Switch Mode

Chapter – 16 & 30

အပိုင်း(၁၆) လေအရမ်းထန်သောနေ့

ကျောင်းအုပ်ကြီး ရုံးခန်းတွင် ကျောင်းအုပ်ဆရာကြီး ချန်းက သူ၏ စားပွဲပေါ်ရှိ စိန်ခေါ်စာ ဖိတ်ကြားလွှာကို စိုက်ကြည့်ရင်း ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ဖိထားလိုက်သည်။

“အခြေအနေကို သေချာ စစ်ဆေးပြီးပြီလား”

“ဟုတ်ကဲ့.. စစ်ဆေးပြီးပါပြီ ကျောင်းအုပ်ကြီးချန်း.. အရိပ်လုပ်ကြံသူ အဖွဲ့အစည်းရဲ့ တံဆိပ်က အရမ်းကို ထူးခြားပါတယ်.. ကျင့်ကြံခြင်း ရဲဌာနရဲ့ အတည်ပြုချက်အရ ဒီစိန်ခေါ်စာက အရိပ်လုပ်ကြံသူ အဖွဲ့က ပို့ပေးတဲ့ စာအစစ်ပါ”

ဒါရိုက်တာရှီးက မျက်မှောင်ကြုတ်၍ ပြန်ဖြေလိုက်၏။

ရိုးရှင်းစွာ ပြောရလျှင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက အထက်တန်းကျောင်းကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်သည့်လုပ်ရပ်သည် ရှောင်မိသားစု ပန်းခြံတွင် စွန်းရုံကို လုပ်ကြံရန် မအောင်မြင်ခဲ့၍ လက်စားချေခြင်းသာ ဖြစ်သည်။

“အခြေအနေက ပိုဆိုးလာတယ်လို့ ငါထင်တယ်”

ကျောင်းအုပ်ကြီး ချန်းက စီးကရက်တစ်လိပ်ကို မီးညှိကာ တစ်ချက် ရှိုက်ထုတ်ရင်း ပြောလိုက်သည်။

“အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက အရည်အချင်းရှိတဲ့ လုပ်ကြံသူတွေကို စေလွှတ်ခဲ့ရင် ကျွန်တော်တို့ ဆရာတွေရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို တားဆီးဖို့က အရမ်းကို ခက်ခဲလိမ့်မယ်.. ကျောင်းသူစွန်းရုံလည်း အန္တရာယ်ရှိနိုင်တယ်”

“ဒါဆို ရှယ်ရာရှင်အဖွဲ့က ဘယ်လိုလုပ်စေချင်နေလဲ”

“သူတို့က ကျောင်းသူစွန်းရုံရဲ့ လုံခြုံရေးအတွက် ကျောင်းခဏ နားခိုင်းထားပြီး ကျင့်ကြံခြင်း ကျောင်း၁၀၀ကို အုပ်ချုပ်တဲ့ ဌာနကို အကူအညီ လှမ်းတောင်းစေချင်နေတယ်.. ဒါမှလည်း ကျောင်းရဲ့ လုံခြုံရေးကို အဆင့်မြှင့်တင်နိုင်မယ်လို့ ပြောနေကြတယ်”

“ကျောင်းပေါင်း ၁၀၀ ကောင်စီက အကြောင်းပြန်ဖို့ ဘယ်လောက် ကြာလဲဆိုတာ.. ဒါရိုက်တာရှီး သိလား”

“တစ်လနီးနီးတော့ ကြာနိုင်ပါတယ်”

“စုန့်ဟိုင်မြို့မှာ ခရိုင်၁၂ ခုနဲ့ ပုံမှန် အထက်တန်းကျောင်း သုံးဆယ့်ခြောက်ကျောင်း ရှိတယ်.. လက်ရှိမှာ ငါတို့က ဖေးယန်ခရိုင်ထဲမှာ ရှိတဲ့ ပင်မ အထက်တန်းကျောင်း သုံးကျောင်းထဲမှာ တတိယမြောက် ကျောင်းပဲ”

ဒါရိုက်တာရှီး “……….”

ကျောင်းအုပ်ကြီးချန်း သက်ပြင်းချလိုက်သည်။

“ရှယ်ရာရှင်တွေ အကြံပေးတာကို လက်ခံလိုက်ရင် ငါတို့ ကျောင်းခေါင်းဆောင်တွေ အရည်အချင်း မရှိဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ.. ဒါဆိုရင် အမှတ် ၅၈ အထက်တန်းကျောင်းနဲ့ အမှတ် ၅၉ အထက်တန်းကျောင်းက သက်ကျားအိုကြီးတွေက ဒါကို အသုံးချပြီး ငါတို့ကျောင်းကိုသိက္ခာချကြလိမ့်မယ်.. ဒီလိုသာဆိုရင် ငါတို့ကျောင်းက ထိပ်တန်း အထက်တန်းကျောင်း ဖြစ်လာနိုင်တဲ့ အခွင့်အရေးနဲ့ ဝေးကွာသွားလိမ့်မယ်”

“ဒါဆိုရင် ကျောင်းအုပ်ကြီးက ကျနော့်ကို ဘာဆက်လုပ်စေချင်လဲ”

“ငါတို့အားလုံးရဲ့ စွမ်းရည်က အရမ်းကြီး မမြင့်မားပေမဲ့ ငါတို့မှာ စွမ်းအားမြင့်တဲ့ ရဲဘော်ရဲဘက် တစ်ယောက် ရှိပါသေးတယ်လေ”

ကျောင်းအုပ်ကြီး ချန်းသည် ခဏမျှ တွေးတောလိုက်ပြီး စီးကရက်ကို မှုတ်ထုတ်လိုက်သည်။

“ကျောင်းသူ စွန်းရုံကို ကျောင်းအပြင်ဘက်မှာ ဟွာကောရေတံခွန် အဖွဲ့ နဲ့ ကျင့်ကြံခြင်း ရဲဌာန အဖွဲ့က ဘယ်လိုတွေ ကာကွယ်ပေးနေလည်းဆိုတာ ငါ့အလုပ်မဟုတ်ဘူး.. ဒါပေမဲ့ ကျောင်းထဲမှာ ရှိနေရင်တော့ ငါတို့က အပြည့်အဝ ကာကွယ်ပေးရမယ်.. စွန်းရုံ ဘေးကင်း လုံခြုံတာကိုပဲ ငါမြင်ချင်တယ်”

“ဒါဆို အခု ငါတို့ ဘာလုပ်သင့်လဲ”

“ရှယ်ရာရှင်တွေ အကြံပေးတဲ့ အတိုင်း ကျောင်းသူစွန်းရုံကို ကျောင်းနားခိုင်းတဲ့ အကြံအစည်ကို ငြင်းပစ်လိုက်ပါ.. ကျောင်းသူစွန်းရုံကို သီးသန့် စာသင်ခန်းထဲ ပို့ထားလိုက်.. စောနက ငါပြောတဲ့သူက စွန်းရုံကို သူကိုယ်တိုင် ကာကွယ်ပေးပါလိမ့်မယ်.. ကျောင်းသူစွန်းရုံရဲ့ ခေါင်းပေါ်က ဆံပင် တစ်မျှင် ဆုံးရှုံးရင်တောင် ငါ့ခေါင်းကို လာယူလို့ ရတယ်လို့ ရှယ်ရာရှင်တွေကို ပြောလိုက်စမ်းပါ”

ကျောင်းအုပ်ကြီးချန်းက အေးစက်စက် ပြုံးလိုက်သည်။

“အရိပ်လုပ်ကြံသူ အဖွဲ့က ဒုတိယတန်းစား လူဆိုးဂိုဏ်း အဖွဲ့အစည်းလေးပါပဒ.. သူတို့တွေ ကျောင်းထဲအထိ ဝင်လာရဲရင် ငါတို့က ကန်ထုတ်လိုက်ရုံပဲပေါ့”

ထိုစကားကိုကြားလျှင် ဒါရိုက်တာရှီးက ချွေးစေး ပြန်လာခဲ့သည်။

“………”

ကျောင်းအုပ်ကြီးချန်း ရည်ညွှန်းသော ဆရာကို သူသိသည်။

ကျောင်းသူ စွန်းရုံကို ကာကွယ်ရန် ထိုလူကို စေလွှတ်ခြင်းသည် အခွံမာအသီးကို ထုခွဲရန်အတွက် လက်ကိုင်ရိုးရှည်တပ် တူကြီးကို အသုံးပြုခြင်းနှင့် တူနေသည်။

……………..

အရိပ်လုပ်ကြံသူ အဖွဲ့က စိန်ခေါ်စာ ပို့ပြီး သိပ်မကြာခင်မှာပင် အမှတ်၆၀အထက်တန်းကျောင်းက ကျောင်းသူစွန်းရုံကို အပြည့်အဝ ကာကွယ်ရန် ချက်ချင်း ပြင်ဆင်ခဲ့ကြသည်။

သူမ၏ စားပွဲခုံကို ဆရာ ရုံးခန်းသို့ ရွှေ့ပြောင်းလိုက်သည်။

စွန်းရုံကမူ ဝမ်လင်းကို ထပ်မတွေ့ရမည် စိုးရိမ်၍ အင်တင်တင် ဖြစ်နေသည်။

သို့သော် ကျောင်းနှင့် ဟွာကောအုပ်စု၏ ဖိအားပေးမှုကို ခံနိုင်ရည် မရှိ၍ အမိန့်နာခံခဲ့ရသည်။

ရှောင်မိသားစု ပန်းခြံတွင် ကြုံတွေ့ခဲ့ရသော စိတ်မချမ်းမြေ့ဖွယ် ချိန်းဆိုမှုကြောင့် ဝမ်လင်းက စွန်းရုံ၏ သူ့အပေါ် ထားရှိသော ခံစားချက်များကို ပြောင်းလဲရန် မှတ်ဉာဏ် အစားထိုးခြင်းကို အသုံးချခဲ့သည်။

သို့သော်လည်း စွန်းရုံက ဝမ်လင်းကြောင့် သူမ ကံကောင်းသည်ဟု ယူဆခဲ့၍ ဝမ်လင်း၏ အကြံအစည် အထမမြောက်ခဲ့ပေ။

အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ ပစ်မှတ် ဖြစ်သွားခဲ့ပါက စွန်းရုံ၌ အတောင်ပံ ရှိနေလျှင်ပင် ၎င်းတို့၏ လက်မှ လွတ်မြောက်ရန် မလွယ်ကူပေ။

ထူးခြားဆန်းကြယ်သော လူထူးဆန်း သူရဲကောင်း ပေါ်လာ၍သာ ကံဆိုးမှုမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်၏။

လူထူးဆန်း သူရဲကောင်းက ဝမ်လင်း၏ ကံတရားကြောင့် ပေါ်လာသည်ဟု ယူဆခဲ့၍ အပျိုစင်လေး စွန်းရုံက ဝမ်လင်းကို ပို၍ပင် ငြိတွယ်ခဲ့သည်။

ဤအခြေအနေက ဝမ်လင်းကို ခေါင်းကိုက်စေခဲ့သည်။

…………..

အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ စိန်ခေါ်စာတွင် ရေးသားထားသော အချိန်သည် ကျောင်းစတက်သည့် ဒုတိယအပတ်၏ သောကြာနေ့ ဖြစ်သည်။

သောကြာနေ့တွင် လုပ်ကြံသူ အဖွဲ့ ရောက်လာမည် ဖြစ်၏။

အရိပ်လုပ်ကြံသူအဖွဲ့က ကျောင်းသူ စွန်းရုံကို လုပ်ကြံရန်အတွက် ထိပ်တန်းအဆင့် လုပ်ကြံသူကို စေလွှတ်နိုင်သည်။

၆၀အထက်တန်းကျောင်းကလည်း ကျောင်းသားအားလုံး၏ ဘေးကင်းလုံခြုံမှုကို သေချာ ပြင်ဆင်ထားသည်။

ကျောင်းသားများ သန့်စင်ခန်း သွားလျှင်ပင် ဆရာတစ်ဦးက အဖော်အဖြစ် လိုက်ပါပေးခဲ့သည်။

ဝမ်လင်းက အတန်းထဲတွင် သူ့ကိုယ်ပွားကို ထားခဲ့ပြီး နေရောင်ခြည်အောက်တွင် နေပူစာလှုံ၍ လေညှင်းခံရန်အတွက် အဆောက်အဦး ခေါင်မိုးပေါ်သို့ နေရာ ရွေ့ပြောင်းလိုက်သည်။

သူက အထက်တန်းကျောင်း ခေါင်မိုးပေါ်ရှိ အဆောက်အဦး ဆီသို့ တမဟုတ်ချင်း ရောက်ရှိသွားခဲ့သည်။

ဝမ်လင်းက သူ့ကျောင်းသားဘဝကို အေးအေးချမ်းချမ်းသာ ဖြတ်သန်းချင်ခဲ့သည်။

သူက ကျောင်းမြေပြင်ကို ထောင့်တစ်နေရာမှ ငေးကြည့်နေသည်။

အဓိက ဝင်ပေါက်ကြီးနားတွင် ရှေးဟောင်း ကျောက်တုံးရုပ်ထုကြီး ရှိနေ၏။

ခေါင်မိုးပေါ်တွင် လေညှင်းခံရင်း ထူးဆန်းသော အော်ရာများကို သူခံစားမိသည်။

ဝမ်လင်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

အထက်တန်းကျောင်းသား ဘဝသည် သူ မျှော်မှန်းထားသလောက် မငြိမ်းချမ်းခဲ့ပေ။

သို့သော်လည်း စိန်ခေါ်စာ လာပို့သော လုပ်ကြံသူများကို သူကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရန် မလွယ်ကူကြောင်း သဘောပေါက်ခဲ့သည်။

အကြောင်းမူကား အမှတ်၆၀ အထက်တန်းကျောင်းသည် သူ ထင်ထားသလောက် မရိုးရှင်း၍ ဖြစ်၏။

သာမန်အခြေတည်အဆင့် အထက်တန်းကျောင်းသာ ဖြစ်သော်လည်း ဆရာများထဲတွင် ဖုံးကွယ်ထားသော ပါရမီရှင် ရှိနေသည်။

ဤအချက်ကို ဝမ်လင်းက ကျောင်းသို့ ဝင်ရောက်ပြီးမှ သိရှိခဲ့ခြင်း ဖြစ်၏။

ထိုပါရမီရှင်မှာ သူ့လောက်နီးပါး အရည်အချင်း ရှိသူ ဖြစ်သည့် ဝါရင့်ပုဂ္ဂိုလ်ကြီး(ဝါ) သမိုင်းစာအုပ်ကြီး(ဝါ) သမိုင်း သီအိုရီဆရာ ဝမ်ကျူးခန်းပင် ဖြစ်သည်။

…………….

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုပ်ကြံသူ တစ်စုသည် အမှတ်၆၀ အထက်တန်းကျောင်း၏ ခေါင်းမိုးထပ်တွင် စုဝေးနေကြသည်။

သူတို့၏ အင်္ကျီလက်တွင် တပ်ဆင်ထားသော ထူးခြားသော အနီရောင် ဖဲပြားများက ၎င်းတို့ကို အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ အဆင့်မြင့် လုပ်ကြံသူမှန်း သက်သေပြနေသည်။

“အဖွဲ့ခေါင်းဆောင်.. ဒီကနေ့ တော်တော် လေတိုက်တယ်နော်”

“အဖွဲ့ခေါင်းဆောင်.. ဘော့စ်က အကဲပိုလွန်တယ်လို့ မထင်ဘူးလား.. ကျောင်းသူတစ်ယောက်ကို သတ်ဖို့အတွက် ငါတို့ကို စေလွှတ်ဖို့ လိုအပ်လို့လား

“ဒီကနေ့ ပစ်မှတ်က ဟွာကောအုပ်စုရဲ့ သခင်မလေးပဲ.. အဲဒီမိန်းကလေးကို ကာကွယ်ဖို့ ထိပ်တန်း ကျင့်ကြံသူကို တာဝန်ပေးထားနိုင်တယ်.. ဒါကြောင့်မို့လည်း ရှောင်မိသားစု ပန်းခြံကို စေလွှတ်ခံရတဲ့ လုပ်ကြံသူတွေက ကျရှုံးခဲ့ရတာပေါ့”

အဖွဲ့ကို ဦးဆောင်သော လုပ်ကြံသူက ရှင်းပြလိုက်၏။

သူ၏ အနီရောင် ဖဲပြားတွင်မူ ရွှေရောင်ချည်မျှင်များ ရက်လုပ်ထားသည်။

ယင်းက အနီရောင်ဖဲပြားအဆင့်ထက် ပို၍ အဆင့်မြှင့်သော အမှတ်အသား ဖြစ်သည်။

“အဲဒီ ကျင့်ကြံသူက သေချာပေါက် အင်အားကြီးမှာပဲ”

“ငါတို့တွေ သေချာ မစုံစမ်းရသေးဘူး”

လုပ်ကြံသူ ခေါင်းဆောင်က ရှက်ရှက်နှင့် ပြန်ဖြေလိုက်သည်။

“အဲဒီနေ့က စေလွှတ်ခံရတဲ့ အနက်ရောင် ဖဲပြားအဆင့် လုပ်ကြံသူတွေက သူတို့ကို ပေးအပ်ခဲ့တဲ့ တာဝန်ကို ရာနှုန်းပြည့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်တဲ့သူတွေပဲ.. စွန်းရုံ ဆိုတဲ့ကလေးမကို လုပ်ကြံတဲ့ တာဝန်ပြီးမြောက်ရင် အနီရောင်ဖဲပြားအဆင့်ကို ရာထူးတိုးတော့မှာလေ.. ဒါပေမဲ့ အခုတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကိုတောင် ရှာမရတော့ဘူး.. သူတို့ရဲ့ရွှေအမြုအတေ ကို ဖျက်ဆီးခံရလို့ ရှာမတွေ့တော့တာလို့လည်း ယူဆနိုင်တယ်”

“………”

“ချီးပဲ.. သူတို့မှာ ဘာဝိညာဉ်စွမ်းအားမှ မရှိတော့တာလား”

အနီရောင်ဖဲပြားအဆင့် လုပ်ကြံသူများ ချွေးပြန်လာသည်။

“ဒါကြောင့်မို့ ဒီတိုက်ပွဲကို လျှော့မတွက်နဲ့.. ပြီးတော့ စွန်းရုံက ငါတို့ ပစ်မှတ်ဆိုတာလည်း မမေ့နဲ့.. ငါတို့ သူ့ကို တွေ့တာနဲ့ ချက်ချင်း ရှင်းပစ်ရမယ်.. ချန်ထားလို့ မရဘူး.. ပြဿနာတွေ မရှုပ်စေနဲ့.. မလိုအပ်တဲ့ ပြဿနာတွေ မချန်ထားခဲ့နဲ့”

အနက်ရောင်ဝတ်စုံနှင့် လုပ်ကြံသူများက ခေါင်းဆောင်၏ အမိန့်ကို နာခံပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။

…………….

ဤတာဝန်ကို ပေးအပ်ခံရသော ခေါင်းဆောင်က ကမ္ဘာ့ထိပ်တန်း လုပ်ကြံသူ အယောက်၂၀တွင် နံပါတ်၁၃ ချိတ်သူ ဖြစ်သည်။

သူက အရိပ်လုပ်ကြံသူအဖွဲ့အစည်း၏ အရေးပါသော တာဝန်အများအပြားကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်၏။

သူ့ကြောင့် သေဆုံးခဲ့ရသူများက တောင်လို ပုံနေပြီး တခြားသူများ၏ အရိုးများနှင့် ဝိညာဉ်များကို တက်နင်းကာ ခေါင်းဆောင်နေရာကို ရောက်လာခဲ့ခြင်း ဆိုလည်းမမှားပေ။

“ဒီတာဝန် အောင်မြင်ရင် ငါက ရွှေရောင်ဖဲပြား အဖွဲ့ကို ဝင်နိုင်ပြီ””

ရှယင်းသည် ခေါင်းမိုးထပ်၏ ထောင့်တစ်နေရာတွင် မတ်တတ်ရပ်နေရင်း ကျောင်းပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် ရယ်သံ တစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

ဤနေရာက သာမန် အထက်တန်းကျောင်းသာ ဖြစ်ရာ စိတ်ဝိညာဉ် ချီစုဆောင်းသော တည်ဆောက်မှုများကို မမြင်တွေ့ရပေ။

ဟွာကောအုပ်စုက သူတို့သခင်မလေးကို ကာကွယ်ရန် လုံခြုံရေးအဖွဲ့ကို စေလွှတ်ခဲ့သည့်တိုင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက ​စေလွှတ်လိုက်သော အထက်တန်းစား လုပ်ကြံသူများကို ယှဥ်နိုင်ပါမည်လော။

ဆရာများ နှင့် ကျောင်းလုံခြုံရေး အဖွဲ့များ အနေဖြင့်လည်း စွန်းရုံဆိုသည့် ကလေးမကို မည်ကဲ့သို့ လုံလုံလောက်လောက် ကာကွယ်နိုင်ပါမည်နည်း။

ရှယင်းက လှောင်ရယ်လိုက်ပြီး သူ့မျက်နှာကို အတည်ငြိမ်ဆုံး ဖြစ်အောင် ပြင်ဆင်လိုက်သည်။

ဤသည်ကား သူ တာဝန်ထမ်းဆောင်သည့် နောက်ဆုံးအကြိမ် လည်း ဖြစ်နိုင်သည်။

ဤနောက်ဆုံး တာဝန်က စိန်ခေါ်မှု နည်းပါးလှသော်လည်း သူ့အနေဖြင့် တာဝန်ကို လှလှပပ အဆုံးသတ်ချင်ခဲ့သည်။

“ဟူး.. ဒီနေ့ တော်တော် လေတိုက်တာပဲ”

သက်ပြင်းရှည်ကြီးက ရှယင်း၏ ခေါင်းပေါ် မှ ဖြတ်သွားသည်။

ရှယင်း၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွား၏။

သူ၏ မြင်ကွင်းတွင် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော ကျောင်းသား တစ်ဦး ရုတ်ခြည်း ပေါ်ထွက်လာသည်။

ထိုကျောင်းသားက ခေါင်းမိုးပေါ်တွင် စိန်ပြေနေပြေ ထိုင်ကာ နေပူဆာလှုံနေသည်။

ခေါင်းမိုးထပ်ကို မလာခင် ရှယင်းက ဤနယ််မြေကို အသေအချာ စစ်ဆေးခဲ့ပြီး မည်သူ တစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပေ။

သို့ဆိုလျှင် ဤကောင်စုတ်လေးက မည်သည့်နေရာမှ ရောက်လာရသနည်း။

အပိုင်း(၁၆) ပြီး၏။

အပိုင်း(၁၇) ဒါက သာမန်အထက်တန်းကျောင်း မဟုတ်ဘူးပဲ

ထို့နောက် အသံကို ထပ်မံ ကြားရပြန်သည်။

ဤသည်က အဓိက ပြဿနာတစ်ရပ် မဟုတ်ပေ။

တကယ့်ပြဿနာမှာ ဤနေရာတွင် လူငယ်လေး မည်သည့်အချိန်တည်းက ရှိနေခဲ့လည်း ဆိုသည့် အချက် ဖြစ်သည်။

သူက ရွှေအမြုအတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း သူ့ဘေးနား ရောက်ရှိနေသော အခြေတည်အဆင့် ကျင့်ကြံသူ ကျောင်းသားလေး၏ အော်ရာကိုပင် မခံစားမိခဲ့ပေ။

ယင်းဖြစ်ရပ်က အဓိပ္ပါယ်မဲ့သော ဖြစ်ရပ်ဟု လုပ်ကြံသူခေါင်းဆောင် ရှယင်း ခံစားမိသည်။

“ဒီနေရာကို မင်းရောက်နေတာ ဘယ်လောက်ကြာပြီလဲ”

အနက်ရောင် မျက်နှာဖုံး နောက်ကွယ်တွင် ချွေးစေးများ ကျဆင်းနေသည့် ရှယင်းက မေးခွန်းထုတ်လိုက်သည်။

ဝမ်လင်းက ခေါင်းမိုးထပ် အဆောက်အဦးမှ ခုန်ဆင်းလိုက်ပြီး ဘောင်းဘီမှ ဖုန်မှုန်များကို ခါကာ ရှယင်းကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

“ဒီနေ့ လေပြင်းတိုက်တာပဲ”

ဝမ်လင်း၏ အသံက မှော်စွမ်းအား အသုံးပြုထားသကဲ့သို့ ရှယင်း၏ စိတ်ထဲကို ပဲ့တင်လာသည်။

အခြေတည် အဆင့် အထက်တန်း ကျောင်းသားလေးက သူ့ကို စိတ်ဖြင့် ဆက်သွယ်နိုင်သည်မှာ အံ့သြစရာ ကောင်းလှသည်။

ရှယင်း”……..”

ဤလူငယ်လေးကို သူမသတ်ခင် သူ့အကြောင်းကို စုံစမ်းကြည့်ရပေမည်။

ရှယင်းက မျက်စိအနည်းငယ် မှေးကျဉ်းကာ ဝမ်လင်းကို ကြည့်လိုက်ပြီး စေ့စပ်စွာ အကဲခတ်လိုက်၏။

စိုးရိမ်ကြောင့်ကြလာသောအခါ လူသားများသည် ဟော်မုန်းအထွက်နှုန်း မြန်ဆန်လာသည်။

ထို့အတူ ကျင့်ကြံသူများသည် သူတို့၏ ပြိုင်ဘက်ကို သတိပေးသည့် အနေဖြင့် စိတ်ဝိညာဉ်ဖိအားများကို ထုတ်လွှတ်လေ့ ရှိသည်။

စိတ်ဝိညာဉ် ဖိအား၏ သက်ရောက်မှုပေါ် မူတည်၍ ပြိုင်ဘက်၏ ခွန်အား အတိုင်းအတာကို လေ့လာနိုင်သည်။

အခြေတည် အဆင့် အထက်တန်း ကျောင်းသားက သူ့ဖိအားကို ခံနိုင်ရည်ရှိရန်မှာ မလွယ်ကူပေ။

ရှယင်းက သူ့ကိုယ်သူ အကြိမ်ကြိမ် နှစ်သိမ့်လိုက်သည်။

သူက စိတ်ဝိညာဉ်ဖိအားကို အစွမ်းကုန် ထုတ်လွှတ်လိုက်ပြီး ဝမ်လင်းကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်လိုက်သည်။

“ကောင်လေး ကြောက်ရွံ့တုန်လှုပ်စမ်း”

“ဒူးထောက် အညံ့ခံစမ်း”

…………….

တိတ်ဆိတ်မှုက ကြီးစိုးနေသည်။

“………..”

ဝမ်လင်းက သူ့ကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။

ရှယင်း တုန်လှုပ်သွားမိသည်။

သူက ဝိညာဉ်စွမ်းအားကို အစွမ်းကုန်သုံးပြီး ဆယ်ကျော်သက် လူငယ်လေးကို တိုက်ခိုက်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

သူ သတ်ခဲ့သူများ၏ အရိုးများကို စုပြုံလိုက်လျှင် တောင်တစ်တောင်ခန့် အမြင့် ရှိနိုင်သည်။

သို့ရာတွင် သူ့တစ်သက် ရင်ဆိုင်ရ အခက်ခဲဆုံး ရန်သူမှာ ဤအထက်တန်း ကျောင်းသားလေး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ယခုအချိန်တွင် ရှယင်းက ဝမ်လင်းကို အနီးကပ် ငေးစိုက်ကြည့်ရင်း ချွေးစေးများ ပြန်လာသည်။

လူငယ်က အခြေတည် အဆင့် အထက်တန်း ကျောင်းသားသာ ဖြစ်သော်လည်း သူ့ကို အလွန်အမင်း သောကရောက်စေ၏။

ထိုအခိုက်အတန့်တွင် ရှယင်းက ချက်ချင်းပင် ခွန်အားတိုးမြှင့်လိုက်ပြီး ဝမ်လင်းကို လျှပ်တပြက် တိုက်ခိုက်လိုက်သည်။

အံ့ဩတုန်လှုပ်ဖွယ် ကောင်းသော လေပြင်းများ တိုက်ခိုက်လာ၍ ဝမ်လင်း၏ နက်မှောင်သော ဆံနွယ်များက လေထဲလွင့်နေ၏။

လက်တွေ့တိုက်ပွဲသည် တစ်စုံတစ်ယောက်၏ အရည်အချင်းကို စစ်ဆေးကြည့်ရန် အကောင်းမွန် ဆုံးသော နည်းလမ်း ဖြစ်သည်။

ဤဆယ်ကျော်သက် လူငယ်က စိတ်ဝိညာဉ်ဖိအားကို ခံနိုင်ရည်ရှိသည့် အရည်အချင်းဖြင့် မွေးဖွားလာခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည် မဟုတ်ပါလား။

သို့တိုင် ရှယင်း၏ တိုက်ခိုက်မှုက အခြေတည် အဆင့် ကျောင်းသားကို အမှန်တကယ်ပင် ဇီဝိန်ချုပ်စေနိုင်သည်။

ရှယင်း၏ တိုက်ခိုက်ရေး နည်းစနစ်များမှာ ရွှေအမြုတေ တက္ကသိုလ်များတွင်သာ သင်ကြားပေးသော အဆင့်မြှင့် သင်ခန်းစာ ဖြစ်သောကြောင့် အခြေတည် အဆင့် ကျောင်းသားလေး ခုခံရန် မလွယ်ကူလောက်ချေ။

ရှယင်းက ဝမ်လင်းအတွက် စိတ်မကောင်း ဖြစ်နေ၏။

ဤလူငယ်လေးက အခြေတည် အဆင့် ကျောင်းသား ဖြစ်ပြီး မိခင်ကမ္ဘာမြေကြီး၏ အနာဂတ် ကြယ်ပွင့်လေးလည်း ဖြစ်လာနိုင်သည်။

ထိုလူငယ်က ဘဝကို အပြည့်အဝ မပျော်ရွှင်ရသေးသည့် အပြင် လှပသော မြစ်များ နှင့် တောင်များသို့ သွားရောက် မလည်ပတ်ရသေးပေ။

ကျောင်းသားဘဝဖြင့် အလုပ်ရှုပ်နေရ၍ အချစ်ရေးတွင်လည်း မွေ့လျော်ရသေးပုံ မရချေ။

ယခုတော့ ထိုဆယ်ကျော်သက် လူငယ်လေး သေရပေတော့မည်။

“နှုတ်ဆက်ပါတယ်”

ရှယင်းက နှလုံးသားထဲတွင် သက်ပြင်းချလိုက်ပြီး ဝမ်လင်း၏ ရင်ဘတ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

“………”

ရှယင်း၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ဝမ်လင်း၏ မျက်နှာအမူအရာက အနည်းငယ်မျှ မပျက်ယွင်းသွားခဲ့ပေ။

အရိုးသားဆုံး ပြောရလျှင် ဝမ်လင်းက စိတ်ဝိညာဉ် အဆင့်ကို မရောက်နိုင်သေးသော ကျင့်ကြံသူ ရှယင်းအတွက် စိတ်မကောင်း ဖြစ်နေမိ၏

ဤလုပ်ကြံသူက ယင်နှင့်ယန် ပေါင်းစပ်ခြင်း အဆင့်ကို ခွဲခွဲခြားခြား မသိခဲ့၍ စိတ်ဝိညာဉ် အဆင့်ကို မရောက်ဘဲ ဝိညာဉ်တည်ဆောက်ခြင်း အဆင့်တွင် ရပ်တန့်နေခြင်း ဖြစ်သည်။

အင်မော်တယ်အဆင့် ဝမ်လင်းကို တိုက်ခိုက်ခြင်းမှာ ရှယင်းအတွက် ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပင်။

“ဘန်း”

ရွှေရောင်ခေါင်လောင်းကြီး ပြိုကျလာသကဲ့သို့ ရှယင်း၏ ထိုးချက်က ဝမ်လင်း၏ ရင်ဘတ်ပေါ်သို့ တန်းတန်း မတ်မတ် ကျရောက်လာသော အခါ ပဲ့တင်သံကြီး ထွက်ပေါ်လာ၏။

စက္ကန့်ပိုင်းအတွင်း ကျောင်းခေါင်မိုး တစ်ခုလုံး တုန်ခါသွားခဲ့သည်။

သို့သော်လည်း ဝမ်လင်းက နေရာမှာပင် ကျောက်ဆောင် ကျောက်ခဲ ကဲ့သို့ မလှုပ်မယှက် မတ်တတ်ရပ်နေသည်။

ထို့နောက်တွင် “ဝုန်း” ဟူသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဤတိုက်ခိုက်မှုကို ဦးဆောင်သော လုပ်ကြံသူ ခေါင်းဆောင်က မိုးကြိုး အပစ်ခံရသလို ခံစားလိုက်ရ၏။

လုပ်ကြံသူ ခေါင်းဆောင် ရှယင်းက ခံတွင်းမှ သွေးများ အန်ထွက်လာခဲ့သည်။

သူ၏ ဦးခေါင်းရှိ ဒွါရပေါက် ၇ပေါက်မှလည်း သွေးများ ယိုစီးကျလာ၏။

ထို့နောက်တွင် ရှယင်းက ကြမ်းပြင်ပေါ်သို့ ရုပ်ပျက်ဆင်းပျက် လဲကျသွားတော့သည်။

သူ့မျက်နှာက ပြင်းထန်သော နာကျင်မှုကြောင့် ရှုံံ့မဲ့နေပြီး အရိုးတွေ အားလုံးက စိစိညက်ညက် ကြေမွသွားခဲ့သည်။

အဖြစ်အပျက်က မြန်ဆန်လွန်းလှ၏။

မှော်လက်နက်များဖြင့် တိုက်ခိုက်ခံရသကဲ့သို့ ရှယင်းက ခံစားလိုက်ရသည်။

သူ၏ လုပ်ရပ်က ကျောက်တုံးကို ကြက်ဥဖြင့် ပစ်ပေါက် သလို ဖြစ်နေသည်။

အကျိုးဆက်အနေဖြင့် သူ့လက်သီးဆုပ်မှ အရိုးများက တစ်ချောင်းချင်း ကျိုးပဲ့သွားခဲ့သည်။

သာမန် အထက်တန်း ကျောင်းသားက သန်မာလွန်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်မှာ ရှယင်း အတွက် တကယ်ကို စိတ်ပျက်စရာပင်။

ဤသည်ကား လုပ်ကြံသူ ခေါင်းဆောင် ရှယင်း အသက်မထွက်ခင် နောက်ဆုံး တွေးခဲ့သော အတွေးစသာ ဖြစ်၏။

…………..

အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ အနီရောင်ဖဲပြား လုပ်ကြံသူများသည် သတ်ဖြတ်မှု ကျူးလွန်သော နယ်ပယ်အားလုံးတွင် အလွန်အမင်း ကျော်ကြားသည်။

ကြေးစား လောကထဲတွင် အကျော်ကြားဆုံး လူငယ် သုံးဦး ရှိသည်။

ထိုလူငယ်သုံးဦးမှာ အကြီးဆုံး သခင်လေး ရှယင်း၊ ဒုတိယသခင်လေး ရှဖန်း နှင့် တတိယသခင်လေး ရှကျန်း ဖြစ်၏။

လွန်ခဲ့သော နှစ်ပိုင်းခန့်တွင် ဤညီအစ်ကို သုံးယောက်က သတ်ဖြတ်မှု နယ်ပယ်ကို ကြီးစိုးခဲ့ပြီး တစ်လောကလုံးကို ကိုင်လှုပ်နိုင်ခဲ့သည်။

ပြောရမည်ဆိုလျှင် အနက်ရောင် လောကတွင် သူတို့ကို မသိသူ မရှိပေ။

ယင်းသို့ ဒိတ်ဒိတ်ကြဲ ကျော်ကြားသော အကြီးဆုံး သခင်လေးရှယင်းက တာဝန်ကို မထမ်းဆောင်ရသေးခင် သေဆုံးသွားလိမ့်မည်ဟု မည်သူက ကြိုသိနိုင်မည်နည်း။

………….

ယခုက အမှတ်၆၀ အထက်တန်းကျောင်း၏ နေ့လည်ခင်း ကျောင်းဆင်းချိန် ဖြစ်သည်။

ပုံမှန်အားဖြင့် အတန်းချိန် ပြီးဆုံးလျှင် ပန်းကန်ခွက်ယောက် များကို ကိုင်ပြီး စားသောက်ဆိုင် စျေးတန်း ဘက်သို့ ပြေးသွားတတ်သော လူငယ် တစ်စုကို မြင်တွေ့နိုင်သည်။

သို့သော် လွန်ခဲ့သော ရက်ပိုင်းခန့်က လုံခြုံရေး သတိပေးချက်ကြောင့် ကျောင်းသားများက အခန်းထဲတွင်သာ နေခဲ့ရသည်။

နေ့လည်စာ ထမင်းဘူးများကိုလည်း အခန်းထဲ အရောက် ပို့စေ၏။

ကျောင်းသားများမှာ သေမတတ် ပျင်းရိနေကြသည်။

ဆရာမဖန်က အတန်းထဲတွင် ထိုင်နေပြီး တာအို မန္တန်သင်ခန်းစာ၏ လေ့ကျင့်ခန်းများကို အမှတ်ခြစ်နေသည်။

အရိပ်လုပ်ကြံသူ အဖွဲ့၏ စိန်ခေါ်စာကြောင့် လွန်ခဲ့သော ရက်အနည်းငယ်ခန့်တည်းက ကာယချိန်များကို ဖျက်သိမ်းထားခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ရည်မှန်းချက် ကြီးမားသော ဆရာများထဲမှ တစ်ဦးဖြစ်သော ဆရာမဖန်မှာ ဤအခွင့်အရေးကို အမိအရ အသုံးချပြီး သူမ၏ တာအိုမန္တန် ရေးဆွဲခြင်း သင်ခန်းစာကို ခပ်မြန်မြန် သင်ကြားပေးနေ၏။

ဆရာမဖန်၏ အားကြိုးမာန်တက် သင်ကြားမှုက တာအိုမန္တန် စာမေးပွဲတွင် Sသုံးလုံး အဆင့်ရောက်အောင် အကူအညီ ပေးနိုင်လောက်၏။

ပျင်းရိ ငြီးငွေ့နေသော ချန်းချောင်က ဘောပင်ကို လှည့်နေပြီး ကော်ဟောက်က ကြက်တူရွေးလေး ဒိုပီ နှင့် ဆော့ကစားနေသည်။

သူတို့နှစ်ဦးစလုံးက တစ်မနက်ခင်းလုံး မန္တန်ရေးဆွဲခြင်းကို သင်ကြားနေရ၍ သေချင်စိတ် ပေါက်နေ၏။

မန္တန်ရေးဆွဲခြင်း အတတ်ကို ထပ်တလဲလဲ သင်ကြားနေရသည်မှာ အလွန် ပျင်းရိစရာ ကောင်းလွန်းသည်။

ချန်းချောင် တစ်ဦးတည်းသာ ယခုလို ခံစားရခြင်း မဟုတ်ဘဲ ယောက်ျားလေး အားလုံးလိုလို သူကဲ့သို့ ခံစားနေရ၏။

သူတို့အားလုံး၏ ကာယချိန်လေးက အလဟဿ ကုန်ဆုံးခဲ့ရသည်။

သူတို့အားလုံးက အရှုံးသမားဘဝဖြင့် နေထိုင်နေရခြင်းနှင့် မခြားနားခဲ့ပေ။

ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်ရာ အတန်းထဲရှိ ထိပ်တန်း ကျောင်းသား တချို့ကြောင့် သူအံ့အားသင့်သွားရသည်။

အတန်းထဲတွင် လူထူးဆန်းများက တည်ငြိမ်နေသည်။

လင်းရှောင်ယုကဲ့သို့ ပူပင်ကြောင့်ကြမှု ကင်းမဲ့စွာ နေတတ်သော ကောင်မလေးက စာကို အသေအချာ လေ့လာနေသည်။

တာအိုမန္တန် လေ့ကျင့်ခန်းတွင် သူမက အမှတ်ပြည့်ပါ ရနေသည်။

စာလေ့လာခြင်းကို ကြီးကြပ်ပေးသော မြေပဲလေးက စိတ်အနှောင့်အယှက် ဖြစ်ဟန် မရှိဘဲ တိတ်ဆိတ်နေသည်။

ကျောင်းတက်ချိန်မှ ယခုအထိ ခေါင်းငုံ့ကာ တိတ်တဆိတ် စာရေးသားနေခဲ့သည်။

မြေပဲလေးက လက်ရွေးစင်အတန်းသို့ ဝင်ရောက်နိုင်ခြင်းမှာ သူ၏ လုံ့လဝီရီယကြောင့်ဟု ယူဆနေသောသူ ဖြစ်၏။

တတိယပုဂ္ဂိုလ်မှာ ဝမ်လင်း ဖြစ်သည်။

ဝမ်လင်းက တာအိုမန္တန် သင်ခန်းစာ စတင်သင်ကြားသည့် ပထမဆုံး အတန်းချိန်တွင် မကောင်းဆိုးဝါး ဘုရင်ကြီးကို ဆင့်ခေါ်ခဲ့မိရုံမှ လွဲ၍ နေ့စဉ် စစ်ဆေးချက်များတွင် သာမန် အဆင့်မျှသာ ရခဲ့သည်။

သို့သော် ဝမ်လင်းက ထင်ထားသလောက် မရိုးရှင်းမှန်း သူ ခံစားမိသည်။

စွန်းရုံကို အရိပ်လုပ်ကြံသူ အဖွဲ့အစည်းမှ ကယ်တင်ပေးခဲ့သော လူထူးဆန်း သူရဲကောင်းက ဝမ်လင်း ကိုယ်တိုင် ဖြစ်နေနိုင်သည်ဟု ယူဆမိသော်လည်း သက်သေ မရှိခဲ့ပေ။

သို့ရာတွင် အတန်းဖော် စွန်းရုံ နှစ်သက်သူက သာမန်ပုဂ္ဂိုလ် မဖြစ်နိုင်ဟု ခံစားမိနေ၏။

သူက ဝမ်လင်း၏ မိသားစု အခြေအနေကို ခရေစေ့တွင်းကျ မသိခြင်းမှာ အမှန်တရား ဖြစ်သော်လည်း ဝမ်လင်း၏ မိသားစု နောက်ခံက ထင်သလောက် မရိုးရှင်းဟု ခံစားနေရသည်။

အပိုင်း(၁၇) ပြီး၏။

အပိုင်း(၁၈) ကျောင်းလုံခြုံရေးခေါင်းဆောင် လူကြီးမင်းလီ

ဝမ်လင်းက နှစ်ပေါင်းများစွာ ကြာပြီးနောက်မှ ဖေဖေဝမ်နှင့် မေမေဝမ်တို့က စွမ်းအား ထိန်းချုပ်တတ်အောင် လမ်းညွှန်ပေးရသည့် အမှန်တရားကို နားလည်ခဲ့သည်။

လုပ်ကြံသူ ခေါင်းဆောင်က ရူပဗေဒ၏ အခြေခံနိယာမ ဖြစ်သည့် “သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည်” ဟူသော စည်းမျဉ်းကို သိခဲ့ပုံ မရပေ။

ဝမ်လင်းက သူ့ကိုယ်သူ လောကဝတ် ပညာရပ်များကို အလေးပေး သင်ကြားရန် လိုအပ်သည်ဟု ခံစားမိသည်။

သို့တိုင် ဝမ်လင်းက သူ့ခန္ဓာကိုယ်မှ တုံ့ပြန်မှုကို လျှော့တွက်ခဲ့မိသည်။

ရှယင်းက အမှန်တကယ် သေဆုံးသွားခဲ့သည်။

ဝမ်လင်း ခန္ဓာကိုယ်၏ တန်ပြန် သက်ရောက်မှုက ပြင်းထန်သောကြောင့် ရှယင်းက အစောပိုင်းလေးတင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရှယင်း၏ ဝိညာဉ်စွမ်းအား အငွေ့အသက် နှင့် ရွှေအမြုအတေတို့က ချောကလက်ထက် ပို၍ မည်းနက်သွား၏။

ထိုလက္ခဏာမှာ ရှယင်း သေဆုံးခြင်းကို သက်သေထူနေသည်။

ရှယင်းက ပုံပန်းသွင်ပြင် ပျောက်ဆုံးပြီး ခန္ဓာကိုယ်အတွင်းရှိ အရေးကြီးသော အစိတ်အပိုင်းများ ပျက်စီးသွားခဲ့သည်။

ခေါင်မိုးထပ်က အမြဲတမ်းလိုလို ပိတ်ထားတတ်သော နေရာဖြစ်၏။

ဤနေရာတွင် ရှယင်း၏ ခန္ဓာကိုယ်ကို မတော်တဆ ရှာတွေ့သွားခဲ့လျှင် ကျောင်း၌ လျှို့ဝှက် ဆန်းကြယ်သော ဖြစ်ရပ် အသစ် ထပ်ပေါ်လာနိုင်ပေသည်။

ဖြစ်ပေါ်လာနိုင်သည့် ပြဿနာ အရှုပ်အထွေးများကို ရှောင်တိမ်းရန် ဝမ်လင်းက ရှယင်း၏ ခန္ဓာကိုယ်ကို မြင်သာသော နေရာသို့ ရွေ့ပြောင်းရန် ဆုံးဖြတ်ခဲ့သည်။

သူ့အထင် အားကစားကွင်း၏ အရိပ်ရသော သစ်ပင်အောက်သည် နေရာကောင်း ဖြစ်နိုင်သည်။

သူက ရှယင်း၏ ခန္ဓာကိုယ်ကို ငါးစက္ကန့်အတွင်း အားကစားဝင်းထဲ ပို့လိုက်ပြီး ခေါင်မိုးထပ်သို့ တည်နေရာ ရွှေ့ပြောင်းသည့် နည်းစနစ်ဖြင့် ပြန်လာရန် ပြင်လိုက်သည်။

ထိုအချိန်တွင် သူ့အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်း ဘယ်သူလဲ”

ဝမ်လင်း”………”

သူ ခေါင်းလှည့်မကြည့်ရဲသော်လည်း သူ့နောက်ကျောပြင်ကို ငေးစိုက်ကြည့်နေသည်ဟု ခံစားမိ၍ ခေါင်းအစ ခြေအဆုံး အဆင်မပြေသော ခံစားချက်များ ဖြစ်ပေါ်လာ၏။

သို့သော်လည်း အသံပိုင်ရှင်က သူနှင့် ရင်းနီးနေသည်။

ဤအသံက လူကြီးမင်းလီ၏ ထူးခြားသော အသံ ဖြစ်သည်။

လူကြီးမင်းလီက ကျောင်းလုံခြုံရေး ခေါင်းဆောင်လည်း ဖြစ်၏။

လူကြီးမင်းလီသည် ဆရာမဖန် နှင့် လင်းရှောင်ယုတို့ ထက်ပင် ရှောင်တိမ်းရန် ခက်ခဲသောသူ ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းတွင် ပုန်းလျှိုးနေသော ပါရမီရှင်များ ရှိသည်ဟု ပြောခဲ့ဖူးသည်။

သမိုင်းစာအုပ်ကြီး(ခေါ်) ဝါရင့်ဆရာသမားဝမ် နည်းတူ လူကြီးမင်းလီကလည်း ထူးကဲသော အရည်အချင်းကို ပိုင်ဆိုင်ထားသောကြောင့် ဝမ်လင်းကို ထိတ်လန့်သော ခံစားချက်များ ဖြစ်ပေါ်စေသည်။

လူကြီးမင်းလီက ဝမ်လင်း ဝတ်ဆင်ထားသော ကျောင်းဝတ်စုံကို မြင်တွေ့သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

“မင်းက ငါတို့ကျောင်းက ကျောင်းသားလား”

လူကြီးမင်းလီက ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့မှ ပင်စင်ယူပြီးနောက် အမှတ်၆၀ အထက်တန်းကျောင်းတွင် လုံခြုံရေး ခေါင်းဆောင် အနေဖြင့် ဝင်ရောက် လုပ်ကိုင်နေသူ ဖြစ်၏။

ဝမ်လင်းက စကားပြန်မပြော၍ လီလူကြီးမင်းက ဝမ်လင်း အောက်ချထားသော ခန္ဓာကိုယ်ကို သေချာ ငေးစိုက်ကြည့်လိုက်သည်။

“မင်း သူ့ကို သတ်လိုက်တာလား”

ဤလူက သူ့သေတွင်း သူတူးမိပြီး ဇီဝိန်ချုပ်သွားသည် ဖြစ်၍ ဝမ်လင်းအနေဖြင့် သူ့ကို သတ်ခဲ့သည်ဟု ဝန်မခံချင်ပေ။

ရှယင်းက ကိုယ့်အတိုင်းအတာကိုယ် မသိဘဲ သူ၏ အင်မော်တယ် ခန္ဓာကိုယ်ကို တိုက်ခိုက်ခဲ့၍ တန်ပြန်စွမ်းအားကြောင့် သေဆုံးခဲ့ရခြင်း မဟုတ်ပါလား။

လူကြီးမင်းလီ”………”

သူက လူငယ်၏ နောက်ကျောပြင်ကိုသာ မြင်နိုင်သော်လည်း လုပ်ကြံသူကို သတ်ခဲ့သူက လူငယ်လေးမှန်း သူ အတပ်ပြောနိုင်သည်။

“ဒီဘက်လှည့်လိုက်စမ်း”

လူကြီးမင်းလီက သတိပေးသော လေသံဖြင့် ဒုတိယ အကြိမ် အော်ပြောလိုက်၏။

သို့သော် ဝမ်လင်းက မလှုပ်ရှားသေးပေ။

လက်ရှိအချိန်တွင် ဝမ်လင်းက သူ့ကို အမိန့်လာပေးနေသော အဘိုးကြီးကို ခေါင်းခေါက်ချင်သော ဆန္ဒ ဖြစ်ပေါ်နေသော်လည်း သူ့စွမ်းအားကို မထိန်းချုပ်နိုင် ဖြစ်ကာ အဘိုးကြီးကို သတ်သလို ဖြစ်သွားမည်ကိုလည်း စိုးရိမ်ရသေးသည်။

“လှည့်စမ်း.. မြန်မြန်လေး ဒီဘက်ကို လှည့်စမ်း”

လီလူကြီးမင်းက နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ ဝမ်လင်းက ကူကယ်ရာမဲ့သော ဟန်ပန်ဖြင့် လှည့်လိုက်သည်။

သို့သော် သူ၏ ကိုယ်ရေးအချက်အလက်ကို တချို့တစ်ဝက် ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်၏။

အဆုံးသတ်တွင် ဝမ်လင်းက လှည့်ကြည့် လိုက်သော်လည်း မျက်နှာကို လက်ဖြင့် ကွယ်ထားခဲ့သည်။

ကြီးမြတ်သော အသွင်ပြောင်း မန္တန်က အသုံးပြုရန် အချိန်အတော်ယူရသဖြင့် ဝမ်လင်း ကြံရာမရ ဖြစ်နေခြင်း ဆိုလည်းမမှားချေ။

“………”

လူကြီးမင်းလီ “မင်းလက်ကို အောက်ချထားလိုက်စမ်း”

ပြစ်မှုကြီးများကို ကျူးလွန်ထားသည့် ရာဇဝင် လူဆိုးလူမိုက်ကြီးများကို သူကိုင်တွယ်ခဲ့ဖူးသည်။

၎င်းတို့ကိုပင် သုံးကြိမ်ထက် ပို၍ အော်ဟစ်ရန် မလိုအပ်ခဲ့ချေ။

အဆုံးသတ်တွင် ဝမ်လင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်ကာ ခုခံရန် လုံးဝ လက်လျှော့လိုက်တော့သည်။

…………….

ဤသည်က ကံတရား ဖြစ်နိုင်သည်။

လူကြီးမင်းလီက ဝမ်လင်း၏မျက်နှာ အစစ်အမှန်ကို မြင်တွေ့သွားသောအခါ ရုတ်တရက် ထအော်မိလိုက်သည်။

“အိုး.. အတိုင်ပင်ခံဝမ်ပါလား”

လူကြီးမင်းလီ၏ စိတ်လှုပ်ရှားနေသော မျက်နှာ အမူအရာကို ကြည့်ရုံဖြင့် သူ့ဖုံးကွယ်မှု မအောင်မြင်မှန်း ဝမ်လင်း ခန့်မှန်းမိလိုက်သည်။

လူကြီးမင်းလီက မျက်လုံးကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး သူ့မျက်ဝန်းနက်များဖြင့် ဝမ်လင်းကို သေချာ အကဲခတ်လိုက်၏။

သူ့အရှေ့သို့ ရောက်နေသူမှာ သူတို့ဌာနချုပ်က လွန်ခဲ့သော သုံးနှစ်ခန့်က ငှားရမ်းခဲ့သော အတိုင်ပင်ခံဝမ် ဖြစ်နေသည်။

“………..”

ဝမ်လင်း ဘာဆိုဘာမှ မပြောနိုင်တော့ပေ။

သူ့ဘဝ၏ အဆိုးရွားဆုံး ဖြစ်ရပ်မှာ အတိုင်ပင်ခံ ရာထူးကို ယူခဲ့မိခြင်းပင် ဖြစ်သည်။

ထို့ကြောင့်သာ သူနှင့် တွေ့ကြုံခဲ့ဖူးသော အဘိုးကြီးက သူ့ကို ယခုထိတိုင် မှတ်မိနေခြင်း ဆိုလည်းမမှားပေ။

ထိုအဘိုးကြီးက ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့မှ ပင်စင်ယူပြီးသည့်တိုင် သူနှင့် တစ်ကျောင်းတည်း အတူ ရှိနေခဲ့သည်။

စိတ်ဝိညာဉ်ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူက ကျောင်းလုံခြုံရေးအစောင့် ဖြစ်လာသည်။

လူကြီးမင်းလီ၏ အတွေးကို ဝမ်လင်းတစ်ယောက် လိုက်မမီနိုင်တော့ပေ။

တစ်ဖက်တွင်လည်း လူကြီးမင်းလီက ပြိုင်ဘက်ကင်း အထူးစွမ်းရည်ကို ပိုင်ဆိုင်ထားသော လူငယ်လေးမှာ သာမန် အထက်တန်း ကျောင်းသားလေး ဖြစ်နေ၍ အံ့အားသင့်နေသည်။

ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံးက အတွေးထဲ ကိုယ်စီ လွင့်မျောနေကြသည်။

……………

တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက်တွင် လူကြီးမင်းလီက မြေကြီးပေါ် လှဲလျောင်းနေသော အလောင်းကို အကဲခတ်လိုက်သည်။

တစ်ချက်ကြည့်ရုံဖြင့် နိုင်ငံတကာတွင် နာမည်ကျော်ကြားသော အနီရောင်ဖဲပြား လုပ်ကြံသူ ရှယင်းမှန်း သူသိလိုက်၏။

သူ့ဝိညာဉ်အာရုံဖြင့် အလောင်းကို စစ်ဆေး ကြည့်လိုက်ရာ လူကြီးမင်းလီက ချက်ချင်း တုန်လှုပ်သွားသည်။

ရှယင်း၏ သေဆုံးခြင်းက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။

သူ့ဦးခေါင်းခွံမှ ခြေဖျားအရိုး အထိ အရိုးများ အားလုံးက ကျိုးကြေနေခဲ့သည်။

ရွှေအမြူတေသာ အကောင်း ပကတိအတိုင်း ရှိနေခဲ့လျှင် ပြန်လည် သက်သာလာနိုင်သေးသော်လည်း ရှယင်း၏ ရွှေအမြူတေက ပျက်စီးသွားပြီးနောက် ဘာမှ မရှိခဲ့သလို ပျောက်ကွယ်သွားသည်။

ဤရာဇဝတ်ကောင်က ဝမ်လင်းကို ရူးမိုက်စွာ အရင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဝမ်လင်း၏ တန်ပြန်စွမ်းအားကြောင့် သေဆုံးခဲ့ခြင်းဖြစ်နိုင်သည်ဟု လူကြီးမင်းလီက ခန့်မှန်းမိလိုက်သည်။

ဝမ်လင်းတွင် ဤကဲ့သို့ စွမ်းရည်မျိုး ပိုင်ဆိုင်ထားမှန်း သူသိသည်။

လူကြီးမင်းလီက သူ ပင်စင်မယူခင် လွန်ခဲ့သော သုံးနှစ်ခန့်က နောက်ဆုံး ထမ်းဆောင်ခဲ့သော တာဝန်ကို ပြန်လည် အမှတ်ရမိသည်။

ထိုစဉ်က ညဥ့်ကောင်းကင်ယံ အမည်ရှိသော အကြမ်းဖက် အုပ်စုသည် ကမ္ဘာခြားဂိတ်ကို ဖွင့်ရန် ကြိုးစားခဲ့ပြီး တစ်ညတည်းဖြင့် နိုင်ငံများ၏ အဓိက မြို့ကြီးများကို တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။

ထိုသတင်းကို ရရှိပြီးနောက် လူကြီးမင်းလီတို့ အဖွဲ့က ညဥ့်ကောင်းကင်ယံအဖွဲ့၏ အကြံအစည်ကို ဟန့်တားရန် ချက်ချင်းပင် လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးတွင် သူတို့အဖွဲ့ဝင် အားလုံးက ညဥ့်ကောင်းကင်ယံအဖွဲ့၏ ထောက်ချောက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

သူတို့ သတိမထားမိလိုက်ချိန်မှာပင် သူတို့ကို ကမ္ဘာခြားဂိတ်ကြီးက စုပ်ယူသွားခဲ့သည်။

ကမ္ဘာခြားဂိတ်ကြီးတွင် အဆိပ်မီးခိုးငွေ့များ နှင့် အလောင်းများမှ ထွက်လာသော ဓာတ်ငွေ့များဖြင့် ပြည့်နှက်နေရာ သူတို့ဝိညာဉ်စွမ်းအားကို ပြန်လည် ဖြည့်တင်းနိုင်သော ရေနှင့် ဆေးမြစ်များကို မရှာတွေ့နိုင်ပေ။

သို့သော် ထိုအရာထက် သူတို့အားလုံး အစိုးရိမ်ဆုံး ဖြစ်ရပ်မှာ ထိုနေရာတွင် ပုန်းအောင်းနေသော မကောင်းဆိုးဝါး ဘုရင်များကိုပင် ဖြစ်သည်။

သုံးညတာ ကာလပတ်လုံး မကောင်းဆိုးဝါး ဘုရင်များဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် သူတို့အဖွဲ့က လူစုကွဲသွားကြသည်။

အဆုံးသတ်တွင် သူတို့အဖွဲ့ဝင် ခုနှစ်ဦး အနက် သုံးဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။

လူကြီးမင်းလီ ကိုယ်တိုင်လည်း ဤနေရာတွင်သာ သေဆုံးရတော့မည်ဟု တွေးခဲ့မိသည်။

သို့သော် အရေးပေါ် အခြေအနေတွင် ဝမ်လင်း ရုတ်ခြည်း ရောက်လာခဲ့ပြီး မကောင်းဆိုးဝါး ရာကျော်ကို သတ်ဖြတ်ခဲ့၏။

လူကြီးမင်းလီ သတိရလာချိန်တွင် သွေးစီးကြောင်းသာကျန်ရစ်ခဲ့တော့သည်။

ထို့နောက် ဝမ်လင်းက လီလူကြီးမင်းတို့ ခုနှစ်ဦးစလုံးကို ရှာဖွေပြီး ပြန်ခေါ်လာခဲ့သည်။

ဝမ်လင်း မှတ်မိသလောက် လူကြီးမင်းလီတို့ အဖွဲ့က အဆိပ်ငွေ့များကြောင့် သတိလစ်နေခဲ့၍ ၎င်းတို့၏ မှတ်ဉာဏ်ကို သူ မဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

လူကြီးမင်းလီက သူတို့ကမ္ဘာသို့ ပြန်လာသည့် ခရီးတစ်လျောက်လုံး သတိ ပြန်လည် ရနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဆိုရလျှင် လူကြီးမင်းလီက သူတို့ကို ကယ်တင်ပေးခဲ့သည့် သူကို ရှာဖွေနေခဲ့သည်။

သူ့ဘဝ တစ်လျှောက်လုံး ဤအဖြစ်အပျက်ကို မမေ့ပျောက်နိုင်ပေ။

ဝမ်လင်းကို သူတို့ အထက်လူကြီးက သူတို့အဖွဲ့ အတွက် အတိုင်ပင်ခံအဖြစ် ယာယီ ခန့်အပ်ခဲ့ခြင်းသာ ဖြစ်သည်။

အတိုင်ပင်ခံများသည် သီအိုရီသာ သိသူများဟု ခံယူထားသော လူကြီးမင်းလီတို့ အဖွဲ့က ဝမ်လင်းကို သဘောမကျခဲ့ကြပေ။

အဆုံးသတ်တွင် သူတို့ကို ကယ်တင်ခဲ့သူမှာ သူတို့ အထင်မကြီးခဲ့သော ဝမ်လင်း ဖြစ်နေခဲ့သည်။

မကောင်းဆိုးဝါး အားလုံးကို ရှင်းလင်းပြီး သူတို့ကို ပြန်ခေါ်လာနိုင်သော ဝမ်လင်း၏ စွမ်းအားအဆင့်က မယုံကြည်နိုင်လောက်အောင် မြင့်မားမည်မှာ တွေးကြည့်ရန်ပင် မလိုအပ်ချေ။

သူ့ဒဏ်ရာ သက်သာပြီး ဆေးရုံမှ ဆင်းလာသည့် အချိန်မှစ၍ အကြံပေး ဝမ်လင်းက ခြေရာလက်ရာပင် မကျန် ပျောက်ကွယ်သွားခဲ့သည်။

……………..

ဝမ်လင်းက ယာယီ အတိုင်ပင်ခံ အနေဖြင့် တိုက်တိုက်ဆိုင်ဆိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

ကမ္ဘာခြား ဂိတ်ကြီးထဲ ဝင်ရောက်ပြီး လူကြီးမင်းလီတို့ အဖွဲ့ကို ပြန်လည် ခေါ်ဆောင်ရန် သူ့စွမ်းအား အစစ်အမှန်ကို ထုတ်ဖော်ရခြင်းမှာ လူသားများကို အကျိုးပြုလိုသော ဆန္ဒကြောင့်သာ ဖြစ်သည်။

ဤလောကကြီးထဲ ဝမ်လင်း၏ စွမ်းအား အစစ်အမှန်ကို သိထားသောသူ အများကြီး မရှိပေ။

သို့သော် ဝမ်လင်းက သူ့အကြောင်း သိနေသော လူကြီးမင်းလီကို ညှာတာပေးရန် ဆုံးဖြတ်လိုက်၏။

သို့ရာတွင် လူကြီးမင်းလီက ဇာတ်လမ်း တစ်ခုလုံးကို ခရေစေ့တွင်းကျ မသိထားပေ။

သူ့စိတ်ထဲတွင် ဝမ်လင်းက ငယ်ရွယ်သော ရုပ်ရည်ရှိသည့် နှစ်တစ်ထောင် မကောင်းဆိုးဝါးကြီးဟု တွေးထားခဲ့သည်။

သို့သော် တကယ့် အမှန်တရားမှာ ဝမ်လင်းက ယခုမှ အသက် ၁၆နှစ်သာ ရှိသေးသည့် အထက်တန်း ကျောင်းသားလေးမျှသာဖြစ်၏။

အပိုင်း(၁၈) ပြီး၏။

အပိုင်း(၁၉) ကြောက်မက်ဖွယ် အကောင်းဆုံးလေထုသည် ရုတ်တရက် ငြိမ်သက်သွားခဲ့သည်

ဝမ်လင်းက လူကြီးမင်းလီနှင့် တွေ့ဆုံရန် အမြဲကြောက်နေခဲ့သည်။

သူ့အသက်အမှန်ကို လူကြီးမင်းလီကို ပြောပြခဲ့လျှင် လီလူကြီးမင်းက သူ့ကို မကောင်းဆိုးဝါး တစ်ကောင် ကဲ့သို့ သဘောထားလိမ့်မည် မဟုတ်ပါလား။

သို့သော် ပြဿနာကို သူကိုယ်တိုင် မရှင်းလင်းလျှင် ဤနားလည်မှုလွဲခြင်းက ဆက်လက် တည်ရှိနေလိမ့်မည်။

လူကြီးမင်းလီက သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို အခြေခံ၍ သူတို့၏ အတိုင်ပင်ခံကြီး ဤနေရာ ရောက်နေရသည့် အကြောင်းအရင်း နှစ်ရပ်သာ ရှိလိမ့်မည်ဟု မှန်းဆလိုက်သည်။

ပထမ အကြောင်းပြချက်မှာ ရုပ်ဖျက်ပြီး လှည့်လည် သွားလာခြင်း ဖြစ်ပြီး ဒုတိယ အကြောင်းပြချက်မှာမူ အချစ်ကိုတပ်မက်စွာ လိုက်ရှာနေခြင်း ဖြစ်၏။

ဝမ်လင်းက ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့၏ အတိုင်ပင်ခံအနေဖြင့် ရက်ပိုင်းခန့် လုပ်ကိုင်ခဲ့ဖူးသည်။

အဖွဲ့ဝင်တိုင်းက သူ့ကို လှောင်ပြောင်စရာ ပြောသည့်တိုင် သိုသိုဝှက်ဝှက် နေလေ့ရှိသည်။

ရုပ်ဖျက်ပြီး လှည့်လည်သွားလာခြင်းက အတိုင်ပင်ခံ၏ စရိုက်နှင့် မလျော်ညီပေ။

ထို့ကြောင့် လူကြီးမင်းလီက ပထမ အကြောင်းပြချက်ကို ပယ်ချခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်ကျော်ခန့်က ဝမ်လင်း နှင့် စွန်းရုံတို့ ရှောင်ပန်းခြံတွင် လုပ်ကြံသူများ၏ ပြန်ပေးဆွဲခြင်းကို ခံရသည့် သတင်းကို သူကြားမိခဲ့သည်။

ထိုအတွေးကြောင့် လူကြီးမင်းလီက တိမ်များကင်းစင်သွားသလို ရှင်းလင်းသော အတွေးတစ်ခု ပေါ်ပေါက်လာ၏။

သူက အရာရာကို တတ်ကျွမ်း နားလည်သူ ကဲ့သို့ ဝမ်လင်းကို ငေးစိုက်ကြည့်နေသည်။

“ရှောင်ပန်းခြံမှာ မမလေးစွန်းရုံကို အရိပ်လုပ်ကြံသူ အဖွဲ့ရဲ့လက်ထဲကနေ ကယ်တင်ခဲ့တာ အတိုင်ပင်ခံဝမ် မဟုတ်လား”

“အင်း”

ဝမ်လင်းက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။

သူ့စွမ်းအား အစစ်အမှန်ကို သိထားသည့် လူကြီးမင်းလီက ယခုလို ကောက်ချက်ဆွဲနိုင်ခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။

ထို့ကြောင့် ဝမ်လင်းကလည်း ဖုံးကွယ်မည့် အတွေးမျိုး မရှိခဲ့ချေ။

“ဒါဆိုရင် ကျောင်းသူစွန်းရုံနဲ့က ဘယ်လို ဆက်ဆံရေးမျိုးလဲ.. ကျနော် မေးလို့ရမလား”

“အတန်းဖော်အဆင့်ပါပဲ”

ဝမ်လင်းက ပုံမှန်အတိုင်း ဆိတ်ဆိတ်နေ၍ ပြန်ဖြေလိုက်သည်။

ထိုစကားကြောင့် လူကြီးမင်းလီက အံံဩတုန်လှုပ်သော မျက်နှာအမူအရာဖြင့် ဝမ်လင်းကို ငေးစိုက်ကြည့်လိုက်၏။

အတိုင်ပင်ခံဝမ်က ဤကျောင်းနယ်မြေသို့ သူ့ထူးခြားသော ဆန္ဒကို ဖြည့်ဆည်းရန် (ဝါ) ငယ်ရွယ်သော ကျောင်းသူလေးများ၏ အရသာကို ခံစားရန် လာရောက်ခဲ့ခြင်း မဟုတ်ပေ။

အတိုင်ပင်ခံက အမျိုးသမီးများကို သဘောမကျခြင်းလည်း ဖြစ်နိုင်လောက်သည်။

“……….”

လူကြီးမင်းလီ၏ အတွေးရိုင်းကြောင့် ဝမ်လင်းကို သူ့ကို ခြေထောက်ရိုက်ချိုးချင်စိတ် ပေါက်နေသည်။

ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့၏ ခေါင်းဆောင် ရာထူးမှ ပင်စင်ယူထားသော လူကြီးမင်းလီသည် မိမိကိုယ်မိမိ နှိမ့်ချပြီး သာမန် အထက်တန်းကျောင်းလေး၏ ကျောင်းလုံခြုံရေးခေါင်းဆောင် ဖြစ်လာရသည့် အကြောင်းအရင်း ရှိနိုင်သည်။

ဝမ်လင်းက ထိုကိစ္စကို တကယ် စိတ်ဝင်စားမိသည်။

လူကြီးမင်းလီ၏ အရည်အချင်းဖြင့် ပင်စင်ယူပြီး နောက်ပိုင်းလည်း နောက်ကွယ်မှ ကြိုးကိုင် အလုပ်လုပ်ရသော အမိန့်ပေးသူ အနေဖြင့် ဆက်လက် တာဝန်ထမ်းဆောင်နိုင်သည်။

တစ်နေ့လုံး မျက်နှာပြစရာ မလိုအပ်ဘဲ နောက်ကွယ်မှ အမိန့်ပေး စေခိုင်းခြင်းက လူကြီးမင်းလီ၏ စရိုက်နှင့်လည်း ကိုက်ညီသည်ဟုလည်း ဝမ်လင်း ခံစားမိသည်။

“ခင်ဗျားက ခန္ဓာကိုယ်ထဲမှာ ဒဏ်ရာ ရခဲ့တာလား”

ဝမ်လင်းက လူကြီးမင်းလီ၏ မူမမှန်မှုကို ချက်ချင်း ခံစားမိလိုက်သည်။

ကောင်းကင်မျက်လုံးကို အသုံးမပြုသည့်တိုင် ဝမ်လင်း၏ မျက်လုံးများက ယနေ့ခေတ်၏ အတိုးတက်ဆုံး စက်ပစ္စည်းများထက် အဆပေါင်းများစွာ ပိုမို ကောင်းမွန်နေသည်။

လူကြီးမင်းလီက ခါးသက်စွာ ပြုံးလိုက်၏။

“ကမ္ဘာခြားဂိတ်က ပြန်လာပြီး သတိရလာချိန်မှာ အသေးအမွှား ဖြစ်ရပ်တချို့ကြောင့် ကျနော့်ရဲ့ အတွင်းဒဏ်ရာက ပိုမို ဆိုးရွားလာပြီး အရင်လို မြန်ဆန် ဖျတ်လတ်တဲ့သူ မဟုတ်တော့ဘူးလေ”

“ဘယ်လိုဖြစ်ရတာလဲ”

ဝမ်လင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ့အကျင့်အတိုင်း စိတ်ချင်းဆက်သွယ်၍ ပြောဆိုလိုက်သည်။

“ကျနော် သတိရလာတော့ အတိုင်ပင်ခံဝမ်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်လို့ စိုးရိမ်တကြီး လိုက်ရှာခဲ့တယ်.. လူသွားစင်္ကြန်ဘက်တောင် မရောက်ခဲ့ပါဘူး.. ကျနော့်ရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးတဲ့ သူနာပြုက အရိပ်ပေါင်းစည်းခြင်း မန္တန်သုံးပြီး ဆေးရုံကုတင်ပေါ် ပြန်ခေါ်ခဲ့တယ်လေ”

“……….”

“ဒုတိယအကြိမ် ဆေးရုံရဲ့ အဓိကဝင်ပေါက်ကနေ အပြင်ဘက် ခိုးထွက်တော့လည်း သူဌေးဟောင်းနဲ့ ထိပ်တိုက်တိုးခဲ့တယ်.. သူက ကျနော့်ကို စကားတစ်ခွန်းမှ မပြောဘဲ နဂါးပျံမန္တန်သုံးပြီး တိုက်ခိုက်ခဲ့တယ်.. သူရဲ့အပြင်းအထန် တိုက်ခိုက်တာကို ခုခံဖို့ မနည်းရုန်းကန်ခဲ့ရတယ်.. အဆုံးသတ်မှာတော့ သူဖမ်းတာကို ခံရပြီး ဆေးရုံမှာပဲ ဆေးကုရပြန်တယ်”

“………..”

“တတိယ တစ်ခေါက်မှာတော့ ဓားပျံကို သုံးပြီး ဆေးရုံ ပြတင်းပေါက်ကနေ အပြင်ထွက်ဖို့ ကြိုးစားခဲ့တယ်.. ဒါပေမဲ့ ဆေးရုံက ဝိညာဉ်စွမ်းအား အသုံးပြုလို့မရအောင် ချုပ်နှောင်ထားတာ ကျနော် မေ့သွားခဲ့တော့ ဝိညာဉ်စွမ်းအားကို အသုံးမပြုနိုင်တော့ဘဲ ဆေးရုံအထပ် ၁၃ထပ်ကနေ ပြုတ်ကျသွားခဲ့တယ်”

စကားဆုံးသည်နှင့် လူကြီးမင်းလီက နာကြည်း ခါးသီးစွာ သက်ပြင်းချလိုက်သည်။

“အဲဒီ အခြေအနေကြောင် အခုချိန်အထိ မသက်သာသေးတာပေါ့”

“………”

လူကြီးမင်းလီ၏ အတွင်းဒဏ်ရာက ကမ္ဘာခြားဂိတ်မှ အဆိပ်ငွေ့ကြောင့်မှန်း ဝမ်လင်း မြင်တွေ့နိုင်သည်။

အဆိပ်ငွေ့ကို ကုသပြီးသည့်တိုင် ထပ်တလဲလဲ ထိခိုက်ဒဏ်ရာ ရမှုကြောင့် အပြီးတိုင် ကုသနိုင်မည်ဟု ပြောလျှင် ရယ်စရာ ကောင်းလိမ့်မည်သာ။

လီလူကြီးမင်း၏ ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ဝမ်လင်းက သက်ပြင်းကို လေးလံစွာ ချလိုက်သည်။

ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့၏ ခေါင်းဆောင်က ကမ္ဘာခြားဂိတ်၏ အဆိပ်ငွေ့ကြောင့် မှတ်ဉာဏ် အားနည်းသွားခဲ့သည်။

လီလူကြီးမင်း၏ လက်ရှိဉာဏ်ရည်ဖြင့် တိုက်ပွဲအမိန့်ပေးသူ အလုပ်မဆိုထားနှင့်.. နှစ်ယောက်တွဲ ဉာဏ်စမ်းဂိမ်းမျှလောက်သာ ဆော့နိုင်လောက်ပေသည်။

ဝမ်လင်းက အသက်ခပ်ပြင်းပြင်း ရှုလိုက်ပြီးနောက် သူ့လက်ဖဝါးပေါ်တွင် သန့်စင်ခြင်း အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။

မရေမတွက်နိုင်သော မန္တန်များထဲတွင် ကြီးမြတ်သော သန့်စင်ခြင်း မန္တန်သည် မကောင်းသော အရာအားလုံးကို သန့်စင်ပေးနိုင်သည်။

မန္တန်၏ ပထမအဆင့်သည် အဆိပ်အတောက် အားလုံးကို အပြီးတိုင် သန့်စင်ဖယ်ထုတ် ပေးနိုင်သည့် အကျိုးသက်ရောက်မှုရှိပြီး အဆင့်မြင့် အဆင့်သည် နှလုံးသားထဲမှ မကောင်းသော ဆန္ဒအားလုံးကိုပင် သန့်စင်စေနိုင်၏။

ဝမ်လင်း၏ လက်ရှိကျွမ်းကျင်မှု အဆင့်ဖြင့် နှာဘူးတစ်ယောက်ကို ရှောင်လင် ဘုန်းကြီး ဘဝသို့ ပြောင်းလဲပေးလိုပါက ဘာမှမခက်ခဲချေ။

လူကြီးမင်းလီက ဝမ်လင်း၏ လက်ထဲမှ ဝိညာဉ်အလင်းတန်းကို မြင်တွေ့သောအခါ မှင်တက်သွားသည်။

ယင်းက သူတစ်ခါမျှ မမြင်ဖူးသော မန္တန် ဖြစ်၏။

အသေးစိတ် စီစဉ်ထားသော မန္တန် နှင့် သန့်စင်သော ဝိညာဉ်စွမ်းအားများ စုဆောင်းထားခြင်းသည် ဝမ်လင်း၏ ကျွမ်းကျင်မှုကို လုံလုံလောက်လောက် သက်သေပြနေသည်။

သူ့မျက်ဝန်းများက မန္တန်ကို မလွတ်တမ်း ကြည့်နေရင်း ဝမ်လင်းကို မရပ်မနား ချီးမွမ်းနေမိသည်။

“အတိုင်ပင်ခံဝမ်က အရင်အတိုင်း မပြောင်းမလဲ သန်မာနေတုန်းပဲ”

“ဒီအလင်းတန်းက ခင်ဗျားရဲ့ကိုယ်တွင်း ဒဏ်ရာကို အပြီးတိုင် ကုသပေးနိုင်လိမ့်မယ်”

ဝမ်လင်းက စကားအပို မပြောတော့ဘဲ သူ့လက်ဖဝါးကို လူကြီးမင်းလီ၏ နဖူးပေါ်သို့ တင်လိုက်သည်။

လူကြီးမင်းလီက နွေးထွေးသော မန္တန်အလင်းကို တဖြည်းဖြည်းချင်း စုပ်ယူလိုက်ရာ သူ့ဦးနှောက်ထဲသို့ အေးမျှသော တစ်စုံတစ်ရာက စိမ့်ဝင် ပျံံ့နှံံ့သွားသည်ဟု ခံစားလိုက်ရ၏။

သူ့ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော အဆိပ်များကို သန့်စင်သော ဝိညာဉ်စွမ်းအားများက နည်းနည်းချင်းစီ ဖြေဖျောက်ပေးနေသည်။

အဆုံးသတ်တွင် အဆိပ်အားလုံး ရှင်းလင်းသွားခဲ့၏။

ဝမ်လင်းက သူ့လက်ချောင်းထိပ်မှ အနက်ရောင် ချီစွမ်းအားကို သန့်စင်သော အလင်းတန်းဖြင့် ရောနှောက ပြာမှုန့်အဖြစ် ပြောင်းလဲစေလိုက်သည်။

“အရမ်းမိုက်တယ်”

လူကြီးမင်းလီက အောဂလီဆန်စရာ ကောင်းသော အသံဖြင့် ပြောဆိုလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲ ကိန်းအောင်းနေသော အဆိပ်များ ပြယ်လွင့်သွားပြီးနောက် နှစ်၁၀၀ခန့် နုပျိုသွားသလို ခံစားမိလိုက်သည်။

သူ့ခန္ဓာကိုယ်က ပို၍ ပေါ့ပါးသွားပြီး သူ့ဝိညာဉ်စွမ်းအားက ရေကဲ့သို့ ချောမောစွာ စီးဆင်းနေမှန်း သဘောပေါက်လိုက်သည်။

ထိုဖြစ်ရပ်ကြောင့် သူ၏ ဝိညာဥ်သွေးကြောများက ပိတ်ဆို့ခြင်း မရှိတော့ကြောင်း နားလည်ခဲ့၏။

“အတိုင်ပင်ခံဝမ်က တကယ်ကို ထူးချွန်တယ်”

