အပိုင်း ၂၁၆
ရွှေ့လျားနေသော ပစ္စည်းများ (၁)
ဝမ်ရှန်း ရုတ်တရက် ပြောလိုက်သည့် စကားက လူငယ်လေးနှင့် အစီအရင် အဘိုးအိုအား အားရပါးရ ရယ်မိ သွားစေခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူတို့ သတိလည်း ကြီးသွားခဲ့ကြ၏။ သူတို့သိထားသည့် သတင်းကပဲ မှားနေခြင်းလား။ ဆရာလုသည် ဝိညာဉ်သခင် တစ်ယောက်များလား… မဖြစ်နိုင်ချေ။
“ဒါနဲ့၊ ကျုပ် ယူလာတဲ့ သေတ္တာကို ဖွင့်လိုက်ပြီဆိုတာ ခင်ဗျားတို့လည်း သိနေတာပဲ။ ကောင်းကင်ဘုံ ဈေးတန်းထဲမှာ ဝိညာဉ်သခင် တစ်ယောက် ပုန်းနေမှာကို ခင်ဗျားတို့ မကြောက်ကြဘူးလား”
ဝမ်ရှန်းသည် သူတို့ တွေးနေကြသည့် အတွေးကို ဂရုမစိုက်ပေ။ သူ့စိတ်ထဲ၌ ရှိနေသည့် အရာကိုသာ မေးလိုက်၏။ သူ အချိန်ပိုဆွဲလေ တာအိုအဘိုးအို လင်ရှူးနှင့် ဆရာလုတို့က လွယ်ကူစွာ လုပ်ဆောင်နိုင်လေ ဖြစ်သည်။
“ကောင်းကင်ဘုံ ဈေးတန်းမှာ အမြဲတမ်း အစီအရင် ဆရာတစ်ယောက် ရှိနေတာပဲလေ။ ဘာတွေများ အရမ်းတွေ ထူးဆန်းလို့လဲ”
လူငယ်လေးမှ မဲ့ရွဲ့ကာ ပြောလိုက်၏။
“မင်းတစ်ယောက်တည်း လင်းလုံစံအိမ်ကို ရှာတွေ့တယ်လို့ မင်း ထင်နေတာလား”
ထိုလူငယ်ပြောသည့် စကားကို ကြားသည်နှင့် သူသည် ကောင်းကင်ဘုံဈေးတန်း၏ လျှို့ဝှက်ချက်ကို မသိဘဲ သူ့ကိုယ်သူ လင်းလုံစံအိမ်၏ လျှို့ဝှက်ချက်ကို သိသည်ဟု ထင်နေခြင်း ဖြစ်ကြောင်း ဝမ်ရှန်း နားလည် လိုက်သည်။
မောက်မာသည့် လူများသည် တကယ့်ကို အကြောက်တရား ကင်းမဲ့ကြလေသည်…
“သေတ္တာဖွင့်ပေးဖို့ မင်း လင်းလုံစံအိမ်က ဆရာကို ဘယ်လိုတွေ ဖြားယောင်းခဲ့တာလဲ ဆိုတာတော့ ငါ သိချင်တယ်”
ယခုတစ်ကြိမ် မေးသည့်လူမှာ ဝမ်ရှန်း မဟုတ်ပေ၊ ထိုလူငယ်မှ မေးလိုက်ခြင်းဖြစ်၏။
ထိုအချိန်တွင် အဝေးမှနေ၍ အော်ဟစ်သံ တစ်သံ ထွက်ပေါ် လာခဲ့သည်။ သို့သော် သူတို့ သုံးယောက်လုံးသည် မတ်မတ်သာ ထိုင်နေကြကာ တစ်ယောက်မှ တုတ်တုတ်မျှ မလှုပ်ရှားခဲ့ကြချေ။
လူငယ်နှင့် အစီအရင်ဆရာတို့ တွေးလိုက်သည်မှာ သူတို့၏ နောက်လိုက်များက ရွာသွားများအား ကိုင်တွယ်နေခြင်း ဖြစ်သည် ဟူ၍ဖြစ်၏။ ဝမ်ရှန်း အတွက်မူ သေချာပေါက် ထိုကဲ့သို့ တွေးခဲ့ခြင်း မဟုတ်ပေ။ အဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ယောက်အပြင် ထိုအဆင့်ထက် မြင့်သည့် တာအိုဘုန်းတော်ကြီးတို့မှ လှုပ်ရှား လိုက်ခြင်းသာ ဖြစ်ရပေမည်။
“ငါ့ခန္ဓာကိုယ်ပေါ်က ဘယ်ပစ္စည်းမဆို အဲ့ဆရာကို ဆွဲဆောင် နိုင်တာပဲလေ ဟုတ်တယ်မလား”
ဝမ်ရှန်းမှ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေကာ မေးခွန်း ပြန်မေးလိုက်၏။
“ငါ အဲ့သေတ္တာကို သေချာပေါက် ဖွင့်နိုင်မယ်ဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ”
ဝမ်ရှန်းထံ၌ ရှိနေသည့် ပစ္စည်းများသည် တကယ့်ကို မှော်ဆန်သည့် ပစ္စည်းများ ဖြစ်၏။ မိုင်အနည်းငယ် အကွာမှနေ၍ လူတစ်ယောက်ကို သတ်နိုင်သည့် ထူးဆန်းသော လက်နက်ဖြစ်စေ၊ ကုန်လှောင်ရုံ တစ်ခုကို ချက်ချင်း ပြာကျ သွားစေနိုင်သည့် ငရဲမီးဖြစ်စေ ထိုပစ္စည်းများသည် မည်သူမဆို လိုချင်သည့် ပစ္စည်းများပင်ဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းမှ ထိုကဲ့သို့ ပြောခဲ့သည့် အချိန်တွင် ထိုလူငယ်သည် သံသယ မဝင်ခဲ့ပေ။
“အဲ့ရက်တွေတုန်းက အဲ့သေတ္တာကို လုပ်ခဲ့တဲ့ ဆရာက ကောင်းကင်ဘုံဈေးတန်းမှာ ရှိနေတာလေ”
ဝမ်ရှန်းမှ သူ့မေးခွန်းကို ဖြေပေးခဲ့သောကြောင့် သူသည်လည်း ဝမ်ရှန်း၏ မေးခွန်းကို ပြန်ဖြေ ပေးလိုက်သည်။
“အဲ့သေတ္တာပေါ်မှာ အစီအရင် တစ်ခုရှိတယ်။ အဲ့အစီအရင် ဖျက်ဆီး ခံလိုက်ရတာနဲ့ ငါ့ဆီမှာရှိတဲ့ ဆွဲသီးလည်း ပျက်စီး သွားမှာပဲ”
ထိုအဖြေသည် ဝမ်ရှန်း ဆွဲသီးကို ရခဲ့သည်နှင့် ကောင်းကင်ဘုံဈေးတန်း အပြင်ဘက်၌ ဘာလို့ လိုက်သတ်ခံခဲ့ရလဲ ဟူသည့် မေးခွန်းကို ပြန်ဖြေပြီးသား ဖြစ်သွားပြီ ဖြစ်၏။ ထို့အပြင် ထိုအဖြေကြောင့်ပင် သူ့ရှေ့၌ ရှိနေသည့် လူငယ်သည် ကောင်းကင်ဘုံ ဈေးတန်းတွင် ဘာကြောင့် ထူးချွန် ထက်မြက်သည့် ဆရာမရှိဟု ယုံကြည်နေရတာလဲ ဆိုတာကိုလည်း ဝမ်ရှန်းအား နားလည်စေခဲ့သည်။ ထိုလူငယ်သည် သေတ္တာကို ပြုလုပ်ခဲ့သည့် လူကသာ သေတ္တာကို ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်ဟု ထင်နေခြင်းပင် ဖြစ်၏။
ထို့ကြောင့် ဤလူငယ်သည် ကောင်းကင်ဘုံဈေးတန်းမှ လူများကို သာမန်ဟုသာ ထင်လျက် ဆရာလုကိုလည်း ဝိညာဉ်အဆင့် တတိယအဆင့် ပန်းပုဆရာ တစ်ယောက် အဖြစ်သာ မှတ်ယူခဲ့ခြင်း ဖြစ်သည်။
သနားစရာ ကောင်းလိုက်တဲ့ လူတွေ… မြို့ထဲမှာ ပုန်းအောင်းတာက ဘာလဲ ဆိုတာကို သူတို့ မသိကြဘူးလား။ ဒါက ကျွမ်းကျင်တာ မဟုတ်ဘူး… ကြောက်စရာ ကောင်းတာ ဖြစ်သွားပြီကွ…
ထိုအချက်ကို နားလည်ပြီးနောက် ဝမ်ရှန်း နောက်မေးခွန်း တစ်ခုအား မေးလိုက်သည်။
“ဒီချိပ်ပိတ် သေတ္တာက မြို့အရှင်စံအိမ်ရဲ့ ရတနာပါ။ ဒါပေမယ့် မင်းတို့က မြို့အရှင်စံအိမ်က လူတွေဟုတ်ဟန် မပေါ်ပါဘူး”
“ဝူရုံမြို့ မြို့အရှင်ကို ပြောတာလား၊ ဟား…”
ထိုလူငယ်မှ ခနဲ့ဟန် လှောင်ရယ်ရင်းဖြင့် ပြောလိုက်သည်။
“သူသာ ဝူရုံမြို့မှာပဲ နာနာခံခံနဲ့ ငါတို့ပြောတဲ့အတိုင်း လိုက်လုပ်မယ်ဆိုရင် သူ့ကို မြို့အရှင် ဖြစ်ခိုင်းမှာပဲ။ မဟုတ်ရင် မြို့အရှင် နေရာကို လူလဲလိုက်ဖို့က ဘာမှခက်တဲ့ ကိစ္စမဟုတ်ဘူး”
‘ဝူရုံမြို့အတွင်းတွင် နောက်ထပ် အင်အားကြီး အုပ်စုတစ်ခု ပုန်းကွယ်နေပါလား…’
ဝမ်ရှန်းမှ ထိုလူငယ်အား ထိုကဲ့သို့ မှတ်ချက် ပြုလိုက်သည်။ အစ်မကြီး ချင်းဝေသည်လည်း ထိုအင်အားစုမှ ဖြစ်နိုင်ပေသည်။ မဟုတ်လျှင် သူမသည် ဤဆွဲသီး အကြောင်းကို အစချီ၍ ပြောပြမည် မဟုတ်ပေ။
စိတ်ဝင်စားစရာပဲ…
ဝူရုံမြို့သည် တကယ်ကိုပဲ ကျားနှင့်နဂါးများ ပုန်းအောင်းနေသည့် နေရာပင်ဖြစ်သည်။ အမျိုးမျိုးသော အင်အားစုများ ရောနှော နေထိုင်နေကြသည်။ သို့သော် ဤကောင်လေးသည် ဝူရုံမြို့၏ မြို့အရှင်ကို အလွယ်တကူ ကိုင်တွယ်၍ ရသည်ဟု တကယ်ပဲ ထင်နေသည့်ဟန်ပင်။ သူတို့ အလွယ်တကူ ထိန်းချုပ်နိုင်သည်ဟု ထင်နေသူလူက ဝူရုံမြို့ တစ်ခုလုံးကို ထိန်းချုပ် နိုင်မည်တဲ့လား။ အတော်ကို ပိန်းတဲ့လူပဲ။ ဘယ်လိုတောင် သွေးနားထင် ရောက်နေပါလိမ့်။
ထို့နောက် –
“အစ်မ ချင်းဝေက မင်းတို့ကို ဂရုစိုက်သင့်တယ်လို့ မပြောလိုက်ဘူးလား”
အစ်မချင်းဝေ အကြောင်း စဉ်းစားမိသည်နှင့် ဝမ်ရှန်းမှ ချက်ချင်း ထုတ်ဖော် ပြောလိုက်သည်။ ဝမ်ရှန်း အစ်မချင်းဝေနှင့် တွေ့ရာ၌ သိခဲ့ရသည့် အချက်များအရ အစ်မချင်းဝေသည် မဆင်မခြင် ပြုမူကာ အခြားလူများ အပေါ် လျှော့တွက်တတ်သည့် လူစားမျိုး မဟုတ်ပေ။ ထို့ကြောင့် သူတို့အဖွဲ့အစည်း အတွင်းတွင်၌ပင် အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ရပေမည်။
ဝမ်ရှန်းထံမှ ချင်းဝေဟူသည့် နာမည်ကို ရုတ်တရက် ကြားလိုက်ရသည့် အချိန်တွင် ထိုလူငယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားကာ ခက်ထန်လာခဲ့၏။
“အဲ့နိမ့်ကျတဲ့ အစေခံမ ချင်းဝေက မင်းကို ဒီအကြောင်းတောင် ပြောပြတယ်လား။ ဒီတစ်ခေါက် ပြန်သွားရင် သူ့ကို ငါ့ရှေ့မှာ ဒူးထောက် ခိုင်းပြီးကို အပြစ်ပေး ပစ်ဦးမယ်”
“အဲ့အစေခံမ ချင်းဝေက မင်းအတွက် ပြောပေးပြီး မင်းကို လွှတ်ပေးခိုင်းလို့လည်း ရတယ်သိလား….”
ထိုလူငယ်သည် ချင်းဝေအား ဘယ်လို အရှက်ခွဲရမလဲ ဆိုတာကို စဉ်းစားမိ သွားဟန်ရှိ၏။ သူ၏နှုတ်ခမ်းထောင့်တွင် ပြီတီတီ အပြုံးတစ်ခု ပေါ်လာခဲ့တော့သည်။
“သူ အပြစ်ပေးခံနေရတဲ့ အချိန် မင်း ဘေးကနေ ကြည့်နေရမယ်။ မင်းသာ ပူးပေါင်းမယ် ဆိုရင် မင်းကိုလည်း သူ့ကို ကစားခွင့် ပေးလို့ ရပါတယ်၊ ဘယ်လိုလဲ”
မောက်မာသည့် လူငယ်လေးသည် အမိန့်မနာခံသည့် အစေခံအား ဘယ်လို အနိုင်ကျင့်ရမလဲ ဆိုတာကို တွေးနေခဲ့၏။ သို့သော် သူ့ဘေး၌ ထိုင်နေသည့် အစီအရင် ဆရာ၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်း သွားသည်ကို သူ သတိမထားမိခဲ့ပေ။
ထိုအဘိုးအိုသည် စားပွဲ၌ ငြိမ်ငြိမ်သာ ထိုင်နေသော်လည်း သူ၏နဖူးပေါ်တွင် ချွေးများသည် ရေများအလား စီးကျနေပြီ ဖြစ်၏။ ထိုချွေးများသည် သူ၏မေးရိုးမှ လည်ပင်း၊ လည်ပင်းမှ ခန္ဓာကိုယ်ပေါ်သို့ စီးကျကာ သူ၏အဝတ်အစားများပင် စိုလာခဲ့တော့သည်။ ယခုအချိန်အထိ တည်ငြိမ်နေသည့် မျက်လုံးများ ထဲတွင်လည်း စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက် လာခဲ့၏။
ထိုအစီအရင် ဆရာသည် ဝမ်ရှန်းနှင့် မျက်နှာချင်းဆိုင် ထိုင်နေခြင်း ဖြစ်သည့် အတွက်ကြောင့် သူဖြစ်ပျက်နေသည့် ပုံစံကို ဝမ်ရှန်း ရှင်းရှင်း မြင်နေရပေသည်။ အကြီးမားဆုံး ဖြစ်နိုင်ခြေမှာ ယခုတစ်လျှောက်လုံး သူတို့ ဂုဏ်ယူစွာ ပြောခဲ့သည့် အစီအရင်က ကျိုးပျက်သွားခြင်း ဖြစ်ရပေမည်။
အစီအရင်ဆရာ တစ်ယောက်အနေဖြင့် သူ ဖန်တီးထားသည့် အစီအရင်၏ စွမ်းအားကို ခံစားနိုင်သည်မှာ ပုံမှန်ပင်ဖြစ်၏။ ထို့ကြောင့် ယခု ထိုစွမ်းအားကို မခံစားမိတော့သည့် အချိန်တွင် ဤကဲ့သို့ အချိန်တိုအတွင်း သူ့အစီအရင်ကို တိတ်တဆိတ် ဖြိုခွင်းပစ်နိုင်သည့် လူများက မည်မျှပင် ကြောက်စရာ ကောင်းကြောင်းကိုလည်း သူ နားလည်ပေသည်။
ယခုအချိန်တွင် အစီအရင်ဆရာသည် တကယ်ကို နောင်တ ရနေပြီဖြစ်၏။ အစပိုင်းတွင် သူသည် ဒုတိယ အထွတ်အထိပ် အဆင့် ဝိညာဉ်သခင် တစ်ယောက်ကို ကိုင်တွယ်ရန် ဤနေရာသို့ လာခဲ့ရခြင်း ဖြစ်သည်ဟု ထင်ခဲ့သည်။ သူသည် ဝမ်ရှန်းအား ရှာတွေ့ကာ ဝမ်ရှန်း မထွက်ပြေးအောင် လုပ်ပေးနိုင်သ၍ သူလိုချင်သည့် အစီအရင်ကွက်များကို ရမည်ဖြစ်၏။ သို့သော် ယခုအချိန်တွင် ဤကိစ္စက သူထင်သကဲ့သို့ မရိုးရှင်းဘဲ အလွန် ကြောက်စရာ ကောင်းကြောင်း သူ နားလည် သွားခဲ့ရတော့သည်။
ထိုအခိုက်အတန့်မှာပင် အစောပိုင်း၌ ဝမ်ရှန်းမေးခဲ့သည့် မေးခွန်းကို သူ ရုတ်တရက် အမှတ်ရ သွားခဲ့သည်။
“ဝိညာဉ်အဆင့် ဆဋ္ဌမအဆင့် ဆိုလျှင် ဤနေရာက လွတ်မြောက်နိုင်သလား” ဟူ၍ဖြစ်၏။
သူ ပြန်ပြောခဲ့သည်က ဆဋ္ဌမအဆင့် ဆိုလျှင် သူ့အစီအရင်ကို မချိုးဖျက်နိုင်။ သတ္တမအဆင့် ဝိညာဉ်သခင်သည်ပင် ချိုးဖျက်နိုင်ရုံသာ ချိုးဖျက်နိုင်မည်ဖြစ်ကာ လွယ်လှမည်မဟုတ် ဟူ၍ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့ ပြုလုပ်နိုင်သည့် လူသည် သတ္တမအဆင့် ဝိညာဉ်သခင်သာ ဖြစ်ရပေမည်။ သတ္တမအဆင့် ဝိညာဉ်သခင်တဲ့လား… အစီအရင်ဆရာ ငိုချင်စိတ် ပေါက်သွားခဲ့သည်။ ကိုယ့်ဘာသာကိုယ့် ကိုယ့်အစီအရင်ကိုကိုယ် တစိုက်မတ်မတ် လေ့လာနေလျှင် အဆင်ပြေနေပြီဖြစ်ပြီး သူ ဘာကိစ္စ ဤအရှုပ်အထွေးထဲ ဝင်ပါမိသနည်း။
အဓိက အင်အားစုများသည် အဆင့်မြင့် ဝိညာဉ်သခင်များ များစွာ စေလွှတ်ခဲ့၍ ဝမ်ရှန်းအား လုပ်ကြံခဲ့ပြီး ကျရှုံးခဲ့သည်ကို သူသိပြီးဖြစ်သည်။ အဲ့ဒါကို သူက ဘာလို့ ဤကဲ့သို့ စဉ်းစားဉာဏ် မရှိသည့် လုပ်ရပ်မျိုး လုပ်မိရသနည်း…
ဝမ်ရှန်းအား အတွေးလွန်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည့် သူ့ဘေး၌ ထိုင်နေသော မောက်မာသည့် လူငယ်အကြောင်း တွေးမိသွားကာ အစီအရင် ဆရာသည် အစောတုန်းမှ အဘိုးအိုကဲ့သို့ တကယ်ကို ထပြီး လှည့်ပြန်ချင်စိတ်သာ ပေါက်သွားခဲ့တော့သည်။
***