Switch Mode

Chapter – 219

ပျော့ပျောင်းခြင်း (၂)

အပိုင်း ၂၁၉
ပျော့ပျောင်းခြင်း (၂)

ဝမ်ရှန်း၏ခန္ဓာကိုယ် တစ်ခုလုံးသည် ဘယ်လိုပုံစံမျိုး မဆို ကွေးကောက်၍ ရသည့် နူးညံ့သည့်ကြိုး တစ်ချောင်းနှင့် တူနေ၏။ သို့သော် ထိတွေ့လိုက်သည့် အချိန်တွင် ထိုခန္ဓာကိုယ်သည် နူးညံ့မနေဘဲ သံမဏိကဲ့သို့ မာကျောနေကြောင်း သိလိုက်ရသည်။

ဝမ်ရှန်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး… ပခုံး၊ နောက်ကျော၊ တင်ပါး၊ ရင်ဘတ်နှင့် ဗိုက်များသည်ပင် သူ့အတွက် လက်နက်များ သဖွယ် ဖြစ်နေ၏။ တစ်ဖက်လူမှာ လျှပ်တစ်ပြက်အတွင်း ဝမ်းဗိုက်သို့ လက်သီး တစ်ချက် အရှိန်ပြင်းစွာ ထိုးလိုက်လေသည်။ ဝမ်ရှန်းသည် ရုတ်ခြည်းပင် ပျော့ပျော့ပျောင်းပျောင်း ရှောင်တိမ်းလျက် အသာအယာပင် လက်ဆန့်ထုတ်ပြီး ပြန်လည် ထိုးလိုက်သည်။ လက်သီးနှစ်ချက် အားက ထိပ်တိုက် တွေ့ဆုံသွားပြီး တစ်ဖက်လူ၏ လက်မှ အရိုးအဆစ်တို့မှာ ကျိုးကြေသွားတော့သည်။

ဝမ်ရှန်း ပြန်လည် တိုက်ခိုက်လိုက်သည့် ခွန်အားမှာ ကီလိုဂရမ် ၅၀၀၀ အားနှင့် ညီမျှနေ၏။ ထိုကဲ့သို့သော ပြင်းလွန်းသည့် အားကို တစ်ဖက်လူမှာ မည်သို့မျှ တောင့်ခံနိုင်မည် မဟုတ်ပေ။

ဝမ်ရှန်းသည် တိုက်ခိုက်ရင်းပင် သူ၏ကိုယ်နေ ဟန်ထားကလည်း ပိုမိုနူးညံ့ ပျော့ပျောင်း လာခဲ့သည်။ သူ၏ဝိညာဉ်နယ်မြေ အတွင်းမှ တိုက်ပွဲဝိညာဉ်သည်လည်း ကိုယ်ပွားတစ်ခု ဖန်တီးကာ ဝမ်ရှန်း၏ တိုက်ခိုက်မှု ပုံစံအတိုင်း အနက်ရောင်ဝတ်ရုံနှင့် လူကို လိုက်လံ တိုက်ခိုက် နေခဲ့တော့သည်။

အားသုံးကာ တိုက်ခိုက်၍ မရသည့် ခံစားချက်က တစ်ဖက်လူအား အတော်ကို စိတ်ပျက် အားလျော့ စေခဲ့သည်။ ပို၍ ဆိုးသည်မှာ ဝမ်ရှန်း သူ့အား ထိလိုက်သည့် အနေအထားမှာ ပေါ့ပေါ့ပါးပါးသာ ထိလိုက်ခြင်း ဖြစ်သော်လည်း ထိမိတဲ့ နေရာတိုင်းသည် အသဲခိုက်မတတ် နာကျင် လွန်းလှပေ၏။ ဝမ်ရှန်းက သူ့အား ဤပုံစံဖြင့် တိုက်ခိုက်နိုင် လိမ့်မည်ဟု ထိုလူ လုံးဝ မထင်ထားခဲ့မိပေ။