လူကြီးမင်းလီက ဝမ်လင်းကို ပို၍ အထင်ကြီးလေးစား လာခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူ့ဒဏ်ရာကို ကုသရန် ကျော်ကြားသော ဆရာဝန်များနှင့် ပြသခဲ့သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမှ သူ့ကို မကုသနိုင်ခဲ့ပေ။

တိုးတက်သော နည်းပညာ နှင့် အကောင်းဆုံးသော ၉၆ပါး ရောဂါပျောက်ဆေးများက ဝမ်လင်း၏မန္တန်ကို ယှဉ်နိုင်စွမ်း မရှိပေ။

“ငါက အတိုင်ပင်ခံ မဟုတ်တော့ဘူး.. အခုကစပြီးတော့ ငါ့ကို ကျောင်းမှာ တွေ့ရင် ကျောင်းသားဝမ်လင်းလို့ပဲ ခေါ်ပါ”

ဝမ်လင်းက အမိန့်ပေးလိုက်သည်။

“ကောင်းပါပြီ.. ကျောင်းသားဝမ်လင်း”

လူကြီးမင်းလီက သူ့အတွင်းဒဏ်ရာကို ကုသပေးခဲ့သည့် မဟာဆရာသခင်၏ စကားကို မနာခံစရာ အကြောင်း မရှိပေ။

ထို့နောက် လီလူကြီးမင်း၏ အကြည့်က မြေကြီးပေါ် လှဲလျောင်းနေသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

“ရှယင်းရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ကြမလဲ”

ဝမ်လင်းက စကားတစ်ခွန်းမျှ မပြောဘဲ လီလူကြီးမင်းကို ပြန်ကြည့်လိုက်သည်။

အဆိပ်အတောက်များကို ဦးနှောက်မှ ဖယ်ရှားပစ်လိုက်၍ အရင်လိုဉာဏ်ရည်မျိုး ပြန်လည်ပိုင်ဆိုင်သွားသော လီလူကြီးမင်းက ဝမ်လင်း၏ မျက်ဝန်းမှ တဆင့် ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သည်။

ဝမ်လင်းက လူကြီးမင်းလီကို ပြဿနာ ဖြေရှင်းခိုင်းလိုက်ခြင်း ဖြစ်၏။

အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ ဖဲပြားနီ လုပ်ကြံသူကို သတ်ခဲ့သည့် ကျောင်းသားက ဝမ်လင်းဟုသာ သတင်းပေါက်ကြားသွားလျှင် နောက်တစ်လခန့် အထိ သတင်းခေါင်းစည်တွင် ရှိနေနိုင်သည်။

ဤသည်ကား ဝမ်လင်း၏ သိုသိပ်စွာ နေထိုင်တတ်သော အကျင့်နှင့် ဆန့်ကျင်နေ၏။

ဤတစ်ကြိမ်တွင် ဝမ်လင်းက လီလူကြီးမင်း၏ မှတ်ဉာဏ်ကို အတင်းအကျပ် မဖျက်ပစ်ခဲ့ပေ။

လူကြီးမင်းလီက အနာဂတ်တွင် သူ့အတွက် အထောက်အပံ့ ဖြစ်လာနိုင်သည်။

ယင်းအချိန်တွင် လေညင်းတိုက်ခတ်လာပြီး ဝမ်လင်းက အနီးအနားရှိ ခြေသံများကို အာရုံခံမိလိုက်သည်။

ပြဿနာကို ဖြေရှင်းနိုင်ရန် သူ ပြန်သင့်ပေပြီ။

ခွဲခွာခြင်း မန္တန်ကို အသုံးပြုထားသည်မှာကြာပြီ ဖြစ်၍ အတန်းထဲမှ ဝမ်လင်း၏ ကိုယ်ပွား​မှာ အခြေအနေ မဟန်ပေ။

မျက်စိတစ်မှိတ် အတွင်း နေရာမှ ဝမ်လင်း ပျောက်ကွယ်သွားခဲ့သည်။

လီလူကြီးမင်းက ပျောက်ကွယ်သွားသော ဝမ်လင်းကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။

မည်သို့သော အကြောင်းပြချက်ကြောင့် မဟာ ဆရာသခင်က ကျောင်းလာတက်နေသည်ကို သူမသိသော်လည်း သူက အခွင့်အရေးကောင်းကို လက်လွတ်ခံမည် မဟုတ်ချေ။

မဟာ ဆရာသခင်ကို ဆရာ တင်မြှောက်နိုင်မည့် အခွင့်အရေးကို ရှာကြံရပေမည်။

လူကြီးမင်းလီ သက်ပြင်းချနေစဉ် ဝမ်လင်း ခန့်မှန်းထားသည့် အတိုင်း ကျောင်းလုံခြုံရေး အုပ်စု ရောက်ရှိလာသည်။

သူတို့အုပ်စုက သစ်ပင်အောက် ရပ်နေသော အမျိုးသားနှင့် မြေကြီးပေါ် လဲလျောင်းနေသော ခန္ဓာကိုယ်ကို မြင်တွေ့ရသောအခါ အတော်ကလေး တုန်လှုပ်သွားသည်။

“ဒါ ဘယ်သူ့ လက်ချက်လဲ”

လီလူကြီးမင်းက လက်နှစ်ဖက် နောက်ပစ်ကာ ဟန်ပါပါဖြင့် သစ်ပင်အောက်မှ ထွက်လာခဲ့သည်။

“ငါ့လက်ချက်ပဲ”

“ခင်ဗျားက ခေါင်းဆောင်လီ မဟုတ်လား”

ကျောင်းလုံခြုံရေး အဖွဲ့က ချက်ချင်း တန်းစီလိုက်ပြီး ရိုသေစွာ ဂါဝရပြုလိုက်သည်။

“ရပါပြီ”

လူကြီးမင်းလီက ခေါင်းညိတ်လိုက်ပြီး မြေကြီးပေါ် လှဲလျောင်းနေသော ခန္ဓာကိုယ်ကို လက်ညိုးထိုးပြလိုက်သည်။

“စောနလေးတင် အရိပ်လုပ်ကြံသူကို ငါရှင်းပစ်လိုက်တယ်.. ငါ့ကို ကူညီတဲ့အနေနဲ့ သူ့ကို မြေမြှုပ်ပေးပါဦး”

အမိန့်ပေးပြီးနောက်တွင် လူကြီးမင်းလီက နောက်လှည့်မကြည့်တော့ဘဲ လှည့်ထွက်သွားခဲ့သည်။

ကျောင်းလုံခြုံရေးအဖွဲ့က ရှေ့တိုးပြီး အလောင်းကို အကဲခတ်လိုက်ရာ ဇောချွေးများ ပြန်သွားခဲ့၏။

ဤသေဆုံးခြင်းက ကြောက်ခမန်းလိလိ ဖြစ်နေသည်။

ခန္ဓာကိုယ်ထဲရှိ အရိုးအားလုံးက ကြေမွနေပြီး ခန္ဓာကိုယ်က ပုံပျက်ပန်းပျက် ဖြစ်နေသည်။

အပိုင်း(၁၉) ပြီး၏။

အပိုင်း(၂၀) ကျောင်းပရဝဏ်မှ နံပါတ်တစ် လျှို့ဝှက် လက်နက်

စွန်းရုံက ကာကွယ်မှုအောက်တွင် နေခဲ့ရသော နောက်ဆုံးအကြိမ်ကို အမှတ်ရမိသည်။

ယင်းက ချီစုဆောင်းခြင်း အလယ်တန်းကျောင်းတွင် သူမ တွေ့ကြုံခဲ့ရေသာ အဖြစ်အပျက် ဖြစ်၏။

ထိုစဉ်က သူမကို ပြန်ပေးဆွဲမည်ဟု ခြိမ်းခြောက်ခဲ့သော လူရမ်းကား အုပ်စု ရှိခဲ့ဖူးသည်။

အကျိုးဆက် အနေဖြင့် ဟွာကော အုပ်စုက ကျောင်းပတ်ဝန်းကျင် ဧရိယာ အတွင်း ရှိသမျှ လူရမ်းကားများကို ရှင်းလင်းရန်အတွက် အရည်အချင်း ရှိသော ကျင့်ကြံသူများကို ငှားရမ်းခဲ့ကာ လူဆိုးလူမိုက် အားလုံးကို မြို့ပြင်သို့ မောင်းထုတ်ပစ်ခဲ့သည်။

ဤအဖြစ်အပျက် ပြီးဆုံးပြီး နောက်ပိုင်းတွင် မြေအောက်အဖွဲ့အစည်းများက စွန်းရုံကို သွားမရှုပ်သင့်သော စာရင်းထဲ၌ ထည့်သွင်းခဲ့တော့သည်။

ထိုအချိန်မှစ၍ သခင်မလေးစွန်းရုံကို အမှုမဲ့အမှတ်မဲ့ ရန်စရဲသူ မရှိတော့ပေ။

ယခုပြဿနာကမူ ယခင်နှင့် အနည်းငယ် ကွာခြားမှု ရှိသည်။

လက်ရှိ ရင်ဆိုင်နေရသော အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက လမ်းပေါ်မှာ ကျင်လည် ကျက်စားနေသော လူရမ်းကားများထက် အဆင့်မြင့်သည်။

အရိပ်အဖွဲ့က လူသတ်ရာတွင် မျက်တောင်ပတ် မခတ်သော လုပ်ကြံသူ အုပ်စု ဖြစ်သောကြောင့် ကာကွယ်မှု ရယူရန် ကျောင်းနားထားလည်း ၎င်းတို့၏ လက်မှ လွတ်မြောက်ရန်မှာ မလွယ်ကူပေ။

ကျောင်းအုပ်ကြီးချန်းက ဤအချက်ကို စဉ်းစားမိ၍ ရှယ်ရာရှင်များ၏ အကြံပြုချက်ကို ငြင်းဆန်ခဲ့ခြင်း ဆိုလည်းမမှားပေ။

ဤတစ်ကြိမ်က အမှတ်၆၀ အထက်တန်းကျောင်း၏ အတင်းကျပ်ဆုံး လုံခြုံရေး အဖွဲ့အစည်းကို ပထမဆုံးအကြိမ် ဖွဲ့စည်းခြင်း ဖြစ်သည်။

ကျောင်းအပြင်ဘက်တွင်လည်း ဆရာများနှင့် လုံခြုံရေးများကို ဥယျာဉ်.. လူသွားစင်္ကြ့များနှင့် အိမ်သာများကိုပင် စောင့်ကြည့်ရန် စီစဉ်ထားခဲ့သည်။

စွန်းရုံ ရွေ့ပြောင်းနေထိုင်သော ဆရာရုံးခန်းသည် ပထမထပ်၏ အတွင်းဘက် အကျဆုံး အခန်း ဖြစ်၏။

ရုံးခန်းဘေးနားက ထွက်ပေါက်ကို အပြီးတိုင် ပိတ်ထားသည့် ကြီးမားသော အခန်းကြီးထဲတွင် စွန်းရုံ နှင့် ဝါရင့်ဆရာသမားဝမ်သာ ရှိနေသည်။

“မင်းကို ကြည့်ရတာ စိတ်ရှုပ်နေပုံပဲ.. စိတ်ပြေလက်ပျောက် ဖြစ်အောင် အဆာပြေ မုန့်စားမလား”

ဝါရင့်ဆရာသမား ဝမ်က အိမ်စာများကို အမှတ်ခြစ်နေစဉ် သူ့စားပွဲခုံ အံဆွဲကို ဆွဲဖွင့်လိုက်သည်။

အံဆွဲထဲတွင် မုန့်များကို သေချာ စီရီ၍ ထည့်ထား၏။

စွန်းရုံက အံဆွဲထဲကို လှမ်းကြည့်မိပြီး မှင်တက်သွားခဲ့သည်။

အံဆွဲထဲတွင် ရှိနေသော အဆာပြေမုန့်များသည် စူပါမားကတ်ထက်ပင် ပိုမို များပြားနေသည်။

စွန်းရုံက သက်ပြင်းချလိုက်ပြီး စိတ်မဝင်စားဟန်ဖြင့် ခေါင်းခါလိုက်သည်။

သူမက ပထမဆုံးအကြိမ် ယခုလို ရင်ဆိုင်ရခြင်း မဟုတ်သော်လည်း အကြောင်းရင်း တချို့ကြောင့် စိတ်တထင့်ထင့် ဖြစ်နေသည်။

ရှောင်မိသားစု ပန်းခြံတွင် ချိန်းဆိုခဲ့သော ဒိတ်ကြောင့် ဤလုပ်ကြံမှုက အစပျိုးခဲ့ခြင်း ဖြစ်သည်။

ရှောင်မိသားစုပန်းခြံ အကြောင်း စဉ်းစားမိသောအခါ တစ်စုံတစ်ရာကို မေ့လျော့နေသည်ဟု စွန်းရုံ ခံစားမိလိုက်သည်။

ဝမ်လင်း နှင့် သူမကို ကယ်တင်ပေးခဲ့သည့် လူထူးဆန်း သူရဲကောင်းကြီးက မည်သူနည်း။

သူမ မည်သို့မှ စဉ်းစား၍ မရခဲ့ပေ။

“စွန်းရုံလေး.. ဝမ်လင်းက မင်းအတွက် ကံကောင်းစေတဲ့ လာဘ်ကောင်လေးပဲ.. သူ့ကြောင့်ပဲ ဟိုတလောက လုပ်ကြံမှုကနေ လွတ်မြောက်ခဲ့တာ မဟုတ်လား”

ဝါရင့်ဆရာသမား ဝမ်က လူငယ်ဘဝကို ဖြတ်ကျော်လာ၍ စွန်းရုံ၏ ခံစားချက်ကို နားလည်နေသည်။

“မင်းတို့ချင်း ခံစားချက် နီးစပ်ချင်ရင် မင်းက သူ့အကြိုက်ကို လိုက်လျောပေးဖို့ လိုအပ်တယ်.. ဆရာပြောတာ နားလည်လား”

ထိုစကားကြောင့် စွန်းရုံ ချက်ချင်း ရှက်သွေးဖြာသွားသည်။

“ဒါပေမဲ့ သူ ဘာကြိုက်လဲမှ သမီး မသိတာ”

“ဟဲဟဲ.. မင်း မသိရင် ငါ့ကို မေးလို့ရတယ်လေ”

တဟဲဟဲ ရယ်သံဖြင့် ဝါရင့်ဆရာသမားက အံဆွဲထဲမှ ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်ကို ထုတ်လိုက်သည်။

“ခေါက်ဆွဲခြောက်လား”

ဝါရင့်ဆရာသမားဝမ်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်လေ.. ဒီခေါက်ဆွဲခြောက်က ကျောင်းသားဝမ်လင်းအသည်းစွဲပဲ.. ကျောင်းသားဝမ်လင်းက ဆရာ့ဆီကနေ ခေါက်ဆွဲခြောက် ခဏခဏ လာဝယ်လေ့ရှိတယ်”

ထိုစကားကိုကြားလျှင် စွန်းရုံက တွေးတွေးဆဆဖြင့် ခေါင်းညိတ်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

“ဆရာဝမ်က အဆာပြေမုန့်တွေ တကယ် ရောင်းတာလား”

ဝါရင့်ဆရာသမား ဝမ်က သက်ပြင်းချ၍ ပြန်ဖြေလိုက်သည်။

“ယနေ့ခေတ် ပညာရေးဌာနက ဆရာတွေကို ကျူရှင်သင်ခွင့် မပေးတော့ဘူးလေ.. ဒါကြောင့်မို့ အပိုဝင်ငွေရအောင် အဆာပြေမုန့် ရောင်းစားနေရတာပေါ့.. စာသင်တဲ့ လစာနဲ့ ထမင်းစားဖို့ မလောက်ငှဘူးလေ”

“……….”

စွန်းရုံက စားပွဲခုံပေါ်မှ ခေါက်ဆွဲခြောက်ထုပ်ကို ငေးစိုက်ကြည့်ရင်း အတွေးထဲ နစ်မြောနေမိသည်။

………..

စွန်းရုံ အတွေးရေယာဥ်ကြောထဲ နစ်မြောနေစဥ် လုပ်ကြံမှုလုပ်ငန်းစဉ်က တရားဝင် စတင်လာခဲ့သည်။

ကျောင်းမြေညီထပ်၏ ယောက်ျားလေး သန့်စင်ခန်း တစ်ခန်းထဲတွင် အရိပ်လုပ်ကြံသူ တစ်ယောက်က ကျောင်းလုံခြုံရေး တစ်ယောက်ကို သန့်စင်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့၏။

ထိုလူက လုံခြုံရေးကို သတိလစ်အောင် လုပ်ပြီး ယူနီဖောင်းများကို တစ်ခုမကျန်အောင် ချွတ်ပစ်ခဲ့သည်။

ထိုမှသာ သတိပြန်လည်လာခဲ့လျှင် တခြားသူကို အချိန်မီ သတင်းပေးခြင်းမှ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပါလား။

ထိုသူမှာ အရိပ်အဖွဲ့အစည်းမှ လုပ်ကြံသူ ညီနောင်သုံးဦး အနက် ဒုတိယအစ်ကို ရှဖန်း ဖြစ်သည်။

ရှဖန်းက နိုင်ငံတကာ အဆင့်မီ ထိပ်တန်း လုပ်ကြံသူ စာရင်းတွင် နံပါတ် ၁၆ချိတ်သူ ဖြစ်ပြီး ပေါ့တန်တန် သဘောထား၍ မရသည့် အရည်အချင်းရှိသူ တစ်ယောက်လည်း ဖြစ်၏။

သူက လုံခြုံရေး ယူနီဖောင်းကို မှန်အရှေ့မှာ ကျကျနန ဝတ်ဆင်လိုက်ပြီး သက်သေခံကတ်ထဲမှ ဓာတ်ပုံအတိုင်း ရုပ်ပြောင်းရုပ်လွှဲ လုပ်လိုက်သည်။

ထို့နောက် သန့်စင်ခန်း အပြင်ဘက်သို့ အေးဆေး တည်ငြိမ်စွာ လမ်းလျှောက် ထွက်လာခဲ့သည်။

အကြီးဆုံး အစ်ကိုကြီး ရှယင်း နှင့် တတိယညီငယ် ရှကျန်း၏ အခြေအနေကို သူမသိသေးပေ။

သူတို့ တာဝန် အချက်ပြမှုက အသက်ဝင်နေသေး၍ သံသယ မဝင်ခြင်းလည်း ဆိုလည်းမမှားပေ။

ထို့ကြောင့် သူ့ညီအစ်ကို နှစ်ယောက် ဒုက္ခမရောက်သေးဟု ထင်မှတ်နေခဲ့သည်။

ရှဖန်းက အတွေးများ မနေဘဲ ပစ်မှတ်၏ အချက်ပြမြေပုံအတိုင်း လမ်းလျှောက်လာခဲ့သည်။

ရှဖန်းက ဆရာ ရုံးခန်း သုံးခန်း ရှိသော နေရာဆီသို့ လျှောက်လာ၏။

ရုံးခန်း ၂ခန်းမှာ အစောထဲက ပိတ်ထားပြီသား ဖြစ်သည်။

အတွင်းဘက် အကျဆုံး အခန်းကမူ မီးအလင်းရောင် ရှိနေ၏။

လုပ်ကြံသတ်ဖြတ်ရမည့် ပစ်မှတ်က ဤနေရာတွင် ရှိနေသည်မှာ သေချာသလောက်ပင်။

ကာကွယ်မှုကို ကျောင်းအပြင်ဘက်တွင် တင်းကျပ်ထားသော်လည်း ပစ်မှတ် တည်ရှိသော စင်္ကြန်တွင်မူ လုံခြုံရေး တစ်ယောက်မျှ ရှိမနေခဲ့ပေ။

ရှဖန်း ခနဲ့လိုက်သည်။

အရည်အချင်း မရှိသော မြို့၏ လုံခြုံရေး နည်းဗျူဟာက အရိပ်လုပ်ကြံသူ အဖွဲ့ကို သက်ရောက်မှု ရှိမနေခဲ့ပေ။

အမှတ်၆၀ အထက်တန်းကျောင်းသို့ စိန်ခေါ်စာ မပို့ခင်ကတည်းက စွန်းရုံ၏ ခန္ဓာကိုယ်ပေါ်တွင် ခြေရာခံ ကိရိယာကို လျှို့ဝှက်စွာ တပ်ထားခဲ့သည်။

သို့မှသာ စွန်းရုံ ဘယ်နေရာ ရောက်ရောက် သူက သိရှိနိုင်မည် မဟုတ်ပါလား။

ရှဖန်းက သူ့လက်ကို ဘောင်းဘီ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ရုံးခန်း တံခါးပေါက် အနားသို့ လျှောက်သွားလိုက်သည်။

ရုံးခန်းရှေ့ကို ရောက်လျှင် သူက ပတ်ဝန်းကျင် အခြေအနေကို ဆန်းစစ်ရန် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်၍ စစ်ဆေးလိုက်သည်။

အခန်းထဲတွင် သူပစ်မှတ်ထားသူက အစားမက်သော ဝတုတ်တုတ် ဆရာတစ်ယောက်နှင့် အတူ ရှိနေ၏။

ဆိုရလျှင် ၆၀ အထက်တန်းကျောင်းက ဝတုတ်တုတ် ဆရာကို အစောင့်အရှောက် အနေဖြင့် တာဝန်ပေးထားပုံရသည်။

ယင်းမှာ သာမန် အထက်တန်းကျောင်းက ကမ္ဘာအဆင့်မီလုပ်ကြံသူအဖွဲ့၏ စိန်ခေါ်စာကို အထင်မြင်သေးလိုက်ခြင်းပင်။

“ကောင်းပြီလေ.. ဒါဆိုလည်း ငါ့အဆိုးမဆိုနဲ့တော့”

ရုံးခန်း တံခါးပေါက် အနားတွင် မတ်တတ်ရပ်နေသော ရှဖန်းက သက်ပြင်းချ၍ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

အရိပ်အဖွဲ့အစည်း၏ ပထမတန်းစား ဖဲပြားနီ လုပ်ကြံသူများကို အထင်သေးရဲသော လူတစ်စုကို တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းရပေမည်။

ရှဖန်းက ထိုအကြောင်းကို တွေးလိုက်ပြီး ရုံးခန်းတံခါးပေါက်ကို တွန်းဖွင့်လိုက်သည်။

အခန်းအတွင်း၌ ဝါရင့်ဆရာသမားဝမ်က ကျောက်သင်ပုန်းငယ်လေး အရှေ့တွင် စွန်းရုံနှင့် အတူတူ အချစ်အကြောင်းကို အပီအပြင် ဆွေးနွေးနေသည်။

ရုတ်တရက် ရှဖန်း၏ သတ်ဖြတ်လိုသောဆန္ဒကို ခံစားမိလိုက်၍ ဝါရင့်ဆရာသမား ဝမ်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။

နောက်ထပ် တစ်စက္ကန့်အတွင်း အလင်းရောင်နှင့် အတူ ဓားပျံတစ်စင်း သူတို့ဆီသို့ လွင့်ပျံလာသည်။

“ဆရာ သတိထားဦး”

ဖြစ်ပျက်သမျှ အရာအားလုံးက အလင်းကဲ့သို့ မြန်ဆန်သည်။

လုပ်ကြံသူက ဓားပျံကို ပစ်လွှတ်ရန် တစ်စက္ကန့်မျှပင် မကြာလိုက်ချေ။

စွန်းရုံက ဓားပျံ၏ ဓားလမ်းကြောင်းကို သူမ မျက်ဝန်းဖြင့် အမီ မလိုက်နိုင်ခဲ့ပေ။

သို့သော် သူမ အသိပြန်ဝင်လာချိန်တွင် အန္တရာယ်ရှိသော ဓားပျံက ဝါရင့်ဆရာသမားဝမ်၏ လက်ချောင်းများကြား ရောက်နေသည်ကို တွေ့လိုက်ရသည်။

“ရွှေအမြူတေ နှောင်းပိုင်းရဲ့ အထွတ်အထိပ် အဆင့်ပါလား.. အရိပ်လုပ်ကြံသူ အဖွဲ့ရဲ့ ဖဲပြားနီ အဆင့် အရတော့ မင်းက တကယ်ကို အရည်အချင်း ရှိပါပေတယ်”

ဝါရင့်ဆရာသမားဝမ်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ဓားပျံကို စားပွဲခုံပေါ်တွင် တင်လိုက်သည်။

သူ၏ လုပ်ကြံမှု အဟောသိကံ ဖြစ်သွား၍ ရှဖန်း အနည်းငယ် မှင်တက်သွားခဲ့သည်။

သူက ဓားပျံကို ပြိုင်ဘက်၏ အားနည်းချက် နေရာသို့အသေအချာ ချိန်ရွယ်၍ ပစ်လွှတ်လိုက်ခြင်း ဖြစ်၏။

သူ့ဓားပျံ၏ အမြန်နှုန်းက ကျည်ဆန်ထက် အနည်းငယ်လေးသာ နှေးကွေးသည်။

ထို့အပြင် သူ၏ဓားပျံမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်ရန် သေချာပြုပြင်ထားသော ဓားပျံ ဖြစ်၏။

ရုံးခန်းထဲ ဝင်ရောက်ပြီး ဓားပျံ ပစ်လွှတ်ခြင်း ဖြစ်စဥ်မှာ သုံးစက္ကန့်မျှပင် မကြာခဲ့ပေ။

အထူးတိုက်ခိုက်ရေး လေ့ကျင်မှုမျိုးကို မကြုံဖူးသော သာမန် အထက်တန်းကျောင်း ဆရာတစ်ဦးက သူ့ဓားပျံကို အတိအကျ ဖမ်းယူနိုင်ခဲ့သည်။

“ပညာရှင်ကြီး ခင်ဗျားက ဘယ်သူပါလဲ”

သူ့အရှေ့က လူ ပြသခဲ့သော နည်းစနစ်က ရင်းနှီးနေသည်ဟု ရှဖန်း ခံစားမိ၍ မေးခွန်းထုတ်လိုက်သည်။

“ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူးကွာ”

ဝါရင့်ဆရာသမားဝမ်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြန်​ဖြေလိုက်သည်။

တစ်ဖက်တွင်မူ စွန်းရုံက သူမ မျက်ဝန်းထဲမှ တုန်လှုပ်မှုကို မဖုံးကွယ်နိုင် ဖြစ်နေသည်။

သူမက အံ့သြလွန်း၍ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။

သူမ အရှေ့တွင် ရှိနေသော ဝါရင့်ဆရာသမား ဝမ်က စာသင်ချိန်တွင် ဖော်ရွေသော မျက်နှာအမူအရာ ရှိသည့် ဆရာ ဖြစ်၏။

သို့သော် ယခုအခါတွင် ဆရာသမားဝမ်၏ အရှိန်အဝါက ယခင်နှင့် ခြားနားသွားပြီ ဖြစ်သည်။

ရှဖန်း၏ မျက်နှာက မှောင်မိုက်သွားခဲ့သည်။

ဤကျောင်းဆရာက သူ့ဓားပျံကို ဖမ်းနိုင်၍ သူနှင့် တူညီသော ခွန်အား ရှိနိုင်သည်ဟု တွေးမိလိုက်သည်။

သာမန် အထက်တန်းကျောင်းထဲတွင် ယခုလို ကျွမ်းကျင် ပညာရှင် ရှိနေခြင်းက သူ့အတွက် အခြေအနေ မဟန်ပေ။

သို့သော် ယခုအချိန်မှ ဤအချက်ကို စိတ်အနှောင့်အယှက် ဖြစ်နေရန်မှာ သင့်လျော်သော အပြုအမူ မဟုတ်ဟု တွေးမိလိုက်၏။

ဤနေရာတွင် ကြာကြာနေရန် မသင့်လျော်မှန်း ရှဖန်း သိလိုက်သည်။

အဓိကပစ်မှတ် ဖြစ်သည့် စွန်းရုံကို ရှင်းထုတ်နိုင်ခဲ့လျှင် သူ့တာဝန် အောင်မြင်သည်ဟု ယူဆနိုင်သည် မဟုတ်ပါလား။

သူ့လက်ကို တစ်ချက် ခါရမ်းလိုက်ရုံဖြင့် သူ့လက်ထဲတွင် သေနတ် တစ်လက် ပေါ်လာသည်။

သူက တုံ့ဆိုင်းခြင်း မရှိဘဲ စွန်းရုံကို ချိန်း၍ ပစ်လိုက်ရာ ဝိညာဉ်ကျည်ဆန်က ရှေ့သို့ ကန်ထွက်သွားတော့သည်။

“သေစမ်း”

ဝိညာဉ်ကျည်ဆန်၏ အမြန်နှုန်းက ဓားပျံထက် ဆယ်ဆ မြန်ဆန်သည်။

ဤကျောင်းဆရာက ကျည်ဆန်ကို လက်ဗလာဖြင့် ဖမ်းနိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။

ဝါရင့်ဆရာသမားဝမ်က ခပ်တန်းတန်း မျက်နှာထားမျိုးဖြင့် ရှဖန်းကို ဖျတ်ခနဲ ကြည့်လိုက်သည်။

ဆရာဝမ်က ကျောက်ဆောင် ကျောက်ခဲ ကဲ့သို့ မလှုပ်မယှက် ထိုင်နေသော်လည်း မျက်နှာက အတော်လေး တည်ငြိမ်နေသည်။

ဆရာဝမ်ထံတွင် တုန်လှုပ်သော အမူအရာကို တစိုးတစိမှ မမြင်တွေ့ရပေ။

ယင်းအချိန်တွင် ဆရာဝမ်က သူ့လက်ချောင်းများကို အေးအေးဆေးဆေး ဆန့်ထုတ်လိုက်သည်။

ဆရာဝမ်၏ လှုပ်ရှားမှုက နှေးကွေးလွန်း၍ စွန်းရုံပင် မြင်တွေ့နိုင်သည်။

ဆရာဝမ်က လက်ချောင်းနှစ်ချောင်းကို အသုံးပြုပြီး ကျည်ဆန်ကို ညှပ်ဖမ်းလိုက်သည်။

ဤဖြစ်စဥ်ကြောင့် ရုံးခန်း ပတ်ဝန်းကျင်က အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

စွန်းရုံက ဘာစကားမှ မပြောနိုင်သည်အထိ တုန်လှုပ်နေ၏။

“………”

ရှဖန်းက နောက်ထပ် တစ်ကြိမ် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားသည်။

“ချီးပဲ ဒီကျောင်းဆရာက ဘယ်သူများလဲ”

“ဒီနှစ်တွေမှာ အရိပ်လုပ်ကြံသူတွေရဲ့ အင်အား ယုတ်လျော့လာပုံပဲ.. လေ့ကျင့်မှုတွေက ပိုပိုပြီး ဖြစ်ကတတ်ဆန်း နိုင်လာပုံရတယ်”

မျက်နှာအမူအရာ သုန်မှုန်နေသည့် ဝါရင့်ဆရာသမားဝမ်က တိတ်တဆိတ် သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

ဆရာဝမ်၏ စကားပြောနေသော အမူအရာကြောင့် ရှဖန်း မှင်တက်သွားသည်။

ဤအမူအရာ…အပြောအဆို နှင့် ဖြုံလောက်သော ခွန်အားကြောင့် ရှဖန်းက လူတစ်ယောက်အကြောင်း ချက်ချင်း တွေးမိသွားသည်။

နောက်တစ်စက္ကန့် အတွင်း ရှဖန်း ဇောချွေးများ ပြန်လာ၏။

ဤလူက သူ ရန်စနိုင်သူ မဟုတ်ပေ။

“စီနီယာကြီး.. ခင်ဗျားကို ရန်ရှာမိလို့ တောင်းပန်ပါတယ်”

ရှဖန်း ချက်ချင်း ဦးညွှတ်လိုက်ပြီး ဆုတ်ခွာရန် အသင့်ပြင်လိုက်သည်။

“မင်းစိတ်ကြိုက် လာချင်တိုင်းလာ ပြန်ချင်တိုင်း ပြန်လို့ရမယ် ထင်နေလား”

ဝါရင့်ဆရာသမား ဝမ်က ရှဖန်းကို ကြိမ်းမောင်းလိုက်ပြီး ကျောက်သင်ပုန်း အနားမှ မြေဖြူခဲကို ကောက်ယူလိုက်သည်။

“မင်းက ငါ့ကျောင်းသားကို တိုက်ခိုက်ရဲမှတော့ တန်ရာတန်ကြေး ပြန်ပေးဆပ်သင့်တယ်”

ထိုစကားကြောင့် ရှဖန်း၏ ပင်ကိုစိတ်က အန္တရာယ်ကို ခံစားမိလိုက်သည်။

“စီနီယာက ကျတော့်ကို ဘာလုပ်ချင်လို့လဲ”

“ဘာမှ မလုပ်ပါဘူးကွာ”

ဝါရင့်ဆရာသမားက ခပ်ယဲ့ယဲ့လေး ပြုံး၍ ပြောလိုက်သည်။

“မင်းကို သင်ခန်းစာ ပေးသင့်တယ်လို့ တွေးမိရုံပါပဲ”

“ဝှစ်”

စကား အဆုံးသတ်သည်နှင့် တောက်ပသော ဝိညာဥ် အလင်းတန်းက ဆရာသမားဝမ်၏ လက်ချောင်းထိပ်မှ ထွက်ပေါ်လာသည်။

ဝိညာဉ်စွမ်းအားက ကျည်ဆန်ထက် ပို၍ မြန်ဆန်စွာ လေထုကို ထိုးဖောက်သွားခဲ့သည်။

ရှဖန်း တန်ပြန် တိုက်ခိုက်ချိန်ပင် မရလိုက်ပေ။

သူ့မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားခဲ့သည်။

“အိုး မြန်လိုက်တဲ့အရှိန်အဟုန်”

သူ့စကားသံက တစ်ဝက်တစ်ပျက် ပြတ်တောက်သွားခဲ့သည်။

ရှဖန်းက မယုံကြည်နိုင်သော အမူအရာဖြင့် ခေါင်းငုံ့၍ ကြည့်လိုက်ရာ မြေဖြူခဲ အပိုင်းအစက သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားသော မြင်ကွင်းအား ထိတ်လန့်ဖွယ် တွေ့လိုက်ရ၏။

အပိုင်း(၂၀) ပြီး၏။

အပ်ိုင်း(၂၁) ခွေးကလေးထွင်ထျန်းဟာ

မြေဖြူခဲအပိုင်းအစလေးက ကျောင်းပရဝုဏ်ထဲရှိ နံပါတ်တစ် လျှို့ဝှက် လက်နက် ဖြစ်နေ၏။

ယနေ့တွင် စွန်းရုံ အတော်လေး အမြင်ကျယ်သွားသည်။

လက်နက်၏ အရည်အသွေး ရှိ၊ မရှိသည် ရန်သူကို မည်မျှ ထိခိုက်စေသည့် အချက် နှင့် အသုံးပြုသူ၏ ခွန်အားပေါ်တွင်သာ မူတည်သည်။

အရိပ်လုပ်ကြံသူ၏ ဓားပျံ (ဝါ) အထူးစီရင်ထားသော ဝိညာဉ်ကျည်ဆန်တို့က လူ့ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်နိုင်၏။

သို့သော် မြေဖြူခဲ အပိုင်းအစလေးတွင်လည်း ကြောက်ခမန်းလိလိ စွမ်းအားမျိုး ရှိလိမ့်မည်ဟု ရှဖန်း မတွေးမိခဲ့ပေ။

ဆရာဝမ်က ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး ရှဖန်း၏ ခန္ဓာကိုယ်ကို ဖက်ထုပ်ကြော်ကဲ့သို့ လှန်လိုက်ကာ ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်သည်။

“အွန်း မဆိုးဘူးပဲ.. မြေဖြူခဲက ရှဖန်း နှလုံးသားရဲ့ ညာဘက်ထောင့်စွန်းကို ထိသွားလို့ ဒီကောင် ပွဲချင်းပြီး သေသွားတာပဲ.. ဒါပေမဲ့ သွေးတွေ အများကြီး ထွက်နေတာကတော့ ကြည့်ရ အဆင်မပြေဘူး”

ထို့နောက် ဆရာဝမ်က ခါးကိုင်းလိုက်ပြီး ရှဖန်၏ မေးဖျားကို ညှစ်ကာ ပါးစပ်ကို အတင်းဟ၍ အံသွားကို ဆွဲနုတ်လိုက်၏။

အံသွားက အစိမ်းပုတ်ရောင် ပြောင်းလဲသွားသည့် အကြောင်းအရင်းကို စွန်းရုံ သဘောပေါက်သွားသည်။

ဝါရင့်ဆရာသမားဝမ်က ခေါင်းလှည့်လာပြီး မျက်လုံးများ မှေးကျဉ်းသည်အထိ စွန်းရုံကို ပြုံးပြလိုက်သည်။

“မင်းကို ကြောက်လန့်သွားစေလား”

စင်စစ် သူမက ကြောက်လန့်ခြင်း မဟုတ်ဘဲ ထိုထက်ပို၍ တုန်လှုပ်နေခြင်းသာ ဖြစ်သည်။

သူမတို့ကို သမိုင်းဘာသာရပ် သီအိုရီကို သင်ကြားပေးသော ဆရာဝမ်က အမြဲတမ်း ရယ်မောနေတတ်ပြီး ကျောင်းသားများကို ချစ်ခင် အလိုလိုက်လေ့ ရှိသည်။

သို့တိုင် ဆရာဝမ်က ရန်သူကို တိုက်ခိုက်သောအခါတွင် ထောက်ထား ညှာတာမှု ကင်းမဲ့စွာဖြင့် ဇီဝိန်ခြွေတတ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ပထမတန်းစာ ဖဲပြားနီ လုပ်ကြံသူပင် ဆရာဝမ်ကို တန်ပြန်တိုက်ခိုက်နိုင်သော အခွင့်အရေး မရခဲ့ပေ။

“ဆရာဝမ်.. အဲဒါက ဘာလဲ”

စွန်းရုံက ဝါရင့်ဆရာသမား ဝမ်၏ လက်ထဲမှ အံသွားကို ငေးကြည့်ရင်း မေးလိုက်သည်။

“ဒါက အရိပ်လုပ်ကြံသူတွေ နောက်ဆုံး ချန်ခဲ့တတ်တဲ့ ပစ္စည်းပဲ.. အဲဒီအံသွားမှာ အဆိပ်နဲ့ အလောင်းကောင် အမှုန့်တွေ ပါဝင်နေတဲ့ အဆိပ်ထုပ်ကို မြုပ်ထားတယ်.. တာဝန် ကျရှုံးတော့မယ်လို့ ခံစားရတာနဲ့ သူတို့တွေက အံသွားထဲမှာ မြှုပ်ထားတဲ့ အဆိပ်ထုပ်ကို ကိုက်ချလိုက်တာပဲ”

ဝါရင့်ဆရာသမား ဝမ်က ရှင်းပြလိုက်၏။

ထိုအခါမှ စွန်းရုံက နားလည် သဘောပေါက်သွားတော့သည်။

အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက သူတို့၏ အံ့ဩဖွယ် ဂုဏ်သတင်းကြောင့် နိုင်ငံတကာတွင် ကျော်ကြား၏။

၎င်းတို့က ငှားရမ်းသူ အပေါ် သစ္စာဖောက်လေ့ မရှိသလို သက်သေချန်ခဲ့လေ့လည်း မရှိပေ။

အရိပ်လုပ်ကြံသူအဖွဲ့၏ ကျရှုံးသော တာဝန်များကို နိုင်ငံတကာ မှတ်တမ်းတွင် မှတ်တမ်း တင်ထားသော်လည်း လုပ်ကြံသူတို့၏ ရုပ်အလောင်းကိုမူ မတွေ့ရတတ်ပေ။

ထိုသို့ ဖြစ်ရသည့် အဓိကသော့ချက်မှာ သူတို့၏ အံသွားထဲတွင် မြုပ်ထားသော အဆိပ်နှင့် အလောင်းကောင် အမှုန့် တို့ကြောင့် ဖြစ်သည်။

လုပ်ကြံသူများက ငှားရမ်းသူကို သစ္စာမဖောက်ဟု အမြဲတမ်း အာမခံ၍ မရနိုင်ပေ။

လုပ်ကြံသူတို့၏ ရုပ်အလောင်း ကျန်ခဲ့လျှင်လည်း အစိုးရ အဖွဲ့အစည်းများက အရိပ်အဖွဲ့ကို ထောက်လှမ်းမိနိုင်သည်။

ထို့ကြောင့် အရိပ်လုပ်ကြံသူအဖွဲ့အစည်းက အဆိပ်အိတ်ကို အံသွားထဲ ထည့်ပေးထားခြင်း ဖြစ်သည်။

သို့မှသာ သူတို့ ရင်ဆိုင်ရနိုင်သော အခက်အခဲများကို ကျော်လွှားနိုင်လိမ့်မည် မဟုတ်ပါလား။

ဝါရင့်ဆရာသမား ဝမ်၏ လက်ထဲမှ အံသွားကို ငေးစိုက်ကြည့်ရင်း စွန်းရုံက နောက်တစ်ကြိမ် အံ့အားသင့်နေရပြန်သည်။

ပထမတန်းစား ဖဲပြားနီ လုပ်ကြံသူက သေဆုံးရတော့မည်ကို သဘောပေါက်သော်လည်း ဆရာဝမ်၏ မြေဖြူခဲက သူ့ကို အပိုင်နှိပ်ကွပ် စေနိုင်မည်ဟု မထင်ခဲ့လောက်ချေ။

ယခုတော့ ရှဖန်း၏ ရုပ်အလောင်းသာ သက်သေအနေဖြင့် ကျန်ရစ်ခဲ့သည်။

အရိပ််လုပ်ကြံသူ အဖွဲ့အစည်း၏ ကျရှုံးခြင်းက ခြေရာခံနိုင်သော သက်သေများကို ကျန်ရစ်စေခဲ့သည်။

အရိပ်လုပ်ကြံသူ၏ အလောင်းက ဟွားရှို့နိုင်ငံ၏ အကြမ်းဖက်မှုကို နှိမ်နင်းသော အဖွဲ့အစည်းအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်။

ဝါရင့်ဆရာသမားက မည်သို့သော လူစားမျိုးနည်း။

စွန်းရုံက ဖော်ရွေဖွယ်ကောင်းသော ဝတုတ်တုတ် လူကြီးကို ပါးစပ် အဟောင်းသားဖြင့် ငေးစိုက်ကြည့်နေမိသည်။

ကျောင်းအုပ်ကြီးချန်းက သူမနှင့် အတူ ဆရာဝမ်ကို ထားခဲ့ရသည့် အကြောင်းရင်းကိုလည်း နားလည်သွားခဲ့သည်။

ဆရာဝမ်၏ ခွန်းအားကြောင့် ထောက်ချောက်ထဲ ရောက်လာသည့် လုပ်ကြံသူတိုင်းက အသက် သေဆုံးရလိမ့်မည်သာ။

“မတိုက်ခိုက်ရတာ ကြာပြီ ဆိုတော့ ငါ့ရဲ့အရည်အသွေးတွေလည်း ဆုတ်ယုတ်လာခဲ့ပြီ.. သွေးကွက်တွေတောင် ကြမ်းပြင်ပေါ် စွန်းထင်း သွားရတယ်”

ကြမ်းပြင်ပေါ်ပြန့်ကြဲနေသော သွေးကွက်ကြီးကို ကြည့်ရင်းဆရာဝမ်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

“ငါ့လက်သာ အခုထက် နည်းနည်း ပိုမြန်ခဲ့ရင် ဒီလို သွေးထွက်စရာ အကြောင်း မရှိဘူး”

ထိုစကားကြောင့် စွန်းရုံ မှင်တက်သွားခဲ့သည်။

“အညစ်အကြေး သန့်စင်ခြင်း တာအိုအဆောင် ”

ဝါရင့်ဆရာသမား ဝမ်က အဝါရောင် အစီအရင် စာရွက်ကို ထုတ်ယူကာ အသုံးပြုလိုက်သည်။

ဤအစီအရင် စာရွက်က သန့်စင်ခြင်း အစွမ်းရှိပြီး ချေးချွတ်ဆေးများထက်ပင် ပိုစွမ်းကြောင့် စွန်းရုံ သိနေသည်။

အစွန်းအထင်းများကို ၉၉၉ ရာခိုင်နှုန်းခန့် ရှင်းလင်းပေးနိုင်၏။

ဝိညာဉ်အလင်းတန်း ဖျတ်ခနဲ လင်းလက်သွားပြီးနောက် ကြမ်းပြင်ပေါ်မှ သွေးကွက်များ ချက်ချင်း ရှင်းလင်းသည်။

ဆရာဝမ်က နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။

“ဒီတာအို အစီအရင်စာရွက်က သောက်ရမ်း ဈေးကြီးလွန်းတယ်.. ကုန်ကျစရိတ် ပြန်ပေးဖို့ ကျောင်းအုပ်ကြီးချန်းကို ပြောရဦးမယ်”

စွန်းရုံ”………”

“ဒီနေ့ ဖြစ်ရပ်ကို လျှို့ဝှက်ထားပေးဖို့ မျှော်လင့်ပါတယ်”

ဝါရင့်ဆရာသမားဝမ်က ပြုံးလိုက်ပြီး အံဆွဲထဲမှ ပေါင်မုန့်ခြောက် တစ်ထုပ်ကို ယူကာ စွန်းရုံ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

“အခုချိန်မှာ ဆရာက မင်းအရင်က သိထားတဲ့အတိုင်း ချစ်စရာကောင်းတဲ့ ဝတုတ်တုတ် ဆရာပါပဲ”

“……..”

