Switch Mode

Chapter – 226

စစ်ဆေးခြင်း (၁)

အပိုင်း ၂၂၆
စစ်ဆေးခြင်း (၁)

ဝမ်ရှန်း ရွာသို့ အပြေးအလွှား ပြန်သွားသည့် အချိန်တွင် လင်ရှူးသည် သူ၏ဘုန်းတော်ကျောင်း အတွင်း၌ အမှန်တကယ် ရှိနေသည်ကို ဝမ်ရှန်း တွေ့လိုက်ရသည်။ သို့သော် ထိုနေရာတွင် တာအိုဘုန်းတော်ငယ် တစ်ပါးကိုလည်း ထပ်မံ တွေ့ရှိလိုက်ရသည်။

တစ်နှစ်ခွဲ အချိန်အတွင်းတွင် လင်ရှူး ပြန်ရောက်သည်မှာ ဘယ်လောက် ကြာနေပြီမှန်း မသိပေ။ သို့သော် သူ၏စိတ်နေ သဘောထားသည် များစွာ ပြောင်းလဲ သွားဟန်ရှိ၏။ သူ့ဘေးတွင် တာအိုဘုန်းတော်ငယ် ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။ သူသည် ယခင်ကကဲ့သို့ လျော့တိလျော့ရဲ ပုံစံ မဟုတ်တော့ပေ။ သန့်ရှင်းသည့် ဝတ်ရုံများဖြင့် ပိုမို သေသပ် သပ်ရပ်နေပြီဖြစ်သည်။

လင်ရှူးသည်လည်း ဝမ်ရှန်းအား မြင်လိုက်ရသည့် အချိန်တွင် ဝမ်ရှန်း၏ ပြောင်းလဲမှုများကို တစ်ဖန် သတိထားမိ သွားခဲ့သည်။ သန်မာကြံ့ခိုင်သည့် လူငယ်သည် ယခုအချိန်တွင် ပိုမို၍ တည်ကြည်ရင့်ကျက် လာလေပြီ။ ထို့ပြင် ပို၍လည်း စာအုပ်ကြီးသမားဟန် ပေါက်နေပြီဖြစ်သည်။ ဤသည်မှာ သူ သင်ကြားပေးခဲ့သည့် လက်ရေးလှ ကျင့်ခြင်း နည်းလမ်းကြောင့် ဆိုသည်မှာ မေးစရာပင် မလိုပေ။

တာအိုဘုန်းတော်ကြီး လင်ရှူးသည် ဝမ်ရှန်း၏ဆရာ မဟုတ်ပေ၊ သူထံတွင် ဝမ်ရှန်းအား ကြီးကြပ် ညွှန်ကြားရမည့် တာဝန်ဝတ္တရား မရှိပေ။ သူသည် ဝမ်ရှန်းအား နည်းလမ်းသာ ပြောပြလိုက်ခြင်း ဖြစ်၏။ ဝမ်ရှန်း ကိုယ်တိုင် မလေ့ကျင့်ပါက သူ ဘာမှပြောမည် မဟုတ်ပေ။ သို့သော် ကြည့်ရသည်မှာ သူ ပြောခဲ့သည့် စကားများသည် အလကားဖြစ်ခဲ့ဟန် မပေါ်ပေ။ ဝမ်ရှန်းသည် ကောင်းကောင်း လေ့ကျင့်ခဲ့၏။ ထို့ကြောင့် သူသည် စိတ်ကျေနပ်မှု ရှိရပေသည်။

“သွားကြည့်ကြရအောင်…”

လင်ရှူးအား တွေ့သည်နှင့် ဝမ်ရှန်းသည် ပြုံး၍ စကားလေးခွန်းသာ ပြောလိုက်သည်။

လင်ရှူးသည်လည်း ဘာမှပြန်မပြောဘဲ ဝမ်ရှန်းနှင့်သာ အတူလိုက်သွား လိုက်၏။ အလုပ်ရှုပ်နေသည့် တာအို ဘုန်းတော်ငယ်သည် လုပ်လက်စ အလုပ်များကို အလျင်အမြန် ပစ်ချကာ သူတို့နှစ်ယောက်နောက် အလောတကြီး လိုက်လာခဲ့တော့သည်။ ထိုသို့ သွားနေစဉ်တွင် သူသည် ဝမ်ရှန်းအား မျက်လုံး အပြူးသားဖြင့်လည်း ကြည့်နေခဲ့တော့သည်။

လမ်းတစ်လျှောက်တွင် လင်ရှူးသည် ဝမ်ရှန်းအား မေးခွန်းတစ်ခုမှ မမေးခဲ့ပေ။ ဝမ်ရှန်း သူ့အားပြလာမည့် အရာကိုသာ စောင့်မျှော် နေလိုက်၏။ မိုင်ပေါင်း တစ်ဒါဇင်ခန့် လျှောက်ပြီး မြစ်သုံးစင်းဆုံရာ မြစ်ကမ်းဘေးသို့ ရောက်သည့် အချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။

ဝမ်ရှန်းသည် ဤမြစ်ကမ်းဘေးကို သေချာဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်ပြီး သူသည် လှေသမားကိုပင် နေရာတစ်နေရာ ကြိုရွေးခိုင်းထား၏။ ဝမ်ရှန်း ဤနေရာ၌ ဘာလုပ်မည်ကို လင်ရှူး မသိပေ။ သို့သော် မေးလည်း မမေးခဲ့။ ဘာဆက်ဖြစ်လာမှာလဲ ဆိုသည်ကိုသာ စောင့်မျှော်နေလိုက်၏။

ဝမ်ရှန်းသည် ရှေးဉီးစွာ သူတို့ကို စားသောက်ကာ အနားယူ စေလိုက်သည်။ ထို့ကြောင့် သူတို့သည်လည်း ဝမ်ရှန်း ပြောသည့် အတိုင်းသာ လုပ်လိုက်၏။ ဝမ်ရှန်းထံ၌ မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေမည်ကိုတော့ လင်ရှူး မစိုးရိမ်မိပေ။

စားသောက်ပြီး သွားသည့် အချိန်တွင် ကောင်းကင်ကြီးသည် လုံးဝ မှောင်မည်းနေပြီ ဖြစ်၏။ သူတို့ မြစ်ကမ်းဘေးသို့ စရောက်လာသည့် အချိန်၌ လောင်ဇီ ရုပ်ထုထွင်းထု ထားသည့် ကျောက်တိုင်ကြီးကို ရေးတေးတေး မြင်နေရသေးသော်လည်း ယခုအချိန်တွင် ဘာကိုမှ မမြင်ရတော့ပေ။ မီးတုတ် ထွန်းလိုက်မှသာ သူတို့ဘေး ပတ်ဝန်းကျင်ကို လင်းလင်းထင်းထင်း မြင်လိုက်ရ၏။

“ဒီလောက်ထိ မှောင်မည်းနေတာကို ဘာသွား မြင်ရမှာတုံး”

တာအိုဘုန်းတော်ငယ်မှ ဝမ်ရှန်းအား မကျေမနပ် ပြောလိုက်သည်။ သူသည် စကား တစ်ခွန်းတည်းဖြင့် ဘုန်းတော်ကြီးကို ဤနေရာသို့ ခေါ်လာသည့် လူဖြစ်သည်။ သူသည် ဤအမှောင်ထုကို အခွင့်ကောင်းယူကာ မိမိတို့ကို တိုက်ခိုက်ခြင်း ပြုနိုင်ပေသည်။

“နေဦး၊ တွေ့ရလိမ့်မယ်”

ဝမ်ရှန်းမှ တာအိုဘုန်းတော်ငယ်အား ကြည့်ကာ ပြောလိုက်သည်။

တာအိုဘုန်းတော်ငယ်မှ နှာခေါင်းရှုံ့ကာ ဝမ်ရှန်း၏ စကားကို လျစ်လျူရှုပြီး အခြားတစ်ဖက်သို့ လှည့်သွား လိုက်သည်။

“ဘုန်းတော်ကြီး၊ ကျေးဇူးပြုပြီး ကျွန်တော် တစ်နှစ်ကျော်ကြာ လေ့ကျင့်ခဲ့တဲ့ ရလဒ်ကို စစ်ဆေးပေးပါ”

ဝမ်ရှန်းသည် တာအိုဘုန်းတော်ငယ်လေး၏ အပြုအမူကို အမှုမထားဘဲ လင်ရှူးဘက် လှည့်ကာ ရိုသေစွာ ဦးညွှတ်ရင်း ပြောလိုက်၏။

လင်ရှူးသည်လည်း လေးနက်သည့် မျက်နှာအမူအရာဖြင့် ခေါင်းညိတ်လိုက်ကာ “ဟုတ်ပြီ…”

“ခဏလောက် စောင့်ပေးပါ”

ဝမ်ရှန်း ထိုကဲ့သို့ပြောကာ ထိုနေရာမှ ထထွက် သွားလိုက်တော့သည်။ ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် အစအနရှာ မရအောင် အမှောင်ထု အတွင်းသို့ တိုးဝင် ပျောက်ကွယ် သွားသည်။

“ဆရာ၊ သူ ဘာတွေ လုပ်နေတာလဲ”

ဝမ်ရှန်း ထွက်သွားသည်ကို မြင်လိုက် ရသောအခါ တာအိုဘုန်းတော်ငယ်မှ လင်ရှူးအား မေးလိုက်သည်။

“စောင့်ကြည့်ပါဦး၊ မင်းက ဘာတွေ ဒီလောက်တောင် လောနေတာလဲ…”

လင်ရှူးမှ တာအိုဘုန်းတော်ငယ်အား အနည်းငယ် ဟောက်လိုက်ပြီး သူသည် အရှေ့ကိုသာ ဆက်ကြည့် နေလိုက်၏။

၁၅ မိနစ် ကြာပြီးနောက် တာအိုဘုန်းတော်ငယ်မှ စိတ်မရှည်စွာ စောင့်နေသည့် အချိန်မှာပင် ရုတ်တရက် အဝေးမှနေ၍ တဒေါက်ဒေါက် အသံများ ထွက်ပေါ် လာခဲ့သည်။ ထို့နောက် လေထုအတွင်းတွင် အရှိန်အဟုန်ဖြင့် တိုးဝင်လာသည့် အသံ တစ်သံ ထွက်ပေါ်လာခဲ့၏။

ဝုန်း ….

ထိုအသံသည် လေထုကို ဖြတ်သန်းလာကာ တဖြည်းဖြည်း ပိုမို ကျယ်လောင် လာခဲ့ပြီး သူတို့ဘက်သို့ ဦးတည်လာနေခြင်း ဖြစ်ကြောင်း သိသာပေသည်။ တာအိုဘုန်းတော်ငယ်သည် ထိတ်လန့်တကြား ဖြစ်သွားသည့် အခိုက်အတန့်မှာပင် ရုတ်ခြည်း သူ၏ခန္ဓာကိုယ် ပေါ့ပါး သွားသည်ဟု ခံစားလိုက်ရကာ အပေါ်သို့ မြှောက်တက် သွားခဲ့သည်။

ရုတ်ခြည်းပင် သူသည် ဘေးတစ်ဖက်သို့ ပြုတ်ကျ သွားခဲ့၏။ သို့သော် ထိုကဲ့သို့ ပြုတ်ကျသွားစဉ်တွင် မည်သည့် ထိခိုက် နာကျင်မှုကိုမှ သူ မခံစားရပေ။ သူ ဤကဲ့သို့ ခံစားဖူးသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်၊ ရုတ်တရက် ဘုန်းတော်ကြီး လင်ရှူးမှ သူ့အား ပစ်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း ချက်ချင်း နားလည် သွားခဲ့သည်။ ဒါက ဘာအတွက်ကြောင့်များလဲ… …

ထို့နောက် ခဏအကြာမှာပင် သူတို့ထံသို့ ဦးတည် လာနေသည့် အရာက ဘာလဲဆိုတာကို တာအိုဘုန်းတော်ငယ် မြင်လိုက်ရသည်။ ခြောက်ပေရှည်ကာ ပေဝက်မျှ ကျယ်ပြီး အထူလည်း ပေဝက်ခန့် ရှိသည့် ကြီးမားသော ကျောက်တုံးကြီးသည် ဧရာမလေးညှို့မှ ပစ်ခွင်းလိုက်သည့် မြားတစ်စင်းသဖွယ် လင်ရှူးထံသို့ ဦးတည်ပျံသန်း လာခြင်းပင် ဖြစ်သည်။

တာအိုဘုန်းတော်ငယ်၏ မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။ မည်သို့သော ကျောက်တုံး ဆိုသည်ကို မသိသော်ငြား အရွယ်အစား တစ်ခုတည်းနဲ့တင် ကီလိုဂရမ် ငါးထောင်ခြောက်ထောင်ခန့် ရှိပေသည်။ ဤကဲ့သို့ ကြီးမားသည့် ကျောက်တုံးကြီးက ဘယ်လိုလုပ် လေထဲ၌ လွင့်ထွက် လာရုံ သာမက အလွန်လျင်မြန်လှသည့် နှုန်းထားဖြင့် လွင့်လာခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် ဤနေရာတွင် သူနှင့် ဘုန်းတော်ကြီးတို့အား စောင့်ခိုင်းပြီး ထောင်ချောက်ဆင်ခြင်း များလား… တကယ်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပေသည်။

တာအိုဘုန်းတော်ငယ်မှ ထိုကဲ့သို့ တွေးနေစဉ်မှာပင် ဘုန်းတော်ကြီးသည် ရယ်မောကာ အော်ပြောလိုက်၏။

“တော်တယ်…”

ထို့နောက် သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ကျောက်တုံးအစွန်းကို ဖမ်းဆုပ်လိုက်ပြီး အရှိန်ထိန်း လိုက်သည်။ သို့သော် ပြင်းထန်လှသည့် ကျောက်တုံး အရှိန်ကြောင့် သူလည်း အနောက်သို့ လျှောတိုက် ပါသွားလေသည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်း၌ပင် သူသည် အရှိန်ကို လုံးဝ သတ်နိုင်လိုက်ပြီး ကျွမ်းကျင်စွာဖြင့် ကျောက်တုံးကို သူ့ရှေ့၌ ချလိုက်သည်။

ထိုအဖြစ်အပျက်ကိုမြင်မှ တာအိုဘုန်းတော်ငယ် စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်သည်။ သို့သော် လေထုအတွင်း၌ တစ်စုံတစ်ခု အရှိန်ပြင်းစွာ ဖြတ်သန်းလာသည့်အသံ ရုတ်တရက် နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ မီးတုတ်၏ အလင်းရောင်ကြောင့် ရှင်းရှင်းလင်းလင်း မြင်ရသည့် အချိန်မှသာ ထိုအရာက အစောတုန်းက ကဲ့သို့ ကြီးမားသည့် ကျောက်တုံးတစ်တုံး ဖြစ်ကြောင်း သူ သိလိုက်ရသည်။

လင်ရှူးသည်လည်း အစောတုန်းက အတိုင်းပင် ကျောက်တုံးအရှိန်ကို ထိန်းလိုက်ကာ ပထမ ကျောက်တုံးဘေး၌ ချလိုက်သည်။ ထိုအချိန် နောက်ထပ် တဒေါက်ဒေါက် အသံကို ကြားလိုက်ရမှသာ တာအိုဘုန်းတော်ငယ် အခြေအနေကို နားလည် သွားခဲ့သည်။ တစ်ယောက်ယောက်သည် ဤနေရာတွင် ကျောက်တုံးများကို လက်တန်း ထွင်းထုကာ ဤနေရာဘက်သို့ ပစ်လွှတ်နေခြင်းပင်။

အမှောင်ထုအတွင်းမှ ထပ်မံ ထပ်မံ ထွက်ပေါ်လာသည့် ကျောက်တုံးကြီးများသည် တာအိုဘုန်းတော်ငယ်၏ အတွေးကို အတည်ပြု ပေးလိုက်တော့သည်။ သို့သော် ဘုန်းတော်ကြီး လင်ရှူးသည်လည်း အလွန် အင်အားကြီးမား လှပေသည်။ သူသည် ကျောက်တုံးကြီးများကို တစ်တုံးပြီးတစ်တုံး ကျွမ်းကျင် ပိုင်နိုင်စွာ ဖမ်းဆုပ်ယူ၍ နေရာချထားခဲ့၏။ ကျောက်တုံးတိုင်းသည်လည်း ထွင်းထုထားသည်မှာ အလွန် သေသပ် သပ်ရပ်လှပေသည်။

တာအိုဘုန်းတော်ငယ်သည် နားမလည်နိုင် ဖြစ်နေပြီဖြစ်ကာ သူ့မျက်လုံးများကိုပင် သူ မယုံနိုင်တော့ပေ။ ဤကဲ့သို့ ကြီးမားသည့် ကျောက်တုံးကြီးများကို ဝမ်ရှန်းက ပစ်လွှတ်နေကာ သူ့ဆရာက ဖမ်းနေခြင်းလား…

သူသည် သူ့ဆရာဆီ တန်းထားသည့် ကျောက်တုံးကြီးများ၏ အစွန်းနားကို သွားကာ ကျောက်တုံး တစ်တုံးကို မ,ကြည့်ရန် ကြိုးစားလိုက်၏။ သူ၏လက်ရှိ ဝိညာဉ်အဆင့်နှင့် ခွန်အားဖြင့် ဤကျောက်တုံးများကို မ,နိုင်မည် မဟုတ်ကြောင်း သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း သိပေသည်။ ကျောက်တုံး တစ်တုံးလုံး မဆိုထားနှင့် အစွန်းတစ်ဖက်ကို မ,တင်နိုင်ပြီ ဆိုလျှင်ပင် တော်နေပြီဖြစ်၏။

ထင်ထားသည့် အတိုင်းပင်၊ ကျောက်တုံးသည် သုံးတန်မျှ လေးလံပေသည်။ ကျောက်တုံး အစွန်းတစ်ဖက်ကို မ,လိုက်သည့် အချိန်မှာပင် တာအိုဘုန်းတော်ငယ် သူ့ကိုယ်သူ စိတ်ပျက်သွားခဲ့၏။ သူသည် ဤအသက်အရွယ်ဖြင့် ဝိညာဉ်ဉာဏ်အလင်း ပွင့်ခဲ့သည့် ပါရမီရှင် ဖြစ်ပြီး သူ့ဝိညာဉ်၏ ကြယ်အဆင့်သည်လည်း အလွန်မြင့်ပေသည်။ ထို့ကြောင့် သူသည် မနာလိုအားကျသည့် စကားများနှင့် ချီးကျူးသည့် စကားများကို အမြဲတမ်း ကြားနေခဲ့ရကာ သူ့ကိုယ်သူ ထူးခြားသည့်လူဟု ထင်ခဲ့သည်။

သို့သော် ယခုအချိန်တွင် ဝမ်ရှန်းနှင့် သူ့သည် အသက် ဘယ်လောက်မှ ကွာခြားမှု မရှိသော်လည်း သူ၏ခွန်အားက အလွန်ကြောက်စရာ ကောင်းနေသည်ကို သူ တွေ့လိုက်ရသည်။

“မင်း မင်းကိုယ်မင်း သူနဲ့သွားယှဉ်နေစရာ မလိုပါဘူး”

လင်ရှူးသည် သူ့ထံ ဦးတည်လာနေသည့် ကျောက်တုံးကြီးများကို ဖမ်းယူနေစဉ်တွင် သူ့တပည့်ကို နှစ်သိမ့်ပေးရန်လည်း မမေ့လျော့ခဲ့ပေ။

“အဲ့ကောင်လေးရဲ့ ခွန်အားက သာမန် မဟုတ်ဘူး။ ခု သူက နတ်ဆိုး တစ်ကောင်ပဲ။ ခွန်အားအရာမှာ မကောင်းဆိုးဝါးကောင်နဲ့ သွားမယှဉ်နဲ့”
***

Comment

Leave a Reply

Options

not work with dark mode
Reset