အပိုင်း ၂၂၃
အံဝင်ခွင်ကျ ဖြစ်အောင် စီစဉ်ထားသော လေ့ကျင့်ရေး နည်းလမ်းများ (၂)
ဤနည်းလမ်းများသည် ယခုလက်ရှိ အခြေအနေများအရ ဝမ်ရှန်းနှင့် အံဝင်ခွင်ကျ ဖြစ်အောင် ပုံစံဆွဲထားသော လေ့ကျင့်ရေး နည်းလမ်းများ ဖြစ်သည်။ နည်းလမ်းများ မရှိနေသည့် ဝမ်ရှန်းက ဤနည်းလမ်းများကို မလေ့ကျင့်ဘဲ နေမည်လော။ ဝမ်ရှန်းသည် ယနေ့အချိန်အထိ အသက်ရှင် နေထိုင်နိုင်သည် ဆိုမှတော့ အဲ့လောက်ထိ ဦးနှောက်မရှိဘဲ နေမည် မဟုတ်ပေ။
တာအိုဘုန်းတော်ကြီး လင်ရှူး ထုတ်လာသည့် ပစ္စည်းများသည် မြေကမ္ဘာ သတ္တုဖြင့် ပြုလုပ်ထားသည့် အပြင် စွမ်းအား ကြီးမားသည့် အစီအရင်များလည်း ပါဝင် သေးပေသည်၊ ပစ္စည်းတန်ကြေးများ အားလုံးကိုလည်း လင်ရှူးမှ ပေးခဲ့ခြင်းဖြစ်၏။ ဤကဲ့သို့ တန်ဖိုးကြီးမားသည့် ပစ္စည်းမျိုးကို သုံးစွဲ၍ အခွင့်အရေးကို လက်လွတ်ခံ မလေ့ကျင့်သူမှာ စိတ်မနှံ့သည့် အရူးသာပင် ဖြစ်ပေမည်။
မှာကြားစရာ ရှိသည်များကို မှာကြားပြီးနောက် လင်ရှူးမှ စိတ်ကျေနပ်စွာဖြင့် ထွက်ခွာ သွားလိုက်သည်။ သူသည် ထိုက်ချီသိုင်းပညာ အယူအဆအတွက် ဝမ်ရှန်းအား ကျေးဇူးပြန်လည် တုံ့ပြန်ခဲ့ပြီးဖြစ်၏။ ဝမ်ရှန်း ဂျင်ဒီနယ်မြေ အကြောင်း သိချင်သည်ဆိုလျှင် သူတို့ကြားမှ သဘောတူညီချက်ကို အရင်ပြီးစီး အောင်မြင်အောင် လုပ်ဖို့ လိုပေသည်။
ဆရာလုသည်လည်း မထွက်သွားခင်တွင် ဝမ်ရှန်းသည် အခြေခံများကို သူ့ဘာသာသူ လေ့ကျင့်၍ ရပြီဖြစ်ကြောင်းနှင့် သူ၏ အလုပ်သင်ထံမှ ဆက်သင်စရာ မလိုတော့ကြောင်း ပြောခဲ့သည်။ ဆိုလိုသည်မှာ ဝမ်ရှန်းသည် ဤတောင်ပေါ်ရွာ၌ နေနေစရာ မလိုတော့ဘဲ သူ့ဘာသာသူ အခြားတစ်နေရာ၌ သွားရောက် လေ့ကျင့်၍ ရပြီဖြစ်ကြောင်း ဆိုလိုခြင်းပင်ဖြစ်၏။