စွန်းရုံက ပြန်မဖြေ၍ ဆရာဝမ်က သူ့အိတ်ကပ်ထဲမှ မုန့်တစ်ထုပ်ကို အင်တင်တင်ဖြင့် ထုတ်ပေးလိုက်သည်။

“ကျောင်းသူစွန်းရုံ.. ဒါက နောက်ဆုံးထုတ် အရသာသစ်ပါ”

စွန်းရုံ”……….”

——————-

အမှတ်၆၀ အထက်တန်းကျောင်း၏ အခြေအနေက အရေးပေါ် အခြေအနေ ဖြစ်ရာ ကျောင်းသားများကို ကျောင်း၏ ကာကွယ်မှု အောက်တွင်သာ ထားရှိသည်။

ကျောင်း၏ အသေးစား ပန်းခြံထဲ လှဲလျောင်းနေသော ထွင်ထျန်းဟာ ထံတွင် မကောင်းဆိုးဝါး ဘုရင်၏ ဝိညာဉ် ရှိနေသေးသည်။

ထို့ကြောင့် သူက လေထုထဲမှ ပြင်းထန်သော လူသတ်ငွေ့ကို အာရုံခံမိလိုက်သည်။

နေရောင်ခြည်အောက်တွင် လဲလျောင်းနေရသော်လည်း သူ လုံးဝ အိပ်မပျော်ခဲ့ပေ။

သေးငယ်သော ဥယျာဉ်လေးသည် စာသင်ဆောင်၏ အနောက်ဘက်တွင် ရှိပြီး လုံခြုံရေး ကင်မရာများ မရှိသော နေရာလည်း ဖြစ်သည်။

ထို့ကြောင့်လည်း ကျောင်းသား အများစု အနမ်းဖလှယ်သော နယ်မြေငယ်လေး ဖြစ်ခဲ့ဖူးသည်။

ထွင်ထျန်းဟာက ခွေးသဘာဝ မိတ်လိုက်ခြင်းကို မနှစ်သက်ပေ။

သူ့ခန္ဓာကိုယ်ထဲ ကောင်းကင်ဝါးမျို ဖားပြုပ်ကြီး၏ ဝိညာဉ်ရှိနေ၍ ဤအချင်းအရာကို စိတ်မဝင်စားခြင်းလည်း ဖြစ်၏။

သူက ယနေ့အချိန်အထိ သူ့ဆန္ဒကို ထိန်းသိမ်းထားသည်။

ထိုသို့ မဟုတ်လျှင် ကြက်တူရွေးလေး ဒိုပီ၏ သခင် ကော်ဟောက်က သူတို့မိသားစုပိုင် တိရိစ္ဆာန် ဆေးရုံသို့ ခေါ်ဆောင်သွားပြီး သူ့ကို အတင်းအကျပ် မျိုးတုံးပစ်လိမ့်မည် မဟုတ်ပါလား။

ထွင်ထျန်းဟာက ပျင်းရိစွာ သမ်းဝေးလိုက်ရင်း အနီးအနားရှိ ရေဆိုးမြောင်းထဲမှ တရှဲရှဲ မည်သံကို ရုတ်တရက် ကြားလိုက်ရ၏။

ထွင်ထျန်းဟာ တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။

ယခုအချိန်တွင် အမှတ်၆၀ အထက်တန်းကျောင်းကို အတွင်း နှင့် အပြင် ကာကွယ်ပေးထား၍ မြေအောက် ရေဆိုးမြောင်းမှသာ ကျောင်းထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။

ထို့ကြောင့် လုံခြုံရေး မချထားသော ဥယျာဉ်လေးမှ တဆင့် စာသင်ဆောင်သို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရန် တစ်စုံတစ်ဦးက ကြံရွယ်နေပုံရသည်။

သို့သော် ယင်ကောင် တစ်ကောင်ပင် လွတ်မြောက်နိုင်မည် မဟုတ်သည့် ထွင်ထျန်းဟာ၏ ဝိညာဥ်ခံစားမှုကို မလွန်မြောက်နိုင်ခဲ့ပေ။

သူ့ဝိညာဉ်စွမ်းအားကို ဤခန္ဓာကိုယ်တွင် ချုပ်နှောင်ထားသော်လည်း အဆင့်ငါး မကောင်းဆိုးဝါး ဘုရင် ဖြစ်ခဲ့ဖူး၍ သေးနုပ်သော ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ အနိုင်ကျင့်ခြင်းကို မခံနိုင်ပေ။

အရင်တစ်ခေါက်က ဝမ်လင်းကြောင့်သာ အတန်းထဲတွင် မတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤတစ်ခေါက်ကမူ…..

ထွင်ထျန်းဟာ စိတ်ထဲ လှောင်ရယ်လိုက်သည်။

သူ ပျင်းရိနေချိန် တစ်စုံတစ်ယောက်က သူ့ကို ဖျော်ဖြေရန် ရောက်လာပုံရသည်။

သူ့နောက်ဆုံး တိုက်ပွဲမှာ လွန်ခဲ့သော ၆နှစ်ခန့်က ဖြစ်သည်။

သူက အမြီးကို ခါရမ်းလိုက်ပြီး ထရပ်လိုက်ကာ အသင့်အနေထားဖြင့် မာန်ဖီလိုက်သည်။

“ဒီကမ္ဘာမြေကို ရောက်ရောက်ချင်းမှာ ကလေးဆိုးလေး တစ်ယောက် သတ်ဖြတ်တာကို ခံရပြီး ငါ့ရဲ့ ရှေးဟောင်းဝိညာဉ်ထိန်းသိမ်းခံခဲ့ရတယ်.. ခြောက်နှစ်ကျော်လောက် ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ငါ့ရဲ့ ငွေရောင်ဝိညာဉ် အပိုင်းအစ လွတ်ထွက်လာရုံပဲ ရှိသေးတယ်.. စိတ်ပျက်ဖွယ်ကောင်းတဲ့ ပေါင်းစည်းမှုကြောင့် ခွေးဘဝ ရောက်ခဲ့ရတယ်.. ကြက်တူရွေးသခင်ကလည်း ငါ့ကို တစ်နေ့လုံး စိတ်အနှောင့်အယှက်ပေးတယ်.. အတန်းထဲက ကျောင်းသားအားလုံးက သူတို့ ပျင်းရိတိုင်း ငါ့ပါးကို အားရပါးရ ညှစ်တာတောင် ဝမ်လင်းကြောင့် ပြန်မချရဲခဲ့ဘူး.. ငါ့ရဲ့အတိတ်က ကျော်ကြားမှုတွေကလည်း အခုချိန်မှာ ဘာမှ မရှိတော့ဘူး.. အခုတော့ ငါ့ဘဝက သေးနုပ်တဲ့ ကျောင်းလေး တစ်ကျောင်းရဲ့ အစောင့်ခွေး ဖြစ်နေရပြီ”

“ဒါပေမဲ့ မင်းလို ကောင်စုတ်ကိုတော့ မသတ်နိုင်စရာ အကြောင်းမရှိပါဘူးလေ”

ထိုအခိုက်အတန့်တွင် မြေအောက်ရေဆိုးမြောင်း အဖုံး ပွင့်လာပြီး ခေါင်းတစ်လုံး ထွက်ပေါ်လာသည်။

ထိုလူက အဖုံးဖွင့်ဖွင့်ချင်းမှာပင် ပြင်းထန်သော အရှိန်အဝါ တစ်ခုကို ခံစားမိလိုက်သည်။

သူက မျက်ဝန်းများကို ချက်ချင်း မှေးစဉ်းလိုက်ပြီး ဝိညာဉ်အာရုံများကို ခိုးကြောင်ခိုးဝှက် ထုတ်ကာ စစ်ဆေးလိုက်သည်။

ပြင်းထန်စွာ ထွက်ပေါ်နေသော အရှိန်အဝါက အားပြင်းလိုက် အားပျော့လိုက် ဖြစ်ကာ ဂဏာမငြိမ် ဖြစ်နေသည်။

သူက ပစ်မှတ်၏ တည်နေရာကို အတည်ပြုရန် အချိန်အတော် ယူခဲ့ရသည်။

ထို့နောက်တွင် တုန်လှုပ်ဖွယ် မြင်ကွင်းကို တွေ့လိုက်ရ၏။

ပြင်းထန်သော အရှိန်အဝါ ထွက်ပေါ်လာသည်က ခွေးတစ်ကောင်ထံမှ ဖြစ်နေသည်။

ထိုခွေးက နေရောင်အောက်တွင် ရပ်နေပြီး သူ့ကို ခက်ထန်သော အမူအရာဖြင့် မကျေမချမ်း စိုက်ကြည့်နေသည်။

အပိုင်း(၂၁) ပြီး၏။

အပိုင်း(၂၂) ခွေးကလေး ထွင်ထျန်းဟာက မူမမှန်ဘူး

“ခွေးတစ်ကောင်ပါလား”

ထိုခွေးကလေးက အစိမ်းရောင် အမွေးနှင့် ထူးဆန်းသော ခွေးတစ်ကောင် ဖြစ်၏။

ရှကျန်းက တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့အရှေ့က ခွေးမျိုးစိတ်ကို မှတ်မိသွားသည်။

သူ့ရှေ့မှ အမွေးပွခွေးမှာ ဝိညာဥ်အာရုံ ရနေသဖြင့်ရှဖန်းကထူးဆန်းသော ခံစားချက်ကို ရရှိနေသည်။

အမွေးပွခွေးက သာမန် ဝိညာဉ်ခွေးနှင့် မတူညီပေ။

ဤခွေးက မျိုးကောင်းမျိုးသန့် မဖြစ်နိုင်ဟု ရှကျန်း ချက်ချင်း ယူဆလိုက်၏။

ခွေးမှာ အစိမ်းရောင် အမွေးများ ရှိနေ၍ သာမန်ခွေးတော့ မဖြစ်တန်ရာ။

သူ့အရှေ့က ခွေးကို ငေးစိုက်ကြည့်လိုက်ပြီး ရှကျန်းက သူ့ဆံမြိတ်ကို ဘေးဘက်သို့ ခါထုတ်လိုက်သည်။

ရှကျန်းက လုပ်ကြံသူ ညီနောင်သုံးဦးတွင် အငယ်ဆုံး ဖြစ်ပြီး နိုင်ငံတကာ လုပ်ကြံသူ စာရင်းတွင် အဆင့် ၁၇ ဖြစ်သောကြောင့် ထူးဆန်းသော ခွေးတစ်ကောင်အတွက်ဖြင့် စိတ်အနှောင့်အယှက် ဖြစ်မနေခဲ့ပေ။

ဤခွေးက ထူးဆန်းသော ခွေးအဆင့်မျှလောက်သာ ဖြစ်နိုင်ပေသည်။

မည်မျှ သန်မာနိုင်မည်နည်း။

သူ အနည်းငယ် ခြိမ်းခြောက်လိုက်ရုံဖြင့် ခွေးက ကြောက်လန့်၍ အမြီးတန်းကာ ထွက်ပြေးသွားနိုင်လောက်၏။

ရှကျန်းက ဝိညာဉ်ဖိအားကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။

သာမန်မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားက ခွေးကလေး ထွင်ထျန်းဟာကို တိုက်ခိုက်ရန် ကောင်းကင်ယံမှ သက်ဆင်းလာသည်။

ယင်းအချိန်မှာပင် ရှကျန်းက သူမမျှော်လင့်ထားသော ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့လိုက်ရသည်။

ပုံမှန် အခြေအနေ ဆိုလျှင် သူ့စွမ်းအားက အသက်ရှင်နေသော ဝက်ကိုပင် ဝက်သားလွှာ အသွင်သို့ ပြောင်းလဲပေးနိုင်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏ စွမ်းအားက ခွေးအပေါ် သက်ရောက်မှု လုံးဝ ရှိမနေခဲ့ချေ။

ထိုထက် အံ့သြဖို့ကောင်းသည်မှာ ခွေးက ကြောက်လန့်ရမည့်အစား သူ့ကို ပြန်လည် မာန်ဖီနေခြင်းပင်။

ခွေးကလေး ထွင်ထျန်းဟာက သူ့စွမ်းအားဖြင့် တန်ပြန် တိုက်ခိုက်လိုက်ရာ ရှကျန်းက လျင်မြန်စွာ တုံ့ပြန်လိုက်၏။

ဥယျာဉ်ထဲ အစိမ်းရောင်ခွေး ရောက်နေခြင်းက တိုက်ဆိုင်ခြင်း မဖြစ်နိုင်ပေ။

ဥယျာဉ်ကို စောင့်ကြည့်ရန်အတွက် အစောင့်ခွေး အနေဖြင့် ထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

၆၀ အထက်တန်းကျောင်းက ဥယျာဉ်ကို ကာကွယ်စောင့်ရှောက်ရန် ထူးဆန်းသော ခွေးဝိညာဉ်ကို ထားခဲ့လေသလော။

ယင်းသို့သာဆိုလျှင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းကို အထင်သေးလွန်းသည်ဟု ရှကျန်း ခံစားမိသည်။

သာမန် အထက်တန်းကျောင်းလေးက ကမ္ဘာထိပ်တန်း လုပ်ကြံသူ အဖွဲ့အစည်း၏ စိန်ခေါ်မှုကို ရိုးစင်းသော နည်းလမ်း ဖြစ်သည့် ခွေးကို အစောင့်အဖြစ် ချထားသော နည်းလမ်းဖြင့် တုံ့ပြန်နေပါသလော။

“ကောင်းပြီလေ”

မထင်မှတ်ဘဲ ခွေးနှင့် ရင်ဆိုင်နေရ၍ ရှကျန်း လေးပင်စွာ သက်ပြင်းချလိုက်မိသည်။

ပထမတန်းစား ဖဲပြားနီလုပ်ကြံသူ တစ်ယောက် အနေဖြင့် သူတို့ လုပ်ကြံသူ အဖွဲ့အစည်းကို အထင်သေးသူများအား တန်ရာတန်ကြေး ပြန်လည် ပေးဆပ်ခိုင်းရပေမည်။

နောက်ထပ် တစ်စက္ကန့်အတွင်းမှာပင် အလင်းတန်းတစ်ခုက လေထဲတွင် လင်းလက်လာသည်။

ယင်းက ဓားပျံတစ်လက် ဖြစ်သည်။

သာမန်လူ အတွက်မူ ဤဓားပျံ၏ အမြန်နှုန်းက အလင်းကဲ့သို့ လျင်မြန်နေပေလိမ့်မည်။

သို့သော် ထွင်ထျန်းဟာ၏ အမြင်တွင်မူ ဓားပျံ၏ အရှိန်အဟုန်က နှေးကွေးလွန်းနေသည်။

သူ ခွေးဘဝ မရောက်ခင်က ကမ္ဘာခြားဂိတ်မှ ယင်ကောင်များသည်ပင် ဤဓားပျံထက် ပို၍ မြန်ဆန်နေ၏။

သူက လက်ရှိအချိန်တွင် ခွေးဝိညာဉ်ဘဝ ရောက်နေသော်လည်း ပြီးပြည့်စုံပြီး အမြင်ကျယ်သော ဖားပြုပ် ဘုရင်ကြီး ဖြစ်သည်။

ဤလူက သူ့လိုပုဂ္ဂိုလ်ကို သာမန် ဓားပျံလေး တစ်လက်ဖြင့် သတ်ချင်နေပါသလော။

ဤလုပ်ရပ်က ကလေးဆန်လွန်းသည်ဟု သူတွေးလိုက်၏။

ထွင်ထျန်းဟာက ခေါင်းအနည်းငယ် စောင်းငဲ့လိုက်ရာ ဓားပျံက သူ့နောက်ရှိ ကျောက်တုံးတွင် ကျောက်စာတိုင်ကဲ့သို့ ထိုးစိုက်သွားသည်။

ထူးဆန်းသော ခွေးဝိညာဉ်က သူ၏ တိုက်ခိုက်မှုကို လျင်မြန်စွာ တုံ့ပြန်နိုင်လိမ့်မည်ဟု ရှကျန်း မမျှော်လင့်ခဲ့ပေ။

ယင်းသို့ အံ့အားသင့်သော ခံစားချက် ဖြစ်ပေါ်နေစဥ် ထွင်ထျန်းဟာက ရှကျန်းကို စတင် တိုက်ခိုက်လိုက်တော့သည်။

သူက လျှပ်စီး ကဲ့သို့ လျင်မြန်သော နှုန်းဖြင့် ရှကျန်းကို အလျင်အမြန် ခုန်အုပ်လိုက်၏။

ခွေး၏ လှုပ်ရှားမှုက မြန်ဆန်လွန်း၍ ပုံရိပ်ပင် ဝေဝါးသွားသည်။

“သေစမ်း”

ရှဖန်းက ဓားပျံတစ်လက်ကို အလျင်အမြန် ပစ်လွှတ်လိုက်ပြီး သူ့ကို ခုန်အုပ်ရန် ကြိုးစားလာသော အစိမ်းရောင်ခွေးကို သတ်ဖြတ်ရန် ကြိုးစားလိုက်၏။

“ဂျွတ်”

ထိုအချိန်မှာပင် ကျိုးပဲ့သံကို ကြားလိုက်ရသည်။

ခွေးက သူ့ဓားပျံကို စိစိညှက်ညှက် ကြေမွအောင် ကိုက်ဖြတ်လိုက်ခြင်း ဖြစ်၏။

ထိုမြင်ကွင်းကို ရှကျန်းက ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။

“ပြဿနာပဲ.. ဒီခွေးရဲ့ သွားတွေက အစွမ်းထက်လှချည်လား.. ငါတို့ အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက လေ့ကျင့်ပေးထားတဲ့ ခွေးရဲ့ သွားထက်တောင် အဆ တစ်သောင်းလောက် ပိုချွန်ထက်နေသေးတယ်.. သူရဲ့ သွားတွေက တိုက်တေနီယမ် ဒြပ်စင်နဲ့ တည်ဆောက်ထားသလားပဲ”

ထိုအခိုက်အတန့်တွင် ရှကျန်း၏ မျက်နှာက မည်းမှောင်သွားသည်။

သူက ရင်ဆိုင်ရ ခက်ခဲသည့် ထူးဆန်းသော ခွေးတစ်ကောင်နှင့် တိုက်ခိုက်နေရသည်။

ယခင်က ခက်ခဲသော တာဝန်များကို သူထမ်းဆောင်ဖူးသော်လည်း သူ့ဘဝ၏ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်မှာ ခွေးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ခွေး၏ ခွန်အားကို မှန်းဆကြည့်ရင်း ရှကျန်း နောက်တစ်ကြိမ် တုန်လှုပ်သွားမိသည်။

“ဒီကျောင်းရဲ့ အစောင့်ခွေးက ရွှေအမြုတေ နှောင်းပိုင်းအဆင့်ကို ရောက်နေတာများလား”

ဤစကားလုံးကို သူက တိတ်တဆိတ် ပြောခဲ့သော်လည်း ထွင်ထျန်းဟာက အသေးစိတ် ကြားနေရသည်။

“ဒီကောင်ရဲ့ ဝိညာဉ်အာရုံခံနိုင်စွမ်းက ဘယ်ဆိုးလို့ပဲ.. ဒီကောင်လည်း အရူးပဲ.. ငါ့လို သတ္တိရှိတဲ့ ခွေးချောကြီးက သေးနုပ်တဲ့ ဥယျာဉ်ရဲ့ ရှုခင်းတွေကို ရှုစားရင်း အချိန်ကုန် မခံနိုင်ဘူး.. ဒီလိုဘဝနဲ့ နေရတာက ငါ့သည်းခံနိုင်စွမ်းကို ယုတ်လျော့စေတယ်.. ဒီကောင်ကြည့်ရတာ အသက်ရှင်ရတာကို ပင်ပန်းနေပုံပဲ.. ဒီလိုဆိုမှတော့လည်း မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

“ချင်းလွီ ထွက်လာခဲ့စမ်း”

ဤခွေးက ရင်ဆိုင်ရ မလွယ်ကူမှန်း သဘောပေါက်လိုက်၍ ရှကျန်း အော်ခေါ်လိုက်သည်။

သူ့လက်ထဲတွင် တောက်ပသော အလင်းတန်းက ချက်ချင်း ဖြာလဲ့လာ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် နီမြန်းသော အရောင်အဆင်း ရှိသည့် ဓားဝိညာဉ် ပေါ်ထွက်လာသည်။

ထွင်ထျန်းဟာက ဤကမ္ဘာမြေပေါ်တွင် နေထိုင်ခဲ့သည်မှာ ခြောက်နှစ်ကျော် ကြာပြီဖြစ်၍ တစ်ချက် ကြည့်လိုက်ရုံဖြင့် အင်မော်တယ် ဓားအမျိုးအစားမှန်း အတပ် သိလိုက်သည်။

ယင်းက ပထမတန်းစား ဝိညာဉ်ဓားတစ်လက်ဖြစ်ပြီး ရွေအမြုတေအဆင့် ကျင့်ကြံသူများသာ ကိုင်ဆောင်နိုင်သည်။

သို့ဆိုလျှင် ချင်းလွီ အမည်ရှိသူမှာ ဤဓား၏ ဓားဝိညာဉ် ဖြစ်နိုင်လောက်၏။

ပထမတန်းစား ဝိညာဉ်ဓားက မည်မျှအထိ အစွမ်းထက်နိုင်ပါသနည်း။

ထိုဓားတွင် ရွှေအမြုတေအဆင့် ကျွမ်းကျင်ပညာရှင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်သော စွမ်းအား လုံလုံလောက်လောက် ရှိနေသည်။

ထို့အပြင် ရွှေအမြုတေရှိသည့် အခြေခံ နေရာကိုပင် အကောင်းပကတိ ပြန်မဖြစ်နိုင်တော့သည် အထိ ဖျက်ဆီးပစ်နိုင်၏။

ထွင်ထျန်းဟာတွင်သာ မူလခန္ဓာကိုယ် ရှိနေလျှင် ဝိညာဉ်ဓား မဆိုထားနှင့် အင်မော်တယ် ကောင်းကင် လက်နက်များပင် သူ့ကို ဒဏ်ရာ ရအောင် လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

သို့သော် လက်ရှိ ခွေးခန္ဓာကိုယ်ကမူ ဒဏ်ရာများကို ပြန်လည်ကုစားနိုင်သော အစွမ်းကင်းမဲ့နေ၍ သာမန်ဓားကပင် သူ့အသားကို လှီးဖျက်နိုင်ပေသည်။

“ချင်းလွီ သူ့ကို သွားသတ်စမ်း”

ရှကျန်း၏ အမိန့်ပေးသံကြောင့် ဓားမှ ဝိညာဉ်အလင်းတန်း ပေါ်လာခြင်းကို ထွင်ထျန်းဟာ ချက်ချင်းပင် မြင်လိုက်ရ၏။

တခဏအတွင်းမှာပင် လေထုထဲ၌ ခပ်ရေးရေး ပုံရိပ်တစ်ခု ထင်ဟပ်လာသည်။

ထိုပုံရိပ်မှာ ၁၀နှစ်အရွယ်အောက် ကောင်လေး၏ ပုံရိပ် ဖြစ်သည်။

ထိုကောင်လေးက ဓားဝိညာဉ်ဆိုလည်း မမှားပေ။

ဓားဝိညာဉ် ကောင်လေးက သူ့လက်ချောင်းလေးများကို မြှောက်၍ ထွင်ထျန်းဟာကို တိုက်ခိုက်ရန် အသင့်အနေအထား ပြင်လိုက်သည်။

တစ်စက္ကန့်မျှပင် မကြာလိုက်ချေ။

မရေတွက်နိုင်အောင် များပြားသော ဓားပျံများက ဓားဝိညာဉ် ကောင်လေးဆီမှ ထွက်ပေါ်လာသည်။

“အရူးခွေး ကြောက်နေပြီမလား”

“ဒူးထောက် အညံ့ခံချင်နေပြီမလား”

ထူးဆန်းသောခွေး၏ သေဆုံးခြင်းကို ရှကျန်း စိတ်ကူးယဉ်နေမိသည်။

ဝိညာဉ်စွမ်းအား အနည်းငယ် ပိုင်ဆိုင်ထားသည့် ထူးဆန်းသောခွေးက ကိုယ့်အဆင့် ကိုယ်မသိဘဲ သူ၏ ဓားဝိညာဉ်ကို စိန်ခေါ်ချင်နေသေးသည်။

“အိပ်မက်သာ ဆက်မက်နေလိုက်”

ရှကျန်းကသာ စိတ်ကူးယဥ်နေသော်လည်း ထွင်ထျန်းဟာကမူ အလွန်တရာ စိတ်ပျက်နေမိသည်။

မကောင်းဆိုးဝါးဘုရင်ကြီး အနေဖြင့် ဤလောကကြီးတွင် သူမမြင်ဖူးသော ဝိညာဥ်လက်နက် မရှိချေ။

“သေးနုပ်တဲ့ ဓားဝိညာဉ်ကို အသုံးချပြီး ငါ့လို အဆင့်ငါးမကောင်းဆိုးဝါး ဘုရင် ဖြစ်ခဲ့ဖူးသူကို တိုက်ခိုက်ချင်နေတာလား”

“မင်းတို့က တကယ်ကို အတွေ့အကြုံ နုနယ်လွန်းတယ်”

ထွင်ထျန်းဟာက ခေါင်းကို ၄၅ဒီဂရီ စောင်းငဲ့လိုက်ပြီး ဓားဝိညာဉ်ကို ကြည့်လိုက်သည်။

ထို့နောက် မာန်ဖီ၍ ပြင်းထန်စွာ ဟောင်လိုက်သည်။

“ဝုတ်ဝုတ်”

ရှကျန်းအတွက် ခွေးဟောင်သံက သာမန်မျှသာ ဖြစ်သော်လည်း ဓားဝိညာဉ်၏ နားထဲတွင်မူ လုံးဝ ခြားနား၏။

လက်နက်ဝိညာဉ်၏ အာရုံငါးပါးက သာမန်ကျင့်ကြံသူထက် ပို၍ အစွမ်းထက်သည်။

ခွေးဟောင်သံတွင် မကောင်းဆိုးဝါး ဘုရင်၏ စွမ်းအားများ ရောယှက်နေ၍ ဓားဝိညာဉ်က ခွေး၏ ပုံစံအမှန်ကို တွေ့မြင်သွားသည်။

သူက အဆင့်ငါး မကောင်းဆိုးဝါး ဘုရင်ကြီး၏ ပုံရိပ်ကို မြင်တွေ့သွားခြင်း ဆိုလည်းမမှားပေ။

ဤ ပုံရိပ်ကြီးကြောင့် ဓားဝိညာဉ် ဇောချွေးပြန်လာ၏။

သူက မကောင်းဆိုးဝါး ဘုရင်ကြီး၏ တုန်လှုပ်ဖွယ် ဖိအားကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည် မဟုတ်ပါလား။

ချင်းလွီက ချက်ချင်းပင် လက်ခါရမ်း၍ မချိပြုံး ပြုံးပြလိုက်သည်။

“နောက်မှ တွေ့ကြတာပေါ့”

စကားဆုံးသည်နှင့် ဓားဝိညာဉ်က ဓားထဲသို့ ချက်ချင်း ပြန်ဝင်သွားတော့သည်။

သူက မကောင်းဆိုးဝါး ဘုရင်ကြီးကို စိန်ခေါ်နိုင်သော အရည်အချင်း မရှိ၍ တပ်ဆုတ်ခဲ့ခြင်း ဆိုလည်းမမှားပေ။

ဓားဝိညာဉ်မရှိတော့၍ ဓား၏ အလင်းတန်းက ပြန်လည် မှေးမှိန်သွားသည်။

ရှဖန်းအတွက်မူ ဤမြင်ကွင်းက အရှက်ရဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။

ရှကျန်း”………”

ခွေးက ပုံမှန်မဟုတ်မှန်း ရှကျန်း သဘောပေါက်လိုက်သည်။

ဤခွေးက သူ့ကို သားကောင်ကဲ့သို့ စိုက်ကြည့်နေသည်ဟု ရှကျန်း ခံစားမိနေသည်။

အခြေအနေ မဟန်မှန်း ရိပ်စားမိ၍ သူက လှည့်ပြေးရန် ကြိုးစားလိုက်သည်။

“အော် မင်းက ပြေးချင်သေးတာလား.. ဘယ်နေရာကို ပြေးချင်တာလဲ”

ထွင်ထျန်းဟာက ခနဲ့လိုက်သည်။

သူ့ထံတွင် ဤလူကို အလွှတ်ပေးမည့် အစီအစဥ် လုံးဝမရှိပေ။

ထွင်ထျန်းဟာက တိုက်ပွဲစတင်ရန် သူ့စွမ်းအားများကို စုစည်းလိုက်သည်။

ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်ပြီးနောက်တွင် မိုးပြာရောင် အရှိန်အဝါကြီးက ထွက်ပေါ်လာတော့သည်။

“အခြေအနေ မဟန်ဘူးပဲ”

ရှကျန်းက အန္တရာယ် အငွေ့အသက်ကို ခံစားမိသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။

ခဏအကြာတွင် ကြီးမားသော ဖိအားတစ်ခုက ကောင်းကင်ယံကနေ ရုတ်တရက် ကျဆင်းလာပြီး ရှဖန်းကို မတ်တတ်ရပ်နေသော နေရာမှာပင် အေးခဲသွားစေခဲ့သည်။

ထို့နောက် လေထဲတွင် ဧရာမပုံရိပ်ကြီး ပေါ်ပေါက်လာပြီး နေမင်း၏ အလင်းရောင်ကို ပိတ်ဆို့ထားလိုက်သည်။

ဤဧရာမ ပုံရိပ်ကြီးနှင့် ရင်းနှီးနေသည်ဟု ရှဖန်း ခံစားမိလိုက်သည်။

သူက ဦးနှောက်ကို ရုတ်တရက် အလုပ်ပေးလိုက်သည်။

ယင်းအချိန်မှာပင် မကောင်းဆိုးဝါးဘုရင်၏ စွမ်းအားကို သူ ခံစားမိလိုက်သည်။

ဤမကောင်းဆိုးဝါး ဘုရင်၏ စွမ်းအားက ဝိညာဉ်များကို ဝါးမျိုခြင်း ဖြစ်၏။

မကောင်းဆိုးဝါး ဘုရင်ကြီးက သူ့လျှာအရှည်ကြီးကို ထုတ်လိုက်ပြီး ရှကျန်း၏ ဝိညာဉ်ကို အငမ်းမရ ဝါးမျိုလိုက်သည်။

သူ့ဝိညာဉ် ဝါးမျိုခံရ၍ ရှကျန်း၏ နှလုံးသားထဲတွင် စိတ်ပျက်သော ခံစားချက်များ ပြည့်နှက်နေသည်။

မကောင်းဆိုးဝါး ဘုရင်တစ်ပါးက ခွေးဖြစ်နေရသည့် အကြောင်းအရင်းကို ပြောပြမည့်သူ ရှိပါသလော။

အရာအားလုံးက မျက်စိတစ်မှိတ် အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ရှကျန်းက ရုပ်ပျက်ဆင်းပျက် သေဆုံးသွားပြီးနောက် ထွင်ထျန်းဟာက သူ့ဝိညာဉ်ကို ခိုးယူသွားခဲ့သည်။

တိမ်တိုက်များ လွင့်မျောသွားပြီးနောက် ပုံရိပ်ကြီးလည်း ပျောက်ကွယ်သွားသည်။

ဥယျာဉ်ထဲတွင် နေရောင်ခြည်က ပုံမှန်အတိုင်း ပြန်လည်တောက်ပလာသည်။

ထွင်ထျန်းဟာက နေရာကောင်း ထပ်ရှာပြီး ဆက်လက် အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

အပိုင်း(၂၂) ပြီး၏။

အပိုင်း(၂၃) အတင်းအဖျင်း၏ သားကောင် ဖြစ်သွားသော အရိပ်အဖွဲ့အစည်း

အမှတ်၆၀ အထက်တန်းကျောင်းသို့ စေလွှတ်ခဲ့သော လုပ်ကြံသူအားလုံးက မရှုမလှ အဆုံးသတ်သွားခဲ့သည်။

အရိပ်လုပ်ကြံသူ ၁၂ဦးအနက် ၃ဦးက အံသွားထဲတွင် မြုပ်နှံထားသော အဆိပ်ဖြင့် သတ်သေသွားကြသည်။

ကျန်ရှိသောသူများမှာလည်း မသေဆုံးခင်ထိ အဆိပ်ကို အသုံးချခွင့် မရခဲ့ကြပေ။

ဤဖြစ်ရပ်မှာ ဟွားရှို့နိုင်ငံတွင် ဟိုလေးတကျော် ဖြစ်သွားခဲ့သည်။

ကျင့်ကြံခြင်းကျောင်း ၁၀၀ကျော်ကို အုပ်ချုပ်သော လက်ထောက်ညွှန်ကြားရေးမှူးက သူ့မိခင်ကျောင်းတော်ကြီး အတွက် ထိပ်တန်းပညာရှင်များကို စေလွှတ်ခဲ့ပြီး အရိပ်အဖွဲ့မှလုပ်ကြံသူများကို အစီအစဉ် တကျ ရှင်းပစ်လိုက်သည်ဟု လူတိုင်းက ယူဆခဲ့ကြသည်။

…………….

မနက် အစောပိုင်းကတည်းက လက်ထောက်ညွှန်ကြားရေးမှူးချုပ် ရုံးသို့ ဖုန်းတဂွမ်ဂွမ် လာနေခဲ့သည်။

တခြားကျောင်းမှ ကျောင်းအုပ်ကြီးများက ကျိုးရီကို ဂုဏ်​ပြုစကား ပြောဆိုရန် ဖုန်းဆက်လာခြင်း ဖြစ်သည်။

လက်ထောက်ညွှန်ကြားရေးမှူးချုပ်က သူ့မိခင်ကျောင်းတော်ကြီးကို အကာအကွယ်ပေးရာတွင် အောင်မြင်ခဲ့သည့် အတွက် ဖြစ်သည်။

ဤတစ်ကြိမ် စစ်ဆင်ရေးသည် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းကို ဦးချိုးနိုင် သကဲ့သို့ အမှတ်၆၀ အထက်တန်းကျောင်းကို အခြေတည်အဆင့် အထက်တန်းကျောင်းများ အနက် စံပြကျောင်းတစ်ကျောင်း ဖြစ်လာအောင် လမ်းခင်းပေးနေသလိုပင်။

အမှတ်၆၀ အထက်တန်းကျောင်းက ရန်သူကို ရင်ဆိုင်ရာတွင် အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့သည်။

သို့တိုင် ဤအောင်မြင်မှုက တကယ်တမ်း ကျိုးရီနှင့် သက်ဆိုင်မှု မရှိပေ။

ထိုအတွက်ကြောင့် ကျိုးရီတစ်ယောက် စိတ်ထိခိုက်နေရသည်။

ကျိုးရီက သူ၏ လက်ထောက် ညွှန်ကြားရေးမှူးချုပ် အခွင့်အာဏာကိုအသုံးပြုပြီး ကျင့်ကြံသူများကို သူ့မိခင်ကျောင်းတော်ကြီးအား အကာအကွယ်ပေးရန် စေလွှတ်ခဲ့သည်။

သို့သော် သူ စေလွှတ်ထားသော ကျင့်ကြံသူများက ကျောင်းအပြင်မှာသာ စောင့်ကြပ်နေခြင်း ဖြစ်၏။

၎င်းတို့က ကျောင်း၏ အဓိက ပရဝုဏ်ထဲကိုပင် ခြေတစ်လှမ်းမျှ မလှမ်းခဲ့ကြပေ။

ကျိုးရီက သူ့စားပွဲခုံပေါ် တင်ပေးထားသော အလောင်းခွဲစိတ် မှတ်တမ်းကို ငူငူငိုင်ငိုင်ကြီး စိုက်ကြည့်နေခဲ့သည်။

ထိုမှတ်တမ်းက ကျော်ကြားသော လုပ်ကြံသူ ညီအစ်ကို၏ သေဆုံးမှုကို စစ်ဆေးထားသော မှတ်တမ်းလည်း ဖြစ်၏။

ရှယင်း
လိင်=အမျိုးသား
ရာထူးအဆင့်=ပထမတန်းစား ဖဲပြားနီ လုပ်ကြံသူ ခေါင်းဆောင်
ကျင့်ကြံခြင်းအဆင့်= ရွှေအမြုအတေ ထိပ်ဆုံးအဆင့်၊
သေဆုံးရသော အကြောင်းအရင်း= မူလ ရွှေအမြုတေ ပျောက်ဆုံးသွားခြင်း၊

ရှဖန်း

လိင်=အမျိုးသား
ရာထူးအဆင့်= ပထမတန်းစား ဖဲပြားနီလုပ်ကြံသူ အဖွဲ့ဝင်
ကျင့်ကြံခြင်းအဆင့်=ရွှေအမြုအတေထိပ်ဆုံးအဆင့်၊
သေဆုံးရသော အကြောင်းရင်း= အမည်မရှိ အရာဝတ္ထုတစ်ခုက ဝမ်းဗိုက်ကို ထိုးဖောက်သွားခြင်း( သေစေလောက်သော ဒဏ်ရာ အနီးတစ်ဝိုက်တွင် မြေဖြူမှုန့် ရှာတွေ့ခြင်း)

ရှကျန်း
လိင်= အမျိုးသား
ရာထူးအဆင့်= ပထမတန်းစား ဖဲပြားနီလုပ်ကြံသူ အဖွဲ့ဝင်၊ ကျင့်ကြံခြင်းအဆင့်=ရွှေအမြုတေ ထိပ်ဆုံးအဆင့်၊
သေဆုံးရသော အကြောင်းအရင်း= သိသာထင်ရှားသော ဒဏ်ရာ မတွေ့ရ၊ သေရမည်ကို ကြောက်လန့်နေသော ဖြူဖပ်ဖြူရော် မျက်နှာနှင့် မျက်နှာပုံပျက်နေခြင်း။

ဤအချက်အလက်များကို ဖတ်ကြည့်ပြီး ကျိုးရီ သက်ပြင်းချလိုက်သည်။

လုပ်ကြံသူ လောကတွင် နာမည်ကျော်သော ညီအစ်ကို သုံးဦးက ယခုလို အခြေအနေမျိုးဖြင့် သေဆုံးခဲ့ရသည်။

ထို့အပြင် ကျိုးရီက ရှကျန်း၏ သေဆုံးမှုကို မတူညီသော အမြင်ဖြင့် ခံစားမိသည်။

ကျိုးရီက သူအဖွဲ့နှင့် အတူ ရှကျန်း၏ ရုပ်အလောင်းကို သွားသယ်ခဲ့၏။

အမှတ်၆၀ အထက်တန်းကျောင်း၏ လုံခြုံရေး အစောင့်မရှိသော ဥယျာဉ်လေးထဲတွင် ရှကျန်း၏ အလောင်းကို ကျိုးရီ မြင်တွေ့ခဲ့ရသည်။

ထိုဥယျာဥ်ထဲတွင် မည်သူမှ ရှိမနေခဲ့ပေ။

ကျိုးရီက ကျောင်းကို နေ့တစ်ဝက်ခန့် လေ့လာကြည့်လိုက်ရာ အစိမ်းရောင် အမွေးရှိသော ခွေးကို အလွန်အမင်း သံသယဝင်လာသည်။

ဤတစ်ကြိမ်တွင် ကျင့်ကြံခြင်းကျောင်း ၁၀၀ကျော်ကို အုပ်ချုပ်ရသော လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဌာနသည် အလောင်း ၉လောင်းကို သိမ်းဆည်း ရရှိခဲ့သည်။

အထက်တွင် ပြောခဲ့သော လူသုံးဦးအပြင် ကျန်လုပ်ကြံသူအားလုံးကလည်း ထူးဆန်းသော နည်းလမ်းများဖြင့် သေဆုံးခဲ့ကြသည်။

ကျောင်းသို့ ကျူးကျော်လာသော လုပ်ကြံသူ တစ်ယောက်မှာ ဓာတုဗေဒ စမ်းသပ်ခန်းထဲတွင် မီးအထူးပြု တာအိုအဆောင်နှင့် တိုက်ခိုက်ခံရ၍ ခန္ဓာကိုယ် လောင်ကျွမ်း ပေါက်ကွဲကာ သေဆုံးနေသည်။

စာကြည့်တိုက်ထဲ ခိုးဝင်သော လုပ်ကြံသူ တစ်ယောက်ကိုမူ စာကြည့်တိုက်မှူးက စာကြည့်တိုက်ကတ်ဖြင့် ဇီဝိန်ခြွေခဲ့သည်။

ကန်တင်းထဲ ခိုးဝင်သော လုပ်ကြံသူကိုလည်း ကန်တင်းခေါင်းဆောင် အဒေါ်ကြီးက ယောက်ချိုဖြင့် ရိုက်သတ်ခဲ့သည်။

အလောင်းခွဲစိတ် စစ်ဆေးထားသော မှတ်တမ်းကို ကြည့်ပြီး ကျိုးရီ မှင်တက်နေသည်မှာ ကျောက်ရုပ်တစ်ရုပ် ကဲ့သို့ပင်။

သူ့နှလုံးသားက ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေပြီး အချိန်အတော်ကြာသည်အထိ မတည်ငြိမ်နိုင်ခဲ့ပေ။

ဤလုပ်ကြံရေး လုပ်ငန်းစဉ်သည် ရှုံးနိမ့်ခြင်းထက် ဂရုဏာတရား ကင်းမဲ့သော လူသတ်ပွဲအဖြစ် အဆုံးသတ်သွားခဲ့သည်။

ဆိုရလျှင် အမှတ်၆၀ အထက်တန်းကျောင်းထဲ၌ ပုန်းလျှိုးနေသော ပညာရှင်များ ရှိနေပြီး ကျောင်းထဲ ခိုးဝင်ရန် ကြိုးစားခဲ့သော လုပ်ကြံသူများမှာ ကိုယ့်သေတွင်းကို ကိုယ်တိုင် တူးမိသွားခြင်းသာ။

……………

ကျောင်းဖွင့်ရင်မှ ရေတွက်လျှင် တတိယအပတ်၏ တနင်္လာနေ့ မနက်ခင်းတွင် ဖြစ်သည်။

ဤနေ့က အရိပ်လုပ်ကြံသူများ ကျရှုံးခဲ့သည့် ၂ရက်မြောက်နေ့လည်း ဖြစ်၏။

ဝမ်လင်းက အတန်းထဲသို့ တည်တည်ငြိမ်ငြိမ် လမ်းလျှောက်သွားစဉ် သူ မျှော်မှန်းထားသည့် အတိုင်း အတန်းထဲတွင် ဆူညံနေသည်။

အတန်းသားများက အရိပ်လုပ်ကြံသူများ၏ အတင်းအဖျင်း သတင်းကို ပြောဆိုနေကြသည်။

“မနေ့က ငါကြားထားတဲ့ သတင်းက အရိပ်လုပ်ကြံသူ အားလုံးထဲမှာ သနားစရာ အကောင်းဆုံး တစ်ယောက် အကြောင်းပေါ့.. မင်းတို့ရော ဘာကြားထားသေးလဲ”

“အဲဒီကောင်က ကျောင်းအားကစားကွင်းထဲ ခိုးဝင်ဖို့ကြိုးစားရင်း ငါတို့ကျောင်းရဲ့ လုံခြုံရေး ခေါင်းဆောင်ကြီးက သူ့ကို ပညာပြလိုက်တာ အသေဆိုးနဲ့ သေသွားခဲ့တယ်လေ.. ကျောင်းဂိတ်ဝကို ဖြတ်လိုက်ကတည်းက လုံခြုံရေး ခေါင်းဆောင် လူကြီးမင်းလီနဲ့ ထိပ်တိုက် တွေ့သွားတာ သူ့အတွက် ကံဆိုးသွားတာပဲ”

“လီလူကြီးမင်းက သူ့ကို ကောင်းကင်ဖျက်ဆီး ကန်ချက်နဲ့ ဆုံးမပေးလိုက်တယ်လို့ ငါကြားတယ်.. လုပ်ကြံသူက ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့ရဲ့ တိုက်ခိုက်ရေး နည်းဗျုူဟာကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ.. အဲဒီကန်ချက်ကြောင့် လုပ်ကြံသူက ကောင်းကင်ပေါ်ကို လွင့်ထွက်သွားခဲ့တယ်.. မြေပြင်ပေါ် ပြန်ပြုတ်ကျလာတော့ ပွဲချင်းပြီး သေသွားတာပဲ”

လူတိုင်း ပင့်သက် ရှိုက်ကုန်ကြသည်။

အခန်းထဲက အလှပဂေးလေး စွန်းရုံလည်း သက်ပြင်းချလိုက်သည်။

“ဒီလုပ်ကြံသူက မသေခင် ထိပ်တန်း ပညာရပ်တွေကို မြင်တွေ့ခွင့်ရတာ ဂုဏ်ယူလိုက်သင့်တယ်”

“………”

ဝမ်လင်း ခေါင်းငုံံ့ထားလိုက်၏။

ပြဿနာက ယခုလောက်အထိ ကြီးကျယ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

“ကျောင်းလုံခြုံရေး ခေါင်းဆောင် လူကြီးမင်းလီက ဘယ်လိုလူစားမျိုးလဲ.. သူက တကယ့်ကို အံ့မခန်းပဲနော်.. ဘာပဲဖြစ်ဖြစ် သူနဲ့ ယှဉ်ရတဲ့ ပြိုင်ဘက်က ထိပ်တန်း ဖဲပြားနီ လုပ်ကြံသူပဲလေ”

တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။

ကြက်တူရွေးသခင် ကော်ဟောက်က မျက်မှန်ကို ပင့်တင်လိုက်ပြီး ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။

“မင်း ဒါတောင် မသိဘူးလား.. လုံခြုံရေး ခေါင်းဆောင်ကြီးလီက ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဟောင်းလေ”

သူ့စကားသံကို ကြားသည်နှင့် အတန်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။

ဝမ်လင်း ကဲ့သို့ပင် လူအများစု၌ တူညီသော အတွေးရှိနေကြ၏။

ဤကဲ့သို့ အရည်အချင်း ရှိသောသူက သူတို့ကျောင်း၏ လုံခြုံရေး အလုပ်ကို လုပ်ကိုင်နေရသည့် အကြောင်းရင်းကို နားမလည်နိုင်ကြပေ။

ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်း အထူးအဖွဲ့ကို ဝင်ရောက်ချင်လျှင် ထိပ်တန်း တက္ကသိုလ်များ၏ ကြယ်ခုနှစ်ပွင့် အဖွဲ့သို့ အရင်ဆုံး ဝင်ရောက်ရသည်။

နှစ်စဉ်နှစ်တိုင်း ကြယ်ခုနှစ်ပွင့် အဖွဲ့သည် သူတို့အဖွဲ့ထဲမှ အလားအလာ ရှိသော ရွှေအမြုတေ ကျင့်ကြံသူများကို လက်ရွေးစင်အဖြစ် ရွေးချယ်သည်။

ထိုလက်ရွေးစင်များကို အကောင်းမွန်ဆုံး လေ့ကျင့်ပျိုးထောင်ပေးကြသဖြင့် အဖွဲ့သားများက အထိပ်အထွတ် အထိ အောင်မြင်နိုင်သည့် အလားအလာ ရှိကြ၏။

ခေါင်းဆောင်ဖြစ်လာရန် လူကြီးမင်းလီသည် စိတ်ဝိညာဉ်စုဆောင်းခြင်း အဆင့်ကို အနည်းဆုံး ရောက်ရပေမည်။

စိတ်ဝိညာဉ် စုဆောင်းခြင်း အဆင့်သည် သူတို့တစ်သက်တာတွင် ရောက်ရှိရန် မလွယ်ကူသော အဆင့်လည်း ဖြစ်သည်။

ကျောင်းသားများက ခမ်းနားထည်ဝါသော စိတ်ဝိညာဉ် စုဆောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က သာမန် အခြေတည်အဆင့် အထက်တန်းကျောင်း၏ လုံခြုံရေး ဖြစ်လာရသည့် အကြောင်းရင်းကို နားမလည်နိုင် ဖြစ်နေကြသည်။

ထိုနောက်ကွယ်တွင် ရူးမိုက်ဖွယ် ဇာတ်ကြောင်း ရှိနေနိုင်၏။

“ငါ့ရည်မှန်းချက်က ကြယ်ခုနှစ်ပွင့် အဖွဲ့ထဲ ဝင်နိုင်ဖို့ပဲ”

ချန်းချောင်က အားကြိုးမာန်တက် ပြောဆိုလိုက်သည်။

ရုတ်တရက် ကြက်တူရွေးသခင် ကော်ဟောက်က အားမလို အားမရ ပြောဆိုသည်။

“ငါသာ လူကြီးမင်းလီ နေရာမှာဆိုရင် လုံခြုံရေး အဆင့်လောက်နဲ့ မကျေနပ်နိုင်ဘူး”

ထိုစကားကိုကြားလျှင် လင်းရှောင်ယုက ရယ်မော၍ ပြောလိုက်၏။

” နင်လည်း စိတ်ဝိညာဉ် စုဆောင်းခြင်း အဆင့်အထိ ရောက်အောင် ကြိုးစားပြီး အံ့ဩစရာကောင်းတဲ့ ဝိညာဉ်သားရဲတွေကို ဖမ်းပေါ့.. ပြီးရင် အိမ်မွေးတိရိစ္ဆာန်အနေနဲ့ ပြန်ရောင်းလို့ရနေတာပဲ.. အထူးအဆန်း သတ္တဝါတွေနဲ့ လမ်းလျှောက်ထွက်ပြီးဟန်ရေးပြလိုက်ရင် ဆယ်လီတွေလို နာမည်ကြီးလာမှာပဲလေ”

“နာမည်ကြီးလာမယ်.. ဟုတ်လား.. အခုနောက်ပိုင်း အိမ်မွေးတိရိစ္ဆာန် ရောင်းဝယ်ရေး လုပ်ငန်း ယိုယွင်းလာတာကို မင်း မသိဘူးလား”

ကော်ဟောက်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“ဝိညာဉ်သားရဲ ရောင်းမယ့်အစား ပင်လယ်စာပဲ ရောင်းတော့မယ်.. အခုခေတ်မှာ ပင်လယ်စာကို လူကြိုက်ပိုများတယ်.. ငါသာ ဝိညာဉ်စုဆောင်းခြင်း အဆင့်ရောက်အောင် ကျင့်ကြံနိုင်ခဲ့ရင် ပင်လယ်ပြင်ကြီးကို ပြောင်းပြန်လှန်ပြီး ကီလို ၅၀၀ လောက် ရှိတဲ့ ပင်လယ် သတ္တဝါတွေကို လက်တစ်ဖက်တည်းနဲ့ ဖမ်းပစ်မယ်”

လင်းရှောင်ယုက ရည်မှန်းချက် မြင့်မြင့်မားမား မရှိသော ကော်ဟောက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

……………

ဝမ်လင်းက ဘေးဘက်တွင် တိတ်တဆိတ် ထိုင်နေသည်။

မဟာ မန္တန် ၃၀၀၀ ထဲတွင် ကံကြမ္မာဖတ်သော မန္တန်လည်း နာမည်ကျော်သည်။

ဤမန္တန်က အသုံးပြုရ လွယ်ကူလွန်းသည်။

မန္တန် စီရင်ရန် မှတ်စုစာအုပ် တစ်အုပ်သာ လိုအပ်သည်။

ဝမ်လင်းက လူတစ်ယောက်၏ ကံကြမ္မာကို ၉၀ရာခိုင်နှုန်းကျော် အတိအကျ တွက်ချက်နိုင်၏။

ဝမ်လင်းက ယခုလို မှော်ပညာမျိုးကို သဘောမကျ၍ သူ့ကံကြမ္မာကိုမူ မဖတ်ခဲ့ဖူးပေ။

သို့သော်လည်း သူက ကော်ဟောက်၏ အနာဂတ်ကို ဤနည်းလမ်းသုံးပြီး စမ်းသပ်ချင်နေသည်။

အချိန်အားဖြင့် ၂မိနစ်မျှပင် မကြာခဲ့ပေ။

ခန့်မှန်းချက် ပြီးဆုံးသွားခဲ့သည်။

နှစ်ပေါင်း ၆၀၀ခန့် အကြာတွင် ကော်ဟောက်က အကြီးမားဆုံး ပင်လယ်စာ စျေးကွက်ကို တည်ဆောက်နိုင်လိမ့်မည်။

ကော်ဟောက်က ဟွားရှို့နိုင်ငံ၏ ပထမဆုံး ပင်လယ်စာ ဈေးကွက်ကို ဦးဆောင်သူ ဖြစ်လာလိမ့်မည်။

……….

ထို့နောက်တွင် ဝမ်လင်းက ဤကျောင်းတော်ထဲတွင် “ပုန်းလျှိုးနေသော ပါရမီရှင်များစွာ ရှိနေသေးပါတကား” ဟု တွေးလိုက်မိသည်။

အပိုင်း(၂၃) ပြီး၏။

အပိုင်း(၂၄) လာဘ်ကောင် ဝမ်လင်း

ဆရာဖန်က မနက်ပိုင်း အတန်းချိန်ကို ထုံးစံအတိုင်း အချိန်မီ ရောက်ရှိလာသည်။

သူမက ဟောပြောစင်နား ရပ်လိုက်သည်နှင့် အတန်းတစ်တန်းလုံး ချက်ချင်း ငြိမ်ကျသွားသည်။

“အဟမ်း.. ငါ့မှာ မင်းတို့ကို ကြေညာစရာ သတင်းသုံးခုရှိတယ်”

အတန်းတစ်တန်းလုံးကို ဖြန့်ကျက် ကြည့်ရှုပြီးနောက် ဆရာဖန်က လည်ချောင်း ရှင်းကာ ပြောလိုက်သည်။

“ပထမအချက်အနေနဲ့ ကြေညာချင်တာကတော့ အရိပ်လုပ်ကြံသူအဖွဲ့ရဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ အကြောင်းပဲ.. အားလုံးသိထားကြတဲ့ အတိုင်း ဒီတစ်ခေါက်တော့ အရိပ်လုပ်ကြံသူအဖွဲ့က ငါတို့ကျောင်းကို အပြတ်အသတ် ရှုံးနိမ့်ခဲ့တယ်.. အဲဒီအတွက် သူတို့ရဲ့ ခေါင်းဆောင်က ငါတို့ကျောင်းကို လက်စားချေဖို့ ယွမ်တစ်သန်း ဆုကြေးပေးမယ်လို့ တခြား ထိပ်တန်း လုပ်ကြံသူတွေကို ကမ်းလှမ်းခဲ့တယ်”

ထိုစကားကြောင့် ကျောင်းသားအားလုံး အသက်ရှုကြပ်သွားသည်။

ဆရာမဖန်က ပြုံး၍ ပြောလိုက်သည်။

“ဒါပေမယ့် မင်းတို့တွေ စိုးရိမ်ဖို့ မလိုအပ်တော့ပါဘူး.. ယုံကြည်ကိုးစားလို့ ရတဲ့ သတင်းတွေအရ ဒီကမ်းလှမ်းချက်ကို ကြေညာပြီး မကြာခင်မှာပဲ ဖျက်သိမ်းလိုက်ပါတယ်တဲ့”

“အဲဒါဘာကြောင့်လဲ”

တစ်စုံတစ်ယောက်က လက်ကိုမြှောက်၍ မေးလိုက်သည်။

ဆရာမဖန်က သူမ လက်ကို ခါရမ်းလိုက်သည်။

“အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက သူတို့လွှတ်လိုက်တဲ့ ကမ္ဘာထိပ်တန်း လုပ်ကြံသူ သုံးယောက်ကို ဆုံးရှုံးခဲ့ရတယ်.. အခုဆို တခြား ဘယ်သူက
ထပ်လာရဲဦးမှာလဲ”

“………”

“ဒါ့အပြင် ဟွားရှို့နိုင်ငံ အစိုးရအဖွဲ့က အရိပ်လုပ်ကြံသူ ကိုးယောက်ရဲ့ အလောင်းကို တစ်ပြိုင်နက်တည်း ရခဲ့တော့ ဒါတွေကို အသုံးချပြီး အရိပ်လုပ်ကြံသူ အဖွဲ့အစည်းရဲ့ စခန်းတည်ရာကို ခြေရာခံဖို့ အထောက်အပံ့ ရနိုင်တယ်လေ”

“ပြီးရင် ဒုတိယအချက် အနေနဲ့ ကြေညာချင်တာက…”

ထိုအခိုက်အတန့်တွင် ဆရာမဖန်က အပြစ်ကင်းစင်စွာ ပြုံးလိုက်သည်။

“နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူသတ်သမား ရှယင်းဟာ ​​အားကစားကွင်းမှာ ဆုံးပါးသွားတဲ့အတွက် ကျင့်ကြံခြင်းရဲတွေက သက်သေ စုဆောင်းဖို့ အားကစားကွင်းကို ယာယီပိတ်ဖို့အကြောင်းကြားခဲ့တယ်.. အဲဒီကာလအတွင်း အားကစားကွင်းကို တစ်ပတ်ပိတ်ထားပါမယ်.. ဒါကြောင့်မို့ ကာယအတန်းချိန်တွေ နေရာမှာ တာအိုအဆောင် ရေးဆွဲခြင်း အတန်းကို အစားထိုးမယ်.. ဒါကို မင်းတို့အားလုံး ကန့်ကွက်စရာ မရှိဘူးလို့ ငါယုံကြည်တယ်”

ကျောင်းသားအားလုံး နီးပါးက သူတို့မျက်နှာကို ပါးရိုက်ခံရ သကဲ့သို့ ခံစားလိုက်ရသည်။

ဆရာမဖန်၏ စကားကို မည်သူက ကန့်ကွက်ရဲမည်နည်း။

အားကစားကော်မတီ အဖွဲ့ဝင် ချန်းချောင်က ၎င်းတို့အားလုံးတွင် ဒေါသ အထွက်ဆုံး ဖြစ်သည်။

သူတို့၏ ကာယအတန်းချိန်ကို ‌လွယ်လင့်တကူ အစားထိုးလိုက်ခြင်းသည် သူ၏ အတန်းခေါင်းဆောင် တာဝန်ကို လျစ်လျူရှုလိုက်သလို ဖြစ်နေသည်။

အားကစားကော်မီတီ အဖွဲ့ဝင်ဆိုသည်မှာ ယခုအခါ အမည်ခံ သက်သက်မျှသာ ဖြစ်နေ၏။

မရေမတွက်နိုင်အောင် များပြားသော ကျောင်းသားများကို ပြုစုပျိုးထောင်ပေးခဲ့သော ဝါရင့်ဆရာမ တစ်ဦး အနေဖြင့် ကျောင်းသားများထံမှ မကျေနပ်သော ခံစားချက်ကို ခန့်မှန်းနိုင်ခဲ့သည်။

“ဒီအတွက် ကျောင်းသားတချို့ မပျော်ဘူးဆိုတာ ဆရာမ သိပါတယ်.. ဒါပေမယ့် မင်းတို့အားလုံးက မင်းတို့ရဲ့ အထက်တန်းကျောင်းသား ဘဝကို မြတ်နိုးဖို့ ဆရာမ မျှော်လင့်တယ်”

“ဒီတစ်ခေါက် အဖြစ်အပျက်ကို ဆရာမတို့ရဲ့ ကျောင်းက အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့လို့ မြို့အာဏာပိုင်တွေက ဆရာမတို့ရဲ့ အမှတ် ၆၀ အထက်တန်းကျောင်းကို လာမယ့်နှစ်အတွက် မြို့ရဲ့စံပြကျောင်း အရွေးချယ်ခံ အဖြစ် စာရင်းသွင်းခဲ့တယ်”

“ဟွာကောအုပ်စုကလည်း ဆရာမတို့ကျောင်းကို ရင်းနှီးမြှုပ်နှံပေးတယ်.. ဒါကြောင့်မို့လည်း စံပြကျောင်းနဲ့ ကိုက်ညီတဲ့ ပြုပြင်မှုတွေကို လုပ်ဆောင်နိုင်တော့မယ်.. ဟွာကောအုပ်စုက ကျောင်း အဆောက်အဦးတွေရော လိုအပ်တာ မှန်သမျှကို အဆင့်မြှင့်တင်ပေးတော့မှာလေ”

ထို့သို့ပြောပြီးနောက် ဆရာဖဖန်က သူမ၏ ပီတိကို မထိန်းသိမ်းနိုင်တော့ပေ။

“ကျောင်းသူ စွန်းရုံက အသက်ဘေးက လွတ်မြောက်ခဲ့လို့ လက်ခုပ်တီးပြီး ချီးမွမ်းလိုက်ရအောင်လား”

“ဖျောင်း.. ဖျောင်း.. ဖျောင်း”

အတန်းတစ်တန်းလုံး ပြင်းထန်သော လက်ခုပ်သံများ နှင့် တအံ့တသြ အော်ဟစ်သံများ ပြည့်နှက်သွားသည်။

“မြို့ရဲ့ စံပြ အထက်တန်းကျောင်း.. ငါတို့ကျောင်းက စံပြကျောင်း ဖြစ်ခွင့်ရတော့မှာလား”

“ဝိညာဉ်စုစည်းခြင်း သိပ္ပံ စက်ယန္တရားကိုတောင် ကျောင်းက စီစဉ်ပေးတော့မယ် ထင်တယ်.. ငါ့အမေလည်း ငါ့အတွက် စိုးရိမ်နေစရာ မလိုအပ်တော့ဘူး.. အတန်းထဲမှာ တရေးအိပ်ပြီးတောင် စာလေ့လာလို့ ရတယ်”

………….

ဤဖြစ်ရပ်မှာ ဂုဏ်ပြုသင့်သော ဖြစ်ရပ်တစ်ခု ဖြစ်သည်။

အထက်တန်းကျောင်း ရွေးချယ်ရာတွင် မြို့၏ စံပြအထက်တန်းကျောင်းကို မရွေးချယ်ချင်သော ကျောင်းသား မည်မျှ ရှိနိုင်မည်နည်း။

ကံဆိုးစွာဖြင့် စံပြကျောင်းများမှာ ဝင်ခွင့်အတွက် သတ်မှတ်ထားသော အမှတ်စာရင်း ရှိကြသည်။

ထို့ကြောင့် ဝင်ခွင့်အမှတ်ကို မမီလျှင် သာမန် အထက်တန်းကျောင်းကိုသာ တက်ရောက်ရလိမ့်မည် ဖြစ်၏။

သို့သော် ယခုအခါတွင် အမှတ် ၆၀ အထက်တန်းကျောင်းက မြို့၏စံပြ အထက်တန်းကျောင်း အဖြစ် အဆင့်မြှင့်တင်နိုင်သော အခွင့်အရေးကို ရရှိခဲ့သည်။

ထို့ကြောင့် ၆၀ အထက်တန်းကျောင်း၏ ကျောင်းသားများမှာ စံပြကျောင်းဟု သတ်မှတ်ခံရစဉ် ဘွဲ့ရခဲ့လျှင် စံပြကျောင်းထွက်ဟု ဂုဏ်ယူနိုင်ကြတော့မည် ဖြစ်၏။

ထို့အပြင် စံပြ အထက်တန်းကျောင်းဖြစ်လာသည်နှင့် တပြိုင်နက် အထောက်အကူ ပစ္စည်းများ၊ လူမှုဖူလုံရေး အကျိုးကျေးဇူးများနှင့် ကျောင်းပတ်ဝန်းကျင် အားလုံးကို အဆင့်မြှင့်တင်သွားမည်ဖြစ်၍ ကျောင်းသားအားလုံးက စံပြကျောင်းသားအခွင့်အရေးများကို ခံစားရလိမ့်မည် မဟုတ်ပါလား။

စွန်းရုံက ရုတ်ခြည်း ချီးမွမ်းခံရ၍ မျက်နှာ နီမြန်းသွားသည်။

“ဒီတစ်ခေါက် လုပ်ကြံမှုကြောင့် သူငယ်ချင်းတို့အားလုံးလည်း ကျွန်မနဲ့အတူတူ ဒုက္ခရောက်ခဲ့ရတယ်.. ဒီအတွက် အားလုံးကို တောင်းပန်စကား ပြောချင်ပါတယ်.. အခုကစပြီးတော့ သူငယ်ချင်းတို့ရဲ့ လမ်းညွှန်မှုကို နာခံပါ့မယ်”

ကြွယ်ဝချမ်းသာသော အတန်းဖော် ရှိသည့် ခံစားချက်က တကယ်ကို အဆင်ပြေသည်။

ထိုအခိုက်အတန့်တွင် အတန်းဖော်အားလုံးက အရမ်းမိုက်သည် ဟူသော ခံစားချက်ကို အတူတကွ ခံစားလိုက်ရသည်။

ချမ်းသာကြွယ်ဝလျှင် ဘာမဆို လုပ်ဆောင်နိုင်သော အင်အားရှိသည် မဟုတ်လော။

ဆရာမဖန်က အတန်းသားများကို ‌ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။

ကျောင်းက မြို့၏စံပြကျောင်း ဖြစ်လာလျှင် အမှတ်၆၀ အထက်တန်းကျောင်း၏ လုပ်သက်ရင့် ဆရာမ အနေဖြင့် သူမလည်း လစာတိုးလာနိုင်၏။

“ဒီတစ်ပတ်တော့ စံပြကျောင်းအဖြစ် ရွေးချယ်ခံရတဲ့ ကျောင်းတွေက ကျောင်းသားတွေ အချင်းချင်း အတွေ့အကြုံ ဖလှယ်ကြဖို့ရှိတယ်.. ဒါကြောင့်မို့ အမှတ်၅၉ အထက်တန်းကျောင်းကို လေ့လာရေး ခရီးထွက်ဖို့ လက်ရွေးစင် အတန်းက ကျောင်းသား ငါးယောက်ကို ရွေးချယ်မယ်.. လေ့လာရေး ခရီးက ၄ရက် ကြာမြင့်လိမ့်မယ်”

ဆရာမဖန်က စကားဆက် မပြောခင် ခဏမျှ ရပ်တန့်လိုက်သည်။

“အနှစ်ချုပ်အနေနဲ့ ပြောရရင် ကျောင်းအုပ်က ငါတို့ရဲ့လက်ရွေးစင် အခန်း(၁)ကို ကျောင်းသားအကန့်အသတ်နဲ့ လေ့လာရေး ခရီးထွက်ဖို့ ရွေးချယ်ခဲ့တာပဲ”

“လေးရက်လား”

“အမှတ်၅၉ အထက်တန်းကျောင်းမှာ ရင်သားကိတ်တဲ့ အချောလေးတွေ ရှိတယ်လို့ သတင်းကြားထားတယ်”

“ဆရာမဖန်က ငါးယောက်ပဲ ရွေးချယ်မှာလား”

ဟွာကောအုပ်စု၏ ဆက်ခံသူ သခင်မလေးမှာ အရွေးချယ်ခံ ငါးဦး စာရင်းတွင် ပါဝင်ရန် သေချာသလောက် ရှိသည်။

သူမက အမှတ် ၆၀ အထက်တန်းကျောင်း၏ အလှဘုရင်မ ဖြစ်သည့် အပြင် သူမတို့ မိသားစုက ကျောင်း အဆင့်မြှင့်တင်ရန် များစွာ အထောက်အပံ့ ပေးထား၍ သူမ ပါဝင်မည်မှာ ဧကန်မုချပင်။

ကျန်ရှိနေသေးသော လူလေးဦးက မည်သူ ဖြစ်နိုင်သနည်း။

လူတိုင်း ဆွေးနွေးပြောဆိုနေစဉ် ဆရာမဖန်၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွား၏။

သူမက လှပစွာ ပြုံး၍ ပြောလိုက်သည်။

“ဆရာမ နာမည်ခေါ်လိုက်တဲ့ ကျောင်းသားက ကျောင်းက အသိပေးစာ ရမယ်.. ဒီနေ့ည အိမ်ပြနရောက်ရင် အကြောင်းကြားစာမှာ ပါဝင်တဲ့အရာတွေကို ပြင်ဆင်ပါ.. ပြီးရင် QRကုတ်ကနေ We chatကို ဆက်သွယ်လိုက်ပါ”

“ရွေးချယ်ခံရတဲ့ သူတွေက မနက်ဖြန် နံနက်ခင်း ၈နာရီ ကျောင်းပေါက်ဝမှာ လူစုကြမယ်”

လူတိုင်းက ပင့်သက်ရှိုက်လိုက်ကြပြီး ရလဒ်ကို စောင့်ဆိုင်းနေကြသည်။

“စွန်းရုံ”

ဆရာမဖန်က ပထမဆုံး နာမည်ခေါ်လိုက်သည်။

ဤနာမည်က သူတို့အားလုံး ခန့်မှန်းထားပြီးသား ဖြစ်၍ ကျောင်းသားများက မအံ့ဩခဲ့ပေ။

ဤအချိန်က အမှတ်၆၀ အထက်တန်းကျောင်း အနေဖြင့် သူတို့ကျောင်း၏ အလှပဂေးကို ထုတ်ကြွားရမည့် အချိန်လည်း ဖြစ်သည်။

အမှတ် ၆၀ကျောင်း၏ ကျောင်းသား ကိုယ်စားလှယ် အဖွဲ့ကို တခြားကျောင်းများက စွန်းရုံကြောင့်သာ အထင်ကြီး လေးစားကြလိမ့်မည် မဟုတ်ပါလား။

“ချန်းချောင်”

ကျောင်းကိုယ်စားပြု ဖြစ်သောကြောင့် အားကစားပြိုင်ပွဲများ ကျင်းပလျှင် ချန်းချောင်ကို မရှိမဖြစ် လိုအပ်သည်။

“တတိယလူက ကော်ဟောက်”

ဤသည်မှာလည်း ကျောင်းသားများအဖို့ အံ့ဩစရာ မရှိပေ။

ကျောင်းသား ကိုယ်စားလှယ် အနေဖြင့် စကားပြောကြွယ်သူကို လိုအပ်သည်။

နိုင်ငံရေးသိပ္ပံ ကိုယ်စားပြု အနေဖြင့် ကော်ဟောက်ကို ရွေးချယ်သင့်သည်မှာ အမှန်ပင်။

“လင်းရှောင်ယု”

ဖူဂျိုရှီး လင်းရှောင်ယုက တခြားသူများ၏ သတင်းအချက်အလက် စုံစမ်းခြင်းတွင် တစ်ဖက်ကမ်းခတ် ထူးချွန်နေ၍ အဖွဲ့ထဲ ထည့်သင့်သောလူမျိုး ဖြစ်၏။

နောက်ဆုံး တစ်ဦးသာ ကျန်ရှိတော့သည်။

နာမည် မခေါ်ခံရသေးသော ကျောင်းသားများက သူတို့နာမည်ကို ခေါ်ရန် ဆုတောင်းနေကြသည်။

ဝမ်လင်းက ဘယ်သူ့ကို ရွေးချယ်မလဲ ကြိုသိနေသည်။

သူ မျှော်မှန်းထားသည့် အတိုင်း ဆရာမဖန်က နောက်ဆုံး အမည်ကို ကြေငြာလိုက်သည်။

“ဝမ်လင်း”

“ဝမ်လင်းလား.. ဘယ်လိုဖြစ်ရတာလဲ.. သူ့အမှတ်က အလယ်အလတ်ပဲလေ.. ထူးခြားတာလည်း မရှိပါဘူး”

တစ်စုံတစ်ယောက်က လက်မခံနိုင်သော အမူအရာဖြင့် တအံ့တသြ ရေရွတ်လိုက်သည်။

တကယ်တမ်း အများစုက ဤရလဒ်ကို ကျေနပ်မှု မရှိကြပေ။

သို့သော် ဆရာမဖန်က အမှတ် ၆၀ အထက်တန်းကျောင်းတွင် နှစ်ပေါင်းများစွာ ကြာအောင် စာသင်ကြားခဲ့သော ရှေ့ဆောင် ဆရာမတစ်ဦးဖြစ်သောကြောင့် စကားအနည်းငယ်မျှ ပြောရုံဖြင့် ဤအငြင်းပွားမှုကို ဖြေရှင်းနိုင်ခဲ့သည်။

“ကျောင်းသား ဝမ်လင်းက အရည်အချင်းစစ် စာမေးပွဲမှာ SSS အဆင့်ကို ရရှိခဲ့တယ်.. ဒါက ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပဲလေ”

ထိုစကားကို ကြားပြီးနောက် ကျောင်းသားအားလုံးက တုံပြန်ခြင်း မရှိခဲ့ပေ။

အရည်အချင်းစစ် စာမေးပွဲတွင် ဝမ်လင်း၏ ရလဒ်က သူတို့ကို အမှန်တကယ်ပင် တုန်လှုပ်သွားစေခဲ့သည်။

ထိုသို့သော အကြောင်းပြချက်ကြောင့် ဝမ်လင်းကို ကန့်ကွက်ရန် မည်သူမျှ အရည်အချင်း မပြည့်မီတော့ပေ။

“ဟုတ်တယ်.. ငါတို့ကျောင်းက ကံကောင်းခြင်း ဆိုတဲ့ အချက်ကို ယုံကြည်တယ်”

ဆရာဖန်က ပြုံး၍ ပြောလိုက်သည်။

“ပြောရရင် ကျောင်းသားဝမ်လင်းက ငါတို့အမှတ်၆၀ အထက်တန်းကျောင်းရဲ့ လာဘ်ကောင်လေးပဲ”

ဤဖြေရှင်းချက်ကို လူတိုင်းက ချက်ချင်း လက်ခံခဲ့ကြသည်။

ဝမ်လင်း အဖို့ ပြောစရာ စကားမဲ့နေသည်။

“မင်းတို့ကောင်တွေက ကိုယ့်ဦးနှောက်နဲ့ ကိုယ် နည်းနည်းလေးတောင် မစဉ်းစားကြတော့ဘူးလား”

အပိုင်း(၂၄) ပြီး၏။

အပိုင်း(၂၅) မမျှော်လင့်ထားသောဧည့်သည်

ဝမ်လင်းက လေးရက်တာ ကျင်းပမည့် ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲအတွက် သူယူဆောင်လာရမည့် ပစ္စည်း စာရင်းအတိုင်း အထုပ်အပိုး ပြင်ဆင်တော့သည်။

အခြေခံ ကျောင်းသုံးပစ္စည်းများနှင့် အဝတ်အစားများ အပြင် ဓားပျံလဲလှယ် လှုပ်ရှားမှုအတွက် ဝိညာဉ်ဓားတစ်ချောင်းကိုလည်း တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်၏။

ထိုစာရင်းတွင် နောက်ဆုံးစာကြောင်းကို ပိုပြီး သိသာ ထင်ရှားအောင် စာလုံးကြီးကြီးဖြင့် ရေးသားထားသည်။

“ကျောင်းယူနီဖောင်းကို ဝတ်ဆင်လာရမည်”

ဝမ်လင်းက ကျောင်းဝတ်စုံကို လှောင်ပြောင်ရန် ခွန်အားမရှိတော့ပေ။

အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းဝတ်စုံကလည်း သူတို့ကျောင်းထက် ပိုမို ကောင်းမွန်လိမ့်မည်ဟု မယုံပေ။

ယခု လေးရက်တာ ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲတွင် သူ့ကို တခြားသူ သတိမပြုမိအောင် နေထိုင်ရပေမည်။

ဤသည်မှာ သူ၏ တစ်ခုတည်းသော စိုးရိမ်မှုလည်း ဖြစ်သည်။

အဖွဲ့ကို ဦးဆောင်မည့် ဝါရင့်ဆရာသမား ဝမ်နှင့် အခြားလက်ရွေးစင် ကျောင်းသား လေးဦးသည် သူအလွန် သတိထားရမည့် သူ့ပတ်ဝန်းကျင်မှ လူများ ဖြစ်သည်။

သူက မိဘ အသိပေး အကြောင်းကြားစာကို ကြည့်၍ သက်ပြင်းကို လေးကန်စွာ ချလိုက်သည်။

မည်သို့ပင်ဆိုစေ ဤကိစ္စက ကိုင်တွယ်ရ လွယ်ကူမည်မဟုတ်၍ အထူးဂရုစိုက်ဖို့ လိုအပ်ပေသည်။

အသေးအဖွဲ့ အပြုအမူလေး တစ်ခုကပင် တခြားသူများ၏ အာရုံစိုက်မှု နှင့် သံသယကို ပို၍ ဆွဲဆောင်သွားနိုင်သည် မဟုတ်ပါလား။

မိဘများ သဘောတူလက်မှတ်ထိုးရန် လိုအပ်သည့် အကြောင်းကြားစာတွင် သတိထားရမည့် အချက်တချို့ ရှိနေသည်။

ဝမ်လင်းက ညနေစောင်းအချိန်တွင် အိမ်ပြန်ရောက်လာသောအခါ အကြောင်းကြားစာ တစ်စောင်ကို ဖေဖေဝမ်ထံ ချက်ချင်း ပစ်ပေးလိုက်သည်။

ဖေဖေဝမ်က ချက်ချင်းပင် သူ့အိတ်ကပ်ထဲမှ ဘောပင်ကို ထုတ်ကာ သူ့နာမည်ကို ခက်သွက်သွက် ရေးထိုးလိုက်သည်။

“အဖေ မဖတ်တော့ဘူးလား”

ဝမ်လင်း အရမ်းကို အံ့သြသွားသည်။

ပုံမှန်အားဖြင့် ဖေဖေဝမ်က နံနက်ခင်း သတင်းစာများထက်ကျောင်းအသိပေးစာများကို ပို၍ အလေးအနက်ထား ဖတ်ရှုလေ့ ရှိ၏။

“ဒါဟာ ကျောင်းဝင်းပြင်ပ လှုပ်ရှားမှုတစ်ခုပဲလေ.. ဒီစာထဲမှာ ပါတာတွေ အားလုံးက ဘေးကင်းရေး လမ်းညွှန်ချက်တွေနဲ့ သတိထားရမယ့် အချက်တွေပဲ.. ဖတ်စရာ ဘာမှ မရှိပါဘူး.. မင်းကို အနိုင်တိုက်နိုင်တဲ့သူရော ရှိသေးလို့လား”

ဖေဖေဝမ်က ပြောဆိုလိုက်သည်။

သူက အနက်ရောင် မျက်မှန်ကိုင်းကို ပင့်တင်လိုက်ပြီး စားပွဲခုံပေါ်မှ ညနေခင်း သတင်းစာကို ကောက်ယူလိုက်၏။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မင်းတို့ ကျောင်းမှာ အရိပ်လုပ်ကြံသူတွေ အသတ်ခံရတဲ့ သတင်းက တောမီးလို ပျံ့နှံ့သွားခဲ့တယ်.. အဆိုးရွားဆုံး သေဆုံးခဲ့တဲ့သူ တစ်ယောက်ဆို ခန္ဓာကိုယ်တစ်ခုလုံးက အရိုးတွေအားလုံး အပိုင်းပိုင်း ကျိုးသွားပြီး ရွှေအမြုအတေ ပင်ရင်းလည်း ပျက်စီးသွားတယ်လို့ ငါကြားတယ်.. အဲဒါက မင်းရဲ့ လက်ချက်ပါလို့ ငါ့ကို မပြောတော့ဘူးလား”

ဝမ်လင်း သူ့ကို ဘာမှ ပြန်မပြော၍ ဖေဖေဝမ်က သက်ပြင်းချလိုက်သည်။

“ဒီတစ်ခေါက် အဖြစ်အပျက်က ပုံမှန် မဟုတ်တဲ့ အခြေအနေပဲ.. နောက်တစ်ခါဆို နည်းနည်း သတိထားပါ သား”

ဝမ်လင်းက သူ့လက်ကို လေထဲ မြှောက်လိုက်ပြီး

“သူက ကျွန်တော့်ကို အရင်တိုက်ခိုက်ခဲ့တာလေ.. ကျွန်တော်က လုံးဝ ပြန်မတိုက်ခိုက်ခဲ့ပါဘူး”

ဟု ပြောလိုက်သည်။

ဖေဖေဝမ်က သတင်းစာကို အောက်ချထားလိုက်ပြီး သက်ပြင်းချကာ ဝမ်လင်းကို လေးနက်စွာ ပြောဆိုသည်။

“သူကိုယ်တိုင်က ကိုယ့်သေတွင်း ကိုယ်တူးသွားပေမဲ့လည်း အခုကစပြီး မင်းကိုယ်မင်း ထိန်းချုပ်ရမယ်”

“မင်းဒုက္ခပေးလိုက်လို့ မှုခင်းရဲတွေက ခန္ဓာကိုယ် အပိုင်းအစတွေကို တစ်ခုချင်း လိုက်ကောက်ပြီး ရုပ်လုံးပေါ်အောင် ပြန်ဖော်ရတော့မယ်”

“ထားလိုက်ပါ.. လင်းလင်းလေး အတွက် စွမ်းအင် ထိန်းချုပ်ရတာ အရမ်း ခက်ခဲနေမှာပဲလေ.. တန်ပြန် သက်ရောက်တဲ့ စွမ်းအင်သာ မရှိခဲ့ရင် အခုလို အနေအထားတောင် ကျန်ခဲ့ပါ့မလား”

မေမေဝမ်က ငါးစွပ်ပြုတ်ခွက်ကို ကိုင်ဆောင်လာပြီး မီးဖိုချောင် အပြင်ဘက်သို့ ထွက်လာသည်။

“ရှင်တို့နှစ်ယောက်စလုံး ညစာစားဖို့ အဆင်သင့်ပဲလား”

ဝမ်လင်းက ငါးစွပ်ပြုတ် ဟင်းရည်ကို အချိန်အတော်ကြာ ငေးစိုက်ကြည့်နေမိသည်။

“ပင်လယ်စာဟင်းချိုလား”

ဟင်းချိုက သိပ် အရသာ မရှိသော်လည်း ထူးထူးခြားခြား ဈေးကြီးနေခြင်းကို ဝမ်လင်း မှတ်မိနေသည်။

မေမေဝမ်က ဧည့်သည် မရှိလျှင် ဤကဲ့သို့ စျေးကြီးသောဟင်းချိုကို တစ်ရာသီတွင် တစ်ကြိမ်သာ ချက်ပေလိမ့်မည်။

ဝမ်လင်းက ဘာမှပြန်မပြောသော်လည်း သူ့မျက်နှာ အမူအရာကို ကြည့်ရုံဖြင့် မေမေဝမ် သဘောပေါက်လိုက်သည်။

“မင်အာ ဒီနေ့လာလည်မယ်.. သူ့ကို ညစာစားဖို့ အမေ ဖိတ်ထားတယ်.. ဒါပေမဲ့ အရေးတကြီး ကိစ္စပေါ်လာလို့ သူ ချက်ချင်း ပြန်သွားခဲ့တယ်.. ဒီပင်လယ်စာဟင်းချိုကို ၈နာရီလောက် ကြာအောင် ချက်ခဲ့ရတာ နှမြောစရာပဲ.. မင်အာ မရှိတော့ဘူး ဆိုတော့ ဒီနေ့ ညစာကို ရှင်တို့သားအဖတွေ အားရပါးရ ပိုစားလို့ရပြီ”

ဝမ်လင်း “……….”

စိတ်အနှောင့်အယှက် ပေးသောသူ ရောက်လာခဲ့သည်လော။

မင်အာ ဆိုသည်မှာ ဝမ်လင်း၏ တစ်ဝမ်းကွဲ ညီအစ်ကို ဝမ်မင် ဖြစ်သည်။

ဝမ်မင်က ဝမ်လင်း နှင့် ခြားနားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

သူတို့နှစ်ဦးစလုံးတွင် မွေးရာပါ စွမ်းရည်များက တုနှိုင်းမရအောင် အညီအမျှ ရှိကြ၏။

ဝမ်မင်က အသက်၂၂ အရွယ်တည်းက သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီကျောင်း၏ အသက်အငယ်ဆုံး အဖွဲ့ဝင်လည်း ဖြစ်သည်။

ဝမ်မင်က အသက် ငယ်ရွယ်သေးသော်လည်း အလွန် ထူးချွန်လွန်း၍သာ ထိုအဖွဲ့အစည်းက ခြွင်းချက်အနေဖြင့် ဝင်ခွင့်ပြုလိုက်ခြင်း ဖြစ်၏။

ယနေ့အချိန်အထိ ဝမ်မင်၏ ဖြစ်တည်မှုကို လူသိရှင်ကြား ချမပြဘဲ နိုင်ငံတော် လျှို့ဝှက်ချက် အဖြစ် ထားရှိကာ တိတ်တဆိတ် တာဝန် ထမ်းဆောင်စေခဲ့သည်။

ဟွားရှို့နိုင်ငံ၏ စစ်တပ်အင်အားစု အတွက် ဝမ်မင်၏ ဦးနှောက်က ကောင်းကင် လက်နက်များထက်ပင် ပို၍ ကြောက်စရာ ကောင်းသည်။

ဤအချက်ကို သက်သေ သာဓကပြရလျှင် ဝမ်လင်း၏ လက်မောင်းပေါ်မှ တာအိုအဆောင် အစီအရင်ကို သာဓက အနေဖြင့် ပြရမည်သာ။

ထို တာအိုအစီအရင်ကို ဝမ်လင်းက ရှေးဟောင်းကျမ်းစာများကို ကိုးကားပြီး ရေးဆွဲထားသော်လည်း ဝမ်မင်က သူဖန်တီးထားသော အနက်ရောင် သိပ္ပံနည်းပညာဖြင့် ပေါင်းစပ်ပေးခဲ့သည်။

ဆိုရလျှင် တာအိုအဆောင်က ဟွားရှို့နိုင်ငံ၏ အတိုးတက်ဆုံး သိပ္ပံပညာ နှင့် ကျင့်ကြံရေး အခြေခံ စည်မျဉ်းများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ဤသိပ္ပံနည်းကျ ဖန်တီးမှုဖြင့် ပေါင်းစပ်ထားသောကြောင့် ဝမ်လင်း၏ တာအိုအဆောင် အစီအရင်က ပိုမို အားကောင်းလာခဲ့ပြီး ဝမ်လင်း၏ အရှိန်အဝါကို ထိန်းချုပ်နိုင်ခဲ့သည်။

ဝမ်လင်းက သူ့ဖြစ်တည်မှုကို ဖုံးကွယ်ထားနိုင်သော အကြောင်းအရင်းမှာ ဝမ်မင်၏ အကူအညီကြောင့် ဖြစ်၏။

သို့သော် ဝမ်လင်းက သူ့ဝမ်းကွဲအစ်ကို အပေါ် အလွန်ကောင်းမွန်သော ထင်မြင်ချက် မရှိခဲ့ပေ။

ဝမ်မင်က အတော်လေး ခေါင်းမာပြီး ခံနိုင်ရည် မြင့်မားသူ တစ်ယောက် ဖြစ်သည်။

သူ့ကိုယ်သူ ကျရှုံးအောင် ဘယ်တော့မှ ခွင့်မပြုခဲ့ချေ။

ဝမ်လင်းက ခြောက်နှစ်သား အရွယ်ကတည်းက ပျံသန်းနိုင်ခဲ့ပြီး ဆယ့်နှစ်နှစ်သား အရွယ်တွင် ဝမ်မင်ကို ပါးရိုက်ခဲ့ဖူးသည်။

ဝမ်မင်က ထိုအဖြစ်အပျက်ကို အမြဲနှလုံးသွင်းခဲ့ပြီး အခွင့်အရေးရတိုင်း ဝမ်လင်းကို အမြဲစိန်ခေါ်ခဲ့၏။

သို့တိုင် ဝမ်လင်းကို တစ်ကြိမ်မှ အနိုင်မရခဲ့ချေ။

ထိုသို့ စိန်ခေါ်သည့် ကာလများ အတွင်း ဝမ်လင်း၏ လက်မောင်းပေါ်တွင် ရေထိုးထားသော တာအိုအစီအရင်ကို အဆက်မပြတ် အဆင့်မြှင့်တင်ပေးခဲ့ပြီး ဝမ်လင်း၏ စွမ်းအားများကို ကန့်သတ်ထားခဲ့သည်။

ထိုသို့ ပြုလုပ်သည့်တိုင် အဆုံးသတ်တွင် ရှုံးနိမ့်သူမှာ ဝမ်မင် ဖြစ်နေဆဲပင်။

အသေးအမွှား ကတောက်ကဆ ဖြစ်တိုင်း စိန်ခေါ်တတ်သော ဝမ်မင်ကြောင့် ထိုအမည်ကို ကြားတိုင်း ဝမ်လင်း စိတ်ရှုပ်ရသည်။

ဝမ်မင်က ဤကဲ့သို့ ကလေးဆန်သော အပြုအမူများကို မည်သည့်အချိန်မှ ရပ်တန့်မလည်း သူမသိပေ။

မည်သို့ပင်ဖြစ်စေ ဝမ်မင်က ဝမ်လင်းကို စေတနာထား၍ တာအိုအဆောင် အစီအရင် အဆင့်မြှင့်တင်ရန် အချိန်ရှိခိုက် ကြိုးစားနေခဲ့သည်။

ထို့ကြောင့် ဝမ်လင်း၏ မိဘများက ကလေးအချင်းချင်း ကတောက်ကဆ ဖြစ်လေ့ရှိသည့် အသေးအမွှားကိစ္စ များထဲတွင် ဝင်မပါခြင်း ဖြစ်သည်။

ဝမ်လင်းက သူ့မိဘနှစ်ပါးကို ငေးစိုက်ကြည့်လိုက်သည်။

“အမေတို့ တွေးတာ မှန်တယ်.. သူက အချိန်တွေ အရမ်းပေါနေလို့ ကျွန်တော့်အတွက် စိတ်ပူဖို့ အချိန်ရတာပေါ့”

ဖေဖေဝမ်က မေမေဝမ်ကို အပြစ်တင်ဟန် ကြည့်လိုက်သည်။

“မင်အာ အိမ်လာလည်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူးလေ.. အိမ်မှာ အိပ်ဖို့ မခေါ်ထားလိုက်ဘူးလား.. ဒီကလေး အိမ်လာမလည်တာလည်း ကြာပြီ မဟုတ်လား”

“မင်အာက အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်နေရတယ်လေ.. သူ့ကို အိမ်မှာနေဖို့ ဖျောင်းဖျလို့ ရပါ့မလား”

မေမေဝမ်က အနည်းငယ် နောင်တရဟန်ဖြင့် ပြောလိုက်သည်။

“နောက်တစ်ခေါက် အိမ်လာလည်ရင် တစ်ညတည်းဖို့ ပြောလိုက်ပါ့မယ်.. လင်းလင်းနဲ့ အတူတူ အိပ်ခိုင်းလိုက်မယ်လေ.. ဘာပဲဖြစ်ဖြစ် သူတို့က နှလုံးသားချင်းနီးစပ်တဲ့ ညီအစ်ကိုတွေပဲ”

“……….”

ဝမ်လင်းက အမှန်တကယ်ပင် ထအော်ချင်လာသည်။

သို့သော်လည်း ဖေဖေဝမ်က ပြဿနာကို ရုတ်ခြည်း သဘောပေါက်သွားသည်။

“အိုး မဟုတ်ဘူး.. မဖြစ်သေးဘူး.. လင်းလင်းနဲ့ အတူတူ အိပ်ခိုင်းလို့ မဖြစ်ဘူး.. ငါတို့ လင်းလင်းလေးက အိပ်နေရင်း ထယောင်ပြီး မင်အာကို ဆောင့်ကန်မိမှဖြင့် မင်အာ အသက်ထွက်သွားရင် ငါတို့ ဘယ်လို ‌ဖြေရှင်းကြမလဲ”

“………..”

“နှစ်ယောက်စလုံး တော်သင့်ပြီ”

‌ဝမ်မောင်နှံနှစ်ဦး ရောက်တတ်ရာရာ လျောက်ပြောပြီးနောက် ဖေဖေဝမ်က လိုရင်းကို အဓိကထား ပြောတော့သည်။

“မင်အာ အိမ်လာလည်ရတဲ့ အကြောင်းအရင်းကို သိလား.. သူက ဘာလို့ ထူးထူးခြားခြား အိမ်လာလည်တာလဲ”

မေမေဝမ်က ချက်ချင်း သူ့ခေါင်းသူ လက်ဖြင့် ခပ်ဖွဖွ ရိုက်လိုက်သည်။

တကယ် ပြဿနာရပ်ကို သူမ မေ့လျော့နေခဲ့သည်။

မေမေဝမ်က ဝမ်လင်းကို ကြည့်ပြီး မေးမြန်းလိုက်သည်။

“လင်းလင်းလေး.. မင်းရဲ့ တာအို မန္တန်က ဘယ်နှစ်နှစ်လောက် ကြာကြာခံဦးမှာလဲ”

ဝမ်လင်းက လွန်ခဲ့သည့် တစ်နှစ်ခွဲနီးပါးက မန္တန် ပြောင်းလဲခဲ့ခြင်းကို အမှတ်ရသွားသည်။

သူ့လက်ချောင်းလေးများဖြင့် ရေတွက်လိုက်ပြီး နောက်တွင် မန္တန်၏ သက်တမ်းက အနည်းဆုံး ၃ရက်မှ အများဆုံး ငါးရက်သာ ကျန်ရစ်တော့ကြောင်း သိလိုက်သည်။

ထို့နောက် မန္တန်၏ ဝိညာဉ်စွမ်းအား အလုံးစုံ ကုန်ဆုံးသွားလိမ့်မည်။

ထိုအချိန်တွင် သူ၏ အရှိန်အဝါက လူအများရှေ့၌ ထင်သာမြင်သာ ဖြစ်သွားနိုင်သည်။

ထိုအတိုင်းသာ ဖြစ်ခဲ့လျှင် ဘာဆက်ဖြစ်နိုင်မလည်း ဝမ်လင်း ကိုယ်တိုင် အသေအချာ မသိခဲ့ပေ။

“မင်းမှာ အချိန်က သုံးရက်ကနေ ငါးရက်ပဲ ကျန်တော့တယ်မဟုတ်လား.. မွမ်းမံထားတဲ့ တာအိုအဆောင်ကို ဒီတစ်ပတ်အတွင်း တတ်နိုင်သမျှ အမြန်ဆုံး ပို့ပေးလိမ့်မယ်လို့ မင်အာက မှာသွားခဲ့တယ်”

မေမေဝမ်က ရုတ်တရက် အနည်းငယ် စိုးရိမ်သွားသည်။

ဝမ်လင်း၏ အရှိန်အဝါကို မထိန်းချုပ်နိုင်ခဲ့သည့် နောက်ဆုံးအကြိမ်က ဆိုလျှင် လျှပ်စီးကြောင်းကြောင့် စတားမြို့ တစ်မြို့လုံး ၁၀ရက်ကြာ မီးပျက်ခဲ့ဖူးသည်။

“လောလောဆယ်တော့ ဘာပြဿနာမှ မဖြစ်သေးပါဘူး”

ဖေဖေဝမ်က မေမေဝမ်ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ ပြောလိုက်သည်။

“မင်းတကယ် စိုးရိမ်ရင် ကျင်းခယ့်ကို လင်းလင်းနဲ့ အတူတူ ထည့်ပေးလိုက်လေ”

ကျင်းခယ့် ဆိုသည်မှာ ဖေဖေဝမ် ဝယ်ပေးသော ဒုတိယမြောက်ဓား ဖြစ်သည်။

ဝမ်လင်း တစ်နှစ်သား အရွယ်ခန့်တွင် ပထမဦးဆုံး ဝယ်ပေးသော မှော်ဓားကို ဖျက်ဆီးပစ်ခဲ့ပြီးနောက် ရရှိလာသောဓား ဆိုလည်းမမှားပေ။

ဤဓားက ဝမ်လင်း ငယ်စဥ်ကတည်းက စာချုပ်ချုပ်ဆိုထားသည့် ပထမဆုံး ဓားဝိညာဉ် ဖြစ်သည်။

ဤဝိညာဥ်ဓားကို အနည်းငယ် ထူးခြားသော ပစ္စည်းများဖြင့် ဖန်တီးထားခဲ့သည်။

ဆိုရလျှင် ထိုဓားက ရွှေ၊ ငွေ၊ ကြေး၊ သံများဖြင့် ဖွဲ့စည်းထား ခြင်း မဟုတ်ဘဲ သစ်သားနှင့် ဖန်တီးထားသော ဓားသေးသေးလေး တစ်လက်သာ ဖြစ်၏။

အပိုင်း(၂၅) ပြီး၏။

အပိုင်း(၂၆) အသားစားပုဇွန်လေးများ၏ နေ့စဥ်ဘဝ

သစ်သားဓားငယ်‌လေးတွင် ထူးခြားသော မူလဇစ်မြစ် ရှိသည်။

ထိုဓားကို ဖေဖေဝမ်က ပန်းငှက်ဈေးမှ ၉၉၈ ယွမ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်၏။

ဝမ်လင်းက အသက်၃နှစ် အရွယ်ခန့်တွင် ဤဓားကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဆိုလည်းမမှားပေ။

သစ်သားဓားငယ်လေးက သူနှင့် ငယ်စဉ်တည်းက အတူတူ ရှိခဲ့ပြီး ထူးကဲသော ခံစားချက်ကို အမြဲတမ်း ဖြစ်ပေါ်စေခဲ့သည်။

ယခုတော့ ဝမ်လင်း၏ အသက်က ၁၆နှစ် ရှိပြီ ဖြစ်၍ သစ်သားဓားငယ်က သူနှင့် အတူတကွ ရှိနေသည်မှာ ၁၃နှစ်တိုင် ကြာခဲ့လေပြီ။

သစ်သားဓားက လမ်းဘေးဆိုင်မှ ဖေဖေဝမ် ဝယ်ခဲ့သော ကုန်ပစ္စည်းတစ်ခုမျှသာ ဖြစ်သော်လည်း အံ့ဩဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းသည်။

ဓားကို မက်မွန်သားဖြင့် တည်ဆောက်ထားသော်လည်း ဝမ်လင်း မမြင်နိုင်သော ထူးခြားသော ပစ္စည်းများ ပါဝင်သေးပုံရ၏။

ဓားငယ်လေး၏ ထူးခြားသော စွမ်းရည်မှာ ဝမ်လင်း၏ စွမ်းရည်ကို ကန့်သတ်နိုင်ခြင်း ဖြစ်သည်။

ဈေးကွက်တွင် ရောင်းချနေသော နာမည်ကျော် ဝိညာဉ်ဓားများသည် တန်ဖိုးမဖြတ်နိုင်သော ကုန်ပစ္စည်းများဖြင့် ဖန်တီးထားသော်လည်း ဝမ်လင်း၏ သာမန် သစ်သားဓားကို ယှဉ်နိုင်စွမ်း မရှိကြပေ။

သာမန် သစ်သားဓားလေးက ဝမ်လင်း၏ စွမ်းအားကို ထိန်းချုပ်ထားနိုင်သည်မှာ အံ့ဩဖွယ်ရာပင်။

ဤဓားငယ်လေးကို ဝမ်လင်းကြောင့် ပျက်စီးမှုကို အနည်းဆုံးနှုန်းသို့ လျော့ချပေးနိုင်သော ပစ္စည်းဟု တင်စားသော် လွန်အံ့မထင်။

ကမ္ဘာခြားဂိတ်ကြီးမှ ဝမ်လင်း ပြန်လာသည့် လွန်ခဲ့သော ခြောက်နှစ်ခန့် အချိန်မှစပြီး ‌သစ်သားဓားငယ်လေးတွင် ဓားဝိညာဉ် မွေးဖွားလာခဲ့ခြင်း ဖြစ်၏။

ထိုဖြစ်ရပ်က အံ့အားသင့်ဖွယ်ရာ ဖြစ်ပြီး ဓားဝိညာဉ်၏ အမည်မှာ ကျင်းခယ့် ဖြစ်သည်။

………………

ယမန်နေ့ညတွင် ဝမ်လင်းက သူ့ အခန်း တစ်ခန်းလုံးကို လှန်လှော ရှာဖွေခဲ့ပြီး သူ၏ ဉာဏ်ရည်မြင့် လက်ပတ်နာရီကို ရှာဖွေခဲ့သည်။

ဝမ်လင်းက အီလက်ထရောနစ် လက်ပတ်နာရီများ၏ ကောင်းကျိုးကို အပြည့်အဝ မခံစားနိုင်ခဲ့ပေ။

ထို့ကြောင့် လက်ပတ်နာရီများကို အသုံးမပြုဘဲ ပစ်ပယ်ထားလေ့ ရှိသည်။

အကြောင်းမူကား သူ့ခံစားချက်ကို မထိန်းချုပ်နိုင်လျှင် သံလိုက်စက်ကွင်းက လက်ပတ်နာရီကို အကျိုး သက်ရောက်စေကာ ပျက်စီးစေသောကြောင့်ပင်။

နောက်ထပ် အရေးကြီးသော အကြောင်းအရင်းမှာ ဝမ်မင် ဖန်တီး ပေးထားသော လက်ပတ်နာရီ ဖြစ်၍ မသုံးဘဲ ပစ်ထားခြင်း ဖြစ်၏။

တခြား စမတ်ကျသော ထုတ်ကုန်များနှင့် ယှဉ်လိုက်လျှင် ဝမ်မင် ဖန်တီးသော ထုတ်ကုန်များကို ဝမ်လင်းက အလွယ်တကူ မဖျက်ဆီးနိုင်ပေ။

ဝမ်မင်က ဝမ်လင်ကို လက်ဆောင် ပေးသည်ဟု ပြောသော်လည်း ဝမ်မင်၏ မျက်နှာအမူအရာကို တစ်ချက် ကြည့်ရုံဖြင့် ဝမ်လင်းက ဝမ်မင်၏ အကြံအစည်ကို ကောင်းကောင်းကြီး သဘောပေါက်သည်။

ဝမ်မင်က ဝမ်လင်းကို ငယ်ငယ်တည်းက ယှဉ်ပြိုင်ခဲ့သူ ဖြစ်၏။

ဝမ်မင် လက်ဆောင်ပေးသော လက်ပတ်နာရီတွင် စောင့်ကြည့်သော ဆော့ဖ်ဝဲလ်ကို လျှို့ဝှက်စွာ တပ်ဆင်ထားသည်။

ထိုဆော့ဖ်ဝဲလ်က ဝမ်လင်း၏ နေ့စဉ်လှုပ်ရှားမှုကို ဝမ်မင်ထံ ပေးပို့သည်။

ဝမ်လင်းက စိတ်ထင်ရာ စွပ်စွဲခဲ့ခြင်း မဟုတ်ဘဲ သူ့အသက်၁၅နှစ် မွေးနေ့တွင် ဝမ်မင်၏ စိတ်ကို ဖတ်ခဲ့ရာမှ သိရှိခဲ့ခြင်း ဖြစ်၏။

ဝမ်လင်းက လက်ပတ်နာရီကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ သုန်မှုန်သော မျက်နှာ အမူအရာဖြင့် ဝတ်ဆင်လိုက်သည်။

ကျောင်းပြင်ပ လေ့လာရေး ခရီးစဉ် ရှိ၍သာ လက်ပတ်နာရီ၏ အစီအရင်ကို အလုပ်လုပ်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

၎င်းကို VRနည်းပညာဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ဝမ်လင်းက လက်ပတ်နာရီကို မည်သို့ အသုံးပြုရမလည်း သိနေခဲ့သည်။

လက်ပတ်နာရီ၏ လုပ်ဆောင်ချက်က အတိတ်က နာမည်ကျော်ခဲ့သော စမတ်ဖုန်းများနှင့် တူညီသည်။

လက်ပတ်နာရီအတွင်း ဆော့ဖ်ဝဲ သွင်းထားသည်။

ဝမ်လင်းက လေထဲ ပေါ်နေသော ဖန်သားပြင်ထဲမှ ဆော့ဝဲလ်များကို ကြည့်လိုက်ပြီး “WeChat” icon ပေါ်သို့ အာရုံစိုက်လိုက်သည်။

(we chat= ဖေ့ဘုတ်နှင့် ဆင်တူသော တရုတ်လူမှုကွန်ယက်)

သူက အက်ပလီကေးရှင်း(app) စာမျက်နှာထဲ အလွန်လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

ဝမ်လင်းက WeChatကို ပထမဆုံး အကြိမ် အသုံးပြုခြင်းတော့ မဟုတ်ပေ။

သူက အီလက်‌ထရောနစ် ထုတ်ကုန်များ၏ သဘာဝရန်သူ မဟုတ်ခဲ့လျှင် WeChat အသုံးပြုသူ ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။

သူ ယခင်က မှတ်ပုံတင်ခဲ့သော အကောင့်ကို စဉ်းစားလိုက်ပြီး ထိုအကောင့်ထဲသို့ ဝင်ရောက်ကာ ကျောင်းမှ ဖွဲ့စည်းပေးထားသည့် Wechat ဂရု ထဲသို့ ဝင်ရောက်လိုက်သည်။

သိပ်မကြာခင်မှာပင် စနစ်ထံမှ သတိပေးစာ ဝင်ရောက်လာသည်။

(အသုံးပြုသူ “လင်း” က “အသားစားပုဇွန်လေးများရဲ့ နေ့စဥ်ဘဝ ချက်တင် ဂရုထဲကို ဝင်ရောက်လာပါတယ်)

(အဖွဲ့ဝင် တစ်ယောက်နဲ့မှ မိတ်ဆွေ မဟုတ်လို့ သတင်းအမှားတွေ နဲ့ အကောင့် ခိုးယူခံရနိုင်မှုကို သတိပြုပါ)

အဖွဲ့ဝင်များ၏ အမည်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မနက်ဖြန် ကျောင်း အချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲသို့ တက်ရောက်ကြမည့် အဖွဲ့ဝင်အားလုံး ထိုဂရုထဲ ဝင်ထားကြောင်း သိလိုက်သည်။

သူက ဂရုထဲကို နောက်ဆုံး ဝင်ရောက်လာသော အဖွဲ့ဝင် ဖြစ်နေ၏။

စွန်းရုံ”………”

လင်းရှောင်ယု

“အတန်းဖော် ဝမ်လင်းက ငါတို့ ဂရုထဲ ဝင်လာတာလား”

ချန်းချောင်

“ရိုးရှင်းတဲ့ နာမည်ကို ကြည့်လိုက်တာနဲ့ အတန်းဖော် ဝမ်လင်းမှန်း သိသာတယ်.. ဒါက ဝမ်လင်းရဲ့ စတိုင်ပဲလေ.. ဟယ်လို”

ဝမ်လင်းက ပေါ်လာသော စာများကို ဖတ်ရှုပြီး စာချန်သည့် အမှတ်အသား ပေးပို့လိုက်သည်။

(………..)

ကော်ဟောက်က ဟာသပုံ စတေကာ ပို့လိုက်သည်။

“အစက်ချ အမှတ်သား ပို့လိုက်ကတည်းက အတန်းဖော် ဝမ်လင်း ဆိုတာ သေချာသွားပြီ”

ဝမ်လင်းက စာချန်သည့် အမှတ်အသား ထပ်ပို့လိုက်သည်။

(…………)

we chat ဂရု တစ်ခုလုံး အပ်ကျသံပင် မကြားရသည် အထိ တိတ်ဆိတ်သွားသည်။

နှစ်ပတ်ကြာ ကျောင်းတက်ပြီးနောက် အတန်းသား အများစုက ဝမ်လင်း၏ ဆိတ်ဆိတ်နေတတ်သော အပြုအမူဖြင့် ကျင့်သားရနေ၏။

ကော်ဟောက်နှင့် ဝမ်လင်းက ခုံချင်း ကပ်လျက် ထိုင်ရသော်လည်း စာသင်နှစ် အစတည်းက စကား ၁၀ခွန်း ပြည့်အောင်ပင် မပြောဖူးပေ။

ယခုလည်း အွန်လိုင်း စကားပြောဝိုင်းက ကို့ရို့ကားရား နိုင်လောက်အောင် တိတ်ဆိတ်နေပြန်သည်။

ယင်းအချိန်တွင် ဝါရင့်ဆရာသမား ဝမ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ကျောင်းသားအားလုံး မနက်ဖြန် နံနက် ၈နာရီ ကျောင်းဂိတ်မှာ လူစုပေးပါ”

အားလုံးက တစ်ပြိုင်နက်တည်း အိုကေ သင်္ကေတ ပြလိုက်သည်။

စွန်းရုံ “အားလုံးမှာ ဝိညာဉ်ဓား အသင့်ရှိတယ် မဟုတ်လား”

ဝါရင့်ဆရာသမားက မျက်နှာကို လက်ဝါးဖြင့် အုပ်သော အီမိုဂျီ ပို့လိုက်သည်။

“ကျောင်းသူစွန်းရုံ ပြောတာ မှန်တယ်.. ဒီတစ်ခေါက် ကျောင်းသုံးကျောင်း တွေ့ဆုံပွဲမှာ ဝိညာဉ်ဓားချင်း ပညာဖလှယ်တာ အရေးကြီးဆုံးပဲ.. ဒီတွေ့ဆုံပွဲကို ကျောင်းတစ်ကျောင်းချင်းစီရဲ့ ခေါင်းဆောင်တွေရော မြို့ရဲ့ ခေါင်းဆောင်တွေရော လာမှာဆိုတော့ အားလုံးက သင့်လျော်တဲ့ ဝိညာဉ်ဓားကို ယူလာခဲ့ကြပါ”

ယခုနှစ် ပညာသင်နှစ်အတွက် ကျောင်းတက်ရက်က နှစ်ပတ်မျှသာ ရှိသေးပြီး ဝိညာဉ်ဓား သင်ခန်းစာ အချိန်က စုစုပေါင်း ၃ချိန်ပင် မပြည့်ခဲ့ပေ။

သို့သော် ကျောင်းသားများမှာ ‌ဝိညာဉ်ဓား လေ့ကျင့်ခြင်း ပညာရပ်ကို ငယ်စဉ်ကတည်းက စတင် လေ့ကျင့်ခဲ့ကြသည်။

ဓားဝိညာဉ်နှင့် စာချုပ် ချုပ်ဆိုပြီးနောက် သင့်လျော်သော ဝိညာဉ်ဓား ဖြစ်လာရန် အနည်းဆုံး ငါးနှစ် အချိန်ယူ၍ နားလည်မှု ယူပြီးမှ အသုံးပြုနိုင်သည်။

ထို့အပြင် ဝိညာဉ်ဓားမှ ဓားဝိညာဉ် မွေးဖွားရန်မှာ အင်မတန် ခက်ခဲ၏။

အသုံးပြုသူက စိတ်ရှည်သည်းခံ၍ ဂရုစိုက်ပေးရန် လိုအပ်သည်။

တကယ်တမ်း ဈေးကွက်တွင် ရောင်းချနေသော ပထမတန်းစား ဓားများ နှင့် အင်မော်တယ်ဓားများမှာ နည်းပညာအကူအညီဖြင့် ဖန်တီးထားခြင်းသာ ဖြစ်၏။

သို့သော် သဘောဝ အ‌လျောက် ဖန်တီးထားသော ဝိညာဉ်ဓားများ နည်းတူ လိုက်လျောညီထွေ ရှိပြီး အင်အားကြီးသည့်အချက်ကမူ ငြင်းဆန်၍ မရပေ။

လျင်မြန်ဖျတ်လက်သော ချန်းချောင်က ဓာတ်ပုံ ကောက်တင်လိုက်သည်။

ယင်းမှာ ချန်းချောင် လက်ရှိ အသုံးပြုနေသော ဝိညာဉ်ဓား၏ ဓာတ်ပုံဖြစ်သည်။

အနီရင့်ရောင် ဓားအိမ်က အသုံးပြုသူ၏ သွေးဆူလွယ်သော အပြုအမူကို ဖော်ဆောင်နေသည်။

ချန်းချောင်

“ဓားနာမည်က စူပါ ခွန်အားလို့ ခေါ်တယ်.. ငါ့အသက် ၁၀နှစ်ပြည့် မွေးနေ့တုန်းက ငါ့မိဘတွေ မွေးနေ့လက်ဆောင် ပေးထားတာပဲ…ငါတို့တွေ အတူတကွ ရှိနေတာတော့ ၆နှစ်ရှိပြီ”

ဝါရင့်ဆရာသမားက လက်မထောင်သော အီမိုဂျီ ပို့လိုက်သည်။

“စူပါ ခွန်အားလား.. ဓားနာမည်က ချန်းချောင်ရဲ့ စူပါချန်း ဆိုတဲ့ နာမည်ပြောင်နဲ့ ကိုက်ညီသားပဲ.. ဓားအိမ် တောက်ပြောင်နေတာကို ကြည့်ရုံနဲ့ ချန်းချောင်က သူ့ရဲ့ ​ဝိညာဉ်ဓားကို ဘယ်လောက်ထိတောင် ဂရုစိုက်မှန်း သိသာတယ်”

“ဆရာက ကျွန်တော့်ကို မြှောက်နေပြန်ပြီ…”

ချန်းချောင်က သက်ပြင်းချသော အီမိုဂျီ ပို့လိုက်သည်။

“ဒါပေမဲ့ ကျွန်တော့်ဓားက ဓားဝိညာဉ် မမွေးဖွားသေးဘူး”

“ဓားဝိညာဉ် မွေးတာက တစ်ညတည်းနဲ့ လုပ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ.. ချန်းချောင် မင်းက အရမ်း စေ့စပ်ပြီး စိတ်ရှည်တော့ အဲဒီနေ့ ရောက်လာဖို့ သိပ်မဝေးတော့ပါဘူးကွာ”

ချန်းချောင်ကို ချီးမွမ်းပြီးနောက် ဝါရင့်ဆရာသမား ဝမ်က သူ့နေ့စဉ် ပို့ချချက်ကို စတင်လိုက်သည်။

“ဓားဝိညာဉ် မွေးတာက လူတိုင်း စိတ်ရှည်ရမယ့် ကိစ္စပဲ…မစွန့်စားဘဲနဲ့ လွယ်လွယ် အရှုံးမပေးလိုက်နဲ့.. ဝိညာဉ်ဓားမှာ ဓားဝိညာဉ် ရှိနေတာက အသက်ဝိညာဉ် ရှိသလိုပဲ.. အဲဒီ ဓားဝိညာဉ်ကို ပုံမှန်ကျင့်ကြံသူ အဖြစ် အဆင့်မြှင့်နိုင်တယ်.. ဒါကြောင့်မို့လည်း ဓားဝိညာဉ် အလွယ်မွေးဖွားလို့ မရအောင် သဘာဝတရားက ကန့်သတ်ထားတာပေါ့.. ဖန်တီးထားတဲ့ ဝိညာဉ်ဓားတွေကတော့ ကြိုတင် သတ်မှတ်ထားပြီသား ဖြစ်နေလို့ အဆင့်မြှင့်တင်လို့ မရဘူး”

“အော်.. အဲဒီလိုလား.. ဆရာ ထပ်ပြောပြပါဦး”

ချက်ဂရု ထဲမှ ကျောင်းသားများက ပိုမို စိတ်ဝင်စားလာသည်။

ဝါရင့်ဆရာသမား ဝမ်က အသံမက်ဆေ့လ်ဖြင့် စိတ်ရှည်ရှည် ရှင်းပြလိုက်သည်။

“မင်းတို့ လက်ရှိ သင်ကြားနေတဲ့ ဝိညာဉ်ဓား သင်ခန်းစာက ဝိညာဉ်ဓား ထိန်းသိမ်းနည်း အခြေခံပဲ ရှိပါသေးတယ်.. ဓားပျံသုံးနည်း နဲ့ ဓားဝိညာဉ် ဖန်တီးခြင်း အတတ်တွေကိုတော့ တက္ကသိုလ် ရောက်မှပဲ သင်ပေးမှာလေ.. မင်းတို့ရဲ့ လက်ရှိတာဝန်က မင်းတို့ရဲ့ ဝိညာဉ်ဓားကို ကောင်းကောင်း စောင့်ရှောက်ဖို့ပါပဲ”

အပိုင်း(၂၆) ပြီး၏။

အပိုင်း(၂၇) ဉာဏ်များသောကျောင်းအုပ်ကြီးချန်း

ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံပွဲတွင် ကျောင်းတစ်ကျောင်းချင်းစီ၏ ကျောင်းသားများသည် ပြိုင်ပွဲအမျိုးမျိုးတွင် သူတို့၏ ဝိညာဉ်ဓားများနှင့် ဆက်ဆံရေး အတိမ်အနက်ကို သရုပ်ပြကြသည်။

ဤသို့ သရုပ်ပြခြင်းက ကျောင်းသားများ၏ ကိုယ်ပိုင် အောင်မြင်မှုကိုသာမက ကျောင်းတစ်ကျောင်းစီ၏ အတွေးအခေါ်နှင့် စိတ်ဓာတ်ကိုပါ တန်ပြန် သက်ရောက်မှု ရှိနေသည်။

ဆိုရလျှင် ကျောင်းတွင်း၊ ကျောင်းပြင် ပြိုင်ပွဲများတွင် ဝိညာဉ်ဓား အတွေ့အကြုံ နှီးနှောဖလှယ် တွေ့ဆုံမှုသည် မရှိမဖြစ် အရေးပါပြီး ကျောင်း၏ ရိုးရာ လှုပ်ရှားမှု တစ်ခုလို ဖြစ်လာခဲ့သည်။

အရိပ်လုပ်ကြံသူများ၏ လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်ကို အံတုနိုင်မှုကြောင့် အမှတ်၆၀ အထက်တန်းကျောင်းကို ဖေးယန် ခရိုင်အတွင်းရှိ စံပြကျောင်း အဖြစ် အမည်စာရင်း တင်သွင်းခံရရန် ခြွင်းချက် အဖြစ် ခွင့်ပြုပေးခဲ့သည်။

ထို့ကြောင့် အမှတ်၆၀ အထက်တန်းကျောင်းမှ
ကျောင်းသားများကို ကျောင်းအချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲသို့ တက်ရောက်ခိုင်းခြင်း ဖြစ်၏။

အပေါ်ယံ ကြည့်လိုက်လျှင် ကျောင်းသား အချင်းချင်း ယှဉ်ပြိုင်ခြင်းသာ ဖြစ်သော်လည်း တကယ်တမ်း မြို့ခေါင်းဆောင် အရှေ့တွင် မျက်နှာရရန် ကျောင်းနှစ်ကျောင်း ထိပ်တိုက် ယှဉ်ပြိုင်ခြင်းသာ ဖြစ်သည်။

ထို့အပြင် ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံပွဲသည် ဤတွေ့ဆုံပွဲ၏ အဓိကအချက် ဖြစ်သည်။

ထို့ကြောင့် အမှတ်၅၉ အထက်တန်းကျောင်းမှ ဤတစ်ကြိမ် ရွေးချယ်ထားသော ဆရာများသည် ဝိညာဉ်ဓား သင်ကြားခြင်းတွင် အတွေ့အကြုံများပြီး လက်တွေ့ လုပ်ဆောင်နိုင်သူများ ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းသား အုပ်ချုပ်သူ နေရာတွင် ဝါရင့်ဆရာသမား ဝမ်၏ အမည်စာရင်းကို မြင်တွေ့ရလျှင် အမှတ်၅၉ အထက်တန်းကျောင်း အဖွဲ့ဝင် အားလုံး မှင်တက်သွားခဲ့သည်။

သူတို့က သမိုင်းဘာသာ သင်ကြားသော စာကြမ်းပိုးကို လွှတ်လိုက်သည့် အမှတ်၆၀ အထက်တန်းကျောင်း၏ အတွေးကို နားမလည်နိုင်တော့ပေ။

ထို့ကြောင့် အမှတ်၆၀ အထက်တန်းကျောင်းက အရှုံးပေးသည်ဟု အမှတ်၅၉ အထက်တန်းကျောင်းအုပ်က စိတ်ထဲကနေ ယူဆထားလိုက်သည်။

ဝမ်လင်း နှင့် စွန်းရုံတို့သာ ဝါရင့်ဆရာသမား ဝမ်၏ စွမ်းအားအမှန်ကို သိထားကြသည်။

ရွှေအမြုတေ ထိပ်ဆုံးအဆင့် ကျင့်ကြံသူကို မြေဖြူခဲဖြင့် တစ်ချက်တည်း သတ်ခဲ့သူက ဝါရင့်ဆရာသမားဝမ် ဖြစ်သည် မဟုတ်ပါလား။

ဝါရင့်ဆရာသမား ဝမ်က သူ့အကြောင်းကို တခြားသူများ မရိပ်မိအောင် သေချာ ဖုံးဖိထားနိုင်သည်။

အမှတ်၆၀ အထက်တန်းကျောင်းတွင် ဆရာဝမ် စာသင်နေသည့် အကြောင်းအရင်းကို ဝမ်လင်းလည်း ရှင်းရှင်းလင်းလင်း မသိပေ။

ဤတစ်ကြိမ်တွင် ကျောင်းခေါင်းဆောင်များက ဝမ်လင်းတို့အဖွဲ့ကို ဦးစီးရန် ဝါရင့်ဆရာသမား ဝမ်ကို စေလွှတ်ခဲ့သည်။

ဆရာဝမ်သာ ဦးဆောင်လျှင် ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံပွဲ၏ ရလဒ်က အောင်မြင်နိုင်ချေ ရှိသည်။

အခြေအနေ တစ်ခုလုံးကို ခြုံငုံ၍ ကြည့်လိုက်လျှင် အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးချန်းက အကြံ ကြီးလွန်းသည်ဟု ဝမ်လင်း ခံစားမိခဲ့သည်။

ည၁၀နာရီ ရောက်နေသော်လည်း ဝမ်လင်းတို့ WeChat ဂရုက သက်ဝင် လှုပ်ရှားနေသေးသည်။

ချန်းချောင်က သူ့ဓားကို ထုတ်ကြွားပြီးနောက် တခြားသူများကလည်း တစ်ယောက်ပြီး တစ်ယောက် ကိုယ်ပိုင်ဓားများကို ထုတ်ကြွားတော့သည်။

သရဲစွယ်ဓားမှာ ကော်ဟောက်၏ ဝိညာဉ်ဓား ဖြစ်သည်။

ကော်ဟောက်၏ ဝိညာဉ်ဓားကို သူ့ဘိုးဘေးမျိုးဆက်များက ဖန်တီးပေးထားခြင်း ဖြစ်သည်။

ထိုဓားက အဆင့်သုံး ဝိညာဉ်သားရဲ ဖြစ်သည့် အမှောင် မှော်ဝင်ကျား၏ သွားစွယ်နှင့် ဖန်တီးထားခြင်း ဖြစ်ပြီး ကျောက်စိမ်းဖြူကဲ့သို့ အဆင်း ရှိသည်။

တစ္ဆေသရဲများ ဖျတ်ခနဲ မြင်ရနိုင်သည့် အနက်ရောင် သွေးများဖြင့် ဓားအစွန်းကို စီရင် ဖန်တီးထား၍ သရဲစွယ်ဓားဟု အမည်ပေးထားခြင်း ဖြစ်သည်။

ကော်ဟောက်က သရဲစွယ်ဓားကို ဗီဒီယို အတိုလေး ရိုက်ကူးထား၏။

ဤသည်ကိုကြည့်၍ သူ့ဓားကို အလွန်တရာ ချစ်မြတ်နိုးကြောင်း သိသာ ထင်ရှားနေသည်။

ကော်ဟောက်က ဗီဒီယို အတိုလေး ပို့ပြီးနောက် စာတစ်တန် ပေတတန်ဖြင့် ရေးသားလိုက်သည်။

“ဒီဓားက ငါ့အသက် ၈နှစ် အရွယ်တုန်းက ငါ့အဖေကိုယ်တိုင် ငါ့ကို ပေးခဲ့တာပဲ.. ဓားနဲ့က စာချုပ် ချုပ်ထားပြီးသားလေ.. အခုဆို ဒီဓားက ငါနဲ့ အတူတူရှိနေတာ ၈နှစ်ရှိနေပြီ.. ဒါတောင် ဓားဝိညာဉ်က မမွေးဖွားသေးဘူး”

ချန်းချောင်က စိတ်မကောင်းဖြစ်သော အီမိုဂျီသုံးခုကို ပို့လိုက်သည်။

“ချီးပဲ.. ရှစ်နှစ်တောင်လား”

“ရှစ်နှစ်က ဘာမှ မဟုတ်ပါဘူး”

လင်းရှောင်ယုက နှလုံး ကြေကွဲသော အီမိုဂျီကို ပို့လိုက်ပြီးနောက် သူ့ဓားကြီးကိုလည်း ပြသလိုက်သည်။

လင်းရှောင်ယုက ဓားနှစ်ချောင်းကို တပြိုင်နက်တည်း ပြသလိုက်၍ အားလုံးက အံ့ဩသွားခဲ့သည်။

ချန်းချောင်” နှစ်မြွှာဓားလား”

လင်းရှောင်ယု”ဒီဓားက အမေနဲ့သား ဓားအမျိုးအစားလို အတွဲလိုက်ဓားပဲ.. ငါသူတို့ကို ဝမ်မန် နဲ့ ဝမ်ဂျီလို့ နာမည်ပေးထားတယ်.. ဒီဓားကို သုံးတာတော့ ကိုးနှစ်ရှိပြီ.. ဓားဝိညာဉ်ကို အခုထိ မပျိုးထောင်နိုင်သေးဘူး”

“…………..”

“ကိုးနှစ်လား”

ချန်းချောင်က စိတ်ပျက်ကြေကွဲသော ခံစားချက်ကို ခံစားမိခဲ့သည်။

ထိုမြင်ကွင်းကြောင့် ဝါရင့်ဆရာသမားက ဆက်လက် ရှင်းပြလိုက်သည်။

“ဒီအတွဲလိုက်ဓားက အမြွှာ ဓားဝိညာဉ်တွေကို မွေးဖွားပေးနိုင်တယ် ဆိုပေမဲ့ ပျိုးထောင်ရမဲ့ ကာလကတော့ သာမန်ဓားတွေထက် ပိုကြာနိုင်တယ်.. ဘာပဲဖြစ်ဖြစ် ကိုးနှစ် ဆိုတဲ့အချိန်က နည်းနည်းတော့ နောက်ကျနေပြီ.. လင်းရှောင်ယု.. မင်း ဒီဓားတွေကို သေသေချာချာ ဂရုမစိုက်ဘူး ထင်တယ်”

ယင်းအချိန်တွင် ကော်ဟောက်က မနေနိုင် မထိုင်နိုင် ဝင်ရောက် အာချောင်လိုက်သည်။

“အစ်မကြီး.. ဒီဓားနှစ်လက်က အထီး ဆိုတာ သေချာလို့လား… အထီးနဲ့ အမလည်း ဖြစ်နိုင်သလို လိင်တူချစ်သူလည်း ဖြစ်နိုင်တယ် မဟုတ်လား”

ဝါရင့်ဆရာသမား ဝမ်က ချွေးပြန်နေသော အီမိုဂျီ ပို့လိုက်သည်။

“ဓားဝိညာဉ် ကိုယ်တိုင်က သူ့ခန္ဓာကိုယ်ကို သူကိုယ်တိုင် နားလည်မှု လွဲမှားနေရင်တော့ ဓားဝိညာဉ် မွေးဖွားဖို့ ပိုကြန့်ကြာတတ်တယ်”

“………..”

ဝါရင့်ဆရာသမား ဝမ်၏ ပြန်စာကို ဖတ်ရှုပြီးနောက် လင်းရှောင်ယုက (:) အမှတ်အသားကို ရေးသားပြီး ပို့လိုက်သည်။

သူက ဓားဝိညာဥ်နှင့်ပတ်သက်၍ ဘာမှ ထပ်မမေးမြန်းခဲ့ပေ။

“ကျောင်းသူစွန်းရုံရဲ့ ဝိညာဉ်ဓားကရော”

ချန်းချောင်

“စွန်းရုံရဲ့ဓားကို မြင်ချင်လှပြီ.. စွန်းရုံရဲ့ဓားက ​တကယ်ကို အံ့ဩစရာကောင်းမှာ အမှန်ပဲ”

ဟွာကော ရေတံခွန် အုပ်စု၏ သခင်မလေးက ကိုယ်ပိုင် ဝိညာဉ်ဓား အတွက် ငွေပုံအော၍ သုံးထားလောက်၏။

ကြွားဝါးတတ်သည့် တခြားသော လူချမ်းသာ ဒုတိယမျိုးဆက်များနှင့် ယှဉ်လိုက်လျှင် စွန်းရုံက သူမ၏ နေ့စဉ်ဘဝကို သိုသိုသိပ်သိပ် နေထိုင်လေ့ ရှိသည်။

ကြွားဝါးတတ်သော အပြုအမူများက အဆင့်အတန်း နိမ့်ကျပြီး သူမ တစ်ရစ်ခြင်း တည်ဆောက်နေသည့် နိုင်ငံကိုယ်စားပြု အလှဘုရင်မ ဂုဏ်ပုဒ် နှင့် မအပ်စပ်ပေ။

ထို့ကြောင့် တခြားသူ တစ်ယောက်က သူမကို ဝိညာဉ်ဓားပြရန် တောင်းဆိုလာလျှင်လည်း သူမက ဝိညာဥ်ဓားပုံကို အရင်ဦးဆုံး မျှဝေလိမ့်မည် မဟုတ်ပေ။

ခဏကြာပြီးနောက် အုပ်စုထဲမှ သူငယ်ချင်း အားလုံးက စွန်းရုံ တင်ပေးသော ဓာတ်ပုံကို မြင်တွေ့လိုက်ရသည်။

စွန်းရုံ

“ငါ့ဓားရဲ့ နာမည်က ဆန်းကြယ် ပင်လယ်”

ဝိညာဉ်ဓား၏ အရောင်က မိုးပြာရောင် ဖြစ်သည်။

ဓားသွားက ထိုးဖောက်မြင်နိုင်ပြီး ချို့ယွင်းချက် မရှိပေ။

ဓားမှ အပြာရောင် ရောင်ခြည်စက်ဝန်းများ ဖြာထွက်နေသည်။

ဤသည်မှာ ဓာတ်ပုံ မျှသာ ဖြစ်သော်လည်း လူတိုင်းက ပင်လယ် သမုဒ္ဒရာ၏ အဆုံးအစမဲ့သော အရှိန်အဝါကို ခံစားမိခဲ့သည်။

ကော်ဟောက်က တအံ့တဩ ပြောဆိုလိုက်သည်။

“ဆန်းကြယ် ပင်လယ်လား.. ဒီဓားကနေ လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါကို ခံစားရတယ်.. ကျောင်းသူစွန်းရုံက ဒီဓားကို ပိုင်ဆိုင်တာ ဘယ်နှစ်နှစ်ရှိပြီလဲ”

စွန်းရုံက ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“ဒီဓားက စတင် ဖန်တီးကတည်းက ငါနဲ့ အတူတူ ရှိခဲ့တယ် ဆိုတော့ ၁၆နှစ်လောက် ရှိပြီပေါ့”

ချန်းချောင် “…….…”

လင်းရှောင်ယု “……..…”

ကော်ဟောက် “…….…”

၁၆နှစ် ဆိုသော အချိန်ကာလမှာ မနာလိုစရာ ကောင်းလွန်းနေသည်။

ဆရာဝမ်က ကိုယ်တိုင် ရှားရှားပါးပါး မှတ်ချက်ပေးလိုက်သည်။

“ဓားပေါ်က အပြာရောင်သန်းနေတဲ့ ရောင်ခြည်စက်ဝန်းက ဓားဝိညာဉ်ရဲ့ ဝိညာဉ် အနှစ်သာရပဲ.. ကျောင်းသူ စွန်းရုံရဲ့ ဓားက ဓားဝိညာဉ် မွေးဖွားပြီးပုံပဲ.. စွန်းရုံက အသေအချာ ထိန်းသိမ်းစောင့်ရှောက်လို့ ဓားက အရောင်အဝါ လင်းလက်နေတာပဲ.. ကျောင်းသူစွန်းရုံက တကယ်တော်တယ်”

စွန်းရုံက လက်သီးဆုပ် ဂါရဝပြုသော အီမိုဂျီ ပို့လိုက်သည်။

“ဆရာဝမ်က မြှောက်နေပြီ”

ဝိညာဉ်ဓား အပြန်အလှန် ပြသခြင်း လုပ်ငန်းစဉ်တွင် ဝမ်လင်းက သူ့ဝိညာဉ်ဓားကို မပြသရသေးပေ။

“???”

ချန်းချောင်က ??? သုံးခု ပို့လိုက်သည်။

“အတန်းဖော်ဝမ်လင်း.. မင်းရဲ့ ဝိညာဉ်ဓားရော.. ငါတို့ကို မပြတော့ဘူးလား”

ဝမ်လင်း “…………”

အစောပိုင်းတွင် ဝမ်လင်းက မသိချင်ယောင် ဆောင်လိုက်မည်ဟု ဆုံးဖြတ်ထားသော်လည်း လူတိုင်းက သူ့ကို အာရုံပြုမိမည်ကို စိုးရိမ်မိသည်။

အာရုံစိုက်ခံရခြင်းက သိုသိုသိပ်သိပ် နေထိုင်သော ဝမ်လင်းတစ်ယောက် မလိုလားသော အပြုအမူ ဖြစ်သည် မဟုတ်ပါလား။

သေချာ အလေးအနက် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့ဓားပုံကို မျှဝေလိုက်သည်။

ထို့နောက်တွင်…

အပိုင်း(၂၇) ပြီး၏။

အခန်း(၂၈) ဝမ်လင်း၏သစ်သားဓား

“သစ်သားဓား”

ထိုအခိုက်အတန့်တွင် မလှုပ်မယှက် ပြုမူခြင်း၌ ကျွမ်းကျင်သည့် ဝမ်လင်းက အခန်းတစ်ခန်းလုံးကို သူနှင့် အတူတူ တိတ်ဆိတ်သွားစေ၏။

စကားအလွန်များသော ဆရာဝမ်ပင် စကားတစ်ခွန်းမှ မပြောနိုင်သည်အထိ နှုတ်ဆိတ်သွားသည်။

ဝမ်လင်း၏ ခုံချင်းကပ် အတန်းဖော် ကော်ဟောက်က ဝမ်လင်း၏ နှုတ်ဆိတ်မှုကို သေစေနိုင်လောက်သော လက်နက်ထက် အစွမ်းကြီးသည်ဟု ခံစားမိလိုက်၏။

လူတိုင်းကို သစ်သားဓားက တုန်လှုပ်စေခဲ့ပြီး ဝမ်လင်း၏ လူနေမှုဘဝကိုပင် သံသယဝင်လာစေခဲ့သည်။

…………

ဆရာဝမ်က ဘဝမုန်တိုင်း အတွေ့အကြုံများကို ကျော်ဖြတ်လာသူ ဖြစ်သည်။

ငါးမိနစ်ခန့် ကြာပြီး နောက်တွင် ဆရာဝမ်က လေထဲ လွင့်မျောနေသော ကီးကုတ်ကို အာရုံစိုက်လိုက်ပြီး စကားလုံးတချို့ကို ရေးသားလိုက်သည်။

“ကျောင်းသားဝမ်လင်း.. ဒါက မင်းပိုင်ဆိုင်တဲ့ ဝိညာဉ်ဓားလား”

“အင်း”

ဝမ်လင်း၏ တုံ့ပြန်စကားက ယခင်အတိုင်း အပိုအလိုမရှိ တိုတိုတုတ်တုတ် ဖြစ်နေသည်။

“………….”

ဝမ်လင်း၏ ပြန်စာကို မြင်ပြီးနောက် ဝါရင့်ဆရာသမား ဝမ်က ပြောစရာစကား ပျောက်ရှနေခဲ့သည်။

တခြားသူ အားလုံးတွင်လည်း မတူညီသော အတွေးကိုယ်စီ ဖြစ်ပေါ်နေကြ၏။

ချန်းချောင် “အတန်းဖော် ဝမ်လင်းရဲ့ မိသားစုက အရမ်းဆင်းရဲမယ်လို့ မထင်ခဲ့မိဘူး.. ဝမ်လင်းက သိုသိုဝှက်ဝှက် နေတတ်တာ အံ့ဩစရာ မဟုတ်ဘူးပဲ.. ဒါကြောင့်မို့လည်း အတန်းဖော် စွန်းရုံက သူ့ကို အရမ်း ဂရုစိုက်နေတာ ဖြစ်ရမယ်.. ငါတို့အားလုံးက ဝမ်လင်းကို ဒီနေ့ကစပြီး အသေအချာ ဂရုစိုက်ပေးရမယ်.. ဒါမှ သူ အားငယ်စိတ် မဝင်မှာလေ”

ကော်ဟောက် “ဝမ်လင်းက ခက်ထန် အေးစက်တဲ့ ပုံစံနဲ့ နေတတ်တာ မဆန်းတော့ပါဘူး.. သူက နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ သိမ်ငယ်မှုတွေကြောင့် အေးတိအေးစက် ဖြစ်သွားတဲ့ပုံပဲ.. အခုကစပြီး ငါ သူ့ကို ဂရုစိုက်ကြောင်း ပြသပေးရမယ်”

လင်းရှောင်ယု “အတန်းဖော် ဝမ်လင်းကို ချစ်မြတ်နိုးပေးမဲ့ ရီးစားလေး တစ်ယောက်တော့ ရှာပေးသင့်နေပြီ”

စွန်းရုံက ဟွာကော အုပ်စု၏ အမည်ဖြင့် ဝမ်လင်းကို ပရဟိတ အလှူတစ်ခု ပြုလုပ်ရန် စဉ်းစားနေသည်။

ဆင်ခြေဖုံး ရပ်ကွက်တွင် နေသော ဝမ်လင်းအတွက် ချစ်ခြင်းမေတ္တာ အပြည့်ဖြင့် ပန်းရောင်မှော်ဓား တစ်လက် လက်ဆောင် ပေးရမည်ဟု သူမ တွေးလိုက်သည်။

ဝမ်လင်း “မင်းတို့အားလုံး တော်သင့်ပြီ”

မက်မွန်သစ်သားဖြင့် ဖန်တီးထားသော ဝိညာဉ်ဓားများသည် လွန်ခဲ့သော ဆယ်စုနှစ်ကျော်ခန့်က အလွန်အမင်း ကျော်ကြားခဲ့သော်လည်း ယခုအခါ၌ အသုံးမပြုကြတော့ပေ။

ပိုမို ကောင်းမွန်သော ပစ္စည်းများ ပြုလုပ်ရန် အဆင့်မြင့် ကုန်ကြမ်းပစ္စည်းများ ဈေးကွက်ထဲ ဝင်ရောက်လာသည်နှင့်အမျှ မက်မွန်သစ်သားဓားများမှာ ဂေါ်ဖီထုပ်ကဲ့သို့ ဈေးပေါသော ထုတ်ကုန်တစ်ခု ဖြစ်လာခဲ့သည်။

လက်ရှိ ခေတ်ကာလတွင် မက်မွန် သစ်သားဓားကို အနည်းငယ်မျှသာ ထုတ်လုပ်တော့သည်။

ပညာရေးဌာနက ဝိညာဉ်ဓား ပညာရေး မိတ်ဆက်ကို သင်ကြားပေးရာတွင် အသုံးပြုရန် မူကြိုကျောင်းများ နှင့် မူလတန်းကျောင်းများတွင်သာ ရောင်းချတော့သည်။

ဝမ်လင်း၏ သစ်သားဓားလေးကို ကြည့်ပြီး ဝမ်လင်း၏ ငယ်ဘဝက ပျော်စရာ မကောင်းနိုင်ဟု ဆရာဝမ်က မှတ်ချက်ချလိုက်သည်။

မိဘများက သူတို့ကလေး၏ ပထမဆုံး ဝိညာဉ်ဓားကို ပုံမှန်အားဖြင့် အလေးအနက် ထားကြသည်။

ထိုအဆို မှန်မမှန်ကို ချန်းချောင်၊ ကောဟောက် နှင့် စွန်းရုံတို့ ပိုင်ဆိုင်သော ဓားလက်နက်များကို ကြည့်ရုံဖြင့် သိနိုင်သည်။

အနှစ်ချုပ် ပြောရလျှင် ဤမက်မွန်သစ်သားဓားက အမှန်တကယ်ကို ဈေးပေါလွန်းနေသည်။

ဤခေတ်ကာလတွင် မက်မွန်သစ်သားဓား အသုံးပြုသူ ရှိနေသေးသည်လော။

ဆရာဝမ်က သစ်သားဓား ဓာတ်ပုံကို ကြည့်ပြီး လေးကန်စွာ သက်ပြင်းချလိုက်သည်။

ဆရာမဖန်နှင့် တိုင်ပင်ပြီး ဝမ်လင်းတို့ အိမ်ကို သွားလည်ရန် အရေးတကြီး လိုအပ်နေပြီဟု တွေးလိုက်မိသည်။

ဝမ်လင်း”…………..”

………………………

ကျောင်းတက်ကာလ တတိယအပတ် အင်္ဂါနေ့ ၊ မနက်၈နာရီအချိန်…

ရွေးချယ်ခံ ကျောင်းသားများက လေးရက်တာ ကျောင်း အချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲ ကျင်းပမည့် အမှတ်၅၉ အထက်တန်းကျောင်းသို့ သွားရောက်ရန် စုရပ်တွင် နေရာယူကြသည်။

၎င်းစုရပ်မှ ဘတ်စ်ကားစီးပြီး သွားရောက်ကြရမည် ဖြစ်သည်။

ပေါ့ပေါ့ပါးပါး ခရီးစဉ် ဖြစ်သောကြောင့် လိုအပ်သော ပစ္စည်းများကိုသာ ကျောင်းဝတ်စုံ အိတ်ကပ်များထဲတွင် ထည့်ထားကြ၏။

ဝမ်လင်းက ဘတ်စ်ကားပေါ် တက်လိုက်ပြီး နောက်ဆုံးတန်းတွင် နေရာယူလိုက်သည်။

ကားပေါ်တွင် ထိုင်နေကြသော ကော်ဟောက်နှင့် ချန်းချောင်တို့က နောက်ဆုံးတန်းတွင် ထိုင်နေသော ဝမ်လင်းကို စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။

သူတို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး တံခါးစောင့် နတ်မင်းများကဲ့သို့ ဝမ်လင်း၏ ဘေးတစ်ဖက် တစ်ချက်စီတွင် နေရာယူလိုက်သည်။

ဝမ်လင်း”…………”

ဝမ်လင်းက သူ့သစ်သားဓားကို Wechat ဂရုမှာ မျှဝေပြီးနောက် ချန်းချောင် နှင့် ကော်ဟောက်တို့က ဝမ်လင်းကို အသေးအမွှားမှ အစ ဂရုစိုက်ပေးမည်ဟု ဆုံးဖြတ်ထားကြသည်။

ဤအပြုအမူက ဝမ်လင်းကို သွေးလေ ချောက်ချားစေသည်။

သိုသိုသိပ်သိပ် နေထိုင်ရန် စီစဉ်ထားသော သူ့အစီအစဉ်က မဖြစ်မြောက်ခဲ့သည့် အပြင် ပို၍ပင် ဆိုးရွားသွားခဲ့သည်။

ယခု သူနှင့် အတူတူ ဘတ်စ်ကားပေါ်တွင် ရှိနေသူများသည် သူ သတိထား ဆက်ဆံရမည့် စာရင်းတွင် ပါသူများချည်း ဖြစ်နေသည်။

ဤပြက္ခဒိန်နှစ်က ဝမ်လင်း ကံဆိုးသောနှစ်ဟုပင် ဆိုရမည်။

သူ မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သောအခါ စွန်းရုံ နှင့် လင်းရှောင်ယု တို့က လက်ချင်းတွဲထားပြီး သူနှင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေသည်။

လင်းရှောင်ယု၏ အတွေးစိတ်ကူးကို အထွေအထူး ဖတ်ရှုနေရန် မလိုအပ်ပေ။

အမာခံ ဖူဂျိုရှီ ပီသစွာပင် သူတို့သုံးယောက်ကို ပေးစားနေလိမ့်မည်သာ။

ဘတ်စ်ကားက လူဦးရေ ၅၀ခန့်ကို လုံလုံလောက်လောက် တင်ဆောင်နိုင်သော်လည်း သူတို့ ငါးယောက်က နောက်ဆုံးတန်းတွင် နေရာယူထားကြသည်။

ထို့ကြောင့် ဆရာဝမ်က ကားဒါရိုက်ဘာနှင့် အတူ ရှေ့ဆုံးခုံတန်းသို့ ရောက်နေသည်။

ဆရာဝမ်က ကျောင်းသားများ ဘေးကင်းလုံခြုံမှု နှင့် စိတ်ချမ်းသာမှုကို အလေးထားသောကြောင့် သူ အထီးကျန်ရလည်း အမှုထားပုံမရပေ။

အထီးကျန်ခဲ့လျှင်ပင် သူက အိပ်ကပ်ထဲမှ အဆာပြေမုန့်များဖြင့် အေးအေးဆေးဆေး သာယာနိုင်သေးသည် မဟုတ်ပါလား။

………………

ဤတစ်ကြိမ်က ဝမ်လင်းတစ်ယောက် တခြားသူများနှင့် အနီးကပ်ဆုံး နေဖူးသည့် ပထမဆုံး အကြိမ် ဖြစ်သည်။

သူ၏ ပုံမှန် နှုတ်ဆိတ်‌သော အပြုအမူကို ထိန်းသိမ်းကာ အနီးနားရှိ လူအားလုံး၏ ဆွေးနွေးမှုများကို နားစွင့်ခဲ့သည်။

ကော်ဟောက် နှင့် ချန်းချောင်တို့က ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည်။

ကော်ဟောက်က သူ့မျက်မှန်ကိုင်းကို ပင့်တင်လိုက်ပြီး

“ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ရှေးဟောင်းဂူဗိမာန်ကို ရှာတွေ့တဲ့ သတင်း ကြားပြီးပြီလား.. ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက် အရတော့ အဲဒါက သမိုင်းမှာ နာမည်ကျော်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ သင်္ချိုင်းအတုတဲ့”

………………

သူတို့က ဟန်လီနှင့် ဝမ်လင်တို့ အကြောင်း ပြောနေမှန်း ဝမ်လင်း သိလိုက်သည်။

ထိုနှစ်ယောက်မှာ ကျင့်ကြံခြင်း လောက၏ မိစ္ဆာအိုကြီး နှစ်ယောက် ဖြစ်၏။

၎င်းတို့က ဟွာရှို့နိုင်ငံ မတည်ထောင်ခင်ကပင် အရှိန်အဝါကြီးခဲ့သူများ ဖြစ်သည်။

ထိုနှစ်ယောက်က ကြီးမြတ်သော ချီတိုက်ပွဲခေတ် မတိုင်ခင်ကတည်းက နာမည်ကျော်ခဲ့၍ ကျင့်ကြံခြင်း ဘိုးဘေးဟု သမိုင်းတွင် မှတ်တမ်းတင်ထားသည်။

ထို့ကြောင့်လည်း ဆရာဝမ်၏ သမိုင်း သီအိုရီ သင်ခန်းစာတွင် ဟန်လီနှင့် ဝမ်လင် ဇာတ်ကြောင်းမှာ အကျော်ကြားဆုံး သင်ခန်းစာ ဖြစ်လာခဲ့သည်။

ဝမ်လင်၏ ကျင့်ကြံခြင်း သီအိုရီ နှင့် ဟန်လီ၏ အကဲဖြတ်ကျွမ်းကျင်မှု ပညာရပ်က ကျောင်းသားများ သဘောကျလေ့ မရှိသည့် အဆင့်မြင့်သင်္ချာတွင် မသင်မနေရ အစိတ်အပိုင်း များ ဖြစ်၏။

ဟွာရှို့နိုင်ငံတွင် ရှာတွေ့သော ရှေးဟောင်း ဂူဗိမာန် အားလုံးက အတု ဖြစ်နေသောကြောင့် ယနေ့အချိန်အထိ မိစ္ဆာအိုဟန် နှင့် မိစ္ဆာအိုဝမ်တို့ အသက်ရှင်နေသေးသည်ဟု ကောလဟာလ သတင်း ထွက်ခဲ့ဖူးသည်။

မွန်းစတား အဘိုးအို နှစ်ဦးက အင်မော်တယ် ဖြစ်ရန် ခြေတစ်လှမ်း အလိုတွင် ကျရှုံးသွားခဲ့သူများ ဖြစ်ကြသည်။

“ဒီကိစ္စက နည်းနည်း ထူးဆန်းနေတယ် မထင်ဘူးလား”

ချန်းချောင် ခေါင်းညိတ်လိုက်သည်။

တကယ်တမ်း သူက ဤအကြောင်းကို ကြားဖူးသည်မှာ ကြာခဲ့ပြီ ဖြစ်၏။

ကော်ဟောက်က တွေးတွေးဆဆဖြင့် ပြောဆိုလိုက်သည်။

“ကျွမ်းကျင်ပညာရှင်တွေ အဆိုအရတော့ ဂူဗိမာန်က အဘိုးကြီးဝမ် ပိုင်တဲ့ဟာ.. ဒါပေမဲ့ အဘိုးကြီးဝမ်ရဲ့ ဂူဗိမာန်မှာ အဘိုးကြီးဟန် သုံးလေ့ ရှိတဲ့ ကောင်းကင်ရနံ့ ပုလင်းကို ရှာတွေ့ခဲ့တယ်.. သမိုင်းကျမ်း အဆိုအရတော့ အဘိုးကြီးဟန်ရဲ့ အဖိုးတန် ရတနာက စိတ်ဝိညာဉ် ဆေးပင်တွေကို အချိန်တိုအတွင်း ရင့်မှည့်စေတယ်တဲ့”

“ဒါဆိုရင် အဲဒီရတနာကို အဘိုးကြီးဝမ်ရဲ့ အုတ်ဂူမှာ ဘာကြောင့် တွေ့ရတာလဲ”

သူတို့ ပြောဆိုနေသော စကားဝိုင်းကြောင့် စွန်းရုံက မနေနိုင် မထိုင်နိုင် ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

“ဒါကြောင့်လည်း အရမ်းထူးဆန်းနေတယ်လို့ ပြောတာပေါ့”

ကော်ဟောက်က လက်ကိုဆန့်ထုတ်၍ အကြောဆန့်ရင်း ပြောလိုက်သည်။

“အဘိုးကြီးဟန်ကို အားပေးတဲ့ အဖွဲ့ကတော့ အခုရှာတွေ့တဲ့ ဂူဗိမာန်က အဘိုးကြီးဟန် ပိုင်တယ်လို့ ပြောကြတယ်.. ဒါပေမဲ့ အဘိုးကြီးဝမ်ကို အားပေးတဲ့ အဖွဲ့က ဒီအဆိုကို လက်မခံဘူး.. အဘိုးကြီးဝမ်က နားလည်မှု လွဲစေချင်လို့ ဒီမွှေးရနံ့ဘူးကို ထားခဲ့တာလို့ ပြောကြတယ်”

“ဒါက ဂူဗိမာန် အတုပဲလေ.. ငြင်းခုံနေဖို့ လိုအပ်လို့လား”

လင်းရှောင်ယု နားမလည်နိုင်တော့ပေ။

“နင်အခုထိ မသိသေးဘူးလား”

ကော်ဟောက်က ပြောဆိုလိုက်သည်။

“ဒါက တိုဟူးချိုနဲ့ တိုဟူးငံ ကြားက စစ်ပွဲလိုပါပဲ.. ဒီကိစ္စ အတွက် လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကတည်းက ရန်ဖြစ်လာခဲ့ကြတာ အခုချိန်ထိ သဘောတူညီမှု မရသေးဘူး.. အဖြေက ရှင်းရှင်းလေးပဲလေ.. နှစ်ဖက်စလုံးက ဂူဗိမာန် အတုမှန်း သိပေမဲ့ သူတို့ရဲ့ အိုင်ဒေါလ်တွေကြောင့် စကားနိုင် လုနေကြတာလေ… သူတို့က သူတို့ရဲ့ အိုင်ဒေါလ်တွေ အတွက် အရှုံးမပေးချင်ကြဘူး”

အားလုံး”…………”

အပိုင်း (၂၈) ပြီး၏။

အခန်း(၂၉) နွေဦးလေရဲ့ မြင်းများ မြန်မြန်ပြေး

လူ့အဖွဲ့အစည်းက ရက်စက်ကြမ်းကြုတ်လှသည်။

အန္တရာယ် အလွန်များပြီး ရန်မရှာသင့်သော အုပ်စုနှစ်စု ရှိကြောင်း ဝမ်လင်း ကိုယ်တိုင် ယုံကြည်သွားခဲ့သည်။

ထိုအုပ်စုနှစ်စုမှာ အဘိုးကြီးဟန်၏ အမာခံ ပရိသတ် နှင့် အဘိုးကြီးဝမ်၏ အမာခံ ပရိသတ်တို့ ဖြစ်သည်။

ရှေးခေတ် နာမည်ကျော် ကျင့်ကြံသူများ၏ ပရိသတ်အုပ်စုသည် ဟွာရှို့နိုင်ငံ၏ Aအဆင့် ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များ၏ ပရိသတ်များထက်ပင် ပိုမို ကြောက်စရာကောင်းသည်။

တစ်ဖွဲ့ချင်းစီတွင် ပရိသတ် ဆယ်သန်းခန့်ရှိပြီး သူတို့အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြသည်။

ထို့အပြင် ယင်းနှစ်ဖွဲ့၏ ဥက္ကဌများမှာ ကျင့်ကြံခြင်းလောက၏ ပထမတန်းစား ကျွမ်းကျင်ပညာရှင်ဟု ကောလဟလများ ထွက်ပေါ်လျက် ရှိသည်။

ဟွာရှို့နိုင်ငံက လွန်ခဲ့သည့် နှစ်များအတွင်း ယင်း ပရိသတ်အဖွဲ့ နှစ်ဖွဲ့၏ အင်အားကို လျှို့ဝှက်စွာ ဖိနှိပ်ခဲ့သည်။

ပညာရေးဌာန လက်အောက်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများကို ပရိတ်သတ် အဖွဲ့ထဲ တိတ်တဆိတ် မဝင်ရောက်ရန် တင်းတင်ကျပ်ကျပ် အသိပေးထားသည်။

ထိုပရိသတ်အဖွဲ့ နှစ်ဖွဲ့မှာ ခန့်မှန်း၍မရသော အဖွဲ့များ ဖြစ်သည်။

ဤအတိုင်းသာဆိုလျှင် နိုင်ငံတော်၏ လုံခြုံရေးကို တစ်ချိန်ချိန်တွင် ထိခိုက်လာနိုင်သည်။

သို့သော် ဤကိစ္စက ဝမ်လင်းနှင့် ဘာမှမသက်ဆိုင်ပေ။

ဝမ်လင်း လက်ကိုင်ထားသော ဆောင်ပုဒ်မှာ “မင်းလုပ်ချင်တာလုပ်.. ငါဘာမှစိတ်မဝင်စားဘူး” ဟူသည့် ဆောင်ပုဒ်ဖြစ်သည်။

သူ၏ သိုသိုသိပ်သိပ် နေထိုင်တတ်သော လူနေမှုဘဝကို မထိခိုက်သရွေ့ ဝမ်လင်းက မသိချင်ယောင် ဆောင်ထားနိုင်သည်။

ထိုသို့ မဟုတ်လျှင် လက်ချောင်းလေး တစ်ချောင်းလောက် လှုပ်လိုက်ရုံဖြင့် ဤသန်းပေါင်းများစွာသော ပရိသတ်များကို ပျောက်ကွယ်သွားအောင် လုပ်မိလိမ့်မည် ဖြစ်သည်။

…………..

