Switch Mode

Chapter – 217

ရွေ့လျားနေသောပစ္စည်းများ (၂)

အပိုင်း ၂၁၇
ရွေ့လျားနေသောပစ္စည်းများ (၂)

ကံဆိုးသည်မှာ အခုအချိန်မှတော့ သူ ထထွက်သွား၍ မရတော့ပေ။ ဝမ်ရှန်းအား ခြေရာခံ လိုက်ပေးရန် သဘောတူလိုက်သည့် အချိန်မှစ၍ ဤပြဿနာ အတွင်းသို့ သူ့ကိုယ်သူ ဆွဲသွင်းလိုက်မိပြီ ဖြစ်ကြောင်း အစီအရင်ဆရာ နားလည်ပေသည်။

နောက်ဆုံး နှုတ်ခမ်းမွေး၌ပါ ချွေးများ ရွှဲနစ်လာသည့် အချိန်ကျမှ အစီအရင်ဆရာ မူမမှန် ဖြစ်နေသည်ကို လူငယ် သတိထားမိ သွားတော့သည်။

“အဘိုးကြီး ခင်ဗျား ဘာဖြစ်နေတာလဲ”

အစီအရင်ဆရာ၏ ပုံစံအား မြင်လိုက်ရသောအခါ ထိုလူငယ် ထိတ်လန့်သွားကာ အံ့သြတကြီး မေးလိုက်၏။ တုတ်တုတ်မျှ မလှုပ်ဘဲ မတ်မတ်ကြီး ထိုင်နေသည့် အစီအရင် ဆရာအား မျက်လုံး အပြူးသားဖြင့် စိုက်ကြည့် လိုက်သည်။

“သူ့အစီအရင် ပျက်စီး သွားတာကို ခံစားမိပြီး ကြောက်ချွေးတွေ ပြန်နေတာပဲ”

ဖြေလိုက်သည်မှာ အစီအရင်ဆရာ မဟုတ်ပေ၊ ဝမ်ရှန်းဖြစ်၏။

“ဘာတွေ လာနောက် နေတာလဲ”

လူငယ်သည် သူ့ကိုယ်သူ အလွန် အထင်ကြီးသောကြောင့် ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့် စကားမျိုးကို သူ ဘယ်လိုလုပ် ယုံကြည်နိုင်မည်နည်း။ ထို့ကြောင့် သူသည် ဝမ်ရှန်းအား အော်ဟစ်ကာ အစီအရင်ဆရာအား ထပ်ကြည့်လိုက်သည်။ သို့သော် ထိုလူသည် ဝမ်ရှန်း၏ စကားကို မငြင်းရုံ သာမက သူ၏နဖူးမှချွေးများ ပို၍ပင် စီးကျ လာနေသည်ကို တွေ့လိုက်ရသည်။

ထိုလူငယ်သည် မည်မျှပင် မောက်မာနေသော်ငြား ဝမ်ရှန်း ပြောခဲ့သည်မှာ အလိမ်အညာ မဟုတ်ကြောင်း ယခုအချိန်၌ နားလည် သွားပြီဖြစ်၏။ ထိုကဲ့သို့ နားလည် သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ထိတ်လန့်သွားကာ နေရာ၌ပင် တောင့်တောင့်ကြီး ဖြစ်သွားခဲ့တော့သည်။ ထို့နောက် သူ၏နဖူးမှလည်း ချွေးစေးများ စီးကျ လာခဲ့တော့၏။

ဝိညာဉ်အဆင့်၊ တိုက်ပွဲ အတွေ့အကြုံနှင့် အစီအရင် စွမ်းရည် အရာများတွင် အစီအရင် ဆရာသည် ထိုလူငယ်ထက် များစွာ ပိုမိုမြင့်မားပေသည်။ ထိုလူငယ်က ယခုအုပ်စုအား ဦးဆောင်နိုင်ခြင်းမှာ သူ၏ အဆင့်အတန်းကြောင့်သာ ဖြစ်သည်။ သို့မဟုတ်ပါက ထိုလူ၏ ဆဋ္ဌမအဆင့် ဝိညာဉ်သခင်များသည် သူ၏အမိန့်ကို ဘယ်လိုလုပ် နာခံကြမည်နည်း။