ဤမြင်ကွင်းအား ကြည့်နေသည့် တာအိုဘုန်းတော်ကြီး လင်ရှူးသည် အလွန် စိတ်လှုပ်ရှားနေကာ အခြားဘာကိုမှ ဂရုစိုက် မနေတော့ဘဲ ဝမ်ရှန်း၏ တိုက်ခိုက်နည်း များကိုသာ စူးစူးစိုက်စိုက် ကြည့်ကာ လိုက်မှတ်သား နေခဲ့၏။

ဝမ်ရှန်း၏ ခန္ဓာကိုယ် လှုပ်ရှားပုံများသည် သူ နားလည်ထားသည့် တိုက်ခိုက်ခြင်း တိုက်ကွက်များနှင့် တစ်ထပ်တည်း တူညီလုနီးပါး ဖြစ်နေပေသည်။ သူ၏တိုက်ခိုက်ပုံသည် ဝမ်ရှန်းထက် အနည်းငယ် ဆိုးဝါးပေ၏။ အနည်းငယ်သာ ဆိုသော်လည်း ထိုအရာသည် သူ့အား အလွန် အရှက်ရစေကာ သူ့ကိုယ်သူ ဒေါသထွက်စေသည်။ သို့သော် ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်နေသော်လည်း လင်ရှူးသည် ထိုတိုက်ကွက်များ တစ်ခုတလေ လွဲသွားမည်ကို စိုးရိမ်နေသည် အလား မျက်တောင်မခတ် စတမ်း ကြည့်နေခဲ့လေသည်။

သန်မာမှုနှင့် နူးညံ့ပျော့ပျောင်းမှု…

ဝမ်ရှန်းမှာ ဤဆန့်ကျင်ဘက် ဖြစ်နေသည့် အရာနှစ်ခုကို ပေါင်းစပ် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ဤမြင်ကွင်းသည် လင်ရှူးအား စိတ်လှုပ်ရှားလွန်း၍ ထအော်ချင်စိတ်ပင် ပေါက်စေခဲ့သည်။

လင်ရှူး သာမက ဆရာလုနှင့် အစီအရင် ဆရာတို့သည်လည်း ထိုတိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှု နေခဲ့ကြလေသည်။ ထိုကဲ့သို့ သူတို့ သုံးယောက်လုံးက တိုက်ပွဲ အတွင်း အာရုံရောက် နေခြင်းမှာ မောက်မာသည့် လူငယ်အတွက် အခွင့်အရေး တစ်ရပ် ဖြစ်စေခဲ့သည်။

အားလုံးက သူတို့အာရုံနှင့် သူတို့ရှိနေသည့် အတွက်ကြောင့် ယခုအချိန်မှာ သူအတွက် ထွက်ပြေးရန် အကောင်းဆုံးအချိန်ပင် မဟုတ်ပါလော။ ထိုကဲ့သို့ တွေးမိသည်နှင့် သူသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဝပ်ချကာ တွားသွား လိုက်၏။

အရှေ့တွင် နံရံတစ်ခု ရှိနေကာ ထိုနံရံကို ကျော်တက် လိုက်သည်နှင့် သူ့အား မည်သူမှ မြင်တော့မည် မဟုတ်ပေ။ ဂရုတစိုက် သွားကာ လုံလောက်သည့် အကွာအဝေး ရောက်သည်နှင့် အားကုန်သုံးကာ ဤသေမင်းခံတွင်းဝမှ ထွက်ပြေး၍ ရပြီဖြစ်သည်။

တွားသွားနေရင်း လူကွယ်ရာ ထောင့်တစ်နေရာသို့ ရောက်ခါနီးပြီ ဖြစ်ကြောင်း သိလိုက်ချိန်တွင် ထိုလူငယ်၏ မျက်နှာထက်၌ ပျော်ရွှင်မှု အရိပ်အယောင်များ သိသိသာသာ ထွက်ပေါ်လာခဲ့သည်။ သူ့ရှေ့တွင် လွတ်မြောက်ခြင်း အလင်းတန်း ရှိနေပြီပင်။

