အပိုင်း ၂၂၉
ကျေနပ်အားရခြင်း (၂)
ကာရံစာကြောင်း သုံးခုရှိသေးကြောင်း ကြားလိုက်ရသောအခါ ဝမ်ရှန်းက သူ ပြောခဲ့သည့် လက်ရေးလှ လေ့ကျင့်ခြင်းကိုလည်း မမေ့မလျော့ လေ့ကျင့်ခဲ့ကြောင်း လင်ရှူး သိလိုက်သည်။ ဤအချက်ကြောင့် လင်ရှူးသည် အလွန်ကို စိတ်ကျေနပ်မိပေသည်။
သို့သော် ထိုစာကြောင်း သုံးကြောင်းက သူ့အား စိတ်မပျက်စေရဘူးဟု ပြောခဲ့သည့် အတွက်ကြောင့် ယခုအချိန်တွင် တာအိုဘုန်းတော်ကြီးသည် ငြိမ်ငြိမ် ထိုင်မနေနိုင်တော့ပေ။ ခေါင်းကုတ် ခြေကုတ်ဖြင့် ဂနာမငြိမ် ဖြစ်လာကာ ချက်ချင်းပင် ပြေးကြည့်ချင်စိတ် ပေါက်သွားတော့သည်။
ဘာစာကြောင်းလဲဆိုတာ သူ ဝမ်ရှန်းအား မေးခဲ့ပါသေးသည်။ သို့သော် ဝမ်ရှန်းမှ လုံးဝ မပြောပြခဲ့။ ထို့ကြောင့် လင်ရှူးသည်လည်း ဘာမှ မတတ်နိုင်ဘဲ ထိုစာကြောင်းများ ပေါ်လာပြီဖြစ်ကြောင်း သူ့အား အကြောင်းကြား လာမည်ကိုသာ စောင့်နေလိုက်သည်။
သူတို့ဘိုးဘေး၏ အလျင်အမြန် လုပ်ဆောင်ရန် တောင်းဆိုချက်ကြောင့် ဘုန်းတော်ကြီးများနှင့် ပန်းပုဆရာများသည် အတူတကွ ပူးပေါင်းကာ သူတို့လက်များကို အလျင်အမြန် လှုပ်ရှားလိုက်ကြတော့၏။
ဤကဲ့သို့ ကျွမ်းကျင်သော လူများ များစွာ အတူတကွ ပူးပေါင်း လုပ်ဆောင်ခြင်းသည် ဝမ်ရှန်းတစ်ယောက်တည်း၏ လုပ်အားထက် ပိုမြန်ကာ ပိုထိရောက် ပေသည်။ တစ်ညလုံး ဖြိုချပြီးနောက် တစ်ရက် အတွင်းတွင် ကျောက်ထရံ တစ်ဖက်ကို အပြည့်အဝ ဖြိုဖျက်ပြီးစီး သွားသည်။
မြစ်ကမ်းဘေးတွင် အားလုံးသည် မီတာ ၃၀၀ မြင့်မားသည့် ရုပ်ထုကြီးအား ရင်သပ်ရှုမောစွာ ကြည့်နေကြ၏။ တာအိုဘုန်းတော်ကြီးဖြစ်စေ၊ ပန်းပုဆရာဖြစ်စေ အားလုံးတို့၏ မျက်နှာထက်တွင် အံ့အားသင့်မှုတို့က အထင်းသား ဖြစ်ပေါ်နေလေသည်။
မိုင်အနည်းငယ် အကွာမှ ကြည့်လျှင်ပင် မြစ်သုံးစင်း အလယ်၌ ထိုင်နေသည့် ဤထူးခြားခမ်းနား အံ့အားသင့်ဖွယ် ကောင်းသော လောင်ဇီရုပ်ကို မြင်နိုင်ပေသည်။ ရုပ်ထု၏ အရှိန်အဝါသည် လူများကို အလိုအလျောက် ဒူးထောက်ကာ ဝတ်ပြု ဆုတောင်းချင်စိတ် ပေါက်စေသည်အထိ ဆွဲဆောင်မှု ရှိလှပေသည်။
မြစ်အတွင်း၌ သွားလာနေသည့် လှေပေါ်မှ လူများသည် လှေပေါ်၌ ဒူးထောက်ကာ ရုပ်ထုကို အရိုအသေပင် ပေးနေကြပြီဖြစ်သည်။
ဘုန်းတော်ကြီးများသည် အမွှေးနံ့သာတိုင်များကို အစော ကတည်းက ကြိုတင်ပြင်ဆင် ထားပြီးဖြစ်၏။ ထို့နောက် ကျောင်းတော်မှ အဆင့်မြင့် ကိုယ်တော်တစ်ဦး၏ ဦးဆောင်မှုဖြင့် သူတို့ ရုပ်ထုအား အရိုအသေ ပေးလိုက်ကြသည်။ ကျောက်ထရံ သုံးခုလုံး ဖြိုချပြီးသွားလျှင် နေ့မြတ်နေ့ကောင်း သတ်မှတ်ကာ ကြီးမားသည့် အခမ်းအနား ကျင်းပမည်ဖြစ်၏။
အများက ထိုကဲ့သို့ ဝိုင်းပြီး အရိုအသေပေး ကန်တော့ လိုက်ကြတော့အခါ လင်ရှူးသည် မတတ်သာ၍ လုပ်ရသည့် ပုံစံနှင့် မကျေမနပ် သုန်မှုန်သော မျက်နှာထားဖြင့် တစ်ကြိမ် နှစ်ကြိမ်ခန့် ဦးညွှတ် အရိုအသေ ပေးလိုက်သည်။ ထို့နောက် ဝမ်ရှန်းဘက် လှည့်ကာ “မင်းပြောတဲ့ ကဗျာကာရံ စာသားတွေ ဆိုတာကရော”
ဝမ်ရှန်းသည် နှစ်ဖက်လုံး၏ ထောင့်များကို လက်ညှိုး ထိုးပြကာ –
“ရှင်းရှင်းကြီးတော့ မမြင်ရသေးဘူး။ စာလုံးကို ရွှေရောင်ဆေး သုတ်လိုက်မယ် ဆိုရင်တော့ ရှင်းရှင်းလင်းလင်း မြင်ရပြီ”
လင်ရှူး မျက်တောင်ပင့်ကာ ဝမ်ရှန်း ညွှန်ပြသည့်ဘက်သို့ ကြည့်လိုက်သည်။ ဝမ်ရှန်း စကားကိုကြားသည့် အခြား ဘုန်းတော်ကြီးများလည်း လင်ရှူးနှင့်အတူ ဝမ်ရှန်းညွှန်ပြရာ ဘက်သို့ ကြည့်လိုက်ကြ၏။ အစောပိုင်းတွင် အားလုံးသည် ကြီးမားခံ့ညားသည့် လောင်ဇီရုပ်ထုကိုသာ အာရုံစိုက်နေကြကာ ဘေးနှစ်ဖက်လုံးတွင် ရှိနေသည့် စာလုံးများကို သူတို့ သတိမထားမိခဲ့ကြ။
ထိုစာသားများ မြင်ပြီးနောက် ထိုလူများ အားလုံး ထိုနေရာ၌ မှင်သက်စွာ တန့်သွားခဲ့ကြတော့သည်။
ပထမဆုံးစာကြောင်း : မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ဆိုလျှင် အမွှေးနံ့သာတိုင်များ ထွန်းညှိပူဇော်လျှင်ပင် အကျိုးမရှိ…
ဒုတိယစာကြောင်း : သင်၏ခန္ဓာကိုယ်ကို မတ်မတ်ထားပါ၊ ကျွန်ုပ်ကိုမြင်ကာ အရိုအသေ မပေးသောကြောင့် သင့်ထံသို့ မည်သည့် အန္တရာယ်များ ကျရောက် နိုင်သနည်း…
စကားလုံး တစ်လုံးစီသည် ဆယ်မီတာစီ ရှိကာ အထက်မှအောက်သို့ သပ်ရပ် သေသပ်စွာ ရေးထွင်းထားခြင်းဖြစ်သည်။ ကြီးမားသည့် ရုပ်ထုပေါ်၌ ရှိနေသည့် အတွက်ကြောင့် ယခုအချိန်တွင် ထိုစာလုံးများကို ရှင်းရှင်းလင်းလင်း မမြင်နေရ… သို့သော် ဝမ်ရှန်း ပြောခဲ့သည့်အတိုင်း နောက်ပိုင်း ထိုစာလုံးများကို ရွှေရောင်ဆေး သုတ်လိုက်မည်ဆိုလျှင် စာလုံးများသည် သေချာပေါက် သိသာထင်ရှား သွားပေမည်။
စာလုံးများကို မြင်သည့် အချိန်တွင် တာအိုဘုန်းတော်ကြီး လင်ရှူးသည် အသုံးပြုထားသည့် စာလုံးပုံစံကိုပင် စမ်းစစ်ကြည့်ရန် သတိမရတော့ချေ၊ အားရပါးရ ကျယ်လောင်စွာသာ အော်ရယ် လိုက်တော့၏။
“ဟား ဟား ဟား ဟား…”
ယခုအချိန်တွင် လင်ရှူးသည် တကယ်ကြီးကို ပျော်ရွှင်နေ၏။ မြစ်ကမ်းဘေး တစ်လျှောက်တွင် သူ၏ရယ်သံသည် ၁၀ မိုင် အကျော်ကနေပင် ကြားနေရပေသည်။
“တော်တယ်… အရိုအသေ မပေးလည်း ဘာအရေးလဲ ဟုတ်လား… ဟား ဟား ဟား ဟား…”
အမွှေးနံ့သာများ ထွန်းညှိကာ အရိုအသေ ပေးခြင်း၌ အာရုံ ရောက်နေကြသည့် ဘုန်းတော်ကြီးများသည် ထိုအသံကြောင့် တစ်ယောက်ကို တစ်ယောက် ကြောင်အစွာ ကြည့်လိုက်ကြသည်။ ယခုအချိန် သူတို့ခံစားနေရသည့် ခံစားချက်ကို ဘယ်လို ဖော်ပြရမည်ကိုပင် မပြောပြတတ်တော့ပေ။ ဤအရာသည် အရိုအသေပြုဖို့လား သို့တည်းမဟုတ် မပြုဖို့လား…
လင်ရှူးသည် စာလုံးများကို နောက်တစ်ကြိမ် ကြည့်ကာ ခေါင်းညိတ်၍ “ဟုတ်တယ်… ငါ့ကိုမြင်လို့ အရိုအသေ မပေးရင် ဘာဖြစ်မှာမို့လို့လဲ… စာသားကောင်းပဲကွ…”
သူတို့က ထိတ်လန့် အံ့သြမှုများဖြင့် ပြည့်နှက်နေစဉ်မှာပင် ပျော်ရွှင် မြူးထူးနေသည့် သူတို့၏ဘိုးဘေး ဘုန်းတော်ကြီးမှ နောက်တစ်ကြိမ် ထပ်ပြောလာခဲ့သည်။
“ဒါပေမယ့် ငါလည်း ငါ့ကိုယ်ငါ တာအိုပညာရပ်ထဲ မြှုပ်နှံခဲ့ဖူးတယ်။ ပြီးတော့ ဘိုးဘေးတွေကိုလည်း အရိုအသေ ပေးခဲ့ဖူးတယ်။ အရိုအသေ ပေးတော့ရော ဘာတွေများ ဒုက္ခများ သွားလို့လဲ။ တစ်ဖက်က ကောက်ကျစ်စဉ်းလဲတဲ့စိတ် မရှိသ၍ အရိုအသေပေးရင် ဘာများ ထိခိုက် နစ်နာစရာရှိလို့တုံး”
ထိုစကားများ ကြားသောအခါ ကျန်သည့် ဘုန်းတော်ကြီး များသည်လည်း အော်ရယ် လိုက်ကြသည်။ ဟုတ်သားပဲ… ဘိုးဘေးကို အရိုအသေပေးခြင်း ဆိုသည်မှာ လုပ်ရိုးထုံးစံ တစ်ခုပင်ဖြစ်သည်၊ ထို့ကြောင့် ထိုကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် အန္တရာယ် မရှိနိုင်ချေ…
ထိုကဲ့သို့ တွေးမိပြီးနောက် ထိုစာသားများကို နောက်တစ်ကြိမ် ပြန်ဖတ်လိုက်သည့် အချိန်တွင် ဘုန်းတော်ကြီးများသည် စာကြောင်းများက စိတ်ကျေနပ်စရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။
ထိုနေရာရှိ လူများထဲတွင် လင်ရှူးသည် အပျော်ရွှင်နေဆုံး ဖြစ်သည်။ သူ့ဘဝထဲတွင် သူ အမုန်းဆုံးအရာမှာ တာအိုဘုန်းတော်ကြီးများက ကိုယ်၏ ငြိမ်သက် အေးချမ်းခြင်းများကို မေ့လျော့ကာ သူတို့ကိုယ်သူတို့ လောကီရေးရာ ကိစ္စများ၌ ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်။
သူတို့သည် သာမန်လူများကို အမွှေးနံ့သာတိုင်များ ပူဇော်စေကာ ကောင်းချီး ပေးခံရရန် အတွက် အရိုအသေပေး ဝတ်ပြုခိုင်းကြ၏။ သူတို့သည် လူသားများ၏ စိတ်နှလုံးများကို လမ်းပြပေးကာ သူတို့ကိုသူတို့ အားကိုးကြိုးစား လုပ်ဆောင်ချင်စိတ် ရှိလာအောင် လုပ်ပေးရန် မေ့လျော့ နေကြခြင်းပင် ဖြစ်သည်။
ဘုန်းတော်ကြီးများကလည်း သူတို့ ဘိုးဘေးများအား အမွှေးနံ့သာတိုင်များ ပူဇော်ကာ အရိုအသေ ပေးကြ၏။ သို့သော် သူတို့ အမှန်တကယ် ဘာလုပ်သင့်လဲ ဆိုတာကို သူတို့ မေ့လျော့ နေကြပေသည်။
ဝမ်ရှန်း၏ စကားများသည် လင်ရှူး၏ အတွေးများကို အပြည့်အဝ ပြောထားခြင်းပင် ဖြစ်သည်။ သစ္စာဖောက်များနှင့် အပြစ်သားများ၊ အဆိုးမြင်သမားများ၊ ပျင်းရိသူများ၊ ကောက်ကျစ် လိမ်လည်သည့် စိတ်ထား ရှိသူများသည် အမွှေးနံ့သာများ ပူဇော်ကာ အကြိမ် တစ်ထောင်တစ်သောင်း ဦးညွှတ် အရိုအသေပေးမည် ဆိုလျှင်တောင် အသုံးမဝင်၊ ဘိုးဘေးများက ထိုသူတို့အား ကောင်းချီးပေးမည် မဟုတ်ပေ။ အမှန်တကယ် စိတ်သဘောထား မြင့်မြတ်ကာ ကိုယ်ကျိုးမငဲ့တတ်သည့် လူများသည် သူတို့ဘိုးဘေးဘိုးကို ဦးညွှတ်ကာ အသက်ရှည်ရန် ဆုတောင်းစရာ မလို။ ဘိုးဘေးများ အမှန်တကယ် လိုချင်သည့် အရာမှာလည်း ဤသည်ပင်ဖြစ်၏…
လင်ရှူး၏ ရယ်သံသည် လက်ဖက်ရည် တစ်ခွက် သောက်စာ အချိန်ပမာဏ ကြာမြင့်နေပြီ ဖြစ်သည်။ ထိုရယ်သံကို ကြားသည့် လူများအားလုံး လင်ရှူး၏ အချိန်အတော်ကြာ အသက်အောင့်နိုင်မှုကြောင့် အံ့အားသင့် သွားခဲ့၏။ ဝိညာဉ်အဆင့် ဘယ်လောက်တောင်မြင့်လို့ ဒီလောက် အချိန်အကြာကြီး ရယ်နိုင်နေရတာလဲ…
တာအိုဘုန်းတော်ကြီး လင်ရှူးက အလုပ်မလုပ်ဘဲ အမွှေးနံ့သာ ပူဇော်ပြီး ထိုင်ဆုတောင်းရုံသာ ဆုတောင်းသည့် လူများကို မနှစ်သက်မှန်း ဝမ်ရှန်းသိသည်။ ထို့ကြောင့် သူသည် သူ၏ကမ္ဘာမြေပေါ်ရှိ တာအိုဘုန်းတော်ကြီး ကျောင်းဂိတ်တံခါးပေါက်၌ ရေးထားသည့် ဤစာကြောင်း နှစ်ကြောင်းကို တမင်သက်သက် ရေးထွင်းလိုက်ခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ လင်ရှူးသည် ဤစာကြောင်းများကို အမှန်တကယ် သဘောတွေ့ သွားဟန်ရှိပေ၏။ ယခုအချိန်တွင် လင်ရှူးသည် သူ၏စမ်းသပ်မှုအား အအောင်ပေးသင့်ပြီ မဟုတ်ပါလား… ဂျင်ဒီနယ်မြေမှ လျှို့ဝှက်ချက်များ အကြောင်း တွေးမိသွားသည့် အချိန်တွင် ဝမ်ရှန်းသည် သူ့အိပ်မက်ထဲမှ ကောင်မလေးနှင့် သက်ဆိုင်သည့် အရာကို ရှာတွေ့တော့မည်ဟု ခံစားလိုက်ရသည်။
သို့သော် သေတော့ မသေချာ။ သူသည် အင်အားစု အသီးသီး၏ မှတ်တမ်းများထဲမှသာ ရှာဖွေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လိုအပ်မည်ဆိုလျှင် ဂျင်ဒီနယ်မြေ၏ အတွင်းပိုင်းသို့ သွားချင် သွားရနိုင်ပေသည်။
လင်ရှူးသည် အချိန်အတော်ကြာ အားရပါးရ ရယ်မောခဲ့ပြီး နောက်ဆုံးမှာမှ ရပ်သွားခဲ့၏။ ထိုအချိန်မှာမှ အားလုံးသည်လည်း အိပ်မက်တစ်ခု နှိုးထသွားသကဲ့သို့ ခံစားလိုက်ရသည်။ အချို့သူများသည် ရုပ်ထုကို အခြားထောင့် တစ်နေရာမှကြည့်ကာ စာလုံးများကို ကြည့်လိုက်သည်။
“ဟမ်…” အချို့မှ အံ့သြတကြီး ရေရွတ်လိုက်၏။
“တစ်ခုခုမှားနေတယ်လို့ မခံစားရဘူးလား။ ဘယ်ဘက်နဲ့ ညာဘက်ကနေ ကြည့်ရင် တစ်ခုခု ထူးဆန်းနေတယ်”
တာအိုဘုန်းတော်ကြီး လင်ရှူးသည်ပင် ထိုကဲ့သို့ ခံစားလိုက်ရ၏။ လောင်ဇီရုပ်ထုနှင့် စာသားတို့သည် ပြီးပြည့်စုံသည့် ပေါင်းစပ်မှုတစ်ခု ဖြစ်ဟန်ရှိသည်။ သို့သော် ဘာလို့ တစ်ခုခုက မှားယွင်းနေသည်ဟု ခံစားနေရသနည်း…
“ကောင်လေး၊ မင်းစာလုံးတွေက…”
နောက်ဆုံး လင်ရှူးသည် ထိုမှားယွင်းနေသည့် အချက်ကိုမြင်ကာ ဝမ်ရှန်းဘေးသို့ ပြေးသွားလိုက်ပြီး ဝမ်ရှန်း၏ပခုံးကို ဖမ်းဆုပ်ကာ မေးလိုက်တော့သည်။
“ဒါက ဘယ်လို လက်ရေး အလှမျိုးလဲ။ ဘယ်စာလုံး ပုံစံမျိုးကို သုံးထားတာလဲ”
***