အပိုင်း ၂၂၀
အံ့အားသင့်ရခြင်း (၁)
တာအိုဘုန်းတော်ကြီး လင်ရှူးက အလွန် အင်အားကြီးမားကြောင်း ဝမ်ရှန်း သတိထားမိခဲ့ပြီး ဖြစ်သည်။ သူသည် ဆရာလုထက် ပိုမိုအင်အားကြီးပါက အဌမ အလယ်အလတ်အဆင့် သို့မဟုတ် အဌမ နှောင်းပိုင်းအဆင့် လောက်ဟုသာ ဝမ်ရှန်း ထင်ခဲ့၏။
သို့သော်.. ယခု တွေ့မြင်လိုက်ရသည့် အနေအထားအရ နဝမအဆင့်များလား…
မဖြစ်နိုင်ပါ၊ ဝမ်ရှန်း ဘယ်တုန်းကမှ ထိုကဲ့သို့ မတွေးမိခဲ့ချေ။
သို့သော် ထိုလက်ဝါး ရိုက်ချက်သည် လင်ရှူး၏ ကြောက်စရာ ကောင်းမှုကို ဝမ်ရှန်းအား မျက်ဝါးထင်ထင် မြင်တွေ့စေခဲ့သည်။ နူးညံ့မှု နှင့်အတူ တောင့်တင်း ခိုင်မာမှုတို့က ပေါင်းစပ် နေလေသည်။ လူတစ်ယောက်ကို အရိုးတခြား အသားတခြား ဖြစ်သွားအောင် လုပ်နိုင်သည့် ပြင်းအားမှာမူ သူနှင့် လင်ရှူးတို့ကြားမှ ကြီးမားသည့် ကွာခြားချက်ဖြစ်ကြောင်း ဝမ်ရှန်းအား နားလည်လိုက်သည်။ ဤကဲ့သို့ ပြုလုပ်ရန် မည်သို့သော ကြောက်စရာ ကောင်းသည့် စွမ်းအားမျိုး လိုအပ်မည်ကို ဝမ်ရှန်း တွေးကြည့်၍ပင် မရနိုင်ပေ။
တာအိုဘုန်းတော်ကြီး လင်ရှူးသည် သူ့ကြောင့် ထိတ်လန့် အံ့သြသွားသည်ကို ဝမ်ရှန်း ပြန်၍ အံ့အားသင့်မိသည်။
“မင်း အခု ဘယ်လို တိုက်ကွက်မျိုးကို သုံးလိုက်တာလဲ”
လင်ရှူးသည် သူ့လက်ဝါး ရိုက်ချက် မိသွားသည့် အစီအရင်ဆရာ အကြောင်း အရေးစိုက် မနေပဲ မပြေးရုံတမယ် ဝမ်ရှန်းထံသို့ လျှောက်သွားကာ မေးလိုက်၏။
“အဲ့ဒါက ထိုက်ချီသိုင်းလို့ ခေါ်တဲ့ ကျွန်တော် ကိုယ်တိုင် ရှာဖွေတွေ့ရှိထားတဲ့ သိုင်းပညာရပ်ပဲ”
ဝမ်ရှန်းသည် အရှက်မရှိဘဲ ထိုက်ချီသိုင်းကို သူကိုယ်တိုင် တီထွင် ဖန်တီးထားသကဲ့သို့ ပြောလိုက်သည်။ အဘိုးကျန်းစန်းဖုန်း ဖြစ်စေ၊ ထိုအဘိုး၏ ဆရာများဖြစ်စေ သူ့နောက်လိုက်ကာ မူပိုင်ခွင့် ပေးရန်တော့ ဤကမ္ဘာထိ လာရောက် မတောင်းဆိုလောက်ပါဟု ဖြေတွေးလိုက်သည်။
“ထိုက်ချီသိုင်း ဟုတ်လား…”
လင်ရှူးသည် ထိုနာမည် ကြားလိုက်ရသည့် အချိန်တွင် သူ အချိန်အတော်ကြာ လိုချင်တောင့်တ နေသည့် အရာတစ်ခုကို ရရှိလိုက်သည်ဟု ခံစားလိုက်ရသည်။
“ထိုက်ချီဆိုတာက အကန့်အသတ် မရှိဘူး၊ လှုပ်ရှားမှု၊ ကြံ့ခိုင်မှုနဲ့ ဆက်နွှယ်နေတဲ့ အပြင် သူက ယင် ယန်ရဲ့ မိခင်ကြီးပဲ”
ဝမ်ရှန်းမှ စာကြောင်း တစ်ကြောင်း ရေရွတ် ပြလိုက်သည်။ သူ လင်ရှူးအား ကြည့်လိုက်သည့် အချိန်တွင် လင်ရှူးသည် ထိုဥပဒေသကို နားလည် သဘောပေါက်အောင် ဆင်ခြင်နေကြောင်း တွေ့လိုက်ရ၏။
လင်ရှူးက ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု ဝမ်ရှန်း ကြိုတင် မျှော်လင့် ထားခဲ့ပြီးသား ဖြစ်သည်။ ဤကမ္ဘာတွင် တာအိုပညာ တိုးတက်မှုက ကောင်းမွန် လှသော်လည်း အချို့သော သီအိုရီ အယူအဆများသည် သူ့ကမ္ဘာကထက် များစွာ ဆိုးဝါးပေသည်။ ထို့ပြင် ဤကမ္ဘာတွင် ထိုက်ချီ၏ ယင်ယန် ပေါင်းစပ်မှုကလည်း မပြီးပြည့်စုံပေ။ ထို့ကြောင့် ထိုက်ချီ၏ ယေဘုယျ အချက်အလက်များက တည်ငြိမ်ကာ လှုပ်ရှားမှု ကင်းမဲ့နေသည့် လင်ရှူး၏ စိတ်အား ညှို့ယူဖမ်းစားနိုင်ရန် လုံလောက်ပေသည်။
လင်ရှူးသာမက ဆရာလုသည်ပင် စိတ်ဝင်စားခဲ့၏။ သို့သော် သူတို့နှစ်ယောက် ပြောဆိုနေကြသည်ကို နားထောင်ပြီးနောက် သူသည် လက်ခါယမ်းကာ ထိုစကားဝိုင်းမှ နုတ်ထွက် လိုက်သည်။ စကားဝိုင်းက သူကျွမ်းကျင်သည့် အရာနှင့် မအပ်စပ်သကဲ့ပင် ဖြစ်၏။
ကျန်သည့်နှစ်ယောက်ကမူ နက်နက်နဲနဲကို တွေးခေါ်စဉ်းစား နေခဲ့ကြလေသည်။
……..
ရွာအား လှည့်ပတ် ကြည့်လိုက်သည့် အချိန်တွင် လင်ရှူးနှင့် ဆရာလုတို့က တကယ်ကို အားကိုးထိုက်ကြောင်း ဝမ်ရှန်း သိလိုက်ရသည်။ ဒါဇင်နှင့် ချီသည့် အနက်ရောင် ဝတ်ရုံနှင့် လူများသည် နေရာအနှံ့ သေနေကြကာ တစ်ယောက်မှ လွတ်သွားသည့်ပုံ မပေါ်ပေ။ ဝမ်ရှန်း လုပ်လိုက်ရသည်မှာ ထိုအလောင်းများကို တစ်စုတစ်စည်းတည်း ပုံလိုက်ခြင်းသာ ဖြစ်ပေသည်။
သေဆုံးသွားသည့် အခြားဝိညာဉ် သခင်များကိုတော့ ဖြေရှင်းရ လွယ်ပေသည်။ ပြဿနာမှာ ဆိုးဝါးလှသည့် ပုံစံဖြင့် သေဆုံးခဲ့ရသည့် အနက်ရောင် ဝတ်ရုံနှင့် ဆဌမအဆင့် ဝိညာဉ်သခင် နှစ်ယောက်ဖြစ်သည်။ ဝမ်ရှန်းသည် သူတို့နှစ်ယောက်၏ အပိုင်းအစများကို အမှိုက်ကော်ဖြင့် သိမ်းဆည်း လိုက်ရ၏။
အလောင်းများ ပုံပြီးနောက်တွင် ဝိညာဉ်သခင်များ အားလုံး၏ ပိုင်ဆိုင်မှုများကို ဝမ်ရှန်း စစ်ဆေးကြည့် လိုက်သည်။
လက်နက်များ အားလုံးကို ဆရာလု သိမ်းဆည်း လိုက်၏။ ထိုလက်နက်များကို ရောင်းရာမှ ရလာမည့် ဝင်ငွေကို ရွာသူရွာသားများအား သူတို့ကို ထိတ်လန့်အောင် လုပ်ခဲ့မိသည့် အတွက် လျော်ကြေး အနေဖြင့် ပေးမည်ဖြစ်သည်။
အစီအရင်ကွက်များ ရေးထိုးထားသည့် သတ္တုပြားများကိုတော့ လင်ရှူးမှ သိမ်းဆည်း လိုက်သည်။ မေးစရာပင် မလိုပေ၊ ထိုအစီအရင် ကွက်များသည် အစီအရင်ဆရာ အဘိုးအို ပြောခဲ့သည့် အစီအရင်ပင် ဖြစ်ရပေမည်။ ထိုအစီအရင် ပြားများသည် ပစ္စည်းကောင်းဖြစ်ကာ လေလံတင်လျှင် သေချာပေါက် ဈေးက မိုးထိုး နေလိမ့်မည်။
ဤမြို့တော် အတွင်းတွင်လည်း ဝူရုံမြို့ရှိ အဖွဲ့အစည်းများမှ လူများ ရှိပေသည်။ ဝမ်ရှန်းသည် ကြေးစား တံဆိပ်ပြားကိုလည်း အများအပြား ရရှိ သိမ်းဆည်း လိုက်သည်။
အနိမ့်ဆုံးသည် အဖြူရောင် ကြေးစား တံဆိပ်ပြားဖြစ်ကာ ထိုတံဆိပ်ပြား ၁၅ ခု ရရှိခဲ့သည်။ ကျန်သည့် ၃ ခုသည် အစိမ်းရောင် ကြေးစားဆံဆိပ်ပြားများ ဖြစ်ကာ ဆဌမအဆင့် ဝိညာဉ်သခင် နှစ်ယောက်နှင့် သူတို့၏ ခေါင်းဆောင်ထံမှ ရရှိခဲ့ခြင်းဖြစ်၏။
မည်သို့ပင် ဆိုစေကာမူ ဤကဲ့သို့ များပြားလှသည့် ကြေးစား တံဆိပ်ပြားများသည် ဝမ်ရှန်းကို အဆင့်ငါး အဖြူရောင် ကြေးစားအဖြစ်မှ အဆင့်ခြောက် အစိမ်းရောင် ကြေးစားအဖြစ် မြှင့်တင်ပေးနိုင်ရန် လုံလောက်ပေသည်။
ထို့နောက် ဝမ်ရှန်းသည် အချိန်ဆွဲ မနေတော့ဘဲ လင်ရှူး ရွေးချယ်ပေးသည့် နေရာတွင် ကြီးမားသည့် မြေကျင်းတစ်ခု တူးကာ အလောင်းများ အားလုံးကို စုပုံမြှုပ်လိုက်တော့သည်။ ဤဝိညာဉ်သခင်များ၏ အလောင်းများသည် သဘာဝအတိုင်း သူ့ဘာသာသူ ပုပ်သိုး ဆွေးမြည့် သွားမည် ဆိုသော်လည်း အချိန်တော့ အတော်ကြာ ပေလိမ့်မည်။ နှစ်နှင့်ချီလည်း ကြာနိုင်ပေသည်…
ဝမ်ရှန်း ထိုအကြောင်းကို နောက်မှ သိခဲ့ရခြင်း ဖြစ်သည်။ အလားတူပင် သားရဲများ၏ အသားများကို နှစ်တစ်ဝက် လောက်ထိ မပုပ်မသိုးဘဲ ထားနိုင်ပေသည်။ ထိုအသားများ၌ ရှိနေသည့် ဝိညာဉ်စွမ်းအားများ လုံးဝဥဿုံ ကုန်ခန်းသွားပြီ ဆိုမှသာ အသားများသည် သူ့ဘာသာသူ တဖြည်းဖြည်းချင်း ပုပ်သိုးဆွေးမြည့် သွားမည်ဖြစ်၏။
အလောင်းများကို မြှုပ်နှံပြီးနောက် ဝမ်ရှန်းသည် သူတို့ အစောပိုင်း၌ စားသောက်နေသည့် နေရာသို့ ပြန်သွား လိုက်သည်။ သွေးနံ့သည် အလွန်ပြင်းကာ ညှီနံ့များ နံဟောင် နေသောကြောင့် ထိုနေရာတွင် အစားအသာက်စားရန် မသင့်တော်တော့ပေ။
သို့သော် လင်ရှူးနှင့် ဆရာလုတို့သည် ထိုနေရာ၌ထိုင်ကာ ဆင်ခြင်သုံးသပ် နေကြဆဲဖြစ်၏။ ဤကဲ့သို့သော အခွင့်အရေးမျိုးက ဘယ်လောက်တောင် ရှားပါးလှကြောင်း ဝမ်ရှန်း သိပေသည်။ ထို့ကြောင့် ဝမ်ရှန်းလည်း သူတို့ကို မနှောင့်ယှက်တော့ဘဲ သူ့အရင်နေရာ၌သာ ဝင်ထိုင်ကာ သူသည်လည်း သူ့ဘာသာသူ ဆင်ခြင်ရှုမှတ် နေလိုက်သည်။
အစပိုင်းတွင် ဝမ်ရှန်းသည် သူ ဆဌမအဆင့် ဝိညာဉ်သခင်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကို ပြန်လည် သုံးသပ်ရန် စိတ်ကူးလိုက်ခြင်း ဖြစ်၏။ သို့သော် ဝိညာဉ်နယ်မြေ အတွင်းသို့ အာရုံနစ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့အား ကြက်သေ သေသွားစေသည့် မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရသည်။
ထိုနေရာတွင် တိုက်ပွဲဝိညာဉ်၏ ကိုယ်ပွားနှစ်ခုသည် ယခုလေးတင် ဖြစ်ပေါ်ခဲ့သည့် သူနှင့်အနက်ရောင် ဝတ်ရုံနှင့် လူတို့ကြားမှ တိုက်ပွဲအား သရုပ်ဖော်ပြ နေသည်။ ထိုအရာမှာ ပုံမှန်ပင်ဖြစ်၏။ နောက်ကိုယ်ပွား နှစ်ခုသည်လည်း လင်ရှူး၏ လက်ဝါးရိုက်ချက်ကြောင့် နံရံနှင့် ဆောင့်တိုက်ကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည့် အစီအရင်ဆရာ၏ ဖြစ်စဉ်ကို တုပကာ သရုပ်ဖော်နေကြသည်။ ထိုအရာမှာလည်း ပုံမှန်ပင်ဖြစ်၏။ သို့သော် အခြားကိုယ်ပွား နှစ်ခုသည်ကား ဆရာလုက တူနှင့်ဆောက်ကို အသုံးပြုကာ ပထမဆုံး ဝတ်ရုံနက်နှင့် လူအား ကိုင်တွယ်လိုက်ပုံကို သရုပ်ဖော် နေခြင်းပင် ဖြစ်သည်။
ဤသည်မှာ မည်သို့ ဖြစ်ရသည်နည်း။ ဝမ်ရှန်းသည် သူ့ဝိညာဉ်နယ်မြေ အတွင်းရှိ တိုက်ပွဲဝိညာဉ် အကြောင်း ကောင်းကောင်း သိပေသည်။ တိုက်ရေးခိုက်ရေးနှင့် ပတ်သက်သည့် အရာမှန်သမျှကို သူ အလွန် တက်ကြွစွာ ပုံဖော်ပေလိမ့်မည်။ သို့သော် တိုက်ခိုက်မှုများနှင့် မသက်ဆိုင်လျှင် သူသည် တုတ်တုတ်မျှပင် လှုပ်သည် မဟုတ်ပေ။
ဝမ်ရှန်းသည် အခြေခံပန်းပု ထုလုပ်ပုံများကို မလေ့လာဖူးခြင်း မဟုတ်ပေ။ သူ တူနှင့်ဆောက်များကို အသုံးပြုနေသည်မှာလည်း အကြိမ်ကြိမ်ပင်။ သို့သော် သူ၏ဝိညာဉ်နယ်မြေ အတွင်းရှိ တိုက်ပွဲဝိညာဉ်က သူ့အတိုင်း လိုက်လုပ်သည်ကို သူ တစ်ခေါက်မှ မမြင်ဖူးခဲ့ပေ။ ယနေ့တွင် တိုက်ပွဲဝိညာဉ်သည် ပန်းပုထုသည့် ပုံစံကို ပုံဖော်နေခဲ့ပြီး သူသည် ဝမ်ရှန်း မလုပ်ရသေးခင်မှာပင် သူကိုယ်တိုင် စလုပ်နေခြင်း ဖြစ်၏။
ဟုတ်ပြီ… ဝမ်ရှန်း အခြေအနေ အားလုံးကို ချက်ချင်း နားလည် သွားခဲ့သည်။ ဆရာလု၏ မူလရည်ရွယ်ချက်သည် ကျွမ်းကျင်သည့် ပန်းပုဆရာ တစ်ယောက်က မည်သည့် အရာကိုမဆို ထွင်းထုနိုင်ကြောင်းနှင့် ထိုပညာကို အသုံးပြုကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ကြောင်း ဝမ်ရှန်းအား ပြသချင်ခြင်း ဖြစ်သည်။ သို့သော် တိုက်ပွဲဝိညာဉ် အတွက်မူ ထိုအရာသည် လူသတ်နည်းလမ်း တစ်ခုပင်ဖြစ်၏။
လူသတ်နိုင်၍ တိုက်ပွဲဝိညာဉ်သည် ထိုအရာသည် တိုက်ခိုက်ရေး နည်းလမ်း တစ်ခုအဖြစ် ချက်ချင်း သတ်မှတ်ကာ စတင် သရုပ်ဖော်တော့မည် ဖြစ်၏။ ထို့ကြောင့် တိုက်ပွဲဝိညာဉ်သည် အစောပိုင်း တိုက်ပွဲမှ ဆရာလု၏ ပုံစံအတိုင်း အပြည့်အဝ ပုံဖော်နေခြင်း ဖြစ်လေသည်။
တိုက်ပွဲဝိညာဉ် ပန်းပုထုသည့် ပုံစံသည် ဝမ်ရှန်းအား အံ့အားသင့် သွားစေခဲ့သည်။ အချို့သော ပညာရပ်များသည် တိုက်ပွဲဝိညာဉ်မှ ကျွမ်းကျင်လျှင် ဝမ်ရှန်းသည် တိုက်ပွဲဝိညာဉ်ကို ကြည့်ကာ ထိုပညာရပ်ကို ကျွမ်းကျင်သွားအောင် ကျင့်ယူနိုင်ပေသည်။
***