Switch Mode

Chapter – 218

ပျော့ပျောင်းခြင်း (၁)

အပိုင်း ၂၁၈
ပျော့ပျောင်းခြင်း (၁)

လူငယ်လေးနှင့် အစီအရင် ဆရာတို့သည် သူတို့ တစ်ရွာလုံးကို နှုတ်ပိတ် ပစ်မည်ဟု ပြောသည့် အချိန်ကတည်းက သူတို့၏ အဆုံးသတ်က ကြိုတင် သတ်မှတ်ထားပြီးသား ဖြစ်သည်။ မသေချာသေးသည့် တစ်ခုတည်းသော အရာမှာ သူတို့ ဘယ်လိုသေမလဲ ဆိုတာပင် ဖြစ်၏။ မည်သို့ဆိုစေ သူတို့သည် သေမည် ဆိုမှတော့ ဘယ်လို သေမလဲဆိုတာကို ဂရုစိုက်နေစရာ မလိုတော့ပေ။ ဓားချက်ဖြင့် သေဆုံးခြင်းကလည်း သေသည်ပင်ဖြစ်၏။ ကျားခံတွင်းဝ၌ သေဆုံးခြင်းကလည်း သေသည်ပင်ဖြစ်၏ ဘာများ ကွာခြား သွားမည်နည်း…

အစီအရင် ဆရာကမူ ရက်စက် ပြင်းထန်သည့် မြင်ကွင်း များစွာကို မြင်တွေ့ခဲ့ဖူးသည့် အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာ သန်မာနေပြီဖြစ်ကာ မအန်မိခဲ့ပေ။ သို့သော် သူသည် သေခြင်းတရားနှင့် ရင်ဆိုင်ရန် သူ့စိတ်ကိုသူ အသင့်ပြင်ထားပြီး ဖြစ်၏။

အစီအရင် ဆရာသည် သူ့အစီအရင် ကျိုးပျက်သွားသည့် အချိန်ကတည်းက ဤကဲ့သို့ ဖြစ်လာမည်ဟု ကြိုတွေးထားခဲ့ခြင်း ဖြစ်သည်။ သူသည် သကြားခဲဟု ထင်၍ ကိုက်လိုက်ကာမှ ဆားခဲဖြစ်နေမှန်း သိလိုက်ရခြင်း ဖြစ်သည်။

မောက်မာခဲ့သည့် လူငယ်သည် တရစပ် ထိုးအန်နေခဲ့ကာ နောက်ဆုံး သူ့ဗိုက်ထဲ၌ အန်စရာ အစာမရှိတော့သည့် အချိန်မှသာ ရပ်သွားခဲ့တော့သည်။ သူသည် ထောင်လွှား မောက်မာပြီး သူကိုယ်တိုင် လူများစွာ သတ်ခဲ့ဖူးသော်လည်း ဤကဲ့သို့ ကြောက်စရာ ကောင်းသည့် မြင်ကွင်းမျိုးကို သူ တစ်ခေါက်မှ မမြင်ဖူးခဲ့ပေ။

ထိုလူငယ်သည် မောက်မာ ထောင်လွှားသည် ဆိုသော်လည်း ဝိညာဉ်သခင် များစွာကို ဦးဆောင်နိုင်သည့် လူအနေဖြင့် သူသည် လုံးဝ ဦးနှောက်မရှိသည့် လူတစ်ယောက် မဟုတ်ပေ။ ထို့ပြင် ကောင်းကင်ဘုံ ဈေးတန်းမှ ဤပန်းပုဆရာ အဘိုးအိုမှာ ဤကဲ့သို့ ကြောက်စရာ ကောင်းသည့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု အစောကတည်းက ကြိုသိခဲ့မည်ဆိုလျှင် သူတို့သည် ထိုပန်းပုဆရာ ပြန်သွားသည်ကို စောင့်ပြီး နောက်ရက် အနည်းငယ်ကြာမှ ပြန်လာမည်သာ ဖြစ်သည်။