သို့သော် သူ့လက်အောက်၌ တာဝန် ထမ်းဆောင်သည့် ဆဋ္ဌမအဆင့် ဝိညာဉ်သခင် နှစ်ယောက် ရှိသေးကြောင်း အမှတ်ရ သွားသောအခါ ထိုလူငယ် အနည်းငယ် ပြန်လည် စိတ်သက်သာရာ ရသွားခဲ့သည်။ ထိုဝိညာဉ်သခင် နှစ်ယောက်သည် အစီအရင်ကို ချိုးဖျက်လိုက်သည့် လူများအား မတိုက်ခိုက်နိုင်ခဲ့လျှင်ပင် သူတို့သည် သူ့အား ကာကွယ်ပေးကာ သူ အန္တရာယ်ကင်းစွာ ထွက်ခွာ သွားနိုင်ပေသေးသည်။

သူသည် ထိုကဲ့သို့ တွေးမိစဉ်မှာပင် ရုတ်ခြည်း သူ့ရှေ့မှ မြင်ကွင်းသည် သူ့အား စိတ်ပျက် သွားစေခဲ့ကာ ထိုအတွေးကို အစအန ရှာမရေအောင် ပျောက်ကွယ် သွားစေတော့၏။

ဘုန်း

သူတို့နှင့် သိပ်မဝေးသည့် နေရာတွင် အနက်ရောင် ဝတ်ရုံနှင့် လူတစ်ယောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျ လာခဲ့သည်။ သူ၏နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျနေကာ သူသည် မြေပြင်ပေါ်၌ အချိန်အတော် ကြာအောင် လူးလွန့်နေခဲ့ပြီး ပြန်မထ လာနိုင်ခဲ့ပေ။

ဝမ်ရှန်းနှင့် အစီအရင် ဆရာတို့မှာ ဤအနက်ရောင် ဝတ်ရုံနှင့်လူကို သိမည် မဟုတ်သော်ငြား ထိုလူငယ်က သိပေသည်။ ဤလူသည် သူ ယခုလေးတင် တွေးနေခဲ့သည့် ဆဋ္ဌမအဆင့် ဝိညာဉ်သခင် နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် လက်ရှိသူ၏ အခြေအနေကို ကြည့်မည်ဆိုလျှင် ဤလူသည် သူ့အား ကာကွယ်ပေးကာ ထွက်သွားဖို့ မဆိုထားနှင့် သူ့ကိုယ်သူတောင် အနိုင်နိုင် ဖြစ်နေပြီဖြစ်၏။

ထိုလူ မြေပြင်ပေါ်သို့ ပြုတ်ကျ သွားပြီးနောက် သာယာပေါ့ပါးစွာ တစ်လှမ်းချင်း လျှောက်လာနေသည့် ခြေသံကို သူတို့ ကြားလိုက်ရသည်။ ထိုခြေသံသည် လူငယ်နှင့် အစီအရင်ဆရာတို့ နှစ်ယောက် ရွာထဲသို့ ဝင်လာစဉ်က ခြေသံအတိုင်းပင် ဖြစ်၏။ သူတို့နှစ်ယောက် ခြေသံလာရာ ဘက်သို့ လှည့်ကြည့် လိုက်သည်တွင် အစောပိုင်း၌ သူတို့ ပြောနေခဲ့ကြသည့် ဝိညာဉ်အဆင့် တတိယအဆင့် ပန်းပုဆရာအား တွေ့လိုက်ရသည်။

ဆရာလုသည် ဘယ်ဘက်လက်တွင် ဆောက်၊ ညာဘက်လက်တွင် တူကိုင်ကာ မည်သည့် ဝမ်းနည်းမှု၊ ပျော်ရွှင်မှုမှ မရှိသည့် မျက်နှာသေဖြင့် သူတို့ထံ တစ်လှမ်းချင်း လျှောက်လာနေခဲ့၏။ သို့သော် ထိုကဲ့သို့ မျက်နှာသေ ပုံစံသည်ပင် ထိုနှစ်ယောက်အား ချောက်ကမ်းပါး အတွင်းသို့ ပြုတ်ကျ သွားသည်ဟု ခံစားလိုက်ရ စေတော့သည်။

“တကယ်တော့ မင်း ပန်းပုထုတာ အဆင့်တစ်ခု အထိ ရောက်သွားပြီဆိုရင် တချို့အရာတွေက လွယ်လွယ်လေး ဖြစ်သွားပြီကွ”

ဆရာလုသည် ထိုနေရာ၌ ရှိနေသည့် နှစ်ယောက်ကို စကားပြောချင်စိတ်ပင် မရှိပေ။ ပြောချင်စိတ် မရှိသလို ဘာပြောစရာလည်း ရှိမနေပေ။ ယခုအချိန်တွင် သူ သင်ကြား ပေးနေသည့် လူသည် ဝမ်ရှန်းဖြစ်သည်။ ထို့ကြောင့် ဝမ်ရှန်းကိုသာ ဆက်လက် သင်ကြား ပေးလိုက်၏။

“မင်းသူတို့ကို သက်ရှိ ရန်သူအဖြစ် တွေးကြည့် လိုက်မယ်ဆိုရင် သူတို့က သက်ရှိ ရန်သူတွေပဲ”

ဆရာလုမှ ဝမ်ရှန်းအား ဆက်လက် ညွှန်ကြားလိုက်သည်။

“အဲ့လိုမဟုတ်ဘဲ သူတို့ကို ရွှေ့လျားနေတဲ့ ပစ္စည်းတစ်ခုအဖြစ် တွေးကြည့် လိုက်မယ်ဆိုရင် သူတို့ကလည်း ပန်းပုထုလို့ရတဲ့ ပစ္စည်းတစ်ခုပဲ။ ကြည့်ထား…”

စကားဆုံးသည်နှင့် ဆရာလု အရှေ့သို့ တက်သွားကာ အနက်ရောင် ဝတ်ရုံနှင့် ဆဋ္ဌမအဆင့် ဝိညာဉ်သခင်ဘေး၌ ရုတ်တရက် ပေါ်လာခဲ့သည်။ ထို့နောက် ဆရာလု သူ၏လက်ကို အဆက်မပြတ် အလုပ်ပေး လိုက်တော့သည်။ သူ၏လှုပ်ရှားမှုများသည် အလွန် လျင်မြန်လှကာ အရိပ်အယောင်ပင် မမြင်ရပဲ ထုနှက်သည့် အသံများကိုသာ ကြားနေရ၏။

ဒုတ် ဒုတ် ဒုတ် ဒုတ်…

ဝမ်ရှန်းသည်လည်း တစ်ခုခု လွှတ်သွားမည်ကို စိုးရိမ်နေသည့်အလား ဆရာလု၏ လက်ကိုသာ စူးစိုက်ကြည့် နေလိုက်သည်။ လူငယ်လေးနှင့် အစီအရင် ဆရာတို့မှာ ဆရာလု၏ ခန္ဓာကိုယ်က သူတို့မြင်ကွင်းအား ပိတ်နေသည့်အပြင် ဆရာလု၏ လက်က အလွန် လျင်မြန် လှသောကြောင့် ဘာတွေဖြစ်နေတာလဲ ဆိုတာကို သူတို့ မမြင်ရပေ။

လက်ဖက်ရည် နှစ်ကျိုက် သုံးကျိုက် သောက်စာသာ ကြာသွားပြီးနောက် တူနှင့်ဆောက် ထိတိုက်သည့် အသံများ ရပ်တန့်သွားခဲ့၏။

“တကယ်တော့ ပန်းပုထုတဲ့ နေရာမှာ ပစ္စည်းတွေ အများကြီး သုံးလို့ရတယ်။ ဒါပေမယ့် ကျောက်ပန်းပုကို အသားပေး လေ့လာတာ ဆိုရင်တော့ တူတစ်ချောင်း၊ ဆောက်တစ်ချောင်းနဲ့တင် လုံလောက်ပြီ”

ဆရာလုမှ ဝမ်ရှန်းအား ဆက်လက် သင်ကြား ပေးလိုက်သည်။

ထိုအချိန် ဆရာလု ရပ်သွားသည့် အချိန်မှာမှ ထိုလူငယ်လေးသည် သူ့လက်အောက်ငယ်သား၏ အခြေအနေကို မြင်လိုက် ရတော့သည်။ သူ၏ ငယ်သား ထိုလူသည် သူ့နေရာ၌ အသက်ကင်းမဲ့စွာ ရပ်လျက် ရှိနေသည်။

ဘာတွေ ဖြစ်သွားတာလဲ…

သူ နားမလည်နိုင် ဖြစ်နေသည့် အချိန်မှာပင် ထိုလူ၏ မျက်နှာထက်တွင် သေးငယ်သည့် အပေါက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး ထိုအပေါက်မှ အစပြု၍ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့ကာ အနက်ရောင်နှင့် အနီရောင် အလွှာများသည် ဆီးနှင်းပွင့် အလွှာများကဲ့သို့ ကွာကျ လာခဲ့တော့သည်။

အရာအားလုံး ကွာကျသွားပြီးသည့် အချိန်တွင် ထိုအနက်ရောင် ဝတ်ရုံနှင့် လူသည် အရေခွံ နွှာခံထားရသည့် ကြွက်စုတ် တစ်ကောင် ကဲ့သို့ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် အရေပြားဟူ၍ မရှိတော့ချေ။ ကြွက်သားများနှင့် အဆီများကိုသာ အထင်းသား မြင်နေရ၏။ ကွာကျသွားခဲ့သည့် အပိုင်းများသည် အချိုးအရွယ်အစား တစ်ထပ်တည်း တူညီကြကာ မသိလျှင် ထက်ရှသည့် ဓားတစ်ချောင်းဖြင့် သစ်သီး အရေခွံနွှာ ထားသကဲ့ပင် ဖြစ်၏။

“အွတ်…”

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိုလူငယ်၏ စိတ်ထဲတွင် အကြောက်တရားများ ချက်ချင်း ပြည့်နှက် သွားခဲ့တော့သည်။

သူ၏လက်အောက် ငယ်သားတစ်ယောက် သူရှေ့၌ပင် အရေခွံ နွှာခံလိုက်ရ၏၊ ဤအဖြစ်အပျက်သည် ဘယ်လောက်ပင် ဝမ်းနည်း စိတ်ပျက်စရာ ကောင်းလှသနည်း။

ဤမြင်ကွင်းကြောင့် သတိမလစ် သွားခြင်းကပင် သူ၏စိတ်ပိုင်းဆိုင်ရာ သန်မာမှု ကောင်းလှသည်ဟု ပြော၍ ရပေသည်။

ဝမ်ရှန်းသည် ထိုဆဌမအဆင့် ဝိညာဉ်သခင် သေလားရှင်လား ဆိုတာကို ဂရုမစိုက်ပေ။ ယခုအချိန်တွင် သူ၏အာရုံသည် ဆရာလု အသုံးပြုသွားသည့် နည်းလမ်း ပေါ်ကိုသာ အပြည့်အဝ အာရုံရောက် နေလေ၏။

တစ်ဖက်လူသည် လှုပ်ရှားနိုင်သည့် သက်ရှိ တစ်ယောက် ဖြစ်သည်။ ဆရာလုက ဓားတို သို့မဟုတ် ဓားရှည် တစ်ချောင်းကို အသုံးပြုခဲ့မည်လျှင်ပင် ဝမ်ရှန်း နားလည်ပေး၍ ရသေးပေသည်။ သို့သော် ဆရာလုသည် တူတစ်ချောင်းနှင့် ဆောက်တစ်ချောင်းကိုသာ အသုံးပြုခဲ့ခြင်းဖြစ်၏။

တူတစ်ချက် ထုလိုက်သည့် အချိန်တိုင်း ဆောက်သည် ထိုလူ၏ အရေပြားကို ကလော် ထုတ်ပေးမည် ဖြစ်၏။ ထို့အပြင် နောက်တစ်ချက်မှာ တစ်ဖက်လူသည် သက်ရှိ တစ်ယောက် ဖြစ်နေရုံ သာမက ဝိညာဉ်သခင် တစ်ယောက်လည်း ဖြစ်နေပေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အရေပြားသည် မာချင်မာနိုင်သည်၊ ပျော့ချင်ပျော့နိုင်သည်။ ထို့အပြင် သူသည် ဘယ်လောက်ပဲ ရှောင်တိမ်း ခုခံပါစေ၊ ဆရာလုလက်တွင်းမှ မလွတ်မြောက်နိုင်ပေ။ ဤစွမ်းရည်သည် မည်မျှပင် ထူးခြားလိုက်သနည်း..

ဆရာလု၏ လုပ်ရှားမှုများ မှတစ်ဆင့် ဝမ်ရှန်းသည် အားထိန်းချုပ်ပုံ၊ ဝိညာဉ်စွမ်းအား အသုံးပြုပုံ၊ တူနှင့်ဆောက်ကို လှပသေသပ်စွာ ကိုင်တွယ်သွားပုံ၊ တိကျပြတ်သားပုံတို့ကို မြင်တွေ့ခဲ့ရသည်။ သူသည် ထိုအရာများ အားလုံးကို ပန်းပုပညာ၏ ထိပ်တန်း အရည်အချင်းများ အဖြစ်သာ မြင်ခဲ့သည်။ လူသတ်နေသည်ဟု မမြင်ခဲ့ပေ။

ဆရာလုသည်လည်း ထိုအနက်ရောင် ဝတ်ရုံနှင့်လူ သေသေရှင်ရှင် ဂရုမစိုက်ပေ။ သူသည် ဝမ်ရှန်းကို လက်တွေ့ လုပ်ပြခြင်းသာ ဖြစ်၏။ ဝမ်ရှန်း၏ မျက်လုံးထဲမှ စိတ်အား ထက်သန်မှုကို တွေ့လိုက် ရသောအခါ ဆရာလုသည် ဘာမှမပြောဘဲ နောက်တစ်ကြိမ် လက်တွေ့ ပြလိုက်သည်။

ဒုတ် ဒုတ် ဒုတ် ဒုတ်…

နောက်ထပ် အနည်းငယ်ကြာ ထုနှက်သည့် အသံများ ထွက်ပေါ် လာပြီးနောက်တွင် အနက်ရောင် ဝတ်ရုံနှင့် လူ၏ခန္ဓာကိုယ်တွင် မည်သည့် အသားစမှ မကျန်ရှိတော့ပေ။ အဖြူရောင် အရိုးစုကြီးသာ ကျန်ရှိတော့၏။

“မင်း အာရုံစိုက် လုပ်ဆောင်သ၍ ပြီးပြည့်စုံတဲ့ ပန်းပုစွမ်းရည်ကို ရရှိနိုင်မှာပဲ”

အစမှအဆုံးအထိ ဆရာလုသည် ဝမ်ရှန်းကို ပန်းပုထုလုပ်ခြင်း ကိုသာ လက်တွေ့ ပြခဲ့ခြင်း ဖြစ်သည်။ သူ့စိတ်ထဲတွင် အခြား မည်သည့် ရည်ရွယ်ချက်မှ မရှိပေ။

သို့သော် အစပိုင်း၌ မောက်မာ တင်စီးနေခဲ့သည့် လူငယ်သည် ထိုအချိန်တွင်တော့ တအော့အော့ဖြင့် အော့အန် လေတော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset