အပိုင်း ၂၂၅
ကြီးမားသော လောင်ဇီရုပ်ထု (၂)
ဝမ်ရှန်းသည် သူ၏ဝိညာဉ်နယ်မြေ အတွင်းရှိ ကြီးမားသော ကျောက်တိုင်ပေါ်၌ ရေးထွင်းမည့် စာလုံးများကိုလည်း စတင် စဉ်းစားကြည့် လိုက်တော့သည်။ ထိုကျောက်တိုင်ပေါ်၌ ထွင်းထုခြင်း ပြီးဆုံးသွားသည်နှင့် အဆင့်ပြောင်းလဲခြင်းက ပြီးမြောက် အောင်မြင်ပြီ ဖြစ်ကြောင်း ဝမ်ရှန်း သိပေသည်။
ငှက်တောင်မွေးပမာ ပေါ့ပါးသည့် တူတစ်ချောင်းနှင့် တစ်တန်နီးပါး လေးလံသည့် တူတစ်ချောင်းတို့သည် အချိန်အဆအားခြင်း လုံးဝကွဲပြားသည့် အရာများဖြစ်၏။ အသုံးပြုပုံခြင်း မတူပေ။ သို့သော် ကံကောင်းစွာပင် ထိုတူများကို ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်၍ ရပေသည်။
အစီအရင်ကို အသက်သွင်းရန် အတွက် ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် အသုံးပြု နေရခြင်းကြောင့် ဝမ်ရှန်း၏ အော်ရာသည် ကြီးမားသည့် ရုပ်ထုကို စတင် မထွင်းထုခင်ကထက် နှစ်ဆ ပိုမိုသန့်စင်လာပြီ ဖြစ်သည်။
ဝမ်ရှန်းက နောက်ဆုံး စိန်ခေါ်မှုအတွက် ပြင်ဆင် နေစဉ်မှာပင် တာအိုဘုန်းတော်ကြီးကျောင်း၏ ပြင်ဆင်မှုများသည်လည်း ပြီးဆုံးသွားပြီ ဖြစ်၏။
ယခုတစ်ကြိမ်တွင် ဘုန်းတော်ကြီး ကျောင်းသည် ငွေကြေးကုန်ကျ များစွာ ခံခဲ့သည်။ တာအိုတောင်ပေါ်တွင် တာအိုရုပ်ထု ၁၀၀၀၀ ထုလုပ်ရန် အတွက် ကျွမ်းကျင်အဆင့် ပန်းပုဆရာ အယောက် ၂၀၀ အပြင် လက်သမားဆရာ အယောက် ၁၀၀၀ ကျော်ကိုပါ ငှားရမ်း ထားပေသည်။
ပန်းပုဆရာ ၂၀၀ ကျော်သည် သူတို့၏ အခြားအလုပ်များကို ပစ်ထားကာ လောင်ဇီတောင်ကိုသာ အာရုံစိုက်ထားကြသည်။ သူတို့သည် ကျောင်းတော်ရှိ တာအိုဘုန်းတော်ကြီးများနှင့် အခြေခံအုတ်မြစ်ချခြင်း အလုပ်များအတွက် တာဝန်ရှိသည့် အလုပ်သမားများ ပူးပေါင်းကာ တစ်တောင်လုံးကို လေ့လာခြင်းများ ပြုလုပ်ကြပြီး လောင်ဇီရုပ်ထုများ ထုလုပ်မည့် နေရာကို အတိအကျ သတ်မှတ် လိုက်ကြသည်။
နေရာ သတ်မှတ် ပြီးသည်နှင့် ထိုဆရာများသည် နေရာ အနေအထားနှင့် ထွင်းထုမည့် ရုပ်ထုပုံစံတို့ကို ကြည့်ကာ ဒီဇိုင်းအကြမ်းဖျဉ်း စတင် ရေးဆွဲကြမည် ဖြစ်သည်။ ပထမဦးစွာ ပုံစံကို ရွှံ့များဖြင့် အရင်ပုံဖော် လိုက်ကြ၏၊ ထို့နောက် လက်သမားများက နမူနာပုံကြီး ပြုလုပ်ကာ နောက်ဆုံးတွင်မှ ပန်းပုဆရာများက ရုပ်ထုကို ထုလုပ်ကြမည် ဖြစ်သည်။
ယခုတစ်ကြိမ် ဘုန်းတော်ကြီးကျောင်း၏ ကြီးမားသည့် လှုပ်ရှားမှုကို ကမ္ဘာတစ်ဝန်းလုံးရှိ တာအိုဂိုဏ်းများ အားလုံးမှ ထောက်ပံ့ ပေးကြသည်။ ပိုက်ဆံနှင့် ပစ္စည်းများ လှူဒါန်းကြသည်၊ အမွှေးနံ့သာများ ပူဇော်ကာ ဆုတောင်း ပေးကြသည်။ အထောက်အပံ့ အတွက် အမျိုးမျိုးသော အစည်းအဝေးများကိုလည်း ပြုလုပ်ကြသည်။
ရုပ်ထုများအားလုံး ပြီးဆုံးမည့် အချိန်ကိုသာ စောင့်ရမည် ဖြစ်သည်။ ထိုအချိန်တွင် ဘုန်းတော်ကြီး ကျောင်းသည် လောင်ဇီ တောင်ပေါ်ရှိ လောင်ဇီရုပ်ထု တစ်သောင်းကို တစ်ကမ္ဘာလုံးမှ လူများ ရှုစားနိုင်ရန်အတွက် ကြီးကျယ် ခမ်းနားသည့် ပွဲတော်ကြီး ကျင်းပပေးမည် ဖြစ်၏။
ထိုပွဲတော်ကြီး ပြီးဆုံးသွားသည့် အချိန်တွင် လောင်ဇီတောင်သည် တာအိုလောကတွင် မြင့်မြတ်နယ်မြေ တစ်ခုဖြစ်လာကာ တစ်ကမ္ဘာလုံးမှ ယုံကြည်အားထားရာ နေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ထိုဘုန်းတော်ကြီး ကျောင်း၏ လှုပ်ရှားမှုသည် အဓိက အင်အားစုများ၏ အားပေး ထောက်ခံမှုကို အပြည့်အဝ ရရှိရုံသာမက တော်ဝင် မိသားစုသည်ပင် တက်တက်ကြွကြွဖြင့် ပါဝင်ခဲ့သေးပေသည်။
ဟုတ်ပါသည်၊ အဓိက အင်အားစုများနှင့် တော်ဝင်မိသားစုတို့ အားလုံးသည် ဘုန်းတော်ကြီးကျောင်း နောက်၌ ရှိနေသည့် အင်အားကြီး အုပ်စုကို စိတ်ဝင်စားကြသည်။ ဤအင်အားကြီးဂိုဏ်း ဖြစ်ပေါ်လာသည်မှာ နှစ်ပေါင်း ထောင်နှင့်ချီ ကြာမြင့်နေပြီဖြစ်၏။ ထိုဂိုဏ်းမျိုးကို ကိုယ့်ဘက်ပါအောင် မလုပ်နိုင်လျှင်ပင် အလွယ်တကူ စော်ကား၍ မရပေ။
ဘာပဲပြောပြော တာအိုဘုန်းတော်ကြီးများသည် လွန်ခဲ့သည့် နှစ်ရာနှင့် ချီသည်အထိ သူတို့၏ ဘာသာရေး ကိစ္စရပ်များ၌သာ စိတ်နှစ် ထားကြကာ ဘယ်တုန်းကမှ အင်အားစုများ၏ ပြဿနာများ၌ ဝင်မပါခဲ့ကြပေ။ ထိုနည်းတူစွာ အင်အားစုများသည်လည်း သူတို့ကို ဒီတိုင်းသာ လွှတ်ထား ကြသည်။
ဤသည်က အုပ်ချုပ်သည့် အင်အားစုများ အနေဖြင့် သူတို့အုပ်ချုပ်နေသည့် လူများအပေါ် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ပေးနိုင်သည်ကို မြင်ရသောကြောင့် သူတို့ အလွန် ပျော်ရွှင်မိပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သူတို့၏ အုပ်ချုပ်ရေးပိုင်း၌ များစွာ အကျိုးရှိသောကြောင့်ပင် ဖြစ်၏။
နှစ်ပေါင်းရာနှင့်ချီမှ တစ်ခေါက် လှုပ်ရှားသည့် တာအိုဘုန်းတော်ကြီးများ၏ လှုပ်ရှားမှုတွင် သူတို့သည် အမှားနည်းနည်းလေးပင် မပြုလုပ်မိကြအောင် သေချာဂရုစိုက် ကြရပေသည်။
လောင်ဇီရုပ်ထု ထွင်းထုမည့် နေရာနှင့် ပုံစံကို သတ်မှတ်ပြီး နောက်တွင် အနည်းဆုံး အဆင့်မြင့် တာအိုဘုန်းတော်ကြီး နှစ်ပါးနှင့် ဆရာငါးပါးမှ အတည်ပြု ရပေသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ရုပ်ထုများရှိရာ နေရာကို ဘုန်းတော်ကြီးများ ရောက်နိုင် မရောက်နိုင်၊ အခြားလူများ ဖူးမျှော်ရန်အတွက် အဆင်ပြေမပြေနှင့် အခြားကိစ္စများကို ထည့်သွင်း စဉ်းစားရန်ဖြစ်၏။ ထိုဘုန်းတော်ကြီးများထံမှ အတည်ပြုချက် ရသည်နှင့် ရုပ်ထုများ ထွင်းထုမှုကို တရားဝင်စတင်၍ ရပြီဖြစ်သည်။
ထိုကဲ့သို့ စတင်မည် ဆိုလျှင်ပင် အားလုံး အပြည့်အဝ ပြီးစီးအောင်မြင်ရန် အနည်းဆုံး နှစ်နှစ်ခွဲ၊ သုံးနှစ်နီးပါး ကြာနိုင်ပေသည်။ ဤကဲ့သို့ ကြီးမားသည့် စီမံကိန်းသည် နန်းတော်တစ်ဆောင် သို့မဟုတ် ခံတပ်မြို့တစ်မြို့ တည်ဆောက်ခြင်း အလားပင် ဖြစ်သည်။
အစီအစဉ်ကို အသေးစိတ် ရေးဆွဲပြီးရန် နှစ်ဝက်နီးပါး ကြာနိုင်ပေသည်။ အချိန်အတော် ကြာသည်အထိ လောင်ဇီ တောင်ပေါ်တွင် လူများ ပျားပန်းခတ် လှုပ်ရှားနေပုံသည် မြို့လယ်ကောင် အလား စည်ကားနေလေသည်။
သို့သော် ဝမ်ရှန်းသည် ဤအကြောင်းများကို မသိ၊ သိလည်း မသိချင်ပေ။ ယခုအချိန်တွင် သူ့ထံ၌ အတွေးတစ်ခုသာ ရှိ၏၊ ထိုအရာမှာ တစ်လ – နှစ်လအတွင်း အပေါ့ပါးဆုံးတူနှင့် အသားကျအောင် လေ့ကျင့်ရန် ဖြစ်သည်။ ထိုကဲ့သို့ လေ့ကျင့်နေစဉ်တွင် လောင်ဇီရုပ်ထုကိုလည်း ပြီးပြည့်စုံအောင် ထုလုပ်နေခဲ့၏။
ကြိုးစား အားထုတ်မှုများသည် ရလဒ်ရှိပေသည်။ နောက်ဆုံး တူသည် အသားကျရန် အလွန် ခက်ခဲသော်လည်း ဝမ်ရှန်းသည် အခြားတူများထက် အချိန် နှစ်ဆခန့် လေ့ကျင့်လိုက်ရပြီး အဆုံးတွင် ထိုတူကို သူအလိုရှိသည့် အတိုင်း အသုံးပြု သွားနိုင်ခဲ့၏။
ထိုအချိန်တွင် လောင်ဇီရုပ်ထု သည်လည်း အကြမ်းဖျဉ်း ပြီးစီးသွားပြီဖြစ်သည်။ ခေါင်းစခြေဆုံး အပြည့်အဝ ပုံပေါ်သွားပြီ ဖြစ်ကာ နောက်ဆုံး အစိတ်အပိုင်း အသေးစိတ်တို့ကို ဂရုတစိုက် ထွင်းထုရန်သာ လိုအပ်တော့ပေသည်။
ဝမ်ရှန်း သူ ပန်းပုထုခြင်းကို စတင် သင်ယူသည့် အချိန်မှစ၍ ယခုထိ အချိန်တစ်နှစ်တာ ကြာသွားပြီဖြစ်၏။ ဤတစ်နှစ် အတွင်းတွင် ဝမ်ရှန်း၏ ပန်းပု ပညာရပ် အပေါ် နားလည်မှုများ များစွာ တိုးတက် လာခဲ့သည်။ သူ၏အခြေခံသည် ဆရာလု သင်ကြားပေးသည့် ဆရာအဆင့် နည်းလမ်းများ ဖြစ်သည်။ ထိုထဲတွင် တိုက်ပွဲဝိညာဉ်၏ ပုံဖော်မှုကိုပါ ထပ်ပေါင်း ထည့်လိုက်လျှင် ယခုအချိန်တွင် သူသည် အချိန်မရွေး နေရာမရွေး တူတစ်ချောင်းနှင့် ဆောက်တစ်ချောင်းကို အလိုရှိသလို အသုံးပြုနိုင်ပြီ ဖြစ်၏။
ဤအဆင့်ထိ ရောက်ပြီးနောက် ဝမ်ရှန်းသည် အချောသတ်ရန် ချက်ချင်း မလုပ်ဆောင်ခဲ့ပေ။ ပန်းပုထုခြင်းကို လုံးဝ ရပ်တန့်လိုက်၏။ ထို့နောက် သူ ကမ္ဘာမြေပေါ်၌ နားလည်ခဲ့သည့် တာအိုကျင့်စဉ်အတိုင်း စတင် ကမ္မဌာန်း ရှုမှတ်လိုက်သည်။
တာအိုသာမက ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာတို့၌ မြင်ခဲ့ဖူးသည့် ငြိမ်သက်အေးချမ်းခြင်း လမ်းစဉ်များ အားလုံးကိုပါ ပူးပေါင်း ကျင့်ကြံလိုက်သည်။
နောက်ဆုံးတွင် သူ၏ဝိညာဉ်နယ်မြေ အတွင်း၌လည်း လက်ရှိကမ္ဘာ၏ လောင်ဇီပုံရိပ် အသစ် ထွက်ပေါ် လာခဲ့တော့သည်။ ထိုအရာကို ဝမ်ရှန်းသည် သေချာသုံးသပ်၍ လေ့လာကြည့်ရှုလေသည်။
အရာအားလုံးကို နားလည်သွားသည့် အချိန်တွင် ဝမ်ရှန်းသည် သူ၏ လောင်ဇီရုပ်ထုကို ခေါင်းစခြေဆုံး အသေးစိတ် သေချာ ဂရုတစိုက် ထွင်းထု လေတော့သည်။
ထိုကဲ့သို့ စတင် ထွင်းထုသည့် အချိန်တွင် ဝမ်ရှန်းသည် သူ ဘယ်တူကို အသုံးပြုသင့်လဲ ဟူ၍ တွေဝေ မနေတော့ပေ။ ယခုအချိန်တွင် တူငါးချောင်းလုံးသည် သူ့အတွက် အတူတူ ဖြစ်နေခဲ့ပြီပင်။ ဝိညာဉ်စွမ်းအားကို သုံးကာ တူများပေါ်ရှိ အစီအရင် ကွက်များကို အသက်မသွင်းပါက တူများ အားလုံးသည် ပုံမန် အလေးချိန်ရှိသည့် တူများပင်ဖြစ်၏။ ဝမ်ရှန်းသည် အဆင်သင့်ရာ တစ်ချောင်းကိုသာ ကောက်ယူလျက် ထိုတူဖြင့်သာ စတင် အချောသတ် ထွင်းထုလိုက်သည်။
ကျွမ်းကျင်သည့် ပန်းပုဆရာဖြစ်သည့် ဆရာလုသာ ဘေးမှ ကြည့်နေမည်ဆိုလျှင် သူသည် ဝမ်ရှန်း၏ ပေါ့ပါးသည့် လှုပ်ရှားမှုများကို ကြည့်ပြီး အဆက်မပြတ် ခေါင်းညိတ် နေမည်ပင်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ရှန်း ပြုလုပ်နေသည့် ကြီးမားသော ကျောက်ရုပ်ထုကို ကြည့်ခြင်းအားဖြင့် ဝမ်ရှန်းသည် တတ်ကျွမ်းသည့် ဆရာအဆင့်သို့ ရောက်သွားပြီ ဖြစ်ကြောင်း ဆိုနိုင်ပေသည်။
ကြီးမားသည့် အပြင်ပိုင်း ရုပ်လုံးပေါ်အောင် ပြုလုပ်ပြီးဖြစ်ရာ ဝမ်ရှန်း အနေဖြင့် ယခုအချိန်တွင် လက်တန်း ပြုလုပ်ခြင်းမှာ ယခင်ကထက် များစွာ ပိုမိုလွယ်ကူသွားပြီဖြစ်၏။
တစ်လ အတွင်းမှာပင် ကြီးမားသည့် ရုပ်ထု၏ခေါင်းပိုင်း ပုံစံပေါ်လာခဲ့သည်။ နောက်တစ်လ အတွင်းတွင် လည်ပင်းနှင့် ရင်ဘတ်တို့၏ သဏ္ဌာန်မှာ အရှင်းပေါ်လာပြီး နောက် ဗိုက်၊ ပေါင်ခြံ၊ ပေါင်များ၊ ခြေထောက်များ အစရှိသဖြင့် တစ်ခုပြီးတစ်ခု ဆက်လက် ထွင်းထု သွားခဲ့သည်။ အစိတ်အပိုင်းများ အားလုံး ထွင်းထုပြီးသွားသည့် အချိန်တွင် နောက်ထပ် နှစ်ဝက် ကုန်ဆုံးသွားပြီ ဖြစ်၏။
ဤသို့ဖြင့် လောင်ဇီရုပ်ထု၏ ရုပ်အင်္ဂါ အစိတ်အပိုင်းများ အားလုံး ပြီးမြောက် သွားသည့် အချိန်တွင် ဝမ်ရှန်းသည် သူလုပ်ခဲ့သည့် အရာကို ကြည့်လိုက်မိပြီး တစ်မုဟုတ်ချင်းမှာပင် ဂုဏ်ယူမိ သွားသည်။
မီတာ ၃၀၀ ကျော် မြင့်မားသည့် ကြီးမားသော ရုပ်ထုကြီးကို သူကိုယ်တိုင် ထွင်းထုခဲ့ခြင်း ဖြစ်သည်။ သူ၏ ကမ္ဘာပေါ်၌သာဆိုလျှင် ဤအရာသည် သူ လုပ်နိုင်မည်ဟု ဘယ်လိုမှ တွေးကြည့်၍ပင် မရနိုင်သည့် အရာတစ်ခုဖြစ်၏။ သို့သော် ဤကမ္ဘာ အတွင်းတွင် ဤရုပ်ထုကို ပြီးစီးအောင်မြင်အောင် ထွင်းထုနိုင်ရန် တစ်နှစ်ခွဲသာ ကြာမြင့်ခဲ့သည်။ ဝမ်ရှန်းသည် ရုပ်ထုအောက်ခြေမှ အပေါ်သို့ မော့ကြည့်လိုက်သည့် အချိန်တွင် သူ ခံစားလိုက်ရသော ခံစားချက်မှာ အဆင့်တက်ခြင်း ထက်ပင် ပို၍ သူ့အား စိတ်ကျေနပ်စေသည်။
အပြင်ဘက်ရှိ ကျောက်သား အကာသုံးခုသည် ဝမ်ရှန်း၏ အလုပ်ကို အပြင်မှ မမြင်ရအောင် အပြည့်အဝ ကာဆီးထားဆဲ ဖြစ်သည်။ ဤနေရာတွင် ဝမ်ရှန်း ဘာကို ပြီးစီးအောင် လုပ်နိုင်ခဲ့လဲဆိုတာ မည်သူမှ မသိပေ။ မြစ်သုံးစင်းဆုံရာ နေရာ၌ ရှိနေသည့် ကြီးမားသည့် ကျောက်တောင်ကြီးက ယခုအချိန်၌ ဘယ်လိုပုံစံ ရှိနေပြီလဲ ဆိုတာကိုလည်း မည်သူမှ မသိသကဲ့သို့ တွေ့ရှိလိုက်မည် ဆိုလျှင်လည်း မည်သို့ ဖြစ်သွားကြမည်ကို မသိနိုင်ပေ။
သို့သော် ဝမ်ရှန်းသည် တာအိုဘုန်းတော်ကြီး လင်ရှူး ပြန်လာသည့် အချိန်မှသာ ဤအရာကို လူအများ သိစေရန် ချပြမည်ဖြစ်၏။
***