ဘတ်စ်ကားက တစ်နာရီခန့် ကြာပြီ ဖြစ်သော်လည်း ကော်ဟောက်က မရပ်မနား စကားပြောနေသည်။

သူတို့အားလုံးက နက္ခတဗေဒမှ ပထဝီအဆုံး အလုံးစုံကို ပြောဆိုခဲ့ကြသည်။

နောက်ဆုံးပေါ် အကျော်ကြားဆုံး သတင်းများအပြင် နိုင်ငံရေးသတင်းများကိုပါ ဆွေးနွေးခဲ့ကြသည်။

လူနေမှု အဆင့်အတန်း နိမ့်ကျသော လူတချို့၏ သနားစရာကောင်းသော အဖြစ်အပျက်များ အကြောင်းကို ပြောဆိုခဲ့ကြပြီးနောက် ထိုသူအားလုံးကို ပညာတတ်များ ဖြစ်အောင် လေ့ကျင့် ပျိုးထောင် ပေးသင့်သည်ဟု ကောက်ချက်ချနေကြ၏။

နယ်စပ်တွင် “အင်မော်တယ်ဓား ကာကွယ်ရေးစနစ်” အသုံးပြုရန် နန်ဟန် နိုင်ငံ၏ တောင်းဆိုမှုကို ဟွာရှို့ နိုင်ငံက အပြင်းအထန် ဆန္ဒပြခဲ့သည်။

သာမန်လူများက နိုင်ငံရေး အကြောင်း သိပ်မပြောကြပေ။

ဝမ်လင်းက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ မဟုတ်သော်လည်း ပြဿနာ၏ အရင်းအမြစ်ကို အနည်းငယ် နားလည်မှု ရှိသည်။

ဟွာရှို့ နိုင်ငံသည် နန်ဟန် နိုင်ငံအပေါ် အမျိုးမျိုးသော စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခဲ့ပြီး နိုင်ငံတွင် အခြေစိုက်သည့် နန်ဟန်၏ ကြီးမားသော စူပါမားကတ် အများအပြားကို ပိတ်ပစ်ခဲ့သည့်အပြင် နန်ဟန်မှ တင်သွင်းလာသော စားသောက်ကုန်များကိုပါ ဖယ်ရှားခဲ့သည်။

ထိုသို့ ဖယ်ရှားခံလိုက်ရသော စားသောက်ကုန်များထဲတွင် ဝမ်လင်း အကြိုက်ဆုံး ခေါက်ဆွဲခြောက်ကြွပ်ကြော်လည်း ပါဝင်သည်။

ယင်းမုန့်ထုပ်က နန်ဟန် နိုင်ငံမှ ထုတ်လုပ်သော အဆာပြေမုန့် ထုပ် ဖြစ်သည်။

ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်သည် နိုင်ငံရေးနှင့် နှိုင်းယှဥ်လျှင် ပြဿနာ အသေးအမွှားသာ ဖြစ်၏။

သူက အစားကောင်း ကြိုက်သော်လည်း နိုင်ငံထက် ပိုအလေးမထားနိုင်ပေ။

ပြည်တွင်းဈေးကွက်ထဲမှ အဆာပြေ ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်က နန်ဟန်ထုတ် ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ကို မမီသော်လည်း ဝမ်လင်း လက်ခံနိုင်ပါသေးသည်။

ဘတ်စ်ကားက လျင်မြန်စွာ သွားလာနေသော်လည်း နံနက်ခင်း အလုပ်သွားလာချိန် ဖြစ်၍ လမ်းတွေက အတော်လေး ပိတ်ဆို့နေသည်။

နှစ်နာရီခန့် ကြာပြီးနောက် ကားအရှေ့ဘက်တွင် ထိုင်ပြီး အစပ်ချောင်းကို တဂျွတ်ဂျွတ် ဝါးစားနေသော ဝါရင့်ဆရာသမားက စကားပြောလိုက်သည်။

“ကျောင်းသားတို့.. ဆရာတို့ ရောက်နေပြီ.. အားလုံး ကားပေါ်ကနေ ဆင်းဖို့ အသင့်ပြင်ကြတော့”

“ဆရာ ဘယ်အချိန်ရှိပြီလဲ”

“နံနက် ၁၀နာရီ ၄မိနစ် ရှိနေပြီ.. အမှတ်၅၉ အထက်တန်းကျောင်းမှာ အရင် စာရင်းသွင်းရမယ်.. ကျောင်း အတွေ့အကြုံ ဖလှယ်ပွဲ တက်ရောက်မှာကို အတည်ပြုဖို့ နေ့လည် ၂နာရီမှာ အစည်းအဝေး တက်ရဦးမယ်”

ဝါရင့်ဆရာသမား ဝမ်က ပြန်ဖြေလိုက်သည်။

……………

သူတို့အားလုံးက ကားပေါ်မှ ဆင်းပြီးနောက်တွင် အသက်ကြီးကြီး ကားဒါရိုက်ဘာက လီဗာကို ဆောင့်နင်းကာ အဝေးကို မောင်းထွက်သွားသည်။

ယနေ့ ဗဟို စူပါမားကတ်တွင် အာလူးချောင်းကြော် များကို ထက်ဝက်ဈေးဖြင့် ရောင်းချပေးနေ၍ အလျင်မီ ဝယ်နိုင်အောင် အမြန် ပြန်သွားခြင်း ဖြစ်သည်။

သူတို့က အမှတ်၅၉ အထက်တန်းကျောင်းရှေ့ရှိ ကားလမ်းတစ်ဖက်ခြမ်းတွင် ဆင်းလာခဲ့ကြသည်။

“နောက်ဆုံးတော့ ငါတို့တွေ ဒီနေရာကို ရောက်လာပြီ”

လူတိုင်းက အမှတ်၅၉ အထက်တန်းကျောင်း၏ ပြုပြင်ထားသော ကျောင်းပတ်ဝန်းကျင်ကို ကြည့်ပြီး မနာလိုစိတ် ဖြစ်လာသည်။

အမှတ်၅၉ အထက်တန်းကျောင်းသည် မြို့၏ အထက်တန်း စံပြကျောင်း ဖြစ်လာရန် လျောက်ထားဆဲ ဖြစ်သော်လည်း ကျောင်းပတ်ဝန်းကျင် နှင့် သင်ကြားရေး အဆောက်အဦများက စံပြကျောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိသည်။

မျက်စိဖြင့် မြင်နိုင်သော နေရာတိုင်းက စိမ်းလန်းစိုပြေနေသည်။

အမှတ် ၅၉ အထက်တန်းကျောင်း အတွင်း၌ ဝေးလံခေါင်သီသော တောနက်များကဲ့သို့ စိမ်းလန်းစိုပြေသော သစ်ပင်များဖြင့် ဖုံးလွှမ်းထားသည်။

ကျောင်းဂိတ်တံခါးဝမှ တဆင့် သစ်ပင်များ စီတန်းထားသော လမ်းတစ်လျှောက်ကို ကြည့်လိုက်လျှင်လည်း သစ်ပင်များ ဝန်းရံနေသည့် အထပ် ရှစ်ထပ် ပါဝင်သော သင်ကြားရေး အဆောက်အဦးကို မြင်နိုင်သည်။

အမှတ် ၆၀ အထက်တန်းကျောင်း၏ ဂိတ်ပေါက်နှင့် ကျောင်းဆောင်ဟောင်း များကို ပြန်သတိရမိသောအခါ အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားကြသည်။

“အမ်.. ဒါက အမှတ် ၅၉ အထက်တန်းကျောင်း ဟုတ်ရော ဟုတ်ရဲ့လား”

လင်းရှောင်ယု တုန်လှုပ်သွားသည်။

“မနှစ်က ဒီနေရာကို လာလည်တုန်းက အမှတ်၆၀ အထက်တန်းကျောင်းထက်တောင် ပိုစုတ်ချာသေးတယ်.. သူတို့က ဒီလို ချမ်းသာအောင် ဓားပြတိုက်လိုက်တာလား”

“ပြီးခဲ့တဲ့နှစ်က သူတို့ကျောင်း ချမ်းသာသွားတာ ဖြစ်နိုင်တယ်”

ချန်းချောင်က မျက်မှောင်ကြုတ်ကာ ပြောသည်။

“ပြီးခဲ့တဲ့နှစ်က အမှတ် ၅၉ အထက်တန်းကျောင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ခြောက်ယောက်ကို မွေးထုတ်ပေးခဲ့ပြီး နှစ်၂၀၀အတွင်း စံချိန်အသစ် ချိုးခဲ့လို့ မြို့ရဲ့ စံပြကျောင်းအဖြစ် အရွေးချယ်ခံ ကိုယ်စားလှယ် ဖြစ်သွားတာပဲ.. ဒါကြောင့်လည်း မနှစ်က နှစ်စပိုင်းမှာ ပုဂ္ဂလိက ဆေးရုံ တစ်ရုံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ရရှိခဲ့တယ်”

ဝါရင့်ဆရာသမားက ခပ်ယဲ့ယဲ့လေး ခေါင်းညိတ်ခဲ့သည်။

ချန်းချောင်က သူသိထားသော သတင်းစကားကို ပြောခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားတစ်ဦး အနေဖြင့် ချန်းချောင်က သတင်းအချက်အလက်များစွာကို သိရှိထားသည်မှာ ဆန်းကြယ်သောအရာ မဟုတ်ပေ။

ချန်းချောင် ငယ်စဉ်ကတည်းက ကျောင်းအားကစား ပြိုင်ပွဲ များစွာတွင် ပါဝင်ခဲ့ပြီး အခြား ကျောင်းများသို့ မကြာခဏ ခရီးထွက်ခဲ့သဖြင့် သာမန် ကျောင်းသားများထက် သတင်းအချက်အလက်များကို ပိုသိနိုင်ခဲ့သည်။

လင်းရှောင်ယု”ဆေးရုံက ရင်းနှီးမြှုပ်နှံမှု လုပ်တာလား.. ဘာလို့ ဆေးရုံဖြစ်‌နေရတာလဲ”

“အဲဒီ ဆေးရုံက ခန္ဓာဗေဒလေ့လာတဲ့ ဆေးရုံလေ.. နေကိုးစင်း ဆေးရုံ ဆိုတာ ကြားဖူးလား.. အဲဒီဆေးရုံက နေကိုးစင်း အဖွဲ့အစည်းရဲ့ တည်ထောင်သူ ဖွင့်လှစ်ထားတာ‌လေ”

“အထက်တန်း ကျောင်းဆင်းတွေကို ပစ်မှတ်ထားတဲ့ ဆေးရုံပေါ့.. အဲဒီလို ဆေးရုံမျိုးက ခပ်ရှားရှားပဲ”

“ဒါနဲ့ နွေဦးလေရဲ့ မြင်းများ မြန်မြန်ပြေး စာမေးပွဲမှာ ပထမရတဲ့သူက အမှတ်၅၉ ကျောင်းကလေ.. သူက -ယီးထိပ်အရေပြား လှီးဖြတ်ထားတဲ့သူတဲ့”

ကော်ဟောက်က အတင်းအဖျင်းကို လက်မလွှတ်စတမ်း ဝင်ရောက် ပြောဆိုလိုက်သည်။

လူတိုင်း”……….”

“အမှတ်၅၉ အထက်တန်းကျောင်းရဲ့ အောင်လက်မှတ် ရှိရင် အဲဒီဆေးရုံမှာ လိင်တံအရေးပြားကို အခမဲ့ ဖြတ်လို့ရတယ်တဲ့.. အမှတ်၅၉ ကျောင်းသားတွေရဲ့ အောင်လက်မှတ်ကို ခဏငှားပြီး ငါနဲ့ အတူတူ လူနှစ်ယောက်ကို ခေါ်သွားသင့်တယ်လို့ မထင်ဘူးလား”

ကော်ဟောက်က မေးဖျားကို လက်ဖြင့် ဟန်ပါပါ ပွတ်သပ်၍ ပြောလိုက်သည်။

“…………”

ဤသည်က လူကြားထဲ မပြောသင့်သော စကား ဖြစ်သည်ဟု ဝမ်လင်း ခံစားမိသည်။

စွန်းရုံ နှင့် လင်းရှောင်ယုတို့၏ မျက်နှာက နီမြန်းသွားသည်။

အရှက်မဲ့သော အကြောင်းအရာကို ကြားရ၍ အရှက်သည်းသွားကြခြင်း ဖြစ်၏။

“ကျောင်းသားကော်.. မင်း အောင်လက်မှတ် ငှားလို့ရရင် ငါ့ကိုလည်း မင်းနဲ့ အတူတူ ခေါ်သွားပေးပါ”

ထိုသို့ပြောရင်း ဝါရင့်ဆရာသမား ဝမ်က ရုတ်ခြည်း သက်ပြင်းချလိုက်သည်။

“နှစ်ပေါင်း ၆၀၀နီးပါး ရှိနေပြီ.. အခုအထိ သဘာဝကို မလွန်ဆန်နိုင်သေးဘူး”

“………..”

သူ့ဘေးနားမှ ဝမ်လင်းက တစ်စုံတစ်ရာ ထပ်ပြောချင်သော်လည်း သူ့ကိုယ်သူ ထိန်းသိမ်းလိုက်သည်။

ဝါရင့်ဆရာသမား ဝမ်၏ လက်က အလွန် မြန်ဆန်မှန်း ဝမ်လင်း သိနေသည်။

နည်းလမ်းကျကျ ပြောရလျှင် ဝါရင့်ဆရာသမားက သူကိုယ့်သူ ခွဲစိတ်ကုသနိုင်၍ ဆေးရုံသွားရန် မလိုအပ်ပေ။

……………

သူတို့က အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းပတ်ဝန်းကျင် အသစ်ကို မနာလို ဖြစ်နေသော်လည်း တကယ် မနာလိုခြင်း မဟုတ်ပေ။

ဟွာကောအုပ်စု၏ ပံ့ပိုးမှုကြောင့် အမှတ်၆၀ အထက်တန်းကျောင်းမှာ ဤကျောင်းထက် ပိုမို သာလွန်သွားလိမ့်မည်သာ။

ဝါရင့်ဆရာသမား ဝမ်က ကျောင်းဂိတ်တံခါးကို ဦးဆောင်သွားစဉ် ကျောင်းအစောင့်က သူတို့ကို ဟန့်တားသည်။

“ဘယ်သူနဲ့ လာတွေ့တာလဲ”

ဝါရင့်ဆရာသမားက သူ့အိုင်ဒီကတ်ကို ပြပြီးနောက် အစောင့်က ဝါရင့်ဆရာသမားကို ဦးညွှတ်လိုက်သည်။

“ဆရာတို့က အမှတ်၆၀ အထက်တန်းကျောင်းကကိုး.. ကျောင်းခေါင်းဆောင်က ကျွန်တော်တို့ကို သတင်းပို့ပြီးပါပြီ.. စာရင်းသွင်းဖို့ စာသင်ဆောင် ပထမထပ်ရဲ့ အခန်းနံပါတ် ၁၀၀၁ကို သွားလိုက်ပါ ဆရာ”

“ကောင်းပါပြီ.. ကျေးဇူးပဲ”

ဝါရင့်ဆရာသမား ဝမ်က အပြုံးလေးဖြင့် သူ့ အိုင်ဒီကတ်ကို ပြန်ယူလိုက်သည်။

ထို့နောက်တွင် သူတို့အုပ်စုက အဟန့်အတား မရှိဘဲ ကျောင်းဂိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

အရိုးသားဆုံး ပြောရလျှင် အမှတ်၅၉ နှင့် အမှတ်၆၀ အထက်တန်းကျောင်းမှာ ဆက်ဆံရေး မကောင်းမွန်ကြပေ။

သို့သော် အစောင့်က သူတို့ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ လေးလေးစားစား ဆက်ဆံခဲ့သည်။

တကယ်တမ်း အာရုံစိုက်တတ်သော ဝါရင့်ဆရာသမား ဝမ်ကမူ တခြား ပြဿနာကို သတိပြုမိလိုက်သည်။

အမှတ်၆၀ အထက်တန်းကျောင်းက လာရောက် လည်ပတ်သော သတင်းကို ကျောင်းတွင် မကြေညာထားပုံ ရှိသည်။

သို့မဟုတ်လျှင် စွန်းရုံတို့ မိသားစု၏ ကျော်ကြားမှုကြောင့် လမ်းတစ်လျောက်တွင် လူများ ပြည့်ကြပ် နေလိမ့်မည် မဟုတ်ပါလား။

………………

ကျောင်းလုံခြုံရေး အခန်းတွင် စိတ်ဝိညာဉ်ခံစားမှုကို ဟန့်တားသော ကိရိယာရှိသည်။

သို့ရာတွင် ယင်းကိရိယာက ဝမ်လင်းအပေါ်ကို သက်ရောက်မှု မရှိပေ။

အစောပိုင်းတုန်းက ပြုံးရွှင်နေသော လုံခြုံရေးမှာ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် ဖုန်းခေါ်လိုက်သည်။

“ဒါရိုက်တာရှဲ့.. အမှတ်၆၀ အထက်တန်းကျောင်းက ရောက်လာပါပြီ.. ယောက်ျားလေး ၃ယောက်နဲ့ မိန်းကလေး ၂ယောက်ပါလာပါတယ်.. သူတို့ကိုဦးဆောင်လာတဲ့သူက ဝတုတ်တုတ် ဆရာတစ်ယောက်ပဲ.. အော်.. သူတို့နဲ့အတူ ကြက်တူရွေး တစ်ကောင်လည်း ပါလာသေးတယ်.. ကျနော့်အမြင် ဆရာဝတုတ်က တုံးအပြီး အနှောင့်အယှက် မဖြစ်နိုင်လောက်ဘူး”

“ငါဒီသတင်းကို အစောထဲက သိထားပြီးပြီ.. သူက သာမန် သမိုင်းဆရာ တစ်ယောက်ပါပဲ.. သူက အရမ်းကို သန်မာမယ်လို့တော့ ငါမထင်ဘူး”

တစ်ဖက်ဖုန်းထံမှ အေးစက်စက် အသံက ဂိတ်စောင့်၏ နားထဲသို့ ပဲ့တင်ထပ်လာသည်။

အပိုင်း(၂၉) ပြီး၏။

အပိုင်း(၃၀) အမျိုးသမီးနှစ်ဦး စစ်ဖြစ်ခဲ့လျှင်တစ်စုံတစ်ယောက်က သေဆုံးရလိမ့်မည်

အမှတ် ၆၀ အထက်တန်းကျောင်း၏ ဒါရိုက်တာ ရှီး နှင့် အမှတ် ၅၉ အထက်တန်းကျောင်း၏ ဒါရိုက်တာ ရှဲ့တို့၏ မကောင်းသတင်းကို အွန်လိုင်း အသုံးပြုသူများက တူးဆွမိမည်ဆိုလျှင် သူတို့ချင်း ရန်သူဟောင်းမှန်း သတင်း တူးဖော်မိကြမည် ဖြစ်သည်။

သူတို့နှစ်ဦးစလုံးက Ace တက္ကသိုလ်ပြီးလျှင် နိုင်ငံလုံးဆိုင်ရာ “211 University Project” တွင် ပူးတွဲပါရှိသည့် ပထမအဆင့် ကျင့်ကြံခြင်း တက္ကသိုလ်မှ ဘွဲ့ရခဲ့ခြင်း ဖြစ်၏။

ကျင့်ကြံခြင်း တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် သူတို့ နှစ်ယောက်က အမှတ်၆၀ အထက်တန်းကျောင်းတွင် နှစ်အတော်ကြာအောင် လက်တွဲ လုပ်ကိုင်ခဲ့ဖူး ကြသည်။

နောက်ပိုင်းတွင် ဆရာမ ရှီက ပညာရေးဒါရိုက်တာ အဖြစ် ရွေးချယ် ခံရပြီး ဆရာမ ရှဲ့ကို ကျောင်းက ထုတ်ပစ်လိုက်၏။

ရွေးချယ်စရာ မရှိသည့်အဆုံး ဆရာ ရှဲ့မှာ အမှတ်၅၉ အထက်တန်းကျောင်းသို့ ပြောင်းရွေ့ခဲ့ရသည်။

လွန်ခဲ့သော နှစ်အနည်းငယ်တွင် အမှတ်၅၉ အထက်တန်းကျောင်းက အလျင်အမြန် တိုးတက်လာခဲ့ပြီးဆရာမ ရှဲ့ကလည်း ပညာရေး ဒါရိုက်တာ အဖြစ် တရားဝင် ခန့်အပ်ခဲ့ခဲ့ရသည်။

သူ့ကို တစ်ချိန်က ထုတ်ပယ်ခဲ့၍ အမှတ်၆၀ အထက်တန်းကျောင်းကို လက်စားချေလိုသော ဆန္ဒ အမြဲရှိခဲ့သည်။

အမျိုးသမီး နှစ်ဦး စစ်ဖြစ်ခဲ့လျှင် တစ်စုံတစ်ယောက်က သေဆုံးရလိမ့်မည် ဟူသော ဆောင်ပုဒ် အတိုင်းပင် အမှတ် ၅၉ အထက်တန်းကျောင်းနှင့် အမှတ် ၆၀ အထက်တန်းကျောင်း နှစ်ခုကြား နှစ်ပေါင်းများစွာ မပြေလည်ရသည့် အကြောင်းအရင်း အများစုမှာ ဤပညာရေး ဒါရိုက်တာ နှစ်ယောက်၏ ပြိုင်ဆိုင်မှုများကြောင့် ဆိုလည်းမမှားပေ။

သင်ကြားရေးခေါင်းဆောင်များ မညီညွှတ်ကြ၍ ကျောင်းနှစ်ကျောင်း၏ ကျောင်းသားကောင်စီ ဆက်ဆံရေးမှာလည်း အမြဲလိုလို သဘောထား ကွဲလွဲနေခဲ့သည်။

ကျောင်းသား အချင်းချင်း ယှဉ်ပြိုင်ရာတွင်လည်း ပေါ်တင်ရော ခိုးကြောင်ခိုးဝှက်ပါ တိုက်ခိုက်ကြသည်။

ကျောင်းသားများက သင်ကြားရေး ခေါင်းဆောင်များ၏ အမုန်းတရားကို သဘာဝအလျောက် အမွေဆက်ခံထားခြင်း ဖြစ်၏။

သို့သော် ဖေးယန်ခရိုင်၏ သာမန် အထက်တန်းကျောင်း သုံးကျောင်း အနက် အမှတ်၆၀ အထက်တန်းကျောင်း၏ ကျင့်ဝတ်နှင့် စည်းကမ်းပိုင်းက အတော်ကလေး ကောင်းမွန်သည်ဟု ဝမ်လင်း ခံစားမိသည်။

သင်ကြားရေး အဆောက်အအုံ၏ ပင်မအဝင်ဝသို့ မရောက်မီတွင် ဝမ်လင်းက သူတို့နှင့် သက်တူရွယ်တူ ဆယ်ကျော်သက် တစ်ဦးကို ခပ်လှမ်းလှမ်းမှ မြင်လိုက်ရသည်။

ထိုလူငယ်က နီညိုရောင် ကျောင်းဝတ်စုံကို ဝတ်ဆင်ကာ သင်ကြားရေး အဆောက်အဦးထဲမှ ထွက်လာ၏။

ထိုလူငယ်၏ အနောက်တွင် တခြား သက်တူရွယ်တူ လူငယ်လေးဦးလည်း လိုက်ပါလာသည်။

လူငယ်အုပ်စုက စုစုပေါင်း ငါးဦး ဖြစ်သည်။

လူငယ်ငါးဦး၏ ခေါင်းဆောင်မှာ ထျန်းကျင်းဇီ ဖြစ်ပြီး အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းသား သမဂ္ဂ ဥက္ကဌလည်း ဖြစ်၏။

ထျန်းကျင်းဇီက တည်ကြည်သော မျက်နှာအမူအရာ ရှိပြီး ကျောင်းအသိုင်းအဝိုင်း၏ လူမှု ပတ်ဝန်းကျင်တွင် ပေါင်းသင်းဆက်ဆံရေး ကောင်းသူဟု နာမည်တွင်သည်။

သူက ဖေးယန်ခရိုင်၏ အထက်တန်းကျောင်း သုံးကျောင်း အခြေအနေကို ကောင်းကောင်း သိထားသည်။

ထျန်းကျင်းဇီ၏ နံဘေးတွင် မတ်တတ်ရပ်နေသည့် သူက ဖန်ဟွားချင်း ဖြစ်ပြီး ကျောင်းသား သမဂ္ဂ အဖွဲ့အစည်း၏ ဒုတိယဥက္ကဌလည်း ဖြစ်သည်။

သူက အရပ်ပုပု ခပ်ချောချော ကောင်လေး တစ်ယောက် ဖြစ်သည်။

သူတို့နောက်မှ လူသုံးဦးမှာ လျန့်ညီအစ်ကိုများ ဖြစ်သော လျန့်ဝေ၊ လျန့်ကျန်း နှင့် လျန့်ဖေးတို့ ဖြစ်သည်။

ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲသို့ မတက်ရောက်ခင် ကတည်းက သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများ ကို ဆရာဝမ်က ပြောပြထားသည်။

ထျန်းကျင်းဇီက ဝါရင့်ဆရာသမား ဝမ်ကို ဦးညွှတ်လိုက်သည်။

“ဒါက ဆရာဝမ် မဟုတ်လား…ဆရာဝမ်နဲ့ ဂျူနီယာညီလေး၊ညီမလေးတွေကို အမှတ်၅၉ အထက်တန်းကျောင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်…မင်းတို့အားလုံးရဲ့ နေ့စဉ်လူနေမှုဘဝ လေးရက်တာ ကာလကို ငါ စောင့်ရှောက်ပေးပါမယ်.. ပျက်ကွက်တာ ရှိခဲ့ရင်လည်း ကြိုတင်ပြီး တောင်းပန်ထားပါရစေ”

ဤနွေးထွေးသော ကြိုဆိုမှုက အမှတ်၆၀ အထက်တန်းကျောင်းမှ လူအားလုံးကို သတိကပ်သွားစေသည်။

အမှတ် ၅၉ နှင့် အမှတ်၆၀ အထက်တန်းကျောင်းတို့၏ ဆက်ဆံရေးကို လူတိုင်း သိထားကြ၍ ထိုကဲ့သို့ ဖော်ရွေနေခြင်းမှာ နောက်ကွယ်တွင် အကြောင်းအရင်း တစ်စုံတစ်ရာ ရှိနေလောက်၏။

ထို့အပြင် ကျောင်းချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲ မတိုင်မှီ အမှတ်၅၈ အထက်တန်းကျောင်းက တူညီသော ရည်မှန်းချက်ဖြင့် အမှတ်၅၉ အထက်တန်းကျောင်းသို့ လာရောက်ကြသည်။

ဆရာဝမ် စုံစမ်းထားသော သတင်းအရ အမှတ်၅၈ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ထျန်းကျင်းဇီ၏ စိန်ခေါ်မှုတိုင်းကို လုံးလုံးလျားလျား ငြင်းပယ်ခဲ့ကြ၏။

ထျန်းကျင်းဇီက အန္တရာယ် အငွေ့အသက်လွှမ်းသော မျက်ဝန်းဖြင့် ဝမ်လင်းတို့လူစုကို ဖြန့်ကျက် ကြည့်ရှုလိုက်သည်။

ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲတွင် ဟွာကောအုပ်စု၏ အကြီးဆုံးသမီး စွန်းရုံ သေချာပေါက် ပါဝင်လာလိမ့်မည်ကို သူသိထားသည်။

သူစုံစမ်းထားသော သတင်းအရဆိုလျှင် အဖွဲ့၏ ခေါင်းဆောင်မှာ ဝတုတ် ဝမ်ကျူခန်း ဖြစ်သည်။

ထိပ်တန်းကျောင်းသူ လင်းရှောင်ယု

အားကစားကော်မတီ အဖွဲ့ဝင် ချန်းချောင်

နိုင်ငံရေးအတန်း ကိုယ်စားပြု ကော်ဟောက်

ပြီးတော့…

“ချီးပဲ”

နောက်ဆုံးတစ်ယောက် နာမည်ကို သူ မေ့သွားခဲ့သည်။

“………….”

ထိုလူငယ်၏ နာမည်ကို စဥ်းစားရင်း ထျန်းကျင်းဇီ တစ်ယောက် ချွေးပြန်လာသည်။

သူက ဘာမှစဥ်းစားမရဘဲ အတွေးဗလာ ဖြစ်နေသည်။

ဤလူငယ်က မည်သူနည်း။

သူ မည်သို့မှ စဉ်းစား၍ မရခဲ့ပေ။

ဤကဲ့သို့ ထိန်းချုပ်ရခက်သော ခံစားချက်က ထျန်းကျင်းဇီကို အဆင်မပြေသော ခံစားချက် ဖြစ်စေခဲ့သည်။

သူ တွက်ချက်မှု မှားယွင်းခဲ့ပါသလော။

ဒါလည်း မဖြစ်နိုင်ပေ.. ဤနေရာကို မလာခင်တည်းက သူ သေချာ ပြင်ဆင်ထားခဲ့သည်။

သို့ရာတွင် သူ့အရှေ့မှ လူငယ်၏ သတင်း အချက်အလက် အနည်းငယ်ကိုပင် စဉ်းစား၍ မရတော့ချေ။

ဤသို့ ဖြစ်ရသည်မှာ အဘယ်ကြောင့်နည်း။

အကြောင်းရင်းမှာ ဝမ်လင်း၏ ကြီးမြတ်သော အကာအရံ မန္တန်ကြောင့် ဖြစ်သည်။

ထိုမန္တန်က ဂိမ်းထဲမှ ကိုယ်ဖျောက် စကေးနှင့် တူညီသည်။

သူက အသက်ငါးနှစ် အရွယ်တည်းက မန္တန်ကို အသက်သွင်းခဲ့ပြီး မန္တန်ကို တစ်ခါမှ ပြန်လည် မပိတ်ပင်ခဲ့ပေ။

ထိုမန္တန်၏ ထူးကဲသော အကျိုးသက်ရောက်မှုမှာ ဝမ်လင်းနှင့် ပတ်သက်သော အချက်အလက်များကို မျက်နှာချင်း ဆိုင်သည်နှင့် မျက်စိ တစ်မှိတ်အတွင်း မေ့ပျောက်သွားခြင်း ဖြစ်၏။

စွယ်စုံသိ စီနီယာ ထျန်းကျင်းဇီက ရုတ်တရက် မှတ်ဉာဏ်ပျောက်ဆုံးသွားသလို ငူငူငိုင်ငိုင်ကြီး ဖြစ်သွားသည်။

ထို့နောက်တွင် သူက ယာယီ မှတ်ဉာဏ် ချို့ယွင်းတာ ဖြစ်ရမည်ဟု သူ့ကိုယ်သူ ဖြေသိမ့်လိုက်တော့သည်။

ထျန်းကျင်းဇီက ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ခုပ်တီးလိုက်ရာ ကျောင်းသားတစ်ယောက်က ဝမ်လင်းတို့အတွက် ကြိုတင် ပြင်ဆင်ထားသော လက်ဖက်ရည်ကို တည်ခင်း ဧည့်ခံလိုက်သည်။

“အမှတ်၅၉ အထက်တန်းကျောင်းကို ရောက်လာတဲ့ သူတိုင်းက အထူးဧည့်သည်တွေပါပဲ.. ရောမ ရောက်ရင် ရောမလို ကျင့်ကြံရမယ် ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပေါ့.. အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ဂျူနီယာ ကျောင်းသားလေးတွေက ငါတို့ရဲ့ ရင်းနှီးဖော်ရွေမှုကို အသိအမှတ်ပြုတဲ့ အနေနဲ လက်ဖက်ရည် သုံးဆောင်ကြပါဦးလား”

ဝါရင့်ဆရာသမား ဝမ်က လက်ဖက်ရည် အရောင်ကို ကြည့်ပြီးနောက် ချက်ချင်း မျက်ခုံးနှစ်ဖက် အပေါ်သို့ တွန့်ကွေးသွားသည်။

အညိုအစိမ်း ရောယှက်နေသော ဤလက်ဖက်ရည်က စိတ်မချမ်းမြေ့ဖွယ် ကောင်းသော ဓာတုရနံ့များ ထွက်နေသည်။

ဤလက်ဖက်ရည်ကို အတိအကျ ရှင်းပြရလျှင် ရက်၃၀၀ခန့် မလျော်ဘဲ ချန်ထားသော အောက်ခံအဝတ်နှင့် ၄၉ရက် နေလှန်းထားသော ငါးပုတ်ခြောက်ကို အတူ ရောစပ်ထားသော အနံ့အသက် ဖြစ်နေ၍ အော့အန်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ တရားမဝင် အဆာပြေမုန့် ရောင်းချသူ ဆရာဝမ်က အစားကြူးသူ တစ်ယောက် ဖြစ်၏။

ထို့ကြောင့် လက်ဖက်ရည် အရောင်ကို မြင်သည်နှင့် သူက ချက်ချင်း သိလိုက်သည်။

ဤလက်ဖက်ရည်က အဆိပ် ရှိနေသည်။

၎င်းက သေချာပေါက် ထောက်ချောက် တစ်ခု ဖြစ်၏။

အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများ တွန့်ဆုတ်နေသည်ကို မြင်လျှင် ထျန်းကျင်းဇီက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ဒီလက်ဖက်ရည်မှာ အရွက် နဲ့ သစ်သီးဖျော်ရည်ရဲ့ အာနိသင် အဆ ၂၀၀ ပါဝင်တာကြောင့် အရိုး နဲ့ ကြွက်သားတွေကို အံ့မခန်း ခွန်အားတိုးစေတယ်”

“လက်ဖက်ရည် အနံ့က နည်းနည်း ထူးဆန်းတယ် ဆိုပေမဲ့ လက်ဖက်ရည်နဲ့ ဧည့်ခံတာက ငါတို့ကျောင်းရဲ့ ရင်းနှီးဖော်ရွေမှုကို ပြသတဲ့ ဓလေ့ပဲ.. အမှတ်၆၀ အထက်တန်းကျောင်းက ငါတို့ချင်း ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုဖို့ ရဲရဲရင့်ရင့် သောက်ပြသင့်တယ်လို့ မထင်ဘူးလား”

ထိုစကားကြောင့် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများက ဉာဏ်အလင်း ပွင့်သွားသည်။

“ချီးပဲ.. ”

အမှတ်၅၉ အထက်တန်းကျောင်း၏ ဓလေ့မှာ ကျောင်းတွင်း အဆိပ်ခပ်သည့် နည်းလမ်း ဖြစ်နေသည်။

ဟွာကောအုပ်စုက အသီးအရွက် နှင့် သစ်သီးဖျော်ရည် ရောစပ်သော အမှုန့်များကို ဖန်တီး ထုတ်လုပ်လေ့ ရှိသည်။

သို့ရာတွင် ဟွာကောအုပ်စုမှ ဈေးကွက်ထဲ ရောင်းချသော ပေါင်းစပ်အမှုန့်သည် ပါဝင်ပစ္စည်းများ၏ အချိုးအစားကို သေချာ တွက်ချက်ထားခြင်း ဖြစ်၏။

ဟွာကောအုပ်စုထုတ် ပေါင်းစပ်အမှုန့်များက အရသာ သိပ်မကောင်းသော်လည်း မျိုချရခက်လောက်သည် အထိ အရသာ မဆိုးရွားပေ။

ထျန်းကျင်းဇီ ပြောခဲ့သည့်အတိုင်း ဤလက်ဖက်ရည်၏ အဓိက အချက်မှာ အရိုး နှင့် ကြွက်သားများကို ခွန်အားတိုးစေခြင်း ဖြစ်သည်။

ထျန်းကျင်းဇီတို့က ဤကဲ့သို့ စိတ်ပျက်ဖွယ် လုပ်ရပ်မျိုးကို လုပ်လာလိမ့်မည်ဟု စွန်းရုံ မမျှော်လင့်ခဲ့ပေ။

သူတို့က သူမလို ဟွာကော အုပ်စု၏ သခင်မလေးကို လုံးဝ မထီမဲ့မြင် ပြုမူလိုက်ခြင်းပင်။

အကြမ်းဖျင်း ရှင်းပြရလျှင် အသီးအရွက်နှင့် သစ်သီးဖျော်ရည် ၁၀ဆ ပြင်းအားကိုပင် မြိုချရန် ခက်ခဲသည်။

၂၀ဆပြင်းအားမှာ သေလောက်အောင် ဆိုးရွားမည်မှန်း တွေးကြည့်စရာပင် မလိုချေ။

ယခုလို အဆ ၂၀၀ ပြင်းအားကမူ လူတစ်ယောက်ကိုပင် အသက် သေစေနိုင်လောက်၏။

ဖန်ဟွားချင်း နှင့် လျန့်ဝေတို့အဖွဲ့က စိတ်ထဲကနေ ကျိတ်၍ ရယ်မောနေကြသည်။

အမှတ်၅၈ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ကျောင်းမျက်နှာပျက်မည်ကို စိုးရိမ်သောကြောင့် လက်ဖက်ရည်ကို သောက်ခဲ့သော်လည်း စာသင်ဆောင် အဝတွင် အရှက်ရသည်အထိ အော့အန်ခဲ့ကြသည်။

လက်ဖက်ရည်က မျိုချဖို့ပင် ခက်ခဲနေရာ အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ဘာဆက်လုပ်ရမလည်း မသိတော့ပေ။

ပတ်ဝန်းကျင်လေထုက အေးစက်နေစဉ် ထျန်းကျန်းဇီ နာမည် မမှတ်မိသော လူငယ်လေးက အရှေ့သို့ ခြေနှစ်လှမ်း သုံးလှမ်းခန့် တိုးလာသည်။

ထို့နောက်….

ထို့နောက် ထိုလူငယ်လေးက လက်ဖက်ရည်ခွက်ကို ဆတ်ခနဲ ကောက်ယူ၍ တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။

အပိုင်း(၃၀) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset