Switch Mode

Chapter – 31 & 45

အပိုင်း(၃၁) ဆမ်ဆောင်း အစီအရင်အလံ

လူတိုင်း၏ အံ့သြတုန်လှုပ်နေသော အကြည့်အောက်တွင် ဝမ်လင်းက လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး ရဲရင့်သောအပြုအမူဖြင့် သောက်ချလိုက်သည်။

ဝမ်လင်းက သူ့ကိုယ်သူ ယုံကြည်မှုရှိ၍ လက်ဖက်ရည် တစ်စက်မျှပင် မချန်ထားခဲ့ပေ။

ထိုအစား အလွန်ရွံရှာ နံစော်ဖွယ် ကောင်းသည့် လေချဥ်ကို အချိန်အတော်ကြာ တက်လိုက်ခြင်းဖြင့် ထျန်းကျင်းဇီတို့ အဖွဲ့ကို အော့အန်ချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။

ဝမ်လင်းက လူပုံအလယ်တွင် သူရဲကောင်း လုပ်ချင်သော ရည်ရွယ်ချက် မရှိခဲ့ပေ။

ထျန်းကျင်းဇီတို့ ယခုလိုမျိုး လှည့်စားနေခြင်းက အလဟဿ အချိန်ဖြုန်းနေသည်ဟု သူ ခံစားမိခဲ့သည်။

အသေးအဖွဲ ကိစ္စမျိုးတွင် အချိန် ဖြုန်းတီးခြင်းက နှမြောစရာကောင်းလွန်းသည် မဟုတ်လော။

ထိုသို့ အချိန်ဖြုန်းမည့် အစား ဝမ်လင်းက စာလေ့လာခြင်းဖြင့်သာ အချိန်ကုန်ချင်သည်။

အဓိက အကြောင်းအရင်းမှာ အချိန်အတော်ကြာအောင် ဘတ်စ်ကား စီးလာရ၍ သူ ပင်ပန်းနေသည်။

တကယ်တမ်းတွင် ဝမ်လင်းအတွက် အမှတ် ၆၀ အထက်တန်းကျောင်းမှ အမှတ်၅၉ အထက်တန်းကျောင်းသို့ သွားရန် စက္ကန့်ပိုင်းမျှသာ ကြာမြင့်၏။

ထို့ကြောင့် ဝမ်လင်းက အများသုံး ပို့ဆောင်ရေးယာဥ်များကို အသုံးမပြုခြင်း ဖြစ်သည်။

“ကျောင်းသား ဝမ်လင်း.. အဆင်ပြေရဲ့လား”

ဆရာ ဝမ်က ဝမ်လင်း၏ သစ်သားဓားကို မြင်ကတည်းက အံ့သြတုန်လှုပ်ခဲ့ရသည်။

ထိုသို့သော ခံစားချက်ကို ဝမ်လင်းက ဒုတိယ အကြိမ်မြောက် ထပ်မံ ပေးစွမ်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ချန်းချောင် နှင့် ကော်ဟောက်တို့က မျက်လုံးအပြူးသား ဖြစ်နေ၏။

ကြက်တူရွေးလေးပင် လန့်ဖျပ်လွန်း၍ အမွေးအတောင် နှစ်ခုကျွတ်ကျသွားရသည်။

အဆ၂၀၀ ပြင်းအား ရှိသည့် အသီးအရွက် ဖျော်ရည်ကို လူသားတစ်ယောက်က မည်ကဲ့သို့ ခံနိုင်ရည် ရှိနေရသနည်း။

“အွန်း ကျနော်က သောက်လေ့သောက်ထ ရှိတော့ အဆင်ပြေပါတယ်”

ဝမ်လင်းက တည်ငြိမ်သော အမူအရာဖြင့် ပါးစပ်ကို သုတ်လိုက်ပြီး သူ့အတွက် ဘာမှမဟုတ် သကဲ့သို့ စကားလုံး အနည်းငယ်ဖြင့် ဖြေရှင်းလိုက်၏။

သူယခင်က ခန္ဓာကိုယ် အားဖြည့်ဆေးများ ဖော်စပ်ရန် ရှေးခေတ် နည်းစနစ်များ အသုံးပြုခဲ့ဖူးသည်ကိုပင် ရုတ်တရက် သတိရမိသွားသည်။

သူဖျော်စပ်ခဲ့သည့် အသီးအရွက်ဖျော်ရည်မှာ ဤဖျော်ရည်ထက် ပို၍ ဆိုးဝါးသော အရသာ ရှိသည်။

ရှေးအခါက လူသားများသည် ကျင့်ကြံမှု အနည်းငယ်လေး တိုးတက်ဖို့ အတွက်ပင် သေလောက်အောင် အနံ့အသက် ဆိုးဝါးသည့် အရည်များကို သောက်သုံးခဲ့ကြသည်။

ထိုအကြောင်းကို တွေးမိကာ ဝမ်လင်း သက်ပြင်းချလိုက်၏။

ယခုသောက်ရသော လက်ဖက်ရည် အရသာက အရမ်းကြီး မဆိုးရွားသေးပေ။

ဝမ်လင်းအတွက်မူ ဤလက်ဖက်ရည်က အနည်းငယ် ချိုသည်ဟုပင် ခံစားမိသည်။

“သောက်လေ့ သောက်ထ ရှိတယ်လား”

ဝမ်လင်း၏ တိုတောင်းသော စကားလုံးက သူ့ပတ်ဝန်းကျင်ရှိ လူအားလုံး၏ နှလုံးသားကို မုန်တိုင်းထန်စေသည်။

အသီးအရွက် ဖျော်ရည်က ဈေးကွက်ထဲတွင် ဈေးအပေါဆုံးဖြစ်ပြီး အခြေခံ လူတန်းစားများ၏ ကျင့်ကြံခြင်းကို အထောက်အပံံ့ဖြစ်အောင် ဟွာကောအုပ်စုက အထူးတလည် ဖန်တီး ထုတ်လုပ်ပေးထားခြင်း ဖြစ်သည်။

ဆင်းရဲသားများက သူတို့၏ ကလေးများကို အနာဂတ်တွင် တိုးတက်စေချင်သော ဆန္ဒ ရှိကြသည်။

ဆိုရလျှင် ဤထုတ်ကုန်က သူတို့အတွက် စိတ်ပျက်ဖွယ်ကောင်းသော ရွံံ့ဗွက်တောထဲတွင် ပေါက်ရောက်နေသည့် ကျူပင်လေးနှင့် အလားသဏ္ဍာန် တူသည်။

မိသားစုဝင် ထဲမှ တစ်စုံတစ်တစ်ယောက်က အခြေတည်အဆင့်ကို အောင်မြင်စွာ ရောက်နိုင်သရွေ့ ဟွာရှို့အစိုးရထံမှ အထူးထောက်ပံံ့မှုများကို ရရှိလိမ့်မည်။

ဤသည်မှာ ဆင်းရဲသော မိသားစုများ၏ ဘဝကို သိသာစွာ ပြောင်းလဲပေးနိုင်သော အခွင့်အရေးကြီး တစ်ခု ဆိုလည်းမမှားပေ။

စွန်းရုံက ဝမ်လင်းတို့ အိမ်သို့ ယခင်က ရောက်ဖူးသည်။

ဝမ်လင်းတို့အိမ်က စတားမြို့ အစွန်အဖျားရှိ ကျေးလက်နှင့်မြို့ပြ ရောစပ်နေသော နေရာတွင် တည်ရှိသည်။

သစ်သားဓားကို ဝမ်လင်းတစ်ယောက် ထုတ်မပြခင် အချိန်ထိ ဝမ်လင်းတို့ မိသားစုက ဤမျှ ဆင်းရဲလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။

အသီးအရွက် ဖျော်ရည်ကို တစ်ကျိုက်တည်း မော့သောက်ပြလိုက်သည့် ဝမ်လင်း၏ ဟန်ပန်က သူမ မျက်လုံးထဲမှ မထွက်တော့ချေ။

ကျိကျိတက် ချမ်းသာသော ဒုတိယမျိုးဆက်၏ အသိစိတ်ရှိသော ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ဝမ်လင်း၏ ဘဝကို အသေအချာ စောင့်ရှောက်ပေးရန် လိုအပ်နေပြီဟု စွန်းရုံ ခံစားမိလိုက်သည်။

ဝမ်လင်းက မည်သို့သော လူစားမျိုးနည်း။

ငယ်စဥ်ကတည်းက အသီးအရွက် ဖျော်ရည်၏ အရသာကို ခံနိုင်ရည် ရှိအောင် တောင့်ခံခဲ့ပြီး အခြေတည်အဆင့်ထိ ရောက်အောင် တဆင့်ချင်း ကိုယ်ထူကိုယ်ထ ကြိုးစားလာခဲ့ပုံရသည်။

ထို့ကြောင့်လည်း ဆင်ခြေဖုံး ရပ်ကွက်လေးရှိ ကျောင်းမှ မြို့ထဲရှိ အထက်တန်းကျောင်းသို့ တက်ရောက်နိုင်ခဲ့ပုံ ရ၏။

အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားအုပ်စုက လုံးဝ အံ့အားသင့်သွားသည်။

……………..

ဤ လက်ဖက်ရည်ကို အခြေပြု၍ ဝမ်လင်း ငယ်စဥ်က ကြုံတွေ့ခဲ့ရသည့် ခက်ခဲကြမ်းတမ်းသော ဘဝကို တွေးမိကာ စွန်းရုံ နှင့် လင်းရှောင်ယု တို့က တင်းမခံနိုင်တော့ဘဲ မျက်ရည်များ ကူကယ်ရာမဲ့စွာ စီးကျလာသည်။

ယောက်ျားသားများ ဖြစ်ကြသော ချန်းချောင် နှင့် ကော်ဟောက်တို့ပင် ရင်ထဲ ထိရှကာ စိတ်လှုပ်ရှားသွားသည်။

“………..…”

ဝမ်လင်းသာ ယခုလိုမျိုး ဆက်လက် ကြိုးစားနေလျှင် အလျင်အမြန် တိုးတက်လာနိုင်ပြီး ကျောင်း၏ ထိပ်တန်း ကျောင်းသား ၁၀ဦး နေရာသို့ပင် ရောက်ရှိသွားနိုင်သည်။

ထျန်းကျင်းဇီတို့က စိတ်ပျက်ဖွယ်ကောင်းသော လက်ဖက်ရည်ကို ရင်းနှီးဖော်ရွေမှု အထိမ်းအမှတ် အဖြစ် သတ်မှတ်ကာ အမှတ်၅၉ အထက်တန်းကျောင်းသို့ အလည်ရောက်လာသော တခြား အထက်တန်းကျောင်းမှ ကျောင်းသားများကို အနိုင်ကျင့် လှည့်စားကြလေ့ ရှိသည်။

ဝမ်လင်း ကျေးဇူးဖြင့် ဤကိစ္စကို ဖြေရှင်းပြီးသော အခါတွင် စွန်းရုံတို့က ကျောင်းအချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲ၏ ရည်ရွယ်ချက် အမှန်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့သည်။

အတွေအကြုံဖလှယ်ပွဲ ဆိုသည်မှာ အမှတ်၅၉ အထက်တန်းကျောင်းက အလည်ရောက်လာသော ကျောင်းများကို ပြောင်ပြောင်တင်းတင်း အနိုင်ကျင့်ရန် စီစဥ်ထားခြင်း ဖြစ်နိုင်သည်။

သူတို့က တခြားကျောင်းများ၏ မျက်ခုံးမွေးပေါ် စင်္ကြန်လျှောက်နိုင်သည်ဟု တလောကလုံးကို သက်သေပြလိုခြင်း ဖြစ်ပုံရ၏။

“အတန်းဖော် ဝမ်လင်း ငါတို့နဲ့အတူ ရှိနေတာ ငါတို့ ကံကောင်းသွားတာပဲ.. မဟုတ်ရင်တော့လား.. ငါတို့တွေ ပထမ အတားအဆီးကိုတောင် ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး”

စွန်းရုံက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ဤတိုက်ပွဲက ခက်ခဲသော တိုက်ပွဲ ဖြစ်လာဖို့ များသည်။

မည်သို့ပင်ဖြစ်စေ သူမတို့ကပဲ အောင်နိုင်သူ ဖြစ်စေရမည်ဟု စိတ်ထဲကနေ သံဓိဌာန် ချထားလိုက်သည်။

သူမတို့က အမှတ်၆၀ အထက်တန်းကျောင်းကို ကိုယ်စားပြုထားသဖြင့် မည်သို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရပါစေ.. ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပေ။

လင်းရှောင်ယုက ထျန်းကျင်းဇီတို့ အဖွဲ့ကို စိတ်ဆိုးမာန်ဆိုး တစ်ချက် ကြည့်လိုက်ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။

“ငါတို့ အတန်းဖော် ဝမ်လင်းက နင်တို့ရဲ့ လက်ဖက်ရည်ကို သောက်ပြီးပြီဆိုတော့ ငါတို့ အထဲဝင်လို့ ရပြီလား”

“ဒါဆို ဒီတစ်ယောက် နာမည်က ဝမ်လင်းပေါ့”

ထျန်းကျင်းဇီက တည်ငြိမ်နေသော ဝမ်လင်းကို ကြည့်ပြီး အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်။

သူ့စိတ်ထဲ ဝမ်လင်း၏ အမည်ကို ထပ်တလဲလဲ ရေရွတ်နေမိသည်။

သူ၏ စီစဥ်ထားသော နောက်ထပ် လှည့်ကွက်များတွင် ဝမ်လင်းကို ပိုသတိထားရတော့မည်ဟု မှတ်ချက်ချလိုက်သည်။

စက္ကန့်ပိုင်းအတွင်း ထျန်းကျင်းဇီက သူ့အစီအစဉ်များကို တွေးကြံလိုက်သည်။

သူ၏ အစီအစဉ်များတွင် “အထူးဧည့်ဝတ်ကျေပွန်ခြင်း” အစီအစဉ်လည်း ပါဝင်၏။

စိတ်ပျက်ဖွယ်ကောင်းသော ဤလက်ဖက်ရည်က သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

“အမှတ်၆၀ အထက်တန်းကျောင်းက လာတဲ့ အထူးဧည့်သည်တွေက အကြာကြီး ခရီးဆက်လာရတော့ ပင်ပန်းနေမှာပဲ.. ငါ့နောက်ကို လိုက်ခဲ့ပေးပါ.. ငါက မင်းတို့ကို အခုပဲ စာရင်းသွင်းပေးပါ့မယ်”

ထျန်းကျင်းဇီက အပြုံးတုကို မျက်နှာထက်တွင် ဆင်မြန်းလိုက်ရင်း အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများကို ဦးဆောင်၍ ခေါ်သွားလိုက်သည်။

ဝမ်လင်းက နောက်ဆုံးမှ လိုက်ပါလာသည်။

လမ်းတစ်လျောက်တွင် ထျန်းကျင်းဇီက သူတို့ ကျောင်းတွင် အသစ် တည်ဆောက်ထားသည့် စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက် အကြောင်းကို သူတို့လူစု နားမခံနိုင်လောက်သည် အထိ ကြွားလုံးထုတ်ခဲ့သည်။

“မင်းတို့အားလုံး သိကြတဲ့အတိုင်းပဲ.. ငါတို့ အမှတ်၅၉ အထက်တန်းကျောင်းရဲ့ သင်ကြားရေး အဆောက်အအုံကို ပြန်ပြုပြင်ခွင့်ရတာ ကျောင်းကြီးကြပ်ရေး အဖွဲ့က ဒါရိုက်တာအသစ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ..”

“ကျောင်းကြီးကြပ်ရေး အဖွဲ့ရဲ့ ဒါရိုက်တာ အသစ်လား”

ကော်ဟောက်က ပြုံးလိုက်သည်။

“ကြီးကြပ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်အသစ်က ခန္ဓာဗေဒ လေ့လာဆန်းစစ်တဲ့ ဌာနရဲ့ ဒါရိုက်တာ မဟုတ်လား.. အဲဒီဆေးရုံက ယီးထိပ်ဖြတ်ပေးတယ်လို့ ငါကြားဖူးတယ်”

“ခစ်.. ခစ်.. ခစ်”

ထိုစကားသံကို ကြားပြီးနောက် စွန်းရုံနှင့် လင်းရှောင်ယုတို့က ရယ်မောချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။

ထျန်းကျင်းဇီတို့အဖွဲ့က စွန်းရုံတို့၏ လှောင်ရယ်သံကြောင့် နှုတ်ဆိတ်နေသည်။

“အမ်.. ငါ့အစီအစဥ်က အလုပ်မဖြစ်ဘူးလား..ဒီလူတွေက ငါတို့ကို မနာလိုဖြစ်ပြီး မုန်းတီးနေရမှာလေ.. ဒါက ဘယ်လိုတွေ ဖြစ်နေရတာလဲ”

“အဟမ်း ဟမ်း.. ကျောင်သားကော်.. စကားကို အထိန်းအကွပ်မရှိ မပြောစမ်းနဲ့.. စကားတစ်ခွန်းကို ပြောတော့မယ်ဆိုရင် နှစ်ကြိမ်လောက် ပြန်စဥ်းစားပါ”

ဆရာဝမ်က လည်ချောင်းရှင်းလိုက်ပြီး ဆုံးမလိုက်သည်။

သို့သော် သူ့စိတ်ထဲတွင် ရယ်မောနေသည်။

လူငယ်များ၏ စောင်းချိတ် အရွဲ့တိုက်မှုများကို စောင့်ကြည့်ရခြင်းကို သူနှစ်သက်၏။

တကယ်တမ်း သူအနှစ်သက်ဆုံးအရာမှာ မိန်းကလေးနှစ်ဦး မြေကြီးပေါ်လုံးထွေး သတ်ပုတ်နေရသည်ကို စောင့်ကြည့်ရခြင်းပင်။

“ဟုတ်ကဲ့ပါ ဆရာ.. ကျွန်တော် မှားသွားပါတယ်”

ကော်ဟောက်က ကြက်တူရွေးသခင်ဟူသော ဘွဲ့ထူးနှင့် လိုက်ဖက်ညီစွာပင် စကားကြွယ်သလို အရှက်ကင်းမဲ့သည်။

သူက အမှားကို ဝန်ခံလျှင်ပင် အနည်းငယ်မျှ နောင်တရမည် မဟုတ်ပေ။

“အင်း.. အမှားပြင်တာလောက် ကောင်းတဲ့ အပြုအမူ မရှိဘူး.. နောက်အခါကျရင် တခြားသူ စကားပြောနေရင် ဖြတ်မပြောနဲ့”

ဝါရင့်ဆရာသမား ဝမ်က ထျန်းကျင်းဇီကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့ အတန်းသားထျန်း.. စောစောက ပြောနေတာကို ဆက်ပြောလေ”

ထျန်းကျင်းဇီ”…………”

ဝါရင့်ဆရာသမား ဝမ်၏ စကားလုံးများက ထျန်းကျင်းဇီကို အရှိုက်ထိစေသည်။

သူ၏ ကြွားဝါမှုကို တာဝန်ခံဆရာပင် ဂရုစိုက်ပုံမရပေ။

ဤကျောင်း တစ်ကျောင်းလုံးက မျက်နှာပြောင်တိုက်ခြင်းကို ကျွမ်းကျင်ကြသည်လော။

ထျန်းကျင်းဇီက စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းရင်း ဆက်ပြောလိုက်သည်။

“မင်းတို့အားလုံး သိထားကြတဲ့အတိုင်း ငါတို့အမှတ်၅၉ အထက်တန်းကျောင်းရဲ့ သင်ကြားရေး အဆောက်အအုံတွေကို ပြန်ပြုပြင်နိုင်တာက ကျောင်းကြီးကြပ်ရေး ဒါရ်ုက်တာအသစ်ရဲ့ ကြိုးစားမှုကြောင့်ပဲ.. အခုဆိုရင် ရှစ်ထပ်ကျောင်းဆောင်ကြီးရဲ့ ဘေးပတ်ပတ်လည်မှာ စိတ်ဝိညာဉ်စုဆောင်းပေးတဲ့ ယန္တရားစက်တွေ ရှိနေပြီ.. သင်ကြားရေး အဆောက်အအုံထဲ ဝင်လိုက်တာနဲ့ မင်းတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အဆုံးအစမဲ့ ချီစွမ်းအားတွေကို ခံစားနိုင်တယ်.. မယုံရင် ငါတို့ကျောင်းရဲ့ လေထုက ဘယ်လောက်တောင် သန့်စင်လည်းဆိုတာ စမ်းကြည့်လိုက်လေ”

“တကယ်လား”

ချန်းချောင်က စိတ်ဝိညာဉ်စွမ်းအားကို စုစည်းရန် ကြိုးစားလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲ လည်ပတ်စေလိုက်သည်။

“ထူးဆန်းလိုက်တာ.. ဘာမှလည်း မခံစားရပါလား”

ချန်းချောင်က မနာစိတ်ဖြင့် ပြောသည်ဟု ထျန်းကျင်းဇီ နားလည်လိုက်ပြီး ပြန်ပြောရန် ပြင်လိုက်သော အချိန်တွင် စွန်းရုံကလည်း ခေါင်းခါ၍ ပြောလာသည်။

“တကယ် ဘာမှ မခံစားမိဘူး.. အပြင်ဘက်က ချီစွမ်းအားနဲ့လည်း ဘာမှ မခြားနားဘူး”

ထိုစကားကြောင့် ဖန်ဟွားချင်းက ထျန်းကျင်းဇီကို တံတောင်ဖြင့် အသာအယာ တွတ်လိုက်သည်။

“ဥက္ကဌ.. စိတ်ဝိညာဉ် စုဆောင်းတဲ့ ယန္တရားစက်မှာ တစ်ခုခု ချွတ်ချော်နေပြီ ထင်တယ်”

စိတ်ဝိညာဥ် စုဆောင်းခြင်း ယန္တရားစက်က တစ်စုံတစ်ခု လွဲမှားနေသည်လော။

ထိုသို့လည်း မဖြစ်နိုင်ဟု ထျန်းကျင်းဇီ ယူဆလိုက်သည်။

ယန္တရားစက်မှာ နေ့စဉ် စစ်ဆေးထား၍ ပြဿနာ တစ်စုံတစ်ရာတက်စရာ အကြောင်း မရှိပေ။

“ယန္တရားစက် အသက်မသွင်းရသေးလို့ ဖြစ်မယ်.. မြန်မြန်သွားစစ်ဆေးကြည့်လိုက်”

ထျန်းကျင်းဇီက လျန့်ဝေတို့ကို အော်ဟစ် အမိန့်ပေးနေ၍ သူ့ကိုယ်သူပင် မေ့လျော့လုနီးပါး ဖြစ်နေခဲ့သည်။

ခဏအကြာတွင် လျန့်ဝေ တစ်ယောက် အလောတကြီး ပြန်ပြေးလာသည်။

“ဥက္ကဌကို သတင်းပို့ပါတယ်…”

“ဘာတွေဖြစ်နေတာတဲ့လဲ”

“ကျောင်းအင်ဂျင်နီယာ ဌာနက ဆရာတစ်ဦးရဲ့ အပြောအရတော့ ချီ စုဆောင်းတဲ့ ပင်မနေရာတွေမှာ အဓိက အသုံးပြုတဲ့ အလံတွေ ပေါက်ကွဲသွားတာတဲ့.. တစ်ခုမှ အကောင်းမကျန်ခဲ့ဘူးလို့လည်း ပြောလိုက်သေးတယ်”

“…………”

ထိုသတင်းကို ကြားလျှင် ထျန်းကျင်းဇီ တစ်ယောက် နှလုံးသားတစ်ခုလုံး ချေမွခံလိုက်ရသလို နာကျင်စွာ ခံစားလိုက်ရသည်။

သူ၏ အနိုင်ကျင့်မည့် အစီအစဉ်က မအောင်မြင်ခဲ့သည့် အပြင် နှစ်ကြိမ်တိုင်တိုင် သူ့ကို အရှက်ရစေခဲ့၍ ထျန်းထျန်းဇီက မျက်နှာငယ်လေး ဖြစ်နေသည်။

ကော်ဟောက်က ထျန်းကျင်းဇီကို ကြည့်ကာ သွားများ ကျွတ်ထွက်လုနီးပါး အားရပါးရ ရယ်မောလိုက်သည်။

“ဟားဟား အစီအရင်အလံ ပေါက်ကွဲသွားတာလား.. မင်းတို့ရဲ့စက်က အရည်အသွေး မကောင်းတဲ့ပုံပဲနော်.. အခုလိုမျိုး ပေါက်ကွဲတာမျိုး ငါတော့ တစ်ခါမှ မကြားဖူးဘူး.. အစီအရင်အလံတွေက ဆမ်ဆောင်း ထုတ်ကုန်လို့တော့ ငါ့ကို လာမရွှီးနဲ့နော်”

အကြီးကျယ်ဆုံးသော နာကျင်မှုမှာ အကြောစုံနေရာ ဖြစ်သည့် ဒူးခေါင်းကို ဓားဖြင့်ထိုးခြင်း မဟုတ်ပေ။

ကော်ဟောက်က နာကျင်မှု အထွတ်အထိပ် ရောက်နေသော ထျန်းကျင်းဇီ၏ ဝေဒနာကို အဆင်းဘီးတပ် ပေးလိုက်သည်။

ထျန်းကျင်းဇီက စိတ်ပျက်လက်ပျက်ဖြင့် ဒူးအနည်းငယ် ညွတ်ကျသွားသည်။

ထျန်းကျင်းဇီ၏ ဒူးခေါင်း အက်ကွဲသွားသော အသံကို နံဘေးရှိ လူများက ခပ်အုပ်အုပ် ကြားလိုက်ရသည်။

………………….

အပြစ်ကင်းစင်လွန်းသော ဝမ်လင်းက လူအုပ်စုကြီး၏ နောက်တွင် တည်တည်ငြိမ်ငြိမ် မတ်တတ်ရပ်နေသည်။

သူက အမှတ်၅၉ အထက်တန်းကျောင်း၏ ခမ်းနားထည်ဝါသော ရှစ်ထပ်ကျောင်းဆောင်ကို သုန်မှုန်စွာ ငေးစိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

သူ့လက်မောင်းပေါ်မှ တာအိုအစီအရင်က သိသိသာသာ အားလျော့သွားပုံ ရသည်။

ယခင်က ဆိုလျှင် သူ၏ စိတ်ဝိညာဉ်စွမ်းအားက ယန္တရားစက်၏ သံလိုက်စက်ကွင်းကိုသာ သက်ရောက်မှု ရှိနိုင်သည်။

ယခုလို ပင်မနေရာ၏ အစီအရင်အလံများကို ပေါက်ကွဲစေသည်အထိ ဖြစ်စရာ အကြောင်း မရှိပေ။

လက်မောင်းတွင် စီရင်ထားသည့် တာအို အစီအရင်၏ စွမ်းအားက သိသိသာသာ ယုတ်လျော့လာပြီး ပို၍ အထိန်းအချုပ် ကင်းမဲ့လာပုံ ရသည်။

ဝမ်လင်းက သူ့ကိုယ်သူ ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစား ခဲ့ပါသေးသည်။

သို့သော် သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာသည့် စိတ်ဝိညာဉ်စွမ်းအားက ‌လွှမ်းမိုးသော အရှိန်အဝါ ရှိနေ၍ ဝမ်လင်းကိုယ်တိုင် ကူကယ်ရာမဲ့သော ခံစားချက် ဖြစ်ခဲ့ရသည်။

ယီးထိပ် အရေပြား ဖြတ်သည့် ဆေးရုံ၏ ဒါရိုက်တာ အတွက် သူ စိတ်မကောင်း ဖြစ်မိသွား၏။

ရှစ်ထပ် ကျောင်းဆောင် တစ်ခုလုံး အတွက် စိတ်ဝိညာဥ် စုဆောင်းခြင်း ယန္တရားစက်ကို ငွေကြေး အကုန်အကျခံကာ တပ်ဆင်ခဲ့သော်လည်း အဆုံးသတ်တွင် အလဟဿ ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။

အပိုင်း(၃၁) ပြီး၏။

အပိုင်း(၃၂) အရှေ့အရပ်မှလျှို့ဝှက်ဆန်းကြယ်သောစွမ်းအား

အမှတ် (၅၉) အထက်တန်းကျောင်း၏ အိပ်ဆောင်အသစ်ကို သင်ကြားရေး အဆောက်အအုံ၏ အနောက်ဘက်တွင် တည်ဆောက်ခဲ့သည်။

အိပ်ဆောင်မှာ လူလေးယောက် နေထိုင်နိုင်သော အခန်းငယ်လေးများဖြင့် ဖွဲ့စည်းထားသည့် လေးထပ် အဆောက်အအုံ ဖြစ်သည်။

အထပ်တိုင်းတွင် အများသုံးအိမ်သာနှင့် အိပ်ခန်း ဆယ်ခန်းပါရှိပြီး ကျောင်းသားဦးရေ ၁၆၀ခန့် အထိ ထားရှိနိုင်သည်။

ထျန်းကျင်းဇီက အမှတ်၆၀ အထက်တန်းကျောင်း အုပ်စုကို အရှေ့ကနေ ဦးဆောင်၍ ခေါ်လာသည်။

သင်ကြားရေး အဆောက်အအုံရှိ စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက် ပျက်စီးသွားလည်း ပြဿနာ မရှိပေ။

အိပ်ဆောင်တွင်လည်း စိတ်ဝိညာဉ်စုစည်းခြင်း ယန္တရားစက်ကို အသစ် တည်ဆောက်ထားသည်။

ထို့အပြင် ၎င်းသည် သင်ကြားရေး အဆောက်အအုံ၏ ယန္တရားစက် နှင့် တည်ဆောက်ပုံ တူညီမှု ရှိပြီး လေးထပ်လုံးကို စက်ဝိုင်း ပုံသဏ္ဌန် စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်ဖြင့် တည်ဆောက်ထားသည်။

အထပ် တစ်ထပ်ချင်း စီတွင် စိတ်ဝိညာဉ်စွမ်းအား မတူညီကြပေ။

အထပ်မြင့်လေ စိတ်ဝိညာဉ်စွမ်းအားက ပို၍ ပြင်းထန်လာလေ ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ အမှတ်၆၀ အထက်တန်းကျောင်းမှ တာဇံလေးများက စက်ဝိုင်းပုံသဏ္ဌန် လည်ပတ်သော စုပေါင်းစွမ်းအားကို မြင်တွေ့ရတော့မည် မဟုတ်ပါလား။

ထိုအကြောင်းကို စိတ်ထဲ တွေးနေရင်း ထျန်းကျင်းဇီက ကျောင်းအဆောက်အဦး၏ အလိုအလျောက် ဖွင့်ပိတ်သော တံခါးကို ဖြတ်ကျော်လာခဲ့သည်။

ယင်းနောက် သူက ဝိညာဉ်စွမ်းအားကို ချက်ချင်း စုဆောင်း ကြည့်လိုက်သည်။

အရှေ့တစ်ခေါက်ကလို အရှက်မကွဲရအောင် ကြိုတင် စမ်းသပ်လိုက်ခြင်းဖြစ်၏။

ထိုသို့ စမ်းသပ်ပြီးသည်နှင့် သူက သက်ပြင်းကို ရှည်လျားစွာ ချလိုက်သည်။

သူက ပတ်ဝန်းကျင်မှ အဆုံးအစမဲ့သော ချီစွမ်းအားကို ရှင်းလင်းစွာ ခံစားနိုင်ခဲ့သည်။

စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက်က ပုံမှန်အတိုင်း လုပ်ဆောင်နေပြီး ပြဿနာ မရှိဟု သူကောက်ချက်ချလိုက်သည်။

ထျန်းကျင်းဇီက ဝမ်းသာသွားပြီး ဟန်ပင် မဆောင်နိုင်တော့ဘဲ သူ့နောက်က လိုက်လာသည့် အမှတ်၆၀ အထက်တန်းကျောင်းမှ အုပ်စုကို ဝင့်ကြွားစွာ လက်ယပ်ခေါ်လိုက်သည်။

ထိုအခိုက်အတန့်တွင် အားလုံး၏ အနောက်ကနေ လိုက်လာသည့် ဝမ်လင်းက ဂိတ်တံခါးကို ဖြတ်ကျော်လာသည်။

တစ်ချိန်တည်းမှာပင် အဆောက်အအုံအတွင်းမှ ပေါက်ကွဲသံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။

ထို့နောက်

အမှတ်၅၉ အထက်တန်းကျောင်း၏ စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက်က ယခင် တစ်ခေါက် ကဲ့သို့ ပေါက်ကွဲသွားတော့သည်။

“……..…”

ထိုမြင်ကွင်းကို ကြည့်ရင်း ထျန်းကျင်းဇီက ထ‌ဆဲဲလိုသောစိတ်ကို ထိန်းမရနိုင်တော့ပေ။

…………..

ထျန်းကျင်းဇီက လျန့်ညီအစ်ကို တို့နှင့် အတူ ကျောင်းသား သမဂ္ဂရုံးသို့ ပြန်ရောက်လာခဲ့သည်။

“ဥက္ကဌ..”

ထျန်းကျင်းဇီ၏ အလွန်အမင်း စိတ်ပျက် အားလျော့နေသော အမူအရာကို သူ မမြင်တွေ့ဖူးပေ။

ယခုလို ထပ်တူညီသော ဖြစ်ရပ်မျိုးကို လွန်ခဲ့သော တစ်ပတ်ခန့်က အမှတ်၅၈ အထက်တန်းကျောင်း အုပ်စုလည်း ကြုံဖူးခဲ့သည်။

ပထမဆုံး စာရင်းပေးသည့် နေ့မှာတင် ထျန်းကျင်းဇီ၏ လှည့်ဖြားမှု အသေးအမွှားကို အမှတ်၅၈ အထက်တန်းကျောင်း အုပ်စု မရင်ဆိုင်နိုင်ခဲ့ကြပေ။

သို့သော် ယခုတော့ အခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့သည်။

ထျန်းကျင်းဇီက သူ့ဒေါသသူ မထိန်းချုပ်နိုင်၍ စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲခုံကို လက်သီးဖြင့် ထိုးလိုက်သည်။

“စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက်က အသစ်ပါ.. စီနီယာတွေ အပြောအရတော့ အနည်းဆုံး ၁၀နှစ်လောက် တာရှည်ခံမယ်လို့ ပြောတာပဲ.. အခုဆို တပ်ဆင်ထားတာ တစ်နှစ်တောင် မပြည့်သေးဘူးလေ.. ဘာကြောင့် ပေါက်ကွဲသွားရတာလဲ”

“………….”

ဖန်ဟွာချင်း၊ လျန့်ဝေ နှင့် တခြားသူ အားလုံးလည်း အခြေအနေက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေမျသည်။

“အမှတ်၆၀ အထက်တန်းကျောင်း အုပ်စုက တစ်ခုခု လွဲမှားနေသလိုပဲ.. ဥက္ကဌ.. ကျွန်တော်တို့တွေ သူတို့ကို မေ့ထားလိုက်ရအောင်လား”

လျန့်ဝေက တိုးညင်းသော လေသံဖြင့် အကြံပြုလိုက်သည်။

“မေ့ထားလိုက်ရမယ် ဟုတ်လား”

ထျန်းကျင်းဇီက ခနဲ့၍ ပြောလိုက်သည်။

ဤကိစ္စကို သူက အလွယ်တကူ မေ့ဖျောက်ပစ်စရာလော။

သူက သုံးကြိမ်တိုင်တိုင် အရှက်ကွဲခဲ့ခြင်း ဖြစ်၏။

ထျန်းကျင်းဇီက သူ့ဘဝတွင် ဤမျှလောက်အထိ ပြဿနာကြုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

မူလတန်းကျောင်း မှ အလယ်တန်းကျောင်း အထိ သူက အမြဲလိုလို အတန်းခေါင်းဆောင် ဖြစ်ခဲ့သလို အထက်တန်းသို့ရောက်လာသော အခါတွင်လည်း ကျောင်းသား သမဂ္ဂ ဥက္ကဌဖြစ်လာခဲ့ပြီး ကျောင်းတွင်း ကျောင်းပြင် ဩဇာညောင်းသူ ဖြစ်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ အမှတ်၆၀ အထက်ကျောင်းမှ တာဇံများကို သင်ခန်းစာ ပေးနိုင်မည့် နည်းလမ်းရှိမည်မှာ သေချာသည်။

ထိုအတွေးဖြင့် ထျန်းကျင်းဇီက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

………………

ကျောင်းအဆောက်အအုံက အသစ်တည်ဆောက်ထားသော်လည်း အမှတ်၅၉ အထက်တန်းကျောင်းက လာမည့်နှစ်မှ တရားဝင် ဖွင့်လှစ်ပေးမည် ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်း အပါအဝင် ခြောက်ယောက် အုပ်စုက လေးထပ် အဆောက်အအုံထဲတွင် တည်းခိုနေရ၏။

စွန်းရုံ နှင့် လင်းရှောင်ယုတို့က လူသွားစင်္ကြန်၏ အစွန်းဘက် အခန်းတွင် နေကြသည်။

ဝမ်လင်း၊ အခြားသူ သုံးယောက် နှင့် ကြက်တူရွေးလေးတို့ကမူ စွန်းရုံတို့ ဘေးခန်းတွင် နေလိုက်ကြသည်။

ဤသည်မှာ ဝမ်လင်း တစ်ယောက် တခြားသူများနှင့် တစ်မိုးအောက်တည်းတွင် ပထမဆုံးအကြိမ် အချိန်အတူတူ ကုန်ဆုံးဖူးခြင်း ဖြစ်ပြီး သုံးညလောက် အတူတူ နေရဦးမည် ဖြစ်၏။

ထိုအကြောင်းကို တွေးမိရုံဖြင့် ဝမ်လင်း တစ်ယောက် ခေါင်းကိုက်သွားခဲ့သည်။

ယခင်ကဆိုလျှင် မမျှော်လင့်သော ပြဿနာမျိုး မကြုံတွေ့အောင် အခုလို အခြေအနေမျိုးကို အတက်နိုင်ဆုံး ရှောင်တိမ်းရန် အစွမ်းကုန် လုပ်ဆောင်လိမ့်မိမည်သာ။

“ဒီကနေ့ အဖြစ်အပျက်တွေက အတော်လေး ထူးဆန်းတယ်.. တိုက်ဆိုင်တာရော ဟုတ်ရဲ့လား..”

အဆောင်တွင် အထပ်မြင့် ကုတင်များ ရှိပြီး ၎င်းတို့ အောက်တွင် စားပွဲများ ရှိသည်။

ချန်းချောင်က မေးခွန်းမေးရင်း ကုတင်ပေါ် ခုန်တက်ကာ သူ၏ ခြေထောက်ကို လွှဲယမ်းလိုက်သည်။

“ဆရာဝမ်ရော ဘယ်လိုထင်လဲ”

ကော်ဟောက်က သူ့ဘေးနားက ဝါရင့်ဆရာသမား ဝမ်ကို မေးမြန်းလိုက်သည်။

“အဲဒါက ရှင်းပြရ ခက်ခဲတယ်”

ဝါရင့်ဆရာသမား ဝမ်က ခေါင်းခါ၍ ပြောလိုက်သည်။

သိပ္ပံကျင့်ကြံခြင်းခေတ် ရောက်နေပြီ ဖြစ်သော်လည်း သိပ္ပံပညာဖြင့် မရှင်းပြနိုင်သော တချို့ကိစ္စများ ရှိနေဆဲ ဖြစ်သည်။

သာဓကအနေဖြင့် ပြရလျှင် ယနေ့ အဖြစ်အပျက်ကိုသာ ပြရလိမ့်မည်။

အမှတ်၅၉ အထက်တန်းကျောင်းရှိ အသစ် တည်ဆောက်ထားသော စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက်၏ သက်တမ်းက တစ်နှစ်ပင် မပြည့်သေးဘဲ ပေါက်ကွဲသွားလိမ့်မည်ဟု မည်သူက ကြိုတင် သိရှိနိုင်မည်နည်း။

အမှတ်၅၉ အထက်တန်းကျောင်းက စိတ်ဝိညာဥ် စုဆောင်းခြင်း ယန္တရားစက်ကို ဖြစ်ကတက်ဆန်း တည်ဆောက်ထားသည်ဟု သူ လုံးဝ မထင်ပေ။

အဘယ်ကြောင့်ဆိုသော် ဟွာရှို့နိုင်ငံသည် လွန်ခဲ့သည့် နှစ်ပိုင်းခန့်ကစပြီး အရည်အသွေး မကောင်းသည့် လက်ရာများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သောကြောင့် ဖြစ်၏။

သာဓကအနေဖြင့် ပြရလျှင် စုန့်ဟန်မြို့၊ ချောင်ယန်ခရိုင် အတွင်းရှိ Nike ကုမ္ပဏီက ဓားပျံတစ်စင်းကို အကန့်အသတ်ဖြင့် တီထွင် ထုတ်လုပ်ခဲ့သည်။

မကြာမီမှာပင် ကြော်ငြာစဥ်ကလို ဓား၏ထိပ်ဖျား၌ “ပတ်ဝန်းကျင်မှ လှိုင်းများကို ဖမ်းယူ၍ သတိပြုရန် အချက်ပေးသောစနစ်” မပါဝင်ကြောင်း ပြည်သူများက အစိုးရကို တိုင်ကြားခဲ့သည်။

ထို့ကြောင့် အစိုးရဌာနက တခြားသူများကိုပါ သတိပေးသည့် အနေဖြင့် Nike ကုမ္ပဏီအား ယွမ် တစ်သန်းတိတိ ဒဏ်ကြေးဆောင်စေခဲ့သည်။

စာသင်ကျောင်းများ အတွက် စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက် တပ်ဆင်ပေးသော ကုမ္ပဏီ အများအပြား ရှိသည်။

အကန့်အသတ်ထုတ် ဓားပျံနှင့် ယှဉ်လိုက်လျှင် စိတ်ဝိညာဉ်စုဆောင်းခြင်း ယန္တရားစက် တည်ဆောက်ရာမှ ရရှိသော ဝင်ငွေမှာ မပြောပလောက်အောင် နည်းပါးသည်။

ထို့ကြောင့် ပျက်စီးသွားသော ယန္တရားစက်များ အတွက် ဓားပျံထုတ်သည့် Nike ကုမ္ပဏီလိုသာ လျော်ကြေးပေးရမည်ဆိုလျှင် မည်သည့် ကုမ္ပဏီမှ ဤမျှ ကြီးလေးသော ဒဏ်ကြေးငွေကို ပေးဆောင်နိုင်မည် မဟုတ်ပေ။

“ကျောင်းသားဝမ်လင်း.. မင်းရော ဒီကိစ္စကို ဘယ်လိုထင်လဲ”

ဝါရင့်ဆရာသမား ဝမ်က ဝမ်လင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။

“…………”

ဆရာဝမ်က သူ့ကို မေးခွန်း ထုတ်လိမ့်မည်ဟု ဝမ်လင်း မမျှော်လင့်ခဲ့ပေ။

ဝမ်လင်းက အပြစ်ရှိသလို ခံစားနေရသည်။

သို့သော် ယခုလို အခြေအနေမျိုးတွင် သူ ဘာတစ်ခွန်းမှ ဝင်မပြောလျှင် သံသယ ဝင်သွားနိုင်သည် မဟုတ်လော။

ထို့ကြောင့် ဝမ်လင်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သူ့ဘဝတွင် ပြောခဲ့ဖူးသမျှ အရှည်ဆုံး စကားကို ခပ်တည်တည်ဖြင့် ပြောချလိုက်သည်။

“ကျနော့်စိတ်ထင် အရှေ့အရပ်က လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကြောင့်ပဲ”

ထို့နောက်တွင် လူတိုင်းက ပဟေဠိ ဆန်သည့် အတွေးထဲတွင် နစ်မြောသွားကြသည်။

“………..”

………………

ကျောင်းတက်ကာလ တတိယအပတ်၊ အင်္ဂါနေ့

စွန်းရုံက သူမ အခန်းဘေးရှိ ဝမ်လင်းတို့ အခန်းတံခါးကို ဖွဖွလေး ခေါက်လိုက်သည်။

သူမက နေ့လည် ၂နာရီတွင် ကျင်းပမည့် အစည်းအဝေး အကြောင်း သတင်းလာပေးခြင်း ဖြစ်၏။

ခေါင်းဆောင်ဆရာ ဖြစ်သည့် ဆရာ ဝမ်က တံခါးလာဖွင့်ပေးသည်။

ဤခရီးစဥ်တွင် ဝါရင့်ဆရာသမား ဝမ်က ကျောင်းသားများ၏ ဘေးကင်းလုံခြုံမှု နှင့် အရေးပါသော ဝိညာဉ်ဓားဖလှယ်ပွဲကို အဓိက တာဝန်ယူရသည်။

စွန်းရုံက အတန်းခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ရသည်။

စွန်းရုံက တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်၍ အမှားလုပ်မည်ကို စိုးရိမ်နေစရာ မလိုပေ။

“အားလုံး အနားယူနေတုန်းလား”

စွန်းရုံက ခပ်တိုးတိုး မေးမြန်းလိုက်သည်။

ဝါရင့်ဆရာသမား ဝမ်က အိပ်ပျော်နေသော လူငယ်သုံးဦးကို လက်ညိုးထိုးပြလိုက်သည်။

“ကျောင်းသူစွန်းရုံ.. ပြောစရာရှိတာ ပြောလေ”

“အခန်း ၂၀၀၂မှာ နေ့လည်၂နာရီ.. ကျောင်းသားတွေ့ဆုံပွဲ ရှိတယ်..”

စွန်းရုံက ချိုသာသော လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်ပြီ.. ကျောင်းသူစွန်းရုံ.. သူတို့ကို ခဏနေရင် ဆရာ နှိုးလိုက်မယ်”

ဝါရင့်ဆရာသမားဝမ်က ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဟုတ်”

စွန်းရုံက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြန်ဖြေရင်း ယောက်ျားလေး အိပ်ခန်းကို မျက်စိဝေ့ကြည့်ကာ စပ်စုလိုက်သည်။

အခန်းထဲ ဝင်ဝင်ချင်း နေရာတွင် ဝမ်လင်း၏ အိပ်ရာကို ပထမဆုံး မြင်တွေ့လိုက်ရသည်။

ထိုအခိုက်အတန့်တွင် ဝမ်လင်းက အိပ်ရာပေါ်မှာ အိပ်ပျော်နေပြီး လက်တစ်ဖက်က ခေါင်းအုံးကို ဖက်ကာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်မောကျနေသည်။

သူ၏ ရှည်လျားသော မျက်တောင်များ.. တည်ငြိမ်သော အသက်ရှုသံများ နှင့် နှုတ်ခမ်းထောင့်စွန်း အနည်းငယ် တွန့်ကွေးနေသည်ကို ကြည့်ရုံဖြင့် အိပ်မက်ကောင်း မက်နေမှန်း သိသာနေ၏။

ဝမ်လင်း အိပ်မောကျနေသော မြင်ကွင်းကို စွန်းရုံက ပထမဆုံး အကြိမ် ​မြင်တွေ့ဖူးခြင်း ဖြစ်သည်။

အတန်းထဲတွင် မြင်တွေ့နေကျ လေးနက်တည်ကြည်ပြီး မရယ်မပြုံးသော မျက်နှာနှင့် လုံးဝ ခြားနားသည်။

“အတန်းဖော် ဝမ်လင်းက အရမ်းချစ်စရာကောင်းတာပဲ”

စွန်းရုံက စိတ်ထဲကနေ ကျေနပ်စွာ ရေရွတ်လိုက်သည်။

အပိုင်း(၃၂) ပြီး၏။

အပိုင်း(၃၃) နေကြာပန်းလေးရဲ့ နယ်မြေ

စွန်းရုံ ထွက်သွားပြီး သိပ်မကြာခင် ဝမ်လင်းက အလောတကြီး အိပ်ရာထလာသည်။

ဝမ်လင်းက သူ့မျက်လုံးများကို အနားပေးချင်၍ မျက်လွှာချခဲ့မှန်း ကျိန်ဆို ပြောရဲသော်လည်း ယခုလိုမျိုး အိပ်ပျော်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဝမ်လင်းက အချိန်ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလည်း တွေးကြံမရပေ။

အကြမ်းဖျင်း တွက်ချက်ကြည့်ပြီးနောက် သူ့အသက် ၅နှစ်၊ ၆နှစ် အရွယ် ကတည်းက ကောင်းစွာ မအိပ်ခဲ့မှန်း သတိရသွားသည်။

ထို့အပြင် ဝမ်လင်း၏ လက်ရှိ ကျင့်ကြံခြင်း နယ်ပယ်ကြောင့် အိပ်စက် အနားယူရန်လည်း လုံးဝ မလိုအပ်ပေ။

ခဏတာ တရားထိုင်ခြင်းကပင် သူ့အတွက် ချက်ချင်း အားပြည့်ဖို့ လုံလောက်နေသည်။

ဝမ်လင်းက သူ အသက်၁၆နှစ် အထိ နေထိုင်ခဲ့ရသော ဝမ်အိမ်တော်မှာပင် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်ရဲပေ။

ဝမ်လင်းက သူ့ကိုယ်သူ အမှန်တကယ် သတိကြီးသူ တစ်ယောက်ဟု ထင်မိသည်။

သို့တိုင် သူ နှင့် မရင်းနှီးသော ပတ်ဝန်းကျင်တွင် အိပ်ပျော်သွားရသည့် အကြောင်းအရင်းကို သူနားမလည်နိုင်ပေ။

သူဖတ်ရှုထားသော သိပ္ပံစာတမ်းများ အရ မရင်းနှီးသော ပတ်ဝန်းကျင်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခြင်းမှာ အိပ်စက်မည့် ပတ်ဝန်းကျင်က နွေးထွေး လုံခြုံသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။

ဤစာတမ်းက အမှားအယွင်း ရှိလောက်သည်ဟု ဝမ်လင်း တွေးလိုက်မိသည်။

“ဒီစာတမ်းက ဟာသပဲ”

သူနှင့် တစ်ခန်းတည်း အတူနေသူ အားလုံးမှာ သူသတိထားရမည့် စာရင်းထဲမှ သူများချည်း ဖြစ်သည်။

ဝမ်လင်းက သူ့မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီးတိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

ကံကောင်းသည်မှာ သူ အကြာကြီး အိပ်မပျော်သွားခြင်း ဖြစ်၏။

မဟုတ်လျှင် အကျိုးဆက်က မတွေးဝံ့စရာပေ။

ဝမ်လင်းက ဟောက်တတ်သော အကျင့်ရှိပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသောအခါမျိုးတွင် ကျယ်လောင်စွာ ဟောက်တတ်သည်။

သူ့ဟောက်သံကြောင့် ဒုံးပျံ ဖြတ်သွားသည်ဟုပင် ခံစားရနိုင်သည်။

ထို့ကြောင့်လည်း သူ ငယ်ငယ်က နားထောင်ဖူးသော ကလေး ကဗျာကို ရုတ်တရက် သတိရမိသွားသည်။

ကောင်းကင်မှာ နေရောင်ခြည် တောက်ပနေတယ်🎵 ပန်းတွေက ငါ့ကို ပြုံးပြနေတယ် ~🎵🎶 ငှက်ကလေးတွေက ကောင်းသော နံနက်ခင်းပါ ကောင်းသော နံနက်ခင်းပါလို့ တေးဆိုနေတယ်~🎵 ပေါက်ကွဲစေတတ်တဲ့ အိတ်ကို မင်းရဲ့ နောက်ကျောမှာ ဘာကြောင့် သယ်ထားတာလဲ

ငါကျောင်းသွားတော့မယ် 🎵🎶 ဆရာမတွေ မသိလိုက်ဘူး ~ ကြိုးဆွဲပြီးတာနဲ့ ငါပြေးမယ်🎵 ဝုန်း.. ကျောင်းက အသံဗလံနဲ့အတူ ပျောက်ကွယ်သွားမယ်

ဤကဗျာ၏ အဓိက အချက်မှာ နောက်ဆုံး စာသားဖြစ်သည့် “ဝုန်း.. ကျောင်းက အသံဗလံနဲ့ အတူ ပျောက်ကွယ်သွားမယ်” ဖြစ်၏။

တခြားသူ အားလုံး အတွက် ဤကလေးသီချင်းက ဟာသ သက်သက် ဖြစ်နေသည်။

ဝမ်လင်းအတွက်မူ ဤသီချင်းက ဟာသ မဟုတ်ခဲ့ပေ။

သူ၏ ဟောက်သံကပင် ပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်သည် မဟုတ်ပါလား။

……….

ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲ ကျင်းပမည့် နေ့လည်ခင်း အချိန်…

ဝါရင့်ဆရာသမား ဝမ်က ဝမ်လင်းနှင့် တခြားကောင်လေး နှစ်ယောက်ကို သင်ကြားရေး အဆောက်အအုံထဲ ပို့ဆောင်ပေးပြီး ထွက်သွားသည်။

သို့သော်လည်း သူက ကျောင်သားများ၏ ဘေးကင်းလုံခြုံမှုကို တာဝန်ယူထားသောကြောင့် ခပ်လှမ်းလှမ်းသို့ မသွားခဲ့ပေ။

ကျောင်း အချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲသည် ပေးထားသော နာမည်အတိုင်းပင် ကျောင်းသားများ၏ လှုပ်ရှားမှုကို အဓိကထားသည်။

ဝါရင့်ဆရာသမား ဝမ် အပါအဝင် တခြားသော ဆရာများမှာ ညှိနှိုင်း ဆွေးနွေးမှုများတွင် ပါဝင်ခြင်း မရှိဘဲ ကျောင်းသားများကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးထားသည်။

ရည်ရွယ်ချက်မှာ ကျောင်းသား အချင်းချင်း အပြန်အလှန် ညှိနှိုင်း ဆွေးနွေးကြခြင်းဖြင့် ဉာဏ်အလင်းများ ရရှိစေရန် ဖြစ်၏။

စွန်းရုံ နှင့် လင်းရှောင်ယုတို့က ဝမ်လင်းတို့ သုံးယောက်ထက် အရင်ဆုံး အခန်းထဲ ရောက်နှင့်နေသည်။

သူတို့သုံးယောက် အခန်းထဲ ဝင်ဝင်ချင်း ရင်းနှီးနေသော မျက်နှာများကို မြင်တွေ့ရသည်။

ထိုသူများမှာ ထျန်းကျင်းဇီ၊ ဖန်ဟွာချင်း၊ လျန့်ဝေ ၊ လျန့်ကျန်း နှင့် လျန့်ဖေးတို့ ဖြစ်၏။

သူတို့အားလုံး၏ မျက်နှာအမူအရာက သုန်မှုန်နေသည်။

……………….

နေ့တစ်ဝက်ပင် မကျိုးသေးဘဲ စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရား အဆောက်အဦး ၂ခု ပေါက်ကွဲသွား၍ သူတို့မျက်နှာက မရွှင်မပြ ဖြစ်နေသည်မှာ အဆန်းတော့ မဟုတ်ပေ။

တကယ်တမ်းတွင်လည်း ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲ အစည်အဝေး မစတင်ခင် ထျန်းကျင်းဇီကို ဒါရိုက်တာရှဲ့က သူမ၏ ရုံးခန်းထဲ ခေါ်ကာ တစ်နာရီတိတိ ဆူပူခဲ့သည်။

ထျန်းကျင်းဇီက ရုံးခန်းမှ အဆူခံရပြီးသည်နှင့် သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ရသည်။

ယင်းက ထျန်းကျင်းဇီ အတွက် တကယ် ခက်ခဲနိုင်ကြောင်း ဝမ်လင်း ခံစားမိသည်။

ခုံ၂၀၀ ဝင်ဆံ့သော သင်ကြားရေး အခန်းထဲတွင် ထျန်းကျင်းဇီက စင်ပေါ်မှာ ထိုင်နေသည်။

သူ့ဘေးနားတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သည့် ဖန်ဟွာချင်း၏ ထိုင်ခုံ ရှိသည်။

အခန်း၏ ပထမဆုံး ခုံတန်းမှ ဗီအိုင်ပီ ထိုင်ခုံများသည် အမှတ်၆၀ အထက်တန်းကျောင်း အတွက် အထူးတလည် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။

ဒုတိယ ခုံတန်းမှာမူ အမှတ်၅၉ အထက်တန်းကျောင်းမှ ပွဲတက်ရောက်သူများ အတွက် စီစဉ်ပေးထားခြင်း ဖြစ်၏။

အစည်းအဝေးကို တရားဝင် မစတင်ရသေး၍ အမှတ်၆၀ အထက်တန်းကျောင်း အုပ်စုက ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။

သိပ်မကြာခင် အခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် ဝင်ရောက်လာပြီး လူ၂၀၀ဆန့်သည့် အခန်းတစ်ခုလုံး ချက်ချင်း ပြည့်ကျပ်သွားသည်။

ထူးဆန်းသည်မှာ လူသွားလမ်းများတွင် နေရာယူထားသူများ နှင့် မှော်ကောဇောပျံ အကူအညီဖြင့် လေထဲတွင် နေရာယူထားသူ များပါ ရှိနေခြင်းပင်။

ပြည့်ကျပ်နေသော လူအုပ်စုကို ကြည့်ပြီး ထျန်းကျင်းဇီက သုန်မှုန်နေသော အမူအရာဖြင့် သူ့ဘေးနားက ဖန်ဟွားချင်းကို ပြောလိုက်သည်။

“ငါမင်းကို ဟောပြောပွဲသရုပ် ပီပြင်အောင် လူနည်းနည်းပဲ ရှာခိုင်းထားတာလေ.. ဒီလောက် အများကြီး ဘာလို့ ရှာလာတာလဲ.. အခုက အစည်းအဝေးပွဲ လုပ်နေတာနော်.. ရှိုးပွဲ လုပ်နေတာ မဟုတ်ဘူး”

“သူတို့က ကျနော် ခေါ်ထားတဲ့သူတွေ မဟုတ်ပါဘူး ဥက္ကဌ.. သူတို့ဆန္ဒအလျောက် သူတို့ဘာသာ ရောက်လာကြတာပါ”

ဖန်ဟွာချင်းက တိုးညင်းသော လေသံဖြင့် ပြောဆိုလိုက်သည်။

“သူတို့ဆန္ဒအလျောက် လာကြတာ ဟုတ်လား”

ထျန်းကျင်းဇီက မယုံကြည်နိုင်စွာ ပြန်မေးလိုက်၏။

အမှတ်၅၈ အထက်တန်းကျောင်းမှ လူတွေ လာသည့် အရင်တစ်ပတ်ကဆို အခန်းထဲတွင် ပွဲကြည့်ပရိသတ် အဖြစ် လူမပြောနှင့် ငှက်မွေးတစ်မွေးပင် မမြင်ခဲ့ရပေ။

အခန်းတစ်ခုလုံး လူသူကင်းမဲ့နေ၍ ဒါရိုက်တာရှဲ့ကိုယ်တိုင် ဒေါကန်သွားသည် အထိပင်။

ထို့ကြောင့် ဤတစ်ခေါက်တွင် အတန်းများစွာမှ ကျောင်းသားများကို ပရိသတ်အဖြစ် သရုပ်ဆောင်စေရန် ထျန်းကျင်းဇီကို ညွှန်ကြားခဲ့၏။

ဖန်ဟွာချင်းက သက်ပြင်းကို လေးလံစွာ ချလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပထမဆုံး ခုံတန်းတွင် ထိုင်နေသော စွန်းရုံကို လက်ညိုး ထိုးပြလိုက်၏။

ဟွာကောအုပ်စု၏ ဆက်ခံသူ သခင်မလေး..

အမှတ်၆၀ အထက်တန်းကျောင်း၏ ကိုယ်စားပြု အလှဘုရင်မ..

စွန်းရုံ ရောက်ရှိလာသည့် သတင်းက အမှတ်၅၉ အထက်တန်းကျောင်းတွင် တောမီးသဖွယ် ပြန့်နှံ့သွားသောကြောင့် ပွဲလာသူများဖြင့် စည်ကားနေခြင်း ဖြစ်၏။

……………..

အမှတ်၅၉ အထက်တန်းကျောင်းကသာ အမှတ် ၆၀ အထက်တန်း ကျောင်းသားများ ရောက်ရှိလာမည့် အချိန်ကိုအတိအကျ ထုတ်ပြန်ခဲ့လျှင် ထျန်းကျင်းဇီက လက်ဖက်ရည်တိုက်ဖို့ အခွင့်အရေးပင် ရရှိလိမ့်မည် မဟုတ်ပေ။

အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသား ကိုယ်စားလှယ်များ ရောက်ရှိလာသည့် သတင်းကို တစ်စုံတစ်ယောက်က သိသွားပြီးနောက် အမှတ်၅၉ အထက်တန်းကျောင်း၏ Grade(1)ကနေ Grade(3)မှ ယောက်ျားလေး အားလုံးနီးပါး ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။

ယခုမြင်ကွင်းမှာ အကောင်းဆုံး သက်သေ ဖြစ်၏။

“အတန်းဖော်စွန်းရုံ.. ကိုယ် မင်းကို ကလေးရအောင် ကူညီပေးချင်တယ်”

“အတန်းဖော်စွန်းရုံ.. ကိုယ် မင်းကို သီချင်းဆိုပြချင်တယ်”

“ကိုယ့်မျက်ဝန်းတွေက မင်းဆီမှာ ကပ်ငြိနေပုံပဲ.. စွန်းရုံ.. ကိုယ် တစ်သက်လုံး မင်းနဲ့ အတူတူ နေချင်တယ်”

စွန်းရုံ”………..”

ထျန်းကျင်းဇီက အံကြိတ်ပြီး အော်ငေါက်လိုက်သည်။

“ဒီကောင်တွေကို ဒီနေရာက ချက်ချင်း ခေါ်ထုတ်သွားစမ်း”

ဖန်ဟွာချင်း”…………”

ဝမ်လင်း”………….”

ဝမ်လင်း၊ ချန်းချောင် နှင့် တခြားသူများက စွန်းရုံကို အပြင်လောကတွင် ထိုမျှအထိ ကျော်ကြားနေလိမ့်မည်ဟု မထင်ခဲ့ကြပေ။

အမှတ်၆၀ အထက်‌တန်း ကျောင်းတွင်လည်း စွန်းရုံက နာမည်ကျော် အလှဘုရင်မ ဖြစ်ပြီး စွန်းရုံ ဖြတ်သွားသည့် နေရာတိုင်းတွင် စွန်းရုံ၏ လွှမ်းမိုးမှုကြောင့် ဝရုန်းသုန်းကား ဖြစ်သွားတတ်သည်။

ကော်ဟောက်က ဤသို့ ဝရုန်းသုန်းကား ဖြစ်သွားတတ်သည့် ဖြစ်စဥ်ကို

“နေကြာပန်းလေး၏ နယ်မြေ”

ဟု နာမည် ပေးထားသည်။

နေကြာပန်းလေး(ဝါ)ကြာပန်းဖြူလေးမှာ စွန်းရုံ၏ နာမည်ဖြစ်၏။

သူမ၏ လွှမ်းမိုးမှုနယ်ပယ်က ဝမ်လင်း အပေါ် အကျိုးသက်ရောက်မှု မရှိသော်လည်း သာမန် ဖြတ်သွားဖြတ်လာများ အပေါ်တွင်မူ အကျိုးသက်ရောက်မှု များစွာ ရှိနေခဲ့ပုံ ရသည်။

“အခန်းထဲမှာ လူတွေ ပြည့်ကျပ်နေတာ စွန်းရုံကြောင့် ထင်တယ်.. နေကြာပန်းလေးရဲ့ နယ်မြေက ငါတို့ကို တကယ်ပဲ ဂုဏ်တက်စေတယ်”

စွန်းရုံ၏ အတန်းဖော်များ ဖြစ်သည့် ချန်းချောင်၊ လင်းရှောင်ယု နှင့် ကော်ဟောက်တို့က စိတ်ရင်းမှန်ဖြင့် ဂုဏ်ယူနေကြသည်။

“အားလုံးပဲ ကျေးဇူးပြုပြီး တိတ်တိတ်ဆိတ်ဆိတ် နေပေးကြပါ”

အခန်းတစ်ခုလုံး ဆူညံနေသဖြင့် ထျန်းကျင်းဇီက သည်းမခံနိုင်သည့် အဆုံး မိုက်ခရိုဖုန်းဖြင့် အော်ပြောလိုက်သည်။

ကျယ်လောင်သော သူ့အသံ နှင့် ထိပ်တန်းအဆင့် မိုက်ခရိုဖုန်းကြောင့် လူ၂၀၀ ဆံ့သော အခန်းတစ်ခုလုံးက သူ့ အသံကိုကြားလိုက်ရသည်။

သို့ရာတွင် အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေဆဲပင်။

အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများက စွန်းရုံအကြောင်းကို အားကြိုးမာန်တက် ဆွေးနွေးနေကြဆဲ ဖြစ်ပြီး ရပ်တန့်မည့် အရိပ်အယောင်ကို မတွေ့ရချေ။

“အားလုံး တိတ်တိတ်လေး နေပေးကြပါ”

ထျန်းကျင်းဇီက စကားလုံး တစ်လုံးချင်းကို ပီပီသသ ရေရွတ်၍ အော်ဟစ်လိုက်သည်။

သူ့မျက်နှာက မည်းမှောင်နေသည်။

သူ့ကြိုးစားမှုက အချည်းနှီး ဖြစ်သွားပုံရသည်။

ထျန်းကျင်းဇီ”……..”

“တိတ်တိတ်မနေနိုင်ဘူးလား”

ထျန်းကျင်းဇီက တတိယအကြိမ် ပြောဆိုလိုက်သည်။

သူ့အသံတွင် သတိပေးသော အရိပ်အမြွက်များ ပါဝင်နေ၏။

ဤတစ်ကြိမ်တွင် သူ၏ ကျောင်းသားသမဂ္ဂ ဥက္ကဌ အရှိန်အဝါကြောင့် အနည်းငယ် အသံတိုးသွားသည်။

သို့သော် တစ်စက္ကန့် အကြာမှာပင် ထပ်မံ ဆူညံလာပြန်သည်။

ဤတစ်ခါတွင်မူ ဆူညံသံများက အကန့်အသတ်ကိုပင် ကျော်ထွက်သွားခဲ့သည်။

ထျန်းကျင်းဇီ”…………”

“အားလုံး ငြိမ်ငြိမ်သက်သက်လေး နေပေးဖို့ မေတ္တာရပ်ခံပါတယ်”

ဤတစ်ကြိမ်က လေးကြိမ်မြောက် သတိပေးခြင်း ဖြစ်၏။

ဝမ်လင်းက ထျန်းကျင်းဇီ၏ စိတ်ပျက် ကြေကွဲနေသော အသံကို အတိုင်းသား ကြားနေရသည်။

သူ့နံဘေးမှ ချန်းချောင်က ခေါင်းခါလိုက်သည်။

“စိတ်မကောင်းစရာ ကောင်းလိုက်တာ.. ဒီကောင်က သနားစရာပဲ”

ကော်ဟောက်ကလည်း သက်​ပြင်းချ၍ ပြောလိုက်သည်။

“ထျန်းကျင်းဇီက သူ့လူတွေတောင် သူမပိုင်တော့ဘူး.. ကျောင်းသားသမဂ္ဂ ဥက္ကဌ ဆိုတာက တကယ်တမ်း ဘာမှလည်း မဟုတ်ပါဘူး.. သူ့အတွက်တော့ ဝမ်းနည်းစရာပဲ”

လင်းရှောင်ယုက ခေါင်းကို ဖြည်းညင်းစွာ ညိတ်၍ ပြောလိုက်သည်။

“စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတာ ဘာလဲသိလား.. အခုလို ပုံစံမျိုးပေါ့”

အပိုင်း(၃၃) ပြီး၏။

အပိုင်း(၃၄) နေကြာပန်းနယ်​မြေ၏ ဆက်တိုက်အကျိုးသက်ရောက်မှုစွမ်းအား

အမှတ်၅၉ အထက်တန်းကျောင်း၏ အတွေ့အကြုံ ဖလှယ်ပွဲ ထုံးစံအရ ဆိုလျှင် ထျန်းကျင်းဇီ၏ မိန့်ခွန်းအပြီးတွင် တခြားကျောင်းမှ ကိုယ်စားလှယ် တစ်ဦးက အစည်းအဝေး နောက်ဆုံးအပိုင်းကို အဆုံးသတ်ပေးရမည် ဖြစ်သည်။

သို့သော် တကယ်တမ်း မည်သူကမှ ထျန်းကျင်းဇီ ပြောသောအသံကို ရှင်းရှင်းလင်းလင်း မကြားနိုင်ကြပေ။

ထျန်းကျင်းဇီက မိနစ် ၅၀ ဟောပြောရမည့် အစည်းအဝေးပွဲကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ခဲ့ချေ။

သူ မိန့်ခွန်းပြောရန် ၅မိနစ်သာ ကျန်ရှိတော့သည်။

ထို၅မိနစ်တွင်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်မနေဘဲ ခြင်နှင့် ယင်ကောင် ညီးသံများ ကဲ့သို့ ထျန်းကျင်းဇီ၏ နားကို အနှောင့်အယှက် ဖြစ်စေသည်။

ပုံမှန် အစည်းအဝေးသာ ဆိုလျှင် ထျန်းကျင်းဇီက ဒေါသကို ဖောက်ခွဲထုတ်လိုက်ပြီ ဖြစ်၏။

ယခုမှာမူ တခြားကျောင်းမှ လူများရှေ့တွင် ကျောင်းသားသမဂ္ဂဥက္ကဌ ဖြစ်သည့် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အရှက်တရားနှင့် အမျက်ဒေါသများကို မျိုသိပ်နေရသည်။

အစည်းအဝေး အဆုံးသတ်ရန် ငါးမိနစ်မျှသာ ကျန်တော့သည်။

ထျန်းကျင်းဇီက နာရီကို ကြည့်လိုက်သည်။

သူ မိန့်ခွန်းပြောရန် စေ့စေ့စပ်စပ် ပြင်ဆင်ထားသော စကားလုံးများ၏ သုံးပုံတစ်ပုံစာ အချိန်ကိုပင် ပြောခွင့် မရခဲ့ပေ။

သူက သွားများကို အံကြိတ်လိုက်ပြီး စွန်းရုံကို ကြည့်လိုက်သည်။

“ကဲ.. အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကိုယ်စားလှယ် စွန်းရုံကို နိဂုံးချုပ် မိန့်ခွန်း ပြောပေးဖို့ စင်မြင့်ပေါ် ဖိတ်ခေါ်လိုက်ရအောင်လား”

“ဖျောင်း.. ဖျောင်း.. ဖျောင်း..”

မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သော လက်ခုပ်တီးသံများက အခန်းတစ်ခန်းလုံး လွှမ်းခြုံသွားသည်။

စွန်းရုံ စကားပြောမည့် အချိန် ရောက်လာသောကြောင့် အမှတ်၅၉ အထက်တန်းကျောင်းမှ ကောင်ဆိုးလေးများမှာ လက်ခုပ်တီးပြီးသည်နှင့် တစ်ခါတည်း အသံတိတ်သွားသည်။

အရမ်းကို တိတ်ဆိတ်လွန်း၍ အပ်ကျသံကိုပင် ကြားရလောက်၏။

ထျန်းကျင်းဇီက ဒေါသထွက်ကာ သွေးအန်လုနီးပါး ဖြစ်နေသည်။

သူက အခန်း အခြေအနေကို ထိန်းချုပ်ရန် မိနစ်၅၀လောက် ရုန်းကန်ခဲ့ရသော်လည်း စွန်းရုံ၏ နာမည်ကို ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။

“ချီးပဲ..”

ထျန်းကျင်းဇီက မတ်တပ် ထရပ်လိုက်ပြီး ဘေးဘက်သို့ ခြေလှမ်း အနည်းငယ် ရွှေ့ကာ အသံလွှင့်ခလုတ်ကို လျင်မြန်စွာ နှိပ်လိုက်သည်။

ထိုသို့ လုပ်လိုက်သဖြင့် စွန်းရုံ၏ အသံကို ကျောင်းပုရဝုဏ် တစ်ခုလုံးက ကြားနိုင်တော့မည် ဖြစ်သည်။

အကယ်၍ စွန်းရုံသာ မိန့်ခွန်းပြောရင်း အယောင်ယောင် အမှားမှား ဖြစ်သွားခဲ့လျှင် တစ်စုံတစ်ယောက်က အသံသွင်းထားပြီး သတင်း ဖန်တီးလိမ့်မည် ဖြစ်၏။

“ဟမ့်.. မင်းမှာ ငါးမိနစ်ပဲ အချိန်ရှိတယ်.. မင်းဘယ်လို ကျော်ဖြတ်မလည်း ကြည့်ရသေးတာပေါ့”

စွန်းရုံက စင်မြင့် ဆီသို့ တည်ငြိမ်စွာ လမ်းလျှောက်သွားကာ သူမ၏ ဆံပင်ရှည်ကို နောက်ဘက်သို့ အသာအယာ သပ်လိုက်သည်။

ခပ်လှမ်းလှမ်း အကွားအဝေးမှာတင် ဝမ်လင်းက စွန်းရုံ၏ ချိုအီသော ကိုယ်သင်းရနံ့ကို ခံစားနိုင်ခဲ့သည်။

သူမက ယုံကြည်မှုအပြည့်ဖြင့် ပရိသတ်ကို ဦးညွှတ်လိုက်သည်။

ထို့နောက် ထျန်းကျင်းဇီ ထိုင်ခဲ့သော ထိုင်ခုံတွင် ကြော့ကြော့လေး ဝင်ထိုင်လိုက်၏။

“အားလုံးပဲ မင်္ဂလာပါရှင့်.. ကျွန်မက အမှတ်၆၀‌ အထက်တန်းကျောင်းရဲ့ ကျောင်းသား သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ လည်း ဖြစ်သလို(Grade 1)အတန်းရဲ့ အတန်းခေါင်းဆောင် စွန်းရုံပါ”

အသံနေအသံထားက စွန်းရုံ၏ ပုံမှန်အသံနှင့် လုံးဝ ခြားနားနေခဲ့သည်။

သူမ ကြိုတင် လေ့ကျင့်ထားမှန်း ထင်ရှားနေ၏။

သူမ၏ နူးညံ့ ချိုသာသော အသံလွှင့်ဟန်.. နှုတ်ခမ်းပါးနှင့် ဖြူဖွေးသော သွားများ၏ စည်းချက်ကျနစွာ လှုပ်ရှားမှုကလည်း ပရိသတ်၏ အမြင်အာရုံကို ရိုးမသွားစေခဲ့ပေ။

ယခုမှ မိတ်ဆက်သော အပိုင်း ဖြစ်သော်လည်း ပရိသတ်များကို သူမ၏ အသံက တိတ်တဆိတ် လွှမ်းမိုးထားပြီ ဖြစ်သည်။

အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများ မဆိုထားနှင့် ဝမ်လင်းတို့ အဖွဲ့ပင် ထိတ်လန့် အံ့ဩသော ခံစားချက် များ ဖြစ်ပေါ်လာသည်။

“အတန်းဖော်စွန်းရုံရဲ့ အလေးအနက် ပြောဆိုတဲ့ စကားသံကအရမ်း နားထောင် ကောင်းမယ်လို့ တကယ် မထင်ထားမိဘူး”

“ငါတို့ရဲ့ အလှဘုရင်မက အသံ သရုပ်ဆောင်တွေလို ချိုသာတဲ့ အသံကို ပိုင်ဆိုင်ထားတာပဲ”

စင်အောက်မှာ ရှိသည့် အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများက အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။

စွန်းရုံက ခပ်ယဲ့ယဲ့လေး ပြုံး၍ ဆက်ပြောလိုက်၏။

“အမှတ်၅၉ အထက်တန်းကျောင်းက ကျွန်မတို့ကျောင်းကို ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲ ဖိတ်ကြားပေးလို့ ဂုဏ်ယူမိပါတယ်.. နောက်ဆုံး မိနစ်၅၀ အတွင်း ခေါင်းဆောင် ထျန်းကျင်းဇီက ကျမတို့ ကိုယ်စားလှယ် အဖွဲ့ကို စံနမူနာကောင်း ပြသခဲ့တယ်.. ကျောင်းသားသမဂ္ဂ ဥက္ကဌ အဖြစ် ကျောင်းသားတွေကို ဘယ်လို နိုင်နင်းလည်း ဆိုတာကိုပေါ့”

ထိုစကားကြောင့် ထျန်းကျင်းဇီ နှင့် ဖန်ဟွာချင်းတို့၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးကာ ရွဲ့စောင်းသွားသည်။

ချန်းချောင်၊ ကော်ဟောက် နှင့် လင်းရှောင်ယုတို့ကမူ ပါးစပ်ကို လက်ဖြင့် အုပ်ကာ ကျိတ်ရယ်လိုက်ကြသည်။

ဝမ်လင်းက သူ၏ တည်ငြိမ်သော မျက်နှာအမူအရာကို ထိန်းသိမ်းရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။

သို့တိုင် စွန်းရုံ၏ လေးလေးနက်နက် မိန့်ဆိုနေသော အသံက သာယာကြည်နူးဖွယ် ကောင်းကြောင်းကို သူ ဝန်ခံရပေမည်။

စွန်းရုံက စွဲမက်စရာ ကောင်းသည့် ပုံစံဖြင့် မိန့်ခွန်း ဆက်ခြွေနေသည်။

“နှစ်ဖက် ကိုယ်စားလှယ်တွေက ညှိနှိုင်းပြောဆိုတဲ့ အခါ ရင်းနှီး ဖော်ရွေရမယ်.. အပြန်အလှန် အမြင်ချင်း ဖလှယ်ပြီး တစ်ဖက်နဲ့ တစ်ဖက် ပိုပြီး နားလည်မှုရှိအောင် ကြိုးစားရမယ်.. အမှတ် ၆၀ အထက်တန်းကျောင်းက အမှတ်၅၉ အထက်တန်း ကျောင်းရဲ့ အမြင် နဲ့ ခံယူချက်တွေကို လေးစားပေးသလို အမှတ် ၅၉ အထက်တန်းကျောင်းကလည်း အပြန်အလှန် လေးစားမှု ရှိဖို့ လိုအပ်ပါတယ်.. အထူးသဖြင့် ကျမ မိန့်ခွန်းပြောနေတဲ့ အချိန်မှာ ကျောင်းသားတွေကို ငြိမ်သက်နေအောင် ထိန်းကျောင်းပေးတဲ့ အတွက် ကျောင်းသား သမဂ္ဂ ဥက္ကဌ ဖြစ်တဲ့ အတန်းဖော် ထျန်းကျင်းဇီရဲ့ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ပါတယ်”

စာသင်ဆောင် အပြင်ဘက်ရှိ ဆရာဝမ်မှာ စွန်းရုံ၏ မိန့်ခွန်းပြောဆိုသံကို ကြားလျှင် မျက်ဝန်းများ ပိတ်လုမတတ် အားပါးတရ ရယ်မောလိုက်သည်။

စွန်းရုံက ဟွာကောအုပ်စု၏ ဆက်ခံသူ ပီသစွာပင် တည်တံ့သော မျက်နှာထားဖြင့် သံမဏိကဲ့သို့ စကားလုံးများကို ရွေးချယ် သုံးနှုန်းကာ အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းသားသမဂ္ဂ ဥက္ကဌကို ပြစ်တင် ရှုတ်ချခဲ့သည်။

အသံလွှင့် တင်ဆက်ခြင်း အတတ်ပညာကို စွန်းရုံ အမှန်တကယ် လေ့ကျင့်ခဲ့သည်။ ‌

ယင်းမှာ ဟွာကောအုပ်စု၏ မိသားစုဝင်များ မဖြစ်မနေ သင်ကြားရသော သင်ခန်းစာလည်း ဖြစ်၏။

ငယ်စဥ်ကပင် စွန်းရုံက စီးပွားရေး စီမံခန့်ခွဲမှု အတတ်ပညာကို သင်ကြားခဲ့ရသည်။

ထို့အပြင် စွန်းရုံက ဟွားရှို့နိုင်ငံ၏ နိုင်ငံအဆင့် ဘာသာစကားကျွမ်းကျင်မှု အောင်လက်မှတ်လည်း ရထားသည်။

သူမက ချိုသာသောအသံကို ပိုင်ဆိုင်ထားပြီး မည်သည့် အခြေအနေတွင် မဆို လိုက်လျောညီထွေစွာ ပြောဆိုနိုင်၏။

ကျွမ်းကျင်သော အသံလွှင့်သူများသည် သူတို့၏ မိန့်ခွန်းများကို အချိန်နှင့် အံကိုက်၍ ​ပြောတတ်ကြသည်။

အချိန်ကို စိတ်မှတ်ဖြင့် အတိအကျ တွက်ချက်နိုင်၍ မိန့်ခွန်းကို အတိုးအလျော့ ပြုလုပ်နိုင်သည်။

စွန်းရုံမှာလည်း ထိုကဲ့သို့ အရည်အချင်းကောင်းများ ရှိ၏။

သူမက ဟောပြောပွဲ အဆုံးသတ်ရန် စက္ကန့်၃၀ပင် မကျန်တော့မှန်း တွက်ဆမိလိုက်သည်။

“အမှတ်၅၉ အထက်တန်းကျောင်းရဲ့ စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက်တွေ တစ်နေ့တည်းနဲ့ ပျက်စီးခဲ့ရလို့ များစွာ စိတ်မကောင်း ဖြစ်ရပါတယ်”

“အနာဂတ်မှာ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကို မြှင့်တင်ဖို့နဲ့ ကျောင်းသားတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမားတဲ့ပံ့ပိုးကူညီမှုတွေ ရဖို့ ငါတို့ ကျောင်းနှစ်ကျောင်း ကြားမှာ ဒီထက်မက ပူးပေါင်း လုပ်ဆောင်ခွင့်ရဖို့ မျှော်လင့်ပါတယ်”

“ဒေါင် ဒေါင်..”

နေ့လည်ခင်း တတိယအချိန် ပြီးဆုံးကြောင်းအချက်ပြသည့်ခေါင်းလောင်းသံက မြည်လာသည်။

စွန်းရုံက ငါးမိနစ် တိတိ စကားပြောခဲ့ရာတွင် အချိန် အပိုအလို လုံးဝ မရှိခဲ့ပေ။

“အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်”

စွန်းရုံက သက်ပြင်းတစ်ချက် ချလိုက်ပြီး မတ်တပ်ထား၍ ကိုယ်ကို ရှေ့သို့ ကိုင်းညွှတ်ကာ ဂါရဝပြုလိုက်သည်။

သူမ၏ လှုပ်ရှားမှုတိုင်းတွင် အပြစ်ပြောစရာ ချို့ယွင်းချက် မရှိပေ။

ထို့နောက် ထျန်းကျင်းဇီက စာသင်ခန်း တစ်ခုလုံး ကွဲထွက်မတတ် ကျယ်လောင်သော လက်ခုပ်တီးသံကို ကြားလိုက်ရသည်။

အသံလွှင့်နေသည်ကို နားစွင့်နေသည့် ရုံးခန်းထဲမှ ဆရာ၊ဆရာမများပင် လက်ခုပ်မတီးဘဲ မနေနိုင်တော့ပေ။

ဟောခန်းမထဲရှိ အခြေအနေကို သူတို့အနေဖြင့် အတိအကျ မသိသော်လည်း စွန်းရုံ၏ မိန့်ခွန်းကို ကြားမိသည်နှင့် ဤအစည်းအဝေးက အောင်မြင်မှု ရခဲ့ကြောင်း သိလိုက်ကြ၏။

အခန်းထဲရှိ ယောက်ျားလေး အားလုံးနီးပါးက မတ်တတ်ထရပ်လိုက်ကြပြီး စွန်းရုံကို ချီးမွမ်းလိုက်ကြသည်။

“အတန်းဖော် စွန်းရုံ ပြောတာကို သေချာ နားမလည်ရင်တောင် သူမ မိန့်ခွန်းခြွေတဲ့ ပုံစံလေးက တကယ် မိုက်တယ်လို့ ခံစားရတယ့”

“ချီးပဲ.. သူမနဲ့ ယှဥ်လိုက်ရင် ငါတို့ရဲ့ ပေါကြောင်ကြောင် ခေါင်းဆောင်ကောင်က ဘာအဆင့်မှ မဟုတ်ဘူး”

“နတ်ဘုရားမ စွန်းရုံရဲ့ အသံက နားဝင်ချိုလိုက်တာနော်.. ထျန်းကျင်းဇီကို အချိန်တွေ အများကြီး ပေးလိုက်တာက သက်သက် အချိန်ဖြုန်းလိုက်တာပဲ.. နတ်ဘုရားမ စွန်းရုံ ငါတို့ကျောင်းကို နောက်တစ်ခေါက် လာလည်ဖို့ပဲ မျှော်လင့်ပါတယ်”

ဤသည်မှာ နေကြာပန်းလေး နယ်မြေ၏ ဆက်တိုက် အကျိုးသက်ရောက်မှု စွမ်းအား ဖြစ်သည်။

သူမ၏ စွမ်းအားက အနီးအနားရှိ လူများကို ၉၅ရာခိုင်နှုန်းထိ လွှမ်းမိုးနိုင်၏။

အမျိုးသားရော အမျိုးသမီးပါ ဆွဲဆောင်နိုင်သော ဤစွမ်းရည်က ကျင့်ကြံခြင်းနယ်ပယ်ကိုပင် ကျော်လွန်နေသည်ဟု ဝမ်လင်း ခံစားမိသည်။

တစ်ဖက်တွင် စွန်းရုံကို ဗဟိုပြု၍ အခန်းတစ်ခုလုံးက ကြည်လင်နေသလို တခြားတစ်ဖက်တွင်လည်း ထျန်းကျင်းဇီတို့အဖွဲ့၏ ဦးခေါင်းထိပ်၌ တိမ်မည်းများ ရစ်သိုင်းနေသည်။

၎င်းတို့မျက်နှာက မည်းမှောင်နေပြီး တူးခြစ်နေသော ဝက်အသည်းနှင့်ပင် တူနေသည်။

သူ၏ ကျော်ကြားမှု အရှိန်အဝါကို တခြားကျောင်းက ခိုးယူသွားခြင်းကို လက်ပိုက် ကြည့်နေခဲ့ရသည်။

ထျန်းကျင်းဇီက မကျေမနပ် အံကြိတ်လိုက်သည်။

ယနေ့ သူ၏ ဆုံးရှုံး နစ်နာမှုအတွက် အမှတ်၆၀ အထက်တန်းကျောင်းက နှစ်ဆ ပေးလျော်ရပေမည်။

အဆုံးသတ်တွင် ဤရက်က ပထမဆုံးရက်သာ ရှိသေးပြီး နောက်ထပ် သုံးရက်တိတိ ကျန်နေသေးသည် မဟုတ်လော။

ထျန်းကျင်းဇီက သူ၏ ရှုံးနိမ့်မှုကို လက်မခံနိုင် ဖြစ်နေခဲ့သည်။

အပိုင်း(၃၄) ပြီး၏။

အပိုင်း(၃၅) အမှတ်၆၀ ဖြိုဖျက်ရေးအဖွဲ့ နှင့် ပန်စီလူဆိုးဂိုဏ်း

နေဝင်ရီတရော အချိန်တွင် ထျန်းကျင်းဇီက နာကြည်းမှု ပြည့်နှက်နေသော အမူအရာဖြင့် ကျောင်းသားသမဂ္ဂ ရုံးခန်းထဲတွင် အစီရင်ခံစာ ရေးသားနေသည်။

အမှတ်၆၀ အထက်တန်းကျောင်းနှင့် အတွေ့အကြုံ ဖလှယ်သည့် ပထမနေ့တွင် အမှားအယွင်းများ ပြုလုပ်ခဲ့၍ ဒါရိုက်တာရှဲ့က သူ့ကို ခေါ်ဆူကာ အပြစ်ပေးခဲ့သည်။

ဒါရိုက်တာရှဲ့က ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲနှင့် စပ်လျဉ်းသည့် စာလုံး သုံးထောင် နှင့် မိမိကိုယ်ကို ပြန်လည် သုံးသပ်သော စကားလုံး ငါးထောင်ကို ကွန်ပြူတာဖြင့် ရေးသားခွင့် မပေးဘဲ လက်ရေးမူဖြင့် ရေးသားခိုင်းခဲ့ပြီး အစီရင်ခံစာ ပြီးဆုံးမှသာ အိမ်ပြန်ရမည်ဟု ရာဇသံပေးခဲ့သည်။

“ချီးပဲ..”

သူ ငယ်စဉ်တည်းက ဆရာ၊ဆရာမများ၏ ထိန်းသိမ်းခြင်းကို မခံရဖူးပေ။

အခုအခြေအနေက ပထမဆုံး အကြိမ် ဖြစ်၍ ဒေါသထွက်ကာ လက်ထဲမှ ဘောပင်ကို လိမ်ချိုးလိုက်မိသည်။

ဘောပင်မှ မှင်စက်များက ဖန်ဟွာချင်း၏ မျက်နှာကို လွင့်စဉ်သွားပြီး မှင်စက်များက မျက်နှာအနှံ့သို့ ပေပွသွား၏။

ဖန်ဟွာချင်းက ကူကယ်ရာမဲ့သော အမူအရာဖြင့် သူ့မျက်နှာကိုသုတ်ရန် ရေစိုခံ တစ်ရှူးကို ထုတ်ယူလိုက်သည်။

“ဥက္ကဌ.. ဒါက အများသုံးဖို့ အတွက် ကျောင်းက ထုတ်ပေးထားတဲ့ ကျောင်းပိုင်ပစ္စည်းနော်.. ပြစ်မှုထပ်ကြီးနေဦးမယ်”

“အမှတ်၆၀ အထက်တန်းကျောင်းက တာဇံလေးတွေက တစ်ခုခု မူမမှန်သလိုပဲ”

“………”

ထျန်းကျင်းဇီ၏ အော်သံကို ရင်ဆိုင်ရင်း ဖန်ဟွာချင်းက မှင်စက် ထပ်မပေအောင် မျက်နှာကို လက်ဖြင့် ကာထားလိုက်သည်။

ကျောင်းအင်ဂျင်နီယာ ဌာန၏ အစီရင်ခံစာအရ စိတ်ဝိညာဉ်စုဆောင်းရေး ယန္တရားစက်များ အပြင် ကျောင်းပိုင် တခြားသော ပစ္စည်းများလည်း ပုံစံမျိုးစုံဖြင့် ပျက်စီးသွားခဲ့သည်။

အသစ် ပြင်ဆင်ထားသော အသံလွှင့် စက်ကိရိယာမှသည် ကွန်ပြူတာ အခန်းမှ ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာ(holographic projector)ကဲ့သို့ အကြီးစား ပျက်စီးမှုများလည်း ရှိသည်။

(holographic projector>>လေထဲတွင် လွင့်မျောနေသော ပုံရိပ်များကို ဖန်တီးသည့် ကိရိယာ)

တခြားသော ပစ္စည်းများက စိတ်ဝိညာဉ် စုစည်းခြင်း ယန္တရားစက် ကဲ့သို့ မပျက်စီးသေးသော်လည်း ဖန်သားပြင် မှေးမှိန်သွားခြင်းနှင့် အမည်မသိ အကြောင်းကိစ္စ​ကြောင့် စက်ချို့ယွင်းခြင်းများ တစ်ချိန်တည်းတွင် ဖြစ်ပွားခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်း လာရောက် လည်ပတ်သော တစ်ရက်တာ အချိန်တိုလေး အတွင်းမှာပင် အမှတ်၅၉ အထက်တန်း ကျောင်းက အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများကို ကြုံခဲ့ရ၏။

ကျောင်းပိုင် အဆောက်အအုံ ၄၀ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့သည်။

အပျက်အစီး အစီရင်ခံစာကို လှန်လှောကြည့်ရင်း ထျန်းကျင်းဇီ အသက်ခပ်ပြင်းပြင်း ရှုရှိုက်လိုက်သည်။

“မဟုတ်သေးဘူး.. သူတို့က အတွေ့အကြုံဖလှယ်ဖို့ လာတာ မဟုတ်ဘဲ ငါတို့ကျောင်းက အဆောက်အဦးတွေကို ဖြိုဖျက်ဖို့လာတာများလား”

အမှတ်၆၀ အထက်တန်းကျောင်း၏ ကိုယ်စားလှယ် အုပ်စုက ဖြိုဖျက်ရေး ဌာနတွင် အလုပ်လုပ်ခဲ့လေသလားဟုပင် ထျန်းကျင်းဇီ တွေးလိုက်မိသည်။

ယင်းအချိန်တွင် လျန့်ဝေက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ကျောင်းလမ်းကို သူတို့ လည်ပတ်မယ်လို့ ကြားထားတယ်.. ဥက္ကဌ.. သူတို့ကို လက်စားချေဖို့ တစ်ယောက်ယောက် လွှတ်လိုက်ရမလား”

“လက်စားချေမယ် ဟုတ်လား.. ဘယ်လို လက်စားချေမှာလဲ”

ထျန်းကျင်းဇီ စိတ်ဝင်စားသွားသည်။

အတွေ့အကြုံ ဖလှယ်ပွဲသာ ပြီးသွားလျှင် စွန်းရုံကို လက်စားချေရန်မှာ မဖြစ်နိုင်တော့မှန်း သူသဘောပေါက်လိုက်သည်။

စွန်းရုံက ဟွာကောအုပ်စု၏ ဆက်ခံသူ သခင်မလေး ဖြစ်သည့်အလျောက် သူမကို တိတ်တဆိတ် အကာအကွယ် ပေးနေသော သက်တော်စောင့် များစွာ ရှိသည်။

အထူးသဖြင့် ရှောင်ပန်းခြံတွင် အရိပ်အဖွဲ့အစည်း၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုကို ခံခဲ့ရပြီးနောက် သက်တော်စောင့် အဖွဲ့ကို အဆင့်မြှင့်ပြီး ပြန်လည် ဖွဲ့စည်းခဲ့သည်။

မမလေးစွန်းရုံ အနီးတစ်ဝိုက်ရှိ ကိုယ်ရံတော်များကို Kingsoft antivirus ပရိုဂရမ် ကဲ့သို့ ဖယ်ရှားရန် မဖြစ်နိုင်ပေ။

(Kingsoft AntiVirus >> သုံးစွဲသူ၏ စနစ်အား ဗိုင်းရပ်စ်များ၊ အဖျက်အမှောင့်များ၊ လျှို့ဝှက်စောင့်ကြည့်သော စပိုင်ပစ္စည်းများ နှင့် ကွန်ပြူတာစနစ်အား အနှောင့်အယှက် ဖြစ်စေရန်၊ ပျက်စီးရန်၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် အသုံးပြုခွင့်ရရှိစေရန် အထူးဒီဇိုင်းထုတ်ထားသည့် ဆော့ဖ်ဝဲများရန်မှ ကာကွယ်ပေးသည့် ထိရောက်သော ဗိုင်းရပ်စ်တစ်မျိုး)

ယင်တစ်ကောင်ပင် သူမ အနားကိုကပ်ဖို့ အခွင့်မသာလောက်ချေ။

“ဒါက ခဲယဥ်းတဲ့ ပစ်မှတ်ပဲ.. ငါတို့က စွန်းရုံကို ပစ်မှတ်ထားဖို့ မဖြစ်နိုင်ဘူး”

ထိုစကားကို ကြားလျှင် လျန့်ဝေက ခဏမျှ တွေးတောပြီးနောက် ထပ်ပြောလိုက်သည်။

“စုံစမ်းထားတဲ့ သတင်းတွေ အရတော့ ချန်းချောင်က ကျိကျိတက် ချမ်းသာတဲ့ မိသားစုရဲ့ ဒုတိယမျိုးဆက်ပဲ.. ကော်ဟောက်ရဲ့ မိသားစုက ဝိညာဉ်သားရဲ ရောင်းချတဲ့ ဆိုင် ဖွင့်ထားတယ် ဆိုပေမဲ့ နိုင်ငံရေး နောက်ခံ ရှိပုံရတယ်”

“လင်းရှောင်ယု ကျတော့ စွန်းရုံနဲ့ အရမ်း နီးနီးကပ်ကပ် ရှိနေတော့ ပစ်မှတ်ထားလို့ မဖြစ်ဘူး..”

ထိုစကားသံကို ကြားပြီးနောက် ထျန်းကျင်းဇီက အံကြိတ်၍ ပြောလိုက်သည်။

“ဒီအတိုင်းဆို သစ်သီးဖျော်ရည်ကို တစ်စက် မကျန်အောင် သောက်ခဲ့တဲ့ ထုံထိုင်းထိုင်း အမူအရာနဲ့ ကောင်လေး တစ်ယောက်ပဲ ကျန်တော့တယ်”

“ဟမ့်.. အဲဒီကောင်လေးက မိသားစု နောက်ခံကောင်း မရှိဘူး.. သူက မိသားစုနဲ့အတူ မြို့စွန်မှာ နေတာလေ.. ဝိညာဉ်ဓားဖလှယ်ပွဲ အတွက် သစ်သားဓားကို ယူလာတာ ဆိုတော့ အတော် ဆင်းရဲပုံရတယ်”

“ကောင်းပြီလေ သူ့ကိုပဲ ပစ်မှတ် အဖြစ် ရွေးချယ်မယ်”

ထျန်းကျင်းဇီက ထိုင်ခုံကို ဘန်းခနဲ မြည်အောင် ရိုက်ချရင်း ပြောလိုက်သည်။

စျေးပေါသော တရုတ်တည်သီး ရှိနေလျက်နှင့် မည်သူက ဒူးရင်းသီးကို ပြဿနာ သွားရှာမည်နည်း။

……………….

ညနေခင်း အားလပ်ချိန်တွင် ကန်တင်းမှာ စားသောက်ပြီးနောက် အမှတ်၆၀ အထက်တန်း ကျောင်းသားများက ‌အမှတ်၅၉ ကျောင်းအနီးအနားရှိ ကျောင်းလမ်း တစ်ဝိုက်ကို လမ်းလျှောက်ထွက်ရန် စီစဉ်ထားသည်။

ကျောင်းအိပ်ဆောင်ကို တရားဝင် မဖွင့်လှစ်ရသေးသဖြင့် အစောင့်က အိမ်ပြန်ပြီး သူ့ကလေးကို အစာကျွေးဖို့ အလုပ်မဆင်းခင် စွန်းရုံကို သော့ပေးခဲ့သည်။

အစောပိုင်းတွင် ဝမ်လင်းက စွန်းရုံ တို့နှင့် အတူလိုက်ရန် ငြင်းဆန်ခဲ့သော်လည်း မျက်ခွံများ အဆက်မပြတ် လှုပ်ရှားလာသောကြောင့် ငြင်းဆန်မည့် အတွေးကို စွန့်လွှတ်ခဲ့သည်။

ခက်ခဲသော ရွေးချယ်မှုများကို လုပ်ဆောင်ရတိုင်း ဝမ်လင်းက မျက်ခွံ လှုပ် မလှုပ်ကို ကြည့်ပြီး သူ၏ဆုံးဖြတ်ချက် တိကျမှုကို အကဲဖြတ်လေ့ ရှိသည်။

မျက်ခွံလှုပ်၍ သတိပေးသော စွမ်းရည်ကို ပစ္စုပ္ပန် ဖြစ်သည့်လက်ရှိ အခြေအနေတွင်သာ အသုံးချနိုင်သည်။

ယင်းမှာ အန္တရာယ်ကို သတိပေးသော အချက်ပြစနစ်နှင့် မခြားသော်လည်း ဘာဆက်ဖြစ်မည်ကို မခန့်မှန်းနိုင်ပေ။

လမ်းလျှောက်ထွက်ရင်း မမျှော်လင့်သည့် ကိစ္စတစ်ခုခု ဖြစ်လာနိုင်သော်လည်း ထိုကိစ္စက မည်သို့သော ကိစ္စမှန်း ဝမ်လင်း ကြိုတင် မမှန်းဆနိုင်ခဲ့ချေ။

ဝါရင့်ဆရာသမား ဝမ်က ​ပျင်းရိသူ ဖြစ်သောကြောင့် သူတို့နှင့်အတူတူ လိုက်ပျော်မည့် အတွေး မရှိခဲ့ပေ။

ဆရာဝမ်က သူတို့အားလုံးကို ကျောင်းဂိတ်အထိ လိုက်ပို့ပေးပြီးနောက် တစ်ဦးချင်းစီကို ဆင့်ခေါ်ခြင်း အဆောင် ပေးအပ်လိုက်သည်။

“တပည့်တို့.. ဒါက ဝိညာဉ် ဆင့်ခေါ်ခြင်း အဆောင်ပဲ.. မင်းတို့ အန္တရာယ်ကြုံရင် ဒါကို သုံးပြီး ငါ့ကို အချိန်မရွေး ဆင့်ခေါ်လို့ရတယ်.. အဖွဲ့ကို စွန်းရုံက ဦးဆောင်ရမယ်.. လုံးဝ လူစုကွဲမသွားစေနဲ့.. လည်ပတ်လို့ ဝရင်လည်း စောစော ပြန်လာခဲ့ကြဦး”

“ကျေးဇူးပါ ဆရာဝမ်.. ကျနော်တို့က အနီးအနားလောက်ပဲ လမ်းလျှောက်ထွက်မှာပါ.. အရမ်း နောက်မကျစေရပါဘူး”

သူတို့က အဆောင်ကို လက်ခံယူပြီး တညီတညွတ်တည်း ကတိကဝတ် ပေးလိုက်ကြသည်။

ဝါရင့်ဆရာသမား ဝမ်က တခြား ဘာမှထပ်မပြောတော့ဘဲ ခေါင်းညိတ်လိုက်သည်။

သို့သော် သူတို့လူစု ဆယ်မီတာပင် မကျော်သေးခင် အနောက်ဘက်မှ ဆရာဝမ်၏ စကားသံက ထွက်ပေါ်လာသည်။

“ဒါနဲ့ ကျောင်းလမ်းတွေမှာ ပန်စီကို အထူးပြုတဲ့ လူဆိုးဂိုဏ်း ရှိတယ်လို့ ငါကြားထားတယ်…အားလုံး သတိထားကြပါ”

“ပန်စီကို အထူးပြုတဲ့ဂိုဏ်းလား”

ဤအမည်ကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။

(Pengci>>လိမ်လည်လှည့်ဖြားပြီး ငွေညှစ်တာမျိုးကိုဆိုလိုသည်.. ဥပမာ စက်ဘီးကို သူ့ဘာသာဝင်တိုးပြီး အတိုက်ခံရသည်ဟု ဆိုကာ ငွေညှစ်တာမျိုး)

ဝမ်လင်း၏ မျက်ခွံများက ဆက်တိုက် လှုပ်ရှားနေသည်။

ကပ်ဘေးအဆင့် ကြယ်နှစ်ပွင့်…

………………….

လူပီသရန် ခက်ခဲသလို သိုသိုသိပ်သိပ် နေထိုင်ရသည်မှာ ပို၍ပင် ခက်ခဲသည်။

ဝမ်လင်းက သူ့ကိုယ်သူ သူရဲကောင်း တစ်ယောက်လို မဝင့်ကြွားချင်ခဲ့ပေ။

သူက စိန်ခေါ်မှုမျိုးစုံနှင့် ဘေးအန္တရာယ် မျိုးစုံကို အမြဲ ရင်ဆိုင်နေရသဖြင့် သိုသိုသိပ်သိပ်နေရန် အခက်တွေ့နေခဲ့၏။

ကျောင်းလမ်းက အမှတ်၅၉ အထက်တန်းကျောင်းနှင့် ခပ်လှမ်းလှမ်းတွင် ရှိပြီး အခြေတည်အဆင့် ကျောင်သားများအဖို့ မိနစ်၂၀ခန့် ခြေလျင် လမ်းလျှောက်ရုံဖြင့် ရောက်နိုင်သည်။

ထို့အပြင် ပန်စီလူဆိုးဂိုဏ်း၏ အန္တရာယ်ကို ရှောင်ရှားရန် “အင်မော်တယ်စက်ဘီး” အက်ပလီကေးရှင်း(app)မှ တဆင့် စက်ဘီးများကို မည်သူမှ ဌားမစီးရဲကြချေ။

သူတို့အားလုံး လမ်းလျှောက်နေစဉ် ကော်ဟောက်က ရုတ်တရက် စကားပြောလိုက်သည်။

“တကယ်တော့ ပန်စီဂိုဏ်းနဲ့ ပတ်သက်တဲ့ နောက်ခံသမိုင်းကြောင်းကို ငါစုံစမ်းထားပြီးပြီ”

ထိုစကားသံကို ကြားပြီးနောက် ဝမ်လင်း၏ နှုတ်ခမ်းက တွန့်ကွေးကာ အေးစက်စက် အမူအရာ ဖြစ်သွားသည်။

ဤကမ္ဘာကြီးထဲတွင် ကော်ဟောက် မသိသော ကိစ္စ ရှိနိုင်ပါ၏လော။

“ပန်စီလူဆိုးဂိုဏ်းရဲ့ အဖွဲ့ဝင်အများစုက အသက်၇၀.. ၈၀ အရွယ်တွေပဲ.. ဒီအသက်အရွယ်တွေက စိတ်လက်ပေါ့ပါးဖို့အတွက် အပျော်သဘောနဲ့ လူစုပြီး ကလေ့ရှိကြတယ်လေ.. ဒါပေမဲ့ အများပိုင် နေရာတွေမှာ ကခုန်တာကို နိုင်ငံက တားမြစ်ထားတဲ့ အတွက် ဒီအဘိုးကြီး အဘွားကြီးတွေက ပန်စီဂိုဏ်းကို ထူထောင်လိုက်ကြပြီး အပျော်တမ်း ပြစ်မှု ကျူးလွန်သူတွေ ဖြစ်လာကြတာပဲ”

“…………”

“ပန်စီဂိုဏ်း စတင် တည်ထောင်ခါစက ကျင့်ကြံခြင်းရဲတွေ သိပ်အာရုံမထားခဲ့ကြဘူး.. အချိန်တို အတွင်းမှာ အဲဒီအဖွဲ့ထဲကို သက်ကြီးရွယ်အိုတွေ အများအပြား ဝင်ရောက်လာကြတယ်.. အဖွဲ့ဝင် အများစုရဲ့ အဓိက ရည်ရွယ်ချက်က စိတ်လှုပ်ရှားစရာကောင်းတဲ့ သည်းထိတ်ရင်ဖို ခံစားချက်တွေကို ရှာဖွေချင်လို့ပဲ”

“သည်းထိတ်ရင်ဖို ခံစားချက်ကို ရှာဖွေတယ်.. ဟုတ်လား”

ယနေ့ခေတ်တွင် သည်းထိတ်ရင်ဖို ခံစားချက်ကို ပေးစွမ်းသည့် သက်စွန့်ဆံဖျား အားကစားများကို နှစ်သက်သော လူငယ်လူရွယ် အများအပြား ရှိကြသည်။

ဘိုးဘွားရိပ်သာတွင် အနားယူရမည့် အဘိုးကြီး၊အဘွားကြီးများက ဤလူငယ်များ နည်းတူ သည်းထိတ်ရင်ဖို ခံစားချက်များကို ရှာဖွေလိမ့်မည်ဟု မမျှော်လင်ခဲ့ပေ။

အတိတ်က ဆိုးသွမ်းခဲ့သော လူငယ်များသည် ယနေ့ခေတ်တွင် ဆိုးသွမ်းသော သက်ကျားအိုများ အဖြစ် ကြီးပြင်းလာပုံရ၏။

လေးလေးနက်နက် တွေးတောပြီးနောက် ထိုဥပမာက မမှားယွင်းကြောင်း ဝမ်လင်း လက်ခံလိုက်ရသည်။

ကော်ဟောက်က ဆက်လက် ပြောဆိုလိုက်သည်။

“တကယ်တော့ သူတို့က ပိုက်ဆံကို လုံးဝ ဂရုမစိုက်ဘူး.. သူတို့က ခြိမ်းခြောက် ငွေညှစ်တဲ့ အလုပ်ကို ပျော်စရာ အလုပ်တစ်ခု အဖြစ် စွဲလန်းနေကြတာပါ.. ဖမ်းဆီးခံရရင်တောင် သက်ကြီးရွယ်အိုတွေ ဖြစ်နေတဲ့ အတွက် အနည်းအကျဥ်း သတိပေးတာလောက်ပဲ ခံရတယ်လေ.. ဒါပေမဲ့ လွန်ခဲ့တဲ့၂နှစ်က စပြီး ပန်စီဂိုဏ်းက အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့တယ်.. ဘယ်လောက်ထိလည်းဆိုရင် သူတို့ရဲ့ ပရိသတ် အင်အားက အဘိုးကြီးဟန်နဲ့ အဘိုးကြီးဝမ်ရဲ့ အမာခံပရိသတ်တွေနဲ့ ပြိုင်ဆိုင်လုနီးပါးတောင် ဖြစ်သွားတယ်..”

“………..”

“သေချာပြီ.. အများပိုင် လမ်းမတွေမှာ ကခုန်တာက ဒီတစ်ခေါက် ကပ်ဘေးရဲ့ အရင်းအမြစ်ပဲ”

စကားတပြောပြောဖြင် ဝမ်လင်းတို့အုပ်စု လမ်းလျှောက်လာခဲ့ရာ လမ်းအဆုံးသို့ပင် ရောက်နှင့်လာသည်။

ရောင်စုံလမ်းမီးများက ကျောင်းလမ်း၏ လမ်းမ တစ်လျောက် လင်းထိန်နေသည်။

ထိုနေရာတွင် ကျောင်းသားတစ်ဦး အတွက် လိုအပ်သော အရာအားလုံး ရှိသည်။

လမ်းဘေး စားသောက်ဆိုင်မှ စာရေးကိရိယာဆိုင် အထိ ဆိုင်မျိုးစုံ ရှိပြီး ကျောင်းသားများ အပန်းဖြေ ဆော့ကစားရန် အတွက် ဂိမ်းစင်တာများလည်း ရှိသည်။

ကျောင်းလမ်း၏ လမ်းဘေး စားသောက်ဆိုင်များသည် အလွန်ဈေးသက်သာပြီး ဗိုက်ကားအောင် စားသောက်လျှင်ပင် ပိုက်ဆံအများကြီး ကုန်မည် မဟုတ်ပေ။

အကယ်၍ ကျောင်းသားကတ်ကို ပြနိုင်လျှင် ကျောင်းလမ်းတွင် ဖွင့်ထားသော ဆိုင်ခန်း ကိုးဆယ်ရာခိုင်နှုန်း ကျော်ရှိ ပစ္စည်းများကို ထက်ဝက်လျော့စျေးဖြင့် ရနိုင်ပါသေးသည်။

ဖေးယန်ခရိုင် အတွင်းရှိ အထက်တန်းကျောင်း သုံးကျောင်းလုံး၏ အနီးအနားတွင် ကျောင်းလမ်းများ ရှိကြသော်လည်း အမှတ် ၅၉ အထက်တန်းကျောင်း၏ ကျောင်းလမ်းက အစည်ကားဆုံး ဖြစ်သည်။

“ဒါက ကောင်းကင်ဘုံပဲ”

ချန်းချောင်က သူ၏ စိတ်လှုပ်ရှားသော ခံစားချက်ကို မထိန်းချုပ်နိုင်တော့ပေ။

အွန်လိုင်းပေါ်မှာ နာမည်ကျော်နေသော အကန့်အသတ်ဖြင့်ထုတ်သည့် အားကစား ဖိနပ်များကို သူသဘောကျ နှစ်သက်ဖူးသည်။

ယင်းပစ္စည်းများကို ကျောင်းလမ်းများတွင် ဝယ်ယူနိုင်သည်။

ဤနေရာတွင် သူ ကြိုက်နှစ်သက်သော ဖိနပ်ဒီဇိုင်းကို ရှာဖွေနိုင်လိမ့်မည်ဟု ချန်းချောင် တစ်ယောက် ထင်မြင်မိသည်။

စွန်းရုံက အလှမပျက် ဟန်ရေးပြ၍ လမ်းဆက်လျှောက်ရန်သာ စိတ်ကူးနေသည်။

လင်းရှောင်ယုကမူ သူမ ရေးသားနေသော “ဖူဂျိုရှီ တစ်ဦး၏ အထက်တန်း ကျောင်းသားဘဝ” ဇာတ်လမ်း အပိုင်းသစ်ကို အွန်လိုင်းပေါ် တင်ရန်သာ အာရုံစိုက်နေသည်။

အဓိက လမ်းမကြီးကို တည်ငြိမ်စွာ ငေးကြည့်ပြီး ကော်ဟောက်က ယုံကြည်မှုအပြည့်ဖြင့် သူ့ရင်ဘတ်သူ ပုတ်လိုက်ကာ

“အားလုံး စိတ်မပူကြနဲ.. ငါတို့ အများသုံး ပို့ဆောင်ရေး ယာဥ်တွေကို မသုံးသရွေ့ ပြဿနာ မရှိဘူး”

“………….”

ဝမ်လင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

“ဒါက ဘယ်လို ထူးဆန်းသည့် သတိပေးချက်မျိုးလဲ”

သို့သော် ကော်ဟောက်၏ စကားမဆုံးခင် ဝမ်လင်းက အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။

အပိုင်း(၃၅)ပြီး၏။

အပိုင်း(၃၆) ပန်စီလူဆိုးဂိုဏ်း၊ဖေးယန်ခရိုင်ရုံးခွဲ

လျန့်ဝေ၏ညွှန်ကြားချက်ကို ရရှိပြီးနောက် ပန်စီလူဆိုးဂိုဏ်းမှ အဘွားအိုက သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများ အနီးအနားသို့ ရောက်လာသည်နှင့်အမျှ သူမက လူအုပ်စုကြားထဲမှ ဝမ်လင်းကို မျက်ခြေမပျက် စိုက်ကြည့်လိုက်သည်။

သူမက ကျင့်ကြံခြင်း မရှိသည့် သာမန်အဘွားအို တစ်ဦးသာ ဖြစ်သည်။

သူမ၏ အသက်အရွယ် ကြီးရင့်မှုနှင့် ပျော့တွဲနေသောအသားအရေကြောင့် ထူထဲသော မျက်ခွံများက လုံးဝ တွန့်လိမ်နေပြီး မျက်လုံးကို ပိတ်လုမတတ် တွဲကျနေသည်။

သ်ို့သော် သူမ၏ အမြင်အာရုံ အတွက် ဤအဟန့်အတားအနည်းငယ်လောက်သည် ပန်စီ ကျူးလွန်သူ အဖြစ်မှ သူမကို ရပ်တန့်စေမည် မဟုတ်ပေ။

ဝမ်လင်းက အလုပ်အပ်သူ ညွှန်ပြထားသည့် ပန်စီပစ်မှတ်ဖြစ်၏။

အဘွား သုန်က ပန်စီဂိုဏ်း၏ အတွေ့အကြုံရှိသူ တစ်ယောက် ဖြစ်ပြီး ပန်စီကို ကျွမ်းကျင်လာအောင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သူလည်း ဖြစ်သည်။

သူမက ပန်စီဂိုဏ်း၏ ဖေးယန်ခရိုင် ဌာနခွဲရှိ အကြီးအကဲလေးဦးထဲမှ တစ်ဦး ဖြစ်သည်။

အဘွားသုန်က အကြီးအကဲ တစ်ဦး ဖြစ်သော်လည်း ကျင့်ကြံခြင်း အဆင့်မရှိပေ။

သို့တိုင် ဂိုဏ်းသားများ၏ အားပေးထောက်ခံမှုကြောင့် နှစ်ပေါင်းများစွာအကြာတွင် အကြီးအကဲ ဖြစ်လာခဲ့သည်။

ချောမောလှပသော အမျိုးသမီးများကိုသာ အသိအမှတ်ပြုတတ်သည့်​ ယောကျာ်းသားများက အဘွားသုန်ကိုအသိအမှတ်ပြုသည့် အတွက် အဘွားသုန်တွင် ထူးခြားသော အရည်အချင်း တချို့ရှိမှာ သေချာသလောက်ပင်။

အဘွားသုန်၏ ကျွမ်းကျင်မှုများကို ထုတ်ပြောရသော် ပထမဆုံး အနေဖြင့် အဘွားသုန်တွင် မယုံကြည်နိုင်စရာကောင်းသည့် မျက်လုံးများ ရှိသည်။

သူမက အသက်၇၀ကျော် အဘွားအို ဖြစ်သော်လည်း သူမ၏ မျက်လုံးအမြင်က သိမ်းငှက်ကဲ့သို့ စူးရှသည်။

ယင်းမှာ သာမန် အဘိုးအို၊ အဘွားအိုများတွင် မရှိနိုင်သော အရည်အချင်းမျိုး ဖြစ်သည်။

ဤအရည်အချင်းက လူအုပ်ကြားထဲမှ ပန်စီ ပစ်မှတ်ကို မျက်ခြေမပြတ် စောင့်ကြည့်နိုင်ပြီး သူမ၏ ရည်မှန်းချက်ကို ပြီးပြည့်စုံစွာ အကောင်အထည် ဖော်နိုင်အောင် အကူအညီ ပေးနိုင်သည်။

ဒုတိယ အချက် အနေဖြင့် အဘွားသုန်မှာ ငယ်ရွယ်စဉ်က ထိပ်တန်း ကျောင်းသား ဖြစ်ခဲ့ဖူးသည်။

ယင်းက ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။

ထို့ကြောင့်လည်း ဂိုဏ်းဝင်များ၏ အထင်ကြီး လေးစားမှုကို ရရှိပြီး အကြီးအကဲ ရာထူးကို ရရှိခဲ့ခြင်း ဖြစ်၏။

ဝမ်လင်းက အဘွားသုန်၏ အမြင်အာရုံထဲ ရောက်ရှိသွားသောအခါ အဘွားသုန်က သူမ နှင့် ဝမ်လင်းကြားရှိ အကွာအဝေး နှင့် အမြန်နှုန်းကို ချက်ချင်း တွက်ချက်လိုက်သည်။

သူတို့နှစ်ဦးကြားတွင် မီတာ၂၀ခန့် ကွာဝေးမည်ဟု သူမ ခန့်မှန်းလိုက်သည်။

လတ်တလောတွင် ဝမ်လင်းက တစ်စက္ကန့်လျှင် ၆မီတာနှုန်းဖြင့် လမ်းလျှောက်နေသည်။

ထို့ကြောင့် သူမက တစ်စက္ကန့်ကို လေးမီတာနှုန်းဖြင့် သစ်ပင်နောက်ကနေ ဝမ်လင်းဆီသို့ ရုတ်တရက် ခုန်ဝင်ရန် ဆုံးဖြတ်လိုက်သည်။

…………………..

ရလဒ်အနေဖြင့် ၂စက္ကန့် ကြာပြီးနောက် အဘွားအိုက ဝမ်လင်းဆီသို့ ခုန်ဝင်သွားခဲ့ပြီး သူမ လက်ထဲမှ လမ်းလျှောက်တုတ်ကောက်ကိုပင် လွှင့်ပစ်လိုက်သည်။

ထို့နောက် သူမက ဝမ်လင်း၏ ခြေထောက်ကို ဆွဲဖက်ထားပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေသည့် အမူအရာမျိုး ဟန်ဆောင်လိုက်သည်။

ဝမ်လင်းက ပန်စီဂိုဏ်းဝင်နှင့် အမှန်တကယ် ဆုံတွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အမှတ်၆၀ အထက်တန်းကျောင်း၏ လုံခြုံရေး ခေါင်းဆောင် လီကို ကမ္ဘာခြား ဂိတ်ထဲ ဝင်ရောက် ကယ်တင်စဉ်က သူ့ကို ထိကိုင်မိသည့် မကောင်းဆိုးဝါး အားလုံး ပြာမှုန့်ဘဝ ပြောင်းသွားခဲ့သည်ကို သတိရမိသွားသည်။

သူ့လက်မောင်းပေါ်မှ စွမ်းအားကုန်ခါနီး တာအိုအဆောင်က သူ့စွမ်းအား တော်တော်များများကို ထိန်းချုပ်ပေးထား၍သာ အဘွားသုန် တစ်ယောက် သက်သာရာ ရသွားခဲ့သည်။

သို့မဟုတ်လျှင် အဘွားအိုက ပြာမှုန်ဘဝသို့ ပြောင်းသွားလောက်ပြီဟု ဝမ်လင်း တွေးမိလိုက်သည်။

ဝမ်လင်းက သူ့ ခွန်အားကို ဘယ်တုန်းကမှ မထိန်းချုပ်နိုင်ခဲ့၍ အဘွားအိုကို ဆွဲထူမည့် အတွေး မရှိခဲ့ပေ။

ထို့အပြင် အဘွားအိုက ကျင့်ကြံသူ မဟုတ်၍ အခန့်မသင့်လျှင် ခြေလက်များပါ ကျိုးပဲ့သွားနိုင်သည် မဟုတ်ပါလား။

“အဘွား အဆင်ပြေရဲ့လား”

စွန်းရုံက ဆောင့်ကြောင့် ထိုင်ချကာ ချိုသာစွာ မေးမြန်းလိုက်သည်။

အဘွားအိုက ငွေညှစ်ရန် ကြိုးပမ်းနေမှန်း အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားတိုင်း ရိပ်မိသော်လည်း ယဉ်ကျေးမှုရှိသော လူ့အဖွဲ့အစည်းတွင် အားနည်းသူက အမြဲမှန်ကန်သည်ဟု အဆိုရှိသည် မဟုတ်လော။

အဘွားအို၏ သရုပ်ဆောင်စွမ်းရည်က တကယ်ကို လက်တွေ့ဆန်လွန်းသည်။

သူမက အချိန်အတော်ကြာသည်အထိ ဝက်ရူးပြန်ရောဂါသည်လို စကားတစ်ခွန်းမှ မပြောဘဲ မြေပြင်ပေါ်တွင် လူးလှိမ့်နေသည်။

စွန်းရုံနှင့် လင်းရှောင်ယုတို့က အဆင်ပြေရဲ့လားဟု ဆယ်ကြိမ်ထက်မနည်း မေးပြီးသောအခါမှ အဘွားအိုက တုန်တုန်ရီရီဖြင့် ဝမ်လင်းကို လက်ညိုးထိုးကာ အသက်ရှုမဝသော လေသံဖြင့် ရေရွတ်လိုက်သည်။

“မင်း.. မင်း.. ”

“???”

ကော်ဟောက်နှင့် ချန်းချောင်တို့ ထိတ်လန့်သွားပြီး မျက်နှာထက်တွင် မယုံကြည်နိုင်သော ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။

ယနေ့ခေတ် ပန်စီလူဆိုးဂိုဏ်း၏ သရုပ်ဆောင် စွမ်းရည်က တကယ်ကို ပြောင်မြောက်သည်။

သို့သော် ပန်စီ အလုပ်အပေါ် သိပ်ပြီး အာရုံမစိုက်ထားမှန်း ထင်ရှားနေ၏။

သူတို့ သိထားသလောက် ပန်စီဂိုဏ်းမှ အဘိုးအဘွားများသည် လိမ်လည် ငွေညှစ်ရန်အတွက် ကားဘီးအောက်သို့ ပစ်ဝင်ရန်ပင် တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။

သို့သော် လက်ရှိတွင် ကား မပြောနှင့်.. အနီးအနားတွင် ဘီးနှစ်ဘီးပါသော စက်ဘီးပင် ရှိမနေခဲ့ချေ။

အဘွားအိုက အဓိပ္ပါယ် ကင်းမဲ့သော စွပ်စွဲမှုဖြင့် ဝမ်လင်းကို ပန်စီ လုပ်ရဲသည် အထိ အတင့်ရဲနေပါသလော။

ကော်ဟောက်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

“ဒီမှာ အဘွား.. အကျိုးသင့် အကြောင်းသင့် စဉ်းစားပြီးမှ ပြောစမ်းပါ.. ကျနော်တို့က ပို့ဆောင်ရေးယာဥ်ကိုတောင် အသုံးမပြုထား​ဘူးလေ.. ဘယ်လိုလုပ်ပြီး ကျနော်တို့ အတန်းဖော် ဝမ်လင်းကို စွပ်စွဲရဲတာလဲ”

အဘွားသုန်သာ သာမန်အဘိုးကြီး၊ အဘွားကြီး ဖြစ်နေခဲ့လျှင် ကော်ဟောက်၏ အော်သံကြောင့် လန့်ဖျပ်နေပေလိမ့်မည်။

သို့ရာတွင် အဘွားသုန်က ပန်စီဂိုဏ်း၏ အကြီးအကဲ ဖြစ်သောကြောင့် ဟန်အမူအရာ မပျက်ခဲ့ပေ။

အဘွားသုန်၏ တည်ငြိမ်နေသော အမူအရာကြောင့် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများ သဘောပေါက်သွားကြသည်။

ဤအဘွားအို၏ အမူအရာက ပန်စီ ဒုစရိုက်မှု များစွာကို ဆင်နွှဲဖူးသော အတွေ့အကြုံ ရင့်သူမှန်း သိသာနေသည်။

ကော်ဟောက်၏ ချက်ကျလက်ကျ မေးခွန်းကြောင့် အဘွားသုန်က အားပျက်သော လေသံဖြင့် ဝမ်လင်းကို လက်ညှိုးထိုးပြလိုက်သည်။

“သူ.. သူက ငါ့ကို စိတ်ဝိညာဉ်စွမ်းအားနဲ့ ဖိအားသုံးပြီး နှိပ်စက်ခဲ့တယ်”

“……….”

“စိတ်ဝိညာဉ်စွမ်းအားလား”

“အို့ ဒါက ပန်စီဂိုဏ်းက အသစ်ထွင်လိုက်တဲ့ ငွေညှစ်နည်း အသစ်ပဲ ဖြစ်ရမယ်”

ကော်ဟောက်က တအံ့တသြ ရေရွတ်လိုက်ပြီး သူ့နဖူးကိုသူ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဂျင်းက ရင့်လေ အနံ့ပိုပြင်းလေ ဆိုတဲ့ စကားက အမှန်ပင်။

ဤကဲ့သို့ နည်းဗျူဟာ အသစ်ကို အဘွားအိုတစ်ဦးက အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။

“ငါတို့တွေ ရဲခေါ်ကြမလား”

လင်းရှောင်ယုက ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်သည်။

“ရဲခေါ်မယ် ဟုတ်လား”

အဘွားသုန် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“ငါတို့ ပန်စီဂိုဏ်းမှာ အဖွဲ့ဝင် ဘယ်နှစ်ယောက်ရှိလဲ မင်းတို့သိလား.. မင်းတို့ သူငယ်ချင်းသာ လိမ်လိမ်မာမာနဲ့ ငွေပေးမယ် ဆိုရင် ဒီကိစ္စကို လျော်ပေးလိုက်မယ်”

“ဒါဆိုရင် အဘွား ဘယ်လောက်လိုချင်လဲ”

စွန်းရုံ သက်ပြင်းချလိုက်သည်။

ပိုက်ဆံဖြင့် ဖြေရှင်းနိုင်သမျှ သူမ အတွက်တော့ ပြဿနာ မဟုတ်ပေ။

အဘွားအိုက လက်ငါးချောင်း ထောင်ပြလိုက်သည်။

“အများကြီး မလိုပါဘူး.. ငါးသန်းလောက်ပါပဲ”

“ငါးသန်းလား”

ဤငွေကြေးပမာဏက စွန်းရုံအတွက် အများကြီး မဟုတ်သော်လည်း ယခုအချိန်တွင် သူမ လက်ထဲ၌ ထိုမျှလောက် ငွေပမာဏ မရှိပေ။

အဘွားအိုက သူတို့ကို ငွေညှစ်ချင်ရုံတင် မဟုတ်ဘဲ တမင်တကာ ပြဿနာ ရှာနေမှန်း သိလိုက်သည်။

“ဘာလို့ ဓားပြ သွားမတိုက်တာလဲ”

ချန်းချောင်က သည်းမခံနိုင်၍ ဝင်ပြောလိုက်သည်။

ထိုစကားကို ပြောပြီးမှ သူစကား မှားသွားကြောင်း သတိရလိုက်သည်။

အဘွားအိုက အမှန်တကယ် ဓားပြတိုက်နေခြင်း ဖြစ်သည်။

အဘွားအိုက ဝမ်လင်းကို ထပ်မံ လက်ညိုးထိုးကာ ပြောလိုက်သည်။

“ငါက ဒီကောင်လေး ဆီကပဲ လိုချင်တာနော်.. တခြားသူ စိုက်ပေးတာမျိုး မလိုချင်ဘူး.. ဟင်းဟင်း.. ငါတို့ ပန်စီအဖွဲ့ဝင်တွေက ကြေးစား ငွေညှစ်သူဆိုတာ မမေ့လိုက်နဲ့”

“ရဲခေါ်ပြီး အဘွားအိုကို ထောင်ထဲ ပို့လိုက်ရအောင်.. အဲဒါဆိုရင် ပြဿနာ အေးပြီ”

ကော်ဟောက်က အဘွားအို၏ အမူအရာကို အသည်းပေါက်လာပြီး ဒေါသတကြီး ပြောလိုက်သည်။

“ဟား ဟား ငါ့ကို ထောင်ထဲ ပို့ချင်တာလား.. သတ္တိရှိရင် လုပ်လိုက်လေ”

အဘွားအိုက သူတို့လူစုကို လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

“ဒါနဲ့ ငါ့ကို ထောင်ထဲပို့မဲ့ အကြောင်းပြချက်လေး ပြောပြလို့ ရမလား”

ထိုစကားကြောင့် ကော်ဟောက်က မျက်လုံးပြူးသွားသော်လည်း စကားကြွယ်သူပီပီ ချက်ကျလက်ကျ ပြောလိုက်သည်။

“ခင်ဗျားက ကျွန်တော့်သူငယ်ချင်းရဲ့ ဘောင်းဘီကို လာဆောင့်ဆွဲတာလေ.. ယောက်ျားနဲ့ မိန်းမက တစ်ယောက်နဲ့ တစ်ယောက် တရင်းတနှီး ထိတွေ့ခွင့် မရှိဘူးဆိုတာ မသိဘူးလား.. ခင်ဗျားက အိုနေပြီ ဆိုပေမဲ့ မိန်းမလို့တော့ သတ်မှတ်လို့ရသေးတာပဲလေ.. ပြောရရင် ခင်ဗျားရဲ့ အပြုအမူက ကလေးသူငယ် မဖွယ်မရာ လုပ်တယ်လို့ ယူဆလို့ရတယ်.. ကျင့်ကြံခြင်း တရားရုံးကို ရောက်သွားရင် ဒါက ပြင်းထန်တဲ့ ပြစ်မှုပဲ”

ဝမ်လင်း “……..…”

“……..…”

အဘွားသုန်၏ နှုတ်ခမ်းထောင့်များ မဲ့ရွဲသွားသည်။

ကလေးသူငယ် မဖွယ်မရာ လုပ်တယ် ဟုတ်လား။

အရပ် ၁.၈မီတာ ရှိတဲ့သူက ကလေးရော ဟုတ်လို့လား။

ဒါမှမဟုတ် ဧရာမ ကလေးလား။

အဘွားသုန်က ကော်ဟောက်၏ စကားကို ကြားလျှင် ဒေါသထွက်ပြီး ထပ်မံ ခြိမ်းခြောက်လိုက်၏။

“နင်တို့တွေ ငါ့ကို ရဲစခန်း ပို့ရင်တောင် ၂ရက်ကြာရင် ငါပြန်လွတ်လာမှာပဲ.. ဒါပေမဲ့ မင်းတို့ သတိထားနေနော်.. ငါတို့ ပန်စီဂိုဏ်းက နေရာတိုင်းမှာ ရှိတယ်.. မင်းတို့သူငယ်ချင်းက ငွေပေးလိုက်ရင် ငါ ဘာပြဿနာမှ ထပ်မရှာဘူး.. အေး.. မပေးရင်တော့ ငါတို့ ခေါင်းဆောင် ကိုယ်တိုင် အကြွေးလာတောင်းလိမ့်မယ်”

“နင်က ငါတို့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ”

စွန်းရုံက အဘွားသုန်ကို မကျေမနပ် ကြည့်လိုက်သည်။

အကျိုးသင့် အကြောင်းသင့် မစဉ်းစားတတ်သောသူကို ပထမဆုံး အကြိမ် သူမ မြင်တွေ့ဖူးခြင်း ဖြစ်သည်။

“ငါ ဘယ်သူလဲ သိရဲ့လား..”

သို့သော် သူမ၏စကား မဆုံးမီ ဝမ်လင်းက အဘွားကြီးရှေ့သို့ လျှောက်သွားလိုက်သည်။

ထိုအခိုက်အတန့်တွင် ဝမ်လင်းက အဘွားသုန်၏ မှတ်ဉာဏ်ကို ရှင်းရှင်းလင်းလင်း ဖတ်ရှုနိုင်ခဲ့သည်။

ထို့နောက်တွင် အဘွားအိုကို လျန့်ဝေတို့ အဖွဲ့က သူ့ကို ပစ်မှတ်ထားရန် အတွက် ငှားရမ်းခဲ့မှန်း သိလိုက်ရသည်။

ဝမ်လင်းက တခြားသူများနှင့် ရောရောနှောနှော နေလိုသော ဆန္ဒ မရှိခဲ့ပေ။

သို့သော် အဆုံးသတ်တွင် သူက ထျန်းကျင်းဇီတို့ တစ်အုပ်စုလုံးကို ပညာပေးဖို့ နည်းလမ်း တစ်ရာလောက် ကြိုတွေးထားလိုက်သည်။

အပိုင်း(၃၆)ပြီး၏။

အပိုင်း(၃၇) ဖြောင့်မတ်သော စကား နှစ်ဆယ့်လေးခွန်း

လူ့အဖွဲ့အစည်းထဲရှိ လူဆိုးများသည် သူတို့၏ ကိုယ်ကျိုးအတွက် စာနာထောက်ထားမှုများ ရရှိစေရန် အားနည်းသူများ အသွင် ဟန်ဆောင်လေ့ ရှိကြသည်။

အဘွားသုန်ကလည်း ၎င်းတို့ထဲမှ တစ်ဦး ဖြစ်သည်မှာ သိသာ ထင်ရှားသည်။

ဝမ်လင်းတွင် အဘွားသုန်ကို ဖြေရှင်းနိုင်သော နည်းလမ်းမျိုးစုံရှိသည်။

ဝမ်လင်း၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် ဆိုလျှင် ခြေတစ်ဖက်တည်းဖြင့် မျက်စိတစ်မှတ် အတွင်း အဘွားအိုကို လေထုထဲသို့ ပို့ပေးနိုင်သည်။

ဆန္ဒရှိလျှင် အာကာသ အပြင်ဘက်ထိတိုင် မကဘဲ နဂါးငွေ့တန်းထိ ကန်ထုတ်နိုင်၏။

အဘွားအိုကို တစ်ဘဝလုံး နေမင်းကြီးနှင့် ယှဥ်တွဲ နေထိုင်ခိုင်း၍လည်း ရပါသေးသည်။

ထို့အပြင် ကောင်းကင်မျက်လုံးနှင့် အတွင်းမီးလျှံ ဆင့်ခေါ်ခြင်း နည်းစနစ်ကို သုံးပြီး ပြာမှုန်ဘဝသို့လည်း ပြောင်းပေးနိုင်၏။

သို့ရာတွင် ဝမ်လင်းက ပြဿနာ မရှာချင်ပေ။

လူ့အသက်ကို အမှိုက်သရိုက် ကဲ့သို့ သဘောထားသော အရိပ်လုပ်ကြံသူများ မှလွဲ၍ ဝမ်လင်းက တခြားသူများကို ကိုယ်တိုင်ကိုယ်ကျ သတ်မည့် အတွေး မရှိခဲ့ပေ။

ငယ်စဥ်ကတည်းက ကျောင်းသားက ကျောင်းသားလိုသာ ပြုမူနေထိုင်သင့်ပြီး စာလေ့လာမှုကိုသာ အာရုံစိုက်သင့်သည်ဟု မိဘနှစ်ပါးက သူ့ကို ဆုံးမ သွန်သင်ခဲ့သည်။

အရေးကြီးဆုံး အချက် အနေဖြင့် သူက ကျင့်ကြံခြင်း စည်းမျဉ်းများကို လိုက်နာရပေမည်။

ဤခေတ်က သိပ္ပံကျင့်ကြံခြင်းခေတ် ဖြစ်သောကြောင့် သတ်ဖြတ်ခြင်းသည် အရာအားလုံးကို မဖြေရှင်းနိုင်ပေ။

………………..

အဆုံးသတ်တွင် အဘွားသုန်က လေးလံသော အိတ်တစ်လုံးကိုသယ်ကာ ထွက်ခွာသွားသည်။

သူမ၏ နှလုံးသားက ကျေနပ်မှုအပြည့် ဖြစ်နေသည်။

“အခုခေတ် လူငယ်တွေက ဒီလောက်အထိ ရက်ရောမယ်လို့ ထင်တောင် မထင်ထားမိဘူး..”

သူမက ရွှင်မြူးစွာဖြင့် စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ယွမ်ငါးသန်း…

သူမ ပန်စီ လုပ်လာသည့် ဆယ်နှစ်ကျော် သက်တမ်း အတွင်း ယခုတစ်ခေါက်လောက် တစ်ခါမှ မရိတ်သိမ်းခဲ့ဖူးပေ။

ဝမ်လင်းက အဘွားသုန် ထွက်ခွာသွားသော မြင်ကွင်းကို ထူးမခြားနား အမူအရာဖြင့် စောင့်ကြည့်နေသည်။

ပန်စီဂိုဏ်းက ရင်ဆိုင်ရ ခက်ခဲပုံရသော်လည်း အဆုံးသတ်တွင် သူ၏ ကြီးမြတ်သော ဖန်ဆင်းရှင် မန္တန်ကို မယှဥ်နိုင်ခဲ့ပေ။

အဘွားသုန်က ငွေအပြည့် ထည့်ထားသော အိတ်ကြီးဖြင့် ပြန်သွားရသည်ဟု တွေးထင်ထားသော်လည်း တကယ်တမ်းတွင် ကျောက်ခဲများကို သယ်ဆောင်သွားခြင်း ဖြစ်သည်။

ဝမ်လင်းက ပြဿနာကို သိုသိုသိပ်သိပ် ဖြေရှင်းခဲ့သည်။

ဆိုရလျှင် သူက ဤပြဿနာကို မှော်စွမ်းအား အသုံးပြု၍ ဖြေရှင်းခဲ့ခြင်းပင်။

ဝမ်လင်း၏ ရည်ရွယ်ချက်က တတ်နိုင်သမျှ အကြမ်းဖက်ခြင်းကို ရှောင်ရှားရန် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ သူသာ တကယ် တိုက်ခိုက်ခဲ့လျှင် မြို့ပျက်စီးသွားနိုင်ပြီး အဆိုးရွားဆုံး အနေဖြင့် ကမ္ဘာပျက်သွားနိုင်သည်။

ဤသည်ကား ဝမ်လင်း မြင်ချင်သော အခြေအနေ မဟုတ်ပေ။

ဤတစ်ကြိမ်တွင် ဝမ်လင်းက မှော်စွမ်းအား နှစ်မျိုးကို အသုံးပြုခဲ့သည်။

ပထမတစ်မျိုးမှာ ကြီးမြတ်သော ဖန်ဆင်းရှင် မန္တန် ဖြစ်သည်။

ထိုမန္တန်ကို သူက အဘွားသုန် အပေါ် သက်ရောက်စေခဲ့သည်။

ဒုတိယတစ်မျိုးမှာ မဟာစစ်မှန်ခြင်း မှော်မန္တန် ဖြစ်ပြီး အတွေးအခေါ် အယူအဆဟောင်းများကို ဖယ်ရှားပေးနိုင်သော အစွမ်း ရှိသည်။

ထိုမန္တန်ကိုမူ အဘွားသုန် သယ်သွားသော ကျောက်ခဲများ အပေါ်တွင် အသုံးပြုထားခြင်း ဖြစ်၏။

အဘွားသုန်က ကျောက်ခဲများကို သယ်၍ ပန်စီဂိုဏ်းသို့ ပြန်ရောက်သည်နှင့် ကျောက်ခဲတွင် စီရင်ထားသော မန္တန်အစွမ်းက စတင် အသက်ဝင်လာမည် ဖြစ်သည်။

စည်းစိမ်ချမ်းသာ၊ ဒီမိုကရေစီ၊ လူ့အဖွဲ့အစည်း၊ သဟဇာတဖြစ်မှု၊ လွတ်လပ်မှု၊ သာတူညီမျှရှိမှု၊ တရားမျှတမှု၊ တရားဥပဒေ စိုးမိုးရေး၊ မျိုးချစ်စိတ်၊ သမာဓိ၊ ချစ်ကြည်ရင်းနှီးမှု အစရှိသည့် ဖြောင့်မတ်သော စကား နှစ်ဆယ့်လေးခွန်းက အချိန်ကျသည်နှင့် ပန်စီဂိုဏ်း တစ်ဖွဲ့လုံး၏ စိတ်ဝိညာဉ်ထဲသို့ ကိန်းအောင်းသွားမည် ဖြစ်၏။

အဘွားသုန်၏ နောက်ကျောကို ပျောက်ကွယ်သွားသည် အထိ ငေးကြည့်ရင်း ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

“သက်ရှိတွေ ကြားထဲမှာ သိုသိုသိပ်သိပ် နေနိုင်ဖို့က တကယ်မလွယ်ဘူးပဲ”

……………..

“အမ်.. အဘွားကြီးက ဘယ်လိုဖြစ်တာလဲ.. ရူးများရူးသွားတာလား.. ကျောက်တုံးတွေ သယ်ပြီး ဘာလို့ ပြန်သွားတာလဲ”

ထိုမြင်ကွင်းက ဝမ်လင်း၏ အပေါင်းအဖော်များကို အနည်းငယ် ဝေခွဲမရ ဖြစ်စေခဲ့သည်။

“အဘွားကြီးမှာ စိတ်ကစဉ့်ကလျား ရောဂါများ ရှိနေတာလား မသိဘူး”

လင်းရှောင်ယုက လေးနက်သော အမူအရာဖြင့် ဆန်းစစ် ဝေဖန်လိုက်သည်။

စွန်းရုံကလည်း ခေါင်းခါယမ်း၍ ပြောလိုက်သည်။

“သက်ကြီးရွယ်အိုတွေသာ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်နေလို့ ရှိရင် သည်းထိတ်ရင်ဖို ခံစားချက် အတွက်နဲ့ ဘယ်သူက ပန်စီကို လုပ်နေဦးမှာလဲ”

စိတ်အားထက်သန်စွာ ဆွေးနွေးပြီးနောက် ဤပြဿနာက နောက်ဆုံးတွင် နိဂုံးချုပ်သွားသည်။

…………..

ကျောင်းတက်ရက် တတိယအပတ် ဗုဒ္ဓဟူးနေ့ နံနက် ၈နာရီ…

လျန့်ဝေက ကျောင်းသားသမဂ္ဂ ရုံးခန်းကို ဖူးယောင်နေသော မျက်နှာဖြင့် ရောက်လာသည်။

အကြောင်းရင်းမှာ ဖန်စီဂိုဏ်း၏ သက်ကြီးရွယ်အိုများက သူ့ကို ဝိုင်းရိုက်ခဲ့၍ ဖြစ်သည်။

ထျန်းကျင်းဇီ ကိုယ်တိုင်ပင် သူ့ကို မြင်မြင်ချင်း မမှတ်မိခဲ့ပေ။

“ကျောင်းသား.. မင်း ဘယ်သူ့ကို လာရှာတာလဲ”

လျန့်ဝေ “…….…”

ဖန်ဟွာချင်းက မျက်မှန်ကို ပင့်တင်၍ ကြည့်လိုက်သည်။

လျန့်ဝေ၏ မျက်နှာက ဖူးယောင်နေသော်လည်း ကြီးမားသော နှုတ်ခမ်းကို သူမှတ်မိနေပါသေးသည်။

“မင်း ဘယ်လိုဖြစ်လာတာလဲ”

လျန့်ဝေက မျက်နှာကို လက်ဖြင့် ကွယ်၍ ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။

သူက မခံမရပ်နိုင်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။

“ငါ အရိုက်ခံခဲ့ရတယ်”

“ဘယ်လိုဖြစ်ရတာလဲ”

ထျန်းကျင်းဇီ မေးမြန်းလိုက်သည်။

လျန့်ဝေက မနက်ခင်း သတင်းစာကို ထုတ်ယူလိုက်ပြီး စားပွဲခုံပေါ် ပစ်တင်လိုက်သည်။

ထို့နောက် ထျန်းကျင်းဇီက သတင်းစာကို ယူ၍ ကြည့်လိုက်ရာ ခေါင်းစည်းပိုင်းတွင် ထင်ရှားသော စာလုံး အမည်းကြီးကို တွေ့ရသည်။

“မနေ့ညတုန်းက ပန်စီဂိုဏ်းမှာ ပုန်ကန်မှု ဖြစ်သွားခဲ့တယ်.. ဒါ့အပြင် ပန်စီဂိုဏ်းဝင် သက်ကြီးရွယ်အို တွေက နယ်မြေခံ ရဲစခန်းမှာ လက်နက်ချပြီး ကျင့်ကြံခြင်း စည်းမျဉ်းတွေကို ချီးမွမ်းစကား ပြောခဲ့ကြတယ်”

“………..”

ထျန်းကျင်းဇီ၏ နှုတ်ခမ်းထောင့် မဲ့ရွဲ့သွားသည်။

မည်သို့သော ရူးသွပ်မှုမျိုးက ဤသက်ကြီးရွယ်အိုများကို ဖမ်းစားသွားလည်း သူမသိခဲ့ပေ။

အဘွားသုန်၏ ဦးဆောင်မှုအောက်တွင် ဖေးယန်ခရိုင် ဌာနခွဲရှိ ပန်စီဂိုဏ်းမှာ ညတွင်းချင်း အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်။

ဆိုရလျှင် ဖေးယန်ခရိုင် ဌာနခွဲရှိ ပန်စီ တစ်ဂိုဏ်းလုံးမှာ ပန်စီဂိုဏ်းမှ ခွဲထွက်ပြီး အဘွားသုန်၏ ဦးဆောင်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။

ထို့ပြင် အဖွဲ့၏ အမည်ကိုလည်း “အထွေထွေ ညီညွတ်ရေး စီမံခြင်း အဖွဲ့”ဟု အမည် ပြောင်းလဲခဲ့သည်။

အဘွားသုန်ကို ငှားရမ်းခဲ့သော လျန့်ဝေက ယနေ့ နံနက်ခင်းတွင် အဘွားသုန် နှင့် တွေ့ဆုံရန် ချိန်းဆိုထားသည်။

သူက အလုပ်ရှင် အနေဖြင့် ရလဒ်ကို ကိုယ်တိုင် စစ်ဆေးလိုသောကြောင့် တွေ့ဆုံရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။

သို့ရာတွင် အဘွားသုန်က သန်မာကြံ့ခိုင်သော အဘိုးကြီး အုပ်စုကို ဦးဆောင်ပြီး သူနှင့် လာတွေ့လိမ့်မည်ဟု လျန့်ဝေ မမျှော်လင့်ခဲ့ပေ။

ထိုထက်ပို၍ ထူးဆန်းနေသည်မှာ အဘွားသုန်၏ စိတ်နေသဘောထားက တစ်ညတည်းဖြင့် လုံးဝ ပြောင်းလဲသွားခြင်းပင်။

သူမက “ညီညွတ်ရေး”ဟု ရေးထိုးထားသော အနီရောင်လက်ပတ်ကို လက်မောင်းပေါ်တွင် ဝတ်ဆင်ထားသည်။

အဘွားသုန်က လျန့်ဝေကို ခက်ထန်သော အကြည့်ဖြင့် မကျေမနပ် ကြည့်ရှုကာ ဖြောင့်မတ်သော စကား၂၄ခွန်းကို ရွတ်ပြလိုက်သည်။

လျန့်ဝေက အဘွားအို ပြောခဲ့သော စကားတိုင်းကို မမှတ်မိနိုင်ပေ။

အဘွားအိုသုန်က ထိုမျှနှင့် မပြီးသေးချေ။

စကား ၂၄ခွန်းကို ရေရွတ်ပြီးနောက် အနီရောင်စာအုပ်ကို ထုတ်ကာ ကျယ်လောင်စွာ ရေရွတ်လိုက်သည်။

“ကျောင်းသားလျန့်ဝေက ပန်စီဂိုဏ်းကို ဒုစရိုက်မှု ကျူးလွန်ဖို့ ငှားရမ်းပြီး နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်.. ဒါကြောင့်မို့ ငါတို့အဖွဲ့က ပြည်သူ့ကိုယ်စား သူ့ကို အပြစ်ပေးမယ်”

သူမ စကားဆုံးသည်နှင့် အဘိုးကြီး အုပ်စုက လျန့်ဝေကို ဝိုင်းရံလိုက်ကြသည်။

အဘွားသုန်က သာမန်လူသာ ဖြစ်သော်လည်း ပန်စီဂိုဏ်းတွင် တခြားကျင့်ကြံသူ မရှိသည့် သဘော မဟုတ်ပေ။

အဘွားအိုသုန် တစ်ဦးတည်း ဆိုလျှင် လျန့်ဝေ ရင်ဆိုင်နိုင်သော်လည်း အခြေတည် အဆင့် ကျင့်ကြံသူ အဘိုးကြီး ရှစ်ဦးကို သူဘယ်လိုမှ အံမတုနိုင်ခဲ့ပေ။

အဘိုးအို ၈ဦးက သူ့ကို “ကယ်ပါဦး”ဟုပင် အော်ဟစ်အကူအညီ တောင်းခွင့် မပေးဘဲ အညှာအတာ ကင်းမဲ့စွာ အနိုင်ကျင့်ခဲ့သည်။

ထို့ကြောင့် သူက ဖောင်းကားနေသော မျက်နှာနှင့် နှာခေါင်းသွေးလျှံကာ ကျောင်းသို့ ရောက်လာခဲ့ခြင်းပင်။

ထျန်းကျင်းဇီ “……….”

ဖန်ဟွာချင်း “……..…”

သူတို့ ကြုံတွေ့နေရသော အခြေအနေများက အနည်းငယ် အံ့သြစရာ ကောင်းသည်ဟု ထျန်းကျင်းဇီနှင့် ဖန်ဟွာချင်းတို့က ခံစားနေမိသည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ လူတစ်စု ရောက်လာတည်းက ပြဿနာ ဆက်တိုက် ကြုံခဲ့ရ၏။

ခေါင်းကြောမာသော အဘိုးကြီး၊ အဘွားကြီးများက တစ်ညတည်းဖြင့် မှန်ကန် ဖြောင့်မတ်သူများ ဖြစ်သွားခဲ့ကြသည်။

“ချီးပဲ.. သူတို့က ငါတို့ကို ဘယ်လိုတွေ ကစားနေတာလဲ”

ထျန်းကျင်းဇီ၏ နှလုံးသားက လက်ရှိ အခြေအနေတွင် ရှုပ်ထွေးနေသည်။

သူတို့က ပြိုင်ဘက်ဖြစ်သည့် အမှတ်၆၀ အထက်တန်းကျောင်းကို အရှက်ခွဲရန် ကြိုးစားသော်လည်း တန်ပြန် အရှက်ခွဲခံခဲ့ရသည်။

သူ၏ လက်စားချေသည့် အစီအစဉ်ကလည်း လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအား အောက်တွင် ပြိုလဲသွားခဲ့သည်။

သူတို့က အိမ်ရှင်ဖြစ်သော်လည်း ဧည့်သည် ဖြစ်သည့် အမှတ်၆၀ ကျောင်းကို ထပ်ခါတစ်လဲလဲ ရှုံးနိမ့်ခဲ့ရ၏။

ထျန်းကျင်းဇီက ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ရင်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

“အခုလိုတွေ ကြုံနေရပြီ ဆိုတော့ စီနီယာဟဲ​ကို အကူအညီ တောင်းသင့်နေပြီလို့ ငါ ထင်တယ်”

“စီနီယာဟဲလား”

စီနီယာဟဲ ဟူသော အမည်ကို ကြားသည်နှင့် ဖန်ဟွာချင်း နှင့် လျန့်ဝေတို့ ချက်ချင်း သဘောပေါက်သွားသည်။

လက်ရှိအခြေအနေတွင် စီနီယာဟဲ​ကို အကူအညီတောင်းမှသာ အမှတ်၅၉ အထက်တန်းကျောင်းက အနိုင်ရရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပါလား။

…………………..

ကျောင်းတိုင်းလိုလိုတွင် ဆိုးသွမ်းသော ကျောင်းသား အနည်းဆုံး တစ်ဦး၊ နှစ်ဦးခန့် ရှိကြသည်။

အမှတ် ၆၀ အထက်တန်းကျောင်းတွင်လည်း ဆိုးသွမ်းသော ကျောင်းသား တစ်ဦး ရှိရာ အမှတ် ၅၉ အထက်တန်းကျောင်းတွင်လည်း မရှိစရာ အကြောင်းမရှိပေ။

ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲ အဆုံးသတ်ရန် နှစ်ရက်သာ ကျန်တော့သည်။

ထျန်းကျင်းဇီ၏ အမှတ်၆၀ အထက်တန်းကျောင်းကို အရှက်ခွဲသော အစီအစဉ်က ကျရှုံးခဲ့ပြီး ရလဒ်က ပြောင်းပြန် ဖြစ်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ရက်ကျန်သေး၍ သိက္ခာဆယ်ရန် အခွင့်အရေး ရှိပါသေးသည်။

စီနီယာ ဟဲပီဖုန်း…

ထိုအမည်က “မုန်တိုင်းမရှိဘဲ လေထန်သည်”ဟု အဓိပ္ပါယ်ရသည်။

စီနီယာဟဲပီဖုန်းမှာ အမည်နှင့် လိုက်ဖက်စွာပင် ဆိုးသွမ်းသော ကျောင်းသားတစ်ယောက် ဖြစ်၏။

နံနက်ခင်း အချိန်တွင် ထျန်းကျင်းဇီက ဆိုးသွမ်းသော စီနီယာ ဟဲပီဖုန်းကို ဖုန်းဖြင့် ဆက်သွယ်လိုက်သည်။

ထျန်းကျင်းဇီက စီနီယာဟဲ၏ သမိုင်းကြောင်းကို အမှန်တကယ် မသိခဲ့ပေ။

စီနီယာ ဟဲပီဖုန်း၏ ကုတ်နံပါတ် ၈၈၂၃ကိုသာ သိသည်။

ဤနံပါတ်က ကျောင်းဝင်နံပါတ်ကို ကိုယ်စားပြုခြင်း မဟုတ်ပေ။

စီနီယာဟဲ၏ သုံးနှစ်တာ ရမှတ်ပေါင်း ဖြစ်သည်။

အမှတ်၅၉ အထက်တန်းကျောင်းတွင် အနိမ့်ဆုံး ရမှတ် ဖြစ်ပြီး သူ့ကို ယှဉ်နိုင်သူ မရှိပေ။

ထို့ကြောင့်လည်း စီနီယာ ဟဲပီဖုန်းက Grade3 အတန်းကို ထပ်တလဲလဲ တက်နေရခြင်း ဖြစ်သည်။

စာသင်ဆောင် ဒုတိယထပ်၏ ယောက်ျားလေး သန့်စင်ခန်းသည် ဆိုးသွမ်းသော စီနီယာ၏ ပိုင်နက် ဖြစ်သည်။

စည်းမျဉ်းသိသော ကျောင်းသားများက သန့်စင်ခန်းထဲ ကိုယ့်သဘောနှင့်ကိုယ် မဝင်ရဲကြချေ။

သို့မဟုတ်လျှင် စီနီယာဟဲက သူတို့မျက်နှာကို အိမ်သာရေဖြင့် ဆေးကြောပေးလိမ့်မည် မဟုတ်ပါလား။

စီနီယာ ဟဲပီဖုန်း၏ အနိုင့်ကျင့်မှုများကြောင့် ကျောင်းသားသမဂ္ဂ‌ ဥက္ကဋ္ဌ ထျန်းကျင်းဇီက တိုင်ကြားစာများကို လက်ခံရရှိသော်လည်း တခြားဆရာများ နည်းတူ မသိချင်ယောင် ဆောင်ထားပေးခဲ့သည်။

အကြောင်းရင်းမှာ ဟဲပီဖုန်း၏ အဘိုးက အမှတ်၅၉ အထက်တန်းကျောင်းကို ထောက်ပံ့ထားသည့် ယီးထိပ် အရေပြား ဖြတ်သော ဆေးရုံမှ ဒါရိုက်တာ ဖြစ်နေသောကြောင့်ပင်။

ယင်းအတွက်ကြောင့် အမှတ်၅၉ အထက်တန်းကျောင်းက ဆိုးသွမ်းသော စီနီယာ ဟဲပီဖုန်းကို လျစ်လျူရှုထားပေးခြင်း ဖြစ်သည်။

“စီနီယာဟဲကို တွေ့ချင်တာ မင်းလား”

ထျန်းကျင်းဇီတို့ အဖွဲ့ ဒုတိယထပ်ကို တက်သွားသောအခါ စွပ်ကျယ် ဝတ်ထားသော လူငယ်က ဟန့်တား၍ မေးလိုက်သည်။

ထျန်းကျင်းဇီက ထိုလူငယ်၏ ဒီဇိုင်းကို တစ်ချက် ဖမ်းရှိုးလိုက်သည်။

လူငယ်က ၁.၇မီတာခန့် အရပ်ရှည်ပြီး ကျောင်းဝတ်စုံ အပေါ် အင်္ကျီကို ခါးတွင် ချည်နှောင်ထားသည်။

ထျန်းကျင်းဇီ၏ အာရုံကို အဖမ်းစားနိုင်ဆုံးမှာ လူငယ်၏ ၁၀စင်တီမီတာ ရှည်သော ဆံပင် ဖြစ်သည်။

“………..”

“စီနီယာနဲ့ အခုတွေ့ဖို့ အဆင်ပြေရဲ့လား”

ထျန်းကျင်းဇီက တခြားသူများကို အနိုင်ကျင့်ရာတွင် အလွန်ဆိုးရွားသော်လည်း ဆိုးသွမ်းသော စီနီယာ ဟဲပီဖုန်း အရှေ့တွင် သတိလက်လွှတ် မပြုမူရဲပေ။

ကလေကချေ လူငယ်က ဘေးဘက်က အမျိုးသား သန့်စင်ခန်းကို ညွှန်ပြကာ ခနဲ့ပြုံး ပြုံးလိုက်သည်။

“စီနီယာက အထဲမှာ မင်းကို စောင့်နေတာ အတော် ကြာပြီ.. ဝင်သွားလိုက်တော့”

ဟဲပီဖန်း၏ တပည့်တပန်း ဖြစ်ပုံရသော လူငယ်၏ သူတို့အပေါ် ဆက်ဆံပုံကြောင့် ထျန်းကျင်းဇီတို့က တအံ့တသြ ဖြစ်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။

သူကဲ့သို့ ကျောင်းသားသမဂ္ဂ ဥက္ကဌကို အဆင့်မရှိသည့် ကလေကချေကောင်က မခန့်လေးစား ပြုမူနေသည် မဟုတ်လော။

ထျန်းကျင်းဇီတို့ အဖွဲ့က အမျိုးသား အိမ်သာထဲ ဝင်ရောက်ခြင်းကို ကမ္ဘာသစ်တစ်ခုထဲ ဝင်ရောက်သကဲ့သို့ နက်နဲစွာ ခံစားနေရသည်။

အပိုင်း(၃၇) ပြီး၏။

အပိုင်း(၃၈) သမိုင်းဆရာ၏ စွမ်းရည် နှင့် လျှပ်စစ်ဝိညာဥ်ဓား

ကျောင်းသားများ အချင်းချင်း အတွေ့အကြုံဖလှယ်မှုတွင် ကျောင််းသားများ အပြန်အလှန် ဆွေးနွေးမှုက သေချာပေါက်ပါဝင်သော်လည်း ဆရာများကြား ဆွေးနွေးမှုကလည်း အရေးပါသည်။

နံနက်ခင်း ၈နာရီအချိန်ပင် မရောက်သေးသော်လည်း ဝါရင့်ဆရာသမား ဝမ်က အမှတ်၆၀ အထက်တန်းကျောင်း၏ ခေါင်းဆောင်ဆရာ အနေဖြင့် အစည်းအဝေး တက်ရောက်ရသည်။

ဝါရင့်ဆရာသမား ဝမ်က ခန်းမထဲမှ ဆရာ တစ်ယောက်ကိုမျှ မသိခဲ့ပေ။

တခြားဆရာများက သူ့အကြောင်း တတွတ်တွတ် ပြောနေသော အသံကို မပြတ်မသား ကြားနေရသည်။

၎င်းတို့က သမိုင်းသီအိုရီ ဘာသာရပ်ကို သင်ကြားသော ဆရာများမှာ စာကြမ်းပိုးများသာ ဖြစ်ပြီး သင်ကြားခြင်းမှ လွဲ၍ အရည်အချင်း မရှိသည့် ဆရာဟု ဝိုင်းဝန်း ပြောဆိုနေကြခြင်း ဖြစ်၏။

တကယ်တမ်း ထိုဆရာများမှာ ဆရာအနေနှင့်ရော.. ကျောင်းသားဘဝတုန်းကရော ဝေဖန်ခဲ့ကြသည်။

အထူးသဖြင့် ဓားပျံ နှင့် တာအိုအဆောင် ပညာရပ်ကို လေ့လာနေသော ကျောင်းသားများမှာ သမိုင်းသီအိုရီ ဘာသာရပ်ကို လေ့လာနေသော ကျောင်းသားများကို ရှုတ်ချကြလေ့ ရှိသည်။

ထိုကျောင်းသားများက သမိုင်းသီအိုရီ ကျောင်းသားများကို တုံးအပြီး အရည်အချင်း မရှိသူဟု ခံယူထားကြသည်။

ဝါရင့်ဆရာသမား ဝမ်က ဤအပြုအမူကို ခွဲခြားဆက်ဆံခြင်းဟု အမည်ပေးထားသည်။

ဝါရင့်ဆရာသမား ဝမ်က သူ့ကျောင်းသားဘဝကို တွေးမိပြီး သက်ပြင်းချမိသည်။

သူက အလွန်တည်ငြိမ်သောသူဟု ဆိုရမည်။

သူနှင့် ပတ်သက်သော အတင်းအဖျင်း များကို အတိုင်းသား ကြားနေရသော်လည်း မျက်နှာတစ်ချက်မှ မပျက်သွားခဲ့ပေ။

ဆိုရလျှင် သူ၏ ငယ်ရွယ်နုပျိုသော အချိန်များကို ပြန်သွားရန်လည်း မဖြစ်နိုင်တော့ပေ။

မနက်ခင်း အစည်းအဝေး၏ ဦးစားပေး ဆွေးနွေးမှုမှာ ပန်စီဂိုဏ်းခွဲ၏ ပြောင်းလဲမှု ဖြစ်သည်။

ဤပြဿနာက ဟိုးလေးတကြော် ဖြစ်သွားခဲ့သည်။

ပန်စီဂိုဏ်းခွဲက ဤနယ်မြေကို အုပ်ချုပ်သော ကျင့်ကြံခြင်းရဲဌာနကို အတော်ကလေး စိတ်ဒုက္ခပေးခဲ့သည်။

ယခုတော့ ပန်စီဂိုဏ်းခွဲက တစ်ညတည်းဖြင့် ပြောင်းလဲသွား၍ ဤသတင်းကို ကျောင်းရှိ ဆရာ၊ဆရာမများ နှင့် ကျောင်းသားများက ပြောဆိုနေကြခြင်း ဖြစ်သည်။

“ဆရာမတွေ အသံတိတ်ပေးပါ.. ပုံမှန်ကျင်းပတဲ့ အစည်းအဝေး တရားဝင် စတင်တော့ပါမယ်…”

အစည်းအဝေးကို တာဝန်ယူ ဆောင်ရွက်သောသူမှာ အမှတ်၅၉ အထက်တန်းကျောင်း၏ ဒါရိုက်တာရှဲ့ ဖြစ်သည်။

“အခုလို အားလုံးက အားရပါးရ ‌ဆွေးနွေးနေကြတော့ အားလုံးက အရေးကြီးသတင်းကို ကြားပြီးပြီ ထင်တယ်.. အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်.. ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ပြဿနာရှာချင်တဲ့ ပန်စီဂိုဏ်းသား တချို့ ရှိနေသေးပေမဲ့ ကျောင်းသားတွေ လိမ်လည်ခံရမှာကို စိုးရိမ်ဖို့ မလိုအပ်တော့ဘူး.. အခုလို အစည်းအဝေး ကျင်းပရတဲ့ အဓိက ရည်ရွယ််ချက်က အဘွားသုန် ဦးဆောင်တဲ့ ပန်စီဂိုဏ်းက အထွေထွေ ညီညွှတ်ရေး စီမံခြင်း အဖွဲ့အဖြစ် အသွင်ပြောင်းသွားတာကို ကြေညာပေးချင်လို့ပဲ”

ဒါရိုက်တာရှဲ့၏ စကားလုံးများက ဆရာအချင်းချင်း စိတ်အားထက်သန်စွာ ဆွေးနွေးရသော အကြောင်းအရာ ဖြစ်သွားပြန်သည်။

ဆရာများက သူတို့အမြင်ကို အချင်းချင်း ပြောဆိုကြသည်။

ဝါရင့်ဆရာသမား ဝမ်က တခြားကျောင်းမှ ဆရာများ၏ ထင်မြင်ချက်များကို လေးလေးနက်နက် နားထောင်ပေးနေသည့် မြင်ကွင်းကို ဒါရိုက်တာရှဲ့က သတိပြုမိလိုက်သည်။

ဆရာဝမ်က တခြားသူများ၏ စကားကို တိတ်တဆိတ် နားစွင့်ပြီး အေးအေးလူလူ ခေါင်းညိတ်လျက် ပြုံးနေသည်။

ဒါရိုက်တာရှဲ့က ဆရာဝမ်၏ အပြုအမူကို ကြည့်ပြီး ပူထူသော ခံစားချက်များ ဖြစ်ပေါ်လာသည်။

သူမက ထိုသို့ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို မသိခဲ့ပေ။

အဘွားသုန်တို့ အဖွဲ့က ညီညွတ်ရေးအဖွဲ့ အဖြစ် ပြောင်းလဲသွားခြင်းသည် အကျိုးရှိသော ဖြစ်တည်မှု ဖြစ်၍ အမှတ်၆၀ အထက်တန်းကျောင်းမှ ဆရာက ခေါင်းညိတ် ထောက်ခံနေခြင်းဟု သူမ ထင်မြင်မိသည်။

ယင်းအချိန်တွင် အမျိုးသား ဆရာတစ်ဦးက ဝင်ရောက်ဆွေးနွေးလိုက်သည်။

“ပန်စီဂိုဏ်းက အရင်တုန်းကဆိုရင် မကောင်းမှုတွေ အများကြီးကို ကျူးလွန်ခဲ့ပြီး လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးခဲ့သလို သူတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်က ကျောင်းသားနဲ့ ဆရာတွေကို ပြဿနာရှာလို့ ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာခဲ့ရတယ်.. အခုလို ညီညွှတ်ရေးအဖွဲ့ အဖြစ် ပြောင်းလဲလိုက်တော့ ပိုကောင်းသွားတာပေါ့.. သူတို့က ပန်စီဂိုဏ်းကိစ္စကို ဖြေရှင်းပေးပြီး လူမှုပတ်ဝန်းကျင်က ဆိုးရွားတဲ့ အပြုအမူတွေကို စောင့်ကြည့်ပေးမယ် ဆိုတော့ ဒါက ကောင်းသော ပြောင်းလဲခြင်းလို့ ကျွန်တော် ထင်တယ်”

အမျိုးသားဆရာ၏ စကားအဆုံးတွင် ဆရာမတစ်ဦးက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။

“ဘာတွေများ ကောင်းနေလို့လဲ.. သူတို့က တခြားနည်းလမ်းနဲ့ လူတွေကို လိုက်နှောင့်ယှက်နေတာပဲလေ.. ဒီမနက် အလုပ်လာတဲ့လမ်းမှာ မီးဝါ ဖြတ်လို့ ဆိုပြီး အဘွားကြီးတစ်ယောက်က ငါ့ကို အချိန်အကြာကြီး ဩဝါဒ ထခြွေခဲ့တယ်.. ဒီအဘွားကြီးကြောင့် ငါစီးလာတဲ့ ဝိညာဥ်ဓားက အားကုန်သွားခဲ့ပြီး အလုပ်နောက်ကျလု နီးပါး ဖြစ်ခဲ့ရတယ်”

သူမ ဘေးနားက ဆရာမက ချက်ချင်း အံ့သြသွားသည်။

“ဆရာမလင်းရဲ့ ဝိညာဉ်ဓားက လျှပ်စစ်အားကို သုံးတာလား”

“ဟုတ်တယ်လေ.. နောက်ပိုင်း ညဉ့်နက်တဲ့အထိ အိမ်စာတွေ စစ်ရတော့ အားအင်ကုန်ခမ်းသလို ခံစားရတယ်.. ငါ အသစ်ဝယ်ထားတဲ့ လျှပ်စစ်သုံး ဝိညာဉ်ဓားက တော်တော်ကောင်းတယ်.. ငါ့ စိတ်ဝိညာဉ်စွမ်းအားကို ချွေတာရာရောက်တယ်.. ဒါကြောင့်လည်း နေ့တိုင်း လန်းလန်းဆန်းဆန်းနဲ့ ကျောင်းလာနိုင်တာပေါ့”

ဆရာမက သူ့ဆံပင်ကို ဝင့်ကြွားစွာ သပ်လိုက်သည်။

“အရေးကြီးဆုံးကတော့ အားသွင်းဖို့ အချိန် ငါးမိနစ်ပဲ လိုအပ်တယ်.. တစ်ခါ အားသွင်းထားရင် ၂နာရီလောက် အသုံးခံတယ်.. ဒါကြောင့်မို့ လူတိုင်းကို သုံးကြည့်ဖို့ အပြည့်အဝ ထောက်ခံချင်တယ်”

“တကယ်လား.. အရမ်းမိုက်တာပေါ့.. အဲဒါကို ဘယ်နေရာက ဝယ်လာတာလဲ”

“ဒီဓားကို ထျန်းမြောင် နဲ့ ကျင်းရှီမှာ ဝယ်လို့ရတယ်”

“အရမ်းဈေးကြီးလား”

“ထျန်းမြောင်မှာဆိုရင် အကြွေးဝယ်ကတ်နဲ့ ဝယ်လို့ရတယ်။ ကျင်းရှီမှာဆိုရင် စာချုပ်မှာ ကတိလက်မှတ် ထိုးပြီး ဝယ်လို့ရတယ်.. ဒီစနစ်နှစ်မျိုးစလုံးက အရမ်းကို အသုံးဝင်တယ်”

“………..”

“အကြွေးဝယ်တာကိုများ အရှက်မရှိ ပြောနေကြတယ်လား”

ဒါရိုက်တာရှဲ့၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။

ဤလူတစ်စုက အပြင်လူ အရှေ့တွင် စကားကို လက်လွှတ်စပယ် ပြောဆိုနေ၏။

ယင်းမှာ မည်သို့သော အပြုအမူနည်း။

ဒါရိုက်တာ ရှဲ့ဟွိုက်ချွန်းက ဝါရင့်ဆရာသမားကို ဖျတ်ခနဲ ကြည့်လိုက်သည်။

သူမ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။

တခြားကျောင်းမှ ဆရာက ဘာမှ မပြော၍ ကံကောင်းသွားသည်။

သို့မဟုတ်လျှင် အရှက်ရဖွယ် ဖြစ်ရပ် ဖြစ်လာလိမ့်မည်။

ဒါရိုက်တာရှဲ့က သူမ၏ ဒေါသကို ထိန်းချုပ်ရန် ကြိုးစားပြီး တိုးညင်းသော အသံဖြင့် သတိပေးသည်။

“ဆရာတွေအားလုံး အာရုံစိုက်ကြပါ.. အဓိကလိုရင်းကို လွဲမသွားပါစေနဲ.. ဒါက ကျင့်ကြံခြင်း ကျောင်း၁၀၀ကို အုပ်ချုပ်တဲ့ ညွှန်ကြားရေးမှူးရဲ့ အမိန့်ပါ.. လူတိုင်း လေးလေးနက်နက် သဘောထားပေးဖို့ မျှော်လင့်ပါတယ်”

ညွှန်ကြားရေးမှူးတွင် အာဏာရှိနေသေး၍ ဒါရိုက်ရှဲ့၏ စကားသံကို ကြားပြီးနောက် ဆူညံနေသော ဆရာ၊ ဆရာမများမှာ ချက်ချင်း အသံတိတ်သွားသည်။

သူတို့က ဝါရင့်ဆရာသမား ဝမ်ကို ကျေးဇူးတင်သော အကြည့်ဖြင့် တစ်ပြိုင်နက်တည်း ကြည့်ကြသည်။

တခြားကျောင်းများမှ ဆရာ ရှိနေ၍ ဒါရိုက်တာရှဲ့က ယဉ်ယဉ်ကျေးကျေး ပြောဆို ဆက်ဆံလိမ့်မည် မဟုတ်လော။

ကျောင်းတွင်း ပုံမှန်အစည်းအဝေး ဖြစ်နေလျှင် ဒါရိုက်တာ့ရှဲက တခြားသူများကို အာဏာသုံး၍ ခြိမ်းခြောက်ရန် လိမ့်မည် ဖြစ်သည်။

ဝမ်လင်းတို့အဖွဲ့ အမှတ်၅၉ အထက်တန်းကျောင်းကို ခြေမချခင်က ကျောင်း၏ အပျက်စီးဆုံး ကျောင်းပိုင်ပစ္စည်းမှာ ဆရာများ အစည်းအဝေးခန်းရှိ စားပွဲခုံများ ဖြစ်သည်။

ဒါရိုက်တာရှဲ့က ဒေါသ မထိန်းချုပ်နိုင်တိုင်း စားပွဲခုံများကို ရိုက်ချိုးလေ့ ရှိသည်။

ယခုမြင်တွေ့နေရသော ထောင့်မှန်စတုဂံပုံ စားပွဲခုံမှာ လွန်ခဲ့သော ၂ရက်ကျော်ကမှ အသစ်ဝယ်ထားခြင်း ဖြစ်သည်။

အခြေအနေ တည်ငြိမ်သွားမှ ဒါရိုက်တာရှဲ့က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ထျန်းကျင်းဇီ ဦးဆောင် ကျင်းပသော ကျောင်းသားချင်း အတွေ့အကြုံ ဖလှယ်ပွဲက ဖရိုဖရဲ အခြေအနေကို ပြန်တွေးမိလျှင် ဒါရိုက်တာရှဲ၏ နှလုံးသားထဲ အကြောက်တရားများ ဖြစ်ပေါ်လာသည်။

လူတိုင်းတွင် စွန်းရုံလို သံလိုက်ကဲ့သို့ ဆွဲဆောင်နိုင်သော စွမ်းရည် မရှိခြင်းက ကံကောင်းသွားသည်။

ဝါရင့်ဆရာသမား ဝမ်က စွန်းရုံကို အံ့တုနိုင်သော စွမ်းရည် မရှိနိုင်ပေ။

သို့သော်လည်း ဝမ်လင်းက ဝါရင့်ဆရာသမား၏ ထူးကဲသော ကိုယ်ရည်ကိုယ်သွေးကို ခံစားမိသည်။

အမှတ်၅၉ အထက်တန်းကျောင်းသို့ ဆရာဝမ် ရောက်မလာခင်ကတည်းက ဒါရိုက်တာရှဲ့မှာ ဝတုတ် ကျောင်းဆရာ၏ နောက်ကြောင်းကို စုံစမ်းထားသည်။

ဝတုတ်ဆရာက အမှတ်၆၀ အထက်တန်းကျောင်းတွင် ဆရာအလုပ်ကို ၁၀စုနှစ်ကျော် လုပ်ကိုင်ခဲ့ပြီး နှစ်တိုင်း အသိအမှတ် ပြုခံရသော ဆရာ ဖြစ်ခဲ့သည်။

သူက ကျောင်းသားများ ရှေ့ရော နောက်ကွယ်တွင်ပါ သဘောထားပြည့်ဝသော ဆရာအဖြစ် နာမည်ကျော်ပြီး ကျောင်းသားများ၏ အာရုံကို ဆွဲဆောင်နိုင်သော စွမ်းရည်ရှိသည်။

တကယ်တမ်း အဓိက အကြောင်းအရင်းမှာ ကိုယ်ရည်ကိုယ်သွေးနှစ်မျိုးကို ပြောင်လဲနိုင်စွမ်း ရှိ၍ ဖြစ်သည်။

ပုံမှန်အားဖြင့် ကျောင်းသားများ အရှေ့ရောက်လျှင် အတင်းအဖျင်း ပြောသော ပုံစံမျိုးဖြင့် စတင်လေ့ရှိပြီး ကြင်နာဖော်ရွေတတ်သော အမူအရာများဖြင့် နေထိုင်လေ့ရှိသည်။

သို့သော် ဆရာများ၏ ပုံမှန်အစည်းအဝေး ရောက်လျှင်မူ လေးနက်တည်ငြိမ်သော အမူအရာ အဖြစ်သို့ ပြောင်းလဲသွားသည်။

အရိုးသားဆုံး ပြောရလျှင် ဝမ်လင်းက ဆရာဝမ်၏ ဒုတိယကိုယ်ရည်ကိုယ်သွေးကို ပို၍ သဘောကျသည်။

သူ နှစ်သက်သည့် သိုသိုသိပ်သိပ် နေထိုင်သော အပြုအမူများကို ဆရာဝမ်၏ ဒုတိယ ကိုယ်ရည်ကိုယ်သွေးမှ သင်ယူနိုင်သည် မဟုတ်လော။

သို့သော်လည်း ဤကဲ့သို့ ကိုယ်ရည်ကိုယ်သွေး ကွဲပြားခြားနားမှုကို မကြာခဏ မမြင်တွေ့ရပေ။

ယခုလိုမျိုး ခွဲခွဲခြားခြား သိနိုင်ခြင်းမှာ ဝါရင့်ဆရာသမား အဆောင်မှ ထွက်ခွာစဉ်က ကောင်းကင်မျက်လုံးကို အသုံးပြု၍ စူးစမ်းခဲ့ခြင်းကြောင့် ဖြစ်သည်။

……………..

နံနက်ခင်း လေညင်းလေးက ပြတင်းပေါက်မှ တဆင့် တိုက်ခတ်နေပြီး ဆရာဝမ်၏ ဖရဲသီးအရွယ် ဦးခေါင်းမှ သေသပ်စွာကျနသော ဆံမြိတ်ကို နှောင့်ယှက်နေသည်။

ဒါရိုက်တာရှဲ့က ‌တခဏမျှ ငေးကြည့်နေမိပြီး ဝတုတ်ဆရာက တစ်မျိုးလေး ချစ်စရာကောင်းသည်ဟု ခံစားမိသည်။

ဆရာ ဝမ်က ဒါရိုက်တာရှဲ့၏ ပုံရိပ် ထင်ဟပ်နေသော စားပွဲခုံ မျက်နှာပြင်ကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေသည်။

၎င်းမြင်ကွင်းကြောင့် ဒါရိုက်တာရှဲ့ အတွေးလွန်သွားသည်။

“သူက ငါ့အရိပ်ကို ဘာလို့ ကြည့်နေတာလဲ.. သူက ငါ့ကို စိတ်ဝင်စားနေတယ်လို့ မပြောနဲ့နော်..ငါ့ကို ကြိုက်နေတာများလား.. မဟုတ်ရင် ဘာလို့ ငါ့ကို စိုက်ကြည့်နေမှာလဲ”

“……….”

ဝါရင့်ဆရာသမား ဝမ်က စားပွဲခုံကို ငေးကြောင်ကြည့်နေသည်။

ဝမ်လင်းက သူ့ကို လှောင်ပြောင်နိုင်သော ခွန်အား ကင်းမဲ့နေသည်။

ဆရာဝမ်ကို တကယ်ပင် လေးစားမိသည်။

အစည်းအဝေး အခန်းထဲတွင် မည်သူက တခြားသူ၏ မျက်နှာကို မျက်တောင်မခတ်ဘဲ ငေးကြည့်ရဲမည်နည်း။

ဤသည်မှာ မယဉ်ကျေးသည့် သဘော သက်ရောက်နိုင်သည် မဟုတ်လော။

ဒါရိုက်တာရှဲ့ဟွိုက်ချွန်း၏ အပြုအမူကို ကြည့်ပြီး ဝမ်လင်း ဒွိဟ ဖြစ်သွားသည်။

ဤအပြုအမူက အဒေါ်ကြီးအရွယ် အပျိုကြီး၏ ချစ်စိတ်ဖူးပွင့်နေသော အခိုက်အတန့်လော။

“မဟုတ်သေးပါဘူး”

သူက တခြားနည်းလမ်းဖြင့် စဉ်းစားမိသည်။

ဝါရင့်ဆရာသမား ဝမ်က စွန်းရုံနှင့် ခြားနားသော တခြားစွမ်းရည်ကို ပိုင်ဆိုင်ထားပုံ ရသည်။

စွန်းရုံက အနီးအနားရှိ ဖြတ်သွားဖြတ်လာများကို ညှို့ယူနိုင်သော စွမ်းရည် ရှိသလို ဝါရင့်ဆရာသမားတွင်လည်း အဒေါ်ကြီးများကို ညှို့ယူဖမ်းစားနိုင်သော စူပါစွမ်းရည် ရှိပုံရသည်။

ဤသို့ဖြင့် ငါးမိနစ်ခန့် ကုန်လွန်သွားခဲ့သည်။

……………..

ဒါရိုက်တာရှဲ့က စကားတစ်ခွန်းမျှ မပြောဘဲ ဝါရင့်ဆရာသမား ဝမ်၏ မျက်နှာကို ငေးစိုက်ကြည့်လိုက်သည်။

သူမ အတော်လေး ရှက်ရွံ့နေ၏။

ဆရာဝမ်က စားပွဲခုံကို အချိန်အတော်ကြာအောင် ငေးစိုက်ကြည့်နေသောကြောင့် ရှက်သွေးဖြာလာခြင်း ဖြစ်သည်။

အမျိုးသားတစ်ယောက်က သူမကို အချိန်အတော်ကြာ ငေးကြည့်နေခြင်းကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။

လူတိုင်းက ဒါရိုက်တာရှဲ့၏ အကြည့်နောက်ကို လိုက်ပါကြည့်ရှုပြီး ဆရာ ဝမ်ကို တိတ်တဆိတ် ငေးကြည့်လိုက်ကြသည်။

အမြင်စူးရှသော ဆရာမ တချို့က ဒါရိုက်တာရှဲ့ ရှက်ကိုးရှက်ကန်း ဖြစ်နေခြင်းကို သတိပြုမိလိုက်သည်။

၁၀မိနစ်ခန့် ကုန်ဆုံးသွားပြန်သည်။

အပ်ကျသံပင် ကြားနိုင်သည်အထိ အသံက တိတ်ဆိတ်နေသည်။

ထို့နောက် မိနစ်၂၀ခန့် အချိန်ကုန်သွားသည်။

……………..

ဝမ်လင်း”………”

ဝါရင့်ဆရာသမား ဝမ်၏ ဆံပင်က လေညင်းနှင့် အပြိုင် လှုပ်ခတ်နေသည်။

သူက နူးညံ့ချိုသာသော မျက်ဝန်းအကြည့်ဖြင့် ဒါရိုက်တာရှဲ့ကိုကြည့်ကာ

“ဒါရိုက်တာရှဲ့.. ကျနော့်ကို မေးချင်တဲ့ မေးခွန်းများ ရှိသလား”

ဆရာဝမ်၏ ညို့ငင်နိုင်သော အသံက ဒါရိုက်တာရှဲ့ကို ရုတ်တရက် မှင်တက်သွားစေ၏။

ထိုအခါမှသာ သူမက ဆရာဝမ်ကို ဘာဆိုဘာမှ မမေးရသေးကြောင်း သတိပြုမိလိုက်သည်။

ဒါရိုက်တာရှဲ့၏ မျက်နှာက နီရဲသွားသည်။

“အယ်.. ဆရာဝမ် အားနာလိုက်တာရှင်”

ဆရာအားလုံးက မှင်တက်ကာ ဆွံ့အနေမိသည်။

မည်သို့သော မြင်ကွင်းကို သူတို့အားလုံး မြင်တွေ့ခဲ့ရပါသနည်း။”

ထိုအရာက အမှန်တကယ်မှ ဟုတ်ပါလေစ။

သူတို့ အထက်တန်းကျောင်း၏ ဒေါသအိုးဟု နာမည်ကျော်သော ဒါရိုက်တာရှဲ့က တခြားကျောင်းမှ ဆရာကို တောင်းပန်စကား ပြောနေသည့်အပြင် မျက်နှာက ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့သည်။

ထို့အပြင် ဒါရိုက်တာရှဲ့က သမိုင်းသီအိုရီ ဘာသာရပ် သင်ကြားသော ဆရာဝတုတ်ကို မြင်မြင်ချင်း ချစ်မြတ်နိုးဟန် ပြုမူနေသေးသည်။

ဝမ်လင်းလည်း ဆရာများ နည်းတူ ငေးကြောင် ကြည့်နေမိသည်။

“………”

ဝါရင့်ဆရာသမား ဝမ်က တည်ငြိမ်စွာ ခေါင်းညိတ်သည်။

ယခုအခါတွင် ဆရာဝမ်က တစ်နေ့တာ အချိန်ကုန်မြန်သည်ဟု ခံစားနေရသည်။

အခြေအနေက ကိုးရိုးကားရား နိုင်သော်လည်း အချိန်ကို အကျိုးရှိအောင် အသုံးချသင့်သည်ဟု ခံစားမိသည်။

ဝါရင့်ဆရာသမား ဝမ်က ခေါင်းအနည်းငယ် စောင်းငဲ့လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။

ယင်းအချိန်တွင် ဆရာဝမ် ထပ်ပြောလိုက်သော စကားလုံးများက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေခဲ့​သည်။

“ဒီနေ့ လေတော်တော် တိုက်တယ်နော် …”

အစည်းအဝေးခန်းထဲမှ ဆရာဆရာမများ အားလုံး မအံ့ဩဘဲ မနေနိုင်တော့ချေ။

ခန်းမထဲရှိ အခြေအနေက တမျိုးတမည် ထူးဆန်းနေသော်လည်း ဆရာဝမ်က အတော်လေး တည်ငြိမ်မှု ရှိနေသည်။

သို့မဟုတ် မိမိတို့အားလုံး နှုတ်ဆိတ်နေကြသည်ကို ဆရာဝမ်က တမင်တကာ ရွှဲ့ပြောလိုက်လေသည်လော။

အပိုင်း(၃၈) ပြီး၏။

အပိုင်း(၃၉) ဝမ်လင်းအတွက် အန္တရာယ်ရှိသော ရေဒီယိုကျွမ်းဘားအားကစား

ဝါရင့်ဆရာသမား ဝမ်၏ ဇာစ်မြစ်က အတော်လေး လျှို့ဝှက်ဆန်းကြယ်သည်။

ဆရာဝမ်က စွန်းရုံ အရှေ့တွင် သူ၏ စစ်မှန်သော ခွန်အားကို ထုတ်ဖော်ခဲ့သည့် နေ့ရက်ကတည်းက စွန်းရုံက ဝါရင့်ဆရာသမား၏ နောက်ကြောင်းကို တိတ်တဆိတ် စုံစမ်းခဲ့သည်။

သို့သော် ထူးဆန်းသည်မှာ မည်သည့် သတင်းအချက်အလက်ကိုမျှ စုံစမ်း၍ မရခြင်းပင်။

စွန်းရုံ၏ မိသားစု နောက်ခံဖြင့်ပင် စုံစမ်း၍မရလျှင် တခြားသူများ အနေဖြင့် ဆရာဝမ်၏ နောက်ကြောင်းကို စုံစမ်းရန် ပို၍ ခက်ခဲပေလိမ့်မည်။

တကယ်တမ်း ဝမ်လင်းက ဆရာဝမ်၏ နောက်ကြောင်းကို စုံစမ်းချင်လျှင် နည်းလမ်းမျိုးစုံ ရှိသည်။

ကြီးမြတ်‌သော မန္တန်သုံးထောင် အနက် တစ်ခုဖြစ်သည့် ကြီးမြတ်သော ပြန်လည်ဆင့်ခေါ်ခြင်း မန္တန်တွင် စွမ်းရည်အများအပြား ရှိသည်။

ထိုမန္တန်တွင် “မှတ်ဉာဏ် အစားထိုးခြင်း” “မှတ်ဉာဏ်ဖျက်သိမ်းခြင်း” နှင့် “မှတ်ဉာဏ် ပြန်လည်ဖော်ဆောင်ခြင်း” ကဲ့သို့ စွမ်းရည်များစွာ ပါဝင်သည်။

ဝမ်လင်းက ဆရာဝမ်၏ မှတ်ဉာဏ်ကို ယခင်က လေ့လာဆန်းစစ်ခဲ့ဖူးသည်။

ထိုအခိုက်တွင် ဆရာဝမ်၏ မှတ်ဉာဏ်အပိုင်းအစ တချို့က ချိတ်ပိတ်ထားသည်ကို တွေ့လိုက်ရသည်။

ဝမ်လင်းသာ အတင်းအကြပ် စူးစမ်းမည်ဆိုလျှင် ဆရာဝမ်က စိတ်ပိုင်းဆိုင်ရာကို ထိခိုက်သွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် အဆုံးသတ်တွင် ဝမ်လင်းက သူ၏ စူးစမ်းလိုစိတ်ကို စွန့်လွှတ်ခဲ့ရသည်။

သို့ရာတွင် ဆရာဝမ်၏ နောက်ကြောင်းကို တူးဖော်နိုင်သော တခြား နည်းလမ်းများလည်း ရှိပါသေးသည်။

သာဓကအနေဖြင့် ပြရလျှင် ကျောင်းအုပ်ကြီးချန်း နှင့် ဒါရိုက်တာရှီး တို့၏ မှတ်ဉာဏ်မှ တဆင့် စုံစမ်းကြည့်နိုင်၏။

၎င်းတို့က အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းခေါင်းဆောင်များ ဖြစ်သောကြောင့် ဝါရင့်ဆရာသမား ဝမ်၏ နောက်ကြောင်းကို သိနိုင်လောက်သည် မဟုတ်လော။

သို့သော် ဝါရင့်ဆရာသမား ဝမ်က သူ၏ နောက်ကြောင်းကို ဖုံးကွယ်ရန် ဆုံးဖြတ်ထား၍ ဝမ်လင်းက သူတပါး နောက်ကြောင်းကို စေ့စေ့စပ်စပ် မစုံစမ်းလိုတော့ပေ။

ဆရာဝမ်၏ ဇစ်မြစ်က ဝမ်လင်းကို ထူးခြားသော ခံစားချက် ဖြစ်ပေါ်စေသည်။

ဆရာဝမ်က အတင်းအဖျင်း ပြောဆိုရခြင်းကို နှစ်သက်ပြီး တစ်ခါတရံတွင် ရယ်စရာများ ပြောဆိုတတ်သော်လည်း တစ်ခါတရံတွင်မူ လူကြီးလူကောင်း ဆန်နေပြန်သည်။

တကယ်တမ်း ဤအပြုအမူက စာသင်ကြားသော အတွေ့အကြုံရင့် ဆရာတစ်ဦးတွင် ရှိသင့်ရှိထိုက်သော အပြုအမူ ဖြစ်သည်။

ယင်းမှာ သင်ကြားရေးကို အထောက်အပံ့ ဖြစ်စေရန် ကျောင်းသား ဗဟိုပြု ချဉ်းကပ်နည်း မျိုးစုံကို အသုံးပြုထားခြင်း ဖြစ်သည်။

ဆိုရလျှင် ဝါရင့်ဆရာသမား ဝမ်က သူ့နောက်ကြောင်းကို ဖုံးဖိရန် အသေအချာ အားထုတ်ထားခဲ့သည်။

…………………

ဆရာများ၏ အစည်းအဝေး ပြီးဆုံးပြီးနောက်တွင် ဝမ်လင်းက ဆရာဝမ်၏ စိတ်နေသဘောထားကို နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့သည်။

ဝါရင့်ဆရာသမား ဝမ်က အဒေါ်ကြီးများ၏ နှလုံးသားကို ကိုင်လှုပ်နိုင်သော အရည်အချင်း ရှိသည်။

ထို့ကြောင့် ဆရာဝမ်က”အနုပညာမြောက် လူငယ်နှင့် စာပေမိန်းမပျို” အမည်ရှိသော စာအုပ်ကို ရေးသားသင့်သည်ဟု ဝမ်လင်း ခံစားမိသည်။

ဆရာဝမ်သာ ပညာမလျှိုဘဲ ရေးသားမည်ဆိုလျှင် သူ၏ အနုပညာလက်ရာအောက်၌ ကမ္ဘာပေါ်ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသမီးအားလုံး ကြွေဆင်းသွားလောက်သည်ဟု သူထင်မိသည်။

ထိုကဲ့သို့ တွေးတောနေသော်လည်း ချစ်ခြင်းမေတ္တာနှင့် ပတ်သက်လျှင် ဝမ်လင်းက နကန်းတစ်လုံးမှ နားမလည်ဟု ဆိုနိုင်သည်။

ငယ်ရွယ်သော မိန်းမပျိုဖြစ်စေ.. အဒေါ်အရွယ်ဖြစ်စေ.. ကိုယ်တိုင် ဗျူဟာခင်းတတ်သည့် မိန်းမ အမျိုးအစားမှာ တကယ်ကို ကြောက်စရာကောင်းသည် မဟုတ်လော။

ဤသည်မှာ ဝမ်လင်း၏ စိတ်ကူးမျှသာ ဖြစ်သည်။

…………..

စုန့်ဟိုင်မြို့၏ နွေဦးရာသီ အစောပိုင်းကာလသည် အနည်းငယ် ချမ်းအေးနေသေးသည်။

၎င်းမြို့က အေးခဲ ပင်လယ်ပြင် နှင့် အလွန်အမင်း နီးကပ်သည်။

ယခုလို နှစ်တစ်နှစ်၏ အချိန်အခါ ရောက်လျှင် တခြား မြို့များထက် နွေဦး အဝင် နောက်ကျပြီး ဆောင်းရာသီ ဝင်ရောက်ခြင်းက စောလေ့ရှိသည်။

အေးခဲပင်လယ်ပြင်၏ လေအေးများက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ အခြေခံအုတ်မြစ်ကို မတည်မငြိမ် ဖြစ်စေသည်ဟု တချို့သော ကျွမ်းကျင်ပညာရှင်များက ယုံကြည်ကြသည်။

အဆုံးသတ်တွင် ကျောင်းသားများ၏ အခြေခံအုတ်မြစ် ဘေးကင်း လုံခြုံရေးအတွက် ပင်မကောလိပ် နှင့် တက္ကသိုလ်များက ကျောင်းဖွင့်ပြီး အတော်ကြာသည် အထိ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ရပ်နားထားသည်။

ဝမ်လင်းကမူ ဤပြဿနာကို သဘာဝ အလျောက် ရှောင်တိမ်းနိုင်ခဲ့သည်။

သို့သော် စိတ်မကောင်းစရာမှာ စုန့်ဟိုင်မြို့က ယနေ့တွင် ရုတ်တရက် ပူနွေးလာခြင်းပင်။

….……………..

ဝါရင့်ဆရာသမားဝမ် တက်ရောက်သော အစည်း အဝေး ပြီးဆုံးပြီးနောက် ကျောင်းအသံလွှင့်ဌာနက အသံလွှင့်ခြင်းကို ၉နာရီ ၃၀မိနစ်ခန့်တွင် စတင်ခဲ့သည်။

အတန်းခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ကျောင်းသားများက အားကစားကွင်းတွင် တန်းစီခဲ့ကြသည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသား ၅ဦးကလည်း အားကစားကွင်းရှိ နောက်ဆုံးတန်းတွင် သီးသန့် နေရာယူထားသည်။

ဝမ်လင်းက ထုံးစံအတိုင်း နောက်ဆုံးတွင်သာ နေရာယူထားသည်။

ရေဒီယိုကျွမ်းဘား အားကစားနည်းသည် ဟွာရှို့နိုင်ငံ တည်ထောင်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့် တည်းက ဖွံ့ဖြိုးလာခဲ့ပြီး ကမ္ဘာနှင့်အဝန်း ပျံ့နှံ့နေသော အားကစား ဖြစ်သည်။

လေ့ကျင့်ခန်း အမည်များမှာလည်း မယုံနိုင်လောက်အောင် အံဩစရာကောင်း၏။

“တက်သစ်စနေမင်း” မှသည် “နေမင်း၏ မျိုးဆက်များ” အထိ

“သိမ်းဌက် ပျံတက်ခြင်း” မှသည် “ခွန်ပန်တောင်ပံဖြန့်ခြင်း” အထိ

“တက်ကြွသောလူငယ်” မှသည် “အုတ်မြစ်တည်ဆောက်ရန် စိတ်အားပြင်းပြခြင်း” အထိ

“ကခုန်နေသောလူငယ်” မှသည် “ဝူရှူးစကြဝဠာ”ထိ

ရေဒီယိုကျွမ်းဘား အားကစားနည်းက အများပြည်သူပိုင်ရင်ပြင်များတွင် အုပ်စုလိုက် ကစားကြလေ့ ရှိသည့် ကစားနည်းမျိုး ဖြစ်သော်လည်း ကျင့်ကြံခြင်း လမ်းကြောင်း ထဲသို့ တဖြည်းဖြည်းနှင့် ရောက်ရှိစေနိုင်သည်။

ရေဒီယိုကျွမ်းဘား အားကစားနည်း၏ ဆန်းကြယ်သော အမည်များကြောင့်လည်း ထိုအားကစားနည်းမှာ လူသိများလာသည်ဟု လူတချို့က ယူဆကြသည်။

ဥပမာအားဖြင့် လူကြိုက်များသော ရေဒီယိုကျွမ်းဘားအားကစားနည်း၏ အမည်မှာ “ပြီးပြည့်စုံသောကမ္ဘာ” ဖြစ်ပြီး လေ့ကျင့်ခန်းပေါင်း ၂၅၀ ပါဝင်သည်။

နာမည်လှလှသာ ပေးတတ်လျှင် ဟွာရှို့နိုင်ငံတွင် အံ့သြဖွယ်ကောင်းသော အနာဂတ်ကို ဖန်တီးရန်အတွက် အကန့်အသတ် မရှိသော မျှော်လင့်ချက်ကို မြင်နိုင်သည်။

ဝမ်လင်းက အမှတ်၅၉ အထက်တန်းကျောင်း၏ အသံလွှင့် စပီကာကို တမင်တကာ ဖျက်ဆီးခဲ့သော်လည်း ကျောင်းတွင် သံစုံတီဝိုင်း ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

အမှတ်၅၉ အထက်တန်းကျောင်း၏ ဂီတဌာနမှ ဆရာများက သူတို့ ပိုင်ဆိုင်ထားသည့် တူရိယာများကို အသုံးပြုကာ ကျောင်းသားများ၏ ရှေ့တွင် ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို ဖန်တီးခဲ့ကြသည်။

“……….”

“ဒါက အမှန်တကယ် လူက တီးခတ်တာ ဆိုပေမဲ့ ဘုရားသခင်ရဲ့ဆန္ဒပဲ”

ဝမ်လင်းက ဤမြင်ကွင်းကို ကြည့်ရှုကာ သက်ပြင်းချလိုက်သည်။

သူတို့က မှော်ဆန်သော သံစဉ် နှင့် အတူ “ပြီးပြည့်စုံသောကမ္ဘာ”တွင်ပါဝင်သော လေ့ကျင့်ခန်း ၂၅၀ကို စတင်ရန် ပြင်လိုက်ကြသည်။

ကာယဆရာက တစ်ယောက်က စင်မြင့်ပေါ်မှာ မတ်တတ်ရပ်လိုက်ပြီး ခြင်္သေ့ဟိန်းသံ မန္တန်ကို အသုံးပြု၍ အသံကိုချဲ့ကာ ကြွေးကြော်လိုက်သည်။

“ကျောင်းသူကျောင်းသား အားလုံး.. ဆရာနဲ့ အတူတူ “ပြီးပြည့်စုံသောကမ္ဘာ”အတွက် သွေးပူစလုပ်ကြမယ်.. တစ်၊ နှစ်၊ သုံး၊လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်.. ရှစ်၊ ခုနစ်၊ ခြောက်၊ ငါး၊ လေး၊သုံး တစ်မျိုး​ပြောင်း”

ရေဒီယိုကျွမ်းဘား အားကစားနည်းတွင် လေ့ကျင့်ခန်း အမည်များစွာ ရှိသော်လည်း သွေးပူကစားနည်းကမူ များစွာ ပြောင်းလဲခြင်း မရှိပေ။

သွေးပူလေ့ကျင့်ခန်းတွင် ရင်ဘတ်ကြွက်သားများကို ကျုံ့ခြင်း၊ ဆန့်ခြင်းကို အများဆုံး လုပ်ဆောင်ရသည်။

ဝမ်လင်းက သူ့ကြွက်သားများ နှင့် အရိုးများကို ဆွဲဆန့်ရသော လေ့ကျင့်ခန်းများကို လက်သင့်ခံနိုင်သေးသည်။

ထိုလေ့ကျင့်ခန်းက လှုပ်ရှားမှုကို လုပ်ဆောင်ရသော်လည်း ခွန်အားအများအပြား အသုံးပြုရန် မလိုအပ်ပေ။

သို့သော် ကန်ကျောက်ခြင်း နှင့် ခုန်လွှားခြင်း ကဲ့သို့ လေ့ကျင့်ခန်းများက သူ့အတွက် အဆင်မပြေနိုင်ပေ။

ထို့အပြင် သူ့လက်မောင်းပေါ်မှ တာအိုအဆောင်၏ စွမ်းအားက သိသိသာသာ လျော့ကျနေခဲ့ပြီ ဖြစ်သည်။

ဤလေ့ကျင့်ခန်းများကြောင့် ဝမ်လင်းသာ သူ့စွမ်းအားကို မထိန်းချုပ်နိုင်လျှင် ပြင်၍မရသော အကျိုးဆက်ကို ရင်ဆိုင်ရနိုင်သည်။

ဒေသဆိုင်ရာ ငလျင်များ၊ တိမ်ထု အပြောင်းအရွှေ့များ၊ မြေပြိုမှုများ၊ ဆူနာမီများ၊ မီးတောင် ပေါက်ကွဲခြင်းများ ကြုံလာရနိုင်သည်။

ထို့ကြောင့် ယခုလို အဖြစ်အပျက်မျိုးကို တားဆီးရန် ဝမ်လင်းက သွေးပူလေ့ကျင့်ခန်းများကို သာမန်လောက်သာ လုပ်ခဲ့သည်။

သူက ခွန်အားကို အသုံးမပြုဘဲ လေ့ကျင့်ခန်း လုပ်နေရသည့်အတွက် သူ့ပုံစံမှာ အရိုးမရှိသော ငပျော့နှင့်ပင် တူနေသည်။

ထို့ကြောင့် ကာယဆရာများက ဝမ်လင်းကို “မိန်းမဆန်သော ငပျော့”ဟု အမည်ပေးထားကြသည်။

အမှတ်၆၀ အထက်ကျောင်း၏ အားကစားဌာနမှ ဆရာများကလည်း ဝမ်လင်းကို အားကစား ညံဖျင်းသူ အဖြစ် သတ်မှတ်ထားကြသည်။

အားကစားဌာန အစည်းအဝေးတိုင်းတွင် ဆရာ၊ဆရာမများက ဝမ်လင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချကြသည်။

ဝမ်လင်းက ဆရာများ၏ စေတနာကို နားမလည်ခြင်း မဟုတ်ပေ။

အားကစားဌာနမှ ဆရာများက သူတို့တပည့်များကို အားကစား ထူးချွန်သူ ဖြစ်စေချင်သော ဆန္ဒရှိကြသည်။

အကယ်၍ ဝမ်လင်းက လေးလေးနက်နက် လိုက်ပါ လုပ်ဆောင်လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို မည်သူက တာဝန်ယူနိုင်ပါမည်နည်း။

ဝမ်လင်းက သူ့ဘေးနားမှ ဆရာများ၏ အထင်သေးသော အကြည့်ကို လျစ်လျူရှုပြီး သွေးပူလေ့ကျင့်ခန်း အကုန်လုံးကို အောင်မြင်စွာ လိုက်ပါ လုပ်ဆောင်နိုင်ခဲ့သည်။

“အရမ်းကောင်းတယ် အရာအားလုံး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းပဲ.. မတော်တဆ ဖြစ်ရပ်လည်း မရှိဘူး.. ထိခိုက် ဒဏ်ရာရသူလည်း မရှိဘူး”

ဝမ်လင်းက ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။

သူက ယနေ့ခေတ် ရေဒီယို ကျွမ်းဘား အားကစားနည်းကို တုန်လှုပ်ချောက်ခြားစေမည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်မည်မှာ သေချာသလောက်ပင်။

သူကလေးဘဝတုန်းက သူ့စွမ်းအားက ထိန်းချုပ်ရ လွယ်ကူသေး၍ သွေးပူ လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်ခဲ့သည်။

သူ တဖြည်းဖြည်းချင်း အရွယ်ရောက်လာသောအခါ သူ၏ ကျင့်ကြံခြင်း နယ်ပယ် အဆင့်များက အထိန်းအချုပ် ကင်းမဲ့စွာ တိုးတက်လာ၍ သူ့စွမ်းအားက ထိန်းချုပ်ရန် ခက်ခဲလာ၏။

ထို့ကြောင့် နောင်လာမည့် လပြည့်နေ့တွင် “လဖတ်ခြင်း မန္တန်” ကို အသုံးပြုပြီး တစ်နိုင်ငံလုံး၏ မှတ်ဉာဏ်ထဲမှ အယူအဆ အဟောင်းများကို ထုတ်ဖယ်ပစ်မည်ဟု သူတွေးလိုက်သည်။

သွေးပူလေ့ကျင့်ခန်း မှတ်ဉာဏ်နေရာတွင် သူ လက်ခံနိုင်သော တခြား တစ်စုံတစ်ရာဖြင့် အစားထိုးရပေမည်။

ရှဲဒိုးဘောက်ဆင်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်သည်။

သို့မဟုတ် ထိုက်ကျိလက်သီးသည်လည်း လက်ခံနိုင်လောက်သည့် တခြားရွေးချယ်စရာ တစ်ခုပင်။

(Shadow boxing= လူတစ်ဦးက ပြိုင်ဘက်ရှိသကဲ့သို့ လေထဲကို လက်သီးဖြင့် ထိုးရသည့် တိုက်ခိုက်ရေး အားကစားလေ့ကျင့်ခန်း၊ လက်ဝှေ့မထိုးမီ သွေးပူလေ့ကျင့်ခန်း)

အပိုင်း(၃၉) ပြီး၏။

အပိုင်း(၄၀) အေးစက်စက် အဖက်မလုပ်သော ကြက်တူရွေးလေး ဒိုပီ

နံနက်ခင်း ရေဒီယိုကျွမ်းဘား အားကစား လေ့ကျင့်ခန်း ပြီးဆုံးပြီးနောက် နေ့လည်ခင်း အားလပ်ချိန်တွင် ဆရာဝမ်က ဝမ်လင်းကို ရင်းနှီးပွင့်လင်းစွာ ပြောဆိုရန် ထောင့်တစ်နေရာသို့ ခေါ်သွားခဲ့သည်။

ထုံးစံအတိုင်း ရေဒီယိုကျွမ်းဘား အားကစားတွင်လည်း သူ၏ စွမ်းဆောင်ရည်မှာ သာမန်မျှသာ ဖြစ်နေ၏။

ဝမ်လင်းက ဤအခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့က ကျောင်းကိုယ်စားလှယ်များ ဖြစ်၍ သူတို့ကျောင်း၏ ပုံရိပ်နှင့် အပြုအမူကို ထိန်းသိမ်းရပေမည်။

ဆရာအများစု ယုံကြည်လက်ခံထားသော အဓိက အချက်မှာ ကျောင်းသားတစ်ဦးသည် အဆောင်ရေးဆွဲခြင်း အတတ်ပညာ နှင့် ဝိညာဉ်ဓား ပညာရပ်တို့တွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်စေကာမူ ရေဒီယိုကျွမ်းဘား အားကစား လေ့ကျင့်ခန်းကသာ ကျောင်းသား၏ စိတ်အားထက်သန်မှုကို အကဲဖြတ်နိုင်သော အကောင်းဆုံး နည်းလမ်း ဖြစ်သည်။

ထို့ကြောင့်လည်း သိပ္ပံကျင့်ကြံခြင်း ခေတ်တွင် ကောလိပ် နှင့် တက္ကသိုလ် အများစုက ကိုယ်လက်လှုပ်ရှား သွေးပူလေ့ကျင့်ခန်း သင်ခန်းစာကို မပယ်ဖျက်ခဲ့ကြခြင်း ဖြစ်၏။

ကံကောင်းစွာဖြင့် ဆရာဝမ်မှာ နူးညံ့သိမ်မွေ့သောသူ ဖြစ်နေသည်။

ဖော်ရွေသော အပြုအမူသည် ဝါရင့်ဆရာသမား ဝမ်၏ ထူးခြားသော စရိုက်လက္ခဏာများထဲမှ တစ်မျိုး ဖြစ်၏။

ပုံမှန်ကျင်းပသော အတန်း အစည်းအဝေး ပြီးဆုံးပြီးနောက် ဆရာဝမ်မှာ ရွှင်မြူးတက်ကြွနေသည်။

ဆရာဝမ်က ဝမ်လင်းကို အမှတ်၆၀ အထက်တန်းကျောင်း၏ ပုံရိပ် မထိခိုက်အောင် ဂရုစိုက်ရန် စကားတစ်ခွန်း နှစ်ခွန်းလောက်သာ သြဝါဒ ခြွေပြီးနောက် ပေါ့ပါးသော ခြေလှမ်းဖြင့် လှည့်ထွက်သွားခဲ့သည်။

ဆရာဝမ်၏ တက်ကြွသော ခံစားချက်ကို မြင်လျှင် ဝမ်လင်းက သူ့ရင်ထဲကနေ ကဗျာတစ်ကြောင်းကို ချက်ချင်း ရေးစပ်လိုက်သည်။

အချစ်မှာ ကျရှုံးသွားသည့် ရွှင်မြူးတက်ကြွနေသော ပညာတတ် လူငယ်လေး…

အချစ်နှင့် ထိတွေ့သွားသူတိုင်းက ဦးနှောက်ချောင်သွားတတ်သည့် သဘော ရှိသည်။

အထင်ကြီးစရာ ကောင်းသော ဆရာဝမ်က တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ဝမ်လင်း ပထမဆုံး အကြိမ် ခံစားမိလိုက်သည်။

…………….

ဆရာဝမ်​နှင့် သီးသန့် ဆွေးနွေးပြီးနောက် ဝမ်လင်းက တစ်စုံတစ်ရာကို တွေးမိသွားသည်။

သူ့ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်လာသူက ဆရာဝမ် မဟုတ်ဘဲ ဒေါသအိုး ဆရာမဖန်သာ ဖြစ်နေလျှင် သူ့ကို ရိုက်နှက်ဆုံးမ မည်မှာ သေချာသလောက်ပင်။

ထိုသို့ တွေးမိလျှင် ဝမ်လင်း တစ်ယောက် တုန်လှုပ်ကာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။

သူ့ကို နောက်ဆုံး တိုက်ခိုက်ခဲ့သော ရှယင်းမှာ အဆုံးသတ် မလှပခဲ့ပေ။

ရှယင်းက ဝမ်လင်း၏ ခန္ဓာကိုယ်မှ တန်ပြန် ထွက်လာသည့် စွမ်းအားကြောင့် ဇီဝိန်ခြွေ ခံခဲ့ရသည်။

ယခုအချိန်ဆိုလျှင် ရှယင်း၏ အုတ်ဂူမှာ သုံးမီတာကျော် မြင့်သော မြက်ပင်များဖြင့် ဖုံးလွှမ်းနေလောက်၏။

ဆရာမဖန်သာ သူ့ကို ရိုက်နှက် ဆုံးမခဲ့လျှင် ရှယင်း၏ နောက်သို့ လိုက်ရမည်မှာ သေချာနေသည် မဟုတ်ပါလား။

ထို့ကြောင့် ဆရာမဖန် အပါအဝင် သူ့ပတ်ဝန်းကျင်မှ လူများ မတော်တဆ မထိခိုက်မိအောင် လပြည့်နေ့ည ရောက်သည်နှင့် တစ်နိုင်ငံလုံး၏ မှတ်ဉာဏ်ကို ဖျက်ဆီးပြီး မှတ်ဉာဏ်အသစ်ကို အစားထိုးရပေမည်။

……………..

နေ့လည်ခင်း အချိန်တွင် ဝါရင့်ဆရာသမား ဝမ်က အမှတ်၅၉ အထက်တန်းကျောင်း၏ အားကစားရုံထဲတွင် တွေ့ဆုံကြရန် သူတို့အားလုံးကို Wechat မှတဆင့် စာပို့ခဲ့သည်။

ဆရာဝမ်က ကျောင်းကိုယ်စားလှယ် အဖွဲ့၏ ခေါင်းဆောင် တစ်ဦး အနေဖြင့် ကျောင်းသားများကို သင့်လျော်သော လေ့ကျင့်မှုများ လုပ်ဆောင်ပေးသင့်သည်ဟု ခံစားမိလိုက်သည်။

အမှတ်၅၉ အထက်တန်းကျောင်း၏ အားကစားရုံမှာ ကြီးမား ကျယ်ပြန့်သည်။

ယခုခေတ် အခြေခံ တည်ဆောက်ခြင်း အဆင့် အထက်တန်းကျောင်းများသည် နယ်မြေချဲ့ထွင်ခြင်း အဆောင်ကို အသုံးပြုပြီး နယ်မြေကို ချဲ့ထွင်လေ့ ရှိကြသည်။

အပြင်ကနေ အပေါ်ယံလေး ကြည့်လိုက်လျှင် နေရာခပ်ကျဉ်းကျဉ်းဟု ထင်ရသော်လည်း အတွင်းဘက်တွင်မူ မြို့တစ်မြို့စာမျှ ကျယ်ဝန်းနေတတ်သည်။

တကယ်တမ်းတွင် နယ်မြေချဲ့ထွင်ခြင်း အဆောင်သည် လူ့အဖွဲ့အစည်း၌ အသုံးများသော တာအိုအဆောင် ဖြစ်၏။

သာဓကပြရလျှင် တန်ဖိုးကြီးမားသော ကျောင်းဝတ်စုံများတွင် ပါဝင်သော အိတ်ကပ်တွင် နယ်မြေချဲ့ထွင်ခြင်း အဆောင်ကို အသုံးပြုထားကြသည်။

ထို့ပြင် ဝါရင့်ဆရာသမား ဝမ်၏ မုန့်ထည့်သော အံဆွဲကလည်း ထိုအဆောင်ကို အသုံးပြုထားသည် သိုလှောင်အိတ် တစ်မျိုး ဖြစ်၏။

နယ်မြေချဲ့ထွင်ခြင်း အဆောင်လက်ဖွဲ့၏ အကြီးမားဆုံး အကျိုးသက်ရောက်မှုမှာ အိမ်ခြံမြေ ဈေးကွက်ကို သိသိသာသာ လျော့ကျစေခြင်းပင်။

ထို့ကြောင့် မျက်မုန်းကျိုးဖွယ် ကောင်းသော အိမ်ခြံမြေ ဈေးကစားသူများမှာ ပြဿနာရှာရန် မဖြစ်နိုင်တော့ပေ။

“ထူးဆန်းလိုက်တာနော်.. အခုအချိန်အထိ ဆရာဝမ် ရောက်မလာသေးဘူး”

လင်းရှောင်ယုက တွေးတွေးဆဆ ပြောဆိုလိုက်သည်။

သူတို့အားလုံးက အမှတ်၅၉ အထက်တန်း ကျောင်း၏ အားကစားရုံထဲတွင် စောင့်ဆိုင်းနေသည်မှာ အတော်ကြာနေပြီ ဖြစ်၏။

လူတိုင်း၏ အမြင်တွင် ဆရာဝမ်မှာ အမြဲတမ်း အချိန်မှန်သော လူသားတစ်ဦး ဖြစ်ခဲ့သည်။

“ခဏလောက် ထပ်စောင့်ရအောင်”

စွန်းရုံ မျက်မှောင်ကြုတ်လိုက်ပြီး အလွန် ထူးဆန်းနေသည်ဟု ခံစားနေရသည်။

အချိန်သတ်မှတ်ပေးသူက ဆရာဝမ် ကိုယ်တိုင် ဖြစ်နေခဲ့လျှင် သတ်မှတ်ထားသော အချိန်မရောက်မီ သို့မဟုတ် အချိန်ကွက်တိ ရောက်ရှိလာတတ်ပြီး လွယ်လင့်တကူ နောက်မကျတတ်ပေ။

“ဆရာဝမ် ဒုက္ခရောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်”

လင်းရှောင်ယု စိုးရိမ်စွာ ပြောဆိုလိုက်သည်။

“………..”

စွန်းရုံကမူ နှုတ်ဆိတ်နေခဲ့သည်။

သူမက ဝါရင့်ဆရာသမား ဝမ်၏ စွမ်းအား အစစ်အမှန်ကို မျက်မြင်တွေ့ထားသည်။

ထို့အပြင် ဆရာဝမ်၏ ဇာတ်မြစ်က လျှို့ဝှက်ဆန်းကြယ်ပြီး ဟွာကောအုပ်စုပင် သူ့နောက်ကြောင်းကို မစုံစမ်းနိုင်ခဲ့ပေ။

လင်းရှောင်ယု စိတ်ပူနေသလို ဒုက္ခတွေ့ဖို့ နေနေသာသာ ဆရာဝမ်က တခြားသူကို ပြဿနာ မရှာလျှင်ပင် ကံကောင်းသည်ဟု ယူဆရမည် ဖြစ်၏။

“…………”

ဝမ်လင်းလည်း နှုတ်ဆိတ်နေခဲ့သည်။

သူက လင်းရှောင်ယု၏ စကားကို လေးလေးနက်နက် တွေးတောခဲ့ပြီးနောက် ဖူဂျိုရှီမ၏ အတွေးက အကျိုးအကြောင်း ဆီလျော်သည်ဟု ခံစားမိသည်။

အဘယ်ကြောင့်ဆိုသော် ဆရာဝမ်က တကယ်ဒုက္ခရောက်နေသည်။

အချစ်စစ် ဖြစ်ပေါ်ခြင်းက အမှန်တကယ်ပင် ဒုက္ခဟု ခေါ်နိုင်သည် မဟုတ်လော။

လူတိုင်းက ဆရာဝမ် အကြောင်း ဆွေးနွေးနေကြစဥ် အားကစားရုံ အပြင်ဘက်ရှိ တောက်ပသော နေရောင်အောက်တွင် ရှည်လျားသော အရိပ်တစ်ခု ထင်ဟပ်လာသည်။

တစ်ဖက်သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း မြေကြီးပေါ်ရှိ အရိပ်ပိုင်ရှင်မှာ မည်သူမည်ဝါ ဖြစ်သည်ကို လူတိုင်း သိထားကြသည်။

ယင်းအခိုက်အတန့်တွင် ထိုအရိပ်က တစ္ဆေသရဲ ကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာ၍ လူတိုင်းလိုလို လန့်ဖျပ်သွားသည်။

ခပ်ဝဝ ဆရာဝမ်က သူတို့ဆီသို့ အပြေးကလေး ရောက်လာခဲ့၏။

“…………..”

ဝမ်လင်း သာမက တခြားသူ အားလုံးကလည်း ဆရာဝမ် တစ်ယောက် ယနေ့တွင် ထူးခြားနေသည်ဟု ခံစားနေရသည်။

ဝါရင့်ဆရာသမားဝမ်၏ အဆီပြန်နေသည့် မျက်နှာက ယခုအခါတွင် နီရဲနေပြီး မက်မွန်ပန်းပွင့်လေးများကဲ့သို့ လင်းလက်နေသည်။

သူ့မျက်နှာပေါ်သို့ ကျရောက်လာသော နေရောင်ခြည်က သူ့အပြုံးကို ပို၍ ပေါ်လွင်စေသည်။

“ဆရာဝမ် ထီများပေါက်ခဲ့တာလား”

ချန်းချောင်က တအံ့တသြ ရေရွတ်လိုက်ပြီး မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

ချန်းချောင်က အတော်အတန် ဉာဏ်တိမ်သော်လည်း ဆရာဝမ်၏ အမူအရာကို ကြည့်ရုံဖြင့် ရိုးရှင်းသော ပြဿနာ မဟုတ်ဘဲ လေးနက်သော ကိစ္စ ဖြစ်နိုင်သည်ဟု ခံစားမိသည်။

ဝမ်လင်းက ဆရာဝမ် အဘယ်ကြောင့် အူမြူးနေသည်ကို သိသည့် တစ်ဦးတည်းသောသူ ဖြစ်နိုင်လောက်၏။

ဤအခြေအနေက ကော်ဟောက်ကို စပ်စုချင်စိတ် ဖြစ်ပေါ်စေသည်။

ယခုအခြေအနေကိုသာ သေချာ မထောက်လှမ်းလျှင် အမှတ်၆၀ အထက်တန်းကျောင်း၏ ကျော်ကြားသော အတင်းပြောသူ ဖြစ်သည့် အရာအားလုံးကို သိသော မာစတာတစ်ယောက် အနေဖြင့် သူ၏ ဂုဏ်သိက္ခာက အန္တရာယ် ရှိလာသည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

“မင်းက ကိစ္စတိုင်းကို သိတဲ့သူ မဟုတ်ဘူးပဲ”

ချန်းချောင်က တမင်တကာ ကျီစယ်လိုက်သည်။

“ဒါက စိန်ခေါ်တဲ့စကားလား”

ကော်ဟောက်က မျက်ခုံးပင့်၍ ပြောလိုက်သည်။

တကယ်ပဲ သူ မသိသေးသော ကိစ္စတစ်ခုခု ရှိနေခဲ့ပြီလော။

“မဖြစ်နိုင်ဘူး”

သူက လက်ကို ဆန့်တန်းလိုက်ရာ ပုခုံးပေါ်ရှိ ကြက်တူရွေးလေး ဒိုပီက လက်မောင်းပေါ် ရောက်လာသည်။

သာမန်ကြက်တူရွေး ဆိုလျှင် ကြားသမျှ စကားတစ်ခွန်းချင်းစီကို အသံတု လုပ်ကာ ပြောဆိုနေလိမ့်မည် ဖြစ်သော်လည်း ဒိုပီကမူ သူ့သခင် ကော်ဟောက် စကား ပြောခွင့်ပြုမှသာ စကားပြောသော ကြက်တူရွေးလေး ဖြစ်၏။

ထို့ကြောင့်ပင် ကော်ဟောက်က ကြက်တူရွေးလေး ဒိုပီ၏ သခင်ဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။

တခြားသူ အားလုံး၏ အမြင်တွင် ဒိုပီက ကော်ဟောက် အသေအချာ လေ့ကျင့်ပေးထားသော ဝိညာဉ်သားရဲ ဖြစ်နေသည် မဟုတ်လော။

“ဟားဟား ဆရာဝမ် ဘာဖြစ်နေလည်း ဆိုတာကို ဒိုပီက မင်းကို ပြောပြမယ်လို့ မျှော်လင့်နေတာလား”

ချန်းချောင်က အားရပါးရ လှောင်ရယ်၍ ပြောလိုက်သည်။

“ဒိုပီ.. ဒီတောသားငနုံကို မင်းရဲ့အရည်အချင်း ပြပေးလိုက်ပါဦး.. ငါတို့ရဲ့ ဝိညာဉ်အစေခံဆိုင်ကို မျက်နှာမပျက်စေနဲ့”

ဝိညာဉ်အစေခံဆိုင်မှာ ဝိညာဉ်သားရဲများကို ရောင်းချပေးသော ကော်ဟောက်တို့၏ မိသားစုပိုင် ဆိုင် ဖြစ်သည်။

တကယ်တမ်းတွင် စာသင်နှစ် အစတည်းက ကြက်တူရွေး ဒိုပီကို ထင်သလောက် မရိုးရှင်းမှန်း ဝမ်လင်း တစ်ယောက် သိထားသည်။

ထို့ကြောင့် သူက ဒိုပီကို “ရေခဲပန်းပုရုပ်”ဟု သီးသန့် နာမည်ပေးခဲ့၏။

ဤကြက်တူရွေးက စကားမပြောချင်လျှင် မပျော်ရွှင်သော မျက်နှာဘေးဖြင့် ကျောက်ရုပ်သဖွယ် ရှိနေတတ်သည်။

ဝမ်လင်း၏ စိတ်ဖတ်နိုင်စွမ်းက ဒိုပီ၏ အတွေးကို မဖတ်ရှုနိုင်ခဲ့ပေ။

ကော်ဟောက်၏ တံထွေးများက သူဂုဏ်ယူသည့် ဖြူဖြူဖွေးဖွေး အမွေးများပေါ် လွင့်စဉ်လာ၍ ဒိုပီ၏ သည်းခံနိုင်စွမ်းက ကုန်ဆုံးသွားသည်။

သူက ကော်ဟောက်ကို စက်ဆုပ်စွာ ကြည့်လိုက်သည်။

“ငတုံးကောင် ဒီသခင်ကြီးက သန့်ရှင်းတာကို ကြိုက်တာ မင်းမသိဘူးလား”

ဝမ်လင်းက ဒိုပီ၏ အတွေးကို ပထမဆုံး အကြိမ် ကြားလိုက်ရာ လန့်ဖြန့်သွားသည်။

ဒိုပီထံမှ ထူးဆန်းသည့် သဘောထားတွေ ပေါက်ကွဲထွက်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ဆိုရလျှင် ဒိုပီက တစ်သီးတစ်သန့် နေတတ်ရုံတင် မကဘဲ ဒေါသကြီးသည့် ကြက်တူရွေးလည်း ဖြစ်နေသည်။

ဒိုပီ၏ နှလုံးသားထဲကနေ မကျေမနပ်ဖြစ်ပြီး မာနထောင်လွှားနေသော အချေ ပုံသဏ္ဍာန်ကြောင့် ကော်ဟောက်ကို ကြက်တူရွေး လေ့ကျင့်ရာတွင် ကျွမ်းကျင်သူ အဖြစ် တခြားသူများက အထင်ကြီး လေးစားသွားသည်။

တကယ်တမ်းတွင်မူ ကော်ဟောက်က ဒိုပီနှင့်ပတ်သက်၍ ဝမ်လင်းလောက်ပင် မသိထားခဲ့ချေ။

အပိုင်း(၄၀)ပြီး၏။

အပိုင်း(၄၁) ဌက်မွေးနမိတ်အဟော

ကြီးမြတ်သော ဇစ်မြစ်မန္တန်က ဝမ်လင်း ကျွမ်းကျင်သော မဟာ မန္တန်သုံးထောင်ထဲမှ တစ်ခု ဖြစ်သည်။

ထိုမန္တန်၏ စွမ်းရည်များထဲမှ တစ်ခုမှာ မူလသွေးအရင်းအမြစ်၏ သဲလွန်စကို တိကျစွာ ခန့်မှန်းနိုင်သည်။

ဆိုရလျှင် ၎င်းမှာ ယနေ့ခေတ်၏ DNAစစ်ဆေးမှုနှင့် အလားသဏ္ဌာန် တူသည်။

စိတ်ဝိညာဉ်ခေတ် အတွင်း လူအများစုမှာ သွေးမျိုးဆက်အများစုကို ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာခဲ့ကြသည်။

ကြီးမြတ်သောဇာစ်မြစ် မန္တန်သည် ထိုခေတ်အခါတွင် ရေပန်းစား ကျော်ကြားခဲ့သည်။

အန္တရာယ်ကို မကြောက်သော ကျင့်ကြံသူများသည် အချိန်တိုအတွင်း သူတို့ခွန်အားကို မြှင့်တင်ရန် ရှေးဟောင်း ကျင့်ကြံသူများ၏ အုတ်ဂူများကို တူးဆွပြီး အမွေအနှစ်များကို ရှာဖွေခဲ့ကြသည်။

သို့သော် ယနေ့ခေတ်တွင် ဤကဲ့သို့သော အမွေအနှစ် ဆက်ခံခြင်းကို နိုင်ငံတော်က တားမြစ်ထားသည်။

ယင်း နည်းလမ်းမှာ အန္တရာယ် အလွန်များပြားသည့် အပြင် ရောဂါကူးစက်နိုင်သော အခြေအနေ ရှိနေ၍ ဖြစ်သည်။

ထိုအချိန်က ဟွားရှို့နိုင်ငံ၏ ပထမမျိုးဆက် ခေါင်းဆောင်များသည် ထိုနည်းလမ်းကို ကျင့်သုံးသော ကျင့်ကြံသူများကို ဖမ်းဆီးပြီး ပြင်းထန်စွာ အပြစ်ပေးခဲ့ကြသည်။

၎င်းတို့ကို ဆန့်ကျင် တားမြစ်သော အဖွဲ့အစည်းများလည်း တည်ထောင်ခဲ့သည်။

ယခင်ခေတ်၏ ခေါင်းဆောင်များမှာ မျိုးဆက်သစ်များကို ကိုယ်အားကိုယ်ကိုး၍ ကြိုးစားစေချင်ကြသည်။

ယခုလို မလျော်ကန်သော နည်းလမ်းကို အသုံးပြုခြင်းသည် ကောင်းမွန်သော ရွေးချယ်မှု မဟုတ်ပေ။

ထို့ကြောင့် နောက်ပိုင်းတွင် သွေးဇာစ်မြစ်မန္တန်ကို အသုံးပြုမှုလျော့ပါးသွားခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသောကြောင့် တားမြစ်မန္တန်တစ်ခု ဖြစ်လာ၏။

မိခင်၏ ဝမ်းဗိုက်မှာထဲက တတ်မြောက်ခဲ့သူ ဝမ်လင်းမှလွဲ၍ ထိုမန္တန်ကို အသုံးပြုနိုင်သူမှာ ဤလောကကြီးထဲတွင် လက်တစ်ဆုပ်စာမျှသာ ရှိသည်။

ဝမ်လင်းက သူ့ဘေးနားမှ လူတစ်စု၏ မွေးရာပါ အထုံကို စစ်ဆေးကြည့်ရန် ထိုမန္တန်အား ရံဖန်ရံခါ အသုံးပြုလေ့ရှိသည်။

ဝမ်လင်း ကလေးဘဝတည်းက သူနည်းတူ ငွေဇွန်းကိုက်၍ မွေးလာသူများ အနက် သူကဲ့သို့ တစ်စုံတစ်ယောက် ထပ်ရှိသင့်သည်ဟု အမြဲတမ်း တွေးခဲ့ဖူးသည်။

ကံဆိုးစွာဖြင့် ယနေ့အချိန်အထိ သူနှင့် ပုံစံတူသော တခြားသူကို မတွေ့ခဲ့ဖူးပေ။

ကျောင်းစတက်ကတည်းက ဒိုပီ၏ သွေးမျိုးဆက် ရလဒ်ကို ဝမ်လင်းက ကောင်းကောင်းကြီး သိနေခဲ့သည်။

တကယ်တမ်း ဒိုပီက သာမန် ကြက်တူရွေး မဟုတ်ပေ။

ဒိုပီက သူ့နောက်ကြောင်းကို သေချာ ဖုံးကွယ်ထားသော်လည်း ဝမ်လင်းက စုံစမ်းနိုင်ပါသေးသည်။

အတိအကျ ပြောရလျှင် ဒိုပီက မြင့်မြတ်သော သွေးမျိုးဆက် ရှိသည့် မျိုးစပ် ကြက်တူရွေး တစ်ကောင် ဖြစ်သည်။

မူလသွေးမျိုးဆက် နောက်ယောင်ခံခြင်းမှ တဆင့် ဝမ်လင်းက ဒိုပီ၏ သွေးထဲမှ ဌက်မျိုးစိတ်များကို မြင်တွေ့နိုင်ခဲ့သည်။

ခွန်ပန်.. ခေါင်းကိုးလုံးဌက်.. မျက်လုံးလေးလုံးဌက်.. ဗာမေးလီးယန်း မီးဌက်.. ဖီဖန့် (တရုတ်ဒဏ္ဍာရီလာ ခြေထောက်တစ်ချောင်းဌက်).. တို့အပြင် ဖိကော(ဌက်ငယ်လေး)ပင် ပါဝင်နေသည်။

ဒိုပီ၏ မိဘများက မျိုးစပ်ဖြစ်နေမလား ဝမ်လင်း အတိအကျ မသိသော်လည်း သေချာသည့် အချက်တစ်ချက်မှာ ဤသွေးအနွယ်ပေါင်း များစွာက ဒိုပီကို သာမန်ထက် ထူးကဲသော စွမ်းရည်မျိုး ရှိစေသည်။

သာမန် အခြေအနေ ဆိုလျှင် ကော်ဟောက်က ဒိုပီ၏ အရည်အချင်းကို လူအများရှေ့တွင် ထုတ်ဖော် ပြောဆိုလိမ့်မည် မဟုတ်ပေ။

ချန်းချောင်က သူ့ဂုဏ်သိက္ခာကို စော်ကားမော်ကား ပြောဆိုလာ၍သာ ကော်ဟောက်က ထုတ်ပြောရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သူက ဒိုပီကို မျက်စပစ်ပြလိုက်၏။

တကယ်တမ်းတွင် ကော်ဟောက်နှင့် ဒိုပီက သူတို့၏ ကိုယ်ရေးကိုယ်တာနှင့် တခြားသော ကိစ္စရပ်များတွင် သဘောတူညီမှု ရယူထားခဲ့ကြသည်။

ဒိုပီဆီမှ အကူအညီကို လက်ခံရယူလျှင် အပြန်အလှန် အနေဖြင့် ကော်ဟောက်က ဒိုပီ ခိုင်းသမျှကို လုပ်ဆောင်ပေးရ၏။

ကော်ဟောက်နှင့် ဒိုပီကြားက ရှုပ်ထွေးသော ပတ်သက်မှုကို ဝမ်လင်း သတိပြုမိခဲ့သည်။

တခြားသူများ သတိမထားမိသည့် အချက်တစ်ခုမှာ ဒိုပီက အထီးမဟုတ်ဘဲ ဌက်မလေး ဖြစ်နေခြင်းပင်။

သူက ထိုအချက်ကို သိထားသော်လည်း ထုတ်မပြောခဲ့ပေ။

“တပည့်တို့ မင်းတို့ကို အကြာကြီး စောင့်ခိုင်းလိုက်ရတာ အားနာတယ်ကွာ”

ဝါရင့်ဆရာသမား ဝမ်က သူတို့ကို တွေ့တွေ့ချင်း တောင်းပန်လိုက်သည်။

ထို့နောက် စကားအများကြီး မပြောရသေးခင်မှာပင် ဆရာဝမ်၏ လက်ကောက်ဝတ်တွင် ပတ်ထားသော နာရီမှ ဖုန်းမြည်သံ ထွက်ပေါ်လာသည်။

ဖုန်းခေါ်ဆိုသူ၏ IDကို ကြည့်လိုက်မိလျှင် သူ၏ ပါးပြင်က နီရဲသွားသည်။

(ID=မည်သူမည်ဝါဖြစ်ကြောင်းအမှတ်သင်္ကေတ)

ဆရာဝမ်က သူတို့ကို ချက်ချင်း လက်ပြ၍ ပြောလိုက်သည်။

“အားနာပါတယ်.. ဆရာ ဖုန်းသွားပြောလိုက်ဦးမယ်…ဆရာ့ကို ခဏစောင့်ပေးဦး”

ထိုစကားကို ပြောပြီးနောက် ဆရာဝမ်က ဖုန်းလက်ခံ ပြောဆိုရန် ထောင့်တစ်နေရာသို့ အလောတကြီး ပြေးထွက်သွားသည်။

ဆရာဝမ်၏ ထူးခြားသော အပြုအမူကြောင့် အားလုံးက အံ့အားသင့်နေရသည်။

ဆရာဝမ် ဖုန်းပြောနေသည်က ကော်ဟောက် အတွက် ဤကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို ရှာဖွေရန် အခွင့်အရေးကောင်း တစ်ခု ဖြစ်နေသည်။

“ဟမ့်.. ဒီလောကကြီးထဲမှာ ကော်သခင်ကြီး မသိတဲ့ ကိစ္စ ရှိနိုင်ပါ့မလား”

ထိုစကားကို ပြောရင်း ကော်ဟောက်က ဒိုပီ၏ ငှက်မွေးကို ဇက်ခနဲ ဆွဲနှုတ်လိုက်ရာ ဒိုပီ၏ ဖြူဖွေးသော ခန္ဓာကိုယ်က တခဏမျှ တုန်ယင်သွားသည်။

“အဲဒါ ဘာအတွက်လဲ”

လင်းရှောင်ယုက ဒွိဟဖြစ်သော ခံစားချက်ဖြင့် မေးမြန်းလိုက်သည်။

“ဒါက နိမိတ်ဟောစွမ်းရည် အတွက်ပါ.. နိမိတ်ဟောဖို့ အတွက် ဒိုပီရဲ့ ငှက်မွေး လိုအပ်တယ်.. ငါက ဒီငှက်မွေးကို ကိုင်ပြီး ငါ ကံကြမ္မာဟောမယ့်လူရဲ့ နာမည်ကို သုံးကြိမ်ရွတ်ရုံနဲ့ ငှက်မွေးအရောင် ပြောင်းလဲသွားတာကို ကြည့်ပြီး အဲဒီလူရဲ့ ကံကြမ္မာကို ဖတ်လို့ရတယ်”

ကော်ဟောက်က လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောဆိုလိုက်သည်။

ယင်းအချိန်တွင် ဒိုပီက ကော်ဟောက်ကို တိတ်တဆိတ် မျက်စပစ်လိုက်သည်။

“ပထမဆုံးအနေနဲ့ နင်က နင့်ရဲ့သူဌေးကို တံထွေးစင်အောင် လုပ်ခဲ့တယ်.. အခုတော့ နင့်ရဲ့လေလုံးထွားတဲ့ လုပ်ရပ်မှာ ပူးပေါင်းခိုင်းပြန်တယ်.. ဟင်းဟင်း အိမ်ပြန်ရောက်ရင်တော့လား.. နင်ငါ့အကြောင်း ကောင်းကောင်း သိရမယ်”

ကံကြမ္မာဖတ်ခြင်းသည် ကော်ဟောက်၏ စွမ်းရည် မဟုတ်ဘဲ ဒိုပီ၏ ထူးကဲသော အရည်အချင်း ဖြစ်သည်။

ဝမ်လင်း၏ အမြင်အရ ဤစွမ်းရည်မှာ ဒဏ္ဍာရီလာ မှော်ငှက်များ၏ သွေးသားမျိုးစပ်မှုမှ ဖြစ်ပေါ်လာသော်လည်း တန်ဖိုးမရှိသော စွမ်းရည်သာ ဖြစ်၏။

သို့သော် ခြုံငုံကြည့်လျှင် တွက်ချက်မှုရလဒ်က သာမန် ဗေဒင်ဆရာထက် တိကျမှု ရှိလောက်သည်။

အနည်းဆုံးတော့

“ကျေးဇူးရှင်.. မင်းရဲ့ မျက်ခုံးကြားမှာ မည်းနက်နေတဲ့ အတွက် မကောင်းဆိုးဝါးတွေ ပြုစားထားပုံရတယ်.. မင်းသွေးထွက်သံယို ကိစ္စတွေ ကြုံရလိမ့်မယ်”

ဟု လူတွေကို လှည့်ဖျားတတ်သော လမ်းဘေး ဗေဒင်ဆရာတွေထက် သာလွန်မည်ဟု သူတွေးလိုက်သည်။

ကော်ဟောက်က သူ့လက်ထဲမှ ငှက်မွေးကို ပွတ်သပ်ပြီး ဆရာဝမ်၏ နာမည်ရင်းကို သုံးကြိမ်တိတိ ရေရွတ်လိုက်ရာ သန့်စင်သော အဖြူရောင် ငှက်မွေးက ချက်ချင်း ပန်းရောင် သို့ ပြောင်းလဲသွားခြင်းကို လူတိုင်း မြင်တွေ့လိုက်ရသည်။

“ပန်းရောင်ငှက်မွေးလား”

ကော်ဟောက်က ငှက်မွေးကို တအံ့တဩ ငေးစိုက်ကြည့်နေမိသည်။

စွန်းရုံက ပန်းရောင်ငှက်မွေးကို သာမန်ကာလျှံကာ ကြည့်ပြီး မေးမြန်းလိုက်သည်။

“ပန်းရောင်ငှက်မွေးက ဘာများ ထူးခြားလို့လဲ”

ကော်ဟောက်က ငှက်မွေး အရောင် သင်္ကေတများကို မှတ်တမ်းတင်ထားသည်။

ဝါရင့်ဆရာသမား ဝမ်၏ အူမြူးနေသော အပြုအမူကို ကြည့်ရုံဖြင့် ရလဒ်က တိကျမှုရှိကြောင်း သူ သိလိုက်သည်။

“ပန်းရောင်သင်္ကေတက အချစ်ရေးမှာ ကံကောင်းတဲ့ အဓိပ္ပါယ်ပဲ.. ငါတို့ဆရာက ချစ်မိသွားပြီ”

“ဒါဆို ဆရာက ချစ်မိသွားတာပေါ့”

အပ်ကျသံပင် မကြားရသည်အထိ တိတ်ဆိတ်ပြီးနောက် ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော စွန်းရုံ၏ အော်သံက ချက်ချင်း ထွက်ပေါ်လာသည်။

“ဒါက ဘယ်လို ခန့်မှန်းချက်ကြီးလဲ”

“ဆရာက အချစ်မှာ ကျရှုံးသွားတာလား”

“မှုန့်ထုပ်အစပ်တွေကို စားလေ့ရှိတဲ့ ဒီဝတုတ်တုတ် သက်ကျားအို ဆရာဝမ်က တကယ်ပဲ အချစ်နဲ့ ထိတွေ့မိပြီတဲ့လား”

“………..”

ချန်းချောင်၊ စွန်းရုံ နှင့် လင်းရှောင်ယုတို့ အားလုံးက မယုံကြည်နိုင် ဖြစ်နေကြသည်။

“မင်းရဲ့ ငှက်မွေးအဟောက ယုံကြည်လို့ရော ရရဲ့လား”

ချန်းချောင်က သံသယဖြင့် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“ချီးပဲ.. မင်းတို့က ငါ့ကို မယုံကြည်သေးဘူးလား”

“ဒါက နည်းနည်းလွဲနေတယ်လို့ ငါထင်တယ်.. ငှက်မွေးကို သုံးပြီး ကံကြမ္မာဖတ်တာက သိပ္ပံနည်းမကျသလိုပဲ”

ချန်းချောင်က ပြောလိုက်သည်။

ဝမ်လင်း”………..”

ချန်းချောင်က ရှေးရိုး အယူအဆများကို အယုံအကြည် ကင်းမဲ့သူ ဖြစ်၏။

ထို့ကြောင့် ငှက်မွေး ကံကြမ္မာဖတ်တမ်း စစ်မှန်မှု ရှိ၊မရှိကို စစ်ဆေးကြည့်ရန် ချန်းချောင်က ဒိုပီ၏ ငှက်မွေးကို ထပ်နှုတ်လိုက်သည်။

ဤတစ်ကြိမ်တွင် ဒိုပီက အတော်လေး နာကျင်သွား၍ ကော်ဟောက်ကို မကျေမချမ်း ကြည့်ရှုလိုက်သည်။

ငှက်မွေးနှုတ်သူက မည်သူပဲ ဖြစ်နေပါစေ.. အာချောင်သည့် ကော်ဟောက်ကိုသာ အပြစ်ဖို့ရပေမည်။

ကော်ဟောက် “ဘာထပ်သိချင်လို့လဲ”

“ဆရာဝမ် မဟုတ်ဘဲ တခြား တစ်ယောက်ရဲ့ ကံကြမ္မာကို ဖတ်ကြည့်ရအောင်လား”

ချန်းချောင်က ငှက်မွေးကို ကော်ဟောက်၏ လက်ထဲ ထည့်ပေး၍ ပြောလိုက်သည်။

ကော်ဟောက်က သူ့နှုတ်ခမ်းကို တိတ်တဆိတ် တွန့်ကွေးလိုက်ပြီး လင်းရှောင်ယုကို ကြည့်ကာ သူမ၏ နာမည်ကို သုံးကြိမ်တိတိ ရေရွတ်လိုက်သည်။

ငှက်မွေးက အနီရင့်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။

လင်းရှောင်ယုက ကံကြမ္မာ ရလဒ်ကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

“ဒီအရောင်က ဘာသဘောလဲ”

ကော်ဟောက်က ငှက်မွေးအရောင်ကို ကြည့်ပြီး အလျင်အမြန် ကံကြမ္မာ ဖတ်လိုက်သည်။

“ဒီအနီရောင် ငှက်မွေးရဲ့အဓိပ္ပါယ်က မီးသတိပြုရမယ့် သဘောပဲ.. မီးရှိတဲ့ နေရာနဲ့ ခပ်ကင်းကင်း နေရမယ်”

လင်းရှောင်ယုက တအံ့တဩ ငေးကြည့်လိုက်သည်။

“ဒါက အရမ်းတိကျတယ်”

လွန်ခဲ့သော တစ်ပတ်ကျော်ခန့်တွင် သူမ စုဆောင်းထားသော BL ဝတ္ထုစာအုပ်များကို သူမ အဖေက ရှာတွေ့သွားပြီး စာအုပ်များကို မီးရှို့ပစ်လိုက်သည်။

(BL= boy love= ယောကျာ်းချင်းလိင်တူချစ်တာကိုဆိုလို)

ချန်းချောင်က ဒိုပီ၏ ငှက်မွေးကို မယုံကြည်သေးဟန်ဖြင့် ထပ်နှုတ်လိုက်ပြန်သည်။

“လာစမ်း.. ဒီတစ်ခါတော့ ငါ့ကံကြမ္မာကို ဖတ်ကြည့်..”

“…………”

ဤငှက်မွေးက ဒိုပီ ခန္ဓာကိုယ်၏ အနူးညံ့ဆုံး အစိတ်အပိုင်း ဖြစ်၏။

ထို့ကြောင့် တစ်ခါနုတ်တိုင်း ဒိုပီက မျက်ရည်ကျမတတ် နာကျင်ခံစားနေရသည်။

ဝမ်လင်းက ဒိုပီ၏ မျက်ဝန်းထောင့်မှ သလင်းကျောက် ကဲ့သို့ ကြည်လင်သော မျက်ရည်စက်ကို မြင်လိုက်ရသည်။

ကော်ဟောက်က ကူကယ်ရာမဲ့သော မျက်နှာအမူအရာဖြင့် ချန်းချောင်၏ ကံကြမ္မာကို ဖတ်ရှုရန် ကူညီပေးလိုက်သည်။

ငှက်မွေးက မိုးပြာရောင်သို့ ပြောင်းလဲသွားသည်။

ကော်ဟောက်က သက်ပြင်းချကာ ကံကြမ္မာဖတ်ပေးလိုက်သည်။

“နောက်လကစပြီးတော့ ရေလမ်းခရီးနဲ့ ဝေးဝေးနေပါ”

ချန်းချောင်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။

“အတိအကျ မှန်လှချည်လား.. အရင်တစ်ပတ်တုန်းက ချန်းချောင် ရေကူးကန်မှာ ရေသွားကူးရင်း ခြေထောက်ကြွက်တတ်လို့ ရေနစ်တော့မလို့လေ.. ရေကူးကန်အစောင့်က အချိန်မှီ ကယ်တင်ခဲ့လို့သာ ကံကောင်းသွားတာပေါ့”

“မင်း ငါ့ကို ယုံကြည်ပြီလား”

ကော်ဟောက်က အရင်လို ဝင့်ကြွားသော အမူအရာ မဟုတ်ဘဲ ကူကယ်ရာမဲ့စွာ စိတ်ပျက်နေသော လေသံဖြင့် ပြောလိုက်သည်။

ခဏကြာပြီးနောက် ဖုန်းပြောနေသော ဝါရင့်ဆရာသမား ဝမ် ပြန်ရောက်လာသည်။

“တပည့်တို့.. ဆရာ့မှာ မင်းတို့ကို ပြောစရာ သတင်းကောင်းတစ်ခုရှိတယ်”

သူတို့ရှေ့တွင် ဟန်မဆောင်နိုင်အောင် အူမြူးနေသော ဆရာဝမ်ကို သူတို့က မှင်တက်၍ ကြည့်နေမိသည်။

“မင်းတို့ဆရာ မိန်းမ ရှာတွေ့သွားပြီ”

လူတိုင်း “……..…”

ဝမ်လင်း “……..…”

အပိုင်း(၄၁) ပြီး၏။

အပိုင်း(၄၂) ဆရာဝမ်၏ သင်ကြားရေး မူဝါဒ

ဝါရင့်ဆရာသမား ဝမ်က အချစ်ရေး သတင်းကို မြန်မြန်ဆန်ဆန် ကြေညာလိမ့်မည်ဟု ဝမ်လင်း မမျှော်လင့်ခဲ့ပေ။

ယနေ့ခေတ်တွင် အလောတကြီး လက်ထပ်ထိမ်းမြားမှု အများအပြား ရှိကြသည်။

သို့သော် လျှပ်ပြက်သလို မြန်ဆန်သော အချစ်ရေးမျိုး အများအပြား ရှိနေလိမ့်မည်ဟု မည်သူ သိနိုင်မည်နည်း။

ဆရာဝမ်က အချစ်မရှိဘဲ ဘဝကို အထီးကျန်စွာ ဖြတ်သန်းလာတာ အချိန်ကြာသွား၍ အချစ်၏ ချိုမြသော ပျားရည်မြစ်ထဲ ကျသွားသောအခါ သူ့ကိုယ်သူ ရုန်းမထွက်နိုင်တော့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။

တစ်ဖက်တွင်မူ ကော်ဟောက်က အေးမြသော ဆောင်းရာသီထဲ ရောက်သွားသလို တုန်လှုပ်နေသည်။

ဒိုပီက သာမန် ကြက်တူရွေး မဟုတ်ဘဲ သွေးမျိုးဆက် များစွာ ပေါင်းစပ်ထား၍ ထူးကဲသော အရည်အချင်း ရှိသည့် အပြင် အသွင် ပြောင်းလဲနိုင်စွမ်းလည်း ရှိသည်။

လူသားပုံစံကို အသွင်ပြောင်းနိုင်သည့် ကန့်သတ်ချက်က တိုတောင်းသော်လည်း ကော်ဟောက်ကို သင်ခန်းစာပေးရန်မူ လုံလောက်မှု ရှိနေသည်။

အထူးသဖြင့် သူဂုဏ်ယူဝင့်ကြွားသော အဖြူရောင် အမွေးကြားတွင် အကွက် သေးသေးလေးများ ဖြစ်ပေါ်လာသောကြောင့် နိမိတ်အဟော ကောင်းသော ကော်ဟောက်ကို ဒေါသအိုး ပေါက်ကွဲနေသည်။

ဝမ်လင်းက ကော်ဟောက်၏ ဖိအားကို ခပ်လှမ်းလှမ်းကပင် ခံစားနိုင်ခဲ့သည်။

ထို့အပြင် သူက ဒိုဘီ၏ အတွေးကို ထပ်မံ၍ ကြားလိုက်ရ၏။

ကြာပွတ်၊ လက်ထိပ်၊ ဖယောင်တိုင်အသေး….

“ဟမ်”

ယင်းက နာမ်စား သုံးခုသာ ဖြစ်သော်လည်း ဝမ်လင်း မှန်းဆရန် အတွက် လိုအပ်သည်ထက်ပင် ပိုနေသည်။

ယနေ့ခေတ်တွင် ငှက်တစ်ကောင်ပင် စိတ်လှုပ်ရှားစရာ ကောင်းသည့် BDSM ဂိမ်းမျိုး ဆော့ကစားနိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။

(BDSM= လက်တွဲဖော်ကို ကြိုးချည်၍ ရိုက်နှက်ခြင်း၊ အပျော်အပါး အတွက် နာကျင်မှုကို ပေးကမ်းခြင်း(ဝါ) အစွမ်းရောက် လိင်ဆက်ဆံသည့် နည်းလမ်း)

အချစ်ကို ရှာတွေ့သွားသော ဝါရင့်ဆရာသမားက ပုံမှန်ထက် ပို၍ ဖော်ရွေနေသည်။

ဝိညာဉ်ဓား လေ့ကျင့်ရေးမှာ စိတ်ဖိစီးမှု ကင်းသော လေ့ကျင့်ခန်း ဖြစ်သော်လည်း ဒိုပီ၏ အေးစက်စက် အမူအရာက ကော်ဟောက်၏ မျက်နှာအမူအရာကို မပျော်မရွှင် ဖြစ်စေသည်။

ဤဇာတ်လမ်း၏ သင်ခန်းစာမှာ “ကြွားဝါလိုလျှင် တန်ရာတန်ကြေး ပြန်လည်ပေးဆပ်ရမည်” ဟူ၏။

ကော်ဟောက်က တခြားသူအရှေ့တွင် ကြွားဝါးချင်လျှင် နောက်ကွယ်၌ ဒိုပီက ‌ကော်ဟောက်၏ ဖ-င်ကို ဖယောင်းစက်ချ၍ တုံ့ပြန်ပေလိမ့်မည်။

ထို့ကြောင့် ဖေဖေဝမ် နှင့် မေမေဝမ်တို့က သိုသိုသိပ်သိပ် နေထိုင်ခိုင်းခြင်း ဖြစ်ရပေမည်။

ဤတစ်ကြိမ် ဝိညာဉ်ဓား လေ့ကျင့်ခြင်းက ပျင်းရိဖွယ် ကောင်းသည်ဟု ဝမ်လင်း ခံစားမိသည်။

ဆရာဝမ် သင်ကြားပေးနေသော ဝိညာဥ်ဓား ပညာရပ်သည် အလွန်အခြေခံကျသော ပညာရပ်တစ်ခု ဖြစ်၏။

သီအိုရီအရ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူက ဓားဖြင့် ပျံသန်းနိုင်သည်။

သို့သော် လက်ရှိ ပညာရေးစနစ်အရ ဟွာရှို့နိုင်ငံ၏ ပညာရေးဌာနများတွင် ဓားပျံပညာရပ်ကို တက္ကသိုလ်အဆင့်၌သာ သင်ကြားစေသည်။

အထက်တန်းကျောင်းများရှိ အခြေတည် အဆင့် ကျောင်းသားများက ဓားပျံခြင်း အခြေခံ နှင့် ဓားထိန်းသိမ်းခြင်း အခြေခံကိုသာ သင်ယူရသည်။

အထက်တန်းစား သူဌေးသူကြွယ်များ၏ ကလေးများကမူ အဆင့်မြင့် ဓားသိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဓားနည်းစနစ် များ၏ နက်နဲသော အပိုင်းကို ပြင်ပတွင် သင်ယူနိုင်၏။

သို့သော် ၎င်းသင်ခန်းစာများက ဝမ်လင်းအတွက် စိန်ခေါ်မှု မဟုတ်သေးပေ။

“စစ်မှန်သော သူရဲကောင်းက ဓားကိုင်စရာ မလိုဘဲ ကြယ်တွေကို ပိုင်းဖြတ်ဖို့ မြက်တစ်ပင်ကိုသာ လိုအပ်သည်”

ထိုစကားကို ကိုယ်စားပြုသည့် ဓားပညာ၏ အမြင့်ဆုံးနယ်ပယ်မှာ သမိုင်းတွင် မှေးမှိန်သွားခဲ့ပြီ ဖြစ်၏။

လူအများစုက ထိုနယ်ပယ်ကို ဒဏ္ဍာရီတစ်ခုဟုသာ ထင်နေခဲ့ကြသည်။

သို့သော် ကြယ်များကို မြက်ပင်ဖြင့် ခုတ်ဖြတ်ရန်မှာ သူ့အတွက် လုံးဝ ခက်ခဲမည် မဟုတ်ကြောင်း ဝမ်လင်း ခံစားရသည်။

ဓားပျံခြင်း ပညာရပ်၏ အခြေခံ လေ့ကျင့်မှုတွင် ဝိညာဥ်ဓားဖြင့် လေထဲတွင် ပုံသဏ္ဍာန်၈မျိုး ရေးဆွဲရန်လည်း ပါဝင်သည်။

ဝမ်လင်းက တခြားသူများ ထိခိုက်မိမည်ကို စိုးရိမ်၍ သစ်သားဓားကို ဂရုတစိုက် ထိန်းချုပ်ကာ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

အဆုံးသတ်တွင် ဆရာဝမ်က ဝမ်လင်း၏ ဓားပျံကျွမ်းကျင်မှုအဆင့်ကို ကျောင်းသားငါးယောက်ထဲတွင် စတုတ္ထအဆင့် အဖြစ် သတ်မှတ်ပေးခဲ့သည်။

သူက ငါးဦးအနက် နောက်ဆုံး မရောက်မီ စတုတ္ထအဆင့်သာ ရသော်လည်း ဤအဆင့်အတွက် သူအရမ်း ကျေနပ်မိသည်။

နောက်ဆုံး နေရာကို အပိုင်သိမ်းသွားသူမှာ လင်းရှောင်ယု ဖြစ်၏။

သူမ အသုံးပြုသည့် အတွဲလိုက် အမြွှာဓားမှာ ထိန်းချုပ်ရန် မလွယ်ကူသလို ဓားတစ်လက်ထဲ ကိုင်ဆောင် အသုံးပြုခြင်းထက် နှစ်ဆ ပိုမိုခက်ခဲ၍ ဓားသိုင်းတွင် အဆင့်တစ်ခု ရောက်ရန် လိုအပ်သည်။

ပိုဆိုးသည်မှာ လင်းရှောင်ယုက ဝိညာဥ်ဓား၏ လိင်အမျိုးအစားကို နားလည်မှုလွဲခဲ့၍ နှစ်အတော်ကြာ တိုးတက်မှု နှောင့်နှေးခဲ့ရသည်။

ယင်းအတွက်ကြောင့် လင်းရှောင်ယုက ဝိညာဉ်ဓားကို အသုံးပြုသည်မှာ ကြာပြီ ဖြစ်သော်လည်း ဝိညာဉ်ဓားနှင့် သူမတို့ ကြားတွင် စစ်မှန်သော ဆက်ဆံရေးကို မတည်ဆောက်နိုင်သေးပေ။

“ငါတို့အားလုံး ဒီလိုဖြစ်နေရင်တော့ အဆင်မပြေဘူး”

ဝါရင့်ဆရာသမား ဝမ်က ခါးထောက်လိုက်ပြီး သက်ပြင်းချလိုက်သည်။

သူက ဝမ်လင်းနှင့် လင်းရှောင်ယုတို့ကြောင့် အတော်လေး ခေါင်းကိုက်နေသည်။

ဆရာဝမ်က အမှတ်၅၈ အထက်တန်းကျောင်း နှင့် အမှတ်၅၉ အထက်တန်းကျောင်း၏ သတင်း အချက်အလက်များကို စုဆောင်းထားသည်။

အပေါ်ယံကြည့်လျှင် ကျောင်းသုံးကျောင်းမှ ကျောင်းသားများမှာ ဝိညာဉ်ဓားများကို ထိန်းချုပ်နိုင်သော အဆင့်တွင် အကြမ်းဖျင်းအားဖြင့် တူညီကြသည်။

တကယ်တမ်းတွင် စွန်းရုံ၏ ဆန်းကြယ်ပင်လယ်မှာ ဓားဝိညာဉ်ကို မွေးဖွားထား၍ အမှတ်၆၀ အထက်တန်းကျောင်း အတွက် အားသာချက် ရှိနေသည်။

သို့သော် ဝိညာဉ်ဓား ဖလှယ်ခြင်းမှာ အဖွဲ့အစည်းဖြင့် လုပ်ဆောင်ရသော အခမ်းအနား ဖြစ်ပြီး အဖွဲ့အစည်း အလိုက်အမှတ်ပေးသော စနစ်ကို အသုံးပြုထားသည်။

အကယ်၍ အမှတ်၆၀ အထက်တန်းကျောင်းသာ အောင်ပွဲရလိုလျှင် စွန်းရုံနှင့် ချန်းချောင်မှ လွဲ၍ ကျန်သုံးဦးက ဓားပျံကျွမ်းကျင်မှုတွင် အနည်းဆုံး ပျမ်းမျှရမှတ် သို့မဟုတ် သာမန်အဆင့်ထက် ကျော်လွန်ရန် လိုအပ်သည်။

အကယ်၍ တစ်ယောက်ယောက်သာ အမှတ်နည်းသွားလျှင် တစ်ဖွဲ့လုံး ကြိုးစားထားသမျှက သဲထဲရေသွန် ဖြစ်လိမ့်မည်။

ဝမ်လင်းက စတုတ္ထနေရာသာ ရသော်လည်း ကျွမ်းကျင်မှုက ပျှမ်းမျှထက် သာလွန်သည်ဟု ဆရာဝမ် ခံစားမိခဲ့သည်။

ဤခံစားချက်မှာ ဆရာဝမ် အတွက် အလွန် ဆန်းကြယ်နေသည်။

ဝမ်လင်းက အမှတ်ပြည့်ရသူထက်ပင် တစ်နည်းတစ်ဖုံ ပိုကျွမ်းကျင်သည်ဟု သူခံစားမိသည်။

သူတို့အဖွဲ့ကို နောက်ပြန်ဆွဲထားသည်မှာ လင်းရှောင်ယု ဖြစ်၏။

သူမ၏ ရလဒ်က အလွန်စိတ်ပျက်စရာ ဖြစ်နေသည်။

ဓားပျံကျွမ်းကျင်မှု ရမှတ်မှာ ၆၅မှတ် ရှိသော်လည်း လင်းရှောင်ယုက အောင်မှတ်ပင် မရခဲ့ပေ။

သို့သော် ဆရာဝမ်က ဆရာဝမ်ပင် ဖြစ်သည်။

ကျောင်းအုပ်ကြီးချန်းက ဆရာဝမ်ကို ယုံကြည်ချက်ရှိ၍သာ ဤအဖွဲ့ကို ဦးဆောင်ခိုင်းခဲ့ခြင်း မဟုတ်လော။

အဆာပြေမုန့်ထုပ် စားလေ့ရှိသည့် ဝတုတ်ဆရာက အချစ်ရေးတွင် ဇာတာတက်နေသလို သင်ကြားမှု စွမ်းရည်တွင်လည်း မေးခွန်းထုတ်စရာ မလိုလောက်အောင် ထူးချွန်သည်။

ဓားပျံလေ့ကျင့်ခန်း ပြီးနောက် လင်းရှောင်ယုမှ လွဲ၍ တခြားသူအားလုံး အားကစားခန်းမမှ ထွက်သွားခဲ့ကြသည်။

ညစာစားရန် အချိန်၂နာရီ ကျန်နေသေး၍ ဤအချိန်ကို အားလပ်ချိန်ဟု သတ်မှတ်နိုင်သော်လည်း လင်းရှောင်ယုမှာ အချိန်ပို လေ့ကျင့်ရန် လိုအပ်နေသည်။

“ဆရာ သမီးက မျှော်လင့်ချက် ကင်းမဲ့နေပြီလား”

သူမက စိတ်ပျက်အားလျော့စွာဖြင့် ခေါင်းငိုက်စိုက်ကျနေသည်။

လင်းရှောင်ယုက သူမ၏ ဖခင်လက်ချက်ဖြင့် သူမ မြတ်နိုးရသည့် BLဝတ္ထုများ မီးရှို့ခံရသည့် ဖြစ်ရပ်ပြီးလျှင် ဓားပျံမှာ သူမ ဘဝ၏ ဒုတိယ အနာကျင်ရဆုံး အရာ ဖြစ်လာသည်ဟု ခံစားနေရ၏။

မိန်းကလေးတွေက အားငယ်တတ်သော စိတ်သဘောထား ရှိ၍ ဆရာဝမ်က မိန်းကလေးများကို မျက်နှာသာပေးလေ့ ရှိသည်။

အကယ်၍ ဆရာဝမ် နေရာတွင် ဆရာမဖန်သာ ဖြစ်နေခဲ့လျှင် လင်းရှောင်ယုက သူမ၏ မျှော်လင့်ချက်ကို မလိုက်လျောနိုင်သည့် အတွက် အက်ဒရီနယ် ဂလန်း(adrenal gland) ဟော်မုန်းကို လှုံ့ဆော်ရန် အစွန်းရောက် နည်းလမ်းမျိုးစုံကို အသုံးပြုမည်မှာ သေချာသည်။

(adrenal gland= နှလုံးခုန်နှုန်း၊ သွေးဖိအားနှင့် အခြားအရေးကြီးသော ခန္ဓာကိုယ် လုပ်ဆောင်မှုများကို ထိန်းချုပ်ရန်ကူညီပေးသော ဂလန်း)

သို့သော် ဆရာတိုင်းတွင် ကိုယ်ပိုင် သင်ကြားမှုပုံစံ ရှိ၏။

တင်းကြပ်စွာ ဆိုဆုံးမခြင်း နှင့် ဖိအားပေးခြင်းက ဆရာဝမ်၏ သိမ်မွေ့သော သင်ကြားမှုပုံစံဖြင့် မအပ်စပ်ပေ။

ထို့အပြင် ဆရာဝမ်က (မ) ဝါဒီသမား ဖြစ်နေ၍ ‌ကျောင်းသူလေးကို ဖိအားပေးမည့် အတွေးမျိုး မရှိခဲ့ချေ။

ဆရာမဖန်၏ ဖိအားပေးသော သင်ကြားမှု ပုံစံထက် စာလျှင် ဝါရင့်ဆရာသမား ဝမ်၏ သင်ကြားမှုပုံစံက ပို၍ ထိရောက်သည်။

တင်စားရလျှင် ဆရာဝမ်က မှန်ကန်သောဆေးကို ညွှန်းပေးတတ်သည်။

အမြွှာ ဓားပျံကို အသုံးပြုရခြင်းသည် ဓားတစ်လက်ထဲ အသုံးပြုရသည်ထက် ပို၍ ခက်ခဲသော်လည်း စည်းမျဉ်းစည်းကမ်းက အတူတူပင် ဖြစ်သည်။

မူရင်းအခြေခံ သဘောတရားကို နားလည်ရန်သာ လိုအပ်သည်။

လက်ရွေးစင်အတန်းမှ ကျောင်းသားများ အတွက်မူ စာအုပ်ပါ အကြောင်းအရာများကို မှတ်မိရန် မခက်ခဲ့ပေ။

ထို့အပြင် လင်းရှောင်ယုမှာ ထိပ်တန်းကျောင်းသား တစ်ယောက် ဖြစ်သည် မဟုတ်လော။

ထိုအတွက်ကြောင့် လင်းရှောင်ယုက မသင်ယူနိုင်ခြင်း မဟုတ်ဘဲ သူ၏ သင်ခန်းစာများကို တစ်စုံတစ်ရာသော အကြောင်းကြောင့် မှတ်ဉာဏ်ထဲ စုပ်ယူနိုင်ခြင်း မရှိမှန်း သူ ခံစားခဲ့ရသည်။

သူ၏ အကဲဖြတ်မှုအရ ဆိုလျှင် သူ၏ တပည့်မလေးက စိတ်ဓာတ်ကျနေသည်ဟု သူအတပ်ပြောနိုင်၏။

တကယ်လည်း လင်းရှောင်ယုမှာ ဖခင်က သူမ မြတ်နိုးရသည့် BLဝတ္ထုများကို မီးရှို့လိုက်၍ စိတ်ဓာတ်ကျနေခြင်း ဖြစ်၏။

ဤအခြေအနေနှင့် ပတ်သက်၍ ဆရာဝမ် မသိခဲ့သော်လည်း နှစ်ပေါင်းများစွာ သင်ကြားရေး အတွေ့အကြုံကို အခြေခံကာ ဆုံးဖြတ်နိုင်ခဲ့သည်။

ဆရာဝမ်တွင် ခက်ခဲရှုပ်ထွေးသော ပြဿနာကို ဖြေရှင်းပေးနိုင်သည့် နည်းလမ်း အများအပြား ရှိသည်။

မည်သို့ပင်ဆိုစေကာမူ စိတ်ဓာတ်ကျနေသော ကျောင်းသူလေးအတွက် မှန်ကန်သော စိတ်ခွန်အားပေးမှုမျိုး လိုအပ်သည် မဟုတ်လော။

ဝိညာဉ်အလင်းတန်းက ဝါရင့်ဆရာသမား ဝမ်၏ လက်ထဲတွင် ပေါ်လာသည်။

ဆရာဝမ်က သူကြိုတင် ပြင်ဆင်လာသော စာအုပ်ကို လင်းရှောင်ယု၏ လက်ထဲ ထည့်ပေးလိုက်သည်။

“ကျောင်းသူလင်းက ဒီစာအုပ်ကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်.. ဇာတ်ကောင်တွေက မင်းရဲ့ဓားနာမည်တွေနဲ့ ဆင်တူတယ်လေ”

လင်းရှောင်ယုက စာအုပ်ကို ယူ၍ ကြည့်လိုက်ရာ အလွန်ထင်ရှားသော စကားလုံး လေးလုံးကို စာအုပ်အဖုံးပေါ်တွင် တွေ့လိုက်ရသည်။

“မိစ္ဆာလမ်းစဉ်ကို တည်ထောင်ခဲ့သူ….”

…………….

တကယ်တမ်းတွင် ဆရာဝမ်က အုပ်စုဖွဲ့ လေ့ကျင်မှု မတိုင်မီ ကျောင်းသားတိုင်းကို အရေးပေါ် စိတ်အားတက်ကြွရန် အတွက် ၎င်းတို့နှင့် ကိုက်ညီသော လက်ဆောင်ကို ဂရုတစိုက် ပြင်ဆင်ထားသည်။

စွန်းရုံအတွက် ဝမ်လင်းအကြိုက်ဆုံး အဆာပြေမုန့် စာရင်းကို ပြင်ဆင်ပေးထားသည်။

ချန်းချောင်အတွက် မြေဆွဲအား စနစ်ပါသော အားကစားကိရိယာကို ပြင်ဆင်ပေးထားသည်။

ထိုမှသာ ဓားအလေးချိန်ကို ကောင်းစွာ ထိန်းချုပ်နိုင်မည် ဖြစ်၏။

ကော်ဟောက်အတွက် ဝါရင့်ဆရာသမားက သူသိထားသမျှ ကျောင်းသား အတင်းအဖျင်းများကို မှတ်တမ်းတင်ထားသည့် မှတ်စုစာအုပ် တစ်အုပ်ကို ပြင်ဆင်ပေးထားသည်။

ဝမ်လင်းအတွက်မူ အရသာအသစ် ဖြစ်သည့် ငါးရှဥ့်အရသာ ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ကို ပြင်ဆင်ထား၏။

အပိုင်း(၄၂) ပြီး၏။

အပိုင်း(၄၃) စီနီယာဟဲ၏ လက်တုံ့ပြန်ခြင်း

တိမ်တိုက်များ၏ အနေအထားအရ မုန်တိုင်း မရှိသော်လည်း ကျောင်းပုရဝဏ်တွင်မူ လေပြင်း တိုက်ခတ်နေသည်။

တတိယနှစ်တွင် စုစုပေါင်းအမှတ် ၈၈၂၃မှတ် ရသော ဆိုးသွမ်းလူငယ်မှာ စီနီယာ ဟဲပီဖုန်း ဖြစ်သည်။

ယခုအချိန်တွင် ဟဲပီဖုန်း၏ ဘွဲ့ထူး နှင့် မကောင်းသတင်း ကျော်စောမှုများက ကျောင်းတွင် ကြီးစိုးနေသည်။

ဟဲပီဖုန်း ကိုယ်တိုင်ပင် သူ့ကို ဆိုးသွမ်လူငယ်ဟု ထင်မြင်ခံရသော အချိန်ကို ဘယ်အချိန်ကမှန်း မသိတော့ပေ။

လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က သူ၏ ကြည်နူးဖွယ်ကောင်းသော အချစ်ဇာတ်လမ်း အဆုံးသတ်သွားသော အချိန်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ဟဲပီဖုန်းက အတိတ်မှ အကြောင်းအရာ အလုံးစုံကို လုံးဝ မေ့ထားခဲ့ပြီး အာရုံမထားခဲ့ပေ။

သူ့ကို ကျောင်း၏ ဆိုးသွမ်လူငယ် အဖြစ် တစ်ကျောင်းလုံးက အသိအမှတ်ပြုပြီး နောက်ပိုင်း စိတ်လက်ပေါ့ပါးစွာ နေထိုင်ခဲ့သည်။

ဆိုးသွမ်းလူငယ် ဖြစ်လာကတည်းက ကျောင်းရှိ သန့်စင်ခန်းကို သူ့စိတ်ကြိုက် အပိုင်စီးထားလိုက်သည်။

သူ သန့်စင်ခန်းထဲ ဝင်ရောက် ဆီးသွားပြီးမှသာ တခြားသူများ ဝင်ရောက်ရဲသည်။

ကျောင်း ဘူဖေးကန်တင်းကို ကြီးကြပ်ရသည့် အဒေါ်ကြီးက သူ့အတွက် အသားအများဆုံး ထည့်ပေးသည်။

ကျောင်းရှိ လူတိုင်းက သူ့ကို ကြောက်ကြသည်။

မျက်နှာထား ခပ်တင်းတင်း အမူအရာ ရှိသည့် ‌ဒါရိုက်တာရှဲ့ ကိုယ်တိုင်ပင် သူ့ကို တွေ့သည်နှင့် ခပ်ဝေးဝေးကနေ ရှောင်တိမ်း သွားတတ်သည်။

အရိုးသားဆုံး ပြောရလျှင် အစပိုင်းတွင် ဟဲပီဖုန်းက သူ့ကို ကူးစက်ရောဂါလို လူတိုင်းက ရှောင်တိမ်းသွားခြင်းကို အလွန် မုန်းတီးမိသည်။

သို့သော် နောက်ပိုင်းတွင် ဟဲပီဖုန်းက ယင်းအပြုအမူဖြင့် ကျင့်သားရလာပြီး ပျော်ရွှင်တတ်လာသည်။

ထျန်းကျင်းဇီက ဤမနက်ခင်းတွင် သူ့ကို လာရောက်တွေ့ဆုံလိမ့်မည်ဟု ဟဲပီဖုန်း မမျှော်လင့်ခဲ့ပေ။

အမှတ်၅၉ အထက်တန်းကျောင်းရှိ ကျောင်းသားများ နှင့် ဆရာများကို စိတ်ဒုက္ခ ပေးခဲ့ဖူးသော ထျန်းကျင်းဇီက တခြားကျောင်းမှ အရှုပ်ထုပ်များကို သင်ခန်းစာပေးရန် သူ့ကို အသနား လာခံနေသည်။

…………….

“ဒါဆို ဒီလေးယောက်လား”

တွေ့ဆုံဖို့ စီစဥ်ထားသည့် အများသုံး သန့်စင်ခန်းတွင် ဟဲပီဖုန်းက ထျန်းကျင်းဇီ ပေးသည့် ဓာတ်ပုံနှင့် အချက်အလက်များကို ကြည့်ရင်း လက်ကြားထဲမှ ဆေးလိပ်တိုကို လွှင့်ပစ်ကာ ဖနောင့်ဖြင့် နင်းချေလိုက်သည်။

“ဟုတ်တယ် သူတို့ပဲ..”

ထျန်းကျင်းဇီက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

ဖန်ဟွာချင်း နှင့် လျန့်ဝေတို့က ထျန်းကျင်းဇီ၏ အနောက်တွင် ခပ်ကုတ်ကုတ် ရပ်နေကြသည်။

ဆိုးသွမ်းသော စီနီယာဟဲက ကောလဟာလ သတင်းများ အတိုင်း အမှန်တကယ် ချောက်ခြားဖွယ် ကောင်း၍ ၎င်းတို့မှာ အသက်ပင် ရဲရဲ မရှုရဲကြပေ။

“ငါ မှတ်မိသလောက်တော့ အမှတ်၆၀ အထက်တန်းကျောင်းက ကိုယ်စားလှယ် ငါးဦး စေလွှတ်ခဲ့တာ မဟုတ်လား.. ဟမ့် စွန်းရုံကို မင်းစာရင်းထဲကနေ ထုတ်လိုက်တာက ငါ့ကိုအထင်သေးတဲ့ သဘောလား..”

ဟဲပီဖုန်းက သူ့လက်ထဲမှ အချက်အလက်ဖိုင်ကို ကြည့်ပြီး ပြုံးနေသည်။

“…………..”

ဤမေးခွန်းက ရိုးရှင်းသော မေးခွန်း ဖြစ်သော်လည်း ထျန်းကျင်းဇီကို ထိတ်လန့်စေခဲ့သည်။

“ဟားဟား.. မကြောက်ပါနဲ့”

ဟဲပီဖုန်းက ထျန်းကျင်းဇီ၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် သူက ဟွာကောအုပ်စုရဲ့သခင်မလေးပဲလေ.. မင်း အလွယ်တကူ ရန်ရှာလို့ရတဲ့ သာမန်လူမှ မဟုတ်တာ”

“စီနီယာ ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ”

“ဒါပေမဲ့ ငါ့အချိန်က အကန့်အသတ်နဲ့ ဆိုတော့ အများဆုံး လူတစ်ယောက်ကိုပဲ သင်ခန်းစာ ပေးနိုင်မယ်”

ထို့နောက် ဟဲပီဖုန်းက ဓာတ်ပုံကို ညွှန်ပြလိုက်သည်။

“ပထမဆုံး အချက်အနေနဲ့ ငါက မိန်းကလေးတွေကို အနိုင်ကျင့်တတ်တဲ့ အကျင့်စရိုက် မရှိဘူး.. ဒါကြောင့်မို့ ဒီစာရင်းထဲက လင်းရှောင်ယု ဆိုတဲ့ မိန်းကလေးကို ပယ်တယ်”

“ဟီး.. စီနီယာက အကျင့်စာရိတ္တ ကောင်းသားပဲ”

လျန့်ဝေက မျက်နှာချိုသွေး၍ ဖားယားလိုက်သည်။

ထို့နောက် ဟဲပီဖုန်းက ချန်းချောင်၏ ဓာတ်ပုံကို ညွှန်ပြလိုက်သည်။

“ဒုတိယအနေနဲ့ ဒီကြွက်သား အဖုအထစ်နဲ့ကောင်က ရင်ဆိုင်ရခက်ခဲမဲ့ပုံရတယ်.. သူ့ကို သင်ခန်းစာပေးရင် နပန်းသတ်ရလောက်တယ်.. စုံစမ်းထားတဲ့ သတင်းတွေအရ ဆိုရင် သူ့မိသားစု နောက်ခံကြောင့် ငါတို့က သူ့ကို လက်ရှောင်သင့်တယ်”

“…………”

ထို့နောက် ဟဲပီဖုန်းက ဓာတ်ပုံထဲမှ ကော်ဟောက်ကို ညွှန်ပြလိုက်သည်။

“ဒီကောင်ကို ကြည့်ရတာတော့ ရူးကြောင်ကြောင် ပုံစံပါပဲ.. ဒါပေမဲ့ သူ့မိသားစုက ဝိညာဉ်သားရဲဆိုင် ဖွင့်ထားတယ်.. သူ့လက်ပေါ်က ကြက်တူရွေးက ရင်ဆိုင်ရ ခက်ခဲမယ်လို့ ငါခံစားရတယ်”

“…………”

နောက်ဆုံးတော့ ဟဲပီဖုန်းက ဝမ်လင်း၏ ဓာတ်ပုံထံ အကြည့်ရောက်သွားသည်။

“အချက်အလက်တွေအရ ဒီကောင်က အနိုင်ကျင့်ရ အလွယ်ကူဆုံး ပစ်မှတ်ပဲ.. ဟုတ်တယ်မလား.. ငါ့အမြင်တော့ သူက အဆင်ပြေဆုံးပဲ”

“………….”

ထျန်ကျင်းဇီတို့ အားလုံး ဆွံ့အသွားကြသည်။

စီနီယာ ပြန်မစဉ်းစားချင်သည်မှာ သေချာပါသလော။

…………………..

အားကစားခန်းမမှ ထွက်ခွာလာပြီးနောက် ဝမ်လင်းက လွတ်လွတ်လပ်လပ် အနားယူနေခဲ့သည်။

ဆရာဝမ်က လင်းရှောင်ယုကို “မိစ္ဆာလမ်းစဉ် တည်ထောင်သူ” စာအုပ် ဖတ်ရှုရန် အားကစားခန်းထဲ နေခဲ့စေသည်။

စွန်းရုံကမူ အမှတ်၅၉ အထက်တန်းကျောင်း၏ အတန်းချိန်များကို အခွင့်ကောင်းယူကာ ကျောင်းခေါင်မိုးပေါ်သို့ ပြေးတက်၍ သူမ၏ ဓားဝိညာဉ်နှင့် ဆက်ဆံရေး ခိုင်မာစေရန် ကြိုးစားနေသည်။

ချန်းချောင်နှင့် ကော်ဟောက်က ရည်မှန်းချက် မရှိသူများ ဖြစ်၍ အိပ်ဆောင်သို့ ပြန်ပြီး ဂိမ်းဆော့နေသည်။

ဝမ်လင်းက လေ့ကျင့်စရာ မလိုအပ် သကဲ့သို့ ဂိမ်းဆော့တတ်သော အကျင့်လည်း မရှိပေ။

အကြောင်းရင်းမှာ သူ့လက်ထဲ ကြာကြာကိုင်ထားသော မည်သည့် စက်ပစ္စည်းမဆို ပျက်စီးသွားတတ်သောကြောင့် ဖြစ်၏။

ဝမ်မင် ပေးထားသော အထူး တီထွင်ထားသည့် လက်ပတ်နာရီများတွင် ဂိမ်းများပါရှိပြီး နောက်ဆုံးထွက် ဂိမ်းအားလုံး နီးပါး ဆော့ကစားနိုင်ရန် အပတ်စဥ် တနင်္လာနေ့တိုင်း ဂိမ်းစာကြည့်တိုက်ကို အော်တို အပ်ဒိတ် လုပ်ထားသည်။

သို့သော် ဝမ်လင်းက သူ့လက်ပတ်နာရီပေါ်မှ ဂိမ်းတစ်ခုကိုမှ မကစားခဲ့ပေ။

သူသာ ကစားခဲ့လျှင် သူ၏ သွက်လက်မှု၊ တုံ့ပြန်နိုင်စွမ်းနှင့်အခြား စူပါစွမ်းအားများ၏ သဲလွန်စက ဂိမ်းကစားရင်း ပေါက်ကြားသွားနိုင်သည်။

ငယ်စဥ်ကတည်းက သူ့ကိုယ်သူ ထိန်းသိမ်းခဲ့ရ၍ သူက အမှန်တကယ် ငြီးငွေ့ဖွယ်ကောင်းသော လူတစ်ဦးဟု အမြဲတွေးမိခဲ့၏။

ဝမ်လင်းက သူသာ ယခုလို စွမ်းအားမျိုး မပိုင်ဆိုင်ထားလျှင် သာမန်လူအဖြစ် နေထိုင်မည်ဟု အကြိမ်ကြိမ် တွေးခဲ့ဖူးသည်။

ဘုရားသခင်က လူတိုင်းကို တန်းတူညီမျှ အခွင့်အရေးပေးသည်။

ဝမ်လင်းကို ပြိုင်ဘက်ကင်းသော ခွန်အား ပေးအပ်ထားသော်လည်း ထိုအတွက် ဝမ်လင်း ပေးလိုက်ရသော တန်ကြေးမှာ ခါးသီးလွန်းလှ၏။

ဝမ်လင်းက ဂိမ်းကိုပင် ပျော်ပျော်ရွှင်ရွှင် ကစားခွင့် မရခဲ့ပေ။

အထူးသဖြင့် သူနှင့် အနီးစပ်ဆုံးသူများနှင့် မိတ်ဆွေဖွဲ့ခွင့် မရခဲ့ချေ။

အိပ်ပျော်နေလျှင်ပင် ဟောက်သံ မကျယ်အောင် သတိထားအိပ်ရသည်။

သူက အမြဲတမ်းလိုလို သူ့သဘာဝလွန် စွမ်းအားများကို ထိန်းချုပ်နေရသည်။

သူက သူ့ကိုယ်သူ ကာကွယ် စောင့်ရှောက်နေရသည့် အပြင် တခြားသူများကို မထိခိုက်မိအောင်လည်း ဂရုစိုက်ရသည်။

ဝမ်လင်း၏ ငယ်ဘဝက အတော်လေး အထီးကျန်ပြီး အရွယ်ရောက်လာသည်နှင့် အမျှ အထီးကျန်မှုနှင့် ကျင့်သားရလာ၏။

အမှတ်၆၀ အထက်တန်းကျောင်းကို ရောက်လာပြီးနောက်မှ သာ သူ့​ဘဝက ပြန် အသက်ဝင်လာခဲ့သည်။

ယခင်က မကြုံဖူးသော အုပ်စုဖွဲ့ နေထိုင်မှုဖြင့်လည်း နေထိုင်ရသည်။

ဝမ်လင်းအတွက် ယခု အားလပ်ချိန်က ငြိမ်းချမ်း တိတ်ဆိတ်စွာ နေထိုင်နိုင်သော ရှားရှားပါးပါး အခွင့်အရေး ဖြစ်သည်။

……………..

“ဒီသီချင်းက ဘယ်လိုလုပ်ပြီး ထပ်တလဲလဲ ဖြစ်နေတာလဲ”

“ကျောင်းဝင်းထဲက လမ်းပေါ်မှာ ငါနဲ့အတူ လမ်းလျှောက်ပါ.. အို့.. အို.. အို့.. အို”

အမှတ်၅၉ အထက်တန်းကျောင်း ဖြစ်စေ၊ အမှတ်၅၈ အထက်တန်းကျောင်း ဖြစ်စေ၊ အမှတ်၆၀ အထက်တန်း ကျောင်း၏ ပန်းခြံလို ၎င်းတို့၏ ကျောင်းကွင်းတွင် အလားတူနေရာမျိုး ရှိကြသည်။

အမှတ်၅၉ အထက်တန်းကျောင်းကို ကျောင်းအုပ်ချုပ်ရေး ဒါရိုက်တာ အသစ်ဖြစ်သည့် ယီးအရေပြားလှီး ဆေးရုံမှ ဒါရိုက်တာက တိုးချဲ့ပေးခဲ့သည်။

သစ်ပင်များဖြင့် စီတန်းထားသော လမ်းသစ်နှင့် အိပ်ဆောင်အသစ် အပြင် အိပ်ဆောင် အနောက်ဘက်ရှိ မြေကွက်များကိုပါ တိုးချဲ့ခဲ့သည်။

ထိုနေရာတွင် ချယ်ရီပန်းပင်များဖြင့် ပြည့်နှက်နေသော ချယ်ရီ တောကြီးကို ဖန်တီးထားသည်။

ယခုအချိန်က ချယ်ရီပန်း ရာသီဖြစ်၍ ချယ်ရီပန်းများ ပွင့်လန်းနေပြီး သစ်တောကို ပန်းရောင် ပြောင်းသွားစေသည်။

ချယ်ရီ ပန်းပင်များ၏ အလယ်တွင် ရပ်နေရသည့် ခံစားချက်က လူတစ်ယောက်ကို အချစ်ဦးနှင့် တွေ့ကြုံရသလို ခံစားချက် ပေးစွမ်း၏။

စာသင်ချိန် ပြီးဆုံးလျှင် စုံတွဲများက ချယ်ရီပင် အောက်များတွင် တစ်ယောက်ကိုတစ်ယောက် ကတိသစ္စာ ပြုကြသည်ကို တွေ့မြင်နိုင်သည်။

လေအဝှေ့တွင် ချယ်ရီပန်းများက သစ်ပင်ထိပ်ဖျားမှ ကြွေလွင့်လာပြီး မြေပြင်တစ်လျောက် လွင့်မြော ကခုန်နေ၏။

ပန်းပွင့် တော်တော်များများက ဝမ်လင်း၏ ပုခုံးနှင့် ဆံပင်ပေါ်တွင် ညင်သာစွာ လဲလျောင်း နေကြသည်။

လှပသော ချယ်ရီပန်း နှင့် ဆယ်ကျော်သက် လူငယ်..

ယင်းက ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်သည်။

အပိုင်း(၄၃) ပြီး၏

အပိုင်း(၄၄) ကြောင်တစ်ကောင်နှင့် လူတစ်ယောက်ကြားက ရင်ဆိုင်တိုက်ပွဲ

ဝမ်လင်းက ပန်းရောင်ဖျော့ဖျော့ ပွင့်ချပ်လေးကို ခူးယူပြီး မျက်ဝန်းကို မှိတ်ကာ ပန်းရနံ့ကို ဂရုတစိုက် ရှုရှိုက်လိုက်သည်။

ချယ်ရီပန်း မွှေးရနံ့က ဤရာသီနှင့် လိုက်ဖက်သည်ဟု ဝမ်လင်း ခံစားရ၏။

ဤချယ်ရီပင်များက သာမန် ချယ်ရီပင်များသာ ဖြစ်သည်။

ဈေးကွက်တွင် ရောင်းချသော စိတ်ဝိညာဉ် အပင်များနှင့် ယှဉ်လိုက်လျှင် ချယ်ရီပင်က ချီစွမ်းအား မရှိပေ။

သို့သော် ချယ်ရီပင်များကို ကျောင်းပတ်ဝန်းကျင် လေထုတွင်ထည့်သွင်းရန် မရှိမဖြစ် လိုအပ်သည် မဟုတ်လော။

ဝမ်လင်းက ဤကဲ့သို့ သစ်ပင်ပန်းမန်များဖြင့် တိတ်ဆိတ်အေးချမ်းသော ဘဝဖြင့်သာ နေထိုင်ချင်သည်။

သူက ချယ်ရီပင်များကြားတွင် ငြိမ်သက်စွာ ရပ်နေပြီး ချယ်ရီပန်းများ၏ လန်းဆန်းသော မွှေးရနံ့ကို ရှုရှိုက်နေသည်မှာ စကြဝဠာကြီး တစ်ခုလုံးတွင် သူတစ်ဦးတည်း ရှိနေသည့် အလားပင်။

ထိုအချိန်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်လာသည်။

ယင်းမှာ လေနုအေး တိုက်ခတ်၍ တုန်ယင်လာခြင်းမျိုး မဟုတ်ပေ။

အကြောင်းအရင်း တစ်ခုခုကြောင့်သာ သူ့ကြွက်သားများက အားပျော့၍ တုန်ခါသွားခြင်း ဖြစ်ရပေမည်။

ပုံမှန်အားဖြင့် သူ့ခန္ဓာကိုယ်က မည်သည့်အခါမှ အအေးဒဏ်ကို မခံစားရသလို အဆိပ်အားလုံးကိုပါ ခုခံနိုင်စွမ်း ရှိသည်။

ဗိုင်းရပ်များပင် သူ့ခန္ဓာကိုယ်ထဲ မဝင်ရောက်ခင် သူ၏ ပြိုင်ဘက်ကင်း စွမ်းအားကြောင့် ပျက်စီးသွားရလိမ့်မည်သာ။

ရလဒ်အနေဖြင့် မွေးကတည်းက သေးသေးမွှားမွှားပင် မဖျားနာခဲ့ဖူး၍ အအေးမိရောဂါက မည်သို့မည်ပုံ ဆိုသည်ကိုပင် မသိခဲ့ပေ။

ဆိုရလျှင် ဝမ်လင်းက ငယ်စဉ်တည်းက ဖျားနာခြင်း မရှိခဲ့၍ အေးစက်သော ခံစားချက်ကို မခံစားဖူးချေ။

ဝမ်လင်း တစ်ယောက်တည်း အထီးကျန် ဖြစ်နေသော အချိန်များတွင် ကြွက်သားများမှာ တခါတရံ တောင့်တင်းလာတတ်သည်။

ဝမ်လင်းက ငြိမ်သက်အေးချမ်းသော ခံစားချက်ကို ခံစားရတိုင်း သူ့ခန္ဓာကိုယ်ရှိ အကြောများက ဆတ်ခနဲ ဆွဲသွားတတ်သည်။

ယင်းသို့ဖြစ်ရခြင်းမှာ အာရုံကြောများနှင့် မသက်ဆိုင်ပေ။

ဝမ်လင်းက ကျင့်ကြံခြင်း နယ်ပယ်တွင် ထိပ်ဆုံးအဆင့် ရောက်နေသော်လည်း ထိပ်ဆုံးရောက်နေသူ၏ အထီးကျန်သော ခံစားချက်ကို နားလည်ပေးနိုင်သူမှာ အနည်းငယ်သာ ရှိသည်။

ဝမ်လင်းက ဘုရားကျောင်းများတွင် တစ်ချိန်လုံး တရားစာ ရွတ်ဖတ်နေသော လူအိုကြီး မဟုတ်သကဲ့သို့ သေမျိုး လောကကြီးကို အမှန်အတိုင်း သိမြင်နေသော တာအို ဘုန်းတော်ကြီးလည်း မဟုတ်ခဲ့ပေ။

သူက ခံစားချက်ရှိသော ၁၆နှစ်အရွယ် ကောင်လေး တစ်ယောက်သာ ဖြစ်သည် မဟုတ်လော။

ဝမ်လင်းက အထီးကျန်မှုနှင့် ကျင့်သားရနေပြီဟု ဆိုနိုင်သော်လည်း သူ့နှလုံးသားထဲမှ အလွန် အထီးကျန်ဆန်သော ခံစားချက်ကို တပါးသူက သေအောင် ရိုက်မေးလျှင်ပင် ဝန်ခံမည် မဟုတ်ချေ။

သူက နူးညံ့သော ချယ်ရီပန်း ပွင့်ချပ်များကို ဖွဖွလေး နင်းလျှောက်၍ အရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

လေနုအေးက သူ့ပါးပြင်ကို ကလူကျီစယ် သွားစဉ် လေထဲမှ အသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။

ထို့နောက်တွင် အသံလာရာဆီသို့ သူ လှမ်းကြည့်လိုက်သည်။

သူနှင့် မနီးမဝေးရှိ ချယ်ရီပန်းပင်အောက်တွင် ကြောင်ကလေးများက ကြွေကျနေသော ချယ်ရီပန်း ပွင့်ချပ်များ ပေါ်တွင် ပြေးလွှား ဆော့ကစားနေကြသည်။

ထိုကြောင်ကလေးများမှာ ကျောင်းတိုင်းတွင် ရှိတတ်ကြသည့် လမ်းဘေး ကြောင်ကလေးများ ဖြစ်၏။

တစ်ခါတစ်ရံတွင် ဝမ်လင်းက လွတ်လပ်ပေါ့ပါးစွာ နေထိုင်ခွင့်ရသည့် ကြောင်ကလေးများကို မနာလို ဖြစ်မိသည်။

သူတို့က ဘာဆိုဘာမှ စိုးရိမ်စရာ မလိုအပ်ပေ။

သူတို့ ဗိုက်ဆာသောအခါ ကျောင်းဝန်းထဲရှိ ဝန်ထမ်းများက သူတို့ကို အစာကျွေးလိမ့်မည်။

သူတို့ ဗိုက်ဝသွားလျှင် လူးလှိမ့် ဆော့ကစားနိုင်သည်။

ဆော့ကစားခြင်း ပြီးဆုံးသွားလျှင်လည်း ကောင်းမွန်စွာ အိပ်စက်နိုင်၏။

ထို့အပြင် သူတို့၏ ခွန်အားကို ထိန်းချုပ်ဖို့ စိုးရိမ်စရာလည်း မလိုအပ်ချေ။

ဤချစ်စရာကောင်းသော ကြောင်ပေါက်လေးများကို ငေးကြည့်ပြီး ဝမ်လင်းက ပွေ့ချီချင်စိတ် ပေါ်လာသော်လည်း သူ့လက်မောင်းပေါ်မှ တာအိုအဆောင် အင်အားလျော့နည်းနေသည်ကို သတိပြုမိ၍ သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

ဆော့ကစားနေသော ကြောက်ပေါက်လေးများနှင့် ချောမောသော ကောင်လေးတစ်ယောက်…

ဤမြင်ကွင်းက လူသားနှင့် သဘာဝတရား တို့ကြား စည်းလုံးညီညွတ်မှုကို ပြသနေသည့် ပုံရိပ်တစ်ခုဟု ဆိုရမည်။

အထူးသဖြင့် လူတစ်ဦးက စိတ်ဖတ်နိုင်စွမ်းကို အသုံးချလိုက်သော အခါတွင် ဤကဲ့သို့ ပြီးပြည့်စုံသော ပုံရိပ်က တခါတရံ ပျက်စီးသွားနိုင်သည်။

ဝမ်လင်းက ကြောက်ပေါက်လေးများကို ကြည့်နေစဉ် ၎င်းတို့၏ နှလုံးသားထဲမှ အသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ကြောင်ကလေးအုပ်စု၏ ခေါင်းဆောင် ဖြစ်ပုံရသော ကြောင်ကြီး “ဟေ့ ကြည့်လိုက်စမ်း.. အဲဒီလူသားက ငါတို့ကို အသေအချာ စိုက်ကြည့်နေတယ်ဟ”

ဒုတိယကြောင် ” သူက စိတ္တဇအရူး ဖြစ်နိုင်တယ်”

တတိယကြောင် “ငါတို့ မြန်မြန် ထွက်ပြေးသင့်တယ်.. သူက ငါတို့ကို ဖမ်းချင်လို့ ထင်တယ်”

စတုတ္ထကြောင် “ကြောင်တွေကို ဖမ်းပြီး အသားဟင်း ချက်ပစ်တဲ့ စိတ္တဇ အရူး တစ်ယောက် ရှိတယ်လို့ ငါကြားဖူးတယ်.. ဒီအတိုင်းဆို ဒီနေရာက အရမ်း အန္တရာယ်များနေပြီ”

အကြီးဆုံးကြောင် “၂နာရီထိုးနေပြီ.. သူဌေး ကျန့်ထန်က အစည်းအဝေး လုပ်တော့မယ်.. သွားကြစို့”

ဝမ်လင်း”…………”

ထို့နောက်တွင် ကြောင်အားလုံးက ဦးတည်ချက် တစ်ဖက်တည်းသို့ ပြေးသွားကြသည်။

ဝမ်လင်းက ကလေးဘဝကပင် ဤကဲ့သို့ အရှက်ရမှု များစွာကို ကြုံတွေ့ခဲ့ရဖူးသည်။

အထူးသဖြင့် တာအိုအဆောင်၏ စွမ်းအား လျော့နည်းလာသော အချိန်တွင် ကြုံရတတ်သည်။

သူ၏ အရှိန်အဝါကို လူသားများထက် တိရိစ္ဆာန်များ နှင့် အင်းဆက်များက ပို၍ အာရုံခံစားနိုင်သည်။

သို့သော် သတ္တဝါအားလုံးက ဝမ်လင်းကို ကြောက်လန့်ခြင်း မဟုတ်ပေ။

တချို့သော ပုဇဉ်း နှင့် လိပ်ပြာများသည် သူ့ ပခုံးပေါ်တွင် အကြောက်အလန့် ကင်းမဲ့စွာ နားခိုတတ်ကြသည်။

ဝမ်လင်းက ကြောင်ပေါက်လေးများ ပြေးသွားသော ဦးတည်ချက်အတိုင်း လျှောက်လာခဲ့သည်။

အမှတ်၅၉ အထက်တန်းကျောင်းသို့ ရောက်မလာခင် သူ၏ မှတ်ဉာဏ်ဖတ် စွမ်းရည်ကို အသုံးပြု၍ ချယ်ရီတောထဲတွင် လူလုပ် ကြာပန်း ရေကန်ငယ်လေး တစ်ကန် ရှိသည်ဟု သူကြားသိထားခဲ့သည်။

အသစ်ဆောက်ထားသည့် ထိုကြာပန်း ရေကန်လေးထဲကို စာကလေး တစ်ကောင် မတော်တဆ ရေနစ် သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ဖူးသည်။

မျက်နှာပြောင်သည့် ကျောင်းသားတစ်ဦးက ထိုစာကလေးကို “ရှားယွီဟဲ”ဟု အမည်ပေးခဲ့ပြီး ကြာပန်းရေကန် နံဘေးတွင် ကျောက်တိုင် တစ်ခု စိုက်ထူခဲ့သည်။

ရေကန်လေးကိုလည်း “ရေကန်လေး မင်”ဟု အမည်ပေးခဲ့၏။

ဝမ်လင်းက ကြောင်ကလေးများ မတော်တဆ တစ်ခုခု ဖြစ်မည်ကို အနည်းငယ် စိုးရိမ်သဖြင့် ကြောင်ကလေးများ နောက်သို့ လိုက်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

ကြောင်ကလေးများက ငယ်ရွယ်လွန်းပြီး ရေကန်၏ ရေအနက်မှာမူ ဝမ်လင်း၏ ဒူးလောက် ရှိသည်။

ထို့ကြောင့် ကြောင်ကလေးများအတွက် ရေနက်သည်ဟု ဆိုနိုင်၍ ဝမ်လင်း အစိုးရိမ် လွန်သွားခဲ့သည်။

ဤကြောင်အုပ်စုတွင် လျှို့ဝှက် အခြေစိုက်စခန်း ရှိနေသည်မှာ ထင်ရှား၏။

ဝမ်လင်း ရေကန်နား ရောက်သွားသည်နှင့် သူတို့က ခြေရာဖျောက်သွားခဲ့သည်။

ဝမ်လင်းက ကြောင်အရိပ်ပင် မမြင်ခဲ့ရပေ။

ပတ်ဝန်းကျင်တစ်ခုလုံးက ငြိမ်သက် တိတ်ဆိတ်နေခဲ့သည်။

သူ သက်ပြင်းချပြီး ထွက်သွားခါနီးတွင် အမည်းရောင် ပုံရိပ်တစ်ခုက ရေကန်ထဲသို့ ထိုးကျသွားသည်။

“ဗွမ်း…”

ရေကန်ထဲမှ ရေများက ကန်ပြင်သို့ စင်ထွက်လာသည်။

သာမန် အခြေအနေဆိုလျှင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့လျှင် ရေစိုမည်မှာ သေချာသည်။

သို့သော် စင်ထွက်လာသော ရေများက ဝမ်လင်းဆီ မရောက်ခင် ရပ်တန့်သွားခဲ့သည်။

ဝမ်လင်းက သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်နှင့် ကန်ပြင်သို့ စင်ထွက်လာသော ရေအားလုံးမှာ ကန်ထဲသို့ ပြန်ရောက်သွားခဲ့သည်။

သူက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူ၏ ရုန့်ရင်းသော စွမ်းအားကြောင့် ဤနောက်ဆုံးရက် အနည်းငယ် အတွင်း အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့မိ၍ အလွန်အမင်း အပြစ် ရှိသကဲ့သို့ ခံစားခဲ့ရသည်။

ကြာကန်ထဲမှ ရေများမှာ အနည်းနှင့်အများ အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းပိုင်ပစ္စည်း ဖြစ်နေ၍ မပျက်စီးအောင် အချိန်မီ အဖက်ဆယ်ပေးခဲ့ခြင်း ဖြစ်၏။

သူအသုံးပြုလိုက်သော စွမ်းအားမှာ အချိန်နောက်ပြန်ဆွဲသော စွမ်းအား မဟုတ်ဘဲ ကြီးမြတ်သော ကမ္ဘာမြေကြီး၏ ဆွဲအား မန္တန် ဖြစ်သည်။

ရှောင်ကလန်၏ ရှောင်အကြီးအကဲက ယင်းမန္တန်ဖြင့် ကျော်ကြားခဲ့ဖူးသည်။

တကယ်တမ်း အချိန်နောက်ပြန်ဆွဲသော စွမ်းအားကို အသုံးပြုလျှင်လည်း တူညီသော ရလဒ်သာ ထွက်ပေါ်လိမ့်မည်။

သို့သော် အချိန်နောက်ပြန်ဆွဲခြင်းက ကမ္ဘာ့အချိန် သတ်မှတ်ချက်ကို ပြောင်းပြန် ဖြစ်သွားစေနိုင်သည့် သက်ရောက်မှု ရှိသလို သူ၏ ခွန်အားကိုလည်း အတိုင်းတစ်ခုထိ ကုန်ဆုံးစေသည်။

ထို့ကြောင့် နောက်ဆုံး အခြေအနေ မရောက်သ၍ ထိုစွမ်းအားကို ဝမ်လင်း အသုံးပြုမည် မဟုတ်ချေ။

ဝမ်လင်းက ကြာကန်၏ ဘေးနားတွင် မတ်တတ်ရပ်နေပြီး အစောပိုင်းက ရေကန်ထဲသို့ ကျသွားသည့် အရိပ်မည်းကို ရှာဖွေလိုက်သည်။

ဝမ်လင်းက သူ၏ အလင်းကဲ့သို့ လျင်မြန်သော အမြင်ဖြင့် ရေကန်ထဲ ကျသွားသော အရာမှာ အမည်းရောင် ကြောင်မှန်း သိလိုက်၏။

ထိုအချိန်တွင် အမည်းရောင်ကြောင်က အနည်းငယ် မှင်တက်နေသည်။

စင်စစ် အမည်းရောင်ကြောင်က ရေကန်ထဲသို့ တမင်တကာ ခုန်ချခဲ့ခြင်းသာ ဖြစ်၏။

ရေကန်ထဲ ခုန်ချသွားပြီးနောက် အမည်းရောင်ကြောင်က အစီအစဉ်အတိုင်း ရေကန်ဘေးနား တစ်နေရာတွင် ပုန်းကွယ်လိုက်ပြီး ဝမ်လင်း၏ အခြေအနေကို စူးစမ်းခဲ့သည်။

ထိုအခါ ဝမ်လင်းက ကြီးမြတ်သော ကမ္ဘာမြေကြီး ဆွဲအားမန္တန် အသုံးပြုလိုက်ခြင်းကို မြင်တွေ့လိုက်ရသည်။

“ဒီလူငယ်က ဒီလောက် အဆင့်မြင့်တဲ့ မန္တန်ကို အသုံးပြုနိုင်မယ်လို့ မထင်ထားမိဘူး”

ဤလူငယ်ကို အနိုင်ကျင့်ရန် အသေးစိတ် စီစဉ်ထားသော ပထမခြေလှမ်းက ပျက်စီးသွားလိမ့်မည်ဟု မည်သူ သိနိုင်မည်နည်း။

အမည်းရောင်ကြောင် အဖြစ် အသွင်ပြောင်းထားသော ဟဲပီဖုန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

သူက ကြာကန်၏ တစ်ဖက်မှာရှိသည့် ကြာရွက်ပေါ်သို့ ပြေးတက်သွားသည်။

မည်သို့ပင်ဆိုစေကာမူ ဖန်တီးထားသော ကြာကန် ဖြစ်သောကြောင့် ကြာပန်း နှင့် ကြာရွက်များက အတုအယောင်သာ ဖြစ်၏။

ကြာပန်းများမှာ ရေကူးရာတွင် အသုံးပြုသည့် ဖော့ပြားများကဲ့သို့ သာမန်ထက် ပို၍ ခိုင်မာသည်။

ဟဲပီဖုန်းက ပထမဆုံးအကြိမ် ကြောင်အသွင်ပြောင်းခြင်း မဟုတ်၍ လှုပ်ရှားမှုက အတော်လေး သွက်လက် မြန်ဆန်နေသည်။

ခြေလေးချောင်းဖြင့် လှုပ်ရှားခြင်းက ခြေနှစ်ချောင်းသုံး လှုပ်ရှားခြင်း နှင့် ခြားနားသော်လည်း သူက ကျင့်သားရအောင် လေ့ကျင့်ထားခဲ့သည်။

ယင်းအချိန်တွင် အမည်းရောင်ကြောင် တဖြစ်လဲ ဟဲပီဖုန်းက ဝမ်လင်းနှင့် အကြည့်ချင်း ဆုံမိသွားသည်။

တခဏမျှ အကြည့်ချင်း ဆုံပြီးနောက် ဟဲပီဖုန်းက ကြာရွက်ပေါ်ကနေ ရေကန်ထဲသို့ ခုန်ချလိုက်သည်။

“ဗွမ်း..”

အမည်းရောင်ကြောင်က စက်ဝိုင်းပုံစံဖြင့် ရေကန်ထဲသို့ ပြုတ်ကျသွား၏။

ထို့နောက် အမည်းရောင်ကြောင်က စွမ်းအားအကုန် သုံးပြီး ရုန်းကန်နေသည်။

ဝမ်လင်းက စိတ်ဖတ်နိုင်သော စွမ်းရည်ကို အသုံးမပြုသည့်တိုင် တမင်တကာ လုပ်နေမှန်း သိနေခဲ့သည်။

အမည်းရောင်ကြောင်က ထျန်းကျင်းဇီတို့ သူ့ကို နှောင့်ယှက်ရန် စေလွှတ်ထားသည့် လူမှန်းလည်း ရှင်းရှင်းလင်းလင်း သိနေသည်။

ဤအခြေအနေမျိုးတွင် ဝမ်လင်းက ကယ်တင်ခဲ့လျှင်လည်း ထျန်ကျင်းဇီ တို့က ညစ်ပတ်သော နည်းလမ်းဖြင့် ထပ်မံ လှည့်စားဦးမည် မဟုတ်ပါလား။

သို့သော် သူ လျစ်လျူရှုလိုက်လျှင် အမှတ်၆၀ အထက်တန်းကျောင်း၏ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်သည်။

အမှတ်၅၉ အထက်တန်းကျောင်းသို့ လာရောက်သော ကျောင်းသားတိုင်းက အမှတ်၆၀ အထက်တန်းကျောင်းကို ကိုယ်စားပြုကြောင်း ဆရာဝမ်က မှာကြားထားသည်။

သူ့တွင် ရွေးချယ်စရာ မရှိ၍ သူ ကယ်တင်ပေးလိုက်မည်။

သို့သော်လည်း သင့်လျော်သော ပြစ်ဒဏ်ကိုတော့ ​ပြန်လည်ပေးဆပ်ရမည် မဟုတ်လော။

ဝမ်လင်းက ရေကန်ထဲ ရုန်းရင်းဆန်ခတ် ဖြစ်နေသော အမည်းရောင်ကြောင်ကို ငေးစိုက်ကြည့်ပြီး နှုတ်ခမ်းထောင့်များကို တွန့်ကွေးကာ ကြင်နာတတ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

အပိုင်း(၄၄) ပြီး၏။

အပိုင်း(၄၅) ကိုယ်ကျိုးမဖက်သူ ဝမ်လင်း

ဝါရင့်ဆရာသမား ဝမ်၏ သတ်လတ်ပိုင်း အမျိုးသမီးများကို ဆွဲဆောင်နိုင်သော မွေးရာပါ စွမ်းရည်ကို မျက်မြင်တွေ့ရပြီးနောက် ဝမ်လင်းက သူ၏ ကိုယ်ပိုင် မွေးရာပါ စွမ်းရည် အကြောင်းကို စဥ်းစားမိခဲ့သည်။

တစ်ခါတရံ သူ ပြဿနာကြုံရခြင်းမှာ သူ့စွမ်းအားကို မထိန်းချုပ်နိုင်၍ မဟုတ်ဘဲ သူ၏ မွေးရာပါ စွမ်းရည်ကြောင့် ဖြစ်သည်။

ယင်းအတွက်ကြောင့် ထိုစွမ်းရည်များကို လက်တွေ့ အသုံးချကြည့်ပြီး တိတ်တဆိတ် အဖြေရှာခဲ့ဖူးသည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း ဝမ်လင်းက သူ၏ မွေးရာပါ စွမ်းရည်များတွင် ပါဝင်သော အမျိုးအစားများကို လက်တွေ့အသုံးချ စွမ်းရည်များ.. တန်ဖိုးမရှိသော စွမ်းရည်များနှင့် အမိန့်ပေး စွမ်းရည်များ ဟူ၍ သက်သက်စီ ခွဲထားခဲ့သည်။

အမိန့်ပေး စွမ်းရည်များတွင် ဝမ်လင်း အပေါ် နက်နက်ရှိုင်းရှိုင်း စွဲထင် ကျန်ရစ်စေသော စွမ်းရည်မှာ မဟာတာအို သုံးထောင်ထဲက တစ်ခုဖြစ်သည့် “မဟာလက်ဖဝါးလှိုင်း”မှ ဆင်းသက်လာသော “ငါးကြင်းခုန်” ဟုခေါ်သည့် စွမ်းရည် ဖြစ်သည်။

ဝမ်လင်းက လက်ခုပ် သုံးဆယ့်နှစ်ခါ ဆက်တိုက် တီးလိုက်လျှင် ထိုအစွမ်း သက်ရောက်ခံရသည့်လူက မည်သည့် တိုက်ခိုက် သက်ရောက်မှုမှ မရှိဘဲ ငါးကြင်းခုန်သကဲ့သို့ လျှပ်တပြက် လှုပ်ရှားကာ လှည့်ပတ် ရှောင်တိမ်းနေရသည့် စွမ်းရည် ဖြစ်သည်။

(ပိုကီမွန်ထဲက ငါးကြင်းလေး ခုန်သလိုမျိုး)

တန်ဖိုးမရှိသော စွမ်းရည်များတွင် ထင်ရှားသည်မှာ စွန့်ပစ်သော အမျိုးအစား မန္တန် ဖြစ်သည်။

အချို့သော စွမ်းရည်များက အလွန် လက်တွေ့ကျသည်ဟု ထင်ရသော်လည်း သူ့အတွက် တန်ဖိုးမရှိပေ။

ဥပမာအားဖြင့် “အကန့်အသတ်မဲ့ ဝါးမျိုခြင်း” ဟူသော မန္တန်သည် မဟာတာအို ၃၀၀၀ထဲမှ တစ်ခုဖြစ်သည့် “ကြီးမြတ်သော ဝါးမျိုခြင်း မန္တန်” ၏ အကိုင်းအခက် တစ်ခု ဖြစ်သည်။

ဝမ်လင်းက သူနှစ်သက်သော အစားအစာပေါ်တွင် မျက်ရည်ကျလိုက်လျှင် ထိုအစားအစာက အချိန်တိုအတွင်း ပုံတူပွားလာမည် ဖြစ်သည်။

အချိန်တိုလေး အတွင်း တစ်ခုကနေ နှစ်ခု၊နှစ်ခုကနေ လေးခု အဖြစ် လျင်မြန်စွာ ပုံတူပွားနိုင်သည်။

သူကြိုက်သည့် တစ်ခုတည်းသော အရာမှာ အဆာပြေမုန့်ထုပ် ဖြစ်သည့် ခေါက်ဆွဲ အကြွပ်ကြော်ထုပ်ပင် ဖြစ်သည်။

ဝမ်လင်း ငယ်စဥ်က သူ အကြိုက်ဆုံး ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်ကို ပုံတူပွားရန် ထိုစွမ်းရည်ကို အသုံးပြုခဲ့ဖူးသည်။

သို့သော် သူ့စွမ်းအားကို မထိန်းချုပ်နိုင်၍ မရေတွက်နိုင်အောင် များပြားသော ခေါက်ဆွဲခြောက် ကြွပ်ကြော်များကို ဖန်တီးမိခဲ့သည်။

ထို့ကြောင့် စွန့်ပစ်ခြင်းမန္တန်ကို သုံးကာ စကြဝဠာ အပြင်ဘက်သို့ ပို့ပစ်လိုက်ရ၏။

ယခုဆိုလျှင် ဝမ်လင်း လွှင့်ပစ်ခဲ့သော ခေါက်ဆွဲခြောက်ကြွပ်ကြော်များက ကိုယ်ပိုင် နဂါးငွေ့တန်းကို ဖန်တီးနေလောက်သည်။

သူ့တွင် မွေးရာပါ စွမ်းရည်များစွာ ရှိသော်လည်း အများစုမှာ လက်တွေ့ အသုံးမချရသေးပေ။

ဝမ်လင်းက သူ့စွမ်းအားကို ဖုံးကွယ်ရန် “ကြီးမြတ်သော အကာအရံ မန္တန်”ကို အသုံးပြုလေ့ရှိသည်။

သာဓကပြရလျှင် သူ ယခင်က အသုံးပြုခဲ့ဖူးသော ကြီးမြတ်သော အကာအရံ မန္တန်သည် တခြားသူများက သူ့အကြောင်းကို စုံစမ်းမိခြင်းမှ ကာကွယ်ပေးထားနိုင်သည်။

ယခု သူ့ကို စိတ်အနှောင့်အယှက် ပေးနေသော အမည်းရောင်ကြောင်ကို မည်သည့် စွမ်းရည်ကို သုံး၍ သင်ခန်းစာ ပေးရမလည်း သူမသိခဲ့ပေ။

သူ၏ ကောင်းကင်ဘုံမျက်လုံးက မှားယွင်းမှုများကို ဖယ်ရှားပေးပြီး အမှန်တရားကို ထိန်းသိမ်းပေးနိုင်သည်။

အရိုးသားဆုံး ပြောရလျှင် အခြေခံတည်ဆောက်ခြင်း အထက်တန်းကျောင်းတွင် အသွင်ပြောင်းလဲခြင်း မန္တန်ကို အသုံးပြုနိုင်သူ ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဤမန္တန်မှာ အတော်ကလေး အဆင့်မြင့်သော မန္တန် ဖြစ်သည်။

ကျင့်ကြံခြင်းကျောင်း ၁၀၀ကို အုပ်ချုပ်သော ဌာနက ထိုမန္တန်ကို အသုံးပြုရန် မကန့်သတ်ထားသော်လည်း ဆရာ၏ လမ်းညွှန်မှု မရှိဘဲ လေ့ကျင့်လျှင် ရူးသွပ်သွားနိုင်လောက်သည့် မန္တန် အမျိုးအစား ဖြစ်သည်။

………………

ထိုစဉ် သရုပ်ဆောင် ကောင်းလွန်သော အမည်းရောင်ကြောင်က ရေကန်ထဲ ရုန်းကန်နေသည်မှာ ၂မိနစ်ခန့်ပင် ကြာနေပြီ။

သူ့လို သနားချင်စရာကောင်းသော ကြောင်ပေါက်လေးကို မည်သည့်လူသားက မစာနာဘဲ နေနိုင်မည်နည်း။

ယင်းမှာ ဟဲပီဖုန်း၏ စိတ်ကူး ဖြစ်သည်။

ဤဖြစ်ရပ်မတိုင်မီ သူက ဝမ်လင်း၏ အပြုအမူကို မှတ်တမ်းတင်ရန် လျှို့ဝှက် ကင်မရာကို အနီးအနားတွင် တပ်ဆင်ထားသည်။

အကယ်၍ ဝမ်လင်းသာ သူ့ကို မကယ်တင်ပေးလျှင် စိတ်ကူးယဉ်ဆန်သည့် ဆောင်းပါးတစ်ပုဒ်ကို ချဲ့ကား ရေးသားလိုက်ရုံဖြင့် နောက်တစ်နေ့တွင် ဝမ်လင်းက စာနာမှု ကင်းမဲ့သူ အဖြစ် နာမည်ကျော်သွားလိမ့်မည် ဖြစ်၏။

အနည်းဆုံးတော့ ကြောင်ကလေးများကို နေ့တိုင်း အစာကျွေးသော ကျောင်းဝန်ထမ်းများက ဝမ်လင်းကို ပြစ်တင် ရှုတ်ချလိမ့်မည် မဟုတ်ပါလား။

ထိုမှသာ အမှတ်၆၀ အထက်တန်းကျောင်းက လူပုံအလယ်တွင် မျက်နှာပျက်ရပေလိမ့်မည်။

သို့သော် အစီအစဉ် တစ်ခုလုံးက အသွင်ပြောင်းလဲခြင်းမန္တန်ကို အမှားအယွင်း မရှိ အသုံးပြုရန် အပေါ် မူတည်နေသည်။

……………..

အမည်းရောင်ကြောင်က ရေကန်ထဲ ရုန်းကန်နေဆဲ ဖြစ်သည်။

“…………..”

ကြောင်မည်းကို စောင့်ကြည့်နေသော ဝမ်လင်း၏ မျက်စိသူငယ်အိမ်က သာမန်ထက် ထူးကဲနေသည်ကို မည်သူမှ သတိမပြုမိပေ။

ဟဲပီဖုန်း၏ အသွင်ပြောင်းလဲခြင်း မန္တန်က သာမန်ထက် ထူးကဲပြီး လူအများစု၏ မျက်လုံး နှင့် နားကို ပိပိရိရိ ဖုံးကွယ်နိုင်သော်လည်း ဝမ်လင်း၏ ကောင်းကင် မျက်လုံးအောက်မှ လွတ်မြောက်နိုင်စွမ်း မရှိခဲ့ပေ။

ဟဲပီဖုန်းက ကြာကန်ထဲ ရုန်းကန်နေစဉ် သူ့ခန္ဓာကိုယ်၏ ထူးခြားမှုကို သတိပြုမိလိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်မှ အမည်းရောင် အမွေးများက အကြောင်းရင်း မသိရဘဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

“ထူးဆန်းလိုက်တာ.. ဒါက ဘယ်လိုဖြစ်ရတာလဲ”

ထို့နောက် စက္ကန့်ပိုင်းမျှ ကြာပြီးနောက် အံ့သြမှု ပြည့်နှက်နေသော မျက်နှာဖြင့် ကြာကန်ထဲကနေ မတ်တတ် ထရပ်လိုက်သည်။

အားမာန်အပြည့်နှင့် သတ္တိရှိရှိ မတ်တပ်ထရပ်လိုက်သော်လည်း သူ၏ ရေစိုနေသော ဂွေး-ကျိက တွဲလောင်းလေး ဖြစ်နေသည်။

“ချီးပဲ”

ယခုလို အရေးကြီးသည့် အခြေအနေမျိုးတွင်မှ လူသားအသွင် ပြောင်းလဲသွားလိမ့်မည်ဟု ဟဲပီဖုန်း မမျှော်လင့်ခဲ့ပေ။

ဟဲပီဖုန်းကို ပို၍ ချောက်ခြားစေသော ကိစ္စမှာ အဝတ်အစား ကင်းမဲ့ကာ ကိုယ်လုံးတီး ဖြစ်နေခြင်းပင်။

“…………..”

ဝမ်လင်းက မြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး သူ့မျက်လုံးများကို လက်ဖြင့် ကွယ်ထားလိုက်သည်။

“သောက်ချီးပဲ..”

သူ့စိတ်ထဲကနေ သူ့ကိုယ်သူ ကျိန်ဆဲနေမိသည်။

ဟဲပီဖုန်း၏ အဝတ်အစားများက ဘယ်ဆီ ဘယ်ဝယ် ရောက်သွားရသနည်း။

အမှားအယွင်းများကို ဖယ်ရှားပြီး အမှန်တရားကို ထိန်းသိမ်းနိုင်သည့် သူ၏ ကောင်းကင်မျက်လုံးက တကယ်ကို အစွမ်းထက်လွန်း၏။

မြင်ကွင်းက ဝမ်လင်းအတွက် စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သော အရှက်ရဖွယ် မြင်ကွင်း ဖြစ်နေသည်။

သူ အနည်းငယ် နောင်တရနေမိသည်။

သူ၏ မွေးရာပါ ကောင်းကင်မျက်လုံး စွမ်းရည်ကို မထိန်းချုပ်နိုင်ခဲ့၍ သာမန်ထက် လွန်ကဲသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည် မဟုတ်လော။

ထိုအခိုက်အတန့်တွင် ဟဲပီဖုန်း၏ ဘဝက သနားစရာကောင်းနေပြီး ရူးသွပ်မတတ် ဖြစ်နေသည်။

အကယ်၍ သူသာ ဂိမ်းထဲ ရောက်နေလျှင် အသွင်ပြောင်းအရည်ကို သောက်မိလိမ့်မည် ဖြစ်၏။

သို့သော် ယခုက လက်တွေ့ဘဝသို့ ရောက်နေ၍ အရှက်တကွဲ အကျိုးနည်း ဖြစ်နေရသည်။

သူက မျက်နှာကို လက်ဖြင့်ကွယ်ပြီး ရေကန်ထဲ ​ပြန်ထိုင်ချလိုက်သည်။

သူယခင်က ယခုလိုမျိုး အရှက်မကွဲခဲ့ဖူးပေ။

အနီးအနားတွင် မည်သူမှ မရှိသော်လည်း ခပ်လှမ်းလှမ်း တစ်နေရာတွင် သူ ဖွက်ထားသော လျှို့ဝှက်ကင်မရာ ရှိနေပါသေးသည်။

ဟဲပီဖုန်းက သူ့ကိုယ်သူ အားတင်းပြီး ဝမ်လင်းကို အနူးအညွှတ် တောင်းပန်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“သူငယ်ချင်းလေး.. ငါ့အတွက် အဝတ်ရှာပေးလို့ ရမလား”

ဝမ်လင်း “…………”

ခဏမျှ တွေးတောပြီးနောက် ဝမ်လင်းက သူ့အပေါ် အင်္ကျီကို ချွတ်လိုက်ပြီး ကြာကန်ဘေးနားသို့ ပစ်ပေးလိုက်သည်။

ထို့နောက် သူက မျက်လွှာချကာ ခေါင်းငုံ့၍ တိတ်တဆိတ် လှည့်ထွက်သွားသည်။

မည်သို့ပင်ဆိုစေကာမူ သူက ချန်းချောင်လို စပ်စုသော ဝါသနာမရှိသောကြောင့် အဝတ်အစားကင်းမဲ့၍ လန်ကွန်တီ ဖြစ်နေသောကောင်ကို စိတ်ဝင်စားနေမည် မဟုတ်ပေ။

…………….

ချယ်ရီပင်များအောက်တွင် လမ်းလျှောက်နေသော လူငယ်ကို ဝမ်းနည်းကြေကွဲနေသော လေနုအေးများက တိုက်ခတ်နေသည်။

ကြာကန်အလယ်တွင် မိန်းမောတွေဝေစွာ ထိုင်နေသော ဟဲပီဖုန်းက ဝမ်လင်း၏ နောက်ကျောပြင်ကို ငေးကြည့်နေ၏။

အသွင်ပြောင်းလဲခြင်း မန္တန်က အလျင်အမြန် အစွမ်းပြယ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူ အနိုင်ကျင့်ရန် ပစ်မှတ်ထားခဲ့သော လူငယ်လေးက သူ့သိက္ခာကို အဖက်ဆယ်ပေးခဲ့သည်။

သူ့ဘဝ၏ အရှက်ရဖွယ် ကောင်းသော အခြေအနေမှ ကယ်တင်ပေးခဲ့သည်။

ဟဲပီဖုန်းက အရှက်ရသော ခံစားချက်ဖြင့် ကြာကန်ထဲမှ ထလိုက်ပြီး ဝမ်လင်း ချန်ထားပေးခဲ့သော အပြာရောင်အားကစား ဝတ်စုံကို ကောက်ယူ၍ ဝတ်လိုက်သည်။

အားကစား ဝတ်စုံက သာမန် အဝတ်အစားထက် ပိုရှည်သော်လည်း အရှက်လုံရုံသာ ဖုံးကွယ်ပေးနိုင်ခဲ့သည်။

ကံကောင်းသည်မှာ ကျောင်းချိန် မပြီးဆုံးသေး၍ ချယ်ရီတောထဲတွင် မည်သူမှ မရှိနေခဲ့ပေ။

“ဘော့စ်.. ကျွန်တော် မှတ်တမ်းတင်ထားပြီးပြီ”

ကိရိယာက ထအော်လိုက်သည်။

“အားလုံး ဖျက်ပစ်စမ်း”

ဟဲပီဖုန်း၏ မျက်နှာက ရှုံ့မဲ့နေသည်။

သူ လူသားအသွင် ပြောင်းလဲသွားသော အခိုက်အတန့်ကို ပြန်တွေးမိလိုက်၏။

ဤကဲ့သို့သော ဗီဒီယိုကို သူမည်ကဲ့သို့ ထိန်းသိမ်း ထားနိုင်ပါမည်နည်း။

“ဒီလူငယ်လေးကို ဆက်အနိုင်ကျင့်ရမလား.. မကျင့်ရဘူးလား”

“စိတ်သဘောထားကောင်းတဲ့ တခြားကျောင်းကလူကို နွေးနွေးထွေးထွေး ပွေ့ဖက်ပြီး ကြိုဆိုသင့်တာပေါ့.. ဒီအတန်းဖော် လဲ့ဖုန်းကြောင့်သာ မဟုတ်ရင် ငါတော့ လုံးဝ မျက်နှာပျက်ရပြီ.. ”

(လဲ့ဖုန်း=ကိုယ်ကျိုးမဖက်သူ၊လမ်းလွဲနေသူများကို အကူအညီပေးသူ)

………………

လေပြေလေညင်းက သူ့ပေါင်ဗလာနဲ့ ခြေသလုံး အမွေးတို့ကို တိုက်ခတ်လာချိန်တွင် သူ၏ ဂွေး-ဥက အနည်းငယ် ကိုက်ခဲလာသလို ခံစားနေရသည်။

“အဲဒီအတန်းဖော် လဲ့ဖုန်းကို နောက်မှ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောရမယ်”

ဟဲပီဖုန်း သက်ပြင်းချလိုက်သည်။

တခြားကျောင်းမှ ကျောင်းသားအဖွဲ့ကို အနိုင်ကျင့်ရန် ကြိုးစားနေသော ထျန်းကျင်းဇီတို့ အဖွဲ့အကြောင်းကို စဥ်းစားရင်း ကျောင်းနှစ်ကျောင်း ကြားမှ ကျောင်းသားများ၏ စရိုက်ကွာဟမှုကို ပြင်းပြင်းထန်ထန် ခံစားမိခဲ့သည်။

သူက ယခုလို ဆိုးသွမ်းသူအဖြစ် ဆက်၍ မနေထိုင်လိုတော့ပေ။

အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းသား သမဂ္ဂအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသင့်သည်ဟု သူတွေးလိုက်မိသည်။

ဝမ်လင်း ပျောက်ကွယ်သွားသော မြင်ကွင်းကို အချိန်အတော်ကြာအောင် သူ ငေးစိုက်ကြည့်နေမိသည်။

သိပ်မကြာခင် ဝမ်လင်း၏ ကြီးမြတ်သော အကာအရံ မန္တန်က ပြန်လည် အသက်ဝင်လာသည်။

“ဒါနဲ့ အဲဒီ အတန်းဖော် လဲ့ဖုန်းက ဘယ်သူပါလိမ့်.. သူ့နာမည်ကို စဉ်းစားလို့လည်း မရတော့ပါလား”

အပိုင်း(၄၅) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset