အပိုင်း ၂၂၁
အံ့အားသင့်ရခြင်း (၂)
ဝမ်ရှန်း အလွန် ပျော်ရွှင်သွားခဲ့သည်… ဝမ်ရှန်းသည် ဆရာလု၏ နည်းလမ်းများ အတိုင်းလိုက်ကာ သူ့ဘာသာသူ လေ့လာမည်ဆိုလျှင် ပန်းပုထုရာ၌ ပါရမီရှင် တစ်ယောက်သည့်တိုင် ၁၀ နှစ်အတွင်း ပန်းပုဆရာဟူသည့် ဂုဏ်ပုဒ်ကို ရရှိနိုင်မည် မဟုတ်ပေ။ ၁၀ နှစ်ကြာပြီးနောက် ဆရာတစ်ယောက် ဖြစ်လာခဲ့လျှင်ပင် ပိုမိုတတ်ကျွမ်းသည့် ဆရာတစ်ယောက် ဖြစ်လာဖို့ကတော့ အသက် ၆၀ ကျော်မှ ဆက်ပြော ရပေတော့မည်။
ဆရာလု၏ ပန်းပုပညာ စွမ်းရည်အား ဝမ်ရှန်း သူ၏ကမ္ဘာမှ သိခဲ့သည့် ဗဟုသုတနှင့် ပေါင်းစပ် လိုက်မည်ဆိုပါက အားလုံး၏ အာရုံကို ဆွဲဆောင်နိုင်သည့် လောင်ဇီရုပ်တု တစ်ခုထုလုပ်ရန် ဘယ်လောက်မှ ခက်ခဲမည် မဟုတ်ပေ။
ဝမ်ရှန်းသည် သူ့ဝိညာဉ်နယ်မြေ အတွင်းရှိ တိုက်ပွဲဝိညာဉ် ပြုလုပ်နေသော ဆရာလု၏ တူနှင့်ဆောက် အသုံးပြုပုံတို့ကို အာရုံစိုက် နေခဲ့သည်။ ထိုပုံစံဖြင့် မကြာခင်မှာပင် သူသည်လည်း တာအိုဘုန်းတော်ကြီး လင်ရှူးနှင့် ဆရာလုကဲ့သို့ သူ့အာရုံအတွင်း နစ်မြော သွားခဲ့တော့သည်။
ဝမ်ရှန်း သူ၏စူးစိုက်သည့် လေ့လာမှုမှ နှိုးထလာသည်တွင် သူ အချိန် မည်မျှကုန်သွားမှန်း ရုတ်တရက် မှန်းဆမရချေ။ မျက်လုံးများ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဆရာလုနှင့် လင်ရှူးတို့လည်း သူတို့၏ အာရုံစူးစိုက်မှု အတွင်းမှ ပြန်လည် နှိုးထလာပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ကောင်းကင်ယံထက်တွင် ညအမှောင်ထုက ကြီးစိုးနေပြီ ဖြစ်သည်။ ဝမ်ရှန်း သူ့လက်မှ နာရီကို ငုံ့ကြည့်လိုက်ရာတွင် ညသန်းခေါင် ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
လင်ရှူးသည် ဝမ်ရှန်းအား အချိန်အတန်ကြာ စောင့်နေခဲ့ပြီး ဝမ်ရှန်း ပြန်နှိုးလာသည်ကို မြင်လိုက် ရသောအခါ သူသည် သူနားလည် သဘောပေါက်ခဲ့သည်များကို ဝမ်ရှန်းအား ပြောပြလိုက်ကာ ဝမ်ရှန်းထံမှ အတည်ပြုချက် ရယူလိုက်သည်။
ပြောရမည်ဆိုလျှင် ဝမ်ရှန်း ကိုယ်တိုင်သည်ပင် ထိုက်ချီ သိုင်းပညာကို အပေါ်ယံမျှလောက်သာ နားလည်ခြင်းဖြစ်၏။ အတွင်းကျကျထိ မသိနေပေ။ သူ၏ကိုယ်ပိုင် တွေးခေါ် ဆင်ခြင်မှုနှင့် တိုက်ပွဲဝိညာဉ်၏ ပုံဖော်မှုတို့ကြောင့်သာ သူ လင်ရှူးအား ထိုမျှလောက်ထိ ပြန်ပြောနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုစကားများသည် လင်ရှူးအား အသိဉာဏ် ပွင့်သွားအောင် လုပ်ပေး နိုင်သော်လည်း သူ အပြည့်အဝ နားလည် သဘောပေါက်ရန် အတွက်တော့ မလုံလောက်ပေ။
သို့သော် လင်ရှူးသည် သူ၏ဝိညာဉ်အဆင့်က မြင့်မားသောကြောင့် ဝမ်ရှန်း ထင်ထားသည်ထက် အရှေ့ ပိုရောက်ခဲ့သည်။ နေ့ဝက် အတွင်းမှာပင် သူသိမြင်ခဲ့သည့် မရေမတွက်နိုင်သော အရာများက သူ့အား ပိုပိုပြီး စိတ်လှုပ်ရှား စေခဲ့သည်။
ထို့ကြောင့် လင်ရှူးသည် သူနားလည်ထားသည့် အရာများက မှန်မမှန် ဝမ်ရှန်းနှင့် ဆွေးနွေးပြောဆိုရန် မစောင့်နိုင် တော့ပေ။ ဆရာလုသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်၏၊ သို့သော် သူသည် တာအိုဘုန်းတော်ကြီး လင်ရှူးကဲ့သို့ အတွင်းကျကျကြီး နားလည်နေခြင်း မဟုတ်ပေ။
ဝမ်ရှန်း အနေဖြင့်လည်း သူ၏ထိုက်ချီသိုင်း ပညာရပ်ကို ပြင်ဆင်ပေးရန် အတွက် လင်ရှူး ကဲ့သို့သော အဆင့်မြင့် ကျွမ်းကျင်ပုဂ္ဂိုလ်များ လိုအပ်ပေသည်။ သူတို့သုံးယောက်သည် အချိန်အခါကို ကြည့်မနေကြတော့ဘဲ ထိုနေရာ၌ပင် အဆင်ပြေစွာ စကားနှီးနှော ဖလှယ်ကာ ဆွေးနွေး လိုက်ကြတော့သည်။
ဝမ်ရှန်းသည် သူ တိုက်ချီသိုင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်သည်ဟု ခံစားလိုက်ရသည့် အချိန်တွင် တိုက်ပွဲဝိညာဉ် သည်လည်း ထိုသိုင်းပညာရပ်ကို ပိုမိုအသေးစိတ် သရုပ်ဖော် နေခဲ့သည်။ ထိုအချိန်မှာမှ သူတို့သုံးယောက်၏ ဆွေးနွေးဖလှယ်မှု ရပ်တန့် သွားခဲ့တော့သည်။
နောက်တစ်ကြိမ် အချိန်ကို ပြန်ကြည့်လိုက်သည့် အခိုက်တွင် နှစ်ရက်တာမျှ ကုန်ဆုံးသွားပြီ ဖြစ်၏။ ဤနှစ်ရက်တာ ကာလအတွင်းတွင် သူတို့သည် မောပန်းသည်ဟု မခံစားခဲ့ရသလို ဆာလောင်မှုကိုလည်း မခံစားခဲ့ကြရပေ။ ထိုအချိန် အတွင်း၌ လှုပ်ရှားမှုဟူသည် ဝမ်ရှန်း ဝိုင်ထယူခဲ့ခြင်းသာ ရှိပေသည်။
သို့သော် ဤကဲ့သို့ ၂ ရက်တိုင်တိုင် ဦးနှောက်ကို အလုပ်ပေးခဲ့ရာ စွမ်းအင်များ ကုန်ခန်း သွားသည်ဟု ခံစားမိ ကြလေသည်။ လင်ရှူးသည် ဝမ်ရှန်းအား အလုပ်သင် ကောင်လေးနားရန် ပြန်မပို့ခိုင်းတော့ဘဲ သူတို့နှစ်ယောက်ကို သူ နေထိုင်နေသည့် ဘုန်းတော်ကြီးကျောင်း အတွင်း၌သာ အနားယူ ခိုင်းလိုက်တော့သည်။
…….
အနားယူပြီး နောက်တစ်နေ့ ပြန်လည် နှိုးထလာသည့် အချိန်တွင် ဝမ်ရှန်းသည် မတိုက်ခိုက် ရသော်လည်း သူ၏တိုက်ခိုက်မှု စွမ်းရည်က အဆင့်တစ်ခုအထိ မြင့်တက်သွားပြီ ဖြစ်ကြောင်း သူ သိပေသည်။
ဆဋ္ဌမအဆင့် ဝိညာဉ်သခင်နှင့် တိုက်ခိုက်ခဲ့ခြင်း၊ ဆရာလု၏ ပညာရပ်များအား မှီငြမ်းခြင်း၊ ဆရာလင်ရှူးနှင့် ဆွေးနွေးခဲ့ခြင်း၊ ထိုက်ချီ သိုင်းပညာအပေါ် နားလည်မှု မြင့်တက်သွားခဲ့ခြင်း… စသည့် အချင်းအရာများကို ပေါင်းစပ် လိုက်မည်ဆိုလျှင် ယခုအခါ စတုတ္ထအဆင့် အထွတ်အထိပ်အဆင့် ဖြစ်သည့် သိုက်စီရီနှင့် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ရသော် ဝမ်ရှန်းသည် သူ အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ချက် ရှိပေသည်။
ဆရာလုမှ အရင်ထွက်ခွာ သွားခဲ့သည်။ အစပိုင်းတွင် သူသည် တစ်ရက်သာ နေကာ သူ့အလုပ်သင်အား သင်ကြား ပေးပြီးနောက် ပြန်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ဝမ်ရှန်းကြောင့် ၁၀ ရက်ကျော်ကြာ နေဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူ လင်းလုံစံအိမ်မှ ချန်ထားခဲ့ရသည့် ကိစ္စရပ်များကို ဖြေရှင်းရန် အလောတကြီး ပြန်သွား လိုက်တော့၏။
ဆရာလုသာ ထွက်သွားခဲ့ခြင်း မဟုတ်ပေ၊ တာအိုဘုန်းတော်ကြီး လင်ရှူးသည်လည်း ထွက်သွားရန် အစီအစဉ် ရှိပြီးသား ဖြစ်သည်။
လင်ရှူး ဘယ်သွားမှာလဲ ဆိုတာကို ဝမ်ရှန်း မမေးခဲ့ပေ။ မေးမည်ဆိုလည်း ဘုန်းတော်ကြီးမှ ဘာမှပြောပြလောက်မည် မဟုတ်။
“ဒီတစ်ခေါက်အတွက် မင်းကို ကျေးဇူးတင်ပါတယ်။ မင်းကြောင့် ငါ ထိုက်ချီ သိုင်းပညာရပ်ရဲ့ အဆီအနှစ်တွေကို နားလည်ခဲ့ရတယ်”
လင်ရှူးသည် သူ ဝမ်ရှန်းပေါ် ကျေးဇူးတင်မိသည့် သဘောထားကို မဖုံးကွယ်ခဲ့ပေ။
“ငါ နေရာ တစ်နေရာ ရှာပြီး အချိန်တစ်ခု အထိ ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ စီစဉ်ထားတယ်။ ဒါတွေ အကုန်လုံးကို အတွင်းကျကျ နားလည် သဘောပေါက်သွားတဲ့ အချိန်ကျရင် ငါ မင်းကို ပြန်လာရှာမယ်”
ထိုအရာက ထူးဆန်းသည်ဟု ဝမ်ရှန်း မမြင်မိပေ။ သို့သော် သူပြောခဲ့သည့် စကားကြောင့် လင်ရှူးသည် သူ့အား ကျေးဇူးတင်ကာ သူသိချင်သည့် အရာများကို ပြောပြဖို့ မျှော်လင့်မိပေသည်။
“မင်းသိချင်တဲ့ ဟာတွေ အတွက်ကတော့ ငါ အခု ပြောပြလို့ မရသေးဘူး”
လင်ရှူးသည် ဝမ်ရှန်း၏ အတွေးများကို ဖောက်ထွင်း မြင်နိုင်သကဲ့သို့ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်၏။
“ဒါပေမယ့် ငါ အစောတုန်းက မင်းကို အလေးချိန် ပေါ့ပါးသွားအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို သင်ပေးမယ်လို့ ကတိပေး ထားတယ်လေ။ အခု ငါမင်းကို အဲ့နည်းလမ်း သင်ပေးမယ်”
ကျင့်ကြံရေး နည်းလမ်းလား… ဝမ်ရှန်း၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည် သူ ဤကမ္ဘာသို့ ရောက်လာသည့် အချိန်မှစ၍ ယခုအချိန်အထိ တန်ဖိုးကြီး ကျင့်ကြံရေး နည်းလမ်းများ တစ်ခုမှ သူ မရခဲ့သေးပေ။ သူသည် သူ၏ကိုယ်ပိုင် သိမြင်နားလည်မှုများဖြင့်သာ လေ့ကျင့်နေခဲ့ခြင်း ဖြစ်၏။
အစပိုင်းတွင် လေ့ကျင့်ရာ၌ အခြေခံအကျဆုံး ဖြစ်သည့် ဟွမ်ယွမ် ဆေးပြား၏ အကူအညီဖြင့် လေ့ကျင့်ခဲ့သည်။ နောက်ပိုင်းတွင် အပ်စိုက်မှတ်များ အတွက်လည်း သူ့ဘာသာသူ လေ့ကျင့်ခဲ့ရ၏။ ထို့နောက် အဆင့်တက်ရန် အတွက်ကိုလည်း ဝိညာဉ်များကို အတင်းအကြပ် ခွဲထုတ်သည့် နည်းလမ်းကို အသုံးပြုခဲ့ရသည်။ ဝမ်ရှန်းသည် ကျင့်ကြံရေး နည်းလမ်းများကို မဝယ်ယူနိုင်ခြင်း မဟုတ်ပေ။ သူ သိသည့်ထဲ သူနှင့်ကိုက်ညီသည့် အရာမရှိနေခြင်း ဖြစ်သည်။
ဝမ်ရှန်းအား ထိုကဲ့သို့ ပြောပြီးနောက်တွင် လင်ရှူးသည် ဝမ်ရှန်းအတွက် ပစ္စည်းတချို့ သွားယူ လိုက်ဦးမည်ဟု ဆိုကာ ထွက်သွားလိုက်၏။ ဝမ်ရှန်းသည် အလွန် စိတ်လှုပ်ရှား သွားကာ ဘာများဖြစ်မလဲဆိုပြီး မျှော်လင့် နေခဲ့တော့သည်။
အဆင့်မြင့် ဝိညာဉ်သခင် တစ်ယောက်ကိုယ်တိုင် ဖန်တီးထားသည့် ကျင့်စဉ်သည် မည်ကဲ့သို့သော ကျင့်စဉ်မျိုး ဖြစ်လိမ့်မည်နည်း…
အချိန်အတော် ကြာပြီးနောက်တွင် လင်ရှူးသည် အထုပ်တစ်ထုပ် နှင့်အတူ ဘုန်းတော်ကြီးကျောင်းသို့ ပြန်ရောက် လာခဲ့၏။ ထို့နောက် မျှော်လင့်တကြီး စောင့်စားနေသည့် ဝမ်ရှန်းရှေ့၌ပင် ထိုအထုပ်အား ဖြေပြလိုက်သည်။ အထဲ၌ ရှိနေသည်မှာ ဆောက်တစ်ချောင်းနှင့် တူတစ်ချောင်း ဖြစ်ကြောင်း ဝမ်ရှန်း တွေ့လိုက်ရ၏။
လင်ရှူး ဆောက်ကိုကိုင်ကာ ဝမ်ရှန်းအား ကမ်းပေးလိုက်သည်။ ဝမ်ရှန်းသည်လည်း ပုံမှန်ဟုသာ တွေးထင်လျက် လင်ရှူး ကမ်းပေးလာသည့် ဆောက်ကို သာမန်သာ လှမ်းယူလိုက်သည်။ သို့သော် ဆောက်သည် သူထင်ထားသည်ထက် ပိုလေးနေပြီး လက်ထဲမှ လွတ်ကျလုနီးပါးပင် ဖြစ်သွားသောကြောင့် အလျင်အမြန် ပြန်ဖမ်း လိုက်ရတော့သည်။
ဤဆောက်သည် သာမန်ဆောက် တစ်ချောင်းနှင့် တူကာ အရွယ်အစားသည်လည်း သာမန်ဆောက်တစ်ချောင်း အရွယ်အစားပင်ဖြစ်၏။ သို့သော် အလေးချိန်သည် ပေါင်နှစ်ထောင်ခန့် ရှိပေသည်။ မည်သည့် ပစ္စည်းကများ ဤလောက်ထိ သိပ်သည်းမှု ရှိသနည်း…
“မင်း လောင်ဇီရုပ်ထု ထုချင်တယ်လို့ ငါ့ကိုပြောပြီးတဲ့ နောက်မှာပဲ တခြား တစ်ယောက်ကို ဒါ လုပ်ခိုင်းလိုက်တာ”
လင်ရှူးမှ ဆောက်အား လက်ညှိုးထိုးပြကာ စတင် ပြောပြလိုက်သည်။
“အဲ့ဒါက တော်တော်ကို အကြမ်းခံပြီး သိပ်သည်းတဲ့ မြေကမ္ဘာသတ္တုနဲ့ လုပ်ထားတာ”
ဝမ်ရှန်း ဆောက်၏ အလေးချိန်အား ချိန်ဆကြည့် နေသည်ကို မြင်လိုက် ရသောအခါ လင်ရှူးသည် ပေါ့ပါးစွာဖြင့် “အဲ့ထဲမှာ အစီအရင်ရှိတယ်၊ ငါ အခုလေးတင် အသက်သွင်း ထားတာ။ အဲဒါကြောင့် ပုံမှန်ထက် အဆတစ်ရာ ပိုလေးနေတာ။ နောက်ကျရင် မင်း မင်းဝိညာဉ် စွမ်းအင်ကို သုံးပြီး အသက်သွင်း လိုက်လို့ရတယ်”
ထိုအချိန်မှာမှ ဤကဲ့သို့ လေးနေခြင်းမှာ ပြုလုပ်ထားသည့် ပစ္စည်း၏ သိပ်သည်းမှုကြောင့် မဟုတ်ဘဲ အစီအရင်ကြောင့် ဆိုတာကို ဝမ်ရှန်း နားလည် သွားခဲ့သည်။
“ဒီတူလည်း အတူတူပဲ”
လင်ရှူးမှ ဝမ်ရှန်းအား နောက်ထပ် တူတစ်ချောင်း ကမ်းပေးလိုက်သည်။ ယခုတစ်ကြိမ်တွင် ဝမ်ရှန်းသည် ကြိုတင် ပြင်ဆင်ထားကာ တူကို သေချာ ဂရုတစိုက် လှမ်းယူလိုက်သည်။ တကယ်ကိုပဲ အလေးချိန်သည် ဆောက်အလေးချိန်နှင့် အတူတူပင်ဖြစ်၏။
“မင်း ပန်းပုထုတဲ့ အချိန်ကျရင် ဒီပစ္စည်းတွေကို အရင်သုံး”
လင်ရှူးမှ တိုက်တွန်း ပြောဆိုလိုက်၏။
“ပေါင်နှစ်ထောင်လေးတဲ့ ဆောက်ကို သုံးပြီး သာမန်ဆောက် တစ်ချောင်းလိုပဲ ထွင်းထုနိုင်ပြီဆိုရင် တူကိုလည်း အဲ့လိုပဲ ဆက်သုံး”
***