နောက်ဆုံး အကြိမ်တွင် လူငယ်လေးနှင့် အစီအရင် ဆရာတို့ကြောင့် ရွာအတွင်းရှိ ရွာသားများ ထိတ်လန့် တုန်လှုပ်ခဲ့ကြရသည်။ သို့သော် နောက်ပိုင်းတွင် သူတို့ကို ထိုလူများ၏ လက်နက်များဖြင့် လျော်ကြေးသဘော ပြန်ပေးခဲ့ပေ၏။ သို့သော် သူသာ ဤနေရာ၌ ဆက်နေနေမည် ဆိုလျှင် နောက်ထပ် အဖြစ်အပျက်များ ဖြစ်ပေါ်လာနိုင်ကာ ရိုးသားလှသည့် ရွာသားများအတွက် အဆင်ပြေမည် မဟုတ်ကြောင်း ဝမ်ရှန်း သိပေသည်။
နှစ်ရက်ကြာပြီး နောက်တွင် မြစ်သုံးစင်း ဆုံရာ၌ ဝမ်ရှန်း ပေါ်လာခဲ့သည်။ သူသည် အဆင်သင့်ပြင်ကာ ဤကြီးမားသည့် ကျောက်တောင်၌ လေ့ကျင့်ရန် ကြံရွယ်ထားခြင်း ဖြစ်၏။
သို့သော် ယခုချက်ချင်းကြီး လောင်ဇီရုပ်ထုကို ထုလုပ်ရန် သေချာပေါက် မဖြစ်နိုင်ပေ။ ဝမ်ရှန်းသည် မြစ်ကမ်းစပ်၌ ရက်အနည်းငယ် ကြာအောင် ကြီးမားသည့် ကျောက်တောင်ကြီးအား အဘက်ဘက်မှနေ၍ သေချာဂရုတစိုက် အရင် လေ့လာလိုက်၏။ ထို့နောက် ယာယီနေထိုင်ရာ နေရာတစ်နေရာ ရှာလျက် မျက်လုံးများ မှိတ်လိုက်ပြီး သူ၏ဝိညာဉ်နယ်မြေ အတွင်းသို့ ဝင်ရောက် သွားလိုက်သည်။
ဝိညာဉ်နယ်မြေ အတွင်းတွင် တိုက်ပွဲဝိညာဉ်၏ ကိုယ်ပွားတစ်ခုသည် ကြီးမားသည့် ကျောက်တောင် တစ်ခုအဖြစ် ပြောင်းလဲနေပြီ ဖြစ်၏။ ထိုကိုယ်ပွားသည် ကျောက်တောင်ကြီးအား အဘက်ဘက်မှနေ၍ အသေးစိတ် ဖော်ပြနေရုံ သာမက တောင်ဘေး ပတ်ပတ်လည်မှ မြေမျက်နှာသွင်ပြင် နေရာ အနေအထားများကိုပါ အသေးစိတ် ဖော်ပြခဲ့ပေသည်။
ဝမ်ရှန်းစိတ်ထဲတွင် ဤကြီးမားသည့် ကျောက်တောင်ကြီးအား အခြေခံကာ ပြီးပြည့်စုံသည့် လောင်ဇီရုပ်ထုကို ပုံဖော် ကြည့်လိုက်၏။ တိုက်ပွဲဝိညာဉ်သည် ဝမ်ရှန်း၏ အတွေးများကို လက်ခံရရှိ သကဲ့သို့ ကျောက်တောင်ကြီးအား စိုက်ကြည့်ကာ လောင်ဇီရုပ်ထုအဖြစ် ထွင်းထု၍ရမည့် နည်းလမ်းများကို စတင်ပုံဖော် တွေးကြည့် လိုက်သည်။
ထို့နောက် နောက်တစ်ဆင့် အနေဖြင့် တိုက်ပွဲဝိညာဉ်သည် ထွင်းထုခြင်း လုပ်ငန်းစဉ်များကို စတင်ပြုလုပ် လိုက်သည်။ အစပိုင်းတွင် တာအိုဘုန်းတော်ကြီး လင်ရှူး၏ တောင်းဆိုချက်အတိုင်း သူသည် ပေါင်နှစ်ထောင် လေးလံသည် တူနှင့်ဆောက်ကို အသုံးပြုကာ ကြီးမားသည့် ပုံကြမ်းတစ်ခု ဦးစွာ ထွင်းထုလိုက်သည်။
ဤနည်းလမ်းများသည် လင်ရှူး ကိုယ်တိုင် စီစဉ်ပေးထားသည့် နည်းလမ်းများ ဖြစ်သည့် အတွက်ကြောင့် တိုက်ပွဲဝိညာဉ်သည် မငြင်းဆန်ခဲ့ပေ။ တူတစ်ချောင်းစီနှင့် ဆောက်ကို တွဲဖက် အသုံးပြုကာ စတင် ထွင်းထုလိုက်၏။
တိုက်ပွဲဝိညာဉ်မှ ထိုကဲ့သို့ ပြုလုပ်နေစဉ်တွင် ဝမ်ရှန်းသည် သူ၏လက်ရေးလှ လေ့ကျင့်မှုကို အပျက်မခံခဲ့ပေ။ သို့သော် လက်တွေ့ လေ့ကျင့်ရာ၌ သူ့အား ကြီးကြပ် ညွှန်ကြားပေးမည့် တာအိုဘုန်းတော်ကြီး မရှိနေသည့် အတွက်ကြောင့် ဝမ်ရှန်းသည် ဘုန်းတော်ကြီး ရေးခိုင်းသည့် ရှေးစာလုံး ရေးနည်းအတိုင်း ရေးနေစရာ မလိုတော့ပေ။ ဤကမ္ဘာအတွင်း၌ မရှိသေးသည့် ရိုးရှင်းသည့် စာလုံးကိုသာ ဝမ်ရှန်း ရွေးချယ်လိုက်၏။
အများကြီး လေ့ကျင့်စရာ မလိုပေ။ စာလုံး တစ်လုံးတည်းဖြင့် လုံလောက်ပြီဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းသည် ထာဝရဟု အဓိပ္ပာယ်ရသည့်၊ စာရေးနည်း စုတ်ချက် ရှစ်ချက်လုံး ပါဝင်သည့် “永 (ရုန်)” ဟူသည့် စာလုံးကို ရွေးချယ်လိုက်သည်။ ဤကမ္ဘာပေါ်တွင် ထိုစကားလုံး စုတ်ချက်များ မပေါ်ထွန်းသေးပေ။
“永 (ရုန်)” စာလုံး၏ စုတ်ချက် ရှစ်ချက်သည် တရုတ်လက်ရေးလှ ရေးခြင်း၏ အခြေခံစည်းမျဉ်း စည်းကမ်းဖြစ်သည်။ ထိုစာလုံး၏ စုတ်ချက်များကို မှီငြမ်းကာ ဝမ်ရှန်း စာရွက်တစ်ရွက်ပေါ်တွင် စုတ်ချက်ရှစ်ချက်ကို အသေးစိတ် ချရေးလိုက်သည်။
1.一 2.丨 3.亅 4.丿 5.丶 6.乙 7.乚 8.乛
ဝမ်ရှန်းသည် သူ၏လက်ရေးလှ လေ့ကျင့်ခြင်းက ဤစာလုံးဖြင့် လုံလောက်ပြီဟု တွေးလိုက်သည်။
…..
လဝက်ခန့် ပြင်စရာ ရှိသည်များကို သေချာ ဂရုတစိုက် ပြင်ဆင်ကာ ပုံဖော်စရာ ရှိသည်များကို ပုံဖော်ပြီးနောက် ဝမ်ရှန်းသည် မြစ်အတွင်းရှိ ကြီးမားသော ကျောက်တောင်ပေါ်သို့ တက်ကာ လောင်ဇီရုပ်ထု စတင် ထွင်းထုလိုက်သည်။
အစပိုင်းတွင် ကြီးမားသည့် ပုံကြမ်း တစ်ခုကိုသာ စတင် ထုလုပ်လိုက်၏။ ထိုပုံစံထုလုပ်စဉ် အတောအတွင်းတွင် ဝမ်ရှန်းသည် အခြားလူများ မမြင်စေရန် ကျောက်တုံး အဖျားပိုင်းနား ကျောက်တုံးနံရံကြီး တစ်ခု ကာထားလိုက်သည်။ ထို့နောက် ဝမ်ရှန်းသည် ထိပ်ဆုံးမှနေ၍ အောက်သို့ တဖြည်းဖြည်းချင်း ထွင်းထုရန် ပြင်လိုက်၏။
လီရှန်းဒေသရှိ မီတာ ၇၀ ကျော် ထုထည်ရှိသည့် ကြီးမားသော ဗုဒ္ဓရုပ်ပွားတော်အား ထွင်းထုရာတွင် နှစ်ပေါင်း ၉၀ ကြာမြင့်ခဲ့ကြောင်း ဝမ်ရှန်း ဖတ်ဖူးသည်ကို အမှတ်ရလိုက်သည်။ ယခု ကြီးမားသည့် ကျောက်တောင်သည် ပေ ၁၀၀ ပတ်လည်နှင့် အမြင့် မီတာ ၃၀၀ ရှိပေသည်။ ထိုသို့ဆိုလျှင် လောင်ဇီရုပ်ထုကို ထုလုပ်ပြီးစီးရန် အချိန်ဘယ်လောက် ကြာနိုင်မည်နည်း…
သို့သော် ထိုဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ခဲ့သည့် လူများသည် ဝမ်ရှန်းကဲ့သို့ ကြီးမားသည့် ခွန်အား၊ ဝိညာဉ်အဆင့်နှင့် ဝိညာဉ်နယ်မြေ အတွင်းမှ တိုက်ပွဲဝိညာဉ်လည်း မရှိပေ။ ဤတိုက်ပွဲ ဝိညာဉ်သည် ဝမ်ရှန်း နောက်ထပ် ထုလုပ်ရမည့် အချက်ကို ဘယ်လိုဘယ်ပုံ ပြုလုပ်သင့်ကြောင်း အမြဲတမ်း လမ်းညွှန်ပြပေးသေး၏။ ထို့ကြောင့် ကျွမ်းကျင်မှု အရာတွင် သူတို့သည် ဝမ်ရှန်းအား မီနိုင်မည် မဟုတ်ပေ။
ဝမ်ရှန်းသည် တိုက်ပွဲဝိညာဉ် လမ်းပြသည့်အတိုင်း ထွင်းထု နေလိုက်သည်။ တူ၏ အလေးချိန်နှင့် အသုံးပြုပုံကို မထိန်းချုပ်နိုင်ဘူး ဆိုလျှင် ဘယ်လောက်ပဲ ကြိုးစားထွင်းထု နေပါစေ အလဟဿ ဖြစ်မည်သာ ဖြစ်၏။ ထို့ကြောင့် အစပိုင်းတွင် ဝမ်ရှန်းသည် အလွန် နှေးကွေးစွာဖြင့် တူအလေးချိန် ပြောင်းလဲခြင်း၌ အသားကျရန်သာ အရင်လေ့ကျင့် လိုက်သည်။
ဝမ်ရှန်းသည် ရုပ်ထု ထုလုပ်ရာ၌ ဖဲ့ချခဲ့သည့် ကြီးမားသော ကျောက်တုံးများကို အလကား အဖြစ်မခံပဲ တူထိန်းချုပ်ခြင်းကို လေ့ကျင့်ရာ၌ ပြန်လည် အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုကျောက်တုံးများကို သစ်ကြားသီးအရွယ် အပိုင်းအစများ အဖြစ် ပြုလုပ်ရင်း သူ၏ အားထိန်းချုပ်ခြင်းကို လေ့ကျင့် နေ၏။
လှေဖြင့် မြစ်အတွင်း၌ သွားလာနေသည့် လူများသည် နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က ကျောက်တုံးများကို မြစ်အတွင်းသို့ ပစ်ချနေကြောင်း သိသွားခဲ့ကြသည်။ သို့သော် ဤအဖြစ်အပျက်က ထူးဆန်းသည်ဟု မည်သူကမှ မတွေးမိကြပေ။ ဝမ်ရှန်းသည် လှေတစ်စင်းပင် ငှားရမ်းကာ သူ ထွင်းထုထားသည့် ကျောက်တုံး အပိုင်းအစများကို မြစ်သုံးစင်းနှင့် ဝေးသည့် နေရာတစ်ခု၌ နေ့တိုင်း သွားပုံလေ့ ရှိသည်။ ထို့နောက် ထိုကျောက်တုံးများဖြင့် သေးငယ်သည့် ဆိပ်ခံတံတား တစ်ခုကို တဖြည်းဖြည်းချင်း တည်ဆောက်လိုက်၏။
ထိုပုံစံဖြင့် ဝမ်ရှန်း၏ နေ့စဉ်ဘဝသည် ပုံမှန် ဖြစ်လာခဲ့သည်။ မနက်ထလျှင် စာလုံးတစ်ရာ၊ နေ့လယ်တွင် စာလုံးတစ်ရာ၊ ညနေစောင်းတွင် စာလုံးတစ်ရာ နေ့တိုင်း ရေးကျင့်ခဲ့၏။ ကျန်သည့် အချိန်များတွင် အိပ်ချိန်မှလွဲ၍ ကျောက်တုံးကိုသာ ထွင်းထု နေခဲ့သည်။ မိုးရွာရွာ နေပူပူ ထွင်းထုသည်ကို မရပ်တန့်ခဲ့ပေ။
လက်ရေးလှ ကျင့်ရာတွင်လည်း ဝမ်ရှန်းသည် သူ ထုတ်လိုက်သည့် စုတ်တံ၏ အလေးချိန်နှင့် နေသားကျအောင် လုပ်ရသည့်အပြင် ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ထိုစုတ်တံကို ထိန်းချုပ်ရ၏။ ထို့အတူ ပန်းပုထုရာတွင်လည်း လွဲမှား၍ မရပေ၊ သူသည် ဝိညာဉ်စွမ်းအားကို အသုံးပြုကာ တူနှင့်ဆောက်တို့ကို ဂရုတစိုက် ထိန်းချုပ် အသုံးပြုရပေသည်။
ထိုကဲ့သို့ဆိုလျှင် ဝမ်ရှန်းသည် ဝိညာဉ်စွမ်းအားများကို နေ့တိုင်း အဆက်မပြတ် ထုတ်လွှတ် အသုံးပြု နေရသည်နှင့် အတူတူပင်ဖြစ်၏။ အပ်စိုက်မှတ် ရှစ်ခုရှိ ယင်ယန် စက်ကွင်းများသည်လည်း ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် စုပ်ယူကာ ပြန်လည် ထုတ်ပေး နေခဲ့ရသည်။ ထိုကဲ့သို့ ဝိညာဉ်စွမ်းအားများ အဆက်မပြတ် လည်ပတ် အသုံးပြုနေရခြင်းကို သူ တောင့်ခံနိုင်ပါ့မလား ဆိုတာ ဝမ်ရှန်းမသိပေ။
ဝမ်ရှန်းသည် သူ ဂျင်ဒီနယ်မြေ အတွင်း၌ လိုက်သတ် ခံရစဉ်၌ပင် ဤကဲ့သို့ များပြားလှသည့် ဝိညာဉ်စွမ်းအားများ တစ်ခေါက်မှ ထုတ်မသုံးခဲ့ဖူးပေ။ အစပိုင်းတွင် ဝမ်ရှန်းသည် ထိုလုပ်ဆောင်မှုကို တောင့်ခံနိုင်ရန် အတွက် နေ့စဉ် ငါးနာရီခန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခဲ့ရသည်။ သို့သော် အခြေအနေနှင့် ပိုပိုပြီး အသားကျလာသည့် အချိန်တွင် ဝမ်ရှန်း၏ အိပ်ချိန်သည်လည်း ပိုပို၍ တိုတောင်း လာခဲ့တော့သည်။
ကြီးမားသည့် ကျောက်တုံးအား တစ်လကျော် ထွင်းထုခဲ့ပြီး နောက်တွင် ဝမ်ရှန်းသည် လေးလံသည့် တူကို အလွယ်တကူ လွှဲယမ်းနိုင်ပြီ ဖြစ်ကာ သူ လိုချင်သလို ထုလုပ်နိုင်ပြီဖြစ်၏။
***