Switch Mode

Chapter – 53

အမှောင်ထု ဆင်းသက်ခြင်း

Chapter – 53 အမှောင်ထု ဆင်းသက်ခြင်း

ရှာလင်းက ရုတ်တရက် ပြောင်းလဲသွားမှုကို ရှီဖုန်းက အနည်းငယ် လက်မခံနိုင် ဖြစ်နေသည်။

သို့သော်လည်း ရှီဖုန်းက စာကြည့်တိုက်မှူးနှင့် တွေ့ရသည့်အတွက် ကံကောင်းသည်ဟု ဆိုနိုင်သည်။ သူ သိထားသည့် သတင်းအချက်အလက်များအရ အနီ‌ရောင်သစ်ရွက်မြို့၏ စာကြည့်တိုက်မှူးသည် အလွန်လျှို့ဝှက်ပြီး သူမက မည့်သည့်နေရာတွင် ရှိသည်ကို မည်သူမှ မသိကြပေ။ သူ့ကို လုယက်ရန် ကြိုးစားသည့် အမျိုးသမီး NPC က အနီရောင်သစ်ရွက်မြို့၏ စာကြည့်တိုက်မှူး ဖြစ်နေလိမ့်မည်ဟု ရှီဖုန်းက လုံးဝ မထင်ခဲ့ချေ။ သူက ရှာလင်းကို တိုက်ခိုက်မိခဲ့လျှင် ဖြစ်လာမည့် အကျိုးဆက်က သူ့အတွက် မတွေးဝံ့စရာပင်။

နတ်ဘုရားအဆင့် အရာရှိသည် နတ်ဆရာတစ်ယောက်တစ်အတွက် တတိယအဆင့်သို့ တိုးမြှင့်ပေးနိုင်သည့် NPC ဖြစ်သည်။ ဓားသမားတစ်ယောက်အတွက် ဆိုလျှင်တော့ တတိယအဆင့်ကို ဓားဘုရင်ဟု ခေါ်သည်။ နတ်ဘုရားအဆင့် အရာရှိတစ်ယောက်က အဆင့် ၂၀ သာ ရှိနေလျှင်တောင်မှ သူမက အဆင့် ၅၀ သခင်ကြီးအဆင့် တစ်ယောက်ကို အလွယ်တစ်ကူ သတ်ပစ်နိုင်သည်။ ရှာလင်းသည် အနီရောင်သစ်ရွက်မြို့ တစ်မြို့လုံးတွင် အစွမ်းထက်ဆုံး NPC ဖြစ်နိုင်သည်။

“ဟီး… ဟီး… အခု ယုံပြီလား… “ ရှာလင်းက ရှီဖုန်းကို တခစ်ခစ် ရယ်ပြီး ပြောလိုက်သည်။ ရှာလင်း၏ တစ်ကိုယ်လုံးက မယ်တော်မေရီ (ခရစ်ယာန် သူတော်စင်) ပြန်ဝင်စားသကဲ့သို့ ရွှေရောင်များ တောက်ပနေလေသည်။

“မောင်လေးက မမနဲ့ အလုပ်ကိစ္စရှိတယ်ဆိုတော့ စာကြည့်တိုက်မှာပဲ စကားပြောရအောင်… “

System : ကစားသူသည် အံ့ဖွယ်တာဝန် (အမှောင်ထု ဆင်းသက်ခြင်း)ကို စတင်လိုက်ပါပြီ။ အချက်အလက် မသိရ။

System အသိပေးချက်ကို ရုတ်တရက် ကြားလိုက်ရပြီး ရှီဖုန်းက လဲကျလုနီးပါးပင် ဖြစ်သွား၏။

ငါ ဘယ်လိုလုပ်လိုက်လို့ အံ့ဖွယ်တာဝန်ကို အသက်သွင်းမိသွားတာလဲ။ နတ်ဘုရားနယ်မြေတွင် အမှောင်ထုဆင်းသက်ခြင်း တာဝန်သည် အလွန်ကျော်ကြားသော အံ့ဖွယ်တာဝန်ဖြစ်သည်။ အင်တာနက်နှင့် ရှဲဒိုးအဖွဲ့မှ သိထားသည့် သတင်းအချက်အလက်များအရ အမှောင်ထုဆင်းသက်ခြင်းတာဝန်၏ ခက်ခဲမှုသည် ခန့်မှန်း၍ပင် မရပေ။

ထို့ကြောင့် တာဝန်ကို အောင်မြင်သွားလျှင် ရရှိမည့် ဆုလဒ်ကလည်း အလွန်ကို များပြား ကောင်းမွန်လိမ့်မည် ဖြစ်သည်။ ယခင်ဘဝက ဤအံ့ဖွယ်တာဝန်ကို အောင်မြင်ခဲ့သူမှာ အိမ်မက်အဆုံးသတ်သူဟု ခေါ်သည့် စိတ်ဝိညာဉ်ဧကရာဇ်ဖြစ်သည်။ သူက ဆင့်ခေါ်သူများထဲတွင် ဒဏ္ဍာရီတစ်ခုကဲ့သို့ ကျော်ကြားသူဖြစ်၏။ သူက ဆင့်ခေါ်သူ ကမ္ဘာအဆင့် ဇယားတွင် ထိပ်ဆုံး အဆင့် ၂၀အတွင်း ရှိသူဖြစ်ပြီး နတ်ဘုရားနယ်မြေ၏ အထွတ်အထိပ်အချိန်အတွင်း ဂိမ်းတစ်ခုလုံး၌ ထိပ်ဆုံး အယောက် ၅၀၀အတွင်း ပါသူဖြစ်သည်။

သူက နတ်ဘုရားနယ်မြေဂိမ်း၌ ထိပ်ဆုံးအယောက် ၅၀၀ အတွင်းမှ တစ်ယောက်ဖြစ်သော်လည်း သူ့ကို အထင်သေး၍ မရချေ။ တစ်ကမ္ဘာလုံးတွင် စုစုပေါင်း လူဦးရေ ဘီလီယံ ၁၀၀ ခန့် ရှိ၏။ လက်ရှိအချိန်တွင် နတ်ဘုရားနယ်မြေဂိမ်းကို လူဦးရေ ၁၀၀ မီလီယံခန့် ကစားနေပြီး တစ်နှစ်အတွင်းတွင် ၁၀ ဘီလီယံခန့်အထိ တိုးလာပေလိမ့်မည်။ နောက် ၃နှစ်ကြာပြီးလျှင်တော့ ကစားသူ ၃၀ ဘီလီယံ ကျော်သွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ထိပ်ဆုံး အယောက် ၅၀၀အတွင်း ပါသည့် အိမ်မက်အဆုံးသတ်သူသည် အလွန်တော်သည့် ကစားသမားတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။

သို့သော်လည်း အမှောင်ထု ဆင်းသက်ခြင်း တာဝန်က ဤနေရာတွင် ပေါ်လာသည့်အတွက် ရှီဖုန်း၏စိတ်ထဲတွင် ထူးဆန်းသကဲ့သို့ ခံစားနေရသည်။ အိမ်မက်အဆုံးသတ်သူ၏ စမှတ်နေရာသည် စတားမွန်းနိုင်ငံ မဟုတ်ဘဲ အလွန်ဝေးကွာသည့် နေရာမှ နဂါးနက်အင်ပါယာတွင် ဖြစ်သည်။ နဂါးနက်အင်ပါယာသည် စတားမွန်းနိင်ငံထက် ပိုပြီး အင်အားကြီးကာ နယ်မြေကလည်း သုံးဆခန့် ပို၍ ကျယ်ဝန်းလေသည်။ ထို့အတူ ကစားသမားများနှင့် အစည်းအရုံးများကြားမှ တိုက်ပွဲများသည်လည်း အလွန် ပြင်းထန်၏။

“ဒီတာဝန်က မြေအောက်ခန်းရဲ့ ငရဲအဆင့်ကို ပထမဆုံး ရှင်းနိုင်တဲ့အတွက် ဆုလဒ်ဖြစ်နိုင်မလား… “

ရှီဖုန်းက ရှာလင်း၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားလေသည်။ သူ့အတွေးက ဖြစ်နိုင်သည်ဟုလည်း ခံစားရသည်။ မဟုတ်လျှင် နဂါးနက်တိုင်းပြည်မှ တာဝန်က စတားမွန်းနိုင်ငံတွင် ပေါ်လာစရာ အကြောင်း မရှိပေ။