ထိုအချိန်မှသာ ဝမ်ရှန်းပြောခဲ့သည့် “အခုအချိန်က လာဖို့အချိန်ကောင်း မဟုတ်ဘူးနော်” ဟူသည့် စကား၏ အဓိပ္ပာယ်ကို သူတို့ အပြည့်အဝ နားလည် သွားခဲ့တော့သည်။ သို့သော် အသုံးမဝင်တော့ပေ၊ နောက်ကျလွန်း သွားပြီဖြစ်၏။

ထိုလူငယ်၏ ဆဋ္ဌမအဆင့် နောက်လိုက် နှစ်ယောက်တွင် တစ်ယောက် ကျန်နေသေးပေသည်။ ထိုလူသည် ဉာဏ်ကောင်းကာ တမင်သက်သက် မထွက်လာဘဲ သူ့အား ကယ်တင်ရန် အခွင့်အရေးကို အမိအရ စောင့်နေခြင်း ဖြစ်နိုင်ပေ၏။

ဟုတ်သည် ထိုကဲ့သို့သာ ဖြစ်ရပေမည်… ထိုလူငယ်သည် ထိုသို့ တွေးမိသွားကာ သူ့စိတ်ထဲ၌ မျှော်လင့်ချက် ရောင်ခြည်တန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဖြစ်နိုင်ချေက အလွန် နည်းပါးသော်လည်း “အကယ်၍…” ဆိုပြီး မျှော်လင့်မိလေသည်။

ထိုအချိန်မှာပင် အားလုံး၏ မြင်ကွင်းထဲသို့ အနက်ရောင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် အစောပိုင်းမှ ဆရာလု၏ သင်ကြား ပို့သမှုများကို ပြန်လည် စဉ်းစား ဆင်ခြင်နေသည့် ဝမ်ရှန်းထံသို့ ဒေါင်လိုက် အနေအထားဖြင့် တည့်တည့် ဦးတည် သွားနေခြင်းဖြစ်၏။

ရုတ်တရက် တိုက်ခိုက်မှုသည် ဝမ်ရှန်းအား ချက်ချင်း သတိပြန်ဝင် လာစေခဲ့ကာ သူ ဘာမှမတွေးဘဲ ထိုပုံရိပ်ကို လက်သီးဖြင့် ပြန်ထိုးရန် ရွယ်လိုက်သည်။ သို့သော် ထိုလူက တစ်ဝက်ခန့် ရောက်သည့် အချိန်မှာပင် တာအိုဘုန်းတော်ကြီး လင်ရှူး အော်ပြောလိုက်သည့် စကားကို ဝမ်ရှန်း ကြားလိုက်ရသည်။

“သူနဲ့တိုက်၊ ငါ ကြည့်နေမယ်”

ထိုစကားကြောင့် ဝမ်ရှန်းသည် သူရွယ်ထားသည့် လက်သီးကို လက်ဝါးအဖြစ်သို့ ချက်ချင်း ပြန်ပြောင်းလိုက်၏။

လင်ရှူး ပစ်လွင့်လိုက်သည့် လူသည် အစော၌ ထိုလူငယ် တွေးနေသည့် သူ၏နောက်ထပ် နောက်လိုက် တစ်ယောက်ပင် ဖြစ်သည်။ ထိုလူသည် သတိအပြည့်အဝ ရှိနေခဲ့သော်လည်း ဝမ်ရှန်းထံသို့ ဦးတည်ကာ လွင့်ထွက်နေသည့် အရှိန်ကို သူ မထိန်းနိုင်ချေ။

ဝမ်ရှန်းသာ သူ့ကို လက်သီးဖြင့် ထိုးလိုက်မည် ဆိုပါက သူ၏လက်ရှိ ခွန်အားအရ ထိုလူ အရိုးများ ကျိုးထွက် သွားနိုင်ပေသည်။ သို့သော် လင်ရှူး၏ စကားကြောင့် ဝမ်ရှန်းသည် သူ၏လက် တစ်ဖက်ဖြင့် ထိုလူကို အသာအယာသာ ထိ၍သာ သူ၏အရှိန်ကို ထိန်းပေးလိုက်သည်။

