အပိုင်း ၂၂၂
အံဝင်ခွင်ကျ ဖြစ်အောင် စီစဉ်ထားသော လေ့ကျင့်ရေး နည်းလမ်းများ (၁)
တစ်လျှောက်လုံး သူ အသုံးပြုနေခဲ့သည့် တူနှင့်ဆောက်သည် ၁၀ ပေါင် မကျော်ပေ။ ၁၀ ပေါင် မဆိုထားနှင့် ငါးပေါင်ပင် ကျော်ဟန်မတူချေ။
ပန်းပုထုရာတွင် ခွန်အားနည်း၍ မရသလို အားအများကြီး သုံး၍လည်း မရပေ။ ခွန်အားမရှိဘူး ဆိုလျှင် တူကို အသုံးပြု၍ ရမည် မဟုတ်သကဲ့သို့ အားများလွန်းမည် ဆိုလျှင်လည်း ပစ္စည်းကို ထိခိုက်ပျက်စီး သွားစေနိုင်ပေသည်။ ထို့ကြောင့် တူနှင့်ဆောက်သည် ပန်းပုထုမည့် လူနှင့် ကိုက်ညီမှု ရှိရနေရမည်ဖြစ်၏။
ကျွမ်းကျင်သည့် ပန်းပုဆရာများ မဆိုထားနှင့် သာမန် ပန်းပုဆရာများသည်ပင် သူတို့ကိုယ်ပိုင် ပစ္စည်းများ ရှိပေသည်။ ယခုမှ အခြေခံကို စတင် သင်ယူနေသည့် အတွေ့အကြုံ မရှိသေးသော ဝမ်ရှန်းသည် သူ့ကိုယ်ပိုင် ပစ္စည်းများ ရှိနိုင်လောက်သည့် အဆင့်အထိ မရောက်သေးပေ။ လေ့ကျင့်သည့် အချိန်အများစုတွင် သူသည် တွေ့ရာ တူနှင့်ဆောက်ကိုသာ အသုံးပြုလေ့ရှိ၏။
“မင်းက အားသန်လွန်းတယ်၊ သာမန် တူနဲ့ဆောက်နဲ့ လေ့ကျင့်လို့မရဘူး။ မင်းက အဲ့သာမန် ပစ္စည်းတွေနဲ့ လေ့ကျင့်ပြီး မင်းအားတွေကို အလကားဖြစ်အောင် လုပ်နေတာပဲ”
“ဒီလို တူနဲ့ဆောက်ကမှ မင်းနဲ့သင့်တော်တာ။ မှတ်ထား မင်း အဲ့ဒါတွေကို သုံးတဲ့ အချိန်ကျရင် ဝိညာဉ်စွမ်းအားကိုလည်း ထည့်သုံးရမယ်”
ဝမ်ရှန်း ခေါင်းညိတ် လိုက်၏။ လင်းရှူး ပြောသည့် စကားများသည် မှန်ပါသည်။ ဤပစ္စည်းများသည် သေချာပေါက် ဈေးနည်းမည် မဟုတ်ပေ၊ တစ်ချက် ကြည့်လိုက်ရုံဖြင့် တန်ဖိုးကြီး ရတနာများ ဖြစ်ကြောင်း သိသာပေသည်။ သို့သော် သူမျှော်လင့်ထားသည့် ကျင့်စဉ် နည်းလမ်းများတော့ မဟုတ်နေပေ။
“မင်း အဲ့တူနဲ့ အသားကျသွားရင် ဒီတူကိုသုံး”
လင်ရှူးမှ ဝမ်ရှန်းအား ဒုတိယမြောက် တူပေးလိုက်သည်။
ဤတူသည် အစောက ပေါင် နှစ်ထောင် တူထက် ပိုမိုလေးလံကာ တစ်တန် နီးပါးပင် ရှိပေသည်။ ဝမ်ရှန်းသည် သူ ကမ္ဘာမြေပေါ်၌ ရှိနေစဉ်တွင် အလေးချိန် တစ်တန်ရှိသည့် တူတစ်ချောင်းကို မ,နိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။ ကံကောင်းသည်က သူ၏လက်ရှိ ခွန်အားနှင့် ဝိညာဉ်စွမ်းအားတို့ကြောင့် အလေးချိန် တစ်တန်ရှိသည့် တူအား မ,ခြင်း၌ အေးအေးသက်သာပင် ဖြစ်သည်။
သို့သော် ပန်းပုထုခြင်းသည် အားများစွာ လိုအပ်ပေသည်။ တစ်တန်နီးပါး လေးသည့်တူ တစ်ချောင်းနှင့် ပေါင်နှစ်ထောင် လေးသည့် ဆောက်တစ်ချောင်းအပြင် တူကို လွှဲယမ်းသည့် အရှိန်ကလည်း ရှိသေးပေသည်။ ထို့ကြောင့် ကျောက်တုံးသည် မည်မျှပင် မာကျောစေကာမူ ဤဆောက်၏ ထွင်းထုမှုကို တောင့်ခံနိုင်မည် မဟုတ်ပေ။ သို့သော် ဤကဲ့သို့ လေးလံမှုနှင့် အရှိန်တို့ကြောင့် ဝမ်ရှန်းသည် အလွန်ဂရုစိုက်ကာ အားကို လိမ္မာပါးနပ်စွာ ထိန်းချုပ်တတ်ရန် လိုအပ်၏။ မဟုတ်လျှင် သူ ထုလုပ်သည့်အရာ ပျက်စီး ရှုံးဆုံး သွားပေလိမ့်မည်။
ထို့နောက် လင်ရှူးမှ ဝမ်ရှန်းအား တတိယမြောက်တူ ကမ်းပေး လိုက်သည်။ ဝမ်ရှန်းသည် ဤတူက ဒုတိယမြောက် တူထက် ပိုလေးမည်ဟု ထင်ခဲ့၏။ သို့သော် တူကို ကိုင်လိုက်သည့် အချိန်တွင် သူ၏အထင် မှားယွင်းနေကြောင်း သိလိုက်ရသည်။
ပေါင် ၁၀၀…
တတိယမြောက် တူသည် ပေါင် ၁၀၀ သာ ရှိပေသည်။ အရှေ့မှ တူနှစ်ခုထက် စာလျှင် များစွာ ပေါ့ပါးလှ၏။ ထိုအခါ ဝမ်ရှန်းသည် လင်ရှူး ပြောချင်နေသည့် လေ့ကျင့်ရေး နည်းလမ်းကို သဘောပေါက် မိသွားသည်။
လေးလံသည်တူနှင့် လေးလံသည့်ဆောက် … ထို့နောက် ပိုမိုလေးလံသည့် တူနှင့် အလေးချိန် မပြောင်းလဲသွားသည့် ဆောက်… ထိုအရာများနှင့် နေသားကျ သွားပြီးနောက်တွင် ပေါ့ပါးသည့် တူနှင့် လေးလံသည့် ဆောက်တို့ဖြင့် အစားထိုး လေ့ကျင့်ရမည် ဖြစ်သည်။ ဤသုံးခုကြားမှ အား ကူးပြောင်းရာတွင် ဝမ်ရှန်းသည် အချိန်အတော်ကြာ လေ့ကျင့်ရန် လိုအပ်ပေလိမ့်မည်။ ထို့ပြင် ပို၍လည်း သိမ်မွေ့ပါးနပ်စွာ ထိန်းချုပ် နိုင်ရပေလိမ့်မည်။
“ဒီတူကို သုံးတဲ့ အချိန်ကျရင် လွန်ခဲ့တဲ့ နှစ်ရက်က ငါတို့ ဆွေးနွေးခဲ့ကြတဲ့ နည်းလမ်းတွေကို ပြန်တွေး”
လင်ရှူးမှ စတုတ္ထမြောက် တူကိုထုတ်ကာ ဝမ်ရှန်းအား ပေးလိုက်ပြန်သည်။
“ထိုက်ချီက အားတွေကို အသုံးပြုဖို့ နည်းလမ်းကောင်း တစ်ခုပဲ။ ဒါပေမယ့် နည်းလမ်းက ဘယ်လောက်ပဲ ကောင်းနေပါစေ လေ့ကျင့်မှုဆိုတာ လိုအပ်တယ်”
ဝမ်ရှန်း ခေါင်းညိတ်ကာ စတုတ္ထမြောက် တူကို ယူလိုက်၏။ ယခုတစ်ကြိမ်တွင် ဤတူက ပိုပေါ့လိမ့်မည်ဟု ဝမ်ရှန်း ကြိုတွေးထားပြီးသား ဖြစ်သည်။ ဟုတ်ပါသည်၊ သူတွေးသည့် အတိုင်းပင် ဤတူသည် သာမန်တူ တစ်ချောင်းသာ ဖြစ်ကာ အများဆုံး ငါးပေါင်လောက်သာ ရှိလောက်ပေသည်။ ငါးပေါင်လေးသည့် တူတစ်ချောင်းနှင့် ပေါင်းနှစ်ထောင်လေးသည့် ဆောက်တစ်ချောင်းတို့ကို ယှဉ်တွဲ အသုံးပြုရခြင်းက သေချာပေါက် သာမန် ခက်ခဲမှုလေးတော့ မဟုတ်နိုင်ချေ။
သို့သော် ထိုနှစ်ခုကို လွယ်လွယ်ကူကူ ပေါင်းစပ် အသုံးပြုနိုင်မည် ဆိုလျှင် ဝမ်ရှန်းသည် လေးလံသည့် ပစ္စည်းကိုဖြစ်စေ၊ ပေါ့ပါးသည့် ပစ္စည်းကိုဖြစ်စေ မ,ရာ၌ ခက်ခဲတော့မည် မဟုတ်ပေ။ လင်ရှူးသည် တကယ့်ကို ဆရာတစ်ယောက်ပင် ဖြစ်၏။ ထို့ကြောင့် သူသည် ဝမ်ရှန်းကို ပန်းပုထုကာ သိုင်းပညာရပ်ကို လေ့ကျင့်ခိုင်းခြင်းပင် ဖြစ်သည်။
“ဒါက မင်းသုံးရမယ့် နောက်ဆုံးတူပဲ”
ဝမ်ရှန်း၏ မျှော်လင့်ချက်များဖြင့် တလက်လက် တောက်ပနေသည့် မျက်လုံးများ အောက်တွင် လင်ရှူးမှ ဝမ်ရှန်း၏ လက်ထဲသို့ နောက်ဆုံးတူ ထည့်ပေးလိုက်သည်။
ထိုတူသည် ငှက်မွှေး တစ်ခုကဲ့သို့ ပေါ့ပါးနေကာ ဝမ်ရှန်းသည် သူ့လက်ထဲ၌ တူတစ်ချောင်း ကိုင်ထားသည်ဟုပင် မခံစားနေရပေ။ ဤတူကိုလည်း မြေကမ္ဘာ သတ္တုဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်၏၊ သို့သော်လည်း အလေးချိန်က ဘယ်လောက်တောင် ပေါ့သွားလဲ မသိတော့ပေ။ တူသည် အများဆုံး တစ်ပေါင် နှစ်ပေါင်ခန့့်သာ ရှိလောက်ပေသည်။
ဤကဲ့သို့ ပေါ့ပါးလှသည့် တူသည် ပေါင်နှစ်ထောင် လေးသည့် ဆောက်ကို ထုရန် မဖြစ်နိုင်လောက်ပေ။ ထိုကဲ့သို့ဆိုလျှင် ထွင်းထုခြင်းသည် ဝမ်ရှန်း၏ အင်အား ထိန်းချုပ်နိုင်စွမ်းနှင့် ဝိညာဉ်စွမ်းအား အသုံးပြုနိုင်စွမ်းပေါ် မူတည်သွားမည် ဖြစ်သည်။ ဝမ်ရှန်းသည် ယခု သူ့ထံ၌ ထိုက်ချီ အခြေခံရှိသော်လည်း ထိုသို့ပြုလုပ်နိုင်ရန် ခက်ခဲမည်မှာ အသေအချာပင်။
လင်ရှူးထံတွင် တကယ့်ကို လျှို့ဝှက် နည်းလမ်းများ ရှိနေပေသည်။ သူသည် ဝမ်ရှန်း၏ လက်ရှိ ဝိညာဉ်အဆင့်နှင့် ခွန်အားတို့အတွက် ဤကဲ့သို့ သူနှင့်သင့်တော်သည့် နည်းလမ်း ဖော်ဆောင် ပေးခဲ့သည်။ ဆရာတစ်ယောက်သည် တကယ့်ကို ဆရာတစ်ယောက်ပင် ဖြစ်ပေသည်…
“ဒီတူတွေနဲ့ ဒီဆောက်ကိုသုံးပြီး လှပသေသပ်တဲ့ ရုပ်ထုတစ်ခု ထုနိုင်ပြီဆိုရင် ကျွန်တော် ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်ပြီမလား…”
ဝမ်ရှန်းသည် လင်ရှူး၏ ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်နေပြီ ဖြစ်ကာ သူ့အတွက် ဖော်ဆောင် ပေးထားသည့် ပန်းတိုင် အကြောင်းကို သူကိုယ်တိုင် စပြောလိုက်၏။
“တစ်ဝက်ပဲ ရဦးမှာ”
လင်ရှူးမှ ဝမ်ရှန်း၏ မျှော်လင့်ချက်များကို ပြောင်ပြောင်တင်းတင်းပင် ချိုးဖျက်လိုက်၏။
“တစ်ဝက်ပဲ… ဟုတ်လား”
ဝမ်ရှန်း၏ မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။ တစ်ဝက်ပဲ ရနိုင်မည်ဆိုလျှင် ဘယ်လိုလုပ်ပြီး ပြည့်စုံနိုင်မည်နည်း။
“မင်း နေ့တိုင်း ပန်းပုထုတာကိုပဲ ကျင့်နေလို့မရဘူး”
လင်ရှူးမှပြုံးကာ သူ့ခါးကြားမှ နေ၍ လက်တစ်ဝါးစာ ရှည်လျားသည့် နောက်တစ်ထုပ်ကို ထုတ်လိုက်၏။ ထို့နောက် ဝမ်ရှန်းရှေ့၌ပင် အထုပ်ကို ဖြေလိုက်သည်။
အထုပ်အထဲတွင် အရွယ်အစား အလယ်အလတ်ရှိသည့် စုတ်တံ သုံးချောင်းရှိ၏။ သို့သော် ထိုစုတ်တံများက သီးသန့် ပြုလုပ်ထားသည့် စုတ်တံများ ဖြစ်ကြောင်း သိသာပေသည်။ ထိုစုတ်တံများကိုလည်း တူနှင့်ဆောက်ကို ပြုလုပ်သည့် သတ္တုမျိုးဖြင့် ပြုလုပ်ထားကြောင်း ဝမ်ရှန်း တွေ့လိုက်ရသည်။ ထိုသတ္တုသည် အစီအရင်များ ရေးဆွဲရန် လွယ်ကူရပေမည်။ ထို့ကြောင့်သာ လင်ရှူးက ထိုသတ္တုကို အလွန် သုံးစွဲနေခြင်း ဖြစ်နိုင်၏။
စုတ်တံများကို မြင်လိုက်ရသောအခါ လင်ရှူး ပြောချင်သည့် ဆိုလိုရင်းကို ဝမ်ရှန်း နားလည်သွားခဲ့သည်။ ကျောက်တုံး ထွင်းထုခြင်းအပြင် ဝမ်ရှန်းသည် လက်ရေးလှကိုလည်း လေ့ကျင့်ရမည်ဖြစ်၏။
“စုတ်တံသုံးချောင်း၊ တစ်ချောင်းက ပေါင်တစ်ထောင်၊ တစ်ချောင်းက ပေါင်တစ်ရာ၊ နောက်တစ်ချောင်းက သာမန် စုတ်တံတစ်ချောင်း အလေးချိန်ပဲ”
ယခုတစ်ကြိမ်တွင် လင်ရှူးသည် ဝမ်ရှန်းအား အစဉ်လိုက်အတိုင်း အသုံးပြုရန် မပြောခဲ့ပေ။
“နေ့တိုင်း စုတ်တံ တစ်ချောင်းချင်းစီနဲ့ စာလုံးပေါင်း တစ်ရာရေး”
“စာလုံးကို နေ့တိုင်းရေးရမယ်၊ တစ်ရက်မှ ပျက်လို့မရဘူး။ မင်း အပေါ့ပါးဆုံး တူနဲ့ ထွင်းထုနိုင်ပြီဆိုရင် ပေါ့ပါးခြင်းကို အပြည့်အဝ ကျွမ်းကျင်သွားပြီပဲ” လင်ရှူးမှ ပြောလိုက်၏။
ဝမ်ရှန်း စုတ်တံ သုံးချောင်းအား ကောက်ကိုက်ကာ အတွေးထဲ မြောသွားခဲ့သည်။ ဤတာအို ဘုန်းတော်ကြီးသည် သူ ပန်းပုထွင်းထုကာ တစ်နေ့ စာလုံးအလုံး ၃၀၀ ရေးရမည်မှာ လွယ်ကူ သကဲ့သို့ ပြောသွားခဲ့သည်။ သို့သော် သူပြောသလောက် မိမိအတွက် မလွယ်ကူကြောင်း ဝမ်ရှန်း ရှင်းရှင်းလင်းလင်း သိပေသည်။
ဝမ်ရှန်းသည် တစ်တန်နီးပါး လေးလံသည့် တူနှင့် ကျင့်သား ရသွားသည့် အချိန်တွင် တစ်ပေါင်ပင် မရှိသည့် ပေါ့ပါးသည့် စုတ်တံကို အသုံးပြုရမည် ဖြစ်သည်။ ဤအရာမှာ သူသည် နေ့စဉ်နေ့တိုင်း အားနှစ်ခုကို ဆန့်ကျင်ဘက် အသုံးပြုနေရမည် ဖြစ်ကြောင်း ဆိုလိုခြင်းပင်ဖြစ်၏။ အားကို တစ်သမတ်တည်း အသုံးပြု၍ မရခြင်းက ခက်ခဲလှပေသည်။
သို့သော် ဤအရာသည် လင်ရှူးမှ တောင်းဆိုသည့် အရာဖြစ်သည်။ ထို့ကြောင့် လင်ရှူးထံတွင် အကြောင်းပြချက်ရှိကာ သူ့အတွက်လည်း ကောင်းကျိုးရှိကြောင်း ဝမ်ရှန်း သိပေသည်။ ထိုသို့ဆိုသော်ငြားလည်း ခက်ခဲမှု နှုန်းက မြင့်မားလွန်းသည် မဟုတ်ပါလော။
“လုပ်တာ မလုပ်တာက မင်းအပိုင်းပါ”
လေ့ကျင့်ချင်သော်လည်း ခက်ခဲမည်ကို စိုးရိမ်နေသည့် ဝမ်ရှန်း၏ မျက်နှာ အမူအရာကို ကြည့်ကာ လင်ရှူးမှ အထင်သေးစွာ ပြောလိုက်သည်။
“ငါ မင်းကို နည်းလမ်း သင်ပေးပြီးသွားပြီ၊ လေ့ကျင့်တာ မလေ့ကျင့်တာကတော့ မင်းနဲ့ဆိုင်သွားပြီ”
“လေ့ကျင့်မှာပေါ့… ဘာကိစ္စ မလေ့ကျင့်ရမှာလဲ”
ဝမ်ရှန်း သူ၏စိတ်ထဲ၌ လင်ရှူးကို ကျိတ်၍ လက်ခလယ် ထောင်ပြ လိုက်သည်။ လင်ရှူးလို တာအိုဘုန်းတော်ကြီးက သူ့ရှေ့၌ မောက်မာချင်ယောင် လာဆောင်နေသည်တဲ့… သူ့လောက်ကတော့ ဝမ်ရှန်းက အေးဆေးပင်။
***