ထိုအချိန်တွင် ရှီဖုန်း၏ ဆက်သွယ်ရေးစနစ်မှ အချက်ပေးသံ မြည်လာသဖြင့် ရှီဖုန်းက ခေါ်ဆိုသူကို ကြည့်လိုက်ရာ ဂျမ်းတဲလ်စနိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“မစ်စနိုး… ကျွန်တော်နဲ့ လုပ်စရာ ကိစ္စ ရှိလို့လား… “

“ရှင်က ဂိမ်းထဲ ရှိလာတာ မြင်လို့ ခေါ်လိုက်တာပါ… ပြီးတော့ ရှင့်ကို ပြောစရာလည်း ရှိတယ်… “ ဂျမ်းတဲလ်စနိုးက မထူးခြားသည့်လေသံဖြင့် ပြောလိုက်သည်။

သူမ၏ လေသံက နှစ်ထောင်ပေါင်းများစွာ မပြောင်းလဲပဲ ရှိနေသည့် ထူးခြားဆန်းကြယ် ရေခဲတုံးကဲ့သို့ ဖြစ်နေပြီး ဘာကိုမှလည်း စိတ်ဝင်စားသည့်ဟန် မရှိပေ။

“ကျွန်မက ဝယ်စရာလေး ရှိနေလို့ ရှင့်ကို ပေးရမဲ့ ငွေပြား ၁၅ပြားအတွက် အချိန်ပိုပြီး လိုလိမ့်မယ်… ဒါပေမဲ့ စိတ်ချပါ အနည်းဆုံးတော့ ဒီနေ့ ပြီးတာနဲ့ ရှင့်ကို ပေးပါ့မယ်… “

“ရပါတယ်… မင်း အဆင်မပြေသေးရင် မနက်ဖြန်မှ ပေးလည်းရတယ်… “ ရှီဖုန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ ဂျမ်းတဲလ်စနိုးပေါ်တွင် တင်နေသော ငွေပြား ၁၅ပြားလောက်ကို ရှီဖုန်းက ဂရုမစိုက်ချေ။ ယခု သူ့ထံတွင် ရွှေပြား တစ်ပြားထက် ပိုရှိနေပြီး ဘယ်လိုသုံးရမလဲဆိုတာကိုပင် စဉ်းစားရခက်နေ၏။

ငွေပြား ၁၅ပြားကိုပင် ဂရုမစိုက်သည့် ရှီဖုန်း၏ အပြုအမူကြောင့် ဂျမ်းတဲလ်စနိုးက အနည်းငယ် အံ့အားသင့်သွား၏။ သို့သော်လည်း ရှီဖုန်းကတောင် ရပါသည်ဟု ပြောနေမှတော့ သူမလည်း ဆက်ပြောမနေတော့ပေ။

ထို့ကြောင့် သူမက ရှီဖုန်းကို နူးညံ့စွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်… “ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကျွန်မက ရှင့်ကို ပြန်မပေးမှာ မကြောက်ဘူးလား… အဲ့တာဆိုရင် ပိုက်ဆံအားလုံး ဆုံးရှုံးသွားမှာနော်… “

“မင်းက နှင်းနတ်ဘုရားမလေ… မင်းက ပိုက်ဆံနည်းနည်းလေးအတွက်နဲ့ သာမန်ကစားသမားတစ်ယောက်ကို ဘာလို့ လှည့်စားနေမှာလဲ… “ ရှီဖုန်းက သွားပေါ်အောင် ပြုံးပြပြီး ပြန်ဖြေလိုက်သည်။

“သာမန်ကစားသမား…. ရှင်က ကိုယ့်ကိုယ်ကို သာမန်ကစားသမားလို့ ပြောရဲတယ်ပေါ့… ရှင်ပေးတဲ့ မြေပုံနှင့် နည်းဗျူဟာတွေကို ကျွန်မတောင် အံ့အားသင့်ရတယ်… အဲ့တာတွေကြောင့်ပဲ သာမန်အဆင့် မြေအောက်ခန်းကို တစ်နာရီလောက်နဲ့ ရှင်းနိုင်ခဲ့တယ်… ပြီးတော့ ပြင်းထန်အဆင့် မြေအောက်ခန်းကိုလည်း ဆက်ရှင်းနိုင်ခဲ့တယ်… ငရဲအဆင့်ကတော့ ဘယ်လိုကြိုးစားကြိုးစား မအောင်မြင်ခဲ့ဘူး… တစ်ကယ်ကို စိတ်မကောင်းစရာပဲ… အရမ်းကို ခက်လွန်းတယ်… “ ဂျမ်းတဲလ်စနိုးက မသိမသာလေး ပြုံးပြီး ပြောလိုက်သည်။

“ငရဲအဆင့်ကို ရှင် ဘယ်လိုရှင်းခဲ့လဲဆိုတာ ကျွန်မ အရမ်း စိတ်ဝင်စားတယ်… အဖွဲ့ဝင်တွေရဲ့ အကူအညီကြောင့်ပါလို့ ပြောရင်တော့ ကျွန်မ ယုံမှာ မဟုတ်ဘူးနော်… “

သေဆုံးခြင်းသစ်တော၏ ငရဲအဆင့်ကို ရှင်းလင်းရန်အတွက် တခြားမြို့များက အိုရိုဘိုရိုစ့်၏ အဖွဲ့ဝင်များကို အလျင်အမြန် ခေါ်ခဲ့ရသည်။ သို့သော်လည်း မည်သို့ပင် ကြိုးစားခဲ့စေကာမူ ပထမ အကြီးအကဲအဆင့် ဘော့စ်ဝီလီကိုပင် မဖြတ်ကျော်နိုင်ခဲ့ပေ။ ဝီလီ၏ တိုက်ခိုက်မှုများက အလွန်ကို ကြောက်စရာကောင်း၏။ ကြေးတန်ဆာ အပြည့်ဝတ်ဆင်ထားသည့် ဒိုင်းစစ်သည်တစ်ယောက်တောင်မှ မခံနိုင်ပေ။ ထို့ကြောင့် ရှီဖုန်းတို့အဖွဲ့က ငရဲအဆင့်အား မည်သို့ ရှင်းလင်းသွားသည်ကို သူမ နားမလည်နိုင်ချေ။

“ကံကောင်းသွားတာပါ… “ ရှီဖုန်းက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။

“ရှင်က ပြောမပြချင်ဘူးဆိုတော့လည်း ဆက်မမေးတော့ပါဘူး… ကျွန်မ အခု အိုင်တမ်တစ်ခု အပြိုင်ဝယ်ရမှာမို့လို့ ရှင်နဲ့ ဆက်မပြောနိုင်တော့ဘူး… မြေအောက်ခန်းအတွက် ချိန်းဆိုထားတာကို မမေ့ပါနဲ့… “

ရှီဖုန်းတို့အဖွဲ့က ငရဲအဆင့်အား မည်သို့ရှင်းနိုင်ခဲ့သည်ကို သူမက ဆက်မမေးတော့ချေ။ သူတို့လည်း ပြင်းထန်အဆင့် မြေအောက်ခန်းမှ အိုင်တမ်ကောင်းများကို တော်တော်များများ ရရှိခဲ့၏။

“အိုင်တမ်တစ်ခုကို အပြိုင်ဝယ်မလို့ ဟုတ်လား… မြို့စောင့်တပ်ချပ်ဝတ်ကို ပြောနေတာလား… “ ရှီဖုန်းက ပုံမှန်လေသံအတိုင်း မေးလိုက်သည်။

“ဟုတ်တယ်… ဘယ်လိုသိတာလဲ… ရှင်လဲ မြို့စောင့်တပ်ချပ်ဝတ်ကို လိုချင်နေတာလား… “ ဂျမ်းတဲလ်စနိုးက ခေါင်းညိတ်ပြီး ပြန်မေးလိုက်သည်။

မြို့စောင့်တပ်ချပ်ဝတ်၏ ထပ်ပေါင်းစွမ်းရည်က အလွန်ကို ကောင်းမွန်လှသည်။ အကယ်၍ သူတို့သာ မြို့စောင့်တပ်ချပ်ဝတ်ကို အရယူနိုင်ခဲ့လျှင် အဆင့် ၃ ဝံပုလွေလူသား မြေအောက်ခန်းသို့ ဝင်သည့်အခါ အများကြီး ခက်ခဲတော့မည် မဟုတ်ပေ။

ရှီဖုန်းက သူမေးတာ လွန်သွားမှန်း သိသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်… “ဟုတ်တယ်… ဒါပေမဲ့ ဒီလောက် လူအများကြီးနဲ့ ပြိုင်ရမယ်လို့ မထင်ခဲ့ဘူး… အဲ့တာကြောင့် လက်လျော့ဖို့ ဆုံးဖြတ်ထားပြီးပြီ… “

“ဟုတ်တယ်… ဈေးက ငွေပြား ၂၃ပြားထိ ရောက်သွားပြီ… ဒါကို ရန်ပုံငွေ များများရှိတဲ့ အစည်းအရုံးတွေပဲ ဝယ်နိုင်တော့မှာ… ရှင်နဲ့ ဆက်ပြောလို့ မရတော့ဘူး… ကျွန်မ အိုင်တမ်တစ်ချို့ ရောင်းလိုက်ဦးမယ်… “

ဂျမ်းတဲလ်စနိုးက ပြောပြီးသည်နှင့် ဖုန်းချသွား၏။

ထိုစဉ်တွင် ဂျမ်းတဲလ်စနိုး၏ ဘေးတွင် ထိုင်နေသော ကျောက်ယွဲ့ရူက သူမ၏ နူးညံ့သော နှုတ်ခမ်းလေးကို စူထားလေသည်။

“စနိုး… ဘာလို့ အဲ့ကောင်စုတ်ကို ငါတို့အဖွဲ့ထဲ ဝင်ခွင့်ပေးလိုက်ရတာလဲ… အဲ့ကောင်စုတ်က ကံကောင်းသွားတာပါ… သူ့ရဲ့ ကျွမ်းကျင်မှုက သာမန်ပါပဲ… ပြီးတော့ ဂိမ်းအစလည်းဖြစ်ပြီး ဘာမှမပြောင်းလဲထားတဲ့ သေဆုံးခြင်းသစ်တောက မြေအောက်ခန်းကို အဲ့ကောင်စုတ်က ကံကောင်းလို့ ရှင်းနိုင်သွားတာ… သူ့ကို လူနှစ်ဆယ် မြေအောက်ခန်းကို ရှင်းတဲ့အခါ ခေါ်လည်း ဘာမှထူးမှာ မဟုတ်ပါဘူး… သူ့အဖွဲ့က လူတွေဆိုရင် ကောင်းကောင်းမွန်မွန်လေးတောင် မဆော့တတ်ဘူး… ငါတို့အတွက် ဝန်ထုတ်ဝန်ပိုးတောင် ဖြစ်သွားဦးမယ်… “

ဂျမ်းတဲလ်စနိုး၏ နောက်တွင် ရပ်နေကြသော အိုရိုဘိုရို့စ်၏ လက်ရွေးစင် ကစားသမားများကလည်း ကျောက်ယွဲ့ရူ၏ စကားကို လက်ခံကြလေသည်။ သူတို့က အိုရိုဘိုရို့စ်မှ လက်ရွေးစင်များဖြစ်သည်။ ထို့ကြောင့် သာမန်ကစားသမားများက သူတို့ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

“ကျွန်မကတော့ အစ်ကိုရီဖုန်းကို မရိုးရှင်းဘူးလို့ ခံစားရတယ်… ငရဲအဆင့် မြေအောက်ခန်းကို ကံကောင်းလို့ ရှင်းနိုင်သွားတယ်ဆိုတာ နှိမ့်ချပြီး ပြောလိုက်တာပဲ ဖြစ်ရမယ်… သူ့အရည်အချင်းက အံ့ဩရလောက်အောင် ကောင်းလိမ့်မယ်… အဲ့တာကြောင့် သူ့ကို ကျွန်မတို့အဖွဲ့နဲ့ ပူးပေါင်းခိုင်းလိုက်တာ အကျိုး မယုတ်ပါဘူး… “

ရှောင်ယွဲ့အာကလည်း သူမ၏ အမြင်ကို ဝင်ရောက်ပြောဆိုလိုက်သည်။

“ကောင်မလေး… သူက လိမ်ပြောတယ်ဆိုတာ နင် ဘယ်လိုသိလဲ… အဲ့ကောင်စုတ်က ဘယ်လောက်ဆိုးလဲ နင် မသိလို့ပါ… ပြီးတော့ သူက အဆင့် ၁ကို ရောက်ဖို့တောင် အချိန်အများကြီး ယူနေရတာ… အဲ့တာကြောင့် သူ့အရည်အချင်းက သာမန်ထက် မပိုဘူး… ဒီက မိန်းမလှကလေ အဲ့ဒီကောင်စုတ်ကို မီးတောက်တစ်ခုတည်းနဲ့ ရှင်းပစ်နိုင်တယ်… “ ကျောက်ယွဲ့ရူက ရှောင်ယွဲ့အာကို ကြည့်ကာ ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်လေသည်။

“ဟုတ်ပါပြီ… ငြင်းမနေကြနဲ့တော့… ငါလည်း ရီဖုန်းက မရိုးရှင်းဘူးလို့ ခံစားရတယ်… မဟုတ်ရင် လူသစ်အဖွဲ့တစ်ခုတည်းနဲ့ ငရဲအဆင့် မြေအောက်ခန်းကို ဘယ်လိုလုပ်ပြီး ရှင်းနိုင်မှာလဲ… သူက ငါတို့အဖွဲ့နဲ့ အတူပူးပေါင်းတဲ့ အခါကျရင် သူ့အရည်အချင်းကို သိရမှာပဲ… သူ့အရည်အချင်းက တစ်ကယ်ပဲ ကောင်းတယ်ဆိုရင် နတ်ဘုရားသတ်စစ်သည်ထဲ ခေါ်လိုက်မယ်… အခုတော့ မြို့စောင့်တပ်ချပ်ဝတ်ကိုပဲ အရင်ရအောင် ယူကြတာပေါ့… “ ဂျမ်းတဲလ်စနိုးက ချောင်းဟန့်ပြီး ပြောလိုက်သည်။

သူမ၏ စကားကို ကြားပြီး အားလုံးက တိတ်ဆိတ်သွား၏။ ဂျမ်းတဲလ်စနိုးက ဤကဲ့သို့ ဆုံးဖြတ်ထားမည်ဟု မထင်ထားကြပေ။ သူမက ရီဖုန်းကို နတ်ဘုရားသတ်စစ်သည်အဖွဲ့ထဲသို့ ထည့်ရန် တစ်ကယ်ကြီး စီစဉ်နေသည်။

နတ်ဘုရားသတ်စစ်သည်၏ အဖွဲ့ဝင်များသည် အိုရိုဘိုရို့စ်၏ လက်ရွေးစင်များထဲမှ လက်ရွေးစင်များ ဖြစ်သည်။ အဖွဲ့ဝင်တိုင်းက အလွန် အရည်အချင်း ရှိကြပြီး ထောင်ပေါင်းများစွာသော ကစားသမားများထဲမှ ရွေးထုတ်ထားသည့် သူများ ဖြစ်သည်။ အစည်းအရုံးက ရင်းမြစ်များ အားလုံးကို နတ်ဘုရားသတ်စစ်သည်အဖွဲ့သို့သာ ထောက်ပံ့ပေး၏။အစည်းအရုံးခေါင်းဆောင်နှင့် ဒုခေါင်းဆောင်မှလွဲလျှင် နတ်ဘုရားသတ်စစ်သည်၏ အဖွဲ့ဝင်များက အစည်းအရုံးအတွင်း၌ အာဏာအရှိဆုံး ဖြစ်သည်။

ပုံရိပ်ယောင်ဂိမ်းလောကအတွင်း၌ များစွာသော ကျွမ်းကျင်သူများသည် နတ်ဘုရားသတ်စစ်သည်အဖွဲ့ထဲသို့ ဝင်နိုင်ရန် အပြင်းအထန် ကြိုးစားကြသော်လည်း အများစုက ငြင်းပယ်ခံခဲ့ရလေသည်။ တစ်ခြားတစ်ဖက်မှာတော့ ရုတ်တရက် ပေါ်ထွက်လာသည့် ရှီဖုန်းသည် နတ်ဘုရားသတ်စစ်သည်အဖွဲ့ထဲသို့ ဝင်ရန် အခွင့်အရေးကြီးတစ်ရပ်ကို ပိုင်ဆိုင်သွား၏။ ထိုအချက်က သူတို့အတွင်း၌ ကြီးစွာသော မနာလိုမှုကို ဖြစ်ပေါ်စေသည်။

 

Comment

Leave a Reply

Options

not work with dark mode
Reset