သို့သော် ထိုကဲ့သို့ ထိန်းပြီးသည်နှင့် တစ်ပြိုင်နက် ကျန်လက်တစ်ဖက်ဖြင့် ထိုလူ၏ ရင်ဘတ်ကို အသာအယာ ပြန်တွင်းထုတ် လိုက်၏။

ဘုန်း…

ချက်ချင်းပင် ထိုလူသည် အနောက်သို့ ခြေလှမ်းများစွာ ပြန်ဆုတ် သွားခဲ့ကာ နောက်ဆုံးမှာမှ မတ်မတ် ပြန်ရပ် သွားနိုင်ခဲ့သည်။

ထို့နောက် ထိုလူသည် ပြန်တိုက်ခိုက်ရန် ပြင်လိုက်သည့် အချိန်မှာပင် သူ့ခန္ဓာကိုယ် တစ်ခုလုံးရှိ အားတစ်ဝက်လောက် ချိပ်ပိတ် ခံထားရကြောင်း သိရှိလိုက်ရသည်။ ထိုအခိုက်အတန့်မှာပင် သူ၏ ခွန်အားမှာ ဆဌမ အဆင့်မှ တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်၏ ခွန်အားသို့ ရောက်ရှိသွား၏။

သို့သော် သူ့ရှေ့၌ ရှိနေသည့် သူ၏ပြိုင်ဘက် ဝမ်ရှန်းသည် ဒုတိယအဆင့် အထွတ်အထိပ်အဆင့် ဝိညာဉ်သခင် တစ်ယောက်သာဖြစ်၏။ ဒါ့ပြင် ထူးဆန်းသည့် အဘိုးအိုက သူ ဝမ်ရှန်းကို အနိုင်ယူနိုင်လျှင် သူ့ကို လွတ်ပေးမည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူသည် ရှိသမျှအား အကုန်သုံးကာ ဝမ်ရှန်းအား တိုက်ခိုက်ရပေမည်။

ထိုအနက်ရောင် ဝတ်ရုံနှင့်လူ မတ်မတ် ရပ်နိုင်နေသည်ကို မြင်လိုက် ရသောအခါ မောက်မာသည့် လူငယ်၏ စိတ်ထဲ၌ ပျော်ရွှင်မှုများ ဖြစ်ပေါ် လာခဲ့တော့သည်။ ထို့နောက် သူ ဆရာလုအား ကြည့်လိုက်သည့် အချိန်တွင် ဆရာလုသည် ထိုအနက်ရောင် ဝတ်ရုံနှင့်လူကို လျစ်လျူရှုကာ ဤကိစ္စက သူနှင့်ဘာမှ မဆိုင်သကဲ့သို့ ဘေးဘက်သို့ လျှောက်သွား လိုက်သည်ကို သူ မြင်လိုက်ရသည်။

ဒါက ဘာအဓိပ္ပာယ်များလဲ … မြင်လိုက်ရသည့် မြင်ကွင်းကို ထိုလူငယ် ဘယ်လိုမှ နားမလည်နိုင် ဖြစ်သွားခဲ့သည်။

အစီအရင်ဆရာသည် တစ်ခုခု လွဲမှားနေကြောင်း သတိထားမိ လိုက်သော်လည်း သူ ဘာမှ မပြောချင်တော့ပေ။ သူသည် မသေခင်တွင် အဆင့်မြင့် ဝိညာဉ်သခင် တစ်ယောက်၏ ပုံရိပ် ကောင်းကောင်းဖြင့်သာ သေချင်တော့ပေသည်။

