Switch Mode

Chapter – 224

ကြီးမားသော လောင်ဇီရုပ်ထု (၁)

အပိုင်း ၂၂၄
ကြီးမားသော လောင်ဇီရုပ်ထု (၁)

လေးလံသည့် တူနှင့် လေးလံသည့် ဆောက်တို့ကို တစ်လကျော်ခန့် လေ့ကျင့်ပြီးနောက် ဝမ်ရှန်း ကျင့်သားရ သွားခဲ့သည်။

သို့သော် ဝမ်ရှန်း၏ ပန်းတိုင်သည် ထိုပစ္စည်းများနှင့် ကျင့်သားရရန် မဟုတ်။ နောက်ထပ် တစ်လကျော် ဆက်လက် လေ့ကျင့်ပြီး နောက်တွင် ပေါင်တစ်ထောင် တူနေရာတွင် ပိုမိုလေးလံသည် ပေါင်နှစ်ထောင်တူကို အစားထိုး လိုက်သည်။

ညဘက် အိပ်စဉ်တွင်လည်း တူထုသံ တဒေါင်ဒေါင်ကို ကြားနေမိသည့် အနှောင့်အယှက်မှ လွဲ၍ အခြားမည်သည့် အနှောင့်အယှက်မှ မရှိခဲ့ပေ။ ဝမ်ရှန်း ပေါင်နှစ်ထောင် လေးသည့် တူနှင့်လည်း တဖြည်းဖြည်းချင်း အသားကျ လာခဲ့၏။ ထိုကဲ့သို့ လေ့ကျင့်စဉ် အတွင်းတွင် ဝမ်ရှန်း သူ ယခင်က တစ်ခေါက်မှ မကြုံတွေ့ဖူးသည့် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရလေသည်။

ဝမ်ရှန်း တစ်ရက်ကို တူထုသည့် အချက်ရေ ပေါင်းသည် တစ်သောင်းထက် မလျော့ပေ။ အချက်တိုင်းတွင် ဝမ်ရှန်းသည် တူနှင့်ဆောက်ကို ထိန်းရသလို သူ၏ဝိညာဉ် စွမ်းအားကို ထိန်းချုပ်ရသည်။ တစ်ဆက်တည်းမှာပင် လေးလံသည့် တူနှင့်ဆောက်ကို ထုသည့် တန်ပြန်အားကိုလည်း သူ ခံရသေးသည်။ တန်ပြန်အား တစ်ချက် ထွက်ပေါ်လာသည့် အချိန်တိုင်း ဝမ်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်ချက် တုန်ခါသွားလေ့ ရှိသည်။ ထိုကဲ့သို့ တုန်ခါခြင်းသည် နှိပ်နှယ်သည်ထက် ပို၍ ထိရောက်မှု ရှိပေသည်။

တုန်ခါမှုသည် ခန္ဓာကိုယ် မှတစ်ဆင့် အရိုးများနှင့် ခန္ဓာကိုယ် အတွင်းပိုင်းရှိ ကြွက်သားများသို့ပါ ပျံ့နှံ့သွားသည်။ ထိုတုန်ခါမှုများသည် သူ၏ခန္ဓာကိုယ်အတွင်း အပြည့်အဝ မပျက်ပြယ်သေးသည့် ကံကောင်းခြင်း ဆေးပြား၏ အာနိသင်ကို ပြန်လည် လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်သွားကာ ဆေးအာနိသင်များသည် ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်းပိုင်းသို့ တဖြည်းဖြည်း နည်းနည်းချင်းစီ တိုးဝင် ဝင်ရောက် သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဤကဲ့သို့ အဆက်မပြတ် တုန်ခါမှု အတွင်းတွင် သူ၏ဝိညာဉ် စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ကို ပိုမိုအကျိုး ပြုပေးကာ အစိတ်အပိုင်း တစ်ခုချင်းစီ၏ သန်မာမှုကို တိုးမြှင့် လာစေခဲ့သည်။ ထိုကဲ့သို့ အဆက်မပြတ် စုပ်ယူထုတ်လုပ် အသုံးပြုမှု အောက်တွင် ဝိညာဉ်စွမ်းအားသည်လည်း ပိုမို၍ သန့်စင် လာခဲ့တော့သည်။

……

ပန်းပုထုခြင်း လေ့ကျင့်ပြီး နောက်တွင် ဝမ်ရှန်းသည် ငြိမ်ငြိမ်ထိုင်ကာ လက်ရေးလှ ကျင့်သည်။

“永” စာလုံး၏ စုတ်ချက် ရှစ်ချက်သည် ဝမ်ရှန်းအား စုတ်တံ အသုံးပြုပုံ၊ ရေးရသည့် စုတ်ချက်၊ ထည့်သုံးရသည့်အား၊ ဝိညာဉ်စွမ်းအားနှင့် မင်ပမာဏတို့ အကြောင်းကို အပြည့်အဝ နားလည်စေခဲ့သည်။

ဝမ်ရှန်းသည် လက်ရေးလှ ကျင့်ရာတွင် ထိုက်ချီ သိုင်းပညာရပ်၏ အယူအဆများကိုပါ ထည့်သွင်း လေ့ကျင့်ခဲ့၏။ ခန္ဓာကိုယ်ကို လျှော့ချလိုက်သည့် အချိန်တွင် ခန္ဓာကိုယ်မှ ခွန်အားများကို စုတ်တံထိပ်သို့ မည်သို့ ပို့လွှတ်ရကြောင်း လေ့လာခဲ့၏။ လက်ဖြင့် လေ့ကျင့်ခြင်းနှင့် စုတ်တံဖြင့် လေ့ကျင့်ခြင်းတို့ ကြားမှ ခြားနားချက်ကိုလည်း နားလည်အောင် လုပ်ခဲ့ပေသည်။

ထိုက်ချီ၏ အယူအဆများကို ထည့်သွင်း အသုံးပြုသောကြောင့် ဝမ်ရှန်းသည် လက်ရေးလှ ရေးကျင့်အရာ၌ သိပ်ပြီး မပင်ပန်းချေ၊ ကောင်းမွန်စွာ လေ့လာနိုင်ခဲ့၏။ သူသည် ပန်းပုထုခြင်းကြောင့် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်းများကို လက်ရေးလှ ကျင့်နေစဉ်ဖြင့် ဖြေလျှော့ နိုင်ပေသည်။

လက်ရေးလှ ကျင့်ခြင်းသည် စိတ်နှင့် ခန္ဓာကိုယ်ကို အနားရစေသည် သာမက တည်ငြိမ်မှု သမာဓိနှင့် အာရုံစူးစိုက်မှု တို့ကိုလည်း တိုးတက်စေပေသည်။ ပန်းပုထုခြင်းက လှုပ်ရှားရသည့် လုပ်ငန်းဆိုလျှင် လက်ရေးလှ ရေးကျင့်ခြင်းသည် တည်ငြိမ် ငြိမ်သက်စွာ လုပ်ကိုင်ရသည့် လုပ်ငန်းပင်ဖြစ်သည်။

ဝမ်ရှန်းသည် တစ်နေ့တာ ကုန်ဆုံးသွားသည့် အချိန်တိုင်းတွင် မောပန်းသည်ဟု ခံစားရသော်လည်း သူ၏စိတ်နှင့် ခန္ဓာကိုယ် အတွင်းမှ တိုးတက် ပြောင်းလဲမှုများကို ခံစားမိသည်။ ထိုကဲ့သို့ ပို၍ သန်မာလာလေ သူ၏အိပ်ချိန်ကလည်း ပို၍ တိုတောင်း လာလေပင်ဖြစ်၏။

ပန်းပုထုခြင်းကလည်း ယခင်ကထက် ပိုမိုမြန်ဆန် လာခဲ့သည်။ ကျောက်တုံး အပိုင်းအစများကို သယ်ရန် ဝမ်ရှန်း ငှားရမ်းထားသည့် လှေသည်ပင် အစတွင် တစ်ရက် တစ်ခေါက်ခန့်သာ သွားရ၏။ သို့သော် ယခုတွင် တစ်ရက်ကို နှစ်ကြိမ်၊ နှစ်ရက်ကို ငါးကြိမ်နှုန်းဖြင့် ဝမ်ရှန်း၏နှုန်းကို အမှီလိုက်ကာ သယ်နေရတော့သည်။

ထိုလှေသမားသည် ဘာမှသိပ်ပြီး များများစားစား မတွေးပေ၊ ဝမ်ရှန်းက သူ့အား ရွှေဒင်္ဂါးများ ပေးသည် ထိုကဲ့သို့ဆိုလျှင် ရပြီဖြစ်၏။ အခြားဘာမှ မေးစရာမလိုပေ။

ဖြစ်သွားဖြတ်လာ လှေများနှင့် ကုန်သည် လှေများသည်လည်း ဝမ်ရှန်းလုပ်နေသည့် အရာအား ဂရုမစိုက်ကြပေ။ ကျောက်တောင်ထိပ်၌ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို မည်သူကမှ တကူးတကကြီး လှေရပ်ကာ ကြည့်မနေကြ။ သာမန် ခရီးသွားများနှင့် ကုန်သည်များ အတွက် ထိုနေရာသည် ဘာတစ်ခုမှ စိတ်ဝင်စားစရာ မရှိပေ။

ကျင့်စဉ်ကျင့်ကြံသည့် ဝိညာဉ်သခင်များ အတွက်မူ ထိုပန်းပု ထုနေသည်ကို သတိပြုရန် မဆိုထားနှင့် သူတို့၏ နေ့စဉ်နေ့တိုင်း လေ့ကျင့်မှုကိုပင် အချိန်လုံလောက်ကြသည် မဟုတ်ချေ။ ဤကဲ့သို့သော အရာများကို ကြည့်နေရန် သူတို့အတွက် အဘယ်မှာ အချိန်ရှိပါမည်နည်း။

ဝမ်ရှန်း မြို့တော်မှ ထွက်ခွာ ခဲ့ပြီးနောက်၊ ပိုပြီး အတိအကျ ပြောရမည်ဆိုလျှင် သူ လူငယ်နှင့် အစီအရင် ဆရာတို့ကို သတ်ကာ ရွာမှထွက်ခွာခဲ့ပြီး နောက်တွင် ဝမ်ရှန်း ဘယ်နေရာ၌ ရှိနေသည်ကို ဘယ်သူမှ မသိကြတော့ချေ။

အဓိက အင်အားစုများနှင့် အခြား အဖွဲ့အစည်းများသည် မည်မျှပင် စုံစမ်းသော်ငြား ဝမ်ရှန်းအကြောင်း ဘာသတင်းမှ မကြားရတော့သဖြင့် အားလုံး လက်လျှော့ လိုက်ကြတော့သည်။ သူတို့သည်လည်း သက်ဆိုင်ရာ အလုပ်အကိုင်များ ရှိလေရာ ဘာမှမလုပ်ဘဲနှင့် လူတစ်ယောက်တည်းကိုသာ ရှာဖွေစောင့်ကြည့်နေရန် မဖြစ်နိုင်ချေ။

ယခုအချိန်တွင် လူအနည်းငယ်သည်သာ ဝမ်ရှန်းအား အာရုံထဲ ရှိကြပေတော့သည်။ ရတနာစံအိမ်မှ ဆိုင်ရှင်အမျိုးသမီး၊ တော်ဝင်ရတနာ စံအိမ်မှ လုဝမ်ဟုန်နှင့် ဝူရုံမြို့ရှိ လူတချို့တလေဖြစ်၏။ သို့သော် သူတို့သည်လည်း ဝမ်ရှန်းအား ကမ္ဘာပတ်ကာ ရှာကြမည် မဟုတ်ပေ။ ညစာ စားပြီးနောက်နှင့် လက်ဖက်ရည်ပွဲ တည်နေစဉ်တွင် ဝမ်ရှန်းအကြောင်း တစ်ခါတစ်ရံ ထည့်ပြောခြင်းမျှသာ ဖြစ်၏။

သို့သော် ကြေးစားခန်းမ အတွင်းတွင် ဝမ်ရှန်း ကမ်းလှမ်းထားသည့် လုပ်ငန်းကိုမူ ချိတ်ဆွဲထားဆဲ ဖြစ်သည်။ ဝမ်ရှန်းကိုယ်တိုင် ပြန်မရုပ်သိမ်း သေးသ၍ ထိုကမ်းလှမ်းချက်သည် ထိုနေရာ၌ အမြဲတမ်း ရှိနေမည်ဖြစ်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ဆောင်းဦး ရာသီနှင့် ဆောင်းရာသီ ရောက်ရှိ လာခဲ့သည်။ ထို့နောက်တစ်ဖန် လျင်မြန်စွာပင် နွေဦးရာသီသို့ ပြန်လည် ဝင်ရောက် လာခဲ့၏။ ဝမ်ရှန်းသည်လည်း ထိုတောင်ပေါ်၌ ရှိနေသည်မှာ ၈ လ ကြာသွားခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင် ဝမ်ရှန်း၏ လက်တွင်းရှိ တူသည် ပုံမှန်အလေးချိန် ရှိသည့် စတုတ္ထမြောက် တူဖြစ်နေပြီဖြစ်၏။ ပေါ့ပါးသည့် တူနှင့် လေးလံသည့် ဆောက်တို့ကို တွဲဖက် အသုံးပြု နေရသော်လည်း ဝမ်ရှန်း၏ ပုံစံသည် ကိုးရိုးကားရား မဖြစ်နေပေ။ သူ့အတွက်မူ သာမန်တူ တစ်ချောင်းကို ကိုင်ရခြင်းသည်လည်း ပေါင်နှစ်ထောင်လေးသည့် တူကို ကိုင်ရခြင်းနှင့် အတူတူပင် ဖြစ်၏။

ထိုပုံစံဖြင့် ဝမ်ရှန်းသည် မကြာမီတွင် ငှက်တောင်မွှေးသမျှ ပေါ့ပါးသည့် ပဥ္စမမြောက်တူကို ဆက်လက် အသုံးပြု လိုက်သည်။

ရှစ်လကြာပြီး နောက်တွင် ယခင်က ဝမ်ရှန်းနှင့် ယခုလက်ရှိ ဝမ်ရှန်းတို့ကြားမှ ကြီးမားသည့် ကွာခြားမှုသည် စိတ်ခံစားချက် ပိုမို ထက်သန်လာခြင်း ဖြစ်၏။ ခန္ဓာကိုယ် အပြင်ပိုင်းပုံစံ အတွက်မူ သိသိသာသာ ပြောင်းလဲခြင်းမျိုး မရှိသော်လည်း ယခင်ကထက် ပိုမိုတောင့်တင်း သန်မာလာပြီဖြစ်၏။

ဝမ်ရှန်းသည် စနိုက်ပါသမား တစ်ယောက် ဖြစ်သည့် အတွက်ကြောင့် အစကတည်းက လုံလောက်သည့် စိတ်တည်ငြိမ်မှုမှာ ရှိထားပြီးဖြစ်သည်။ သို့သော် ရှစ်လကြာ လက်ရေးလှ လေ့ကျင့်ပြီး နောက်တွင်မူ သူ၏ သမာဓိအားသည် မထင်မှတ်လောက်အောင်ပင် တိုးတက်လာ လေသည်။

စုတ်တံ သုံးချောင်းတွင် မည်သည့် စုတ်တံဖြင့် ရေးရေး သူသည် “永” ဟူသည့် စကားလုံးကို သေသပ်စွာ ရေးနိုင်ပြီဖြစ်၏။ စာလုံး တစ်လုံးချင်းစီတိုင်း၏ စုတ်တံလှုပ်ရှားမှု၊ စိုက်ထည့်ရသည့် အားနှင့် ဝိညာဉ်စွမ်းအားများသည် တစ်ထပ်တည်း တူညီသွားလေပြီ။ ရှစ်လကြာ ထိုစာလုံးကို လေ့ကျင့်ပြီး နောက်တွင် ဝမ်ရှန်းသည် အခြားစာလုံးများ ရေးရန် အချိန်သင့်ပြီဟု တွေးလိုက်သည်။

သူ လင်ရှူးအား ပေးထားသည့် ကတိသည် လောင်ဇီရုပ်ထု တစ်ခုတည်း မဟုတ်ပေ။ လင်ရှူးသည် သူ့အား လက်ရေးလှ သင်ပေးသည့်သူပင်။ ထို့ကြောင့် အခြား စာလုံးများကိုပါ လေ့ကျင့်ရပေဉီးမည်၊ သို့မဟုတ်ပါက လင်ရှူးနှင့် ပြန်တွေ့သည့် အချိန်တွင် သူ အရှက်ကွဲ နိုင်သည် မဟုတ်ပါလော။
***

Comment

Leave a Reply

Options

not work with dark mode
Reset