Switch Mode

Chapter – 228

ကျေနပ်အားရခြင်း (၁)

အပိုင်း ၂၂၈
ကျေနပ်အားရခြင်း (၁)

ဝမ်ရှန်းသည် ဘုန်းတော်ကြီး လင်ရှူးက တာအိုဘုန်းတော်ကြီး ကျောင်းတွင် အစွယ်အပွားပေါင်း များစွာရှိကာ ထိုနေရာမှ ရာထူးကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သည်ဟု အမြဲတွေးခဲ့၏။

သို့သော် ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါး ဖြစ်ဟန်ရှိသည့် ပုဂ္ဂိုလ်သည် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော အရွယ်ကြီး၊ အရွယ်ငယ် ဘုန်းတော်ကြီးတို့ကို ဦးဆောင်၍ ရောက်လာကာ လင်ရှူးအား အရိုအသေ ပေးလိုက်ပြီး “ဘိုးဘေးကို အရိုအသေ ပေးပါတယ်” ဟု ပြောသည်ကို ကြားလိုက် ရသောအခါတွင် ဝမ်ရှန်း ထိတ်လန့် သွားရသေးပေသည်။

လင်ရှူးက တာအိုဘုန်းတော်ကြီး ကျောင်း၏ ဘိုးဘေးတစ်ပါး ဖြစ်နေသည်လား… နေပါဦး ထိုဘုန်းတော်ကြီးက ဘိုးဘေးဟု ခေါ်ခဲ့သည်၊ ထိုတာအိုဘုန်းတော်ငယ်ကလည်း ဘိုးဘေးဟု ခေါ်ခဲ့သည်… မျိုးဆက်က ဘယ်လို တော်စပ်သနည်း…

လူများသည် သူတို့၏ ရှေးမျိုးဆက်မှ ပုဂ္ဂိုလ်များကို ဘိုးဘေးဆရာဟု ခေါ်ကြသည်။ ထိုဘိုးဘေးဆရာများနှင့် သူတို့ကြားတွင် မျိုးဆက် သုံးလေးငါးခုလောက် ခြားပေသည်။

လင်ရှူးက မျိုးဆက် ဘယ်နှဆက်မြောက် ဘိုးဘေးဖြစ်သနည်း… ထို့ပြင် ယခု သူ၏အသက်မှာ မည်မျှရှိမည်နည်း…

အခြားအရာများ မဆိုထားနှင့် ဤဘိုးဘေးဆရာများ လေ့ကျင့်သည့် သက်တမ်းအရ မရှိဘူး ဆိုလျှင် ဘုန်းတော်ကြီး လင်ရှူးသည် အသက် ၁၇၀၊ ၁၈၀၊ ၂၀၀ ခန့် ရှိပေမည်။ သို့မဟုတ်ပါက သူ အခြားသူများ၏ ဘိုးဘေး မဖြစ်နိုင်ပေ။

ဤကဲ့သို့ မြင့်မားသည့် အဆင့်အတန်းရှိကာ ရိုသေလေးစား ခံနေရသည့် တာအိုဘုန်းတော်ကြီးသည် မည်သို့ကြောင့် တောင်ပေါ်ရွာငယ် တစ်ရွာရှိ နုံချာသည့် ဘုန်းတော်ကြီး ကျောင်း၌ တစ်ကိုယ်တည်း နေနေသနည်း…

မည်မျှပင် ဆိုးဝါးနေစေ သူ၏ဝါစဉ်နှင့် ဆိုလျှင် တစ်ကမ္ဘာလုံးရှိ တာအိုဘုန်းတော်ကြီး ကျောင်းများ၏ ကြည်ညို လေးစားမှုကို ခံယူနိုင်ပေသည်။ သူပြောခဲ့သည့်အတိုင်း သူသည် လူထု အကျိုးစီးပွားအတွက် ဘာမှမလုပ်ဘဲ အဆင့်မြင့်တင်ရန် အတွက်ကိုသာ အာရုံစိုက်နေသည့် ဤတာအိုဘုန်းတော်ကြီးများကို သည်းမခံနိုင်လို့ များလား…

ဘုန်းတော်ကြီးကျောင်းမှ လူများ ရောက်လာသည့် အချိန်တွင် ဝမ်ရှန်းဘာမှ ပင်ပင်ပန်းပန်း လုပ်နေစရာ မလိုတော့ပေ။ လင်ရှူးသည် မြစ်သုံးစင်းဆုံရာ၌ ရှိနေသည့် ကြီးမားသော ကျောက်တိုင်အား ညွှန်ပြကာ “အပြင်ဘက်က ကာထားတာကို ဖြိုလိုက်”

ထိုစကား ကြားသည်နှင့် ဘုန်းတော်ကြီးများသည် ဘာမှမမေးဘဲ ထောင်နှင့်ချီသည့် ပန်းပုဆရာများကို စုစည်းကာ လင်ရှူး ပြောသည့်အတိုင်းသာ လုပ်လိုက်ကြတော့သည်။

“ဘုန်းတော်ကြီး၊ ကျွန်တော် ဒီနေရာမှာ ဘုန်းတော်ကြီး အတွက် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ဆောက်ပေးဖို့ စိတ်ကူးထားတယ်။ အဲ့ဒါ အပြင်က ကျောက်တုံးတွေက သုံးဖို့လိုသေးတယ်”

ဘုန်းတော်ကြီးကျောင်းမှ လူများက ပေတစ်ဝက်ထူသည့် ကျောက်ထရံကြီးအား လျင်မြန်စွာ အပြင်းအထန် ဖြိုချနေသည်ကို မြင်လိုက်ရသောအခါ ဝမ်ရှန်းမှ အလျင်အမြန် သတိပေး လိုက်သည်။ ဝမ်ရှန်းသည် သူ ပန်းပုထုစဉ်တွင် ကျောက်တုံး ဘယ်လောက်လောက်ကို အလဟဿ ဖြစ်စေခဲ့မှန်း မသိသော်ငြား ဤကျောက်တုံးများကိုတော့ အလဟဿ မဖြစ်ချင်ပေ။

ဝမ်ရှန်းမှ သူတို့ဘိုးဘေးအား အရိုအသေတန် ပြောလိုက်သည်ကို မြင်လိုက် ရသောအခါ အခြားဘုန်းတော်ကြီးများ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

ဘယ်က ရောက်လာမှန်း မသိသည့် သာမန်လူ တစ်ယောက်က သူတို့ကျောင်းတော်၏ ဘိုးဘေးကို သူတို့ရှေ့တွင် မရိုမသေ ခေါ်ရဲသည်တဲ့လား… သူက တကယ်ပဲ သူတို့ကို မျက်စိထဲ မထည့်တာလား…

ဘုန်းတော်ကြီး တစ်ပါးသည် ဒေါသထွက်သွားကာ ပြန်လည် တုံ့ပြန်ရန် ပြုလိုက်သည့် အချိန်မှာပင် လင်ရှူးမှ သူ့အား “မင်းတို့က ဘာဝင်ရှုပ်မှာလဲ။ ငါနဲ့ ငါ့သူငယ်ချင်း သောက်နေတာကို လာမနှောင့်ယှက်စမ်းနဲ့”

လင်ရှူး ပြန်ပြောလိုက်သည့် စကားက ဝမ်ရှန်းအား ပြောစရာ စကားများ ဆွံ့အ သွားစေသည်။ ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများ ရှေ့တွင် လင်ရှူးသည် သူ့တစ်ယောက်တည်း ရှိနေသကဲ့သို့ သောက်ချင်ကြောင်း ပြောင်ပြောင်တင်းတင်းပင် ပြောခဲ့၏။ သို့သော် ထိုစကား ကြားသောအခါ အခြားဘုန်းတော်ကြီးများ ဘာမှ မပြောခဲ့ကြပေ။

ထိုဘုန်းတော်ကြီးသည် လင်ရှူးအား အရိုအသေ ပေးကာ ဝမ်ရှန်းကိုလည်း ပြုံး၍ ခေါင်းညိတ် ပြလိုက်ပြီး ကျောက်တိုင်နားသို့ ပြန်သွား လိုက်သည်။
သို့သော် အပြင်မှအကာကို ဖယ်ရှားရန်အတွက် အထဲ၌ ဘာရှိလဲ ဆိုတာကို အရင်သိသင့်သည်။ ထို့ကြောင့် ဘုန်းတော်ကြီး တစ်စုသည် ဝမ်ရှန်း မကြာခင်က ထွင်းထုထားသည့် လမ်းကြောင်းအတိုင်း ကျောက်တိုင်ထိပ်သို့ တက်သွားလိုက်၏။

သူတို့သည် ဘယ်လောက်ပဲ သမာဓိအား ကောင်းသည်ဆိုစေ အတွင်း၌ ရှိနေသည့် ကြီးမားလှသည့် ရုပ်ထုကို မြင်လိုက်ရသည့် အချိန်တွင် သူတို့အားလုံး ထိုနေရာ၌ပင် ငုတ်တုတ်မေ့ကာ သတိလက်လွတ် ဖြစ်သွားခဲ့ကြတော့သည်။

မီတာသုံးရာ မြင့်မားသည့်ရုပ်ထု…

တစ်ခုသာမဟုတ်၊ သုံးခုရှိနေလေသည်…

တစ်ခုချင်းစီသည် မျက်နှာ တစ်ဖက်စီကို မူနေကာ ကြီးမားသည့် တြိဂံပုံစံ ကျောက်တိုင်ကို အပြည့်အဝ ထွင်းထုထားခြင်းပင် ဖြစ်၏။

ဟုတ်ပါသည်၊ ဝမ်ရှန်းသည် သူ ပုံစံကြမ်း စဆွဲကတည်းက ရုပ်ထုသုံးခု ထည့်ဆွဲခဲ့ခြင်း ဖြစ်သည်။ တစ်ခုတည်းမဟုတ်ပေ။ ထို့အပြင် ဝမ်ရှန်းသည် သူ အကြံအဖန် တွေးကာ ဤရုပ်ထုများကို သူ့ကမ္ဘာပေါ်မှ မြင်ခဲ့ဖူးသည့် ဗုဒ္ဓရုပ်ပွားတော်ကို မှီငြမ်း၍ ထွင်းထုထားခြင်း ဖြစ်ကြောင်း သူ့ကိုယ်သူသာ သိပေသည်။ သို့သော် အများအမြင်တွင်မူ ဤရုပ်ထုများ၏ ကိုယ်ဟန် အနေအထားသည် ဝမ်ရှန်း သူ့ဘာသာသူ စဉ်းစားထွင်းထု ထားခြင်းပင်ဖြစ်၏။

ဘုန်းတော်ကြီးများသည် ကျောက်တိုင်ထိပ်၌ ရပ်ကာ အကာများ အားလုံးကို ဖြိုချပြီးနောက်တွင် မိုးထိတိုင် မြင့်မားသော လောင်ဇီ ရုပ်ထုများမှာ ဘယ်လိုပုံစံ ထွက်ပေါ်လာမလဲ ဆိုတာကို ပိုပိုပြီး သိသွားချင်ကြတော့သည်။

“အခုချက်ချင်း စလုပ်ကြတော့”

ကြည့်နေသည့် ဘုန်းတော်ကြီးများထဲမှ တစ်ပါးသည် ယောက်ယက်ခတ်နေသည့် အတွေးများကို ချုပ်တည်းကာ ကျောက်တိုင်၌ ရှိနေသည့် လူများအား ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေး လိုက်သည်။

“သူတို့ကို ဂရုစိုက်ဖို့ ပြောလိုက်၊ အထဲကို မထိစေနဲ့လို့…”

“ဟုတ်ကဲ့ပါ…”

ဘုန်းတော်ကြီး တစ်ပါးမှ ချက်ချင်း ပြန်ဖြေကာ ပန်းပုဆရာများကို ချက်ချင်း ပြန်မှာကြားလိုက်၏။

“ဘုန်းတော်ကြီး၊ လောင်ဇီတောင် စီမံကိန်းက…”

အတွင်းမှ အခြေအနေကို ကြည့်ရှုပြီးနောက် ဘုန်းတော်ကြီး တစ်ပါးမှ အခြားဘုန်းတော်ကြီးအား တီးတိုး မေးလိုက်သည်။

“ဆက်လုပ်ရမှာလား၊ ရပ်လိုက်ရမှာလား…”

“ဆက်လုပ်”

ထိုဘုန်းတော်ကြီးသည် စိတ်ဓာတ်ပြတ်သားသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် စဉ်းပင်မစဉ်းစားဘဲ ချက်ချင်း ပြန်ဖြေလိုက်၏။

“နှစ်ခုက အတူတူပဲ။ နှစ်ခုလုံးက ကိုယ်တော်တို့ ဘုန်းတော်ကြီး ကျောင်းကို အရှိန်အဟုန် ကြီးမားစေမယ့် အရာတွေပဲ။ အခု ဘိုးဘေးက ဒီမှာ လာလုပ်လိုက်တာပဲ ရှိတာလေ။ ဘာများ ထူးခြားသွားလို့လဲ”

စိုးရိမ်နေသည့် ဘုန်းတော်ကြီးမှ ထိုကဲ့သို့ မေးလာသည့် အချိန်တွင် ထိုကိုယ်တော်မှ “မင်းက အ,ရန်ကော” ဟူသည့် အကြည့်ဖြင့် ရယ်လိုက်သည်။ ရုပ်ထုကို ဤနေရာတွင် ဘယ်လောက်ပဲ လက်ရာမြောက်အောင် ထွင်းထုထားပါစေ ထိုအရာသည် သူတို့ ဘုန်းတော်ကြီးကျောင်း နာမည်တက်ရန် အတွက်သာ ဖြစ်ပေသည်။

သူသည် ဤအရာက သူ့ဘိုးဘေး၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း ထည့်ပြောမည် မဟုတ်ပေ၊ ဘိုးဘေးသည်လည်း ထိုအခြင်းအရာအတွက် စိတ်ကွက်မည် မဟုတ်ပါ။ ထိုကဲ့သို့ဆိုလျှင် ဘာများ စိုးရိမ်စရာရှိသနည်း…

“ဘုန်းတော်ကြီး လင်ရှူး၊ ကိုယ်တော်က ရက်စက်တာပဲ…”

အခြားဘုန်းတော်ကြီးများ ကျောက်တိုင်အား ကိုင်တွယ်ရန် ထွက်သွားသည့် အချိန်တွင် ဝမ်ရှန်းမှ သူနှင့်အတူ သောက်နေသည့် လင်ရှူးအား ပြောလိုက်သည်။

“ဒီတစ်ခေါက် ကျွန်တော် လောင်ဇီရုပ်ထု လုပ်ခဲ့တာပဲ။ ကိုယ်တော်တို့ အားလုံးက နာမည်တပ် မလို့လား…”

“မင်းက သူတို့ကို ဒီလိုမျိုး ရင်သပ်ရှုမောစရာ ကောင်းတဲ့ လောင်ဇီရုပ်ထုကြီး ပေးခဲ့တာလေ။ မင်းကို ကျေးဇူးတင်လို့တောင် ဆုံးမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ဘယ်လိုလုပ် မင်းကို မုန်းနိုင်မှာလဲ”

လင်ရှူးမှ နှာခေါင်းရှုံ့ကာပြောလိုက်၏။

“ဒါပေမယ့် ငါ မင်းကို ပြောခဲ့တုန်းက ဒီလို မဟုတ်ခဲ့ပါဘူး၊ ဟုတ်တယ်မလား…”

ယခင်တွင် လင်ရှူးသည် ဝမ်ရှန်းအား လောင်ဇီတောင်ထက် ပိုလျင်မြန်သည့် အရှိန်အဟုန်ဖြင့် လောင်ဇီရုပ်ထု ထုလုပ်ရန် တောင်းဆိုခဲ့သည်။ ယခုအချိန်တွင် သူ၏ရည်ရွယ်ချက် ပြည့်ဝခဲ့ဟန် ရှိပေသည်။ သို့သော် ထိုဘုန်းတော်ကြီးများက ဘာမှ မဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ လင်ရှူး မကျေမနပ် ဖြစ်သွားခဲ့သည်။ ဤကဲ့သို့ ကြီးမားသည့် လောင်ဇီရုပ်ထုကြီးက သူတို့အား ပြန်မချေပနိုင်ခဲ့…

“ဘုန်းတော်ကြီး၊ ကျွန်တော် ကိုယ်တော်ကို ရုပ်ထုသုံးခု ထုပေးထားတာပါ”

ထိုအချိန်မှာမှ ဝမ်ရှန်း သူ ကွယ်ဝှက်ထားသည့် အချက်ကို ထုတ်ဖော် ပြောလိုက်သည်။

“အဲ့ကျောက်ထရံတွေ ပြိုကျသွားတဲ့ အချိန်ကျ ကိုယ်တော် သိမှာပါ”

“ဟိုး… တကယ်ကြီးလား…”

ဤကြီးမားသည့် ကျောက်တောင်ပေါ်တွင် ဝမ်ရှန်း ရုပ်ထုကြီး သုံးခုကို ထွင်းထု လိမ့်မည်ဟု သူ တကယ်ကို မထင်ထားခြင်း ဖြစ်သည်။ သို့သော် လင်ရှူးသည် အံ့သြစိတ်ကို ထိန်းချုပ်ကာ ကျောက်ထရံ ပြိုကျသွားကာ ရုပ်ထုများကို အပြည့်အဝ ပေါ်လာမည့် အချိန်အထိသာ စောင့်နေလိုက်၏။ စိတ်စောပြီး သွားမကြည့်ခဲ့ပေ။

“ရုပ်ထုသုံးခုနဲ့အတူ ကာရံ သုံးကြောင်းလည်း ပါတယ်”

ဝမ်ရှန်းမှ သူ စီစဉ်ထားသည်များကို ရှင်းပြလိုက်သည်။ တြိဂံပုံစံ ဖြစ်နေသည့် ထောင့်သုံးခုကို ဝမ်ရှန်းသည် ပိရမစ်ပုံစံ ထွင်းထုလိုက်ခြင်း ဖြစ်သည်။ ထို့နောက် ကာရံများကို ထိုပေါ်တွင် ရေးထွင်းထားခြင်းဖြစ်၏ “မြင်ရတဲ့ အချိန်ကျရင် ကြည့်လိုက်ပါ၊ ကိုယ်တော် စိတ်မပျက် သွားဖို့တော့ မျှော်လင့်ပါတယ်”

***

Comment

Leave a Reply

Options

not work with dark mode
Reset