စွမ်းအားများ ကန့်သတ်ချုပ်တည်း ခံထားရသည့် ဝိညာဉ်သခင် တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ဝမ်ရှန်း ဘယ်လိုမှ မကြောက်မိပေ။ သူသည် ဝိညာဉ်အဆင့်အတွင်း မဝင်ခင်ကပင် တတိယအဆင့် ဝိညာဉ်သခင် ဖြစ်သည့် စုန့်လောင်ယုကို တိုက်ခိုက်ရဲခဲ့သည့် လူတစ်ယောက်ဖြစ်ရာ ယခုအချိန် ကြီးမားသည့် ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရပြီး နောက်တွင် ဤကဲ့သို့ အဆင့်ချုပ်တည်း ခံထားရသည့် ဝိညာဉ်သခင် တစ်ယောက်ကို သူ မျက်စိထဲပင် မထည့်တော့ချေ။

ထိုအချိန်မှာပင် အနက်ရောင် ဝတ်ရုံနှင့် လူသည်လည်း သူ့ကိုယ်သူ အလွန် ယုံကြည်ချက် ရှိနေပေသည်။ သူတွေးသည်က သူသည် ဆဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်သည့်အပြင် တိုက်ပွဲ အတွေ့အကြုံ အရရော အခြားနေရာများ၌ပါ ဝမ်ရှန်းထက် များစွာ ပိုသာနေသည်။

ထိုအချက်များကြောင့် သူသည် ဝိညာဉ်အဆင့် တတိယအဆင့်၏ ခွန်အားများကိုသာ အသုံးပြုရမည် ဆိုလျှင်ပင် သူနှင့် အဆင့်တူသည့် ဝိညာဉ်သခင်ကို အလွယ်တကူ အနိုင်ယူ နိုင်ပေသည်။

သို့ရာတွင် ပျော့တိပျော့ဖတ် ဖြစ်နေသည့် ဝမ်ရှန်း၏ ခန္ဓာကိုယ်ကြောင့် ထိုလူ ကြောင်အ သွားခဲ့သည်။ သူသည် လျင်မြန်လှသည့် အရှိန်ဖြင့် ဝမ်ရှန်းအား တိုက်ခိုက်လိုက်စဉ်မှာပင် သူသည် နောက်တစ်ကြိမ် အနောက်သို့ တစ်မုဟုတ်ချင်း လွင့်ထွက် သွားခဲ့သည်။

ထိုလူက ကြောင်အ သွားသော်လည်း သူ့အား ပစ်လွှတ်လိုက်သည့် တာအိုဘုန်းတော်ကြီး လင်ရှူး၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ ဝမ်ရှန်း အသုံးပြုလိုက်သည့် နည်းလမ်းနှင့် သူ၏လက်ရှိ ကိုယ်နေဟန်ထားတို့သည် လင်ရှူးအား ဖော်ပြ၍ မရသည့် ခံစားချက်များ ခံစားစေခဲ့သည်။ သူ့အား ဖုံးလွှမ်း နေသည့်၊ သူ ဘယ်တုန်းကမှ ဖယ်ရှားပစ်၍ မရခဲ့သည့် အကာတစ်ခု ရုတ်တရက် ပျောက်ကွယ် သွားသကဲ့ပင် ဖြစ်၏။

ဝမ်ရှန်း၏ ဝိညာဉ်နယ်မြေ အတွင်းရှိ တိုက်ပွဲဝိညာဉ်သည် ထိုက်ချီ တိုက်ခိုက်ရေး နည်းလမ်းများကို အချိန်အတော်ကြာ လေ့လာနေခဲ့ခြင်း ဖြစ်၏။ နောက်ပိုင်းတွင် ထိုက်ချီ သိုင်းပညာရပ်ကို ကျွမ်းကျင်သည့် ကိုယ်ပွား တစ်ခုကို သူပြုလုပ် နိုင်ခဲ့သည်။ ထို့ပြင် ယခုအချိန်တွင် တိုက်ပွဲဝိညာဉ်သည် ဝမ်ရှန်းထက်ပင် ပို၍ စိတ်လှုပ်ရှား နေဟန် ရှိပေသည်။ ဝိညာဉ်နယ်မြေ အတွင်းတွင် သူ၏ တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့၏။

ဆရာလုနှင့် လင်ရှူးဖြစ်စေ၊ သေခြင်းတရားက ကြိုတင် စောင့်မျှော်နေသည့် အစီအရင် ဆရာနှင့် လူငယ်လေးဖြစ်စေ သူတို့သည် သူတို့ရှေ့၌ ဖြစ်ပွားနေသည့် ထူးဆန်းသော တိုက်ပွဲကို ကြောင်အစွာ ကြည့်နေခဲ့ကြလေသည်။

ဝမ်ရှန်း၏ ခွန်အားသည် ကြောက်စရာ ကောင်းပြီး ပြင်းထန်ကြောင်း သူတို့အားလုံး သိပေသည်။ သို့သော် ထိုအနက်ရောင်လူနှင့် တိုက်ခိုက်သည့် ဤတိုက်ပွဲတွင် ဝမ်ရှန်းသည် သူ၏ခွန်အားကို အစွမ်းကုန် ထုတ်မသုံးခဲ့ပေ။ ထိုအစား သူတို့ နားမလည်နိုင်သည့် နည်းလမ်းဖြင့်သာ တိုက်ခိုက်နေခဲ့၏။

အနက်ရောင် လူသည် ထိပ်တိုက် ရင်ဆိုင်သည့် တိုက်ပွဲ၌ ဝမ်ရှန်းထက် များစွာ အတွေ့အကြုံ ရှိသောကြောင့် ဝမ်ရှန်းအား တိုက်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ခဲ့သည်။ သို့သော် ထိုအရာသည် သူ၏စိတ်ကူး အတွေးသာ ဖြစ်၏။ ဝမ်ရှန်းသည် သူနှင့် ထိပ်တိုက် ရင်မဆိုင်ခဲ့ပေ။ ဝမ်ရှန်းသည် သူ၏ တိုက်ကွက်တိုင်းကို ပျော့ပျောင်းစွာ လှုပ်ရှားလျက် တိမ်းရှောင်နေခဲ့၏။ ထိုကဲ့သို့ သူ၏ တိုက်ကွက်တိုင်းက ဝမ်ရှန်းအား တစ်ချက်မှ မထိသောအခါ ထိုလူသည် ခေါင်းကိုက် သွားကာ ငိုချင်စိတ်ပင် ပေါက်သွားခဲ့တော့သည်။

သူ၏ အင်တိုက်အားတိုက် တိုက်ခိုက်သည့် တိုက်ကွက်များကို ဝမ်ရှန်းက ရှောင်နိုင် လိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ချေ။ ထိုမျှသာမက ဝမ်ရှန်းသည် ထိုကဲ့သို့ တိမ်းရှောင်နေရင်း သူ၏ တံတောင်ဆစ်ဖြင့် ထိုလူအား အသာအယာသာ ထိလိုက်သည့် အချိန်တွင် ခံစားရသည့် နာကျင်မှုသည်လည်း နှလုံးသည်းခြေ ပြုတ်ကျ မတတ်ပင်ဖြစ်၏။

ထိုအခိုက်အတန့်အတွင်း၌ ဝမ်ရှန်းသည် တစ်ဖက်သို့ လှည့်ကာ သူ၏ခန္ဓာကိုယ်ကို ထိုလူပေါ်သို့ မှီလိုက်ရာ ထိုလူသည် မြေပြင်ပေါ်သို့ ပိကျလုနီးပါး ဖြစ်သွားခဲ့သည်။

နောက်ကျောဖြင့် မှီလိုက်ရုံဖြင့် ဤကဲ့သို့ ပြင်းထန်သည့် အားမျိုး ထွက်ပေါ် လာနိုင်သည်တဲ့လား…
***

Comment

Leave a Reply

Options

not work with dark mode
Reset