လည်း EXP မပြောနှင့် ဘာကိုမှ ရလိမ့်မည် မဟုတ်ပေ။

အနီရောင်သစ်ရွက်မြို့၏ စာကြည့်တိုက်က ခြောက်ကပ်ကပ်နိုင်လွန်းလှသည်။ နှစ်ထပ်တည်းသာ ရှိသည့် အဆောက်အဦးနှင့် နံရံပေါ်တွင် ကပ်တွယ်နေသည့် သစ်ရွက်ခြောက်များကို ကြည့်ခြင်းအားဖြင့် စာကြည့်တိုက်ကို စီမံအုပ်ချုပ်နေသည့်သူ တစ်ယောက်မှ မရှိကြောင်း သိနိုင်သည်။

စာကြည့်တိုက်ထဲသို့ ဝင်လိုက်သည်နှင့် ဖုန်နှင့်အညစ်အကြေးများက အဆောက်အဦးတစ်ခုလုံး ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသည်။ သစ်သားစားပွဲပေါ်တွင် ရှိသည့် စာအုပ်များပေါ်တွင်လည်း နှစ်ပေါင်းများစွာ ဖုံးလွှမ်းထားသည့် ဖုန်များက အလွှာတစ်ထပ်ဖြင့် တည်ရှိနေလေသည်။ စာကြည့်တိုက်သည် တစ်ချိန်က လူနေဖူးသည့် တစ္ဆေအိမ်တစ်လုံးနှင့်ပင် ပို၍ တူနေသည်။

“တောင်းပန်ပါတယ်… ဒီလို လာတဲ့သူ မရှိတာ ကြာနေပြီဆိုတော့ ကျွန်မလည်း ဒီနေရာကို ရှင်းမထားမိဘူး… ရှင် ထိုင်ချင်တဲ့နေရာမှာသာ ထိုင်လိုက်ပါ… “

ရှာလင်းက ဖုန်များ ဖုံးလွှမ်းနေသည့် ထိုင်ခုံတစ်လုံး ညွှန်ပြလိုက်သည်။ သူမ၏ အပြုအမူက စကားနှင့် မညီသည်ကို နားလည်သည့်ဟန် မရှိပေ။

“မြင့်မြင့်လှသည့် နတ်ဘုရားအရာရှိ… ကျွန်တော် ဒီကို လာတာဟာ ဒီဒိုင်ယာရီကို ဘာသာပြန်ချင်လို့ပါ… “ ရှီဖုန်းက တစ်ကယ့်အကြောင်းအရာကိုပဲ တိုက်ရိုက်ပြောလိုက်၏။ ဖုန်များဖြင့် ဖုံးလွှမ်းနေသည့် ထိုင်ခုံကို ကြည့်ပြီး သူ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွား၏။ သူက သူ၏အဝတ်အစားများကို မညစ်ပတ်စေချင်ပေ။

သို့သော်လည်း ရှာလင်းကတော့ စာအုပ်စင်ပေါ်တွင် တစ်စုံတစ်ခုကို ဆက်လက်ရှာဖွေနေပြီး သူ့အလုပ်သူ ဆက်လုပ်နေလေသည်။ သူမက ရှီဖုန်းပြောသည်ကို ကြားသည့်ဟန်ပင် မရချေ။

ရှီဖုန်းက ထိုကဲ့သို့ အပြုအမူများနှင့် နေသားကျနေပြီဖြစ်သောကြောင့် ငြိမ်နေလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။ နတ်ဘုရားနယ်မြေတွင် NPC များက အမျိုးမျိုး ရှိ၏။ အထူးသဖြင့် အရေးကြီးသည့် NPC များ ဖြစ်သည်။ သူတို့၏ ထူးခြားပြီး သဘာဝနှင့် မညီသည့် အပြုအမူများက အသေးအမွှားဟု သတ်မှတ်နိုင်သည်။ သူတို့သည် နာမည်ကြီး NPC များဖြစ်ကြပြီး ပထမတန်းစား အဖွဲ့အစည်းများကိုပင် သူတို့၏အမေများကို ကျိန်ဆဲသည်အထိ လုပ်တတ်လေသည်။

၁၀ မိနစ်ပြည့်အောင် စောင့်ပြီးနောက်တွင် ရှာလင်းက စာအုပ်စင်များကြားမှ ထွက်လာသည်။ သူမ၏ လက်ထဲတွင်လည်း စုတ်ပြဲဟောင်းနွမ်းနေသည့် စာအုပ်အထူတစ်အုပ်ကို ကိုင်ထား၏။

“မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲဆိုတာ ငါ သိတယ်… မင်း ဆင်းရဲသားရပ်ကွက်ထဲကို ခြေချလိုက်ကတည်းက မင်းရဲ့ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ နတ်ဆိုးစွမ်းအင်တွေကို ငါ အာရုံခံမိတယ်… “ ရှာလင်းက လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။

သူမက စာအုပ်ကို စားပွဲပေါ်သို့ တင်ပြီး ဖုန်များကို ဖယ်ရှားပစ်လိုက်သည်။

“ငါ အိုင်တမ်ကို တစ်ချက်လောက် ကြည့်ပါရစေ… “

ရှီဖုန်းက သူ့အိတ်ထဲမှ စုတ်ဖွာနေသည့် ဒိုင်ယာရီစာအုပ်ကို ရှာလင်းဆီသို့ ဂရုတစိုက်ဖြင့် ကမ်းပေးလိုက်သည်။

ရှာလင်းက ဒိုင်ယာရီကို အရင်ဖွင့်မကြည့်ဘဲ နတ်ဘုရားစာပိုဒ်တစ်ခုကို ရွတ်ဆိုလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် ရွှေရောင်နတ်ဘုရားစာလုံးများ အတန်းလိုက် ထွက်ပေါ်လာပြီး ဒိုင်ယာရီကို ရစ်ပတ်သွား၏။

ရှီဖုန်းက ရှာလင်း၏ လုပ်ရပ်ကို သိချင်နေသည့်အချိန်တွင် ဒိုင်ယာရီစာအုပ်ပေါ်၌ ပြောင်းလဲမှုတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ အနက်ရောင်မီးခိုးများက အနက်ရောင်စာအုပ်အဖုံးပေါ်တွင် ပေါ်လာပြီး မကောင်းဆိုးဝါးမျက်နှာတစ်ခု ပေါ်လာသည်။ ထိုမျက်နှာ၏ အမူအရာမှာ လက်ရှိတွင် အလွန်နာကျင်နေဟန် ရှိ၏။

“နတ်ဆိုး သေစမ်း… နတ်ဘုရားလှံ… “

ရှာလင်းက အော်လိုက်ပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်များဖြင့် နတ်ဘုရားစာလုံးများကို လေထဲတွင် ရေးဆွဲလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက တတိယအဆင့် နတ်ဘုရားကျိန်စာတစ်ခုကို ရွတ်ဆိုလိုက်သည်။ သူမ၏ အသံက စာကြည့်တိုက်တစ်ခုလုံး ပျံနှံ့သွားပြီး စာကြည့်တိုက်၏ အပေါ်တွင် ရွှေရောင်ဆဌဂံပုံစံတစ်ခု ပေါ်လာကာ ထိုမှော်အစီအရင်မှ ရွှေရောင်လှံ ၃ ချောင်း ပျံသန်းထွက်လာသည်။ လှံ ၃ ချောင်းက ဒိုင်ယာရီစာအုပ်ကို ထိုးဖောက်သွားပြီး မကောင်းဆိုးဝါးမျက်နှာအား အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။

“ဟား… ဟား… ဟား… ငါ မရှုံးသေးဘူး… ငါတို့ ပြန်တွေ့ဦးမှာပါ… “ မကောင်းဆိုးဝါးမျက်နှာက ကြောက်မက်ဖွယ်အသံဖြင့် အော်ပြောလိုက်သည်။ သူ့စကားများက ရှီဖုန်းကို ရည်ရွယ်နေသကဲ့သို့ သူ့အကြည့်များက ရှီဖုန်းအပေါ်သို့သာ စိုက်ကြည့်နေလေသည်။

ထို့နောက် ဒိုင်ယာရီစာအုပ်ပေါ်မှ အနက်ရောင်မီးခိုးများက ပျောက်ကွယ်သွား၏။ ထိုစဉ်တွင် ရှာလင်း၏ နဖူးပေါ်၌ ချွေးများ စို့နေသည်။ သူမ၏ အသားအရေကလည်း ဖြူရော်နေပြီး သူမ၏ သွင်ပြင်က အလွန်အမင်း အားနည်းနေသကဲ့သို့ ဖြစ်နေလေသည်။

System : သင့်က ကြီးမြတ်သော မကောင်းဆိုးဝါး၏ ကျိန်စာတိုက်ခြင်းကို ခံလိုက်ရပါပြီ။ ထို့ကြောင့် စွမ်းရည်များအားလုံးကို ၅၀% လျော့ချပြီး သားရဲများကို သတ်ခြင်းမှ ရလာသည့် EXP ကိုလည်း ၉၅% လျော့ချပါသည်။

System : သင်က ကြီးမြတ်သော မကောင်းဆိုးဝါး၏ စောင့်ကြည့်ခြင်းကို ခံလိုက်ရပြါပြီ။ ကြီးမြတ်သော မကောင်းဆိုးဝါး၏ ကိုယ်ပွားက ရက် ၃၀ပြည့်လျှင် ရောက်ရှိလာပါမည်။ သင့်ကို ကိုယ်ပွားက သတ်နိုင်ခဲ့လျှင် သင့်ရဲ့ ခန္ဓာကိုယ်ကို ကြီးမြတ်သော မကောင်းဆိုးဝါးက ယူသွားပါလိမ့်မည်။

“သေစမ်းပါလားကွာ… ဒါက အရမ်းကို ရက်စက်လွန်းတယ်… “

ရှီဖုန်းက မည်မျှပင် သူ့ကိုယ်သူ ယုံကြည်မှုရှိသည်ဟု ဆိုပါသော်လည်း အချက်အလက်များကို မြင်ပြီးနောက်တွင် မကျိန်ဆဲပဲ မနေနိုင်တော့ချေ။

လူတို့၏ အဆင့်အတန်းအရ ပြောလျှင် ကြီးမြတ်သော မကောင်းဆိုးဝါးသည် စတုတ္ထအဆင့် ကစားသမား သို့မဟုတ် စတုတ္တအဆင့် NPC နှင့် ညီမျှ၏။ ဓားသမားများအတွက်ဆိုလျှင်တော့ ဓားဧကရာဇ်အဆင့်နှင့် ညီမျှလေသည်။ မကောင်းဆိုးဝါး၏ ကိုယ်ပွားတစ်ခု ဖြစ်သော်လည်း ကိုယ်ပွားကို ကိုင်တွယ်ရန်အတွက် တတိယအဆင့် ဖြစ်သော ရှာလင်းကို လိုအပ်ပေသည်။ သို့သော်လည်း မကောင်းဆိုးဝါးက ရှာလင်းကို မတိုက်ခိုက်ဘဲ ဘေးမှ ရှီဖုန်းကိုသာ ပစ်မှတ်ထားသွား၏။

ဒီကျိန်စာနဲ့ဆိုရင် ငါ ဘယ်လိုလုပ်ပြီး အဆင့်တက်နိုင်တော့မှာလဲ။ ၅၀% ကိုပင် မဆိုထားနှင့် သူ့ကို သာမန်ကစားသမားအဆင့်ထိ လျှော့ချလိုက်လျှင်တောင်မှ အဆင့်မြင့်သည့် သားရဲများကို သတ်သည့်အခါ ခက်ခဲလာလိမ့်မည် ဖြစ်သည်။ ထို့အပြင် သူက ကြီးမြတ်သော မကောင်းဆိုးဝါး၏ ကိုယ်ပွားကိုလည်း ရင်ဆိုင်ရပေဦးမည်။

“မိန်းကလေး ရှာလင်း… အဆင်ပြေရဲ့လား… “ ကျိန်စာတိုက်ခံထားရသော်လည်း ရှီဖုန်းက ယဉ်ယဉ်ကျေးကျေးပင် ပြောလိုက်သည်။

ရှာလင်းက ခေါင်းကို အနည်းငယ် ခါယမ်းပြီး အပြုံးလေးဖြင့် ပြောလိုက်သည်… “အရမ်းကြီး မဆိုးပါဘူး… ရှင်က ဒီလောက် ကြောက်စရာကောင်းတဲ့အိုင်တမ်ကို ယူလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ရှင်က ကျွန်မကို နည်းနည်းလောက် အားနည်းသွားအောင် လုပ်ခဲ့တာပဲ… ဒါပေမဲ့ အခုတော့ ပြဿနာကို ဖြေရှင်းပြီးသွားပြီ… ရှင်ကသာ ဒီအိုင်တမ်ကို အချိန်အကြာကြီး ယူထားရင် ရှင့်ခန္ဓာကိုယ်ကို ကြီးမြတ်သော မကောင်းဆိုးဝါးက ပိုင်ဆိုင်သွားပြီးတော့ ငရဲမှာပဲ ထာဝရနေသွားရလိမ့်မယ်… “

“ကျေးဇူးတင်ပါတယ် မိန်းကလေးရှာလင်း… မင်းကြောင့်သာ မဟုတ်ရင် ကျွန်တော်က သေသွားလောက်ပါပြီ… “

ရှာလင်း၏ စကားများက တစ်ခုခုမှားနေသကဲ့သို့ ခံစားရသော်လည်း ရှီဖုန်းက ကျေးဇူးတင်လိုက်၏။ သူက စာကြည့်တိုက်ကို အချိန်မဆွဲဘဲ ရောက်လာသည့်အတွက် ပျော်ရွှင်နေသည်။ မဟုတ်ရင် သူ့ဘဝက တစ်ကယ်ပဲ အဆုံးသတ်သွားပေလိမ့်မည်။ သို့သော်လည်း ပြဿနာတစ်ခုကတော့ ဖြေရှင်းရန် ကျန်နေသေး၏။

“ကျေးဇူးတင်စရာ မလိုပါဘူး… ဒီဒိုင်ယာရီစာအုပ်က ဒီလောက် မရိုးရှင်းဘူး… ဒါက သော့လို့ ဆိုနိုင်တယ်… ဒီထဲမှာ ဂိတ်တစ်ခုကို ဖွင့်ဖို့အတွက် နည်းလမ်းကို ရေးထားတယ်… မင်း လုပ်ရမှာက အဲ့ဂိတ်ကိုရှာပြီး ဒါနဲ့ ဝင်သွား… ပြီးရင် အထဲမှာ သိမ်းထားတဲ့ အမှောင်ကျမ်းစာကို ရှာလာခဲ့… မင်းက အမှောင်ကျမ်းစာကို ငါ့ဆီ ယူလာပေးနိုင်ရင် အမှောင်ကျမ်းစာကို ငါ ဖျက်ဆီးပေးနိုင်တယ်… အမှောင်ကျမ်းစာ ပျက်စီးသွားရင် ကြီးမြတ်သော မကောင်းဆိုးဝါးကလည်း မင်းဆီ ရောက်လာမှာ မဟုတ်တော့ဘူး… “

System : အံ့ဖွယ်တာဝန် ‘အမှောင်ထုဆင်းသက်လာခြင်း’ကို လက်ခံပြီးပါပြီ။ အမှောင်ကျမ်းစာကို ရှာဖွေဖျက်စီးပြီး ကြီးမြတ်သော မကောင်းဆိုးဝါး ရောက်လာခြင်းကို ကာကွယ်ပါ။ ဆုလဒ် မသိရ။

အံ့ဖွယ်တာဝန်ကို အောင်မြင်ရန်အတွက် မည်မျှခက်ခဲကြောင်းကို သိသော်လည်း ဤမျှအထိ ပြင်းထန်နေရန် မလိုအပ်ပေ။ အနည်းဆုံးတော့ သူ့အား အမှောင်ကျမ်းစာ ရှာရမည့်နေရာကို ပြောပြသင့်ပေသည်။

ယခင်ဘဝတွင် အိမ်မက်အဆုံးသတ်သူက အံ့ဖွယ်တာဝန်ကို နဂါးနက်အင်ပါယာတွင် အောင်မြင်ခဲ့သည်။ သို့သော်လည်း ရှီဖုန်းက ထိုနေရာကို မသွားနိုင်ပေ။

သူက ထိုနေရာကို သွားလျှင်တောင်မှ တည်နေရာရွေ့ပြောင်းရေးဂိတ်များက ဂိမ်း၏ ယခုအဆင့်တွင် အလုပ်လုပ်ဦးမည် မဟုတ်သေးပေ။ ထို့ကြောင့် သူက သွားချင်လျှင် ခြေထောက်ဖြင့် ပြေးသွားမှသာ ရပေလိမ့်မည်။ ထိုသို့သာဆိုလျှင် သူက လပေါင်းများစွာ ကြာသွားမှသာ နဂါးနက်အင်ပါယာ၏ နယ်နိမိတ်ကို ရောက်နိုင်လိမ့်မည် ဖြစ်သည်။

 

Comment

Leave a Reply

Options

not work with dark mode
Reset