ထိုအခိုက်အတန့်မှာပင် အမှောင်ထုတစ်ခုက သူ့အား ရုတ်ခြည်းပင် ဖုံးလွှမ်း သွားခဲ့တော့သည်။

ဤသည်မှာ ကောင်းကင်ကြီးက ရုတ်တရက် ကြီးမှောင်သွားခြင်း မဟုတ်၊ အနက်ရောင် ဝတ်ရုံနှင့် လူက သူ့အား တည့်တည့် ဆောင့်ရိုက် သွားခဲ့ခြင်းသာ ဖြစ်သည်။

ဝမ်ရှန်းသည် နောက်ဆုံး လက်သီးချက်တွင် အားကို ထိမ်ချန် မထားတော့ဘဲ ရှိသမျှ ခွန်အားဖြင့် ထိုလူအား ထိုးလိုက်ခြင်း ဖြစ်၏။ ဆဋ္ဌမအဆင့် ဝိညာဉ်သခင်သည် ထိုလက်သီးချက်ကြောင့် လွင့်ထွက်သွားပြီး သူ၏ရင်ညွန့်ရိုးနှင့် အတွင်းအင်္ဂါများ ကျိုးကြေပျက်စီး သွားခဲ့တော့သည်။

သူ့ကိုယ်သူ ဉာဏ်ကောင်းသည်ဟု ထင်နေသည့် လူငယ်သည် ဝမ်ရှန်းလက်သီးချက်ကြောင့် လွင့်ထွက်လာသော သူ့လက်အောက် ငယ်သား ဆဌမအဆင့် ဝိညာဉ်သခင်၏ အရှိန်ပြင်းပြင်းဖြင့် ဝင်ဆောင့်ခြင်းကို ခံလိုက်ရတော့သည်။

ဘုန်း…

ပြင်းထန်လှသည့် အရှိန်ကြောင့် အနက်ရောင် ဝတ်ရုံနှင့်အတူ လူငယ်သည်လည်း နံရံနှင့်ဆောင့်တိုက် သွားခဲ့တော့သည်။

ဂွျတ်…

ထို့နောက် လည်ပင်းရိုး ကျိုးသည့်အသံ ထွက်ပေါ်လာခဲ့ကာ ထိုနေရာ၌ပင် မလှုပ်မယှက် ငြိမ်ကျ သွားခဲ့တော့၏။

“ခင်ဗျားကို အားကြီးတဲ့ ဝိညာဉ်သခင် တစ်ယောက်လို့ ထင်နေတာ။ ဒါပေမယ့် ခင်ဗျားက ကျုပ်လက်သီးလေး တစ်ချက်ကိုတောင် မတောင့်ခံနိုင်ဘူးပဲ”

သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ဝမ်ရှန်း ခေါင်းခါ ယမ်းလိုက်ပြီး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ ထို့နောက် လင်ရှူးဘက်သို့ အကြည့်လွှဲ လိုက်သည်။

ယခုအချိန်တွင် လင်ရှူးသည် လုံးဝကို စိတ်လှုပ်ရှားနေ၏။ သူသည် မျက်လုံးများ မှိတ်လိုက်ပြီး ယခု မြင်လိုက်ရသည့် အဖြစ်အပျက်များ အားလုံးကို ပြန်လည် မြင်ယောင် ကြည့်နေမိသည်။

ဆရာလုသည်လည်း လင်ရှူးနှင့် ထူးမခြားနားပင်။ သူသည် သိပ်ပြီး တိုက်ခိုက်လေ့ မရှိသော်လည်း ဆဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ယောက်အနေဖြင့် သူ၏အမြင် အာရုံမှာ အလွန်စူးရှ လှပေသည်။ ဝမ်ရှန်း အသုံးပြုခဲ့သည့် တိုက်ခိုက်ရေး နည်းလမ်း အချို့သည် သူ မတိုက်နိုင်သည့် နည်းလမ်းများ ဖြစ်ပေသည်။ သို့သော် ထိုထဲတွင် တူနှင့်ဆောက်ကို အသုံးပြုကာ ရန်သူကို အရေခွံနွှာသည့် သူ၏တိုက်ကွက်နှင့် တူသော နူးညံ့ပျော့ပျောင်းသည့် တိုက်ကွက်များ ပါဝင်နေကြောင်း တွေ့လိုက်ရာ ဆရာလုသည် ကျေနပ်ပီတိ ဖြစ်နေမိသည်။

ထိုတိုက်ကွက်များကို နားမလည်သည့် တစ်ဦးတည်းသော လူမှာ အစီအရင် ဆရာပင် ဖြစ်၏။ သူသည် ဝမ်ရှန်း၏ နောက်ဆုံး တိုက်ကွက်ဖြင့် အနက်ရောင် ဝတ်ရုံနှင့်လူ သေဆုံး သွားသည်ကို မြင်တွေ့ခဲ့ပြီး သူနှင့်အတူ ပါလာသည့် လူငယ်၏ သေဆုံးမှုကိုလည်း မြင်ခဲ့သည်။ ယခုအချိန်တွင် သူ့အလှည့် ရောက်ပြီဖြစ်၏။

သူ့အား ခေါ်လာသည့် မောက်မာသော လူငယ်၏ အခြားမည်သည့် လက်အောက် ငယ်သားမှ မပေါ်လာခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် လက်လျှော့ခဲ့ပြီး ဖြစ်၏။ သူတို့ထဲ၌ ပါလာသည့် အင်အားအကြီးဆုံး ဆဋ္ဌမအဆင့် ဝိညာဉ်သခင် နှစ်ယောက်မှာလည်း တစ်ယောက်သည် ကြွက်သားများနှင့် အဆီများ ပေါ်သည်အထိ အရေခွံ နွှာခံခဲ့ရပြီး အဆုံး၌ အရိုးများသာ ကျန်ရှိတော့သည် အထိ အသားလွှာများ နွှာခံခဲ့ရ၏။ ကျန်တစ်ယောက်သည်လည်း ဝမ်ရှန်း၏ ထူးခြားသော တိုက်ကွက်များဖြင့် သေဆုံးခဲ့ရသည်။ ထို့ကြောင့် သူတို့ထက် တိုက်ခိုက်နိုင်စွမ်း နည်းသည့် မိမိအတွက်ကမူ တွေးကြည့်စရာပင် မလိုတော့ပေ။

ထိုအချိန်တွင် အစောပိုင်း၌ ကြားခဲ့သည့် အော်ဟစ်သံများ အကြောင်း သူ ပြန်တွေးမိ သွားခဲ့သည်။ သူနှင့်လူငယ်လေးသည် ထိုအော်ဟစ်သံကို ရွာသားများ၏ အော်ဟစ်သံများဟု ထင်ခဲ့ကြ၏၊ သို့သော် အဖြစ်မှန်မှာ ထိုအော်ဟစ်သံသည် သေခါနီး သူတို့လူများ၏ အော်ဟစ်သံများ ဖြစ်နေခဲ့ပေသည်။

“ပြိုင်ဘက် တစ်ယောက်ရွေး”

ဝမ်ရှန်း သူ့ထိုင်ခုံ၌ ပြန်ဝင်ထိုင်ကာ သူ့ရှေ့၌ ငုတ်တုတ် ထိုင်နေသည့် အစီအရင် ဆရာအား ပြောလိုက်သည်။

ဝမ်ရှန်းသည် စစ်သည် တစ်ယောက်ဖြစ်သည်။ သူ့အား သတ်ချင်နေကာ သူ၏တည်နေရာကို ခြေရာခံနိုင်သည့် လူတစ်ယောက်ကို အလွတ်ပေးရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။ သူ့ကို သူကိုယ်တိုင် ပြိုင်ဘက် ရွေးခိုင်းခြင်းသည် နောက်ဆုံး အဆုံးစွန် သက်ညှာမှုပင် ဖြစ်၏။

ဆရာလု၏ လှုပ်ရှားပုံကို အစီအရင်ဆရာ မြင်ခဲ့၏၊ ဝမ်ရှန်း၏ လှုပ်ရှားပုံကိုလည်း မြင်ခဲ့သည်။ သူသည် တာအိုဘုန်းတော်ကြီး လင်ရှူး၏ လှုပ်ရှားပုံကို မမြင်ဖူးသေးချေ။ သို့သော် အစောပိုင်း သေဆုံးသွားခဲ့သည့် ဆဋ္ဌမအဆင့် ဝိညာဉ်သခင်မှာ ဘယ်လိုလုပ် အပစ်ပေါက် ခံလိုက်ရသည် ဆိုတာကို သူ သေချာမသိပေ။ မည်သို့ဆိုစေ ဤအချက်ကို ကြည့်ခြင်းအားဖြင့် လင်ရှူးကလည်း အဆင့်မြင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်ကြောင်း သိသာပေသည်။

ဝမ်ရှန်းမှ ဆက်ပြော လိုက်သည်။

“ဒီနေရာက ခင်ဗျား လာသင့်တဲ့နေရာ မဟုတ်ဘူး”

တာအိုဘုန်းတော်ကြီး လင်ရှူး ဤနေရာ၌ နေကြောင်းကို သူတို့နှစ်ယောက် သိခဲ့ပေသည်။ သို့သော် သူတို့သည် လင်ရှူးကို သာမန်တာအို ဘုန်းတော်ကြီး တစ်ပါးဟုသာ ထင်ခဲ့ကြခြင်း ဖြစ်၏။ သူတို့မှာ အချိန်မှား နေရာမှား ရောက်လာခဲ့ခြင်းပင်။

အစီအရင် ဆရာ၏ ဝိညာဉ်အဆင့်က ထိုသေဆုံးသွားသည့် လူငယ်ထက် ပိုမြင့်ကြောင်း သိသာပေသည်။ ထိုလူသည် မျက်လုံးများ မှိတ်ထားကာ သိုင်းကွက်များကို ပြန်လည် ဝင်စားကြည့်နေသည့် လင်ရှူးအား တိုက်ခိုက်ရန် အရှေ့ထံသို့ ပြေးတက် သွားလိုက်သည်။ သို့သော် လင်ရှူးသည် လက်တစ်ဖက်ကို မြှောက်ကာသာ လက်ဝါးဖြင့် ထိုလူ၏ ရင်ဘတ်ကို အသာအယာ ပုတ်ထုတ်လိုက်၏။

ဝုန်း…

ထိုအစီအရင်ဆရာ၏ ခန္ဓာကိုယ်သည် လေးညှို့မှ လွှတ်ထွက်သွားသည့် မြားတစ်စင်းကဲ့သို့ တစ်ဟုန်ထိုး လွင့်ထွက်သွားကာ ထိုလူငယ်နှင့် သိပ်မဝေးသည့် နေရာ၌ နံရံဖြင့် ဆောင့်တိုက် သွားခဲ့တော့သည်။

နံရံသည် ထူထပ် ခိုင်ခံ့သည့်အပြင် လွင့်ထွက်သွားသည့် အရှိန်သည်လည်း ပြင်းလွန်း လှပေရာ နံရံနှင့်ထိသည်နှင့် ထိုအစီအရင် ဆရာ၏ ခန္ဓာကိုယ်၏ တစ်ကိုယ်လုံးရှိ အရိုးတို့မှာ အစိတ်အမြွှာမြွှာ ကျိုးသွားခဲ့တော့သည်။ နံရံထက်၌ ကြီးမားသည့် ဆေးပန်းချီကားချပ် တစ်ချပ်ကဲ့သို့ ဧရာမ သွေးကွက် နှင့်အတူ သွေးစက်များ ထင်ထင်ရှားရှား ကျန်ရစ်ခဲ့လေတော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset